မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

‘မျက်နှာလေးခု ရှိတဲ့ သတ္တဝါတွေ’ က ဘယ်သူတွေလဲ

‘မျက်နှာလေးခု ရှိတဲ့ သတ္တဝါတွေ’ က ဘယ်သူတွေလဲ

ယေဇကျေလ ၁:၁၅

အာရုံစိုက်​ရာ။ သတ္တဝါတွေနဲ့ သူတို့ဆီက သင်ယူ​နိုင်ရာ​များ

၁၊ ၂။ မြေကြီးပေါ်​က ကျေးကျွန်တွေကို အမှန်တရား​အကြောင်း သင်ပေးတဲ့​အခါ သင်​ထောက်ကူ​တွေကို ယေဟောဝါ ဘာကြောင့် တစ်ခါတလေ​ သုံးသလဲ။

ကလေးငယ်​တွေ ရှိတဲ့ မိသားစု​တစ်စု စားပွဲမှာ ဝိုင်း​ထိုင်ပြီး ကျမ်းစာ လေ့လာ​နေ​ကြတယ်​လို့ မြင်ယောင်​ကြည့်ပါ။ ကျမ်းစာ​အမှန်တရား နားလည်​လာ​အောင် ကလေးတွေကို ကူညီ​ပေးဖို့ ဖခင်​က ရုပ်ပုံတွေ ပြ​နေ​တယ်။ ကလေးတွေရဲ့ အပြုံး​နဲ့ အားတက်သရော မှတ်ချက်​တွေ​က ဖခင်ရဲ့ သင်ကြားမှု အောင်မြင်​တာ​ကို ဖော်ပြတယ်။ ရုပ်ပုံတွေ သုံး​ခြင်းအားဖြင့် ယေဟောဝါ​အကြောင်း နားလည်​လာ​စေတယ်။ ဒီလို​မှ မဟုတ်ရင် ကလေးရဲ့ အသက်အရွယ်​ကြောင့် ဘယ်လိုမှ နားလည်​နိုင်မှာ မဟုတ်ဘူး။

အလားတူပဲ မမြင်​ရပေမဲ့ အမှန်တကယ် တည်ရှိရာ​တွေ​အကြောင်း လူ့​သားသမီးတွေကို သင်ပေးဖို့ သင်​ထောက်ကူ​တွေ ယေဟောဝါ သုံးခဲ့တယ်။ မဟုတ်​ရင် နားလည်​နိုင်မှာ မဟုတ်ဘူး။ ဥပမာ၊ ယေဟောဝါ​က မိမိ​အကြောင်း နက်နဲ​တဲ့ အမှန်တရား​တွေ ရှင်းပြဖို့ ယေဇကျေလ​ကို အံ့ဩစရာ ပုံရိပ်​တွေ​ပါတဲ့ စိတ်အာရုံ ပြခဲ့တယ်။ ရှေ့အခန်း​မှာ အဲဒီလို​ပုံရိပ်​တွေ​ပါတဲ့ စိတ်အာရုံ​တစ်ခု လေ့လာ​ခဲ့​ကြတယ်။ အခု စိတ်အာရုံ အပိုင်းတစ်ပိုင်း​ကို သတိပြု​ကြရအောင်။ အဓိပ္ပာယ်​ကို နားလည်ခြင်းက ယေဟောဝါနဲ့ ပို​ရင်းနှီး​စေဖို့ ကူညီပေး​ပုံကို သုံးသပ်ကြည့်​ကြရအောင်။

သတ္တဝါ​လေးပါး​နဲ့ တူတဲ့ အရာကို မြင်တယ်’

၃။ (က) ယေဇကျေလ ၁:၄၊ ၅ အရ စိတ်အာရုံမှာ ယေဇကျေလ ဘာ​မြင်ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ယေဇကျေလ ဘယ်လို မှတ်တမ်းတင်​ထားတာကို သတိပြုမိ​သလဲ။

ယေဇကျေလ ၁:၄၊ ၅ ကိုဖတ်ပါ။ ယေဇကျေလ​က “သတ္တဝါ​လေးပါး​နဲ့ တူတဲ့​အရာ” ကို ကောင်းကင်တမန်၊ လူ၊ တိရစ္ဆာန်​အသွင်​တွေ​နဲ့ ဖော်ပြတယ်။ သတ္တဝါတွေနဲ့ “တူတဲ့​အရာ” ကို မြင်တယ်​လို့ ဖော်ပြတဲ့​အခါ ယေဇကျေလ မှတ်တမ်း​တင်ထား​ပုံကို သတိပြုပါ။ ယေဇကျေလ အခန်းကြီး ၁ ပါ စိတ်အာရုံ​တစ်ခုလုံးကို ဖတ်တဲ့အခါ “တူတဲ့၊” “လို၊” “သဏ္ဌာန်” စတဲ့ အသုံးအနှုန်းတွေကို ထပ်ခါထပ်ခါ သုံး​ထားတာ သတိပြုမိ​ပါလိမ့်မယ်။ (ယေဇ. ၁:၁၃၊ ၂၄၊ ၂၆) မမြင်နိုင်ပေမဲ့ ကောင်းကင်မှာ အမှန်တကယ် တည်ရှိ​တဲ့​အရာ​တွေရဲ့ ဆင်တူချက်၊ ပုံရိပ်​လောက်​ကိုပဲ မြင်ခဲ့​ရ​ကြောင်း ယေဇကျေလ သဘော​ပေါက်တယ်။

