အခန်း ၇
“ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”
အာရုံစိုက်ရာ။ ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချခဲ့တဲ့ လူမျိုးခြားတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ သင်ယူနိုင်ရာ
၁၊ ၂။ (က) အစ္စရေးလူမျိုးဟာ ဘယ်လိုနည်းနဲ့ ဝံပုလွေအုပ်ထဲ ရောက်နေတဲ့ အဖော်မဲ့ သိုးငယ်လေးလို ဖြစ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) အစ္စရေးလူမျိုးနဲ့ ဘုရင်တွေ ဘာလုပ်ခဲ့ကြသလဲ၊၊
နှစ်ပေါင်းရာချီအတွင်း အစ္စရေးလူမျိုးဟာ ဝံပုလွေအုပ်ထဲ ရောက်နေတဲ့ အဖော်မဲ့ သိုးငယ်လေးလိုပဲ။ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုးတွေက အရှေ့ဘက်နယ်စပ်မှာ အစ္စရေးတွေကို ခြိမ်းခြောက်ထားကြတယ်။ အစ္စရေးလူမျိုးရဲ့ ထာဝရရန်သူ ဖိလိတိတွေက အနောက်ဘက်မှာ ခြေကုပ်ယူထားတယ်။ ကုန်သွယ်ရေး အင်ပါယာကြီးရဲ့ အချက်အချာမြို့၊ ချမ်းသာကြွယ်ဝပြီး အင်အားကြီးတဲ့ တိုင်ရာမြို့က မြောက်ဘက်မှာ။ တောင်ဘက်မှာတော့ ရှေးအီဂျစ်လူမျိုးတွေ ဖြန့်ကြက်နေထိုင်ပြီး ဖာရောက ဘုရားတစ်ပါးလို အုပ်ချုပ်နေတယ်။
၂ ယေဟောဝါအပေါ် အစ္စရေးတွေ မှီခိုအားထားတုန်းက သူတို့ကို ရန်သူတွေလက်ကနေ ဘုရား ကာကွယ်ပေးတယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးနဲ့ ဘုရင်တွေက ပတ်ဝန်းကျင်မှာရှိတဲ့ လူမျိုးခြားတွေကြောင့် သူတို့ကိုယ်သူတို့ ထပ်ခါထပ်ခါ ညစ်ညူးစေခဲ့ကြတယ်။ သစ္စာမဲ့ဘုရင်ဆိုး အာဟပ်ဟာ နမူနာတစ်ခုပါ။ ယုဒဘုရင် ယောရှဖတ်နဲ့ တစ်ခေတ်တည်းသား အာဟပ်က အစ္စရေးဆယ်နွယ်နိုင်ငံကို အုပ်စိုးတယ်။ ဥစ္စာဓန ကြွယ်ဝတဲ့ တိုင်ရာမြို့ကို ထိန်းချုပ်ထားတဲ့ ဆိုင်ဒုန်ဘုရင်ရဲ့ သမီးတော်တစ်ပါးနဲ့ ထိမ်းမြားထားတယ်။ အဲဒီအမျိုးသမီး ယေဇဗေလက အစ္စရေးပြည်မှာ ဗာလဝတ်ပြုမှု ထွန်းကားအောင် တစ်ယူသန်သန် လုပ်ဆောင်တယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို တစ်ခါနဲ့မှ မတူအောင် ၁ ဘု. ၁၆:၃၀-၃၃။ ၁၈:၄၊ ၁၉။
ယိုယွင်းစေဖို့ ခင်ပွန်းသည်အပေါ် ဩဇာလွှမ်းမိုးခဲ့တယ်။—၃၊ ၄။ (က) ဘယ်သူတွေဆီ ယေဇကျေလ အာရုံလှည့်သွားသလဲ၊၊ (ခ) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။
