မကြာမီ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရှိတော့မယ်
ကမ္ဘာမြေမှာ တစ်ဦးကိုတစ်ဦး မေတ္တာနဲ့ ပြောဆိုဆက်ဆံကြတဲ့ ရိုးသားတဲ့လူကောင်းတွေနဲ့ ပြည့်နေမယ့်တစ်နေ့ ရောက်လာမယ်ဆိုတာ သိလိုက်ရတဲ့အခါ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ စိတ်လှုပ်ရှားသွားကြတယ်။ ဆာမွတ်ခြင်း၊ ဖျားနာခြင်း၊ သေခြင်း မရှိတော့မယ့် ကမ္ဘာ၊ လူတိုင်း ငြိမ်သက်ပျော်ရွှင်စွာ နေထိုင်ကြမယ့်ကမ္ဘာမှာ အသက်ရှင်ရတာ ဘယ်လောက် ကောင်းလိုက်မလဲဆိုတာကို သူတို့စဉ်းစားခဲ့ကြတယ်။ အဲဒါတွေအားလုံး ချက်ချင်းဖြစ်လာဖို့ ကိုအောင်နိုင်တို့ ဆန္ဒပြင်းပြကြတယ်။
သိလိုစိတ်နဲ့ ကိုအောင်နိုင် ဒီလိုမေးတယ်– “ဒါတွေအားလုံး ဘယ်တော့ ဖြစ်လာမလဲ။”
ကိုစိုးမိုး ဒီလိုပြန်ပြောတယ်– “ခင်ဗျား အဲဒီမေးခွန်းကို မေးတာ စိတ်ဝင်စားစရာပဲ။ ကျွန်တော် တစ်ခုမေးပါရစေ။ ယေရှုလို့ခေါ်တဲ့ လူတစ်ဦးအကြောင်း ကြားဖူးလား။”
“သူက ပညာရှိတဲ့စကားတချို့ ပြောခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော့်မေးခွန်းနဲ့ ဘာဆိုင်လို့လဲ” လို့ ကိုအောင်နိုင် ပြန်မေးတယ်။
ကိုစိုးမိုး ရှင်းပြတယ်– “ကမ္ဘာပေါ်မှာ ယေရှု အသက်ရှင်ခဲ့တဲ့အချိန် လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ လောက်က သူ့တပည့်နောက်လိုက်တွေလည်း ခင်ဗျားမေးတဲ့ မေးခွန်းမျိုးကိုပဲ မေးခဲ့ကြတယ်။ ယေရှု အဖြေပေးတဲ့အခါမှာ ဖြစ်ရပ်များစွာ ပါဝင်တဲ့ ‘နိမိတ်’ တစ်ခုကို ပေးခဲ့တယ်။ အဲဒီနိမိတ်မှာပါတဲ့ ဖြစ်ရပ်အားလုံး စုပေါင်းဖြစ်ပျက်လာတဲ့အခါကျရင် ယေရှု ကတိပေးထားတဲ့ အပြောင်းအလဲ ဖြစ်မယ့်အချိန်နီးပြီဆိုပြီး သူတို့ကို ပြောပြခဲ့တယ်။”—မဿဲ ၂၄:၃။
“နိမိတ် ဟုတ်လား၊ စိတ်ဝင်စားစရာပဲ။ အဲဒီအကြောင်း ပြောပြပါဦး” လို့ ကိုအောင်နိုင် ပြောတယ်။
“သမ္မာကျမ်းစာထဲမှာ နိမိတ်အမျိုးမျိုးအကြောင်း ဖော်ပြထားတယ်” လို့ ကိုစိုးမိုး ပြောတယ်။ ကျမ်းစာကို ဖွင့်ပြီး ဒီလိုပြောတယ်– “ဒီမှာ နိမိတ်တချို့ပါ။”
-
“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။”—မဿဲ ၂၄:၇။
-
‘အစာခေါင်းပါးလိမ့်မယ်။’—မဿဲ ၂၄:၇။
- “မတရားမှုတွေ များသည်ထက် များလာ . . . လိမ့်မယ်။”—
-
“ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။”—လုကာ ၂၁:၁၁။
-
“ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—လုကာ ၂၁:၁၁။
ဒီနေ့အချိန်မှာ ဒါတွေအားလုံး ဖြစ်ပျက်နေပုံရတယ်လို့ ကိုအောင်နိုင်နဲ့ မစန္ဒာတို့က ချက်ချင်း ပြန်ပြောခဲ့တယ်။ တကယ်ဆိုရင် ဒီအရာတွေကြောင့်ပဲ သူတို့ စိတ်အနှောင့်အယှက် ဖြစ်နေပြီး အနာဂတ်ကို စိုးရိမ်နေကြတာ။
ကိုစိုးမိုး ဒီလိုပြောတယ်– “အဲဒီနိမိတ် ပြည့်စုံတယ်ဆိုတာက ယေဟောဝါဘုရားရဲ့ အုပ်ချုပ်မှု မကြာခင် ကမ္ဘာမြေပေါ် သက်ရောက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီအုပ်ချုပ်မှုအသစ်ကို ဘုရားသခင့် နိုင်ငံတော်လို့ ကျမ်းစာက ခေါ်ဆိုတယ်။” မကြာခင် ဒီဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်မယ့်အရာတွေကို ဖော်ပြတဲ့ ကျမ်းတစ်ချက်ကို ကိုစိုးမိုး ဖတ်ပြလိုက်တယ်–
-
“အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။
ကိုစိုးမိုး ဒီလိုဆက်ပြောတယ်– “ဘုရားသခင့်နိုင်ငံတော် ဒီကမ္ဘာကို အုပ်ချုပ်တဲ့အခါကျရင် ဆိုးသွမ်းမှု၊ မတရားမှု၊ ယိုယွင်းဖောက်ပြန်မှုအားလုံး ထာဝစဉ် ပပျောက်သွားမယ်။ ဘယ်လောက် ကောင်းလိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။”
ဒီအရာအားလုံးကြောင့် ကိုအောင်နိုင်နဲ့ မစန္ဒာတို့ စိတ်လှုပ်ရှားသွားပြီး ငြိမ်းချမ်းတဲ့ကမ္ဘာသစ်မှာ သူတို့လည်း သိပ်နေထိုင်ချင်ကြတယ်။
“သိပ်ကောင်းတဲ့ ဒီအနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်နဲ့ မစန္ဒာ ဘာလုပ်ရမလဲ” လို့ ကိုအောင်နိုင် မေးတယ်။
ကိုစိုးမိုး ဒီလိုပြန်ပြောတယ်– “တန်ဖိုးရှိတဲ့အရာတစ်ခုခု လိုချင်ရင် ကိုယ့်ဘက်ကတစ်ခုခု ပြန်ပေးရတယ်ဆိုတာ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ ကောင်းကောင်း သိပါတယ်။ အာဒံနဲ့ ဧဝတို့
ဆုံးရှုံးခဲ့တဲ့အရာကို စဉ်းစားကြည့်ပါ။ သူတို့လုပ်ရပ်ကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။”ကိုအောင်နိုင် ဒီလိုပြောတယ်– “ဘုရားသခင့် တောင်းဆိုချက်တွေနဲ့အညီ မနေထိုင်ကြတဲ့အတွက် ပရဒိသုမှာ သူတို့ရရှိခဲ့တဲ့ စုံလင်တဲ့အသက်တာကို ဆုံးရှုံးခဲ့ကြတယ်။”
ကိုစိုးမိုး ဒီလိုပြန်ရှင်းပြတယ်– “အလားတူပဲ၊ ဒီနေ့အချိန်မှာလည်း ယေဟောဝါဘုရား တောင်းဆိုထားတာတွေ ရှိတယ်။ မကြာခင် ဖြစ်လာတော့မယ့် ကမ္ဘာ့ပရဒိသုမှာ အသက်ရှင်ချင်တယ်ဆိုရင် ဘုရားသခင်အကြောင်း၊ ဘုရားရဲ့ တောင်းဆိုချက်တွေအကြောင်း လေ့လာသင်ယူဖို့ လိုပြီး အဲဒီတောင်းဆိုချက်တွေနဲ့အညီ အသက်ရှင်နေထိုင်နိုင်အောင် ကြိုးစားဖို့ လိုတယ်။”
