မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

‘ဘုရားသခင်၏တန်ခိုးတော်တည်းဟူသော ခရစ်တော်’

‘ဘုရားသခင်၏တန်ခိုးတော်တည်းဟူသော ခရစ်တော်’

၁-၃။ (က) ဂါလိလဲပင်လယ်တွင် အဘယ်ကြောက်မက်ဖွယ်အတွေ့အကြုံကို တပည့်တော်များ ကြုံတွေ့ခဲ့ကြရသနည်း၊ ယေရှုသည် အဘယ်အရာပြုတော်မူခဲ့သနည်း။ (ခ) “ထာဝရဘုရား၏တန်ခိုးတော်တည်းဟူသော ခရစ်တော်” ဟု ယေရှုအား အဘယ်ကြောင့်သင့်လျော်စွာခေါ်ဆိုသနည်း။

တပည့်တော်များသည် ထိတ်လန့်တုန်လှုပ်နေ၏။ ဂါလိလဲပင်လယ်ကို သူတို့ဖြတ်ကူးနေစဉ် ရုတ်တရက်မုန်တိုင်းကျခဲ့သည်။ ဤအိုင်တွင် မုန်တိုင်းများကျသည်ကို သူတို့မြင်ဖူးခဲ့ကြမည်၊ သူတို့ထဲမှအချို့သည် အတွေ့အကြုံရှိ တံငါသည်များဖြစ်ကြ၏။ * (မဿဲ ၄:၁၈၊ ၁၉) သို့သော် ယခုကျသောမုန်တိုင်းသည် “ပြင်းစွာသောမိုးသက်မုန်တိုင်းဖြစ်” ရာ ပင်လယ်လှိုင်းတံပိုးများကို ချက်ချင်းထကြွလှုပ်ရှား ပြင်းထန်စေ၏။ တံငါသည်များသည် အထိတ်တလန့်ဖြင့် လှေကိုပဲ့ထိန်းကြသော်လည်း ထိုမုန်တိုင်းမှာ အလွန်အားပြင်း၏။ “လှိုင်းရိုက်သွင်းသဖြင့် လှေ” [သတင်းကောင်း] ထဲတွင် ရေပြည့်လာလေသည်။ ဤမျှရုတ်ရုတ်သဲသဲဖြစ်နေသည့်ကြားတွင် ယေရှုသည် ပဲ့ပိုင်း၌ အိပ်မောကျနေခဲ့သည်၊ လူအုပ်ကို တစ်နေကုန်သွန်သင်ခဲ့ရာ မောပန်းနေ၍ဖြစ်သည်။ ထိုအခါ အသက်ဘေးကိုစိုးရိမ်သဖြင့် တပည့်တော်တို့သည် ကိုယ်တော်အားနှိုးကာ “သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်မတော်မူပါ!” ဟု တိုးလျှိုးတောင်းပန်ကြသည်။—မာကု ၄:၃၅-၃၈; မဿဲ ၈:၂၃-၂၅

ယေရှုသည် မကြောက်ရွံ့ခဲ့ပါ။ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် လေနှင့်ပင်လယ်ကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေလော့” ဟုကိုယ်တော်ဆုံးမတော်မူ၏။ လေနှင့် ပင်လယ်သည် ချက်ချင်းပင်ငြိမ်သွားပြီး လှိုင်းပြယ်ကာ “အလွန်သာယာလေ၏။” ဤအချိန်တွင် တပည့်တော်များသည် ဖြစ်မြဲမဟုတ်သည့်ကြောက်စိတ် ဝင်လာလေသည်။ “ဤသူကား အဘယ်သို့သောသူနည်း” ဟု တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုကြသည်။ ကလန်ကဆန်ပြုတတ်သောကလေးတစ်ဦးကို ဆိုဆုံးမသည့်အလား လေနှင့် ပင်လယ်ကိုဆုံးမနိုင်သူမှာ အဘယ်သို့သောသူနည်း။—မာကု ၄:၃၉-၄၁; မဿဲ ၈:၂၆၊ ၂၇

သို့သော် ယေရှုသည် သာမန်လူတစ်ဦးမဟုတ်ချေ။ ယေဟောဝါ၏တန်ခိုးတော်သည် ကိုယ်တော့်အပေါ်၌ဖြစ်စေ၊ ကိုယ်တော်မှတစ်ဆင့်ဖြစ်စေ ထူးခြားသောနည်းများဖြင့် ထင်ရှားခဲ့၏။ ထို့ကြောင့် မှုတ်သွင်းခံတမန်တော်ပေါလုက “ဘုရားသခင်၏တန်ခိုးတော် . . . တည်းဟူသော ခရစ်တော်” ဟု သင့်လျော်စွာပင် ကိုယ်တော်နှင့်ပတ်သက်၍ ရည်ညွှန်းနိုင်ခဲ့သည်။ (၁ ကောရိန္သု ၁:၂၄) ဘုရားသခင့်တန်ခိုးတော်သည် အဘယ်နည်းဖြင့် ယေရှု၌ထင်ရှားခဲ့သနည်း။ ထို့ပြင် တန်ခိုးတော်ကို ယေရှုအသုံးပြုခြင်းက ကျွန်ုပ်တို့၏အသက်တာအပေါ် မည်သို့သြဇာလွှမ်းမိုးနိုင်သနည်း။

ဘုရားသခင့် တစ်ပါးတည်းသောသားတော်၏ တန်ခိုးတော်

၄၊ ၅။ (က) ယေဟောဝါသည် တစ်ပါးတည်းသောသားတော်အား အဘယ်တန်ခိုးတော်နှင့် အာဏာတော်ကို လွှဲအပ်တော်မူခဲ့သနည်း။ (ခ) ထိုသားတော်သည် ခမည်းတော်၏ဖန်ဆင်းခြင်းရည်ရွယ်ချက်များကို အထမြောက်စေရန် မည်သို့တတ်စွမ်းနိုင်ခဲ့သနည်း။

