မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာနဲ့ တရားမျှတမှု ရှိတဲ့ ဘုရားသခင်

မေတ္တာနဲ့ တရားမျှတမှု ရှိတဲ့ ဘုရားသခင်

ကျွန်တော်တို့ဟာ ကိုယ့်​မိဘတွေ​နဲ့ တစ်နည်းနည်းနဲ့​ဆင်တူကြ

“ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့၊ ကျွန်တော် တစ်ခု​မေးပါ​ရစေ။ ကလေး​တစ်ယောက်​ဆီမှာ မိဘတွေရဲ့ စရိုက်​လက္ခဏာတွေ တွေ့ရ​တတ်တယ် မဟုတ်လား” လို့ ကို​စိုးမိုး မေးတယ်။

“ဟုတ်တယ်၊ သမီးလေးကို အမေနဲ့ သိပ်​တူတယ်​ဆိုပြီး ကျွန်တော် ပြောလေ့ရှိ​တယ်။ သမီးလေး​မှာ သူ့​အမေ​ရဲ့ ပင်ကိုစရိုက်​မျိုး​တောင် ရှိတယ်” လို့ ကို​အောင်နိုင် ပြန်​ပြောတယ်။

“သမီးလေး​က သူ့​အမေနဲ့ တကယ်​တူ​ပါတယ်။ ကျွန်တော်တို့ကို ပြုလုပ်​သူ ကျွန်တော်တို့ရဲ့ ဖခင်​နဲ့​ပတ်သက်ပြီး​တော့​လည်း အလားတူ ပြော​နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်​နဲ့ ယေဟောဝါ ဖန်ဆင်းခဲ့တဲ့​အရာတွေကို ပြန်​ကြည့်ရင် ကိုယ်တော့်​အရည်အသွေးတွေ​နဲ့ ကိုယ်တော်ဟာ ဘယ်လို ပုဂ္ဂိုလ်​မျိုး​လဲ​ဆိုတာ သိမြင်​နိုင်တယ်” လို့ ကို​စိုးမိုး ပြန်​ပြောတယ်။

“စိတ်ဝင်စားစရာ​ပဲ။ အဲဒီ​အကြောင်း တစ်ခါ​မှ မစဉ်းစား​မိ​ခဲ့​ဘူး” လို့ ကို​အောင်နိုင် ပြောတယ်။

“တကယ်တော့ အဲဒီ​အကြောင်း သမ္မာကျမ်းစာမှာ ပါတယ်။ ရောမ ၁:၂၀ မှာ ဒီလို​ဆိုထားတယ်– ‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်း​ထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရ​တန်ခိုးတော်​နဲ့ အရည်အသွေးတွေ​အပြင် ကိုယ်တော်ဟာ ဘုရားသခင်​ဖြစ်ကြောင်း လောက​ကို ဖန်ဆင်းချိန်​ကတည်းက အထင်အရှား သိမြင်​နိုင်တယ်’”လို့ ကို​စိုးမိုး ရှင်းပြတယ်။ အဲဒါ ဘယ်လို​ဖြစ်နိုင်သလဲ​လို့ ကို​အောင်နိုင် မေးတယ်။

ကို​စိုးမိုး ဆက်​ရှင်းပြတယ်– “ကောင်းပြီ၊ ကို​အောင်နိုင်။ ကိုယ့်​ကလေး​အပေါ်​ထားတဲ့ ဖခင်​တစ်ဦး​ရဲ့ မေတ္တာကို စဉ်းစား​ကြည့်ပါ။ ခင်ဗျား​လို ဖခင်ကောင်း​တစ်ဦးဟာ ကိုယ့်​ကလေးတွေကို အမြဲ​ဂရုစိုက်​စောင့်ရှောက်တယ်။ တစ်ခါတလေ ကလေး​က ဖခင်​စကား နားမထောင်​ဘဲ မရိုမသေ လုပ်မိ​နိုင်ပေမဲ့ ဖခင်​က ကလေးရဲ့ လိုအပ်ရာကို ဆက်​ထောက်ပံ့​ပေးပြီး ဆက်​ချစ်​နေဆဲပဲ။ ဖခင်​တစ်ဦး​က ဘာကြောင့် အဲဒီလို​လုပ်တာ​လဲ။ အကြောင်းကတော့ ယေဟောဝါ​က မိသားစုကို ချစ်ခင်​စုံမက်​ပြီး ကလေးတွေကို မေတ္တာပြ​နိုင်တဲ့​အစွမ်း မိဘတွေဆီမှာ ထည့်သွင်း​ဖန်ဆင်း​ထားလို့​ပဲ။ မိဘ​မေတ္တာက ကျွန်တော်တို့​အပေါ်မှာ​ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ရောင်ပြန်ဟပ်​တယ်။

