မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်”

ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်”

ယေဇကျေလ ၃၈:၁၈

အာရုံစိုက်​ရာ။ ဂေါဂရဲ့ တိုက်ခိုက်မှု​က ယေဟောဝါကို ဒေါသ​ထွက်​စေ။ အာမဂေဒုန်​စစ်ပွဲ​အတွင်း ယေဟောဝါ​က မိမိ​လူမျိုးကို ကာကွယ်

၁-၃။ (က) ယေဟောဝါရဲ့ “ဒေါသမီး” က ဘာကို ဖြစ်စေ​မလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။) (ခ) အခု ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အတူ​ရပ်​ပြီး ဘုရား​နိုင်ငံတော်​သီချင်း သီဆို​ကြတယ်။ အဲဒီနောက် ယေဟောဝါရဲ့ ကာကွယ်မှု ရဖို့ အကြီးအကဲ​တစ်ယောက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းတယ်။ ယေဟောဝါ ကာကွယ်​စောင့်ရှောက်​မ​ယ်​ဆိုတာ အသင်းတော်​သားတွေ ယုံကြည်​စိတ်ချ​ကြတယ်။ ဒါပေမဲ့ နှစ်သိမ့်မှုနဲ့ အာမခံချက် လို​နေတုန်းပဲ။ အပြင်မှာ တိုက်ခိုက်သံ​တွေ ကြားနေ​ရတယ်။ အာမဂေဒုန်​စစ်ပွဲ စတင်​ပြီ။—ဗျာ. ၁၆:၁၄၊ ၁၆

အာမဂေဒုန်​စစ်ပွဲ​အတွင်း ယေဟောဝါ​က လူတွေကို သွေးအေးအေးနဲ့ ခံစားချက်မဲ့ ကွပ်မျက်​မှာ မဟုတ်ဘဲ “ဒေါသ” တ​ကြီး ကွပ်မျက်​မ​ယ်။ (ယေဇကျေလ ၃၈:၁၈ ကိုဖတ်ပါ။) စစ်တပ်​တစ်တပ်၊ လူမျိုးတစ်မျိုး​အပေါ် မဟုတ်ဘဲ ကမ္ဘာ​တစ်ဝန်း​က မရေတွက်​နိုင်အောင်​များတဲ့ လူတွေ​အပေါ် အမျက်တော် ကျရောက်​စေမယ်။ အဲဒီ​နေ့မှာ ယေဟောဝါ ကွပ်မျက်လို့ သေ​တဲ့​လူတွေဟာ “မြေတစ်ပြင်လုံးမှာ ရှိ​လိမ့်မယ်။”—ယေ. ၂၅:၂၉၊ ၃၃

မေတ္တာရှင် ဘုရား၊ “ကရုဏာ​ရှိပြီး သနား​စာနာ​တတ်တဲ့​ဘုရား၊” ‘အမျက်ထွက်​နှေး​တဲ့​ဘုရား’ ယေဟောဝါကို ဘာက “ဒေါသမီး” ဟုန်းဟုန်းတောက်​စေ​သလဲ။ (ထွ. ၃၄:၆။ ၁ ယော. ၄:၁၆) ဒီ​မေးခွန်းရဲ့ အဖြေ​က ကျွန်တော်တို့ကို အကြီးအကျယ် နှစ်သိမ့်​ပေး​နိုင်ပုံ၊ ရဲစွမ်းသတ္တိ ရှိစေ​နိုင်ပုံ၊ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်ပေး​နိုင်ပုံ​တို့ကို ကြည့်ကြရအောင်။

ယေဟောဝါကို ဘာက “ဒေါသ” ထွက်​စေ​သလဲ

၄၊ ၅။ ဘုရားရဲ့ အမျက်​ဒေါသဟာ မစုံလင်သူ လူသားတွေရဲ့ ဒေါသ​နဲ့ ဘယ်လို ကွာခြား​သလဲ။

ဦးဆုံး၊ ယေဟောဝါရဲ့ အမျက်​ဒေါသဟာ မစုံလင်သူ လူသားတွေရဲ့ ဒေါသ​နဲ့ မတူ​ကြောင်း သိထား​ရမယ်။ လူတစ်ယောက် ဒေါသ ပေါက်ကွဲ​ပြီး တစ်ခုခု ထ​လုပ်လိုက်​တဲ့အခါ အခြေအနေ ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်ပြီး ရလဒ်ကောင်း ရ​ခဲ​တ​ယ်။ ဥပမာ၊ ယေဟောဝါ​က အာဗေလ ပူဇော်​တဲ့​အလှူ​ကို နှစ်သက်ပေမဲ့ အာဒံရဲ့ သားဦး ကာအိန ပူဇော်​တဲ့​အလှူ​ကို ငြင်းပယ်​လိုက်လို့ ကာအိန “အရမ်း ဒေါသ​ထွက်” သွားတယ်။ ဘာ​ဆက်ဖြစ်​သလဲ။ ဖြောင့်မတ်တဲ့​ညီ အာဗေလ​ကို ကာအိန သတ်​လိုက်တယ်။ (က. ၄:၃-၈။ ဟီ. ၁၁:၄) ယေဟောဝါနဲ့ စိတ်သဘောထား​ချင်း ကိုက်ညီသူလို့ ဖော်ပြ​ခံရတဲ့ ဒါဝိဒ်​အကြောင်းလည်း စဉ်းစား​ကြည့်ပါ။ (တ. ၁၃:၂၂) လူကောင်း ဒါဝိဒ်​တောင်မှ မိမိ​နဲ့ အပေါင်းပါ​တွေကို ခြံပိုင်ရှင်​သူကြွယ် နာဗလ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို​ကြောင်း ကြားတဲ့​အခါ မိုက်​မိုက်မဲ​မဲ လုပ်မိ​တော့​မလို ဖြစ်ခဲ့တယ်။ ဒေါသ​ထွက်​လွန်း​လို့ ကျေးဇူးကန်း​တဲ့ နာဗလ​ကို​သာမက အိမ်မှာ​ရှိတဲ့ ယောက်ျားတိုင်းကိုပါ သတ်ဖို့ “ဓား​ကိုယ်စီ ဆွဲ” ပြီး ထွက်လာ​ကြတယ်။ ဒါပေမဲ့ လက်စားမချေ​မိအောင် နာဗလရဲ့ ဇနီး အဘိဂဲလ တားဆီး​နိုင်ခဲ့တယ်။ (၁ ရှ. ၂၅:၉-၁၄၊ ၃၂၊ ၃၃) “လူတစ်ယောက်ရဲ့ ဒေါသ​က ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်​ပေါ်​စေ​ဘူး” ဆိုပြီး ယာကုပ်​ကို ယေဟောဝါ ရေးသား​စေခဲ့တာ ခိုင်လုံတဲ့ အကြောင်းရင်း ရှိတယ်။—ယာ. ၁:၂၀