။ (က) စိတ်အာရုံ​ကြောင့် ယေဇကျေလ ဘာ​ဖြစ်သွား​သလဲ။ (ခ) ခေရုဗိမ်​တွေ​အကြောင်း ယေဇ​ကျေလ ဘာသိ​ခဲ့​မှာ သေချာ​သလဲ။

စိတ်အာရုံ မြင်ကွင်း​တွေ၊ အသံ​တွေ​ကြောင့် ယေဇကျေလ အံ့ဩ​သွားမှာပဲ။ သတ္တဝါ​လေးပါး​ရဲ့ ပုံသဏ္ဌာန်​က “မီး​ကျီး​ခဲ​တွေ” နဲ့ တူတယ်။ မြန်ဆန်​တဲ့​ရွေ့လျား​မှု​က “လျှပ်စီး​တွေ တဖျတ်ဖျတ် လက်” နေ​သလိုပဲ။ အတောင်​ခတ်​သံ​က “ရေ​လုံး​ကြီးရဲ့ အသံ” လို၊ ရွေ့လျားမှု​က “စစ်ချီ​သံ​လို​ပဲ။” (ယေဇ. ၁:၁၃၊ ၁၄၊ ၂၄-၂၈။ “သတ္တဝါ​တွေကို ကျွန်တော် ဆ​က်​ကြည့်​နေတုန်း” လေးထောင့်ကွက်​ကို ကြည့်ပါ။) နောက်ပိုင်း စိတ်အာရုံ​တစ်ခုမှာ ဒီသတ္တဝါ​လေးပါး​ဟာ “ခေရုဗိမ်​တွေ၊” ခွန်အားကြီး ကောင်းကင်တမန်တွေ ဖြစ်ကြောင်း ယေဇကျေလ ဖော်ပြခဲ့တယ်။ (ယေဇ. ၁၀:၂) ယေဇကျေလ​ဟာ ပုရောဟိတ်​မိသားစုမှာ ကြီးပြင်း​လာတယ်။ ဒါကြောင့် ခေရုဗိမ်​တွေဟာ ဘုရား​ရောက်ရှိခြင်း​နဲ့ ဆက်နွှယ်​ကြောင်း၊ ဘုရား​အမှုတော် ဆောင်​သူတွေ ဖြစ်ကြောင်း ကောင်းကောင်း​သိခဲ့မှာ သေချာတယ်။—၁ ရာ. ၂၈:၁၈။ ဆာ. ၁၈:၁၀

‘တစ်ပါး​စီ​မှာ မျက်နှာ​လေးခု​စီ ရှိ’

