မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရာအားလုံးရဲ့ အစပြုရှင်ကို သိကျွမ်းလာခြင်း

အရာအားလုံးရဲ့ အစပြုရှင်ကို သိကျွမ်းလာခြင်း

ယေဟောဝါရဲ့ ကတိတော်​တွေ​အကြောင်း ကြားရ​လို့ ကို​အောင်နိုင် ဝမ်းသာပေမဲ့ အဲဒီ​ကတိတော်​တွေ ပြည့်စုံ​လာ​အောင် လုပ်နိုင်တဲ့​တန်ခိုး တစ်ယောက်ယောက်​ဆီမှာ ဘယ်လို ရှိ​နိုင်မလဲ​ဆိုတာ သိချင်​နေတယ်။ ယေဟောဝါ​က ကတိပြု​ထားရာ​အားလုံးကို ဘယ်လို ပြည့်စုံ​စေနိုင်​မလဲ​ဆိုတာ သိဖို့ လူအများ ရင်းနှီး​ပြီးသား အခြေခံသဘောတရား​ဖြစ်တဲ့ အကြောင်းတရား​နဲ့ အကျိုး​တရားကို သုံးသပ်သင့်​ကြောင်း ကို​စိုးမိုး ရှင်းပြတယ်။

ကို​စိုးမိုး​က အဲ့ဒီ​အခြေခံသဘောတရား​ကို သမ္မာကျမ်းစာမှာ​လည်း ရှင်းပြ​ထားကြောင်း ပြောပြီး ကျမ်းချက် ဖတ်​ပြတယ်–

  • “အိမ်​ဆိုတာ တည်ဆောက်တဲ့​သူ​ရှိလို့ ဖြစ်လာတာ။”—ဟီဘရူး ၃:၄

“ယုတ္တိ​ရှိ​ပုံ​တော့ ရ​ပါတယ်၊ တည်ဆောက်တဲ့​သူ မရှိဘဲ ဘယ်​အိမ်​မှ ဖြစ်မလာ​ဘူးဆို​တာ သေချာတာပေါ့” လို့ ကို​အောင်နိုင် ပြန်​ပြောတယ်။

“နောက်​တစ်ခု စဉ်းစား​ကြည့်ပါ​ဦး။ ချက်ပြုတ်​ပြင်ဆင်​ပေးတဲ့​သူ မရှိဘဲ ဟင်း​တစ်ခွက် ဘယ်လိုမှ ဖြစ်မလာ​နိုင်ဘူး” လို့ ကို​စိုးမိုး​ ထပ်​ပြောတယ်။

ပတ်​၀န်း​ကျင်​မှာ​ရှိတဲ့ အရာအားလုံး​က အိမ်တစ်လုံး​ထက် ပို​ထူးခြား​ရှုပ်ထွေး​ကြောင်း ကို​စိုးမိုး ပြောပြတယ်။ “နုနယ်​တဲ့ ပန်း​ပွင့်​လေး​တွေ၊ ခန့်ညား​ထည်ဝါ​တဲ့ တောင်တန်း​ကြီး​တွေ၊ ကြီးမား​နက်ရှိုင်း​တဲ့ ပင်လယ်သမုဒ္ဒရာ၊ အဆုံးမဲ့ စ​ကြ​၀ဠာ​ကိုလည်း ကြည့်လိုက်ပါဦး။ အိမ်တစ်လုံး​မှာ ပုံစံ​ရေးဆွဲ​သူနဲ့ တည်ဆောက်သူ လိုအပ်သလို ဟင်း​တစ်ခွက် ဖြစ်ဖို့​လည်း ပြင်ဆင်ချက်​ပြုတ်​သူ လိုအပ်တယ်​ဆိုရင် စ​ကြ​၀ဠာ​မှာ​ရှိတဲ့ အံ့သြဖွယ်ကောင်း​တဲ့​အရာတွေ​ကော။ ဒါတွေ​အတွက်လည်း ပုံစံ​ရေးဆွဲ​သူနဲ့ ပြုလုပ်​သူ မလိုအပ်ဘူး​လား” လို့​ပြောတယ်။

ကို​စိုးမိုး ပြောပြတာ​တွေ​က ယုတ္တိ​ရှိ​မှန်း ကို​အောင်နိုင် သဘောတူတယ်။

“အမှန်​တော့ အရာအားလုံးကို ဦးဆုံး ဒီဇိုင်း​ရေးဆွဲ​သူနဲ့ ပြုလုပ်​သူ ရှိတယ်လို့ သမ္မာကျမ်းစာက ပြောတယ်။ အရာအားလုံးကို ပြုလုပ်​ဖို့​ဆိုရင် အစွမ်း​တန်ခိုးကြီး​ရမှာ​ပေါ့။ ဒါကြောင့် ကျမ်းစာ​က ကိုယ်တော့်​ကို ဘုရားသခင်​လို့ ခေါ်တာပေါ့။ သမ္မာကျမ်းစာရဲ့ မူရင်း​ဘာသာစကား​မှာ အဲဒီ​စကားလုံးဟာ ‘တန်ခိုးကြီး​သော​ပုဂ္ဂိုလ်၊’ ‘ခွန်အားကြီး​သော​ပုဂ္ဂိုလ်’ ဆိုတဲ့​အဓိပ္ပာယ် ရှိတယ်။ ဒီနေ့​အချိန်မှာ​ ‘ဘုရား’ လို့ ခေါ်တဲ့​ပုဂ္ဂိုလ် အများကြီး ရှိပေမဲ့ အရာအားလုံးကို​ ယေဟော​ဝါ ပြုလုပ်​တဲ့​အတွက် ကိုယ်တော့်​ကို အနန္တ​တန်ခိုးရှင် ဘုရားသခင်​လို့ မှန်ကန်စွာ ခေါ်ဆို​နိုင်တယ်” ဆိုပြီး ကို​စိုးမိုး ပြော​ပြ​တယ်။