၃ မနာခံခြင်းရဲ့ အကျိုးဆက်တွေအကြောင်း မိမိလူမျိုးကို ယေဟောဝါ သတိပေးခဲ့ပြီးပြီ။ အခု ဘုရားရဲ့ သည်းခံနိုင်စွမ်း ကုန်သွားပြီ။ (ယေ. ၂၁:၇၊ ၁၀။ ယေဇ. ၅:၇-၉) ဘီစီ ၆၀၉ မှာ ဗာဗုလုန်စစ်တပ်က ကတိထားရာပြည်ကို တတိယအကြိမ် ပြန်လာတယ်။ နောက်ဆုံးအကြိမ် ကျူးကျော်ချိန်ကနေ ၁၀ နှစ်နီးပါး ကြာသွားပြီ။ ဒီတစ်ကြိမ်တော့ ဂျေရုဆလင်မြို့ရိုးတွေကို ဖြိုဖျက်ပြီး နေဗုခဒ်နေဇာအပေါ် ပုန်ကန်သူတွေကို ချေမှုန်းပစ်မှာ ဖြစ်တယ်။ ဝိုင်းရံမှု စတင်ပြီး ယေဇကျေလ ပရောဖက်ပြုချက်တွေ အသေးစိတ် ပြည့်စုံလာတဲ့အခါ ပရောဖက်က ကတိထားရာပြည်ဝန်းကျင်မှာရှိတဲ့ လူမျိုးခြားတွေဆီ အာရုံလှည့်သွားတယ်။
ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချတဲ့ လူမျိုးတွေဟာ မိမိတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကနေ ပြေးမလွတ်ကြ
၄ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရလို့ ယုဒလူမျိုးရဲ့ ရန်သူတွေ ဝမ်းမြောက်ကြမယ့်အကြောင်း၊ အသက်ရှင်လွတ်မြောက်သူတွေကို အကြိမ်ကြိမ် နှောင့်ယှက်မယ့်အကြောင်း ယေဇကျေလကို ယေဟောဝါ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချတဲ့၊ ဘုရားလူမျိုးကို ညှဉ်းပန်းနှိပ်စက်တဲ့ လူမျိုးခြားတွေဟာ မိမိတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကနေ ရှောင်လွှဲလို့ မရပါဘူး။ လူမျိုးခြားတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ လက်တွေ့ကျ ဘယ်သင်ခန်းစာတွေ သင်ယူနိုင်သလဲ။ လူမျိုးခြားတွေအကြောင်း ယေဇကျေလ ပရောဖက်ပြုချက်တွေက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ မျှော်လင့်ချက် ရှိစေသလဲ။
“လှောင်ပြောင်” ခဲ့ကြတဲ့ အစ္စရေးလူမျိုးရဲ့ ဆွေမျိုးများ
၅၊ ၆။ အမ္မုန်လူမျိုးနဲ့ အစ္စရေးလူမျိုး ဘယ်လို တော်စပ်သလဲ။
၅ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုးတွေဟာ တကယ်တော့ အစ္စရေးလူမျိုးနဲ့ ဆွေမျိုးတော်တယ်။ မိသားစုနှောင်ကြိုး၊ တူညီတဲ့ သမိုင်းတွေ ရှိခဲ့ပါလျက်နဲ့ ဒီလူမျိုးတွေက ဘုရားလူမျိုးအပေါ် အချိန်အကြာကြီး ရန်ဖွဲ့ပြီး “လှောင်ပြောင်” ခဲ့ကြတယ်။—ယေဇ. ၂၅:၆။