လူသားဘဝမတိုင်မီအသက်တာတွင် ယေရှု၌ရှိခဲ့သော တန်ခိုးတော်ကို သုံးသပ်ကြည့်ပါ။ ယေရှုခရစ်ဟုအမည်တွင်လာသူ မိမိ၏တစ်ပါးတည်းသောသားတော်ကို ယေဟောဝါဖန်ဆင်းတော်မူသောအခါ မိမိကိုယ်နှိုက်၏ “ထာဝရတန်ခိုးတော်” ကို အသုံးပြုတော်မူခဲ့၏။ (ရောမ ၁:၂၀; ကောလောသဲ ၁:၁၅) ထို့နောက် ယေဟောဝါသည် ဧရာမတန်ခိုးတော်နှင့် အာဏာတော်ကို သားတော်အား လွှဲအပ်တော်မူခဲ့ပြီး မိမိ၏ဖန်ဆင်းခြင်းရည်ရွယ်ချက်များ အထမြောက်စေရန် ကိုယ်တော်အား ခန့်အပ်ထားတော်မူသည်။ သားတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်နှင့်ကင်းလွတ်လျက် ဖန်ဆင်းသောအရာ တစ်စုံတစ်ခုမျှမရှိ။”—ယောဟန် ၁:၃သမ္မာ။

ထိုတာဝန်၏ ကြီးမားမှုအတိုင်းအတာကို ကျွန်ုပ်တို့မသိမြင်ဘဲဖြစ်နိုင်သည်။ သန်းနှင့်ချီ ခွန်အားကြီးမားသောကောင်းကင်တမန်များ၊ မျက်မြင်ရစကြဝဠာနှင့်တကွ ဘီလီယံနှင့်ချီသော ဂလက်ဆီနဂါးငွေ့တန်းများ၊ ကမ္ဘာမြေနှင့်တကွ ၎င်း၏မြောက်မြားလှသော သက်ရှိအဖုံဖုံတို့ဖြစ်လာစေရန် လိုအပ်သည့်တန်ခိုးကို မှန်းဆကြည့်ပါလေ။ ထိုလုပ်ငန်းဆောင်တာများပြီးမြောက်ရေးအတွက် တစ်ပါးတည်းသောသားတော်သည် စကြဝဠာတွင် အစွမ်းအထက်ဆုံးတန်ခိုးတော်ဖြစ်သည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် ရရှိထားသည်။ ဤသားတော်သည် အရာခပ်သိမ်းကို ဖန်ဆင်းဖို့ ယေဟောဝါအသုံးပြုတော်မူသည့် ကျွမ်းကျင်လုပ်သားဖြစ်ရခြင်းအတွက် ပျော်ရွှင်မှုများစွာရရှိခဲ့၏။—သုတ္တံ ၈:၂၂-၃၁

၆။ ကမ္ဘာပေါ်တွင် ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် အဘယ်တန်ခိုးတော်နှင့် အခွင့်အာဏာတော်ကို အပ်နှင်းခံရသနည်း။

ဤတစ်ပါးတည်းသောသားတော်သည် သာ၍ကြီးမားသော တန်ခိုးတော်နှင့် အခွင့်အာဏာတော်ကို တိုး၍ရရှိနိုင်ပါမည်လော။ ကမ္ဘာပေါ်တွင် ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မဿဲ ၂၈:၁၈) မှန်ပါသည်၊ ယေရှုသည် စွမ်းရည်နှင့် စကြဝဠာတစ်ခွင်လုံး၌ တန်ခိုးအာဏာကိုကျင့်သုံးရန် လုပ်ပိုင်ခွင့် အပ်နှင်းခံခဲ့ရ၏။ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” အဖြစ် ကိုယ်တော်သည် ခမည်းတော်အား အတိုက်အခံပြုသည့် မျက်မြင်ရနှင့် မျက်မြင်မရသော “အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကို” ပယ်ရှင်းရန် အခွင့်အာဏာအပ်နှင်းခံရ၏။ (ဗျာဒိတ် ၁၉:၁၆; ၁ ကောရိန္သု ၁၅:၂၄-၂၆) ယေဟောဝါဘုရားသခင်သည် မိမိကိုယ်နှိုက်မှလွဲ၍ ယေရှုအောက် “မချမထားဘဲ ကျန်ရစ်သောအရာ တစ်စုံတစ်ခုမျှမရှိ” ချေ။—ဟေဗြဲ ၂:၈; ၁ ကောရိန္သု ၁၅:၂၇

၇။ ယေရှုသည် မိမိလက်ထဲ ယေဟောဝါအပ်ထားတော်မူသော တန်ခိုးတော်ကို မည်သည့်အခါမျှ အလွဲသုံးစားပြုလိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။

ယေရှုသည် တန်ခိုးတော်ကို အလွဲသုံးစားပြုမည်ဟု စိုးရိမ်စရာအကြောင်းရှိပါသလော။ လုံးဝမရှိပါ! ယေရှုသည် ခမည်းတော်အား အမှန်တကယ်ချစ်တော်မူပြီး ကိုယ်တော် မနှစ်သက်သောအရာ တစ်စုံတစ်ခုကို ဘယ်တော့မျှ ပြုတော်မူမည်မဟုတ်ပေ။ (ယောဟန် ၈:၂၉; ၁၄:၃၁) ယေဟောဝါသည် ကိုယ်တော်တိုင်၏ အနန္တတန်ခိုးတော်ကို ဘယ်တော့မျှအလွဲသုံးစား မပြုကြောင်း ယေရှုကောင်းစွာသိတော်မူ၏။ ယေဟောဝါသည် “စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌” မိမိ၏ခွန်အားကိုပြရန် အခွင့်အလမ်းများ ရှာဖွေတော်မူကြောင်း ယေရှုကိုယ်တော်တိုင် တွေ့မြင်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ယေရှုသည် ခမည်းတော်၏မေတ္တာကို လူသားတို့အတွက် ဝေမျှပေးသည်ဖြစ်ရာ ကိုယ်တော်သည် တန်ခိုးတော်ကို ကောင်းကျိုးအတွက် အမြဲတစေအသုံးပြုမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြ၏။ (ယောဟန် ၁၃:၁) ယင်းနှင့်ပတ်သက်၍ ယေရှု၌ အပြစ်ဆိုဖွယ်မရှိသောမှတ်တမ်းကို သက်သေထူခဲ့ပြီ။ ယေရှုကမ္ဘာပေါ်ရှိစဉ် ကိုယ်တော်၌ရှိသောတန်ခိုးတော်နှင့် ၎င်းကိုအသုံးပြုရန် မည်သို့လှုံ့ဆော်ခံခဲ့ရကြောင်း ကျွန်ုပ်တို့သုံးသပ်ကြည့်ကြပါစို့။

