မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

“ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်”

“ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်”

ယေဇကျေလ ၃၈:၃

အာရုံစိုက်​ရာ။ “ဂေါဂ” နဲ့ ဂေါဂ ကျူးကျော်​တဲ့ “ပြည်” ရဲ့ သရုပ်မှန်​အကြောင်း ရှင်းပြချက်

၁၊ ၂။ မကြာခင် ဘယ်​စစ်ပွဲကြီး​ဖြစ်​မလဲ။ ဘယ်​မေးခွန်းတွေ ပေါ်လာ​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

၂၀​ရာစု ကမ္ဘာ့​စစ်​ကြီး​နှစ်ခု​အတွင်း သွေး​ချောင်း​စီး သတ်ဖြတ်မှု​တွေ အပါအဝင် စစ်မက်တွေကြောင့် ကမ္ဘာမြေကြီး သွေးစွန်း​နေခဲ့တာ နှစ်​ထောင်ချီ ရှိပြီ။ ဒါပေမဲ့ မကြာခင် လူ့​သမိုင်း​မှာ အကြီးမားဆုံး​စစ်ပွဲ ရောက်လာတော့မယ်။ ကိုယ်ကျိုး​အတွက် တိုင်းနိုင်ငံတွေ အချင်းချင်း တိုက်ခိုက်မယ့် စစ်ပွဲ​တော့ မဟုတ်ဘူး။ “အနန္တ​တန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီး​မှာ တိုက်မယ့် စစ်ပွဲ” ဖြစ်တယ်။ (ဗျာ. ၁၆:၁၄) ဘုရား တန်ဖိုး​ထားတဲ့​ပြည်​ကို မောက်မာ​တဲ့​ရန်သူ ကျူးကျော်​မ​ယ်။ အဲဒီအချိန်မှာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​က အကြီးမားဆုံး အဖျက်​စွမ်းအား​ကို အကုန်အစင် ဖွင့်​ချ​မယ်။

မေးခွန်း​တချို့ ပေါ်လာတယ်– ရန်သူက ဘယ်သူ​လဲ။ ဘယ်​ပြည်​ကို ကျူးကျော်​မလဲ။ ဘယ်​အချိန်မှာ၊ ဘာကြောင့်၊ ဘယ်လို ကျူးကျော်​မလဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူ ကျွန်တော်တို့ဟာ ဒီ​အနာဂတ်​ဖြစ်ရပ်တွေ​နဲ့ သက်ဆိုင်တဲ့​အတွက် အဖြေ သိဖို့ လိုတယ်။ ယေဇကျေလ အခန်းကြီး ၃၈ နဲ့ ၃၉ မှာပါတဲ့ စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်မှာ အဖြေ ရှာတွေ့​နိုင်ပါတယ်။

ရန်သူ—မာဂေါဂ​ပြည်သား ဂေါဂ​မင်း

၃။ မာဂေါဂ​ပြည်သား ဂေါဂ​မင်း​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက် အကျဉ်းချုပ်​ကို ရှင်းပြပါ။

 ယေဇကျေလ ၃၈:၁၊ ၂၊ ၈၊ ၁၈။ ၃၉:၄၊ ၁၁ တို့ကို​ဖတ်ပါ။ ပရောဖက်ပြုချက် အကျဉ်းချုပ်​ကတော့ ဒီလို​ပါ– “အဆုံးပိုင်း​ကာလ ရောက်တဲ့အခါ” ရန်သူ “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” ဟာ ဘုရား​လူမျိုးရဲ့ “ပြည်” ကို ကျူးကျော်​မယ်။ ရက်စက်တဲ့ ဒီကျူးကျော်​တိုက်ခိုက်မှု​က ယေဟောဝါရဲ့ “ဒေါသမီး” ကို ဟုန်းဟုန်းတောက်​စေ​လို့ ယေဟောဝါ ကြားဝင်​ပြီး ဂေါဂ​ကို ချေမှုန်း​ပစ်​မယ်။ * ရှုံးနိမ့်​သွားတဲ့ ရန်သူနဲ့ အပေါင်းပါ​တွေကို “သားရဲ​ငှက်တွေ၊ သားရဲ​တွေ စားဖို့” ကျွေး​ပစ်​မ​ယ်။ နောက်ဆုံးမှာ ယေဟောဝါ​က ဂေါဂ​အတွက် “သင်္ချိုင်း​မြေ” ပေးမယ်။ မ​ဝေး​တော့​တဲ့ အနာဂတ်မှာ ဒီ​ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံ​လာမလဲ​ဆိုတာ နားလည်​နိုင်ဖို့ ဂေါဂ​မင်း ဘယ်သူ​လဲ​ဆိုတာ အရင်ဆုံး သိရမယ်။