၆ အမ္မုန်လူမျိုးအကြောင်း သုံးသပ်ကြည့်ပါ။ အာဗြဟံ့တူ လောတနဲ့ သမီးငယ်ကနေ ဆင်းသက်လာသူတွေ ဖြစ်တယ်။ (က. ၁၉:၃၈) သူတို့ရဲ့ ဘာသာစကားဟာ ဘုရားလူမျိုး နားလည်နိုင်လောက်တဲ့အထိ ဟီဘရူးစကားနဲ့ အတော်နီးစပ်တယ်။ မိသားစုနှောင်ကြိုးကြောင့် အမ္မုန်လူမျိုးကို အစပြု မတိုက်ခိုက်ဖို့ အစ္စရေးလူမျိုးကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (တရား. ၂:၁၉) ဒါပေမဲ့ တရားသူကြီးတွေခေတ်မှာ အမ္မုန်လူမျိုးက မောဘဘုရင် ဧဂလုန်နဲ့ ပေါင်းပြီး အစ္စရေးတွေကို ဖိနှိပ်ခဲ့တယ်။ (သူကြီး. ၃:၁၂-၁၅၊ ၂၇-၃၀) နောက်ပိုင်း ရှောလု ဘုရင်ဖြစ်လာတဲ့အခါ အမ္မုန်လူမျိုးက အစ္စရေးတွေကို တိုက်ခိုက်ခဲ့တယ်။ (၁ ရှ. ၁၁:၁-၄) ဘုရင် ယောရှဖတ်ခေတ်မှာလည်း ကတိထားရာပြည်ကို ကျူးကျော်ဖို့ မောဘတွေကို စစ်ကူပြန်တယ်။—၂ ရာ. ၂၀:၁၊ ၂။
၇။ မောဘလူမျိုးက ဝမ်းကွဲတော်စပ်တဲ့ အစ္စရေးလူမျိုးကို ဘယ်လို ဆက်ဆံခဲ့သလဲ။
၇ မောဘလူမျိုးဟာလည်း လောတနဲ့ သမီးအကြီးကနေ ဆင်းသက်လာသူတွေ ဖြစ်တယ်။ (က. ၁၉:၃၆၊ ၃၇) မောဘပြည်သားတွေကို စစ်မတိုက်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (တရား. ၂:၉) ဒါပေမဲ့ မောဘတွေကတော့ ဒီလိုမဟုတ်ခဲ့ဘူး။ အီဂျစ်ကျွန်ဘဝကနေ လွတ်မြောက်လာတဲ့ ဝမ်းကွဲတော်စပ်သူတွေကို ကူညီပေးမယ့်အစား ကတိထားရာပြည်ကို မဝင်နိုင်အောင် တားဆီးကြတယ်။ မောဘဘုရင် ဗာလက်က အစ္စရေးလူမျိုးကို ကျိန်စာတိုက်ဖို့ ဗာလမ်ကို ငှားခဲ့တယ်။ ဗာလမ်က အစ္စရေးအမျိုးသားတွေ လိင်အကျင့်ယိုယွင်းမှုနဲ့ ရုပ်တုကိုးကွယ်မှု အပြစ်ကျူးလွန်စေဖို့ ဘယ်လို သွေးဆောင်ရမယ်ဆိုတာ ဗာလက်ကို သင်ပေးခဲ့တယ်။ (တော. ၂၂:၁-၈။ ၂၅:၁-၉။ ဗျာ. ၂:၁၄) မောဘတွေက ဆွေမျိုးတော်စပ်သူတွေကို ယေဇကျေလခေတ် ရောက်တဲ့အထိ ရာစုနှစ်ချီ ဖိနှိပ်ခဲ့တယ်။—၂ ဘု. ၂၄:၁၊ ၂။
၈။ ဧဒုံကို အစ္စရေးရဲ့ ညီအစ်ကိုဆိုပြီး ယေဟောဝါ ဘာကြောင့် ခေါ်ခဲ့သလဲ။ ဒါပေမဲ့ ဧဒုံလူမျိုး ဘယ်လို ပြုမူခဲ့သလဲ။