‘နှုတ်သတ္တိနှင့်ပြည့်စုံ’

၈။ ယေရှုသည် ဘိသိက်ပေးခံရပြီးနောက် အဘယ်အရာကိုပြုလုပ်ရန် အခွင့်အာဏာအပ်နှင်းခံရသနည်း၊ တန်ခိုးတော်ကို ကိုယ်တော် မည်သို့အသုံးပြုခဲ့သနည်း။

ယေရှုသည် နာဇရက်မြို့တွင်ကြီးပြင်းလာစဉ် သူငယ်အရွယ်၌ အံ့ဖွယ်အမှုများ မပြုခဲ့ကြောင်းထင်ရှားပါသည်။ သို့သော် အသက် ၃၀ ခန့်၊ စီ.အီး. ၂၉ ၌ကိုယ်တော်နှစ်ခြင်းခံပြီးနောက် ယင်းသည် ပြောင်းလဲသွားခဲ့၏။ (လုကာ ၃:၂၁-၂၃) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း . . . ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် . . . ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။” (တမန်တော် ၁၀:၃၈) ယေရှုသည် “ကျေးဇူးပြု” ၏ဟုဆိုခြင်းက တန်ခိုးတော်ကို ကိုယ်တော် တော်မှန်စွာအသုံးပြုခဲ့သည်ဟု ဖော်ပြသည်မဟုတ်လော။ ကိုယ်တော်သည် ဘိသိက်ပေးခံရပြီးနောက် “နှုတ်သတ္တိ၊ လက်သတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်” လာခဲ့၏။—လုကာ ၂၄:၁၉

၉-၁၁။ (က) ယေရှုသည် မည်သည့်နေရာတွင် အများအားဖြင့်သွန်သင်သနည်း၊ အဘယ်စိန်ခေါ်ချက်ကို ကိုယ်တော်ကြုံခဲ့ရသနည်း။ (ခ) ယေရှု၏သွန်သင်ပုံနှင့်ပတ်သက်၍ လူအုပ်သည် အဘယ်ကြောင့်အံ့အားသင့်ခဲ့ကြသနည်း။

ယေရှုသည် နှုတ်သတ္တိနှင့် မည်သို့ပြည့်စုံတော်မူသနည်း။ ကိုယ်တော်သည် ဟင်းလင်းပြင်—ရေအိုင်ကမ်းစပ်၊ တောင်ကုန်းများအပြင် လမ်းများပေါ်နှင့် ဈေးများ—တွင် ဟောပြောသွန်သင်ပေးလေ့ရှိသည်။ (မာကု ၆:၅၃-၅၆; လုကာ ၅:၁-၃; ၁၃:၂၆) ကိုယ်တော်၏စကားများသည် ကြားနာသူတို့၏ စိတ်ဝင်စားမှုကို မထိန်းထားခဲ့လျှင် သူတို့ရှောင်ထွက်သွားနိုင်ကြ၏။ ပုံနှိပ်စာအုပ်များမပေါ်မီ ထိုအချိန်က လေးမြတ်သောကြားနာသူတို့သည် ကိုယ်တော်၏တရားစကားများကို သူတို့၏စိတ်နှလုံးထဲတွင် သိုမှီးထားကြရ၏။ သို့ဖြစ်၍ ယေရှု၏သွန်သင်ချက်သည် လုံးလုံးလျားလျားအာရုံဖမ်းစားနိုင်ဖို့လိုပြီး ရှင်းလင်းပြတ်သား၊ မှတ်သားရလွယ်ကူစရာဖြစ်ရန်လိုသည်။ သို့သော် ယင်းစိန်ခေါ်ချက်သည် ယေရှုအတွက် အခက်အခဲ မဖြစ်ခဲ့ချေ။ ဥပမာ၊ ကိုယ်တော်၏ တောင်ပေါ်ဒေသနာကို သုံးသပ်ကြည့်ပါ။

၁၀ စီ.အီး. ၃၁ နံနက်စောစော၊ တစ်ရက်တွင် ဂါလိလဲပင်လယ်အနီးရှိ တောင်ကုန်းတစ်ခု၌ လူတစ်စု စုဝေးခဲ့သည်။ အချို့မှာ မိုင် ၆၀ မှ ၇၀ အကွာအဝေးရှိ ယုဒနယ်နှင့် ယေရုရှလင်မြို့မှ လာကြသူများဖြစ်၏။ အခြားသူတို့မှာမူ မြောက်ဘက်ပင်လယ်ကမ်းရိုးတန်းဒေသ တုရုမြို့နှင့် ဇိဒုန်မြို့မှ လာကြသည်။ ဖျားနာနေသူများစွာသည် ယေရှုထံချဉ်းကပ်ခဲ့ကြပြီး ကိုယ်တော့်ကို တို့ထိကြ၏၊ ဤသူတို့အားလုံးကို ကိုယ်တော်ကုသပေးတော်မူခဲ့သည်။ ထိုသူတို့ထဲတွင် အကြီးအကျယ်ဖျားနာသူ တစ်ဦးပင်မရှိတော့သည့်အခါ သူတို့ကို ကိုယ်တော်စသွန်သင်ပေးတော်မူသည်။ (လုကာ ၆:၁၇-၁၉) အတန်ကြာဟောပြောတော်မူပြီးနောက် လူတို့သည် ကြားနာရသမျှကြောင့် အံ့သြမိန်းမောနေကြ၏။ အဘယ်ကြောင့်နည်း။