။ (က) ခေရုဗိမ်​တွေ​နဲ့ မျက်နှာ​လေးခု​က ယေဟောဝါရဲ့ ကြီးမြတ်တဲ့ တန်ခိုးတော်​နဲ့ ဘုန်းတော်ကို ဘယ်လို ထင်ရှားစေ​သလဲ။ (ခ) စိတ်အာရုံရဲ့ ဒီအပိုင်း​က ဘုရားသခင့်​နာမတော် အဓိပ္ပာယ်​နဲ့​ပတ်သက်ပြီး ဘာကြောင့် အမှတ်ရ​စေ​သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ယေဇကျေလ ၁:၆၊ ၁၀ ကိုဖတ်ပါ။ ခေရုဗိမ်​တစ်ပါး​စီ​မှာ (လူ၊ ခြင်္သေ့၊ နွား၊ လင်းယုန်) မျက်နှာ​လေးခု​စီ ရှိတာကို ယေဇကျေလ သတိပြုမိတယ်။ မျက်နှာ​လေးခုကို မြင်​လိုက်ရ​တဲ့အခါ ယေဟောဝါရဲ့ သာလွန်​ထူးကဲ​တဲ့ တန်ခိုးတော်၊ ဘုန်းတော်​နဲ့​ပတ်သက်ပြီး ယေဇကျေလ စွဲမှတ်​သွားတယ်။ ဘာကြောင့်လဲ။ မျက်နှာ​တစ်ခုစီ​က ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်​တို့နဲ့ ပြည့်စုံတဲ့ သတ္တဝါ​ရဲ့ မျက်နှာ ဖြစ်တယ်။ ခြင်္သေ့​က ခံ့ညား​တဲ့ သားရဲတိရစ္ဆာန်။ နွား​က ကြီးမားတဲ့ အိမ်မွေး​တိရစ္ဆာန်။ လင်းယုန်​က ခွန်အား​ကြီးတဲ့​ငှက်။ လူက ဘုရားရဲ့ မြေကြီး​ဖန်ဆင်းရာတွေ​ထဲမှာ အထွတ်အထိပ်၊ မြေကြီးပေါ်​ရှိ တခြား​ဖန်ဆင်းရာ​အားလုံးကို အုပ်စိုးတဲ့​သူ။ (ဆာ. ၈:၄-၆) ခေရုဗိမ်​တစ်ပါးစီမှာ​ရှိတဲ့​ မျက်နှာ​​လေးခု​က ဖန်ဆင်းခံ​တွေကို​ ကိုယ်စား​ပြု​တဲ့​ တန်ခိုးကြီး​ သတ္တဝါ​ လေးပါးကို ပုံဆောင်တယ်။ ဒါတောင်မှ တန်ခိုးကြီး သတ္တဝါ​လေးပါးစလုံး အမြင့်မြတ်ဆုံး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ ပလ္လင်​အောက်မှာ​ပဲ ရှိနေကြ​တာ​ကို ယေဇကျေလ မြင်ခဲ့​ရတယ်။ ရည်ရွယ်တော်မူချက် ပြည့်စုံ​စေဖို့ ဖန်ဆင်းရာတွေကို ယေဟောဝါ အသုံးပြုနိုင်​ကြောင်း ဖော်ပြတဲ့ သရုပ်ဖော်​ချက်​ပါပဲ။ * ယေဟောဝါနဲ့​ပတ်သက်ပြီး ဆာလံဆရာ ကြွေးကြော်​တဲ့​အတိုင်း “ဘုန်းတန်ခိုး​တော်​လည်း မိုး​နဲ့ မြေထက် မြင့်မားတယ်။”—ဆာ. ၁၄၈:၁၃

သတ္တဝါလေးပါးနဲ့ မျက်နှာလေးခုက ယေဟောဝါရဲ့ တန်ခိုးတော်၊ ဘုန်းတော်၊ ဂုဏ်ရည်တော်တို့အကြောင်း ဘာဖော်ပြသလဲ (စာပိုဒ် ၅၊ ၁၃ တို့ကို ကြည့်ပါ)

။ မျက်နှာ​လေးခု​ရဲ့ ထပ်ဆင့် တင်စားချက်​အကြောင်း နားလည်ဖို့ ယေဇကျေလ​ကို ဘာက ကူညီ​ပေးခဲ့တာ ဖြစ်နိုင်သလဲ။

အချိန်တွေ ကုန်လွန်​ပြီးနောက် မြင်ခဲ့တာတွေကို ယေဇကျေလ ပြန်​စဉ်းစားခဲ့တယ်။ သူ့​ခေတ်​မတိုင်ခင် ဘုရား​ကျေးကျွန်တွေ​က တင်စား​တဲ့​သဘော​နဲ့ တိရစ္ဆာန်တွေကို သုံးခဲ့​ကြ​တာ ယေဇကျေလ အမှတ်​ရနိုင်တယ်။ ဥပမာ၊ ဘိုးဘေး​ယာကုပ်​က သား​ယုဒ​ကို ခြင်္သေ့၊ သား​ဗင်ယာမိန်​ကို ဝံပုလွေ​နဲ့ တင်စား​ခဲ့​တယ်။ (က. ၄၉:၉၊ ၂၇) ဘာကြောင့်လဲ။ ခြင်္သေ့​နဲ့ ဝံပုလွေ​တို့​က ဒီ​အမျိုးသားတွေရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ စရိုက်​လက္ခဏာ၊ ဂုဏ်ရည်တွေကို တင်စား​လို့​ပါပဲ။ မောရှေ ရေးခဲ့တဲ့ ဒီ​ဥပမာ​တွေ စိတ်ထဲ ပေါ်လာပြီး ခေရုဗိမ်​မျက်နှာ​တွေ​က​လည်း ထူးခြားတဲ့ အရည်အသွေး၊ ဂုဏ်ရည်လက္ခဏာတွေ​ကို တင်စားတာ ဖြစ်ရမယ်​လို့ ယေဇကျေလ ကောက်ချက်ချ​မိ​မှာ​ပဲ။ ဘယ်​ဂုဏ်ရည်တွေ​လဲ။