၈ ဧဒုံလူမျိုးက ယာကုပ်ရဲ့ အမြွှာ ဧသောကနေ ဆင်းသက်လာတာ။ ဧဒုံနဲ့ အစ္စရေးတို့ရဲ့ တော်စပ်မှုဟာ နီးစပ်လွန်းလို့ သူတို့ကို ညီအစ်ကိုတွေဆိုပြီး ယေဟောဝါ ခေါ်ခဲ့တယ်။ (တရား. ၂:၁-၅။ ၂၃:၇၊ ၈) ဒါတောင်မှ အီဂျစ်ပြည်ကနေ ထွက်လာချိန်ကစပြီး ဘီစီ ၆၀၇၊ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်အထိ ဧဒုံလူမျိုးက အစ္စရေးတွေကို ဖိနှိပ်ခဲ့တယ်။ (တော. ၂၀:၁၄၊ ၁၈။ ယေဇ. ၂၅:၁၂) ဧဒုံလူမျိုးက အစ္စရေးတွေ ဒုက္ခရောက်တာကို ဝမ်းသာရုံမက ဂျေရုဆလင်မြို့ကို လူဆိတ်ညံရာ ဖြစ်စေဖို့ ဗာဗုလုန်တွေကို တိုက်တွန်းခဲ့တယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ အစ္စရေးတွေကို ပိတ်ဆို့ပြီး ရန်သူ့လက်ထဲ အပ်ခဲ့ကြတယ်။—ဆာ. ၁၃၇:၇။ ဩ. ၁၁၊ ၁၄။
၉၊ ၁၀။ (က) အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုး ဘာဖြစ်သွားသလဲ။ (ခ) ဒီလူမျိုးဝင်အားလုံးဟာ အစ္စရေးလူမျိုးနဲ့ ရန်ဘက် မဟုတ်ကြောင်း ဘယ်ဥပမာတွေက ဖော်ပြသလဲ။
၉ မိမိလူမျိုးအပေါ် ဆွေမျိုးတော်စပ်သူတွေ ဆက်ဆံပုံအတွက် ယေဟောဝါ ဖြေရှင်းချက် တောင်းတယ်။ “အမ္မုန်လူမျိုးတွေကိုလည်း အရှေ့ပြည်သားတွေလက်ထဲ အပ်မယ်။ ဒါကြောင့် အမ္မုန်လူမျိုးကို တခြားလူမျိုးတွေ သတိရကြတော့မှာ မဟုတ်ဘူး” ဆိုပြီး မိန့်ဆိုခဲ့တယ်။ “မောဘပြည်ကို ငါတရားစီရင်မယ်။ ငါဟာ ယေဟောဝါဖြစ်မှန်း သူတို့ သိရကြလိမ့်မယ်” လို့လည်း မိန့်ဆိုခဲ့တယ်။ (ယေဇ. ၂၅:၁၀၊ ၁၁) ဂျေရုဆလင်မြို့ ကျဆုံးပြီး ငါးနှစ်လောက်အကြာမှာ အမ္မုန်နဲ့ မောဘကို ဗာဗုလုန်တွေ သိမ်းပိုက်လိုက်တဲ့အခါ ဒီပရောဖက်ပြုချက်တွေ စပြည့်စုံလာတယ်။ ဧဒုံနဲ့ပတ်သက်ပြီး “ပြည်ထဲက လူသူတိရစ္ဆာန်တွေကို ပယ်ရှင်းပြီး လူသူကင်းမဲ့စေမယ်” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၂၅:၁၃) ကြိုဟောထားတဲ့အတိုင်း အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုးတွေ ပျောက်ကွယ်သွားတယ်။—ယေ. ၉:၂၅၊ ၂၆။ ၄၈:၄၂။ ၄၉:၁၇၊ ၁၈။
၁၀ ဒါပေမဲ့ ဒီလူမျိုးဝင်အားလုံးဟာ ဘုရားလူမျိုးနဲ့ ရန်ဘက် မဟုတ်ခဲ့ကြပါဘူး။ ဥပမာ၊ ဘုရင်ဒါဝိဒ်တပ်က သူရဲကောင်းတွေထဲမှာ အမ္မုန်အမျိုးသား ဇေလက်၊ မောဘအမျိုးသား အိသမတို့ ပါတယ်။ (၁ ရာ. ၁၁:၂၆၊ ၃၉၊ ၄၆။ ၁၂:၁) မောဘအမျိုးသမီး ရုသဟာ ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်သူ ဖြစ်လာတယ်။—ရု. ၁:၄၊ ၁၆၊ ၁၇။
အလျော့ပေးလိုက်လျောမှု “ချောက်ကမ်းပါး” ထဲ ဘယ်တော့မှ ခြေမလှမ်းမိပါစေနဲ့