၁၁ နှစ်အတန်ကြာပြီးနောက် ထိုဟောပြောချက်ကို ကြားနာခဲ့သူတစ်ဦးက ဤသို့ရေးသားခဲ့၏– “လူပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ပုံကို လွန်စွာအံ့သြကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် . . . အာဏာရှိသူကဲ့သို့ ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်သည်။” (မဿဲ ၇:၂၈၊ ၂၉သတင်းကောင်း) ယေရှုသည် တန်ခိုးပါပါ မိန့်မြွက်တော်မူကြောင်း သူတို့သဘောပေါက်ကြ၏။ ကိုယ်တော်သည် ဘုရားသခင့်ကိုယ်စား မိန့်တော်မူပြီး သွန်သင်တော်မူချက်များကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခွင့်အာဏာဖြင့် ခိုင်လုံစေခဲ့သည်။ (ယောဟန် ၇:၁၆) ယေရှု၏ဖော်ပြချက်များမှာ ရှင်းလင်းပြတ်သား၍ ကိုယ်တော်၏နှိုးဆော်ချက်များသည် ဆွဲဆောင်နိုင်ပြီး ကိုယ်တော်၏ကျိုးကြောင်းဆင်ခြင်မှုသည် ငြင်းမရနိုင်အောင်ခိုင်လုံ၏။ ကိုယ်တော်၏စကားများသည် အကြောင်းကိစ္စရပ်များ၏ အရေးကြီးဆုံးအပိုင်းနှင့် ကြားနာသူတို့၏ စိတ်နှလုံးအထိပင် သက်ရောက်၏။ ပျော်ရွှင်မှု မည်သို့ရှာတွေ့နိုင်မည်၊ မည်သို့ဆုတောင်းရမည်၊ ဘုရားသခင့်နိုင်ငံတော်ကို မည်သို့ရှာရမည်နှင့် လုံခြုံသောအနာဂတ်ရရှိရေးအတွက် မည်သို့တည်ဆောက်ရမည်တို့ကို သူတို့အား သွန်သင်ပေးတော်မူခဲ့သည်။ (မဿဲ ၅:၃–၇:၂၇) ကိုယ်တော်၏မိန့်ကြားချက်များသည် အမှန်တရားနှင့် ဖြောင့်မတ်ခြင်းတရား ဆာငတ်သူတို့၏စိတ်နှလုံးကို နှိုးဆော်ပေးသည်။ ထိုသူတို့သည် ကိုယ်တော့်နောက်လိုက်ရန်အလို့ငှာ မိမိကိုယ်ကို “ငြင်းပယ်” ရန်နှင့် အရာခပ်သိမ်းကို စွန့်လွှတ်ဖို့အသင့်ရှိကြ၏။ (မဿဲ ၁၆:၂၄; လုကာ ၅:၁၀၊ ၁၁) ယေရှု၏စကားသည် တန်ခိုးပါကြောင်း တကယ့်သက်သေပင်!

“လက်သတ္တိနှင့်ပြည့်စုံ”

၁၂၊ ၁၃။ အဘယ်သဘောမျိုးဖြင့် ယေရှုသည် “လက်သတ္တိနှင့်ပြည့်စုံ” တော်မူသနည်း၊ ကိုယ်တော်၏အံ့ဖွယ်အမှုများတွင် အဘယ်ကွဲပြားခြားနားမှုများကို တွေ့ရှိရသနည်း။

၁၂ ထို့အပြင် ယေရှုသည် “လက်သတ္တိနှင့်ပြည့်စုံ” ၏။ (လုကာ ၂၄:၁၉) “ယေဟောဝါ၏တန်ခိုးတော်” ဖြင့် ယေရှုပြုခဲ့သည့် အံ့ဖွယ်အမှု ၃၀ ကျော်ကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ * (လုကာ ၅:၁၇ကဘ) ယေရှု၏အံ့ဖွယ်အမှုများက ထောင်နှင့်ချီသူတို့၏ဘဝအသက်တာကို ဩဇာလွှမ်းမိုးခဲ့သည်။ “မိန်းမ သူငယ်ကိုမဆိုဘဲ” ယောက်ျား ၅,၀၀၀ နှင့် နောက်ပိုင်းတွင် ယောက်ျား ၄,၀၀၀ ကို အစားအစာကျွေးမွေးခြင်းဖြစ်သည့် အံ့ဖွယ်အမှုနှစ်ခုတည်း၌ပင် လူပေါင်း ၂၀,၀၀၀ ခန့်ရှိလူအုပ်များ ဖြစ်ခဲ့ပေမည်!—မဿဲ ၁၄:၁၃-၂၁; ၁၅:၃၂-၃၈

‘ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့မြင်၏’