ယေဟောဝါနဲ့ ကောင်းကင်​မိသားစုရဲ့ ဂုဏ်ရည်များ

၇၊ ၈။ ခေရုဗိမ်​မျက်နှာ​လေးခုက တစ်ခါတရံ ဘယ်​ဂုဏ်ရည်တွေ​နဲ့ ဆက်စပ်နေ​သလဲ။

ယေဇကျေလ​ခေတ်​မတိုင်ခင် အသက်ရှင်​ခဲ့​ကြ​တဲ့ ကျမ်း​ရေးသူတွေ​က ခြင်္သေ့၊ လင်းယုန်၊ နွား​တို့ကို ဘယ်အရည်အသွေးတွေ​နဲ့ ဆက်စပ်​ဖော်ပြခဲ့​ကြသလဲ။ ဒီ​ကျမ်းပိုဒ်​တွေကို သတိပြု​ကြည့်ပါ– “ခြင်္သေ့​လို ရဲရင့်​တဲ့​စိတ်ဓာတ်ရှိ​သူတွေ။” (၂ ရှ. ၁၇:၁၀။ ပညာ. ၂၈:၁) “လင်းယုန်​က . . . အထက်​ကို ပျံသန်း” ပြီး “ဟိုးအဝေး​ကြီး​ကို လှမ်း​မြင်နိုင်တယ်။” (ယောဘ ၃၉:၂၇၊ ၂၉) “နွားထီး​ရဲ့ ခွန်အား​ကြောင့် သီးနှံ​တွေ အလျှံပယ်​ထွက်တာ။” (ပညာ. ၁၄:၄) ဒီ​ကျမ်းပိုဒ်​တွေကို အခြေခံပြီး ခြင်္သေ့​မျက်နှာကို ရဲရင့်မှု​နဲ့ တရား​မျှတမှု၊ လင်းယုန်​မျက်နှာကို မြော်မြင်​နိုင်တဲ့ ဉာဏ်ပညာ၊ နွား​မျက်နှာကို ခွန်အား​အဖြစ် ကျွန်တော်တို့ရဲ့ စာပေတွေမှာ မကြာခဏ ဖော်ပြခဲ့တယ်။

ဒါဆိုရင် “လူ​မျက်နှာ” က ဘာလဲ။ (ယေဇ. ၁၀:၁၄) တိရစ္ဆာန်တွေ တင်ပြ​နိုင်တဲ့ အရည်အသွေး မဟုတ်ဘဲ ဘုရား​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ခံ​ထားရတဲ့ လူသားတွေ​ပဲ တင်ပြ​နိုင်တဲ့ အရည်အသွေးကို ရည်ညွှန်း​နေတာ ဖြစ်ရမယ်။ (က. ၁:၂၇) “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ . . . ချစ်ပါ၊” “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ” ဆိုတဲ့ ဘုရား​ပညတ်​မှာ လူသားတွေမှာ​ပဲ ရှိတဲ့ ထူးခြားတဲ့ အရည်အသွေးကို တွေ့ရတယ်။ (တရား. ၆:၅။ ဝတ်. ၁၉:၁၈) ကိုယ်ကျိုးစွန့် မေတ္တာ​ပြခြင်းအားဖြင့် ဒီ​ပညတ်​တွေကို ကျွန်တော်တို့ လိုက်နာတဲ့အခါ ယေဟောဝါရဲ့ မေတ္တာတော်ကို ရောင်ပြန်ဟပ်​နေ​ကြတာပါ။ တမန်တော်​ယောဟန် ရေးခဲ့​သလို “ဘုရားသခင်က အရင်​ဦးဆုံး ချစ်​ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်​ကြတာပါ။” (၁ ယော. ၄:၈၊ ၁၉) ဒါကြောင့် “လူ​မျက်နှာ” က ချစ်ခြင်း​မေတ္တာကို တင်စား​ပါတယ်။

၉။ ခေရုဗိမ်​မျက်နှာ​တွေ​နဲ့ ဆက်စပ်​နေတဲ့ ဂုဏ်ရည်တွေ​က ဘယ်သူ့​ဂုဏ်ရည်တွေ​လဲ။

ဒီ​ဂုဏ်ရည်တွေ​က ဘယ်သူ့​ဂုဏ်ရည်တွေ​လဲ။ ခေရုဗိမ်​တွေ​က ကောင်းကင်တမန်တွေကို ကိုယ်စားပြုတာမို့ စိတ်အာရုံပါ ခေရုဗိမ်​တွေရဲ့ ဂုဏ်ရည်တွေဟာ ယေဟောဝါရဲ့ ကောင်းကင်​မိသားစုဝင် သစ္စာရှိ နာမ်ဝိညာဉ်သား​အားလုံးရဲ့ ဂုဏ်ရည်တွေ ဖြစ်ပါတယ်။ (ဗျာ. ၅:၁၁) ဒီ့ပြင် ယေဟောဝါဟာ ခေရုဗိမ်​တွေရဲ့ အသက်​ရင်းမြစ် ဖြစ်လို့ သူတို့​မှာ​ရှိတဲ့ ဂုဏ်ရည်အားလုံးရဲ့ ရင်းမြစ်​လည်း ဖြစ်ပါတယ်။ (ဆာ. ၃၆:၉) ဒါကြောင့် ခေရုဗိမ်​တွေရဲ့ မျက်နှာ​က ယေဟောဝါ​ကိုယ်တိုင်ရဲ့ ဂုဏ်ရည်တော်​တွေကို တင်စား​ပါတယ်။ (ယောဘ ၃၇:၂၃။ ဆာ. ၉၉:၄။ ပညာ. ၂:၆။ မိ. ၇:၁၈) ဒီ​ထူးခြားတဲ့ ဂုဏ်ရည်တော်​တွေကို ယေဟောဝါ ပြ​တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။