၁၁။ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုးတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၁ ဒီလူမျိုးခြားတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။ ဦးဆုံး၊ အစ္စရေးလူမျိုး သတိမဲ့သွားတဲ့အခါ မောဘဘုရား ပေဂုလ၊ အမ္မုန်ဘုရား မောလုတ်စတဲ့ နတ်ဘုရား ကိုးကွယ်ခြင်းတွေလို ဆွေမျိုးတွေရဲ့ မှားယွင်းတဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေ မသိမသာ စိမ့်ဝင်လာတယ်။ (တော. ၂၅:၁-၃။ ၁ ဘု. ၁၁:၇) အလားတူ အခြေအနေမျိုး ကျွန်တော်တို့မှာလည်း ဖြစ်နိုင်တယ်။ အလျှော့ပေးလိုက်လျောဖို့ မယုံကြည်သူဆွေမျိုးတွေ ဖိအားပေးတာ ကြုံရနိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ အီစတာပွဲ မကျင်းပတဲ့ အကြောင်းရင်း၊ ခရစ်စမတ်မှာ လက်ဆောင် ဖလှယ်တာတွေ မလုပ်တဲ့ အကြောင်းရင်း၊ မှားယွင်းတဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့ ဆက်စပ်နေတဲ့ ရေပန်းစားတဲ့ ထုံးတမ်းဓလေ့တွေမှာ မပါဝင်တဲ့ အကြောင်းရင်းတွေကို သူတို့ နားမလည်ကြဘူး။ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ရင်တောင် ကျွန်တော်တို့ရဲ့ စံနှုန်းတွေကို လျှော့ချဖို့ ကြိုးစားကြလိမ့်မယ်။ ဒီလိုဖိအားတွေကို ဘယ်တော့မှ အလျှော့မပေးမိဖို့ အရေးကြီးတယ်။ အလျှော့ပေးလိုက်လျောမှု “ချောက်ကမ်းပါး” ထဲ ခြေတစ်လှမ်း လှမ်းမိရင်တောင် အန္တရာယ်ရှိတယ်ဆိုတာကို အစ္စရေးလူမျိုးအဖြစ်က သင်ပေးတယ်။
၁၂၊ ၁၃။ ဘယ်ဆန့်ကျင်မှုတွေ ကျွန်တော်တို့ ကြုံရနိုင်သလဲ။ ဒါပေမဲ့ ဆက်သစ္စာစောင့်သိရင် ဘာတွေ ဖြစ်လာနိုင်သလဲ။
၁၂ အမ္မုန်၊ မောဘ၊ ဧဒုံလူမျိုးနဲ့ အစ္စရေးလူမျိုးအဖြစ်ကနေ နောက်ထပ် သင်ခန်းစာ ယူနိုင်တယ်။ မယုံကြည်သူ မိသားစုဝင်တွေဆီက ပြင်းထန်တဲ့ ဆန့်ကျင်မှု ကျွန်တော်တို့ ကြုံရနိုင်တယ်။ ကျွန်တော်တို့ ဟောပြောတဲ့ သတင်းတရားက တစ်ခါတလေမှာ “အဖေနဲ့ သား၊ အမေနဲ့ သမီး” ကို “စိတ်ဝမ်းကွဲပြားစေ” နိုင်တယ်ဆိုပြီး ယေရှု သတိပေးထားတယ်။ (မ. ၁၀:၃၅၊ ၃၆) ဆွေမျိုးတွေကို အစပြု မတိုက်ခိုက်ဖို့ အစ္စရေးလူမျိုးကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။ ကျွန်တော်တို့လည်း မယုံကြည်သူ မိသားစုဝင်တွေနဲ့ ထိပ်တိုက်တွေ့တာမျိုး မလုပ်ကြပါဘူး။ ဆန့်ကျင်မှု ကြုံလာရင်လည်း မအံ့ဩသင့်ဘူး။—၂ တိ. ၃:၁၂။