၁၃ ယေရှုပြုသော အံ့ဖွယ်အမှုများသည် အလွန်ကွဲပြားခြားနား၏။ ကိုယ်တော်သည် နတ်ဆိုးများအပေါ် ဩဇာအာဏာရှိသဖြင့် သူတို့ကိုလွယ်ကူစွာ နှင်ထုတ်နိုင်၏။ (လုကာ ၉:၃၇-၄၃) ကိုယ်တော်သည် ရူပဆိုင်ရာအခြေခံဒြပ်များအပေါ် တန်ခိုးရှိသဖြင့် ရေကို စပျစ်ရည်အဖြစ်သို့ ပြောင်းပေးနိုင်ခဲ့သည်။ (ယောဟန် ၂:၁-၁၁) ကိုယ်တော်သည် လေပြင်းတိုက်နေသော ဂါလိလဲပင်လယ်ရေပြင်ပေါ် လမ်းလျှောက်ခြင်းကို တပည့်တော်များတွေ့၍ အံ့သြခဲ့ကြသည်။ (ယောဟန် ၆:၁၈၊ ၁၉) ကိုယ်တော်သည် အနာရောဂါ၊ ကိုယ်အင်္ဂါချို့ယွင်းမှုများ၊ နာတာရှည်ရောဂါနှင့် အသက်အန္တရာယ်ရှိသည့် ဖျားနာမှုတို့ကို နိုင်နင်းတော်မူသည်။ (မာကု ၃:၁-၅; ယောဟန် ၄:၄၆-၅၄) နည်းလမ်းအသွယ်သွယ်ဖြင့် ၎င်းတို့ကို ကိုယ်တော်ကုသပေးခဲ့၏။ အချို့သည် အတော်အတန်လှမ်းသောအကွာအဝေးမှ ကုသခံခဲ့ရပြီး အခြားသူတို့မှာမူ ယေရှုကိုယ်တော်တိုင်၏ တို့ထိကိုင်တွယ်မှုကိုခံခဲ့ရ၏။ (မဿဲ ၈:၂၊ ၃၊ ၅-၁၃) အချို့တို့မှာ ချက်ချင်းရောဂါပျောက်ကင်းခဲ့၏၊ အခြားသူများမှာမူ တဖြည်းဖြည်းချင်းကုသခံခဲ့ရသည်။—မာကု ၈:၂၂-၂၅; လုကာ ၈:၄၃၊ ၄၄

၁၄။ ယေရှုသည် သေခြင်းကိုအောင်နိုင်သောတန်ခိုးရှိကြောင်း အဘယ်အခြေအနေများတွင် အထင်အရှားဖော်ပြခဲ့သနည်း။

၁၄ အထူးထင်ရှားသည်မှာ ယေရှု၌ သေခြင်းကိုအောင်နိုင်သောတန်ခိုးရှိခြင်းဖြစ်သည်။ ကိုယ်တော်သည် လူသေကို သုံးကြိမ်ပြန်ရှင်စေခဲ့ကြောင်း မှတ်တမ်းတင်ထားသည်၊ တစ်ကြိမ်မှာ ၁၂ နှစ်အရွယ် သမီးတစ်ဦးအား မိဘများလက်သို့ပြန်အပ်ပေးခြင်း၊ တစ်ဦးတည်းသောသားကို မုဆိုးမဖြစ်သူမိခင်အား ပြန်ရစေခြင်းနှင့် ချစ်ရသောမောင်ငယ်တစ်ဦးအား အစ်မများထံ ပြန်ပေးခဲ့ခြင်းတို့ဖြစ်သည်။ (လုကာ ၇:၁၁-၁၅; ၈:၄၉-၅၆; ယောဟန် ၁၁:၃၈-၄၄) ကိုယ်တော်အတွက် အဘယ်အခြေအနေမျှ ခက်လွန်းခြင်းမရှိခဲ့ချေ။ ကိုယ်တော်သည် ထို ၁၂ နှစ်အရွယ် မိန်းကလေး သေဆုံးပြီး များမကြာမီ သူ၏အိပ်ရာပေါ်မှ ပြန်ရှင်စေခဲ့သည်။ မုဆိုးမ၏သားကို အသုဘပို့စဉ် အလောင်းစင်ပေါ်မှ ကိုယ်တော်ရှင်ပြန်ထမြောက်စေခဲ့ရာ သူသေဆုံးသည့်နေ့၌ပင် ထမြောက်ခဲ့ပေမည်။ ထို့အပြင် လာဇရုအား သူသေဆုံးပြီးလေးရက်အကြာတွင် သူ့ကိုမြှုပ်နှံထားသည့်သင်္ချိုင်းဂူမှ ပြန်ရှင်စေခဲ့၏။

တန်ခိုးတော်ကို ကိုယ်ကျိုးမဖက်၊ ပိုင်းခြားသိမြင်၊ ထောက်ထားစာနာစွာ အသုံးပြုခြင်း

၁၅၊ ၁၆။ ယေရှုသည် မိမိ၏တန်ခိုးတော်ကို အသုံးပြုရာတွင် ကိုယ်ကျိုးမဖက်ကြောင်း အဘယ်သာဓကရှိသနည်း။

၁၅ မစုံလင်သူ လူ့အုပ်စိုးရှင်တစ်ဦး၌ ယေရှု၏တန်ခိုးတော်မျိုးရှိလျှင် မည်မျှအလွဲသုံးစားပြုမည်ကို သင်စဉ်းစားကြည့်နိုင်သလော။ သို့သော် ယေရှုသည် အပြစ်မဲ့၏။ (၁ ပေတရု ၂:၂၂) ကိုယ်တော်သည် အခြားသူများအား ထိခိုက်နစ်နာစေရန် မစုံလင်သူတို့အား သူတို့၏တန်ခိုးအာဏာကိုသုံးရန် လှုံ့ဆော်ပေးသည့် ကိုယ်ကျိုးဖက်မှု၊ ရည်မှန်းချက်ကြီးမှု၊ လောဘစိတ်ဖြင့် အစွန်းအထင်းမခံခဲ့ချေ။