၄။ မာဂေါဂ​ပြည်သား ဂေါဂ​နဲ့​ပတ်သက်ပြီး ဘာ​ကောက်ချက် ချ​နိုင်သလဲ။

မာဂေါဂ​ပြည်သား ဂေါဂဟာ ဘယ်သူ​လဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေရဲ့ ရန်သူ ဖြစ်ကြောင်း ယေဇကျေလ ဖော်ပြချက်​အရ ကောက်ချက် ချ​နိုင်တယ်။ ဂေါဂ​ဆိုတာ စစ်မှန်တဲ့ ဝတ်ပြုရေး​ရဲ့ အကြီးဆုံး​ရန်သူ စာတန်ရဲ့ နာမည်​နောက်​တစ်မျိုး​လား။ ကျွန်တော်တို့ရဲ့ စာစောင်တွေမှာ ဆယ်စုနှစ်​များစွာ ဒီလို​ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယေဇကျေလ ပရောဖက်ပြုချက်ကို ထပ်ဆင့်​လေ့လာ​သုံးသပ်​တဲ့အခါ နားလည်မှု ပြုပြင်​ပြောင်းလဲဖို့ လို​လာတယ်။ မာဂေါဂ​ပြည်သား ဂေါဂ​ဆိုတာ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​ကို ရည်ညွှန်း​တာ မဟုတ်ဘဲ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဆန့်ကျင်​တိုက်ခိုက်မယ့် နိုင်ငံ​ပေါင်း​စုံ ဖွဲ့စည်းထားတဲ့ မဟာမိတ်​အုပ်စု၊ မြင်နိုင်တဲ့ လူသား​ရန်သူကို ရည်ညွှန်း​ကြောင်း ကင်းမျှော်စင်မှာ ရှင်းပြခဲ့တယ်။ * ဒီလို​ရှင်းပြ​ရတဲ့ အကြောင်းရင်းကို မသုံးသပ်ခင် ဂေါဂဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ် မဟုတ်​ကြောင်း ဖော်ပြတဲ့ ယေဇကျေလ ပရောဖက်ပြုချက်ပါ သဲလွန်စ​နှစ်ခု​ကို ဦးဆုံး ဆန်းစစ်​ကြည့်ကြစို့။

၅၊ ၆။ မာဂေါဂ​ပြည်သား ဂေါဂဟာ နာမ်ဝိညာဉ်သား မဟုတ်​ကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ပါ ဘယ်အချက်​က ဖော်ပြသလဲ။

‘မင်းကို သားရဲ​ငှက်တွေ စားဖို့ ကျွေး​ပစ်​မ​ယ်။’ (ယေဇ. ၃၉:၄) ကျမ်းစာမှာ အသေကောင်​တွေကို အငမ်းမရ စား​တတ်တဲ့ ငှက်​ရဲတွေ​အကြောင်း ဖော်ပြပြီး ဘုရားရဲ့ တရား​စီရင်ခြင်း​အကြောင်း သတိ​ပေးလေ့​ရှိတယ်။ အစ္စရေး​လူမျိုးကို​ကော အစ္စရေး မဟုတ်သူတွေကို​ပါ ဘုရား အဲဒီလို​သတိ​ပေးခဲ့တယ်။ (တရား. ၂၈:၂၆။ ယေ. ၇:၃၃။ ယေဇ. ၂၉:၃၊ ၅) ဒါပေမဲ့ နာမ်ဝိညာဉ်သား​တွေကို မဟုတ်ဘဲ အသွေးအသား​ခန္ဓာ ရှိတဲ့ လူသားတွေကို သတိ​ပေးတာ ဖြစ်ကြောင်း သတိပြုပါ။ ဒါ့အပြင် ငှက်တွေ၊ သားရဲ​တွေ​က အသားကို​ပဲ စား​ကြ​တာ။ ဒါကြောင့် ဂေါဂဟာ နာမ်ဝိညာဉ်သား မဟုတ်​ကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ပါ ဒီ​သတိပေး​ချက်​က ဖော်ပြတယ်။

“အစ္စရေး​ပြည်မှာ . . . ဂေါဂ​အတွက် သင်္ချိုင်း​မြေ ပေးမယ်။” (ယေဇ. ၃၉:၁၁) နာမ်ဝိညာဉ်သား​တွေကို မြေ​မြှုပ်​တဲ့​အကြောင်း ကျမ်းစာမှာ မဖော်ပြထားဘူး။ စာတန်နဲ့ နတ်ဆိုးတွေဟာ အနှစ် ၁,၀​၀​၀ လုံးလုံး တွင်း​နက်​ကြီး​ထဲမှာ ချည်နှောင်​ခံရမယ်။ အဲဒီနောက် ထာဝရ ပျက်စီးခြင်းကို ပုံဆောင်တဲ့ ကန့်​မီး​အိုင်​ထဲ ပစ်ချ​ခံရမယ်။ (လု. ၈:၃၁။ ဗျာ. ၂၀:၁-၃၊ ၁၀) “သင်္ချိုင်း​မြေ” ပေးမယ်လို့ ပြော​ထားတဲ့​အတွက် ဂေါဂဟာ နာမ်​ဝိညာဉ်သား မဟုတ်ဘူးလို့ ကောက်ချက် ချ​နိုင်တယ်။

၇၊ ၈။ “မြောက်​ဘုရင်” ဘယ်အချိန် ဇာတ်သိမ်း​မလဲ။ ဒါက မာဂေါဂ​ပြည်သား ဂေါဂရဲ့ အဖြစ်​နဲ့ ဘယ်လို ဆင်တူ​သလဲ။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေကို နောက်ဆုံး တိုက်ခိုက်မယ့် ရန်​သူဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ် မဟုတ်ဘူး​ဆိုရင် ဂေါဂ​ဆိုတာ ဘယ်သူ​လဲ၊ ဘာလဲ။ မာဂေါဂ​ပြည်သား ဂေါဂ​မင်း ဘယ်သူဘယ်ဝါ​ဆိုတာ သိဖို့ အကူအညီ ဖြစ်စေတဲ့ ကျမ်းစာ ပရောဖက်ပြုချက်​နှစ်ခု​ကို သုံးသပ်​ကြည့်ပါ။