၁၀၊ ၁၁။ ယေဟောဝါရဲ့ အဓိက ဂုဏ်ရည်တော်​လေးပါး​အကြောင်း ဖော်ပြချက်​တွေ​ကနေ အကျိုး​ခံစား​နေရတဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။

၁၀ တရား​မျှတမှု။ “တရား​မျှတမှု​ကို မြတ်နိုး” တဲ့ ဘုရား ယေဟောဝါဟာ “မျက်နှာမလိုက်​တဲ့ အရှင်” ပါ။ (ဆာ. ၃၇:၂၈။ တရား. ၁၀:၁၇) ဒါကြောင့် ကျွန်တော်တို့ ဘယ်လို ဘဝနောက်ခံ​ပဲ ရှိပါစေ ဘုရား​ကျေးကျွန်တွေ ဖြစ်လာဖို့၊ ဆက်ဖြစ်​နေဖို့၊ အဆုံးမဲ့ ကောင်းချီးတွေ ခံစားဖို့ အခွင့်အရေး ရှိ​ကြတယ်။ ဉာဏ်ပညာ။ “ဉာဏ်ပညာ​ရှိ” တဲ့ ဘုရား ယေဟောဝါ​က “လက်တွေ့ကျ​ဉာဏ်ပညာ” အပြည့်​ပါတဲ့ ကျမ်းစာ ပြင်ဆင်​ပေး​ထားတယ်။ (ယောဘ ၉:၄။ ပညာ. ၂:၇) ကျမ်းစာပါ ပညာရှိ​လမ်းညွှန်ချက်တွေကို လက်တွေ့​ကျင့်သုံးခြင်းက နေ့စဉ် ဘဝ​ပြဿနာတွေကို ဖြေရှင်းဖို့၊ အဓိပ္ပာယ်ရှိရှိ အသက်ရှင်ဖို့ ကူညီပေး​တယ်။ တန်ခိုး။ “တန်ခိုးကြီး” တဲ့ ဘုရား ယေဟောဝါ​က ကျွန်တော်တို့ကို “သာမန်​ထက်​ထူးကဲ​တဲ့ တန်ခိုး” ပေးဖို့ သန့်ရှင်းသော စွမ်းအားတော်ကို အသုံးပြုတယ်။ ဘယ်လောက်​ပဲ ပြင်းထန်​ခက်ခဲတဲ့ စမ်းသပ်မှု​မျိုး ကြုံရပါစေ အောင်မြင်​ကျော်လွှား​နိုင်အောင် ကျွန်တော်တို့ကို ခွန်အား​ရှိစေတယ်။—နာ. ၁:၃။ ၂ ကော. ၄:၇။ ဆာ. ၄၆:၁

၁၁ ချစ်ခြင်း​မေတ္တာ။ “ခိုင်မြဲ​တဲ့​မေတ္တာ ကြီးမား” တဲ့ ဘုရား ယေဟောဝါ​က သစ္စာရှိ ဝတ်ပြု​ကိုးကွယ်သူတွေကို ဘယ်တော့မှ မစွန့်​ဘူး။ (ဆာ. ၁၀၃:၈။ ၂ ရှ. ၂၂:၂၆) ကျန်းမာရေး မကောင်း​လို့၊ အသက်​ကြီးလာ​လို့ အရင်က​လောက် အမှု​မ​ဆောင်​နိုင်​တော့​တဲ့အခါ​မှာ​တောင် ကျွန်တော်တို့ ပြခဲ့​ဖူး​တဲ့​မေတ္တာကို ယေဟောဝါ အမှတ်ရ​ကြောင်း သိရခြင်းက နှစ်သိမ့်မှု ဖြစ်စေတယ်။ (ဟီ. ၆:၁၀) ယေဟောဝါရဲ့ တရား​မျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုး၊ ချစ်ခြင်း​မေတ္တာ​တို့​ကနေ ကျွန်တော်တို့ အကျိုးကျေးဇူး​များစွာ ရခဲ့​ကြ​ပါပြီ။ အနာဂတ်​မှာလည်း ဒီ​အရေးကြီးတဲ့ ဂုဏ်ရည်တော်​လေးပါး​ကနေ အကျိုး​ခံစား​ကြ​ရဦး​မှာပါ။