၁၆ ယေရှုသည် တန်ခိုးတော်ကို ကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမပြုခဲ့ချေ။ ကိုယ်တော်သည် ဆာလောင်မွတ်သိပ်ချိန်၌ ကျောက်ခဲကို မုန့်ဖြစ်စေရန် ငြင်းဆန်ခဲ့၏။ (မဿဲ ၄:၁-၄) ကိုယ်တော်သည် တန်ခိုးတော်ကိုအသုံးပြု၍ အမြတ်မထုတ်ခဲ့ကြောင်း သူ၏နည်းပါးသောပိုင်ဆိုင်ရာပစ္စည်းက သက်သေထူသည်။ (မဿဲ ၈:၂၀) ကိုယ်တော်၏တန်ခိုးပါသောလုပ်ရပ်များသည် ကိုယ်ကျိုးမပါကြောင်း နောက်ထပ်သက်သေသာဓကရှိသည်။ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြုသောအခါ ကိုယ်တော်တိုင် အနစ်နာခံခဲ့ရ၏။ ဥပမာ၊ ဖျားနာသူတို့ကို ကုသပေးသောအခါ ကိုယ်တော်ထံမှ တန်ခိုးထွက်သွားခဲ့သည်။ ရောဂါပျောက်ကင်းစေခဲ့မှု တစ်ခုတည်း၌ပင် တန်ခိုးထွက်သွားကြောင်း ကိုယ်တော် ခံစားမိသည်။ (မာကု ၅:၂၅-၃၄) သို့ဖြစ်သည့်တိုင် ကိုယ်တော်သည် လူအပေါင်းတို့ကို မိမိအား တို့ထိခွင့်ပြုပြီး သူတို့၏ရောဂါပျောက်ကင်းစေခဲ့သည်။ (လုကာ ၆:၁၉) တကယ့်ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ်ပင်!

၁၇။ ယေရှုသည် မိမိ၏တန်ခိုးတော်ကို တာဝန်သိသိဖြင့်အသုံးပြုကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၁၇ ယေရှုသည် တန်ခိုးတော်ကို ပိုင်းခြားသိမြင်စွာ အသုံးပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟန်ရေးပြဖြစ်စေ၊ ရည်ရွယ်ချက်မဲ့ ဟိတ်ဟန်ဖြင့်ဖြစ်စေ တန်ခိုးပါသောလုပ်ရပ်များကို တစ်ခါမျှ မပြုလုပ်ခဲ့ချေ။ (မဿဲ ၄:၅-၇) ဟေရုဒ်၏ သိမြင်လိုစိတ်ကိုဖြည့်စွက်ပေးဖို့အတွက်သာ နိမိတ်များကို ကိုယ်တော်မပြလိုခဲ့ပါ။ (လုကာ ၂၃:၈၊ ၉) ယေရှုသည် တန်ခိုးတော်ကို ကြေညာမည့်အစား ကုသခံခဲ့ရသူတို့အား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖွင့်မပြောပါနှင့်ဟု မိန့်မှာလေ့ရှိ၏။ (မာကု ၅:၄၃; ၇:၃၆) လှုပ်လှုပ်ရွရွသတင်းများကို အခြေပြုပြီး ကိုယ်တော်နှင့်ပတ်သက်၍ လူတို့အား ကောက်ချက်မချစေလိုချေ။—မဿဲ ၁၂:၁၅-၁၉

၁၈-၂၀။ (က) ယေရှု၏တန်ခိုးတော်အသုံးပြုပုံကို အဘယ်အရာသြဇာလွှမ်းမိုးသနည်း။ (ခ) နားပင်းသူတစ်ဦးအား ယေရှုကုသပေးပုံနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

၁၈ ဤတန်ခိုးကြီးမားသောအရှင် ယေရှုသည် သူတစ်ပါး၏ဆင်းရဲကျပ်တည်းမှုတို့ကို မထောက်ထားဘဲ အာဏာသုံးတတ်သည့် အုပ်စိုးရှင်များနှင့်တခြားစီပင်။ ယေရှုသည် လူတို့ကို ဂရုစိုက်တော်မူ၏။ ဝေဒနာသည်တို့ကို တွေ့ရုံမျှဖြင့် ကိုယ်တော်အလွန်စိတ်ထိခိုက်သွားရာ သူတို့၏ဝေဒနာကို သက်သာစေလိုတော်မူ၏။ (မဿဲ ၁၄:၁၄) သူတို့၏ခံစားချက်နှင့် လိုအပ်ရာကို ကိုယ်တော်စာနာမှုရှိခဲ့ကာ ယင်းက တန်ခိုးတော်အသုံးပြုပုံအပေါ် ဩဇာလွှမ်းမိုးခဲ့သည်။ မာကု ၇:၃၁-၃၇ တွင် စိတ်လှုပ်ရှားဖွယ် ပုံဥပမာတစ်ရပ်ကို တွေ့ရသည်။

၁၉ ဤအချိန်တွင် လူတို့သည် အုပ်စုလိုက် ယေရှုအားရှာဖွေပြီး ကိုယ်တော့်ထံ ဖျားနာသူများစွာကို ခေါ်ဆောင်လာခဲ့ရာ သူတို့အားလုံးကို ရောဂါပျောက်စေခဲ့၏။ (မဿဲ ၁၅:၂၉၊ ၃၀) သို့သော် ယေရှုသည် လူတစ်ဦးကိုရွေးပြီး ထောက်ထားစာနာမှုအထူးပြခဲ့၏။ ထိုသူသည် နားပင်း၍ စကားဆွံ့အနေ၏။ ထို့ကြောင့် သူသည် ကြောက်ရွံ့တတ်သည်မက ရှက်တတ်ကြောင်းကို ယေရှုရိပ်မိခဲ့မည်။ ထောက်ထားစာနာစွာဖြင့် ယေရှုသည် သူ့ကို လူများအလယ်မှ ဆိတ်ကွယ်ရာအရပ်သို့ ခေါ်ထုတ်သွားလေ၏။ ထို့နောက် ယေရှုသည် သူ့အား အဘယ်အရာပြုပေးတော့မည်ကို သိရှိစေရန် အရိပ်အယောင်ပြပြီး “လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။” * (မာကု ၇:၃၃) ၎င်းနောက် ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်၍ ရေရွတ်ကာဆုတောင်းလေသည်။ ဤအပြုအမူများက ထိုသူအား ‘မင်းအတွက် ငါပြုလုပ်ပေးမယ့်အရာဟာ ဘုရားသခင့် တန်ခိုးတော်နဲ့ဖြစ်တယ်’ ဟု မိန့်ဆိုရာကျပေမည်။ အဆုံး၌ ယေရှုက “ပွင့်စေ” ဟုမိန့်တော်မူ၏။ (မာကု ၇:၃၄) ထိုအခါ ထိုသူသည် ပြန်ကြားရပြီး ပုံမှန်အတိုင်း စကားပြောဆိုလေ၏။