ယေဟောဝါ​က အမြဲ ဒေါသ​ထိန်းချုပ်​နိုင်ပြီး အကြောင်းကောင်း​ရှိ​မှ ဒေါသ​ထွက်

တလွဲ​ပြုမူ​စေ​တတ်တဲ့ လူ့​ဒေါသ​နဲ့ မတူဘဲ ယေဟောဝါ​ကတော့ အမြဲ စိတ်​ထိန်း​နိုင်တယ်။ အမျက်ထွက်​ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရတယ်။ အမျက်ထွက်​ရင်တောင် တော်မှန်​စွာ ပြုမူတယ်။ ရန်သူကို တိုက်ခိုက်​တဲ့အခါ “လူကောင်းတွေကို လူဆိုးတွေနဲ့​အတူ” ဘယ်တော့မှ မဖျက်ဆီး​ဘူး။ (က. ၁၈:၂၂-၂၅) ဒီ့ပြင် ယေဟောဝါ​က တော်မှန်တဲ့ အကြောင်းရင်း​တွေ​ကြောင့်​ပဲ အမျက်​ထွက်တယ်။ အကြောင်းရင်း​နှစ်ခု​နဲ့ ရရှိ​နိုင်တဲ့ သင်ခန်းစာတွေကို သုံးသပ်​ကြည့်ပါ။

၆။ နာမတော် ကဲ့ရဲ့​ရှုတ်ချ​ခံရတဲ့​အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။

အကြောင်းရင်း– ယေဟောဝါရဲ့ နာမတော် ကဲ့ရဲ့​ရှုတ်ချ​ခံရလို့။ ယေဟောဝါကို ကိုယ်စားပြု​ပါတယ် ဆိုပြီး ဆိုးညစ်​စွာ ပြုမူ​နေ​သူတွေ​ကြောင့် ဘုရား​နာမတော် ထိခိုက်​တ​ယ်၊ ဘုရား အမျက်​ထွက်တယ်။ (ယေဇ. ၃၆:၂၃) ရှေ့အခန်း​တွေ​မှာ လေ့လာခဲ့တဲ့​အတိုင်း အစ္စရေး​လူမျိုး​က ယေဟောဝါရဲ့ နာမတော်ကို အကြီးအကျယ် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ ဖြစ်​စေခဲ့တယ်။ အစ္စရေး​လူမျိုးရဲ့ သဘောထား​နဲ့ လုပ်ရပ်တွေကြောင့် ယေဟောဝါ ဒေါသ​ထွက်​ခဲ့​တ​ယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ ဒေါသ မထိန်း​နိုင်တာ​မျိုး ဘယ်​တုန်း​ကမှ မဖြစ်ခဲ့ဘူး။ မိမိ​လူမျိုးကို အလွန်အကျွံ မဟုတ်ဘဲ တော်သင့်ရုံ​ပဲ အပြစ်​ပေးတယ်။ (ယေ. ၃၀:၁၁) အမျက် ပြေသွားပြီ ဆိုတာနဲ့ အငြိုး​မထား​တော့​ဘူး။—ဆာ. ၁၀၃:၉

၇၊ ၈။ အစ္စရေး​တွေ​နဲ့ ယေဟောဝါ ဆက်ဆံပုံ​ကနေ ဘာသင်ခန်းစာ​တွေ ရသလဲ။

သင်ခန်းစာများ။ အစ္စရေး​တွေ​နဲ့ ယေဟောဝါ ဆက်ဆံပုံ​ကနေ အရေးကြီးတဲ့ သတိပေး​ချက် ရရှိတယ်။ ရှေး​အစ္စရေး​တွေ​လို​ပဲ ကျွန်တော်တို့​က ယေဟောဝါရဲ့ နာမတော်ကို ကိုယ်စားပြု​ခွင့်၊ ယေဟောဝါရဲ့ သက်သေ​ဖြစ်ခွင့် ရထား​ကြတယ်။ (ဟေရှာ. ၄၃:၁၀) ကျွန်တော်တို့ရဲ့ ပြောဆို​ပြုမူပုံ​က ကျွန်တော်တို့ ကိုယ်စားပြုတဲ့ ဘုရားသခင်​အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိတယ်။ မျက်နှာပြောင်​တိုက် အမှား​လုပ်ပြီး ယေဟောဝါရဲ့ နာမတော် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ ဖြစ်မှာ​ကို လုံးဝ မလိုလား​ကြပါဘူး။ ဒီလို​သူတော်ကောင်း ယောင်ဆောင်​မှု​ကို ယေဟောဝါ ဒေါသ​ထွက်ပြီး နာမတော်ကို ကာကွယ်ဖို့ အနှေး​နဲ့ အမြန် လုပ်ဆောင်​ပါလိမ့်မယ်။ဟီ. ၃:၁၃၊ ၁၅။ ၂ ပေ. ၂:၁၊ ၂

