မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြဿနာအားလုံးရဲ့ အဆုံး

ပြဿနာအားလုံးရဲ့ အဆုံး

ယေဟောဝါ​အကြောင်း ကို​စိုးမိုး ပြောခဲ့သမျှ​ကို ကို​အောင်နိုင် အလွန်​စိတ်စွဲမှတ်​သွား​ပေမဲ့ စိတ်ရှုပ်ထွေး​နေတုန်းပဲ။ ကို​စိုးမိုး​ကို ဒီလို​မေးတယ်– “ယေဟောဝါဟာ အရာအားလုံးကို ဖန်ဆင်းတဲ့​ တန်ခိုးရှင်၊ မေတ္တာ​ရှိတဲ့​ပုဂ္ဂိုလ် ဖြစ်တယ်​ဆိုရင် ကမ္ဘာ​မှာ ဘာကြောင့် ဒီလောက် ဆင်းရဲဒုက္ခတွေ များနေ​ရသလဲ။ ပြဿနာ​တွေ ဘာကြောင့် ဒီလောက်​ကြုံတွေ့​နေရသလဲ။”

ကို​စိုးမိုး ဒီလို​ပြောတယ်– “သိပ်​ကောင်းတဲ့​မေးခွန်း​ပဲ။ လူ​တော်​တော်​များများ​လည်း အဲဒီ​အတွက်​နဲ့​ပဲ စိတ်ရှုပ်ထွေး​နေကြတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေကို စဉ်းစား​ကြည့်တဲ့အခါ လက်ရှိ ကမ္ဘာ့​အခြေအနေ​ဆိုး​တွေဟာ လူသားတွေ​အတွက် ကိုယ်တော်​ဖြစ်စေချင်တဲ့​အရာ​တော့ မဟုတ်​နိုင်ဘူး​ဆိုတာ ထင်ရှား​လာတယ်။ ဒါကြောင့် ဒီ​အရာတွေ ဖြစ်ပျက်​နေရတဲ့ အကြောင်းရင်းကို နားလည်ဖို့ ကမ္ဘာမြေ​အတွက် ဘုရားသခင်ရဲ့ မူလ​ရည်ရွယ်ချက်​နဲ့ အဲဒီ​ရည်ရွယ်ချက် ဘယ်လို​ဖြစ်သွား​ခဲ့တယ်​ဆိုတာကို နားလည်ဖို့ လိုတယ်။”

ဒီ​နောက် မြေကြီးဆိုင်ရာ ဖန်ဆင်းခြင်း​ကို ယေဟောဝါဘုရား လက်စ​သတ်​တဲ့အခါ ဘယ်လို​ခံစားခဲ့​ရတယ်ဆိုတာ ကို​စိုးမိုး ရှင်းပြတယ်။ ကို​စိုးမိုး ဖတ်ပြ​တဲ့​ကျမ်းချက်​ကတော့–

  • “ဘုရားသခင်က ဖန်ဆင်း​ထားရာ​အားလုံး သိပ်​ကောင်းတယ်​ဆိုတာကို မြင်တယ်။”—ကမ္ဘာဦး ၁:၃၁

ကမ္ဘာပေါ် ယေဟောဝါ ဖန်ဆင်း​ထားရာ​တွေ​ထဲမှာ အထူးခြားဆုံး​က ပထမ​လူသား​မောင်နှံ​ပဲ။ သူတို့​နာမည်က အာဒံနဲ့ ဧဝ။ ဘုရားသခင်က တခြား​အရာအားလုံး​လို​ပဲ သူတို့ကိုလည်း စုံလင်စွာ ဖန်ဆင်း​ခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်​နိုင်တယ်။ ဘုရားသခင်က ဧဒင်ဥယျာဉ်​လို့​ခေါ်တဲ့ လှပတဲ့​နေရာတစ်ခု​မှာ သူတို့ကို နေရာ​ချထားတယ်။ အဲဒီ​နေရာမှာ ပျော်ရွှင်စွာ နေထိုင်​နိုင်ဖို့ လို​လေ​သေး​မရှိ ထောက်ပံ့​ပေးခဲ့တယ်။ လိုအပ်တယ်​ဆိုတာ ဘာမှ​မရှိဘူး။ (ကမ္ဘာဦး ၂:၈၊ ၉) ဒါ့ပြင် ယေဟောဝါ​က သူတို့ကို ကလေး​များစွာ မွေး​ဖို့၊ ကမ္ဘာကို ပြည့်စေပြီး အုပ်ထိန်း​ကြဖို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဆိုလိုတာ​က နောက်ဆုံးမှာ ကမ္ဘာမြေ​တစ်ခုလုံး​ဟာ ပြည့်ဝ​စုံလင်တဲ့၊ ပျော်ရွှင်တဲ့ လူ့​မိသားစုနဲ့ ပြည့်နေ​မယ့် ပရဒိသု​ကြီး​တစ်ခု ဖြစ်လာမယ်။ တကယ့်​ကောင်းတဲ့ အလားအလာ​ပဲ။

ဘာ​မှားသွား​ခဲ့သလဲ။ ကို​စိုးမိုး​က သမ္မာကျမ်းစာကနေ ရိုးရှင်းတဲ့ ရှင်းပြချက်​တစ်ခု ဖတ်​ပြတယ်–

  • “အပြစ်ဟာ လူတစ်ယောက်​ကြောင့် လူ့​လောက​ထဲ ရောက်လာတယ်။ အပြစ်​ကြောင့် သေခြင်းလည်း ပေါ်ပေါက်​လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်​ရှိသူတွေ ဖြစ်သွားတဲ့​အတွက် သေဆုံး​ကြရတယ်။”—ရောမ ၅:၁၂