“မြောက်​ဘုရင်။” (ဒံယေလ ၁၁:၄၀-၄၅ ကိုဖတ်ပါ။) ဒံယေလ​ခေတ်​ကနေ ကျွန်တော်တို့​ခေတ်​အထိ ပေါ်​လာမယ့် ကမ္ဘာ့​အာဏာစက်​တွေ​အကြောင်း ဒံယေလ ဖော်ပြခဲ့တယ်။ “တောင်​ဘုရင်” နဲ့ “မြောက်​ဘုရင်” ဆိုတဲ့ ပြိုင်ဘက်​ဘုရင်​နှစ်ပါး​အကြောင်း ပရောဖက်ပြုချက်မှာ ဖော်ပြ​ထားတယ်။ တိုင်းနိုင်ငံ​များစွာက တန်ခိုး​အာဏာ​အတွက် တိုက်ခိုက်​နေကြတာ​မို့ ဘုရင်​နှစ်ပါး​ကို ကိုယ်စား​ပြုသူတွေ ရာစုနှစ်​တစ်လျှောက် ပြောင်းလဲ​နေတယ်။ “အဆုံးပိုင်း​ကာလ” အတွင်း မြောက်​ဘုရင်​က “လူများစွာကို အစတုံး ဖျက်ဆီးဖို့ ဒေါသတကြီး ထွက်လာ​လိမ့်မယ်” ဆိုပြီး ဒံယေလ ပြောခဲ့​တ​ယ်။ မြောက်​ဘုရင်ရဲ့ အဓိက​ပစ်မှတ်​ကတော့ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​သူတွေပါ​ပဲ။ * ဒါပေမဲ့ ဘုရား​လူမျိုးအပေါ် တိုက်ခိုက်မှု မအောင်မြင်​ဘဲ မာဂေါဂ​ပြည်သား ဂေါဂ​မင်း​လို​ပဲ မြောက်​ဘုရင်ရဲ့ “ဇာတ်သိမ်း​ခန်း” ရောက်လာမယ်။

၉။ မာဂေါဂ​ပြည်သား ဂေါဂ​နဲ့ “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်တွေ” မှာ ဘာ​ဆင်တူချက် ရှိသလဲ။

“လူ​နေထိုင်​ရာ မြေတစ်ပြင်လုံးမှာ ရှိတဲ့ ဘုရင်တွေ။” (ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၇:၁၄။ ၁၉:၁၉၊ ၂၀ ကိုဖတ်ပါ။) “ဘုရင်တကာ​တို့ရဲ့ ဘုရင်” (ကောင်းကင်ဘုရင် ယေရှု) ကို “ကမ္ဘာ့​အုပ်စိုးရှင်​တွေ” တိုက်ခိုက်မယ့်​အကြောင်း ဗျာဒိတ်​ကျမ်းမှာ ဖော်ပြ​ထားတယ်။ ဒါပေမဲ့ ကမ္ဘာ့​အုပ်စိုးရှင်​တွေ​က ကောင်းကင်မှာ ရှိတဲ့ ယေရှုကို တိုက်ခိုက်လို့ မရတာမို့ ဘုရား​နိုင်ငံတော်ကို ထောက်ခံ​တဲ့ မြေကြီးပေါ်​က လူတွေကို တိုက်ခိုက်တယ်။ အာမဂေဒုန်​မှာ ကမ္ဘာ့​အုပ်စိုးရှင်​တွေ အရေးနိမ့်​သွားမယ်။ ယေဟောဝါရဲ့ လူမျိုးကို တိုက်ခိုက်​ပြီးနောက် ဇာတ်သိမ်း​သွား​ကြမယ်​ဆိုတာ သတိပြုပါ။ ဒါက မာဂေါဂ​ပြည်သား ဂေါဂ​အကြောင်း ဖော်ပြချက်​နဲ့ ဆင်​တူတယ်။ *