ယေဟောဝါ “ဒေါသ” ထွက်​နိုင်တယ်​ဆိုတဲ့ သတိပေး​ချက်​က ဘုရားဆီ ချဉ်းကပ်ဖို့ အတားအဆီး ဖြစ်စေ​သင့်​သလား။ မဖြစ်စေ​သင့်​ပါဘူး။ ယေဟောဝါ စိတ်ရှည်​မှန်း၊ ခွင့်လွှတ်​တတ်​မှန်း ကျွန်တော်တို့ သိကြတယ်။ (ဟေရှာ. ၅၅:၇။ ရော. ၂:၄) လိုအပ်တဲ့​အခါ ဆုံးမ​ပဲ့ပြင်​ပေးတတ်မှန်းလည်း အသိအမှတ်ပြု​ကြပါတယ်။ အပြစ်​လမ်းစဉ်​မှာ ကျင်လည်​နေ​သူတွေကို ဘုရား အမျက်ထွက်​ကြောင်း၊ ဒီလို​လူတွေကို မိမိ​လူမျိုးနဲ့ ပေါင်းဖော်​ခွင့်ပြု​မှာ မဟုတ်​ကြောင်း သိရလို့ ဘုရား​အပေါ် ရိုသေ​လေးမြတ်စိတ် တိုး​လာတယ်။ (၁ ကော. ၅:၁၁-၁၃) ယေဟောဝါ​က မိမိကို ဘာက ဒေါသ​ထွက်​စေ​ကြောင်း ရှင်းရှင်းလင်းလင်း မိန့်မှာတယ်။ ဒါကြောင့် ဘုရားကို အမျက်ထွက်​စေနိုင်တဲ့ သဘောထား၊ လုပ်ရပ်တွေကို ရှောင်ကြဉ်​ဖို့​က ကျွန်တော်တို့​တာဝန် ဖြစ်တယ်။—ယော. ၃:၃၆။ ရော. ၁:၂၆-၃၂။ ယာ. ၄:၈

၉၊ ၁၀။ သစ္စာရှိ​လူမျိုး ခြိမ်းခြောက်​ခံရတဲ့အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ ဥပမာ​ပေးပါ။

အကြောင်းရင်း– ယေဟောဝါရဲ့ သစ္စာရှိ​လူမျိုး ခြိမ်းခြောက်​ခံရလို့။ ယေဟောဝါဟာ မိမိရဲ့ ဂရုစိုက်​ကာကွယ်မှု​အောက် သစ္စာရှိ​ရှိ ခိုလှုံ​နေ​သူတွေကို ရန်သူတွေ တိုက်ခိုက်​တဲ့အခါ ဒေါသ​ထွက်တယ်။ ဥပမာ၊ အီဂျစ်​ပြည်​က ထွက်လာပြီး ပင်လယ်နီ​ကမ်းခြေ​မှာ ချောင်ပိတ်​မိ​လို့ အကူအညီ မဲ့​နေ​ပုံ​ပေါက်​တဲ့ အစ္စရေး​တွေ​နောက်ကို ဖာရော​နဲ့ စစ်တပ် လိုက်​လာတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ ပင်လယ်​ကြမ်းပြင်​ပေါ် ဖြတ်လျှောက်​သွားတဲ့ အစ္စရေး​တွေ​နောက်ကို စစ်တပ်​ကြီး လိုက်​လာတဲ့အခါ ယေဟောဝါ​က စစ်​မြင်းရထား​ဘီးတွေ​ကို ကျွတ်ထွက်​စေတယ်။ အီဂျစ်​တွေကို ပင်လယ်ထဲ ခါချ​ပစ်တယ်။ “တစ်ယောက်မှ မလွတ်​ဘူး။” (ထွ. ၁၄:၂၅-၂၈) မိမိ​လူမျိုးအပေါ် ထားတဲ့ “ခိုင်မြဲ​တဲ့ မေတ္တာ” ကြောင့် အီဂျစ်​တွေကို ယေဟောဝါ ဒေါသ​ထွက်​ခဲ့​တယ်။ထွက်မြောက်ရာ ၁၅:၉-၁၃ ကိုဖတ်ပါ။

ဟေဇကိခေတ်တုန်းက အဆီးရီးယားတွေလက်ကနေ ဘုရားလူမျိုးကို ကောင်းကင်တမန်တစ်ပါး ကာကွယ်ပေးခဲ့သလို ကျွန်တော်တို့ကိုလည်း ကောင်းကင်တမန်တွေ ကာကွယ်ပေးမယ် (စာပိုဒ် ၁၀၊ ၂၃ ကို ကြည့်ပါ)