အဲဒါတွေအားလုံး ကျိုးကြောင်းဆီလျော်မှန်း ကိုအောင်နိုင် သဘောတူတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်တွေကို သူနဲ့ မစန္ဒာတို့ ပြည့်မီနိုင်ပါ့မလားလို့ ကိုအောင်နိုင် စဉ်းစားမိတယ်။
“ယေဟောဝါဘုရားကို နာခံတာဟာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မေတ္တာရှင်ဖခင်အနေနဲ့ ကျွန်တော်တို့အတွက် အကျိုးအရှိဆုံးဖြစ်မယ့်အရာကိုပဲ တောင်းဆိုထားတာပါ။ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ဆီ သွားတဲ့လမ်းကို ပြပေးရုံသာ မဟုတ်ဘဲ လမ်းတစ်လျှောက်မှာ ကိုယ်တော့် ဦးဆောင်လမ်းပြမှုကို ခံယူဖို့လည်း ဖိတ်ခေါ်ထားတယ်။ ကျမ်းစာမှာ တွေ့ရတဲ့ မေတ္တာပါ ဒီဖိတ်ခေါ်ချက်ကို သတိပြုကြည့်ပါ” လို့ ကိုစိုးမိုး ပြောတယ်။
-
“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။ မင်းတို့ရဲ့မျိုးနွယ်ဟာ သဲတွေလို၊ သားစဉ်မြေးဆက်ဟာ သဲပွင့်တွေလို များပြားလာမယ်။ သူတို့ရဲ့နာမည်ဟာ ငါရှေ့ကနေ ပယ်ဖျက်ခံရမှာ၊ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။”—ဟေရှာယ ၄၈:၁၇-၁၉။
နှစ်သက်ဖွယ်ကောင်းတဲ့ အဲဒီကျမ်းစကားတွေကြောင့် ကိုအောင်နိုင်နဲ့ မစန္ဒာတို့ အားရှိသွားကြတယ်။ သူတို့ရဲ့ မိသားစုကို အကျိုးပြုမယ့်ဘဝပုံစံမျိုးနဲ့ တကယ်အသက်ရှင်
ချင်ကြတယ်။ ဖြောင့်မတ်ငြိမ်းချမ်းတဲ့ကမ္ဘာမှာ သားသမီးတွေနဲ့အတူ အသက်ရှင်နေထိုင်ရခြင်းထက် ပိုကောင်းတဲ့အရာကို သူတို့စဉ်းစားလို့ရနိုင်တော့မှာ မဟုတ်ဘူး။ကိုစိုးမိုးက ဒီလိုပြောတယ်– “ယေဟောဝါဘုရား သွန်သင်ပေးတာတွေကို ကျွန်တော်တို့ သင်ယူလေ့လာမယ်၊ အဲဒီသွန်သင်ချက်တွေအတိုင်း အတတ်နိုင်ဆုံး နေထိုင်ဖို့ ကြိုးစားမယ်ဆိုရင် ဒီကောင်းချီးအားလုံးကို မွေ့လျော်ခံစားနိုင်တယ်။”
သိလိုစိတ်ပြင်းပြစွာနဲ့ ကိုအောင်နိုင် ဒီလိုမေးတယ်– “ဒါတွေအားလုံးကို ဘယ်လို သင်ယူလေ့လာနိုင်မလဲ။ ခင်ဗျားနဲ့ မသီတာ ကူညီပေးနိုင်မလား။”
“သိပ်ကူညီပေးချင်တာပေါ့။ တကယ်ဆိုရင် ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ရှာတွေ့ပြီး အဲဒီလမ်းအတိုင်း သွားနိုင်ဖို့ ကိုအောင်နိုင်တို့ လိုအပ်တဲ့အကူအညီကို ကျွန်တော်တို့ ပေးနိုင်ပါတယ်။”