၂၀ ဝေဒနာရှင်များကို ကုသပေးရန် ဘုရားပေးတန်ခိုးတော်ကို အသုံးပြုသောအခါ၌ပင် ယေရှုသည် သူတို့၏ခံစားချက်များကို ကိုယ်ချင်းစာနာစွာဖြင့် ထည့်စဉ်းစားပေးကြောင်းသိရှိရခြင်းမှာ အမှန်တကယ်စိတ်ကြည်နူးစရာပင်! ယေဟောဝါသည် ဤမျှထောက်ထားစာနာတတ်သော ရှင်ဘုရင်လက်၌ မေရှိယနိုင်ငံတော်ကို အပ်ထားကြောင်း သိရှိရခြင်းကား အားတက်စရာပင်မဟုတ်ပေလော။

ဖြစ်လတ္တံ့သောအရာများ၏ နိမိတ်တစ်ခု

၂၁၊ ၂၂။ (က) ယေရှု၏အံ့ဖွယ်အမှုများက အဘယ်အရာကို နိမိတ်ပြသနည်း။ (ခ) သဘာဝအင်အားစုများကို ယေရှုထိန်းချုပ်နိုင်ခဲ့ရာ ကိုယ်တော်၏နိုင်ငံတော်အုပ်စိုးမှုအောက်တွင် အဘယ်အရာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။

၂၁ ကမ္ဘာမြေကြီးပေါ် ယေရှုဆောင်ရွက်ခဲ့သည့် တန်ခိုးကြီးမားလှသောအမှုများသည် ရှင်ဘုရင်အဖြစ် ကိုယ်တော်အုပ်ချုပ်သည့်အခါ ထိုထက်မကကောင်းမြတ်မည့် ကောင်းချီးများ၏ ရှေ့ပြေးအရိပ်အယောင်များမျှသာ ဖြစ်သည်။ ဘုရားသခင်၏ကမ္ဘာသစ်တွင် ယေရှုသည် အံ့ဖွယ်အမှုများကို တစ်ဖန်ပြန်ပြုလုပ်မည်ဖြစ်သည်၊ ဤတစ်ကြိမ်တွင် ကမ္ဘာချီအတိုင်းအတာဖြင့် ပြုလုပ်လိမ့်မည်! ရှေ့တွင်ဖြစ်ပျက်မည့် စိတ်လှုပ်ရှားဖွယ် အလားအလာအချို့ကို သုံးသပ်ကြည့်ကြပါစို့။

၂၂ ယေရှုသည် ကမ္ဘာမြေကြီး၏ဂေဟဗေဒကို အပြည့်အဝဟန်ချက်ညီစေမည်။ မုန်တိုင်းကို ငြိမ်းစေခြင်းဖြင့် သဘာဝအင်အားစုများကို ကိုယ်တော်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတိရပါ။ သို့ဖြစ်လျှင် ခရစ်တော်၏နိုင်ငံတော်အုပ်စိုးမှုအောက်တွင် လူအပေါင်းသည် တိုင်ဖွန်းမုန်တိုင်းများ၊ မြေငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများ သို့မဟုတ် အခြားသဘာဝဘေးဒဏ်များ၏အန္တရာယ်ကို ကြောက်ရွံ့နေစရာ မလိုတော့ချေ။ ယေဟောဝါသည် ကမ္ဘာမြေကြီးနှင့် ၎င်းပေါ်ရှိ သက်ရှိအားလုံးကို ဖန်ဆင်းချိန်တွင် ယေရှုအား ကျွမ်းကျင်လုပ်သားအဖြစ် အသုံးပြုခဲ့ရာ ကမ္ဘာမြေကြီး၏ဖွဲ့စည်းတည်ဆောက်ပုံကို ကိုယ်တော်အပြည့်အဝနားလည်တော်မူ၏။ ကိုယ်တော်သည် မြေကြီး၏သယံဇာတများကို မည်သို့လျောက်ပတ်စွာသုံးရမည်ကို နားလည်သည်။ ကိုယ်တော်၏အုပ်ချုပ်မှုအောက်တွင် ဤကမ္ဘာမြေတစ်ခုလုံးသည် ပရဒိသုအဖြစ်သို့ ပြောင်းလဲသွားမည်။—လုကာ ၂၃:၄၃

၂၃။ ယေရှုသည် ရှင်ဘုရင်အဖြစ် လူသားတို့၏လိုအပ်ရာများကို မည်သို့ရောင့်ရဲစေတော်မူမည်နည်း။