၁၀ ဘုရင် ဟေဇကိ​လက်ထက်​မှာလည်း ယေဟောဝါ​က မိမိ​လူမျိုးအပေါ် ထားတဲ့ မေတ္တာ​ကြောင့် ချက်ချင်း အရေးယူ​ဆောင်ရွက်ခဲ့​တ​ယ်။ အဲဒီ​ခေတ်အခါ​က အင်အား​အကြီးဆုံး၊ ရက်စက်တဲ့ အဆီးရီးယား​စစ်တပ်​က ဂျေရုဆလင်​မြို့ကို တိုက်ခိုက်​ဖို့ စစ်ချီ​လာတယ်။ ဝိုင်းရံ​ပိတ်ဆို့မှု​ကြောင့် တဖြည်းဖြည်း အသေ​ဆိုး​နဲ့ သေကြ​ရမယ်ဆိုပြီး ယေဟောဝါရဲ့ သစ္စာရှိ​ကျေးကျွန်တွေကို ခြိမ်းခြောက်​တ​ယ်။ (၂ ဘု. ၁၈:၂၇) ယေဟောဝါ​က ကောင်းကင်တမန်​တစ်ပါး စေလွှတ်​လိုက်တယ်။ အဲဒီ​တစ်ပါးတည်း​က ည​တွင်း​ချင်း​ပဲ ရန်သူ​စစ်သည် ၁၈၅,၀​၀​၀ ကို ကွပ်မျက်​လိုက်တယ်။ (၂ ဘု. ၁၉:၃၄၊ ၃၅) နောက်​နေ့​မနက် အဆီးရီးယား​တပ်​စခန်း​က မြင်ကွင်း​ကို မြင်ယောင်​ကြည့်ပါ။ ဓား​တွေ၊ လှံ​တွေ၊ ဒိုင်းလွှား​တွေ နေရာ​မပျက် ရှိနေတယ်။ လူတွေကို ခရာမှုတ်​နှိုး​သံ၊ တပ်​မိ​န့်​ပေးသံ မကြား​ရ​ဘူး။ တဲ​တွေဟာ ချောက်ချား​စ​ရာ​ကောင်း​လောက်​အောင် တိတ်ဆိတ်​နေပြီး တပ်​စခန်း​အနှံ့ အလောင်း​တွေ​ချည်း​ပဲ။

၁၁။ မိမိ​လူမျိုး ခြိမ်းခြောက်​ခံရတဲ့​အခါ ယေဟောဝါ တုံ့ပြန်ပုံ​အကြောင်း ပုံနမူနာ​တွေ​ကနေ ဘာ​နှစ်သိမ့်မှုနဲ့ ရဲစွမ်းသတ္တိ ရသလဲ။

၁၁ သင်ခန်းစာများ။ မိမိ​လူမျိုး ခြိမ်းခြောက်​ခံရတဲ့​အခါ ယေဟောဝါ တုံ့ပြန်ပုံ​အကြောင်း ပုံနမူနာ​တွေ​က ရန်သူတွေ​အတွက် ပြင်းထန်တဲ့ သတိပေး​ချက်​ပါပဲ– “အသက်ရှင်​တဲ့ ဘုရားသခင်​ဆီက ပြစ်ဒဏ်ကို ခံ​ရတာဟာ သိပ်​ကြောက်စရာ ကောင်းတယ်။” (ဟီ. ၁၀:၃၁) ကျွန်တော်တို့​အတွက်တော့ ဒီ​ပုံနမူနာ​တွေ​က နှစ်သိမ့်မှု ဖြစ်စေတယ်။ ရဲစွမ်းသတ္တိ တိုးလာ​စေတယ်။ ကျွန်တော်တို့ရဲ့ အဓိက​ရန်သူ စာတန် အောင်မြင်​မှာ မဟုတ်​ကြောင်း သိရလို့ နှစ်သိမ့်မှု ရ​ကြပါတယ်။ စာတန်ရဲ့ ကျန်​နေ​သေး​တဲ့ “အချိန်​နည်းနည်း” လ​ည်း မကြာခင် ကုန်ဆုံး​တော့​မ​ယ်။ (ဗျာ. ၁၂:၁၂) အဲဒီ​အချိန်​ရောက်တဲ့​အထိ ဘယ်သူကမှ၊ ဘယ်​အဖွဲ့အစည်း၊ ဘယ်​အစိုးရ​ကမှ ကျွန်တော်တို့ကို ဘုရားအလိုတော် မ​ဆောင်​နိုင်အောင် တားဆီးလို့ မရ​ကြောင်း ယုံကြည်​စိတ်ချ​ရင်း ယေဟောဝါ​အတွက် ရဲစွမ်းသတ္တိ အပြည့်​နဲ့ အမှုဆောင်​နိုင်ကြတယ်။ (ဆာလံ ၁၁၈:၆-၉ ကိုဖတ်ပါ။) “ဘုရားသခင်​သာ ကျွန်တော်တို့​ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်​နိုင်မလဲ” ဆိုပြီး ရေးသားခဲ့တဲ့ တမန်တော် ပေါလု​လို​ပဲ ကျွန်တော်တို့ ယုံကြည်​စိတ်ချ​ကြပါတယ်။—ရော. ၈:၃၁