၁၂။ ယေဟောဝါရဲ့ ဂုဏ်ရည်တော်​တွေ​အကြောင်း နားလည်​နိုင်စွမ်း​နဲ့​ပတ်သက်ပြီး ဘာကို သတိရ​သင့်သလဲ။

၁၂ လူသားတွေ​အနေနဲ့ ယေဟောဝါရဲ့ ဂုဏ်ရည်တော်​တွေ​အကြောင်း “အရိပ်အမြွက်​ပဲ” နားလည်​နိုင်ကြတယ်​ဆိုတာ သတိ​ရသင့်တယ်။ (ယောဘ ၂၆:၁၄) “ကိုယ်တော့်​ကြီးမြတ်မှု​ကို စိစစ်​လို့ မကုန်​နိုင်” လို့ “အနန္တ​တန်ခိုးရှင်​အကြောင်း ကျွန်တော်တို့ အပြည့်အဝ နားမလည်​နိုင်​ဘူး။” (ယောဘ ၃၇:၂၃။ ဆာ. ၁၄၅:၃) ဒါကြောင့် ယေဟောဝါရဲ့ ဂုဏ်ရည်တော်​တွေကို ရေတွက်​လို့၊ ခွဲခြား​သတ်မှတ်​လို့ မရဘူး။ (ရောမ ၁၁:၃၃၊ ၃၄ ကိုဖတ်ပါ။) ဘုရား​ဂုဏ်ရည်တော်​တွေဟာ အရေအတွက်၊ အတိုင်းအတာ အကန့်အသတ် မရှိကြောင်း ယေဇကျေလ စိတ်အာရုံ​က ဖော်ပြတယ်။ (ဆာ. ၁၃၉:၁၇၊ ၁၈) ဒီ​အရေးကြီး​အမှန်တရားကို စိတ်အာရုံရဲ့ ဘယ်​အပိုင်း​က ပေါ်လွင်​စေ​သလဲ။

‘မျက်နှာ​လေးခု အတောင်​လေးခု

၁၃၊ ၁၄။ ခေရုဗိမ်​မျက်နှာ​လေးခု​က ဘာကို ကိုယ်စားပြု​သလဲ။ ဘာကြောင့် ဒီလို​ကောက်ချက် ချ​နိုင်သလဲ။

၁၃ မျက်နှာ​တစ်ခုတည်း မဟုတ်ဘဲ လေးခု​တောင် ရှိတဲ့ ခေရုဗိမ်​တွေကို စိတ်အာရုံမှာ ယေဇကျေလ မြင်ခဲ့တယ်။ ဒါက ဘာကို ဖော်ပြသလဲ။ ကျမ်းစာမှာ ပြည့်ဝ​စုံလင်ခြင်း​ကို ဖော်ပြဖို့ လေး​ဂဏန်း​ကို မကြာခဏ သုံး​ကြောင်း သတိရပါ။ (ဟေရှာ. ၁၁:၁၂။ မ. ၂၄:၃၁။ ဗျာ. ၇:၁) ဒီ​စိတ်အာရုံမှာ ယေဇကျေလက လေး​ဂဏန်း​ကို ၁၁ ကြိမ်​ထက်​မနည်း ဖော်ပြ​ထားတယ်။ (ယေဇ. ၁:၅-၁၈) ဘာ​ကောက်ချက် ချ​နိုင်သလဲ။ ခေရုဗိမ်​လေးပါး​က သစ္စာရှိ နာမ်ဝိညာဉ်သား​အားလုံးကို ကိုယ်စားပြု​သလို မျက်နှာ​လေးခု​က​လည်း ယေဟောဝါ ပိုင်ဆိုင်သမျှ ဂုဏ်ရည်တော်​အားလုံးကို ကိုယ်စားပြု​တယ်။ *

၁၄ ခေရုဗိမ်​မျက်နှာ​လေးခု​မှာ ဂုဏ်ရည်လေးခု​ထက်မက ပါဝင်​ကြောင်း ဖော်ပြဖို့ စိတ်အာရုံပါ ဘီး​လေး​ဘီး​အကြောင်း နှိုင်းယှဉ်​သုံးသပ်​ကြည့်ပါ။ ဘီး​တိုင်း​ဟာ အလွန်​ထူးခြား​တယ်။ ဒါပေမဲ့ ဘီး​လေး​ဘီး​ကို ခြုံငုံကြည့်​လိုက်တဲ့အခါ သီးခြား​ဘီး​လေး​ဘီး မဟုတ်ဘဲ ရထား​အခြေ​တည်ရာ ဖြစ်လာတယ်။ အလားတူပဲ မျက်နှာ​လေးခုကို ခြုံငုံကြည့်​လိုက်တဲ့အခါ သီးခြား​ဂုဏ်ရည်လေးခု မဟုတ်ဘဲ အံ့ဖွယ်​ဂုဏ်ရည်တော်​အားလုံးရဲ့ အခြေ​တည်ရာ ဖြစ်လာတယ်။

