ယုံကြည်စိတ်ချနိုင်တဲ့ ကတိတော်များ
ကိုစိုးမိုး ပြောတာတွေကို ကိုအောင်နိုင် တော်တော်စဉ်းစားခဲ့တယ်။ တကယ်တော့ သမ္မာကျမ်းစာအကြောင်း ကြားဖူးတာ ကိုအောင်နိုင်အတွက် ဦးဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဒီစာအုပ်က ကျမ်းဂန်တစ်ဆူမှန်း ကိုအောင်နိုင် လက်ခံထားတယ်။ ဒါပေမဲ့ အနာဂတ် ကြိုဟောချက်တွေ ကျမ်းစာမှာ ပါဝင်တာ မှန်တယ်ဆိုရင် ဒါဟာ ရှေးဟောင်းကျမ်းဂန်တစ်ဆူလောက်ပဲ မဟုတ်ဘူးဆိုပြီး စဉ်းစားမိတယ်။ သိပ္ပံဆိုင်ရာ အချက်အလက်တွေနဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို သမ္မာကျမ်းစာ ရေးတဲ့သူတွေ ကြိုသိနေလို့ အံ့သြမိတယ်။ သူတို့ ဘယ်လို သိခဲ့ကြသလဲ။
နောက်တစ်နေ့မှာ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ ကိုစိုးမိုးနဲ့ မသီတာတို့ဆီ လည်ပတ်ကြတယ်။ ကိုအောင်နိုင်က သိချင်နေတဲ့ ဒီမေးခွန်းကို မေးတယ်– “ဒီအကြောင်းတွေ အားလုံးကို ကျမ်းရေးသူတွေ ဘယ်လို ကြိုပြီးသိနိုင်ကြသလဲ။”
ကိုစိုးမိုးက ရှင်းပြတယ်– “ကျမ်းရေးတဲ့သူတွေက သူတို့ရဲ့ စိတ်ကူးတွေကို ရေးခဲ့ကြတာ မဟုတ်ဘူး။ အကြောင်းအရာတွေရဲ့ အာဘော်ရှင်လည်း မဟုတ်ကြဘူး။ တစ်ဦးဦးကပေးတဲ့ အချက်အလက်တွေကို ရေးပေးတဲ့ အတွင်းရေးမှူးတွေနဲ့ တူတယ်။ တကယ့် အာဘော်ရှင်အစစ်က လူသားအားလုံးရဲ့ ဖခင်ပေါ့။”
“လူသားအားလုံးရဲ့ ဖခင် ဟုတ်လား။ ဘယ်သူလဲ” လို့ ကိုအောင်နိုင် မေးတယ်။
“ကျွန်တော်တို့ကို အသက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။ ကျွန်တော်တို့ရဲ့ ဖခင်တွေလိုပဲ သူ့မှာ နာမည်ရှိတယ်” လို့ ကိုစိုးမိုး ရှင်းပြပြီး ကျမ်းစာထဲက ဆာလံ ၈၃:၁၈ ကို ဖွင့်ဖတ်ပြတယ်–
-
“ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေသိကြပါစေ။”
ကိုစိုးမိုးက ကိုအောင်နိုင်ကို ကျမ်းချက်နောက်တစ်ချက် ပြခဲ့တယ်။ အဲဒီကျမ်းချက်မှာ ယေဟောဝါကို ‘နောက်ဆုံးရလဒ်ကို အစကတည်းက ကြိုဟောတဲ့၊ မလုပ်ဆောင်ရသေးတဲ့အရာတွေကို ရှေးကတည်းက ကြိုဟောတဲ့အရှင်’ အဖြစ် ရည်ညွှန်းထားတယ်။ (ဟေရှာယ ၄၆:၁၀) အဲဒီကျမ်းချက်ကို ကိုစိုးမိုး ဒီလိုရှင်းပြတယ်– “ကျွန်တော်တို့ရဲ့ ဖခင်တွေဟာ ဘ၀အတွေ့အကြုံ ပိုများပြီး ကျွန်တော်တို့သိတာထက် ပိုသိလေ့ရှိသလို လူသားအားလုံးရဲ့ဖခင် ယေဟောဝါလည်း ကျွန်တော်တို့ အားလုံးထက် အသိပညာနဲ့ ဉာဏ်ပညာမှာ ပိုသာလွန်တယ်။ အနာဂတ်ကိုတောင် ကြိုပြောနိုင်တယ်။ ဒီ့အတွက်ကြောင့် ကျမ်းရေးသူတွေကို အနာဂတ်အကြောင်း ရေးသားစေနိုင်တာဖြစ်တယ်။”