၁၂။ ကြီးစွာသောဒုက္ခ​အတွင်း ယေဟောဝါကို ဘာက ဒေါသမီး ဟုန်းဟုန်းတောက်​စေ​မလဲ။

၁၂ အီဂျစ်​တွေ​လက်ထဲ ချောင်ပိတ်​မိ​နေတဲ့ အစ္စရေး​တွေ၊ အဆီးရီးယား​တွေ ဝိုင်းရံ​တာ​ခံရတဲ့ ဂျေရုဆလင်​မြို့မှာ​ရှိတဲ့ ဂျူးတွေကို ယေဟောဝါ ကာကွယ်​ခဲ့​တ​ယ်။ လာမယ့် ကြီးစွာသောဒုက္ခ​အတွင်း​မှာလည်း ကျွန်တော်တို့ကို ကာကွယ်ပေး​ဦး​မ​ယ်။ ကျွန်တော်တို့ကို ရန်သူတွေ ဖျက်ဆီးဖို့ ကြိုးစားတဲ့​အခါ ကျွန်တော်တို့​အပေါ်​ထားတဲ့ နက်ရှိုင်း​တဲ့ မေတ္တာ​ကြောင့် ယေဟောဝါ ဒေါသမီး ဟုန်းဟုန်းတောက်​ပါလိမ့်မယ်။ ကျွန်တော်တို့ကို မိုက်ရူးရဲစွာ တိုက်ခိုက်သူ​တွေဟာ ယေဟောဝါရဲ့ မျက်ဆန်​တော်​ကို ထိ​နေတာ​ပဲ။ ဘုရား အလျင်အမြန်၊ ပြတ်ပြတ်သားသား တုံ့ပြန်ပါ​လိမ့်မယ်။ (ဇာ. ၂:၈၊ ၉) တစ်ခါ​မှ မကြုံဖူး​သေး​တဲ့ အတိုင်းအတာ​နဲ့ လူတွေ အစုလိုက် အပြုံလိုက် သေ​ကြေ​ကြ​လိမ့်မယ်။ ဒါပေမဲ့ သူတို့​အပေါ် ယေဟောဝါ ဒေါသ ဖွင့်​ချ​ချိန်မှာ ရန်သူတွေ အံ့ဩစရာ​အကြောင်း မရှိဘူး။ ဘာကြောင့်လဲ။

ဘယ်​သတိပေး​ချက်​တွေ ယေဟောဝါ ပေးခဲ့သလဲ

၁၃။ ဘယ်​သတိပေး​ချက်​တွေ ယေဟောဝါ ပေးခဲ့သလဲ။

၁၃ ယေဟောဝါဟာ “အမျက်ထွက်​နှေး” တ​ယ်။ မိမိကို ဆန့်ကျင်သူ၊ မိမိ​လူမျိုးကို ခြိမ်းခြောက်​သူတွေကို ဖျက်ဆီးမယ့်​အကြောင်း လုံလုံလောက်လောက် သတိပေး​ခဲ့​ပြီးပြီ။ (ထွ. ၃၄:၆၊ ၇) ပရောဖက် ယေရမိ၊ ယေဇကျေလ၊ ဒံယေလ၊ ယေရှု​ခရစ်၊ တမန်တော် ပေတရု၊ ပေါလု၊ ယောဟန်တို့က​တစ်ဆင့် စစ်ပွဲကြီး​အကြောင်း ယေဟောဝါ သတိ​ပေးခဲ့တယ်။—“ရောက်လာတော့မယ့် စစ်ပွဲကြီး​အကြောင်း ယေဟောဝါ သတိပေး” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၄၊ ၁၅။ ယေဟောဝါ ဘာလုပ်​ဆောင်ခဲ့​ပြီ​လဲ။ ဘာကြောင့်လဲ။

၁၄ ယေဟောဝါ​က အဲဒီ​သတိပေး​ချက်​တွေကို ကျမ်းစာမှာ မှတ်တမ်းတင်​စေတယ်။ ကျမ်းစာဟာ သမိုင်း​တစ်လျှောက် ဘာသာ​အပြန်​ရ​ဆုံး၊ အ​ဖြန့်ချိ​ရ​ဆုံး​စာအုပ် ဖြစ်မယ်လို့​လ​ည်း အာမခံ​ထားတယ်။ စေတနာ​စိတ်နဲ့ ပေးဆက်​ကြ​မ​ယ့် စစ်သည်​အလုံးအရင်း​ကို ကမ္ဘာတစ်ဝန်းမှာ ပေါ်ထွက်​လာ​စေတယ်။ သူတို့က တခြား​သူတွေ ဘုရားနဲ့ ဆက်ဆံ​ရေး​ကောင်း ရှိလာ​အောင် ကူညီပေး​ကြတယ်၊ ရောက်လာတော့မယ့် “ယေဟောဝါရဲ့ နေ့ကြီး” အကြောင်း သတိပေး​ကြတယ်။ (ဇေ. ၁:၁၄။ ဆာ. ၂:၁၀-၁၂။ ၁၁၀:၃) ကျမ်းစာ​စာပေတွေကို ဘာသာစကား​ရာနဲ့ချီ ပြန်ဆိုဖို့၊ ကျမ်းစာပါ ကတိတော်​တွေ၊ သတိပေး​ချက်​တွေ​အကြောင်း ပြောပြ​ရာ​မှာ နှစ်စဉ် နာရီ​ပေါင်း သန်း​ရာ​ချီ အသုံးပြု​ဖို့ မိမိ​လူမျိုးကို ဘုရား လှုံ့ဆော်ခဲ့​ပြီ။

၁၅ ယေဟောဝါ​က “ဘယ်သူ့ကိုမှ မပျက်စီး​စေ​ချင်​လို့၊ လူအားလုံးကို နောင်တ​ရစေချင်​လို့” ဒီ​အရာအားလုံးကို လုပ်ဆောင်ခဲ့​တာ​ပါ။ (၂ ပေ. ၃:၉) စိတ်ရှည်​ကြင်နာ​တတ်တဲ့ ဘုရားကို ကိုယ်စားပြု​ရတာ၊ သတင်းစကား ပျံ့နှံ့​စေ​ရေး​မှာ တစ်ထောင့်​တစ်​နေရာ​ကနေ ပါဝင်​ရတာ တကယ့်​အခွင့်ထူးပါပဲ။ သတိပေး​ချက်​တွေကို အရေး​မစိုက်​သူတွေ​အတွက်တော့ မကြာခင် အချိန်ကုန်​ဆုံး​တော့​မယ်။