၁၀။ မာဂေါဂ​ပြည်သား ဂေါဂ​အကြောင်း ဘာ​ကောက်ချက် ချနိုင်သလဲ။

၁၀ အထက် ဖော်ပြချက်​တွေ​အရ ဂေါဂ​အကြောင်း ဘာ​ကောက်ချက် ချ​နိုင်သလဲ။ ပထမ၊ ဂေါဂဟာ နာမ်ဝိညာဉ်သား မဟုတ်ဘူး။ ဒုတိယ၊ ဂေါဂ​ဆိုတာ မ​ဝေး​တော့​တဲ့ အနာဂတ်မှာ ဘုရားလူမျိုးကို တိုက်ခိုက်မယ့် ကမ္ဘာ့​တိုင်းနိုင်ငံတွေကို ရည်ညွှန်းတယ်။ အဲဒီ​တိုင်းနိုင်ငံ​တွေဟာ မဟာမိတ်​တွေ​အဖြစ် တစ်နည်းနည်းနဲ့ ပူးပေါင်း​ကြ​လိမ့်မယ်။ ဘာကြောင့်လဲ။ မြေတစ်ခွင်လုံးမှာ နေထိုင်​ကြ​တဲ့ ဘုရားလူမျိုးကို တိုက်ခိုက်​ဖို့​ဆိုရင် တိုင်းနိုင်ငံ​တွေဟာ တစ်ကျိတ်​တည်း​တစ်​ဉာဏ်​တည်း ဖြစ်နေဖို့ လိုတယ်။ (မ. ၂၄:၉) တိုက်ခိုက်မှု​ကို နောက်ကွယ်​ကနေ ကြိုးကိုင်​ခြယ်လှယ်​သူကတော့ စာတန်​ပါပဲ။ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ဆန့်ကျင်​ဖို့ ကမ္ဘာ့​တိုင်းနိုင်ငံတွေကို စာတန် ဩဇာ​လွှမ်းမိုး​ထားခဲ့တာ ကြာပြီ။ (၁ ယော. ၅:၁၉။ ဗျာ. ၁၂:၁၇) ဒါပေမဲ့ မာဂေါဂ​ပြည်သား ဂေါဂ​အကြောင်း ယေဇကျေလ ပရောဖက်ပြု​စကားတွေက ယေဟောဝါရဲ့ လူမျိုးကို တိုက်ခိုက်မယ့် မြေကြီး​တိုင်းနိုင်ငံ​တွေရဲ့ အခန်း​ကဏ္ဍကို အလေး​ပေးတယ်။ *

“ပြည်”ဆိုတာ ဘာလဲ

၁၁။ ဂေါဂ ကျူးကျော်မယ့် “ပြည်” အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်မှာ ဘယ်လို ဖော်ပြ​ထားသလဲ။

၁၁  အပိုဒ် ၃ မှာ လေ့လာခဲ့တဲ့​အတိုင်း မာဂေါဂ​ပြည်သား ဂေါဂဟာ ယေဟောဝါ​အတွက် တန်ဖိုးရှိတဲ့ ပြည်​ကို ကျူးကျော်​ခြင်းအားဖြင့် ယေဟောဝါရဲ့ ဒေါသမီးကို ဟုန်းဟုန်းတောက်​စေမယ်။ ဘယ်​ပြည်​လဲ။ ယေဇကျေလ ပရောဖက်ပြုချက်ကို ပြန်​ကြည့်ကြစို့။ (ယေဇကျေလ ၃၈:၈-၁၂ ကိုဖတ်ပါ။) “လူမျိုးခြားတွေ​ထဲ​ကနေ ပြန်​စုသိမ်း​ခံရတဲ့၊” ‘ကယ်တင်ခံရ​တဲ့​သူတွေရဲ့ ပြည်​ကို’ ဂေါဂ “ကျူးကျော်​လိမ့်မယ်” လို့ ဆိုထားတယ်။ ဒီပြည်​ထဲမှာ နေထိုင်တဲ့ ပြန်​စုသိမ်း​ခံ​ထားရတဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​အကြောင်း ပြောထားတာ​ကိုလည်း သတိပြုပါ။ သူတို့ဟာ “ဘေးကင်းလုံခြုံ​စွာ နေထိုင်” ကြတယ်။ ကျေးရွာ​တွေ “အကာအကွယ်မဲ့​နေ” တ​ယ်။ “မြို့ရိုး၊ ကန့်​လန့်​ကျင်၊ မြို့တံခါး မရှိ” ဘူး။ “စည်းစိမ်ဥစ္စာ​တွေ စုဆောင်း” ကြတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းမှာ​ရှိတဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ နေထိုင်​ကြ​တဲ့ ပြည်ပါ​ပဲ။ ဘယ်လို သိနိုင်​သလဲ။

၁၂။ ကျမ်းစာ​ခေတ် အစ္စရေး​ပြည်မှာ ဘယ်​ပြန်လည်​တည်ထောင်ခြင်း ဖြစ်ခဲ့သလဲ။

၁၂ ရှေး​အစ္စရေး​ပြည် ပြန်လည်​တည်ထောင်ခြင်း​အကြောင်း သုံးသပ်ခြင်းက အကူအညီ ဖြစ်စေတယ်။ ဘုရား ရွေးချယ်​ထားတဲ့ လူတွေဟာ အဲဒီ​ပြည်မှာ ရာစုနှစ်များစွာ နေထိုင်၊ လုပ်ကိုင်၊ ဝတ်ပြု​ခဲ့​ကြတယ်။ အစ္စရေး​တွေ သစ္စာမဲ့သွားတဲ့​အခါ ပြည်​ကို ဖျက်ဆီးပစ်မယ်၊ လူ​သူ​ကင်းမဲ့​စေမယ်လို့ ယေဇကျေလ​က​တစ်ဆင့် ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၃၃:၂၇-၂၉) ဒါပေမဲ့ နောင်တ​ရတဲ့ အကြွင်းအကျန်​တွေ ဗာဗုလုန်​သုံ့ပန်း​ဘဝကနေ အစ္စရေး​ပြည်​ကို ပြန်လာပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်​တည်ထောင်မယ့်​အကြောင်းကိုလည်း ယေဟောဝါ ကြိုတင်​မိန့်ဆိုခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် အစ္စရေး​ပြည် ပြောင်းလဲ​သွားမယ်။ “ဧဒင်ဥယျာဉ်​လို” စည်ပင်​ဝ​ပြော​လာမယ်။ (ယေဇ. ၃၆:၃၄-၃၆) အဲဒီ​ပြန်လည်​တည်ထောင်ခြင်း​ဟာ ပြည်နှင်ခံ​ဂျူးတွေ ဂျေရုဆလင်​မြို့ကို ပြန်လာပြီး စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ပြန်လည်​တည်ထောင်​ခဲ့​တဲ့ ဘီစီ ၅၃၇ မှာ စတင် ပြည့်စုံခဲ့​တယ်။

