ထူးခြားတဲ့ စာအုပ်တစ်အုပ်
အဲဒီနေ့ ညနေပိုင်းမှာ ကိုအောင်နိုင် အလုပ်က ပြန်လာတဲ့အခါ မစန္ဒာက မသီတာ ပြောပြသမျှ ပြန်ပြောပြတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကိုအောင်နိုင် ယူမှတ်ပေမဲ့လည်း ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့ တခြားနည်းလမ်းတွေအကြောင်း တခြားသူတွေ ပြောဆိုကြတာကို ကြားဖူးတဲ့အတွက် အဲဒီအကြောင်းကို သံသယဖြစ်မိတယ်။ ဒါပေမဲ့ အဲဒီအကြောင်း ကိုစိုးမိုးနဲ့ ပြောကြည့်မယ်လို့ ဆုံးဖြတ်ပြီး နောက်စနေနေ့မှာ စကားပြောဖြစ်ခဲ့တယ်။
ကိုစိုးမိုးက ကိုအောင်နိုင်ကို ဒီလိုပြောတယ်– “ဒီစာအုပ်ကို သမ္မာကျမ်းစာလို့ ခေါ်တယ်။ ဒီစာအုပ်ကို ကျွန်တော် ဖတ်နေတုန်းပဲ။ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။”
ကိုအောင်နိုင်က သံသယဝင်နေတဲ့အချက်ကို ဒီလိုပြောပြတယ်– “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ စိတ်ဆင်းရဲစရာတွေက မပျောက်သွားတဲ့အပြင် ဒါတွေကြောင့် လူမျိုးအားလုံး၊ နိုင်ငံအားလုံး ထိခိုက်ခံစားနေကြတာကို မြင်နေရတယ်။ လမ်းမှန်ပါလို့ ပြောနေတဲ့ ဘာသာတရားတွေနဲ့ အတွေးအခေါ် ပညာရပ်တွေ အများကြီး ရှိပေမဲ့လည်း ဘယ်တစ်ခုကမှ စစ်မှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု၊ လူမျိုးရေး မုန်းတီးမှု၊ ဆင်းရဲနွမ်းပါးမှုတွေကို မဖြေရှင်းပေးနိုင်ဘူး။ ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာက အဲဒီဘာသာတရားတွေ၊ အတွေးအခေါ် ပညာရပ်တွေ ပြောတာနဲ့ ဘာကွာခြားမှာမို့လို့လဲ။”
ကျမ်းစာထဲက အချက်တစ်ချက်ကို ကိုစိုးမိုး ဖတ်ပြလိုက်တဲ့အခါ ကိုအောင်နိုင် အတော်အံ့သြသွားတယ်။ ဖတ်ပြတဲ့ကျမ်းစကားကတော့– “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။” ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိဘူး။’ ဒီစကားတွေရဲ့ မှန်ကန်မှုကို ဘယ်သူမှ မငြင်းနိုင်မှန်း ကိုအောင်နိုင် သဘောတူတယ်။ ဒီစကားတွေဟာ အနောက်နိုင်ငံတွေမှာသာမက ကိုအောင်နိုင် နေထိုင်တဲ့နိုင်ငံက လူတွေအတွက်ပါ မှန်ကန်တယ်။
ကိုစိုးမိုးက တခြားအကြောင်းရင်းများစွာကြောင့်လည်း သမ္မာကျမ်းစာကို ယုံကြည်စိတ်ချကြောင်း ကိုအောင်နိုင်ကို ဆက်ရှင်းပြတယ်– “မစန္ဒာကို မသီတာ ပြောပြခဲ့တဲ့အတိုင်း သမ္မာကျမ်းစာက နေ့စဉ်အသက်တာအတွက် လက်တွေ့ကျ လမ်းညွှန်ချက်တွေ ပေးရုံသာမက လူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ကိုပါ ရှင်းလင်းစွာ ဖော်ထုတ်တယ်။ သမ္မာကျမ်းစာဟာ သိပ္ပံပညာအရလည်း တိကျမှန်ကန်တယ်ဗျ။”
ကိုအောင်နိုင် သံသယဝင်နေတုန်းပဲ။ ဒါကြောင့် ဒီလိုဆက်မေးတယ်– “သမ္မာကျမ်းစာလို ရှေးကျတဲ့ စာအုပ်တစ်အုပ်က မျက်မှောက်ခေတ် ပြဿနာတွေနဲ့ သက်ဆိုင်တဲ့အပြင် သိပ္ပံပညာအရလည်း တိကျမှန်ကန်မှု ရှိတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။” ဒီစာအုပ် ရေးတဲ့သူကိုလည်း သူသိချင်တယ်။