ယေဟောဝါရဲ့ ဒေါသမီး ဘယ်​အချိန် “ဟုန်းဟုန်းတောက်” မလဲ

၁၆၊ ၁၇။ နောက်ဆုံး​စစ်ပွဲ​အတွက် ယေဟောဝါ နေ့ရက် သတ်မှတ်ပြီး​ပြီး​လား။ ရှင်းပြပါ။

၁၆ နောက်ဆုံး​စစ်ပွဲ​အတွက် ယေဟောဝါ နေ့ရက် သတ်မှတ်​ပြီးပြီ။ မိမိ​လူမျိုး ဘယ်​အချိန် တိုက်ခိုက်​ခံရမယ်ဆို​တာ ကြို​သိတယ်။ (မ. ၂၄:၃၆) ရန်သူတွေ ဘယ်​အချိန် တိုက်ခိုက်​မ​ယ်​ဆိုတာ ယေဟောဝါ ဘယ်လို သိ​သလဲ။

၁၇ ရှေ့အခန်း​မှာ တွေ့ခဲ့​တဲ့​အတိုင်း ယေဟောဝါ​က “မင်းရဲ့ မေးရိုး​ကို ချိတ်​နဲ့ ချိတ်​မယ်” ဆိုပြီး ဂေါဂ​ကို မိန့်ဆို​ထားတယ်။ နောက်ဆုံး​တိုက်ပွဲ​ဆီ လူမျိုးတွေကို ဘုရား ခေါ်ဆောင်​လာမယ်။ (ယေဇ. ၃၈:၄) ဒါပေမဲ့ တိုက်ခိုက်မှု​ကို ယေဟောဝါ အစပြု​တ​ယ်၊ ဆန့်ကျင်သူတွေကို လွတ်လပ်​စွာ ရွေးချယ်ခွင့် မပေး​ဘဲ ဖိအားပေး​တ​ယ်​လို့ မဆိုလို​ဘူး။ ယေဟောဝါ​က စိတ်နှလုံးကို သိမြင်​နိုင်တယ်၊ အခြေအနေကို ရန်သူတွေ ဘယ်လို တုံ့ပြန်​မ​ယ်​ဆိုတာ သိတယ်​လို့ ဆိုလိုတာ​ပါ။—ဆာ. ၉၄:၁၁။ ဟေရှာ. ၄၆:၉၊ ၁၀။ ယေ. ၁၇:၁၀

၁၈။ အနန္တ​တန်ခိုးရှင်​ကို လူသားတွေ ဘာကြောင့် ဆန့်ကျင်​တိုက်ခိုက်​ကြ​မလဲ။

၁၈ စစ်ပွဲကို စတင်​တာ၊ ဆန့်ကျင်သူတွေကို ဖိအားပေး​တာ ယေဟောဝါ မဟုတ်ဘူး​ဆိုရင် အနန္တ​တန်ခိုးရှင်​ကို သာမန်​လူသားတွေ ဘာကြောင့် ဆန့်ကျင်​တိုက်ခိုက်​ကြ​မလဲ။ အကြောင်းရင်း​တစ်ခုကတော့ ဘုရား မရှိဘူး၊ လူ့​အရေးကိစ္စ​တွေ​မှာ ဘုရား ကြားဝင်​မှာ မဟုတ်ဘူးလို့ ယုံကြည်​စိတ်ချ​နေကြ​လို့ ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ကမ္ဘာပေါ်က မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း​အားလုံးကို ဖျက်ဆီး​ပြီးပြီမို့ ဒီလို​တွေး​ကြ​ပုံပဲ။ ဘုရား​သာ ရှိတယ်ဆိုရင် ဘုရားကို ကိုယ်စားပြု​ပါတယ် ဆိုတဲ့ အဖွဲ့အစည်း​တွေကို ဘုရား ကာကွယ်​မှာ​ပေါ့​ဆိုပြီး ဆင်ခြင်​ကြ​လိမ့်မယ်။ ဘုရားကို လွဲမှား​စွာ ကိုယ်စားပြု​နေတဲ့ ဘာသာရေး​တွေကို ဖျက်ဆီးဖို့ သူတို့​စိတ်နှလုံး​ထဲ​ကို အကြံသွင်း​တာ ဘုရား​ပဲ​ဆိုတာ သဘောမပေါက်​ကြဘူး။—ဗျာ. ၁၇:၁၆၊ ၁၇

၁၉။ မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီး​ခံရပြီး​တဲ့​နောက် ဘာ​ဖြစ်လာနိုင်သလဲ။

၁၉ မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီး​ခံရပြီး တစ်ချိန်ချိန်မှာ ယေဟောဝါ​က မိမိ​လူမျိုးကို ပြင်းထန်တဲ့​သတင်း ကြေညာ​ခိုင်း​နိုင်တယ်။ ဗျာဒိတ်​ကျမ်းမှာ အဲဒီ​သတင်းကို မိုးသီး​ကပ်ဘေး​နဲ့ နှိုင်း​ထားပြီး မိုးသီး​တစ်လုံး​က ၄၅ ပေါင်​လေး​တ​ယ်။ (ဗျာ. ၁၆:၂၁၊ အောက်ခြေမှတ်ချက်) နိုင်ငံရေးနဲ့ စီးပွားရေး​စနစ် အဆုံးတိုင်​တော့​မယ်​ဆိုတဲ့ ဒီ​ကြေညာချက်​ဟာ နားထောင်​သူတွေ​အတွက် ပြင်းထန်လွန်းလို့ ဘုရားကို​တောင် စော်ကား​ပြောဆို​ကြ​လိမ့်မယ်။ ဘုရားလူမျိုးကို တစ်ကြိမ်​တည်း​နဲ့ ထာဝရ နှုတ်ဆိတ်​သွား​အောင် ချေမှုန်း​ဖို့ ဒီ​သတင်းက လူမျိုးတွေကို လှုံ့ဆော်ပေး​ပုံ​ရတယ်။ ကျွန်တော်တို့ကို အကာအကွယ်မဲ့​နေတယ်၊ အလွယ်တကူ ဖျက်ဆီး​နိုင်တယ်လို့ တွေး​ကြ​လိမ့်မယ်။ မှား​လိုက်​လေ​ခြင်း။