၂၃ လူသားအပေါင်း၏ လိုအပ်ရာများကော အသို့နည်း။ စားစရာအနည်းအကျဉ်းဖြင့် ထောင်နှင့်ချီသောသူတို့ကို ယေရှု ရက်ရက်ရောရောကျွေးမွေးနိုင်ခဲ့ခြင်းက ကိုယ်တော်၏အုပ်ချုပ်မှုအောက်တွင် ငတ်မွတ်ခေါင်းပါးခြင်း ရှိတော့မည်မဟုတ်ကြောင်း ကျွန်ုပ်တို့အား စိတ်ချစေ၏။ အမှန်မှာ၊ ပေါများသောစားနပ်ရိက္ခာကို မျှမျှတတခွဲဝေခြင်းဖြင့် ငတ်မွတ်ခေါင်းပါးမှု ထာဝစဉ်ရှိတော့မည်မဟုတ်။ (ဆာလံ ၇၂:၁၆) ဖျားနာမှုနှင့် အနာရောဂါတို့ကို ကိုယ်တော်နိုင်နင်းခြင်းက မမာမကျန်းဖြစ်ခြင်း၊ မျက်စိကန်းခြင်း၊ နားပင်းခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်းနှင့် ခြေဆွံ့ခြင်းတို့ ထာဝစဉ်လုံးဝပျောက်ကင်းသွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသိစေသည်။ (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆) ယေရှုသည် လူသေတို့ကို ပြန်ရှင်လာစေနိုင်စွမ်းရှိခြင်းက ကောင်းကင်ရှင်ဘုရင်အနေနှင့် ကိုယ်တော်၏မဟာတန်ခိုးတွင် ခမည်းတော်အမှတ်တရဖြစ်နေသည့် မရေမတွက်နိုင်သော သန်းချီသူများကို ပြန်ရှင်လာစေနိုင်စွမ်းပါဝင်ကြောင်း စိတ်ချစေသည်။—ယောဟန် ၅:၂၈၊ ၂၉

၂၄။ ယေရှု၏တန်ခိုးတော်ကို ကျွန်ုပ်တို့ ပြန်ဆင်ခြင်သုံးသပ်ကြစဉ် အဘယ်အရာကို စိတ်ထဲထားရှိသင့်သနည်း၊ အဘယ်ကြောင့်နည်း။

၂၄ ယေရှု၏တန်ခိုးတော်ကို ကျွန်ုပ်တို့ပြန်သုံးသပ်ကြစဉ် ဤသားတော်သည် ခမည်းတော်ကို ပြည့်ဝစုံလင်စွာတုပကြောင်း သတိရကြစို့။ (ယောဟန် ၁၄:၉) သို့ဖြင့် တန်ခိုးတော်ကို ယေရှုအသုံးပြုပုံက ယေဟောဝါသည်လည်း တန်ခိုးတော်ကိုမည်သို့အသုံးပြုကြောင်း အထင်အရှားဖော်ပြသည်။ ဥပမာ၊ လူနူတစ်ဦးအား ယေရှု သနားကြင်နာစွာ ကုသပေးခဲ့ပုံကို ပြန်သုံးသပ်ကြည့်ပါ။ ယေရှုသည် သနားသောကြောင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက် “ငါအလိုရှိ၏” ဟုမိန့်တော်မူ၏။ (မာကု ၁:၄၀-၄၂) အမှန်မှာ ဤသို့သောမှတ်တမ်းများဖြင့် ယေဟောဝါက ‘ငါ့တန်ခိုးတော်ကို ငါဒီလိုပဲအသုံးပြုတာ!’ ဟုမိန့်တော်မူသကဲ့သို့ဖြစ်၏။ ဘုန်းကြီးမြတ်တော်မူသောဘုရားသခင်သည် ဤသို့သောမေတ္တာနည်းလမ်းဖြင့် တန်ခိုးတော်ကို အသုံးပြုခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းရန် သင်သည် လှုံ့ဆော်မခံရပေလော။

^ အပိုဒ်၊ 1 ဂါလိလဲပင်လယ်၌ လေမုန်တိုင်းများ ရုတ်ခြည်းကျစမြဲပင်။ ထိုပင်လယ်သည် (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ခန့်) အနိမ့်ပိုင်းတွင်တည်ရှိနေခြင်းကြောင့် ဝန်းကျင်ဒေသထက် ထိုတွင်ရှိလေထုမှာ သာ၍ပူနွေးရာ လေထုဆိုင်ရာ မတည်ငြိမ်မှုများဖြစ်ပွားလေသည်။ မြောက်ဘက်ရှိဟေရမုန်တောင်မှ ယော်ဒန်ချိုင့်ဝှမ်းထဲသို့ လေပြင်းများတိုက်ခတ်လေ့ရှိ၏။ ငြိမ်သက်နေရာမှ ချက်ချင်းပင် မုန်တိုင်းထန်သွားနိုင်သည်။

^ အပိုဒ်၊ 12 ထို့အပြင် ခရစ်ဝင်ကျမ်းများက အံ့ဖွယ်အမှုများစွာကို တစ်ခါတစ်ရံ တစ်ခုတည်းအဖြစ်စုပေါင်း၍ ယေဘုယျဖော်ပြတတ်သည်။ ဥပမာ၊ တစ်ကြိမ်တွင် ကိုယ်တော်ထံ “တစ်မြို့လုံး” လာရောက်တွေ့ဆုံခဲ့ပြီး “အထူးထူးအပြားပြားသော” ဖျားနာသူအပေါင်းကို ကိုယ်တော်ကုသပေးခဲ့၏။—မာကု ၁:၃၂-၃၄

^ အပိုဒ်၊ 19 တံတွေးထွေးခြင်းကို ဂျူးများနှင့် တစ်ပါးအမျိုးသားများပါ ကုသနည်းတစ်နည်း၊ လက္ခဏာတစ်ရပ်အဖြစ် လက်ခံထားကြ၍ ရောဂါကုသည့်အခါ တံတွေးအသုံးပြုခြင်းကို ရဗ္ဗိဆရာတို့၏အရေးအသားတွင် မှတ်တမ်းတင်ထားသည်။ ယေရှုတံတွေးထွေးခဲ့ခြင်းမှာ ပျောက်ကင်းအောင် မိမိကုသပေးတော့မည်အကြောင်း ထိုသူအား အသိပေးခြင်းမျှဖြစ်ပေမည်။ မိမိ၏တံတွေးကို သဘာဝအတိုင်းကုသပေးသည့်အရာအဖြစ် ယေရှုအသုံးပြုနေခဲ့ခြင်းမဟုတ်ချေ။