အသက် ဆက်​ရှင်​နိုင်ဖို့ လိုအပ်တာတွေကို ယေဟောဝါ မေတ္တာ​ရှိ​စွာ ပြင်ဆင်​ပေး

“ယေဟောဝါကို ကျွန်တော်တို့ မသိရင်တောင်မှ ဖန်ဆင်း​ထားရာတွေက​နေ ကျွန်တော်တို့ လိုအပ်ရာကို ထောက်ပံ့​ပေးနေ​ဆဲ​ပဲ။ ဒါကြောင့် မဿဲ ၅:၄၅ မှာ ဒီလို​ပြောတယ်– ‘ခင်ဗျားတို့ဟာ ကောင်းကင်မှာ​စံမြန်းတဲ့ အဖ​ဘုရားရဲ့ သားတွေ​ဖြစ်မှန်း သက်သေပြပါ။ ကိုယ်တော်​က လူဆိုး​လူကောင်း​အပေါ် နေ​ထွက်​စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်​သူတွေ​အပေါ် မိုးရွာ​စေတယ်။’ မိုး​ရေ​နဲ့ နေပူရှိန်​ကနေ ကျွန်တော်တို့ တကယ်​အကျိုး​ခံစား​ကြရတယ် မဟုတ်လား။ ဒါတွေကြောင့် ကျွန်တော်တို့ ဆက်​အသက်ရှင်​နိုင်ပြီး အစားအစာ​တွေ စိုက်ပျိုး​နိုင်တာ။ ပြီးတော့ အဲဒီ​အခြေခံ လိုအပ်ရာတွေ​အတွက် ကျွန်တော်တို့ ကျေးဇူးတင်သည်​ဖြစ်စေ၊ မတင်သည်ဖြစ်စေ ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပြီး ထောက်ပံ့​ပေးနေ​တယ်။ ဒါတွေ​က ယေဟောဝါဟာ မေတ္တာရှင်​ဘုရားသခင် ဖြစ်တယ်​ဆိုတဲ့ အထောက်အထား မဟုတ်ဘူး​လား။ တကယ်တော့ မေတ္တာဟာ ယေဟောဝါရဲ့ အဓိက​အရည်အသွေး ဖြစ်တယ်​ဆိုပြီး ကျမ်းစာက ပြောတယ်။ ၁ ယောဟန် ၄:၈ မှာ ‘ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ​ဖြစ်တယ်’ လို့ ဖတ်​ရတယ်။”

ကို​စိုးမိုး​က ကို​အောင်နိုင်​ကို တရား​မျှတမှု အရည်အသွေး​အကြောင်း စဉ်းစား​စေတယ်။ “ခင်ဗျားဟာ ဖခင်ကောင်း​တစ်ဦး​အနေနဲ့ ကလေးတွေကို မျှမျှတတ မေတ္တာ​ပြပြီး ဂရုစိုက်​တယ် မဟုတ်လား။ တခြား​သူတွေကို လေးစား​တတ်ဖို့​၊ တာဝန်​သိတတ်တဲ့​သူတွေ​အဖြစ် ကြီးပြင်းလာ​စေမယ်လို့ ကိုယ်​ယုံကြည်တဲ့ အမူအကျင့်​ဆိုင်ရာ စံနှုန်းတွေနဲ့အညီ နေဖို့​လည်း သင်ပေး​မှာ​ပဲ။ လူတွေဟာ ကိုယ့်​အတွက်၊ ကိုယ့်​မိသားစုဝင်​တွေ​အတွက် တရား​မျှတမှု လိုလား​ကြ​တာ ထင်ရှားတယ်။ တရား​မျှတ​စွာ ဆက်ဆံခံရ​တာ​ကို ကျွန်တော်တို့ လိုချင်တယ်။ လူတွေကိုလည်း တရား​မျှတမှု​ကို လေးမြတ်​တန်ဖိုးထား​စေ​ချင်ကြတယ်။ ဘာကြောင့်လဲ။ ဒီ​တစ်ခါလည်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ရောင်ပြန်ဟပ်​ကြ​တာ​ဖြစ်တယ်။”