ယေဟောဝါ​က ဒေါသ​ကို ဘယ်လို ဖော်ပြ​မလဲ

၂၀၊ ၂၁။ ဂေါဂ​က ဘယ်သူ​လဲ။ ဘာ​ဖြစ်သွား​မလဲ။

၂၀ ဒီ​စာအုပ် အခန်း ၁၇ မှာ တွေ့ခဲ့​တဲ့​အတိုင်း ကျွန်တော်တို့ကို တိုက်ခိုက်မယ့် မဟာမိတ်​နိုင်ငံတွေ​ကို “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” လို့ ယေဇကျေလ ခေါ်ခဲ့တယ်။ (ယေဇ. ၃၈:၂) ဒါပေမဲ့ မဟာမိတ်​နိုင်ငံ​တွေဟာ စည်းလုံး​ကြ​မှာ မဟုတ်ဘူး။ ပူးပေါင်း​နေကြ​ဟန် ရှိပေမဲ့ ပြိုင်ဆိုင်​လို​စိတ်၊ မာန​စိတ်၊ အမျိုးသားရေး​စိတ်​တွေ​တော့ ရှိနေ​ဦး​မှာ​ပဲ။ “အချင်းချင်း ဓားနဲ့ တိုက်ခိုက်” အောင် လုပ်ဆောင်ဖို့ ယေဟောဝါ​အတွက် အလွယ်​လေး​ပဲ။ (ယေဇ. ၃၈:၂၁) ဒါပေမဲ့ လူ့​လက်ချက်​ကြောင့် တိုင်းနိုင်ငံတွေ ပျက်စီး​မှာ မဟုတ်ဘူး။

၂၁ ရန်သူတွေ ဖျက်ဆီး​မခံရ​ခင်မှာ လူသား ကြွလာခြင်း​နိမိတ်​ကို မြင်ကြ​ရလိမ့်မယ်။ အဲဒီ​နိမိတ်​က ယေဟောဝါ၊ ယေရှု​တို့ရဲ့ မဟာ​ဘုန်းတန်ခိုး​လက္ခဏာ ဖြစ်နိုင်တယ်။ အလွန်အမင်း ထိတ်လန့်စရာ​ကောင်းတာတွေကို ဆန့်ကျင်သူတွေ မြင်ကြ​ရမယ်။ ယေရှု ကြိုပြောခဲ့​သလိုပဲ “လူတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်​လာမယ့်​အရာတွေကို မျှော်​မြင်ပြီး ကြောက်လွန်းလို့ မေ့မြော​သွား​ကြ​လိမ့်မယ်။” (လု. ၂၁:၂၅-၂၇) ယေဟောဝါရဲ့ လူမျိုးကို တိုက်ခိုက်​မိ​တာ မှား​မှန်း သဘောပေါက်​ပြီး ထိတ်လန့်​သွား​ကြ​လိမ့်မယ်။ ဗိုလ်ခြေ​တို့ရဲ့ အရှင်​အဖြစ် ဖန်ဆင်းရှင် ယေဟောဝါရဲ့ အခန်းကဏ္ဍကို သူတို့ မဖြစ်​မနေ အသိအမှတ်ပြု​ကြရမယ်။ (ဆာ. ၄၆:၆-၁၁။ ယေဇ. ၃၈:၂၃) ယေဟောဝါ​က သစ္စာရှိ​ကျေးကျွန်တွေကို ကာကွယ်ရာလည်း​ရောက်၊ ရန်သူတွေကို ဖျက်ဆီး​ရာ​လည်း​ရောက်​မယ့်​နည်းနဲ့ သဘာဝ​စွမ်းအားတွေကို​ရော၊ သဘာဝလွန်​စွမ်းအားတွေကို​ပါ အသုံးပြု​မှာ သေချာ​ပါတယ်။၂ ပေတရု ၂:၉ ကိုဖတ်ပါ။

ယေဟောဝါက မိမိလူမျိုးတွေ ခြိမ်းခြောက်ခံရတဲ့အခါ ဒေါသ ဖွင့်ချဖို့ ကောင်းကင်တပ်မဟာကို အသုံးပြုမယ် (စာပိုဒ် ၂၁ ကို ကြည့်ပါ)

၂၂၊ ၂၃။ ဘုရားလူမျိုးကို ဘယ်သူတွေ ကာကွယ်ပေး​မလဲ။ တာဝန်နဲ့​ပတ်သက်ပြီး သူတို့ ဘယ်လို ခံစား​ကြ​မလဲ။

ယေဟောဝါ နေ့ကြီး​အကြောင်း သိထားခြင်းက ကျွန်တော်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သင့်သလဲ