၁၃ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တာကို ဆွေမျိုးတွေ တိုက်ရိုက်မဆန့်ကျင်ရင်တောင် ကျွန်တော်တို့အပေါ် ယေဟောဝါထက် သူတို့ ဩဇာလွှမ်းမိုးမှာကို ခွင့်မပြုရဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ ပထမနေရာကို ယေဟောဝါတစ်ပါးတည်းသာ ရထိုက်လို့ပါ။ (မဿဲ ၁၀:၃၇ ကိုဖတ်ပါ။) ဒါ့အပြင် ယေဟောဝါကို ကျွန်တော်တို့ ဆက်သစ္စာစောင့်သိရင် ဆွေမျိုးတချို့က ဇေလက်၊ အိသမ၊ ရုသတို့လို ကျွန်တော်တို့နဲ့အတူ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပူးပေါင်းလာနိုင်တယ်။ (၁ တိ. ၄:၁၆) သူတို့လည်း တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းကနေ ရွှင်လန်းမှု ခံစားရပြီး မေတ္တာတော်နဲ့ ကာကွယ်မှု ခံစားကြရပါမယ်။
ယေဟောဝါရဲ့ ရန်သူတွေ “ဒေါသတကြီး ဒဏ်ခတ်” ခံရ
၁၄၊ ၁၅။ အစ္စရေးလူမျိုးကို ဖိလိတိတွေ ဘယ်လို ဆက်ဆံခဲ့သလဲ။
၁၄ နောက်ပိုင်းမှာ အာဗြဟံနဲ့ သားစဉ်မြေးဆက်တွေအတွက် ယေဟောဝါ ကတိထားတဲ့ ပြည်ကို ကရေတေကျွန်းသား ဖိလိတိတွေ ပြောင်းရွှေ့ဝင်ရောက်လာကြတယ်။ အာဗြဟံနဲ့ အိဇက်တို့နှစ်ယောက်လုံး သူတို့နဲ့ အဆက်အဆံ လုပ်ခဲ့ကြရတယ်။ (က. ၂၁:၂၉-၃၂။ ၂၆:၁) ကတိထားရာပြည်ကို အစ္စရေးလူမျိုး ဝင်ရောက်ချိန်မှာ ဖိလိတိတွေဟာ ကြောက်မက်ဖွယ် စစ်အင်အားနဲ့ လူမျိုးကြီး ဖြစ်နေပြီ။ ဗာလဇေဗုပ်၊ ဒါဂုန်စတဲ့ အယူမှားဘုရားတွေ ကိုးကွယ်ကြတယ်။ (၁ ရှ. ၅:၁-၄။ ၂ ဘု. ၁:၂၊ ၃) အစ္စရေးတွေလည်း အဲဒီဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။—သူကြီး. ၁၀:၆။
၁၅ အစ္စရေးလူမျိုးရဲ့ သစ္စာမဲ့မှုကြောင့် ဖိလိတိတွေရဲ့ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံရဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ (သူကြီး. ၁၀:၇၊ ၈။ ယေဇ. ၂၅:၁၅) အစ္စရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး အများစုကို သတ်ဖြတ်ခဲ့ကြတယ်။ * (၁ ရှ. ၄:၁၀) ဒါပေမဲ့ အစ္စရေးတွေ နောင်တရပြီး ယေဟောဝါဆီ ပြန်လာတဲ့အခါ သူတို့ကို ဘုရား