ဉာဏ်ပညာပြည့်ဝပြီး တန်ခိုးကြီးတဲ့ ဘုရားသခင်
ဘုရားသခင် ပြုလုပ်ထားရာတွေက ကိုယ်တော်ရဲ့ တခြားအရည်အသွေးတွေကိုလည်း ဖော်ပြကြောင်း ကိုစိုးမိုး ရှင်းပြတယ်။ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ကို စိတ်ဝင်စားစရာကောင်းတဲ့ ဒီကျမ်းချက်ကို ဖတ်ပြတယ်–
-
“ယေဟောဝါဘုရား၊ ကိုယ်တော့်လုပ်ဆောင်မှုတွေ များလိုက်တာ။ ဒါတွေအားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်းထားတယ်။ ကမ္ဘာမြေဟာ ကိုယ်တော့်လက်ရာတွေနဲ့ ပြည့်နေတယ်။”—ဆာလံ ၁၀၄:၂၄။
ကိုစိုးမိုး ဒီလိုပြောပြတယ်– “အင်မတန် သေးငယ်တဲ့ အင်းဆက်လေးတွေမှာတောင် ယေဟောဝါရဲ့ ဉာဏ်ပညာကို တွေ့နိုင်တယ်။ ဥပမာ၊ သမ္မာကျမ်းစာက ပုရွက်ဆိတ်ရဲ့ ပင်ကိုအသိဉာဏ်အကြောင်း ပြောထားတယ်။”
သစ်ရွက်အပိုင်းအစတွေကို ကိုက်ဖြတ်ပြီး ပုရွက်ဆိတ်အုံဆီ သယ်ဆောင်သွားဖို့ အလုပ်ရှုပ်နေကြတဲ့ ပုရွက်ဆိတ်တွေကို မကြာခဏ မြင်ဖူးကြကြောင်း ပြန်ပြောပြတယ်။ ဒီလိုလုပ်ရမယ်ဆိုတာ ပုရွက်ဆိတ်တွေ ဘယ်လို သိကြသလဲ။ ကျမ်းရေးသူတစ်ဦးက ပုရွက်ဆိတ်မှာ “ပင်ကိုအသိဉာဏ်” ရှိကြောင်း ရှင်းပြတယ်။ ဒါဆိုရင် ဒီလိုအသိဉာဏ်ရှိတဲ့ ပုရွက်ဆိတ်ကို ဘယ်သူ ပြုလုပ်ခဲ့သလဲ။ ပုရွက်ဆိတ်ထဲမှာ အဲဒီပင်ကိုအသိဉာဏ်ကို ဘယ်သူ ထည့်သွင်းပေးသလဲ။ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့ ယေဟောဝါ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။—ပညာအလိမ္မာ ၃၀:၂၄၊ ၂၅။
ကိုအောင်နိုင် ဒီလိုပြောတယ်– “ဒီလိုပင်ကိုအသိဉာဏ်ရှိတဲ့ သတ္တဝါတွေမှာ ဒီဇိုင်းရေးဆွဲသူနဲ့ ဖန်ဆင်းရှင် ရှိရမယ်ဆိုတာ ကျွန်တော် လက်ခံပါပြီ။”
ဒီနောက် ကိုစိုးမိုးက ကိုအောင်နိုင်နဲ့ မစန္ဒာတို့ အလွန်စိတ်စွဲမှတ်သွားစေတဲ့ အရာတစ်ခုကို ပြောလိုက်တယ်– “ကျွန်တော်တို့ ဆက်အသက်ရှင်ဖို့ ယေဟောဝါရဲ့ ဉာဏ်ပညာကို မှီခိုနေရကြတယ်ဆိုတာ သိသလား။” ဘယ်လို မှီခိုနေရသလဲ ဆိုတာကို စဉ်းစားကြတယ်။
သက်ရှိတွေ ရှင်သန်နိုင်ရေးအတွက် ကမ္ဘာမြေရဲ့ ပတ်ဝန်းကျင် အနေအထားဟာ အသင့်တော်ဆုံး ဖြစ်နေတာ အံ့သြစရာ သိပ်ကောင်းကြောင်း ကိုစိုးမိုး ရှင်းပြတယ်။
မိမိဝင်ရိုးပေါ် ကမ္ဘာရဲ့လည်ပတ်နှုန်းနဲ့ နေကို လှည့်ပတ်နေတဲ့ ပတ်လမ်းကြောင်းမှာ ကမ္ဘာရဲ့ ရွေ့လျားနှုန်းတို့က နေစွမ်းအင်ကို ကမ္ဘာ့မျက်နှာပြင်ပေါ် အကောင်းဆုံးနည်းနဲ့ ပျံ့နှံ့သွားစေတယ်။ ဆွဲငင်အားဟာ ဓာတ်ငွေ့တွေ အချိုးကျကျပါဝင်တဲ့ ကမ္ဘာ့လေထုကို အာကာသထဲ ပျံ့လွင့်မသွားစေဖို့ ထိန်းထားပေးတယ်။ ဒါပေမဲ့ ဒီဆွဲငင်အားက ကျွန်တော်တို့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လောက်တဲ့အထိတော့ မပြင်းထန်လွန်းပါဘူး။ သက်ရှိတွေ ဆက်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ရေထုကြီးလည်း ရှိသေးတယ်။ မြေကြီးထဲမှာတောင် အပင်တွေ စုပ်ယူအသုံးပြုနိုင်ဖို့အတွက် ရေနဲ့ အလွယ်တကူ ပေါင်းစပ်နိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်နှက်နေတယ်။ကိုစိုးမိုး ဒီလိုပြောတယ်– “ဒါတွေအားလုံး မတော်တဆ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် လုံးဝယုံကြည်တယ်။ သက်ရှိတွေ တည်ရှိနိုင်ဖို့ လိုအပ်သမျှကို အကန့်အသတ်မဲ့ ဉာဏ်ပညာရှင် ယေဟောဝါဘုရား ဖြစ်ပေါ်စေတာပဲလို့ ကျွန်တော် ယုံကြည်တယ်။”