ကိုစိုးမိုး ဒီလိုရှင်းပြတယ်– “သမ္မာကျမ်းစာကို လူတစ်ယောက်တည်း ရေးခဲ့တာ မဟုတ်ဘူး။ တကယ်ဆိုရင် ဒီစာအုပ်ဟာ နှစ်ပေါင်း ၁,၆၀၀ လောက်အတွင်း လူပေါင်း ၄၀ ကျော် ရေးသားခဲ့တဲ့ စာအုပ်ငယ် ၆၆ စောင်ကို စုစည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၉၀၀ ခန့်က ရေးပြီးခဲ့တာ။ ရေးတဲ့လူတွေဟာ သိပ္ပံပညာဆိုင်ရာ အသိပညာ အနည်းအကျဉ်းသာ ရှိပေမဲ့ နောက်ပိုင်း နှစ်ထောင်ချီကြာတော့မှ သိလာတဲ့ အချက်အလက်တွေကို ရေးသားခဲ့ကြတယ်။ ဥပမာ၊ ကျမ်းရေးသူတစ်ဦးက ကမ္ဘာမြေကို ‘ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်’ လို့ဖော်ပြပြီး နောက်တစ်ဦးက ‘ကမ္ဘာလုံး’ လို့ ဖော်ပြတယ်။ ကျမ်းစာ ရေးသားခဲ့ချိန်တုန်းက အဲဒီအချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးဘူး။ ဒါတွေ မှန်ကန်တယ်ဆိုတာ သိပ်မကြာခင်ကမှ သိပ္ပံပညာရှင်တွေ သက်သေထူနိုင်ခဲ့ကြတယ်။”
“စိတ်ဝင်စားစရာပဲ” လို့ ကိုအောင်နိုင် ပြောတယ်။ ကိုစိုးမိုးက ကိုအောင်နိုင်ကို အလားတူ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ကို ပြချင်နေတယ်။
“သမ္မာကျမ်းစာက ဗာဗုလုန်လို့ခေါ်တဲ့ ကမ္ဘာ့အာဏာစက်တစ်ခု ကျဆုံးမှုအကြောင်း နှစ်ပေါင်း ၂၀၀ လောက် ကြိုပြောထားတယ်။ ဗာဗုလုန် ဘယ်လိုသိမ်းပိုက်ခံရမယ်ဆိုတာအပြင် သိမ်းပိုက်မယ့်ဘုရင်ရဲ့ နာမည်ကိုတောင် မမွေးခင် အတော်ကြာကြာကတည်းက ဖော်ပြထားတာ အံ့ဩစရာပဲ။ အမှန်ဆိုရင် ကျမ်းစာမှာ အနာဂတ်အတွက် ကြိုဟောထားချက်တွေ ရာနဲ့ချီ ရှိတယ်။”
အဲဒီအချက်တွေကို ကိုအောင်နိုင် စဉ်းစားသုံးသပ်နေရင်း ပိုအံ့သြသွားစေတဲ့အရာကို ကိုစိုးမိုး ပြောပြတယ်။ “ကျွန်တော်တို့အပါအဝင် တခြားသူတွေ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၉၀၀ ကတည်းက သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်ဆိုတာ သိလား။” ကျမ်းစာထဲက ဒီကျမ်းပိုဒ်ကို ကိုစိုးမိုး ဖတ်ပြတယ်–
-
“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကို တပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။”
စစ်၊ ရောဂါ၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ မတရားမှုတွေ အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ဆင်းရဲခက်ခဲမှုတွေ ဖြစ်ပျက်မှာကို သမ္မာကျမ်းစာရဲ့ တခြားနေရာတွေမှာ ကြိုဟောထားတယ်ဆိုပြီး ကိုအောင်နိုင်ကို ကိုစိုးမိုး ပြောပြတယ်။
သူနဲ့ မစန္ဒာတို့ ကြုံတွေ့နေရတဲ့ ပြဿနာတော်တော်များများကို ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာမှာ တိကျစွာ ဖော်ပြထားတာကို မြင်တွေ့လိုက်ရလို့ ကိုအောင်နိုင် အံ့သြသွားတယ်။
“တော်တော် ထူးခြားတာပဲ” လို့ ကိုအောင်နိုင် တအံ့တဩ ပြောတယ်။