၁၃၊ ၁၄။ (က) ပုံဆောင်​ပြည်​ဆိုတာ ဘာလဲ။ (ခ) ဒီ​ပြည်​ဟာ ယေဟောဝါ​အတွက် ဘာကြောင့် တန်ဖိုး​ရှိသလဲ။

၁၃ မျက်မှောက်ခေတ်မှာလည်း စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေဟာ အလားတူ ပြန်လည်​တည်ထောင်ခြင်း​မျိုး ကြုံတွေ့​နေကြ​ရတယ်။ ဒီ​စာအုပ် အခန်း ၉ မှာ လေ့လာခဲ့တဲ့​အတိုင်း ဘုရား​လူမျိုးဟာ ၁၉၁၉ ခုနှစ် ရောက်တဲ့အခါ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝ​ရှည်​ကနေ လွတ်မြောက်​ခဲ့​တ​ယ်။ အဲဒီ​နှစ်မှာ ယေဟောဝါ​က သူတို့ကို ပုံဆောင်​ပြည်​ထဲ ပြန်​ခေါ်​လာတယ်။ ပုံဆောင်​ပြည်​ဆိုတာ လုံခြုံတဲ့၊ ကျမ်းစာ​အမှန်တရား​ ပေါကြွယ်ဝတဲ့၊ လူသူနေထိုင်တဲ့ ပုံဆောင်​ပရဒိသု ဖြစ်တယ်။ အဲဒီ​ပြည်မှာ စစ်မှန်တဲ့ ဘုရားကို ဝတ်ပြု​ကိုးကွယ်​ကြတယ်။ ဘေးကင်းလုံခြုံ​စွာ နေထိုင်​ကြတယ်။ စိတ်​ငြိမ်သက်မှု ရ​ကြတယ်။ (ပညာ. ၁:၃၃) ကျမ်းစာ​အမှန်တရား ပေါကြွယ်ဝ​စွာ ရရှိ​ကြတယ်။ ဘုရား​နိုင်ငံတော်​အကြောင်း ကြေညာခြင်း​လုပ်ငန်းမှာ ကျေနပ်စရာ​ကောင်းတဲ့ အလုပ်​များစွာ ရှိတယ်။ “ယေဟောဝါရဲ့ ကောင်းချီး​က ကြွယ်ဝ​စေတယ်။ အဲဒီ​ကြွယ်ဝမှု​မှာ နာကျင်​စရာတွေ မရော​ဘူး” ဆိုတဲ့ ကျမ်းစကား မှန်ကန်ကြောင်း ကျွန်တော်တို့ ကိုယ်တွေ့ ခံစား​ကြရတယ်။ (ပညာ. ၁၀:၂၂) ကျွန်တော်တို့ ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို အပြော​နဲ့​ကော လုပ်ရပ်​နဲ့​ပါ တက်တက်ကြွကြွ ကူညီ​ထောက်မ​နေသရွေ့​ ပုံဆောင်​ပရဒိသု​ထဲ ရှိနေ​ကြပါတယ်။

၁၄ ဒီ​ပုံဆောင်​ပြည်​က ယေဟောဝါ​အတွက် တန်ဖိုး​ရှိတယ်။ ဘာကြောင့်လဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ထဲ ဆွဲဆောင်​ခံရတဲ့ ပြည်သား​တိုင်း​ဟာ ဘုရား​အမြင်မှာ “လူမျိုး​အားလုံး​ထဲ​က တန်ဖိုးရှိတဲ့​အရာတွေ” ဖြစ်လို့ပါပဲ။ (ဟဂ္ဂဲ ၂:၇။ ယော. ၆:၄၄) သူတို့ဟာ ဘုရားရဲ့ အရည်အသွေးတွေ ထင်ဟပ်​တဲ့ စရိုက်သစ်​ကို ဝတ်ဆင်​ဖို့ အစွမ်းကုန် ကြိုးစား​ကြတယ်။ (ဧ. ၄:၂၃၊ ၂၄။ ၅:၁၊ ၂) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေဟာ အမှုတော်​ဆောင်ခြင်း​မှာ ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ပေးဆက်​ကြတယ်။ ဒီ​နည်းနဲ့ ဘုရားကို ဂုဏ်တင်​ကြတယ်။ ဘုရားကို ချစ်ကြောင်း ပြ​ကြတယ်။ (ရော. ၁၂:၁၊ ၂။ ၁ ယော. ၅:၃) ဝတ်ပြု​ကိုးကွယ်သူ​တွေ ပုံဆောင်​ပြည်​ကို ကြိုးစား​အလှဆင်​နေကြတာ​ကို မြင်တဲ့အခါ ယေဟောဝါ သိပ်​ပျော်ရွှင်​မှာ​ပဲ။ စဉ်းစား​ကြည့်ပါ– ဘဝမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ကျွန်တော်တို့ ဦးစား​ထားတဲ့အခါ ပုံဆောင်​ပရဒိသုကို အလှဆင်​နေ​ရုံ မဟုတ်ဘဲ ယေဟောဝါရဲ့ စိတ်တော်ကို ရွှင်လန်း​နေ​စေ​ကြတာပါ။—ပညာ. ၂၇:၁၁

ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို တက်တက်ကြွကြွ ထောက်မနေသရွေ့ ပုံဆောင်ပြည်ထဲမှာ နေထိုင်နေတာပါ (စာပိုဒ် ၁၃၊ ၁၄ ကို ကြည့်ပါ)

ပြည်​ကို ဘယ်​အချိန်မှာ၊ ဘာကြောင့်၊ ဘယ်လိုနည်းနဲ့ ဂေါဂ​မင်း ကျူးကျော်​မလဲ

၁၅၊ ၁၆။ ပြန်လည်​တည်ထောင်​ထားတဲ့ ပုံဆောင်​ပြည်​ကို မာဂေါဂ​ပြည်သား ဂေါဂ ဘယ်​အချိန် ကျူးကျော်​မလဲ။

၁၅ ပုံဆောင်​ပြည်​ကို မြေကြီး​တိုင်းနိုင်ငံတွေ မကြာခင် ကျူးကျော်​မ​ယ်။ ကြို​ဟောထားတဲ့ ဒီ​ကျူးကျော်​တိုက်ခိုက်မှုဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူ ကျွန်တော်တို့နဲ့လည်း ပတ်သက်​နေတယ်။ ဒါကြောင့် ကျူးကျော်မှု​အကြောင်း အလေးအနက် စဉ်းစား​သင့်ပါတယ်။ မေးခွန်း​သုံးခု သုံးသပ်​ကြည့်ပါ။

၁၆ ပြန်လည်​တည်ထောင်​ထားတဲ့ ပုံဆောင်​ပြည်​ကို မာဂေါဂ​ပြည်သား ဂေါဂ ဘယ်​အချိန် ကျူးကျော်​မလဲ။ “အဆုံးပိုင်း​ကာလ ရောက်တဲ့အခါ . . . ပြည်ကို ကျူးကျော်​လိမ့်မယ်” လို့ ပရောဖက်ပြုချက်မှာ ဖော်ပြ​ထားတယ်။ (ယေဇ. ၃၈:၈) လောကစနစ်ရဲ့ အဆုံးပိုင်း​လေးမှာ ကျူးကျော်​မှာ​ဖြစ်ကြောင်း ဒီ​အချက်​က ဖော်ပြတယ်။ ကြီးစွာသောဒုက္ခဟာ မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး အင်ပါယာ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီးခြင်းနဲ့ စတင်​မှာ​ဖြစ်ကြောင်း သတိရပါ။ မှားယွင်းတဲ့ ဘာသာရေး​အဖွဲ့အစည်း​တွေ ဖျက်ဆီး​ခံရ​ပြီးနောက်၊ အာမဂေဒုန် မစတင်​ခင်မှာ စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူတွေကို ဂေါဂ နောက်ဆုံး​အကြိမ် မီးကုန်ယမ်းကုန် တိုက်ခိုက်​မ​ယ်။

၁၇၊ ၁၈။ ကြီးစွာသောဒုက္ခ​အတွင်း ကိစ္စရပ်​တွေကို ယေဟောဝါ ဘယ်လို စီမံ​ညွှန်ကြား​မလဲ။

၁၇ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ နေထိုင်တဲ့ ပြန်လည်​တည်ထောင်​ထားတဲ့ ပြည်​ကို ဂေါဂ ဘာကြောင့် ကျူးကျော်​မလဲ။ ယေဇကျေလ ပရောဖက်ပြုချက်မှာ အကြောင်းရင်း​နှစ်ခု ဖော်ပြ​ထားတယ်– ပထမ၊ ယေဟောဝါရဲ့ စီမံ​ညွှန်ကြားမှု။ ဒုတိယ၊ ဂေါဂရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်များ။