သစ္စာရှိ​ကျေးကျွန်​အားလုံးရဲ့ အနီးအပါး​မှာ ယေဟောဝါ ရှိ

၁၅။ ဦးဆုံး စိတ်အာရုံ​ကနေ ဘယ်​အားရှိစရာ​ကောင်းတဲ့ အမှန်တရားကို ယေဇကျေလ သိခဲ့​ရသလဲ။

၁၅ ယေဟောဝါနဲ့ ယေဇကျေလရဲ့ ဆက်ဆံရေး​အကြောင်း အရေးကြီးတဲ့ အားရှိစရာ အမှန်တရားကို ဦးဆုံး စိတ်အာရုံ​ကနေ သိရတယ်။ ဘာ​အမှန်တရား​လဲ။ ဒီ​ကျမ်း​ရဲ့ အဖွင့်​စကားမှာ အဲဒီ​အမှန်တရားကို ဖော်ပြ​ထားတယ်။ “ခါလဒဲ​ပြည်” မှာ ရှိနေတဲ့​အကြောင်း ဖော်ပြပြီး​တဲ့​နောက် ယေဇကျေလ​က ကိုယ်တိုင် တွေ့ကြုံ​ရတာကို ဆက်ပြောတယ်– “ခါလဒဲ​ပြည် . . . မှာ ရှိနေတုန်း ကျွန်တော့်​အပေါ် ယေဟောဝါရဲ့ လက်တော် သက်ရောက်​လာတယ်။” (ယေဇ. ၁:၃) ယေဇကျေလ​က ဂျေရုဆလင်​မြို့မှာ မဟုတ်ဘဲ ဗာဗုလုန်​မှာ စိတ်အာရုံ ရခဲ့​တာ​ကို သတိပြုပါ။ * ဒီ​အချက်​က ယေဇကျေလ​ကို ဘာသိ​စေ​သလဲ။ ဂျေရုဆလင်​မြို့၊ ဗိမာန်တော်​တို့နဲ့ အလှမ်းဝေး​နေပြီး နိမ့်ကျတဲ့​ပြည်နှင်ခံ​တစ်ယောက် ဖြစ်ပေမဲ့ ယေဟောဝါနဲ့ ဝတ်ပြုရေး​ကနေ​တော့ အလှမ်းဝေး မနေပါဘူး။ ဘုရားကို စင်ကြယ်​စွာ ဝတ်ပြု​ကိုးကွယ်ခြင်း​ဟာ နေရာ၊ အခြေအနေ​တွေ​ပေါ် မ​မူတည်​ကြောင်း၊ ယေဇကျေလရဲ့ စိတ်နှလုံး အခြေအနေနဲ့ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​လို​တဲ့ ဆန္ဒ​ပေါ်မှာပဲ မူတည်​ကြောင်း ဗာဗုလုန်ပြည်​ရှိ ယေဇကျေလ​ဆီ ယေဟောဝါ ရောက်လာ​ခြင်းက ဖော်ပြ​နေ​တယ်။

၁၆။ (က) ယေဇကျေလ စိတ်အာရုံ​ကနေ နှစ်သိမ့်မှု​ဖြစ်စေတဲ့ ဘယ်​အာမခံချက် ရနိုင်သလဲ။ (ခ) ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်​ဖို့ ဘာက လှုံ့ဆော်​ပေး​သလဲ။