“ကျွန်တော်နဲ့ မစန္ဒာရဲ့ အနာဂတ်ကိုကော ယေဟောဝါ ကြိုသိသလား” လို့ ကိုအောင်နိုင် မေးတယ်။
“ယေဟောဝါဟာ လူတစ်ဦးစီရဲ့ ဘဝအသက်တာ နောက်ဆုံးရလဒ်ကို ကြိုတင်သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ ဖခင်တစ်ဦးလိုပဲ ကျွန်တော်တို့ရဲ့ ပြဿနာကို သိထားတယ်။ ကျွန်တော်တို့ကို ကူညီပေးချင်တယ်” လို့ ကိုစိုးမိုး ရှင်းပြတယ်။
ပျော်ရွှင်ငြိမ်သက်တဲ့ ဘဝအသက်တာ ရစေဖို့ ယေဟောဝါ ပေးမယ့် အကူအညီကို ကျမ်းစာထဲမှာ ရှာတွေ့နိုင်ကြောင်း၊ သူတို့ရဲ့ ဆုံးဖြတ်ချက်က ယခုနဲ့ အနာဂတ်မှာ သူတို့အပေါ် ဘယ်လို သက်ရောက်နိုင်ပုံကို သင်ယူနိုင်ကြောင်း ပြောပြတယ်။
ဒါတွေအားလုံးဟာ တကယ်ယုတ္တိရှိတယ်လို့ ကိုအောင်နိုင် စဉ်းစားမိတယ်။ ကိုယ်တိုင် ဖခင်တစ်ယောက်မို့ ကိုယ့်ကလေးတွေကို ပျော်ရွှင်တဲ့ အနာဂတ် ရရှိစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးချင်တာကိုး။ ကိုစိုးမိုးက သမ္မာကျမ်းစာမှာပါတဲ့ ကတိတော်တချို့ကို ကိုအောင်နိုင်နဲ့ မစန္ဒာကို ဝမ်းသာအားရ ပြောပြတယ်။ ပြခဲ့တဲ့အရာတချို့ကို အောက်မှာ ဖော်ပြထားတယ်–
-
“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”—ဆာလံ ၄၆:၉။
-
“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။ ငါ့လူတွေရဲ့ သက်တမ်းဟာ သစ်ပင်ရဲ့ သက်တမ်းလို ဖြစ်မယ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
-
“ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။
- “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—
ကိုအောင်နိုင်ဟာ ကျမ်းစာထဲက အံ့သြဖွယ်ကောင်းတဲ့ ကတိတော်တွေကြောင့် ထိမိသွားတယ်။ လူတိုင်း မျှမျှတတ ဆက်ဆံခံရမယ့်၊ ဖျားနာမှုနဲ့ သေခြင်း မရှိတော့မယ့်၊ လူတိုင်းအတွက် အစားအစာ အလျှံအပယ် ရရှိမယ့်ကမ္ဘာကို အလွန် နှစ်သက်တယ်။ မစန္ဒာလည်း စွဲမှတ်သွားတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်ပါ့မလား။
“မစန္ဒာ ဘယ်လိုခံစားရသလဲဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို စဉ်းစားကြည့်ပါ– ကျွန်တော်တို့ တွေ့ခဲ့တဲ့အတိုင်း ကျမ်းစာထဲက တခြားကြိုဟောချက်တွေ အတိအကျ ပြည့်စုံခဲ့ပြီးပြီ။ ဒါတွေက အခုပြောသွားတဲ့ ကတိတော်တွေလည်း ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ် မဟုတ်လား။ တကယ်တော့ ဒါတွေပြည့်စုံလာမယ်ဆိုတာ ကျမ်းစာရဲ့ အာဘော်ရှင်က အာမခံထားတယ်– ‘ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကားဖြစ်တဲ့အတွက် ရေးမှတ်ထားပါ’ ” လို့ ကိုစိုးမိုး ပြောတယ်။—ဗျာဒိတ် ၂၁:၅။