၁၈ ယေဟောဝါရဲ့ စီမံ​ညွှန်ကြားမှု။ (ယေဇကျေလ ၃၈:၄၊ ၁၆ ကိုဖတ်ပါ။) “မင်းရဲ့ မေးရိုး​ကို ချိတ်​နဲ့ ချိတ်” ပြီး “ငါ့​ပြည်​ကို တိုက်ခိုက်​ဖို့ မင်းကို ငါ​ခေါ်​လာမယ်” ဆိုပြီး ဂေါဂ​နဲ့​ပတ်သက်ပြီး ယေဟောဝါ မိန့်ဆိုတာ သတိပြုပါ။ ယေဟောဝါ​က မိမိကို ဝတ်ပြု​ကိုးကွယ်တဲ့​သူတွေကို တိုက်ခိုက်​ဖို့ တိုင်းနိုင်ငံတွေကို ဖိအား​ပေးမယ်လို့ ဆိုလို​သလား။ မဆိုလို​ပါဘူး။ ဘုရားက မိမိ​လူမျိုးကို ဘယ်တော့မှ ရန်​သူ့​လက်ထဲ အပ်​မှာ မဟုတ်ဘူး။ (ယောဘ ၃၄:၁၂) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေကို ရန်သူတွေ မုန်း​မှာ၊ အခွင့်အရေး ရှာပြီး ချေမှုန်း​ပစ်​မှာ​ကို ယေဟောဝါ သိတယ်။ (၁ ယော. ၃:၁၃) ဂေါဂရဲ့ မေးရိုး​ကို ချိတ်​နဲ့ ချိတ်​ပြီး ခေါ်သွား​သလို ယေဟောဝါ​က ကိစ္စရပ်​တွေကို အလိုတော်အတိုင်း အချိန်ကိုက် ဖြစ်စေဖို့ စီမံ​ညွှန်ကြား​မ​ယ်။ မဟာ​ဗာဗုလုန် ဖျက်ဆီး​ခံရ​ပြီးနောက် တစ်ချိန်ချိန်မှာ တိုင်းနိုင်ငံ​တွေရဲ့ ရှိ​နှင့်​ပြီးသား အကြံအစည်​ကို အကောင်အထည်ဖော်​ဖို့ တစ်နည်းနည်းနဲ့ ယေဟောဝါ သွေးဆောင်​မ​ယ်။ အကြီးမားဆုံး စစ်ပွဲ အာမဂေဒုန်​ကို ဦးတည်​စေမယ့် နောက်ဆုံး​တိုက်ပွဲ​အတွက် သတ်မှတ်​ညွှန်ကြား​မ​ယ်။ ပြီးနောက် မိမိ​လူမျိုးကို ကယ်တင်မယ်။ အချုပ်အခြာအာဏာကို ချီးမြှောက်​မ​ယ်။ နာမတော်ကို သန့်ရှင်း​မြင့်မြတ်​စေမယ်။—ယေဇ. ၃၈:၂၃

တိုင်းနိုင်ငံတွေ​က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့ ဝတ်ပြုကိုးကွယ်သူ​အားလုံးကို မုန်းတီးတဲ့​အတွက် လုယက်​ဖို့ ကြံစည်​မ​ယ်

၁၉။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုကို ဂေါဂ ဘာကြောင့် တိုက်ခိုက်​လုယက်​မလဲ။

၁၉ ဂေါဂရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်များ။ တိုင်းနိုင်ငံတွေ​က “မကောင်းတဲ့ အကြံ​ကို ကြံစည်” မ​ယ်။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​သူတွေဟာ “အကာအကွယ် မဲ့နေတဲ့ မြို့ရိုး၊ ကန့်​လန့်​ကျင်၊ မြို့တံခါး မရှိတဲ့ ကျေးရွာတွေမှာ နေထိုင်​နေ​သူတွေ” လို ခုခံနိုင်စွမ်း မရှိ​ပုံ​ပေါက်​နေတယ်။ သူတို့​အပေါ် နှစ်​ရှည်​လ​များ ကိန်းအောင်း​နေတဲ့ ဒေါသ​နဲ့ မုန်းတီးစိတ်​ကို တိုင်းနိုင်ငံတွေ ထုတ်ဖော်​ကြမယ်။ ‘စည်းစိမ်ဥစ္စာ စုဆောင်းသူ​တွေ’ ကို “တိုက်ခိုက်​လုယက်​ပြီး တိုက်ရာပါ​ဥစ္စာတွေကို သိမ်းသွား” ကြမယ်။ (ယေဇ. ၃၈:၁၀-၁၂) ဘယ်​စည်းစိမ်​ဥစ္စာ​လဲ။ ယေဟောဝါရဲ့ လူမျိုးဟာ ဘုရားရေးရာ စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်။ အဖိုးတန်​ဆုံး ပိုင်ဆိုင်ရာ​ကတော့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ပါပဲ။ ယေဟောဝါ တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​ကြတယ်။ တိုင်းနိုင်ငံတွေ​က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို တန်ဖိုးထား​လို့ မဟုတ်ဘဲ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို​သာမက ဝတ်ပြု​ကိုးကွယ်သူ​အားလုံးကိုပါ မုန်းတီးတဲ့​အတွက် တိုက်ခိုက်​လုယက်​ကြ​မှာ ဖြစ်တယ်။

စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ဖယ်ရှားပစ်ဖို့ ဂေါဂ “မကောင်းတဲ့ အကြံကို ကြံစည်” တာဟာ အချည်းနှီး ဖြစ်မယ် (စာပိုဒ် ၁၉ ကို ကြည့်ပါ)

၂၀။ ပုံဆောင်​ပြည် ဒါမှမဟုတ် ပုံဆောင်​ပရဒိသုကို ဂေါဂ ဘယ်လို ကျူးကျော်​မလဲ။

၂၀ ပုံဆောင်​ပြည် ဒါမှမဟုတ် ပုံဆောင်​ပရဒိသုကို ဂေါဂ ဘယ်လို ကျူးကျော်​မလဲ။ တိုင်းနိုင်ငံတွေ​က ကျွန်တော်တို့​ဘဝ​လမ်းစဉ်​ကို နှောင့်ယှက်​ဖျက်ဆီး​ကြမယ်။ ဝတ်ပြုရေး​လုပ်ဆောင်မှုတွေကို ရပ်တန့်​အောင် လုပ်ကြ​လိမ့်မယ်။ ကျမ်းစာ​အမှန်တရား မှန်မှန် မရနိုင်​အောင် တားဆီး​ဖို့၊ အတူတကွ မ​စည်းဝေး​နိုင်အောင် ပိတ်ပင်​ဖို့၊ စည်းလုံးမှုကို ဖြိုခွဲ​ဖို့၊ ဘုရားသခင်​ဆီက သတင်းစကားကို ဇွဲရှိရှိ ကြေညာ​နေတာ ရပ်တန့်​သွားဖို့ ကြိုးစား​ကြ​လိမ့်မယ်။ ဒါတွေ​အားလုံး​က ပုံဆောင်​ပရဒိသုရဲ့ ပိုင်ဆိုင်ရာတွေ​ပါ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​အတူ စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူတွေကို ကမ္ဘာမြေပေါ်​ကနေ ဖယ်ရှား​ဖို့ တိုင်းနိုင်ငံတွေကို စာတန် သွေးထိုး​ပေးပါလိမ့်မယ်။

