လက်တွေ့ကျ လမ်းညွှန်မှုကို ရှာဖွေခြင်း
အိမ်နီးချင်း ကိုစိုးမိုးနဲ့ မသီတာတို့ ဇနီးမောင်နှံ အမြဲတမ်း အေးအေးချမ်းချမ်းရှိပြီး ကျေနပ်ရောင့်ရဲစွာ နေထိုင်ကြပုံရတာကို မစန္ဒာ သတိပြုမိတယ်။ သူတို့မှာ ဘာလျှို့ဝှက်ချက်များ ရှိပါလိမ့်၊ မသီတာကို သွားမေးကြည့်ဦးမှပဲလို့ ခင်ပွန်း ကိုအောင်နိုင်ကို ပြောတယ်။ ဒါနဲ့ နောက်တစ်ကြိမ် မသီတာနဲ့ တွေ့တဲ့အခါ မေးကြည့်တော့တယ်။
မသီတာ ဒီလိုပြောတယ်– “တကယ်တော့ မစန္ဒာနဲ့ ကိုအောင်နိုင်တို့မှာရှိတဲ့ ပြဿနာနဲ့ စိုးရိမ်စရာတွေ ကျွန်မတို့ဆီမှာလည်း ရှိပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက ကျွန်မတို့မိသားစုအတွက် တကယ်လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တချို့ပါတဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ အဲဒီစာအုပ်က ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ဖော်ပြထားတယ်။ ကျွန်မတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ ရှိနေတဲ့ကြားက ပျော်ရွှင်နိုင်အောင် အဲဒီစာအုပ်က ထောက်ကူပေးတယ်။”
မစန္ဒာ စိတ်ဝင်စားသွားပြီး ပိုသိချင်တဲ့အတွက် အဲဒီစာအုပ်အကြောင်း မသီတာ ထပ်ရှင်းပြတယ်။ “ဒီစာအုပ်ဟာ ရှေးကျတဲ့စာအုပ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ဖြစ်ပေမဲ့ ဘယ်ဘာသာတရား၊ ဘယ်ဂိုဏ်းဂဏကိုမှ ကိုယ်စားမပြုဘူး။ လူတိုင်းအတွက်ပဲ။ တကယ်တော့ ဒီစာအုပ်ကို ဘာသာစကား ရာနဲ့ချီပြီး ဘာသာပြန်ခဲ့လို့ လူတိုင်းလိုလို ဖတ်နိုင်တယ်။” အဲဒီစာအုပ်ကို ပညာတတ်တွေ မကြာခဏ ကိုးကားလေ့ရှိပြီး နိုင်ငံအတော်များများရဲ့ တရားဥပဒေတွေအတွက် အခြေခံဖြစ်တယ်လို့လည်း မသီတာ ပြောတယ်။
အဲဒီစာအုပ်ကို မစန္ဒာ သိပ်တွေ့ချင်လာတယ်။ ဒါနဲ့ အဲဒီနေ့ မွန်းလွဲပိုင်းမှာ မသီတာအိမ်ကို သွားတယ်။ မသီတာက အောက်ပါအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်ထဲက လက်တွေ့ကျ လမ်းညွှန်ချက်တွေကို ပြခဲ့တယ်–
ကလေးတွေကို ပြုစုပျိုးထောင်ခြင်း
-
“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”
-
“ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။”
အလုပ်နဲ့ ငွေကြေးကို စီမံခန့်ခွဲခြင်း
-
“ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။”
-
“အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့။”
မူးယစ်ဆေးဝါးနဲ့ အရက်
-
“ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”
-
“စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာ ဖြစ်စေတယ်။ အရက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်။”
ကိုယ်ကျင့်တရားစံနှုန်းများ
-
“အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့။”
-
‘လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ကြပါ။’
-
“မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ။”
မိသားစုအတွင်း ရိုသေလေးစားမှု
-
“မိဘကို ရိုသေပါ။”
-
“မင်းကိုမွေးဖွားစေတဲ့ ဖခင်ရဲ့စကားကို နားထောင်ပါ။ မိခင်ကို အသက်ကြီးသွားလို့ ဆိုပြီး မထီလေးစား မလုပ်နဲ့။”
-
‘ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။’
ကိုယ်ပိုင်ကျမ်းစာ ရှိသူတွေအတွက် အထက်ပါကိုးကားချက်တွေပါတဲ့ ကျမ်းချက်တွေကို စာရင်းပြုစုထားတယ်။
ဧဖက် ၄:၂၈။ ၂ သက်သာလောနိတ် ၃:၁၀
၂ ကောရိန္သု ၇:၁။ ပညာအလိမ္မာ ၂၀:၁