အရာအားလုံးကို ဒီဇိုင်း​ရေးဆွဲ​သူနဲ့ ပြုလုပ်​သူ ရှိဖို့ လိုအပ်

ယေဟောဝါ​ဘုရားရဲ့ အံ့ဖွယ်​လုပ်ဆောင်မှုတွေ အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြ​ထားတာကို တွေ့ရလို့ ကို​အောင်နိုင် အံ့သြ​ခဲ့တယ်။ ကို​စိုးမိုး​ပြ​တဲ့ ကျမ်းချက်​တချို့ကတော့–

  • “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။”—ကမ္ဘာဦး ၁:၁

  • “ယေဟောဝါဟာ ဘုရားသခင်ပဲ​ဆိုတာ သိမှတ်​ကြပါ။ ဘုရားဟာ ငါတို့ကို ဖန်ဆင်းတဲ့အရှင်​ပဲ။ ငါတို့ကို ပိုင်တဲ့​အရှင်​ပဲ။”—ဆာလံ ၁၀၀:၃

  • “ကောင်းကင်က ဘုရားသခင်ရဲ့ ဂုဏ်​ကျက်သရေ​ကို​ ကြေညာ​ နေတယ်။ အထက်​မိုးကောင်းကင်​က ဘုရားရဲ့​လက်ရာ​တွေ​အကြောင်း ပြောကြား​နေတယ်။”—ဆာလံ ၁၉:၁

  • “ကောင်းကင်ပေါ်​မှာ လှေကား​တွေကို တည်ဆောက်တဲ့​အရှင်၊ ကမ္ဘာမြေ​အထက်မှာ မျက်နှာကြက်​ကို တည်ဆောက်တဲ့​အရှင်၊ ပင်လယ်ရေ​ကို ဆင့်ခေါ်ပြီး မြေပြင်​ပေါ် သွန်းလောင်း​ပေးတဲ့​အရှင်ရဲ့ နာမည်ဟာ ယေဟောဝါပဲ။”—အာမုတ် ၉:၆

မှန်ပါတယ်၊ ယေဟောဝါ​က အရာခပ်သိမ်း​ကို ပြုလုပ်တဲ့​အရှင် ဖြစ်တယ်။ ဒါပေမဲ့ အဲဒါတွေကို ဖြစ်ပေါ်​စေ​ရုံ၊ ပြုလုပ်​ရုံ​ထက်မက လုပ်ဆောင်ခဲ့တယ်။ သတ္တဝါ​အားလုံးကို အသက်ပေး​ခဲ့တယ်။ ယေဟောဝါနဲ့​ပတ်သက်ပြီး ကျမ်းစာက “ကိုယ်တော်ဟာ အသက်ရဲ့​ပင်ရင်းပါ” လို့​ပြောတယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် ကိုယ်တော်ဟာ အသက်ပေး​ရှင်​တည်းဟူသော ဖန်ဆင်းရှင်​ဖြစ်တယ်။ ယေဟောဝါဟာ အသက်ကို အစပြုရှင်​မို့ အမှန်​ပဲ ကျွန်တော်တို့ရဲ့ ဖခင် ဖြစ်တယ်။ ဒါကြောင့် သမ္မာကျမ်းစာက ဒီလို​ပြောတယ်– “ကျွန်တော်တို့​အားလုံးရဲ့ ဖခင်ဟာ တစ်ယောက်တည်းပဲ မဟုတ်လား။ ကျွန်တော်တို့ကို ဖန်ဆင်းတဲ့ ဘုရားသခင်က တစ်ပါးတည်း​ပဲ မဟုတ်လား။”—မာလခိ ၂:၁၀

ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်တယ်

ကို​အောင်နိုင် သဘောပေါက်​လာပြီး ဒီလို​ပြော​လိုက်တယ်– “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့​အရာတွေကို ကြည့်ပြီး စဉ်းစား​လိုက်တဲ့အခါ​မှာ မူလ​အကြောင်းတရား​ဖြစ်တဲ့၊ ဒီဇိုင်း​ရေးဆွဲ​တဲ့ အသက်ပေး​ပိုင်ရှင်၊ ဖန်ဆင်းရှင် ရှိရမယ်​ဆိုတာကို သဘောပေါက်​ဖို့ မ​ခက်​ဘူး​ပဲ။”

“ယေဟောဝါမှာ အရာအားလုံးကို ဖန်ဆင်း​နိုင်တဲ့ တန်ခိုး​ရှိတယ်ဆိုရင် ကျမ်းစာ​ထဲမှာ ဖော်ပြ​ထားတဲ့ ကတိတော်​အားလုံးကို ပြည့်စုံ​စေနိုင်တဲ့ တန်ခိုး​လည်း​ရှိ​မှာ သေချာတယ်” လို့ မစ​န္ဒာ​က စိတ်လှုပ်ရှား​စွာ ၀င်​ပြောတယ်။

ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့အတွက် အဲဒီ​နေ့မှာ ကြားခဲ့​တာ​တွေ​အားလုံးဟာ လုံး၀​ ကျိုးကြောင်း​ညီညွတ်​ပေမဲ့ ဒီလို​တန်ခိုးကြီး​မား​တဲ့ ဒီဇိုင်း​ရေးဆွဲ​သူဟာ ဘယ်လို ပုဂ္ဂိုလ်​မျိုး​လဲ​ဆိုတာ သိချင်​နေကြတယ်။