ကိုအောင်နိုင်နဲ့ မစန္ဒာတို့ ခေါင်းတညိတ်ညိတ်နဲ့ အသံတိတ် ထောက်ခံနေကြတယ်။
ကိုစိုးမိုးက ဘုရားသခင်ရဲ့ နောက်ထပ်အရည်အသွေးဖြစ်တဲ့ တန်ခိုးတော်အကြောင်း ပြောပြတော့ စွဲမှတ်သွားကြပြန်တယ်။ ယေဟောဝါရဲ့ တန်ခိုးတော်အကြောင်း သမ္မာကျမ်းစာ ဘာဖော်ပြသလဲဆိုတာကို ကိုအောင်နိုင် သိချင်နေခဲ့တာ။ ကိုစိုးမိုးက ကျမ်းချက် ဖွင့်ဖတ်ပြတယ်–
-
“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီးကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ဖန်ဆင်းခဲ့တယ်။”—ယေရမိ ၃၂:၁၇။
ကိုစိုးမိုး ဒီလိုပြောတယ်– “နေစွမ်းအင်ကို စဉ်းစားလိုက်မယ်ဆိုရင် ယေဟောဝါရဲ့ ကြီးမားလှတဲ့ တန်ခိုးတော်အကြောင်း ကျွန်တော်တို့ အနည်းငယ် သိနိုင်တယ်။ ပူပြင်းတဲ့ နေ့တစ်နေ့မှာ အပြင်ထွက် ရပ်ကြည့်မယ်ဆိုရင် နေပူရှိန်ကို ခံစားရတယ် မဟုတ်လား။ နေဟာ ဘယ်လောက် စွမ်းအားပြင်းသလဲဆိုတာ ခန့်မှန်းနိုင်သလား။”
“ဒီမှာဆိုရင် မိုးရာသီ ရောက်ခါနီးရင် အရမ်းပူတာ သတိထားမိတယ်” လို့ ကိုအောင်နိုင် ပြန်ပြောတာကို ကိုစိုးမိုးလည်း သဘောတူတယ်။
နေရဲ့ ဗဟိုမှာ အပူချိန် ၂၇ သန်း ဒီဂရီဖာရင်ဟိုက်လောက်ရှိကြောင်း ဖတ်ဖူးတယ်လို့ ကိုစိုးမိုး ပြောတယ်။ တကယ်လို့ နေရဲ့ဗဟိုကနေ ပင်အပ်ထိပ်ဖျားအရွယ် အပိုင်းအစတစ်ခုကို ယူပြီး ဒီကမ္ဘာပေါ်မှာ ထားမယ်ဆိုရင် ဒီအပူခဲလေးကနေ မိုင်ပေါင်း ၁၀၀ လောက် အတွင်း ဘေးကင်းစွာ ရပ်နေနိုင်မှာ မဟုတ်ဘူး။ နျူကလီးယားဗုံး သန်းပေါင်းရာနဲ့ချီ ပေါက်ကွဲမှု ပမာဏနဲ့ ညီမျှတဲ့ စွမ်းအင်ကို နေက စက္ကန့်တိုင်း ထုတ်လွှတ်ပေးနေတယ်။
“နေရဲ့ စွမ်းအားက ဒီလောက်ပြင်းထန်တယ်ဆိုရင် နေကို ပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လောက်တောင် အစွမ်းတန်ခိုး ရှိမလဲ။ ကိုယ်တော်ရဲ့ အစွမ်းတန်ခိုး ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့တောင် မရနိုင်ဘူး။ နေကို သုံးသပ်ကြည့်တဲ့အခါ ဖန်ဆင်းရှင် ယေဟောဝါမှာရှိတဲ့ အကန့်အသတ်မဲ့ တန်ခိုးတော်ရဲ့ အထောက်အထား အနည်းငယ်လောက်ကိုပဲ မြင်တွေ့ရတာ” လို့ ဆက်ပြောတယ်။
ဒီအံ့သြဖွယ်ရာအားလုံးဟာ မတော်တဆ ဖြစ်လာတာ မဟုတ်နိုင်ဘူးဆိုတဲ့ ကိုစိုးမိုးရဲ့ ပြောပြချက်ကို ကိုအောင်နိုင်နဲ့ မစန္ဒာတို့ လက်ခံလိုက်ကြတယ်။ ဖန်ဆင်းရှင် ရှိကိုရှိရမှာဖြစ်ကြောင်း၊ ဖန်ဆင်းရှင် ယေဟောဝါဟာ မျက်မြင်မရ နာမ်ဝိညာဉ် ဖြစ်ပေမဲ့ စုံလင်တဲ့မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုးတို့နဲ့ အရာအားလုံးကို ပြုလုပ်ထားတဲ့ အမှန်တည်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ သဘောပေါက်လာကြတော့တယ်။