၂၂ ရန်သူတွေကို ဦးဆောင်​တိုက်ခိုက်​ဖို့၊ အဖဘုရားကို ချစ်မြတ်နိုးပြီး ဆည်းကပ်​ကိုးကွယ်သူတွေကို ကာကွယ်ဖို့ ယေရှု ဘယ်လောက် စိတ်ပြင်းပြ​နေမယ်၊ ဘိသိက်ခံ​တွေ​ကော ဘယ်လို ခံစား​ကြရမယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ မြေကြီးပေါ် ကျန်​နေ​သေး​တဲ့ နောက်ဆုံး​ဘိသိက်ခံ​တွေဟာ အာမဂေဒုန် မစ​ခင် တစ်ချိန်ချိန်မှာ ကောင်းကင်ကို စုသိမ်း​ခံရမယ်။ ဒါမှ အာမဂေဒုန်​စစ်ပွဲမှာ ယေရှုနဲ့အတူ ၁၄၄,၀​၀​၀ အားလုံး ပါဝင်​နိုင်မယ်။ (ဗျာ. ၁၇:၁၂-၁၄) နောက်ဆုံး​ကာလ​အတွင်း ဘိသိက်ခံ​များစွာနဲ့ တခြား​သိုး​တွေ ပူးပေါင်း​လုပ်ဆောင်ခဲ့​ကြ​တာ​မို့ ရင်းနှီးတဲ့ မိတ်ဆွေ​နှောင်ကြိုး ရှိ​ကြ​မှာ သေချာတယ်။ ခက်ခဲချိန်​တစ်လျှောက် သစ္စာရှိ​ရှိ ကူညီ​ထောက်မ​ပေးခဲ့​ကြ​သူတွေ​ဘက်က ကာကွယ်​တိုက်ခိုက်​ဖို့ အခွင့်အာဏာနဲ့ တန်ခိုးကို ဘိသိက်ခံ​တွေ ရ​ကြပါလိမ့်မယ်။—မ. ၂၅:၃၁-၄၀

၂၃ ယေရှုရဲ့ ကောင်းကင်တပ်​မဟာ​မှာ ကောင်းကင်တမန်တွေလည်း ပါ​မယ်။ (၂ သက်. ၁:၇။ ဗျာ. ၁၉:၁၄) သူတို့က စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်​ကနေ ယေရှု တိုက်ထုတ်​ချိန်မှာလည်း ကူညီ​ခဲ့​ကြတယ်။ (ဗျာ. ၁၂:၇-၉) ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​ချင်​သူတွေကို စုသိမ်း​ရာ​မှာလည်း ပါဝင်​ခဲ့​ကြတယ်။ (ဗျာ. ၁၄:၆၊ ၇) သစ္စာ​ရှိသူတွေကို ကာကွယ်ဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ အခွင့်​ပေးမယ်​ဆိုတာ တကယ်​သင့်လျော်​ပါတယ်။ အရေးကြီးဆုံး​ကတော့ ယေဟောဝါရဲ့ တပ်မဟာ​မှာ ပါဝင်​သူ​တိုင်း​က ရန်သူတွေကို တိုက်ခိုက်​ရာ​မှာ ကူညီပေးခြင်း​အားဖြင့် ဘုရား​နာမတော် သန့်ရှင်း​မြင့်မြတ်​ပြီး သံသယ​ကင်းရှင်း​စေ​ခွင့် ရတဲ့​အတွက် ဂုဏ်ယူ​ကြပါလိမ့်မယ်။—မ. ၆: ၉၊ ၁၀

၂၄။ တခြား​သိုး​အဝင် လူအုပ်ကြီး ဘယ်လို တုံ့ပြန်​မလဲ။

၂၄ တန်ခိုး​ကြီးမားပြီး စိတ်အား​ထက်သန်​လှတဲ့ တပ်မဟာ​က ကာကွယ်ပေး​မှာ ဖြစ်လို့ တခြား​သိုး​အဝင် လူအုပ်ကြီး​အနေနဲ့ ကြောက်စရာ​အကြောင်း မရှိဘူး။ “ကယ်တင်မယ့်​အချိန် ရောက်​ခါ​နီးပြီ ဖြစ်လို့ မတ်မတ်​ရပ်​ပြီး ခေါင်းမော့​ထား​ကြ” လိမ့်မယ်။ (လု. ၂၁:၂၈) ယေဟောဝါရဲ့ နေ့ကြီး ရောက်​မလာခင်​မှာ ကရုဏာရှင်၊ ကာကွယ်​ပေးရှင်​အကြောင်း လူများ​နိုင်သမျှ​များများ သိလာအောင်၊ အဖဘုရားကို ချစ်မြတ်နိုး​လာ​အောင် ကူညီ​ပေးဖို့ သိပ်​အရေးကြီးတယ်။ဇေဖနိ ၂:၂၊ ၃ ကိုဖတ်ပါ။

အာမဂေဒုန်အတွင်း ယေဟောဝါလူမျိုးက တိုက်ခိုက်မှာ မဟုတ်ဘူး။ ရန်သူတွေ အချင်းချင်း တိုက်ခိုက်တဲ့အခါ ကောင်းကင်တမန်တွေက ဘုရားလူမျိုးကို ကာကွယ်ပေးမယ်။—ယေဇ. ၃၈:၂၁ (စာပိုဒ် ၂၂-၂၄ ကို ကြည့်ပါ)

၂၅။ နောက်​အခန်းမှာ ဘာ​အကြောင်း လေ့လာ​ကြ​မလဲ။

၂၅ လူ့​စစ်ပွဲတွေ​ရဲ့ ရလဒ်​က ဖရိုဖရဲ​ဖြစ်မှု​နဲ့ စိတ်ပျက်​ဝမ်းနည်းမှု​တွေ​ပဲ။ အာမဂေဒုန်စစ်ပွဲ​ရဲ့ ရလဒ်​ကတော့ စနစ်ကျမှု​နဲ့ ပျော်ရွှင်မှု ဖြစ်ပါလိမ့်မယ်။ ယေဟောဝါရဲ့ ဒေါသ ပြေငြိမ်း​သွားတဲ့အခါ၊ ဘုရားရဲ့ စစ်သည်တွေ လက်နက် ပြန်​ရုတ်သိမ်း​တဲ့အခါ၊ စစ်ပွဲ ပြီးသွားတဲ့အခါ ဘယ်လို ဖြစ်မလဲ။ တောက်ပတဲ့ အနာဂတ်​အကြောင်း နောက်​အခန်းမှာ လေ့လာ​ကြပါမယ်။