ကျွန်တော်တို့အားလုံး လမ်းပြညွှန်ကြားမှု လိုအပ်
ကိုအောင်နိုင် အရမ်းစိုးရိမ်နေတယ်။ * ကိစ္စဝိစ္စတွေကြောင့် အကျပ်ရိုက်နေတယ်။ မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ တည်ငြိမ်တဲ့အလုပ် ကြိုးစားရှာနေတာ အတော်ကြာနေပြီ။ သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပိုကောင်းတဲ့ အနာဂတ် ပိုင်ဆိုင်စေချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ပုံ ပေါက်နေတယ်။ အမျှော်လင့်ဆုံးကတော့ ကျန်းမာရေးကောင်းဖို့ပဲ။ ဒါမှ ဆက်အလုပ်လုပ်နိုင်မယ်။ မိသားစုကို ထောက်ပံ့နိုင်မယ်။ အိမ်ငှားခလည်း ပေးနိုင်မယ်။ သူသာ တစ်ခုခု ဖြစ်သွားရင် မိသားစုကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်မလဲလို့ အလွန်စိုးရိမ်နေတယ်။
ကိုအောင်နိုင်နဲ့ မစန္ဒာတို့ မောင်နှံမှာ ပူပန်မှုတွေ ရှိနေတယ်။ သူတို့ရဲ့ ဆက်ဆံရေးက အခုတလော တော်တော်တင်းမာလာတယ်။ ကိုအောင်နိုင် အလုပ်ကနေ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေလေ့ရှိတယ်။ မစန္ဒာက ကလေးတွေကို အမူအကျင့်ကောင်းအောင်၊ ရိုသေလေးစားတတ်အောင် ဆုံးမသွန်သင်တဲ့အခါ ကိုအောင်နိုင်ကို ကူညီစေချင်ပေမဲ့ ကလေးတွေအတွက် သူအချိန်မပေးနိုင် ဖြစ်နေတယ်။ ကိုအောင်နိုင်နဲ့ မကြာခဏ စကားများနေတာ မစန္ဒာ စိတ်မကောင်းဘူး။ သူတို့စကားများနေတာ ကလေးတွေအတွက်လည်း မကောင်းဘူး။ ကလေးတစ်ယောက် နေမကောင်းဖြစ်ရင်ကော ဘယ်လိုလုပ်မလဲ။ ဆေးကုသစရိတ် ဘယ်ကရမလဲ။ ဖြစ်လာနိုင်တာတွေကို မစန္ဒာ တွေးတောင်မတွေးချင်တော့ဘူး။
ရပ်ကွက်ထဲက လူတွေရဲ့ အခြေအနေကလည်း အရင်လို မဟုတ်တော့မှန်း ကိုအောင်နိုင်နဲ့ မစန္ဒာတို့ သတိပြုမိတယ်။ လူတွေ တစ်ဦးကိုတစ်ဦး အချိန်သိပ်မပေးနိုင်ကြတော့ဘူး။ ကိုအောင်နိုင်တို့ မြတ်နိုးတဲ့ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ်လည်း ရှိပုံမရတော့ဘူး။ အသိမိတ်ဆွေတွေလည်း သူတို့လိုပဲ အခက်အခဲတွေ ကြုံတွေ့နေကြပြီး အနာဂတ်အတွက်
စိုးရိမ်နေကြတယ်။ ဘယ်သူ့မှာမှ စစ်မှန်တဲ့ စိတ်ငြိမ်သက်မှု မရှိတော့သလိုပဲ။ ဒီပြဿနာတွေအတွက် ဖြေရှင်းနည်းကိုရှာတွေ့ပြီး ငြိမ်သက်မှုနဲ့ ရောင့်ရဲမှု အတော်အတန် ရှိနိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ မစန္ဒာ မကြာခဏ စဉ်းစားမိတယ်။ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ အလွန်ကြိုးစားခဲ့ကြပေမဲ့ အချည်းနှီးဖြစ်နေပုံရတယ်။တစ်နေ့ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ သူတို့ရဲ့ ပြဿနာတွေအကြာင်း စကားစပ်မိကြတယ်။
ကိုအောင်နိုင်က “စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ငါတို့ ရှာတွေ့နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ပြောတယ်။
“ဟုတ်တယ်၊ အဲဒီအကြောင်းကို ကျွန်မလည်း စဉ်းစားမိတယ်။ ကျွန်မတို့ရဲ့ ပြဿနာအားလုံးအတွက် ဖြေရှင်းနည်းတော့ ရှိရမယ်” လို့ မစန္ဒာ ပြန်ပြောတယ်။
“ဒါပေမဲ့ ဘဝနဲ့ပတ်သက်တဲ့ ဘာသာရေး အယူအဆတွေ၊ အတွေးအခေါ်တွေ အများကြီး ရှိနေတယ်။ အားလုံးကိုတော့ ကိုယ်တို့ ဆန်းစစ်နိုင်မှာ မဟုတ်တဲ့အတွက် ပျော်ရွှင်မှု ပေးနိုင်တဲ့လမ်းကို ဘယ်လို ရှာတွေ့နိုင်မလဲ။ ဘဝပြဿနာတွေအတွက် ဖြေရှင်းနည်းရှိတယ်လို့ အားလုံးက ပြောနေကြပေမဲ့ ဘယ်အရာတစ်ခုကမှ လူတွေရဲ့ ဘဝကို သိသိသာသာ မပြောင်းလဲစေဘူးဆိုတာ မင်းလည်း အသိပဲ။ ကိုယ်တော့ ဖြေရှင်းနည်း ရှာရကျိုးနပ်မယ်လို့တောင် မထင်ဘူး” လို့ ကိုအောင်နိုင် ပြန်ပြောတယ်။
ကိုအောင်နိုင် ပြောတာကို မစန္ဒာ သဘောတူပေမဲ့လည်း မိသားစုအတွက် အကူအညီတချို့ လိုချင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကူအညီရနိုင်တဲ့ နည်းတစ်နည်းတော့ ရှိရမယ်လို့ ထင်နေတယ်။
သင်လည်း ကိုအောင်နိုင်နဲ့ မစန္ဒာတို့ ရင်ဆိုင်နေတဲ့ ပြဿနာတွေလိုမျိုး တချို့ကိစ္စတွေအတွက် စိုးရိမ်နေပါလိမ့်မယ်။ သူတို့ရဲ့ ပြဿနာတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေကျဖြစ်တယ်။ နေရာတိုင်းမှာရှိတဲ့လူတွေဟာ ကောင်းတဲ့ ကျန်းမာရေး၊ စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို လိုလားတောင့်တကြတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံး ပိုင်ဆိုင်နိုင်ဖို့ဆိုတာ သိပ်ခက်ခဲပုံရတယ်။ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ရှာတွေ့နိုင်ပါ့မလား။
^ အပိုဒ်၊ 2 ဒီစာစောင်ပါ အကြောင်းအရာတွေကို ဇနီးမောင်နှံနှစ်တွဲကြား စကားပြောခန်းအသွင်နဲ့ ဖန်တီးတင်ဆက်ထားတယ်။