အဲ့ဒီ​နောက် ကို​စိုးမိုး​က ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​ကို ယေဟောဝါ​အကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေ ဖတ်​ပြတယ်–

  • ‘နည်းလမ်းတော်​တွေ တရား​မျှတတယ်။ သစ္စာ​ရှိတဲ့​ဘုရား၊ မတရားမှု​ကင်းတဲ့​ဘုရား​ပဲ။’—တရားဟောရာ ၃၂:၄

  • “ဖြောင့်မတ်ခြင်းနဲ့ တရား​မျှတ​ခြင်း​ကို ဘုရား​မြတ်နိုးတယ်။”—ဆာလံ ၃၃:၅

တရား​မျှတမှု​ကို ဖန်ဆင်းရှင် ယေဟောဝါ နှစ်သက်သလို ကျွန်တော်တို့လည်း နှစ်သက်​ကြတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကိုယ်တော့်​ပုံသဏ္ဌာန်​နဲ့​အညီ ဖန်ဆင်း​ခံ​ခဲ့​ကြ​ရလို့ပဲ။ ဆိုလိုတာ​က ယေဟောဝါရဲ့ အရည်အသွေး တော်​တော်​များများ​ကို ကျွန်တော်တို့​ထဲမှာ ထည့်သွင်း​ဖန်ဆင်း​ထားတဲ့​အတွက် ဒါတွေကို အတိုင်းအတာ​တစ်ခု​အထိ တင်ပြ​နိုင်ကြ​တာပေါ့။ (ကမ္ဘာဦး ၁:၂၇) ဒါပေမဲ့ ဘာက တရား​တယ်၊ မတရား​ဘူးဆို​တာ​ကို ကိုယ့်​ဘာသာ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်မပြု​ခဲ့​ဘူး။ ကိုယ်တော်ဟာ စံနှုန်းတွေနဲ့ ဥပဒေတွေကို သတ်မှတ်​ပေးပြီး အဲ့ဒီ​အတိုင်း ကမ္ဘာမြေမှာ​ရှိတဲ့ သားသမီးတွေကို အသက်ရှင်​စေချင်တယ်။ ဘုရားသခင့် ဥပဒေတွေကို ချိုးဖောက်​တဲ့အခါ​မှ မတရားမှုတွေ ဖြစ်ပေါ်လာတယ်။

ကို​စိုးမိုး ဆက်ပြောတယ်– “နောက်ထပ် ထူးခြားတဲ့​အရာတစ်ခု ခင်ဗျားကို ပြောပြ​ဦး​မယ်။ နိုင်ငံ​အများစု​ရဲ့ ဥပဒေ​တွေ​နဲ့ လွန်ခဲ့တဲ့ နှစ်​ထောင်ချီ​က​ရေးခဲ့တဲ့ သမ္မာကျမ်းစာ ဥပဒေ​တွေ​မှာ ဆင်တူချက် အများကြီး​ရှိနေတာ သိသလား။” ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ အံ့သြ​သွားကြတယ်။

ကို​စိုးမိုး ဆက်ပြောတယ်– “ဥပမာ၊ နိုင်ငံတော်​တော်​များများ​ရဲ့ ဥပဒေ​တွေ​မှာ လူ့​အသက်သတ်​တာ၊ ခိုးတာ၊ အိမ်ထောင်ရေး ဖောက်ပြန်​တာတွေကို တားမြစ်​ထားတယ်။ ဒါတွေ​အားလုံးကို လွန်ခဲ့တဲ့​နှစ်ပေါင်း ၃,၅၀၀ ကျော်​ကတည်းက ကျမ်းစာထဲမှာ ရေးထားတယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်​တဲ့အခါ ဘုရားသခင်ရဲ့ တရား​မျှတမှု​ကို ကျွန်တော်တို့ ရောင်ပြန်ဟပ်​နေတာ​ဖြစ်ပြီး​ ပိုပျော်ရွှင်​ကျေနပ်စရာ​ကောင်းတဲ့​ဘ​၀ကို ပိုင်ဆိုင်​နိုင်တယ်။”