၂၁။ အနာဂတ်မှာ ကြုံတွေ့​ရမယ့်​အရာတွေ​အကြောင်း ယေဟောဝါ ကြိုတင်​သတိပေး​တာ​ကို ဘာကြောင့် ကျေးဇူးတင်​သလဲ။

၂၁ မာဂေါဂ​ပြည်သား ဂေါဂရဲ့ တိုက်ခိုက်မှုဟာ ဘုရားပေး ပုံဆောင်​ပြည်​ထဲ​က စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်သူ​အားလုံး​အပေါ် သက်ရောက်မှု ရှိမယ်။ အနာဂတ်မှာ ကြုံတွေ့​ရမယ့်​အရာတွေ​အကြောင်း ယေဟောဝါ ကြိုတင်​သတိပေး​ထားလို့ သိပ်​ကျေးဇူးတင်​ကြတယ်။ ကြီးစွာသောဒုက္ခ​ကို စောင့်မျှော်​နေရင်း စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ထောက်မဖို့၊ ဦးစား​ထားဖို့ စိတ်ပိုင်းဖြတ်​ထား​ကြရအောင်။ ဒီလိုလုပ်​တာ​က မျက်မှောက်ခေတ်မှာ ပြန်လည်​တည်ထောင်​ထားတဲ့ ပြည်​ကို အလှဆင်​နေတာ​နဲ့ တူတယ်။ နောက်​အခန်းမှာ ရှင်းပြမယ့်​အတိုင်း မ​ဝေး​တော့​တဲ့ အနာဂတ် အာမဂေဒုန်​စစ်ပွဲမှာ မိမိ​လူမျိုးနဲ့ နာမတော်မြတ်​အတွက် ယေဟောဝါ ဘယ်လို ရပ်တည်​ပေးမယ့်​အကြောင်းကို ကိုယ်တွေ့ မြင်ကြ​ရပါမယ်။

^ အပိုဒ်၊ 3 မာဂေါဂ​ပြည်သား ဂေါဂ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်​အချိန်မှာ၊ ဘယ်လို ဒေါသမီး ဟုန်းဟုန်းတောက်​မ​ယ့်​အကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိကြောင်းကို နောက်​အခန်းမှာ လေ့လာ​ကြမယ်။

^ အပိုဒ်၊ 4 ကင်းမျှော်စင် ၂၀၁၅ မေ​လ စာ ၂၇-၂၈ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

^ အပိုဒ်၊ 8 “ပင်လယ်​ကြီး [မြေထဲပင်လယ်] နဲ့ သန့်ရှင်းတဲ့​တောင်ကြား [ဘုရားသခင့် ဗိမာန်တော် ရှိခဲ့ဖူးတဲ့၊ ဘုရား​လူမျိုး ဝတ်ပြု​ကိုးကွယ်​ခဲ့​တဲ့ နေရာ] မှာ နန်းဆောင်​တွေ ဆောက်​လိမ့်မယ်” လို့ ဒံယေလ ၁၁:၄၅ မှာ ဖော်ပြ​ထားတဲ့​အတွက် ဘုရားလူမျိုးကို မြောက်ဘုရင် ပစ်မှတ်​ထားမယ်​ဆိုတာ သိရတယ်။

^ အပိုဒ်၊ 9 ဘုရားလူမျိုးကို ဖယ်ရှား​ဖို့ ကြံစည်မယ့် ခေတ်​သစ် “အဆီးရီးယား” ရဲ့ တိုက်ခိုက်မှု​အကြောင်းကိုလည်း ကျမ်းစာမှာ ဖော်ပြတယ်။ (မိ. ၅:၅) ဘုရား​လူမျိုး​တွေ​အပေါ် ကျရောက်​လာမယ့် တိုက်ခိုက်မှု လေးခု (မာဂေါဂ​ပြည်သား ဂေါဂ၊ မြောက်​ဘုရင်၊ ကမ္ဘာ့​အုပ်စိုးရှင်​တွေ၊ အဆီးရီးယား​တို့ရဲ့ တိုက်ခိုက်မှု) ဟာ တစ်မျိုးတည်း​သော တိုက်ခိုက်မှု​ကို နာမည်​အမျိုးမျိုးနဲ့ ဖော်ပြ​ထားခြင်း ဖြစ်တယ်။

^ အပိုဒ်၊ 10 ဗျာဒိတ် ၂၀:၇-၉ မှာပါတဲ့ “ဂေါဂ​နဲ့ မာဂေါဂ” အကြောင်း ဆွေးနွေးချက်​ကို ဒီ​စာအုပ် အခန်း ၂၂ ကို ကြည့်ပါ။