၁၆ ယေဇကျေလ သိခဲ့ရတဲ့ အမှန်တရားက ဒီနေ့ ကျွန်တော်တို့​အတွက် ဘာကြောင့် အလွန်​နှစ်သိမ့်မှု ဖြစ်​ရသလဲ။ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်တယ်​ဆိုရင် ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ၊ ဘယ်လောက်​ပဲ စိတ်ဖိစီးမှု ခံစားရ​ပါစေ၊ ဘယ်လို အခြေအနေ​မှာ​ပဲ အသက်ရှင်​ရ​ပါစေ ကျွန်တော်တို့​အနီးအပါး​မှာ ဘုရား ရှိနေမယ်​ဆိုတာကို စိတ်ချ​စေတယ်။ (ဆာ. ၂၅:၁၄။ တ. ၁၇:၂၇) ကျေးကျွန်​ယောက်​တိုင်း​အပေါ်​ထားတဲ့ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့​မေတ္တာ​ဟာ အလွန်​ကြီးမား​တာ​မို့ ကျွန်တော်တို့ကို လွယ်လွယ်နဲ့ အဆုံးရှုံး မခံ​ဘူး။ (ထွ. ၃၄:၆) ဒါကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့​မေတ္တာတော်နဲ့ ဘယ်တော့မှ မ​ဝေးကွာ​ဘူး။ (ဆာ. ၁၀၀:၅။ ရော. ၈:၃၅-၃၉) ဒီ့ပြင် ယေဟောဝါရဲ့ သန့်ရှင်း​မြင့်မြတ်မှုနဲ့ ထူးကဲ​သာလွန်​တဲ့ တန်ခိုးတော်​အကြောင်း စိတ်အာရုံ​က ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ရထိုက်​ကြောင်း သတိ​ရစေတယ်။ (ဗျာ. ၄:၉-၁၁) မိမိ​ကိုယ်တိုင်နဲ့ ဂုဏ်ရည်တော်​တွေ​အကြောင်း အရေးကြီး အမှန်တရား​တချို့ကို နားလည်ဖို့ စိတ်အာရုံ​တွေကို သင်​ထောက်ကူ​အဖြစ် ယေဟောဝါ အသုံးပြု​ခဲ့​တာ တကယ်​ကျေးဇူးတင်စရာ​ပါပဲ။ ယေဟောဝါရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တော်​တွေ​အကြောင်း နက်နက်နဲနဲ သိလာ​ခြင်းက ဘုရားနဲ့ ပို​ရင်းနှီး​လာ​စေတယ်။ စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှနဲ့ ချီးမွမ်း​ဝတ်ပြုဖို့ လှုံ့ဆော်​ပေး​တယ်။—လု. ၁၀:၂၇

ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ ဘယ်တော့မှ အလှမ်းမဝေးကြ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၇။ နောက်​အခန်း​တွေ​မှာ ဘယ်​မေးခွန်းတွေ ဆွေးနွေး​သုံးသပ်ကြ​မလဲ။

၁၇ ဝမ်းနည်းစရာကတော့ ယေဇကျေလ​ခေတ်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ညစ်ညူး​ခဲ့​တယ်။ ဘယ်လို ဖြစ်သွား​ရတာလဲ။ ယေဟောဝါ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ အတိတ်​ဖြစ်ရပ်တွေက ဒီနေ့​ခေတ် ကျွန်တော်တို့​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ ဒီ​မေးခွန်းတွေကို နောက်​အခန်း​တွေ​မှာ သုံးသပ်​သွားပါမယ်။

^ အပိုဒ်၊ 5 “ကိုယ်တော် ဖြစ်လာ​စေတယ်” လို့ အဓိပ္ပာယ်​ရတဲ့ ယေဟောဝါ​ဘုရားရဲ့ နာမတော်ကို သတ္တဝါ​တွေ​အကြောင်း ယေဇကျေလ သရုပ်ဖော်​ချက်​က အမှတ်ရ​စေတယ်။ ရည်ရွယ်တော်မူချက် ပြည့်စုံ​စေဖို့ ဖန်ဆင်းရာတွေကို လိုအပ်တာ​မှန်သမျှ ယေဟောဝါ ဖြစ်လာ​စေနိုင်​ကြောင်း နာမတော်​က ဖော်ပြတယ်။—ကမ္ဘာသစ် ဘာသာပြန်ကျမ်း နောက်ဆက်တွဲ က​၄ ကို ကြည့်ပါ။

^ အပိုဒ်၊ 13 နှစ်တွေ​တစ်လျှောက် ကျွန်တော်တို့ရဲ့ စာပေတွေမှာ ယေဟောဝါရဲ့ ဂုဏ်ရည်တော် ၅၀ လောက် လေ့လာ​ခဲ့​ကြတယ်။—ကျမ်းစာ​လေ့လာမှု​လမ်းညွှန်၊ ယေဟောဝါ​ဘုရားသခင်” ဆိုတဲ့ ခေါင်းစဉ်​အောက်​က “ယေဟောဝါရဲ့ အရည်အသွေး​များ” ခေါင်းစဉ်ငယ်မှာ ကြည့်ပါ။

^ အပိုဒ်၊ 15 “ခါလဒဲ​ပြည်၊ ခေဗာ​မြစ်​နားမှာ ရှိနေတုန်း ဆိုတဲ့ စကားက တခြား​အရာတွေ​ထက် အံ့ဩစရာ​ကောင်းတဲ့ အချိန်​အခါ​ကို ဖော်ပြတယ်။ . . . ဗာဗုလုန်ပြည်​မှာ ဘုရား ရောက်​ရှိနေတယ်​ဆိုတာ စိတ်​သက်သာရာရ​စရာ​ပါပဲ” လို့ ကျမ်းစာ​အနက်ဖွင့်သူ​တစ်ဦး ဆိုထားတယ်။