ယေဟောဝါရဲ့ တရား​မျှတမှု လူသားတွေမှာ ရှိနေတဲ့​အတွက် ပြစ်မှု​ဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်း

ကို​စိုးမိုး ပြောသမျှကို နားထောင်​ပြီးနောက် ယေဟောဝါဟာ မေတ္တာရှင်​နဲ့ တရား​မျှတတဲ့ ဘုရားသခင် ဖြစ်ကြောင်း ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ သဘောပေါက်​သွားပြီ။ တခြား​သူတွေကို ပြောဆို​ဆက်ဆံ​တဲ့အခါ မေတ္တာနဲ့ တရား​မျှတမှု အရည်အသွေးတွေကို တင်ပြဖို့ အရေးကြီးဆုံး​ဖြစ်တယ်လို့ သူတို့ အမြဲ​ခံစားခဲ့​ရတယ်။ သားသမီးတွေ​အပေါ် မေတ္တာနဲ့ တရား​မျှတမှု​ကို အမြဲ​တင်ပြဖို့ ကြိုးစား​ကြတယ်။ အမြစ်စွဲ​နေတဲ့ အဲဒီ​ဆန္ဒတွေ ရှိ​ရတာဟာ တကယ်တော့ ဖန်ဆင်းရှင် ယေဟောဝါ​ဘုရားရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ရောင်ပြန်ဟပ်​နေမှန်း သဘောပေါက်​သွားကြတယ်။

ယေဟောဝါရဲ့ အရည်အသွေးတွေကို သိ​ရတဲ့​အတွက် ကို​အောင်နိုင် သိပ်​စိတ်လှုပ်ရှား​ခဲ့တယ်။ ယေဟောဝါဟာ သူ့​အတွက် တကယ့်​ပုဂ္ဂိုလ်​စစ် ဖြစ်လာပြီး ဇနီးနဲ့ သားသမီးတွေ​အပေါ် ပို​မေတ္တာ​ပြဖို့ လုပ်သင့်တဲ့​အရာ​တစ်ခုခု ရှိတယ်လို့ စဉ်းစား​တော့​တယ်။ လူတိုင်းကို မေတ္တာ​ပြပြီး တရား​မျှတ​စွာ ပြောဆို​ဆက်ဆံခြင်း​အားဖြင့် ယေဟောဝါကို တုပ​နေတာ​က အကျိုး​ရှိမယ်လို့ တွေးမိတယ်။

ကို​စိုးမိုး​က ဝမ်းသာ​အားရ ပြန်​ပြောတယ်– “ဒါ သိပ်​ကောင်းတာပေါ့၊ ကို​အောင်နိုင်။ ခင်ဗျား စဉ်းစားပုံဟာ ကျမ်းစာ အားပေးတဲ့​အရာနဲ့ တကယ်​ကိုက်ညီတယ်။ လူသိ​များတဲ့ ကျမ်း​တစ်ချက် ပြ​ချင်တယ်။” ကျမ်းစာကို ဖွင့်ပြီး အောက်ပါ​ကျမ်းချက် ဖတ်​ပြတယ်–

  • “ဒါကြောင့် ကိုယ့်ကို ပြုမူ​ဆက်ဆံ​စေချင်တဲ့​အတိုင်း သူတစ်ပါး​ကို ပြုမူ​ဆက်ဆံပါ။”—မဿဲ ၇:၁၂

ယေဟောဝါမှာ မေတ္တာနဲ့ တရား​မျှတမှု​အပြင် အခြား​အရည်အသွေးကောင်း​တွေ ရှိသေးတယ်​ဆိုပြီး ကို​စိုးမိုး ပြောပြတယ်။ ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ဟာ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ​အကြောင်း ပို​သိချင်​ကြတယ်။