မေတ္တာရှင်​ဖခင်​အနေနဲ့ ယေဟောဝါ​ဘုရားက အာဒံနဲ့ ဧဝကို စည်းမျဉ်း၊ စံနှုန်း​တချို့ ပေးခဲ့တယ်။ ဒါတွေကို လိုက်နာမယ်​ဆိုရင် ပရဒိသုမှာ သူတို့ ဆက်​အသက်ရှင်​နိုင်​ရုံ​မ​က အဲဒီ​ဥယျာဉ်​ကို စောင့်ရှောက်​နိုင်ကြ​မယ်။ (ကမ္ဘာဦး ၂:၁၅-၁၇) ပညာရှိ​ဖခင် ယေဟောဝါ​က ပြောခဲ့​ရာတွေကို အတင်း​မလိုက်လျှောက်​ခိုင်း​ဘဲ နာခံမှု​ရှိတဲ့ သားသမီးတွေ ဖြစ်ဖို့ ကိုယ်တိုင်​ရွေးချယ်ခွင့် ပြုတယ်။ ယေဟောဝါကို ဘယ်လောက်​ချစ်ကြောင်း ဖော်ပြခွင့် ပေး​လိုက်တယ်။ ကျွန်တော်တို့မှာ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ရှိသလို အာဒံနဲ့ ဧဝတို့မှာလည်း ရှိကြတယ်။ သူတို့ ဘာ​လုပ်ခဲ့ကြသလဲ။

ဝမ်းနည်းစရာက အာဒံနဲ့ ဧဝဟာ ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်မှုကို မလိုက်နာ​ဘဲ ကိုယ့်နည်းကိုယ့်ဟန်​နဲ့ လျှောက်လှမ်းဖို့ ရွေးချယ်​ခဲ့​ကြတယ်။ အဲဒီလို​ရွေးချယ်​ခဲ့လို့ အပြစ်​ဖြစ်သွားတယ်။ အပြစ်​ရှိတဲ့​အတွက် မစုံလင်​တော့​ဘူး။ မစုံလင်​တော့​တဲ့​အတွက် မကြာမီ​မှာ အိုမင်း​စ​ပြု​လာပြီး သေဆုံး​သွားကြတယ်။ ဒီလို​ဖြစ်လာခဲ့တာ​ဟာ ယေဟောဝါ​ဘုရားက မိမိ​စံနှုန်းတွေ​အတိုင်း မလိုက်လျှောက်​ဘူးဆိုရင် ဖြစ်လာမယ်လို့ ပြော​ထားတဲ့ ရလဒ်​ပဲ။—ကမ္ဘာဦး ၂:၁၇

ကျွန်တော်တို့​အားလုံးဟာ အာဒံနဲ့ ဧဝရဲ့ သားမြေး​တွေ​မို့ မစုံလင်မှုကို အမွေခံ​ခဲ့​ရတယ်။ ဒါကြောင့်လည်း အိုမင်း​လာပြီး သေဆုံး​ကြရတယ်။ ဒါပေမဲ့ လူသားတွေ​အတွက်​ ယေဟောဝါရဲ့ ရည်ရွယ်ချက် မ​ပြောင်း​သွား​ဘူးဆို​တာ​ကို ကို​စိုးမိုး စိတ်ချ​စေခဲ့တယ်။ မေတ္တာရှင်​ဖခင် ယေဟောဝါ​က လူသားတွေကို ပရဒိသု​အခြေအနေ​ရှိတဲ့ ကမ္ဘာပေါ်မှာ အသက်ရှင်​စေ​လို​ဆဲ​ပဲ။ ကို​စိုးမိုး ကျမ်းချက် ဖတ်​ပြတယ်–

  • “ယေဟောဝါဟာ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်း​တဲ့​အရှင်၊ ကမ္ဘာမြေကို အခိုင်အမာ​တည်​တဲ့​အရှင်​ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါ​တွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့​အရှင်​ပဲ။”—ဟေရှာယ ၄၅:၁၈

ကမ္ဘာမြေ​အတွက် ဘုရားသခင့် မူလ​ရည်ရွယ်ချက် ဖြစ်မြောက်​လာမယ်

ကို​စိုးမိုး​က ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ကို ကျမ်းစာမှာ​ပါတဲ့ နှစ်သက်​အားရဖွယ်​ကောင်းတဲ့ ကတိတော်​အားလုံးကို ပြန်​အမှတ်​ရစေတယ်။ ဖျားနာတာ၊ နာကျင်​တာ၊ ဆင်းရဲဒုက္ခ​ခံစားရ​တာ​တွေ ရှိတော့မှာ မဟုတ်ဘူး။ လူတိုင်း​အတွက် အစာရေစာ ပေါများ​ကြွယ်ဝ​မယ်။ အိမ်ကောင်း​ရာ​ကောင်း ပိုင်ဆိုင်ကြမယ်။ သေခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီကောင်းချီး​အားလုံးဟာ မြေကြီး​ပရဒိသု​ပေါ်မှာ ထာဝစဉ် အသက်ရှင်ခြင်း​ဆိုတဲ့ လူသား​တို့အတွက် ဘုရားသခင်ရဲ့ မပြောင်းလဲ​နိုင်တဲ့ မူလ​ရည်ရွယ်ချက်​ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ ကို​စိုးမိုး ဒီ​ကတိတော်ကို ဖတ်​ပြတယ်–

  • “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

ဒါဟာ ယေဟောဝါဘုရားသခင့် ကတိတော် ဖြစ်ပြီး အမှန်တကယ် ပြည့်စုံ​လာမယ်။