ကယ်တင်ခဲ့တယ်။ မိမိလူမျိုးကို ကယ်တင်ပေးဖို့ ရှံဆုန်၊ ရှောလု၊ ဒါဝိဒ် စတဲ့ အမျိုးသားတွေ ပေါ်ထွန်းစေခဲ့တယ်။ (သူကြီး. ၁၃:၅၊ ၂၄။ ၁ ရှ. ၉:၁၅-၁၇။ ၁၈:၆၊ ၇) ဖိလိတိပြည်ကို ဗာဗုလုန်နဲ့ နောက်ပိုင်းမှာ ဂရိတွေ ဝင်ရောက်ကျူးကျော်ခဲ့တယ်။ ယေဇကျေလ ကြိုပြောတဲ့အတိုင်း သူတို့ “ဒေါသတကြီး ဒဏ်ခတ်” ခံခဲ့ရတယ်။—ယေဇ. ၂၅:၁၅-၁၇။
၁၆၊ ၁၇။ ဖိလိတိတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။
၁၆ ဖိလိတိတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ ယေဟောဝါရဲ့ မျက်မှောက်ခေတ် ကျေးကျွန်တွေဟာ အင်အားကြီးနိုင်ငံတချို့ ဆန့်ကျင်တာကို ခံရတယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးနဲ့မတူဘဲ ယေဟောဝါအပေါ် သစ္စာစောင့်သိကြတယ်။ တစ်ခါတလေမှာတော့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ရန်သူတွေ အနိုင်ရပုံပဲ။ ဥပမာ၊ ၂၀ ရာစုအစပိုင်းမှာ ယေဟောဝါလူမျိုးရဲ့ လုပ်ငန်း ရပ်တန့်သွားစေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်အစိုးရက အဖွဲ့အစည်းမှာ ဆယ်စုနှစ်ချီ ဦးဆောင်ခဲ့သူတွေကို ထောင်ချလိုက်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီ နာဇီပါတီက ဘုရားလူမျိုးကို သုတ်သင်ဖယ်ရှားဖို့ ထောင်နဲ့ချီတဲ့သူတွေကို အကျဉ်းချခဲ့တယ်၊ လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ စစ်ပြီးတဲ့နောက်မှာ ဆိုဗီယက်ပြည်ထောင်စုက ညီအစ်ကိုတွေကို အလုပ်ကြမ်းစခန်းတွေဆီ ပို့ခြင်း၊ ဝေးလံခေါင်သီတဲ့ နေရာတွေဆီ နယ်နှင်ဒဏ်ပေးခြင်းအားဖြင့် ယေဟောဝါသက်သေတွေကို နှစ်အတော်ကြာ ဆန့်ကျင်ခဲ့တယ်။
၁၇ အစိုးရတွေက ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တာ၊ ဘုရားလူမျိုးကို ထောင်ချတာ၊ သတ်ဖြတ်တာတောင် လုပ်နိုင်တယ်။ ဒီအခြေအနေတွေကြောင့် ကြောက်စိတ် ဝင်တာ၊ ယုံကြည်ခြင်း ကင်းမဲ့သွားတာမျိုး ဖြစ်သင့်သလား။ မဖြစ်သင့်ပါဘူး။ သစ္စာရှိသူတွေကို ယေဟောဝါ ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။ (မဿဲ ၁၀:၂၈-၃၁ ကိုဖတ်ပါ။) ယေဟောဝါရဲ့ လူမျိုး တိုးတက်သည်ထက် တိုးတက်နေချိန်မှာ ဖိနှိပ်ချုပ်ချယ်တဲ့ အင်အားကြီးအစိုးရတွေ ပျောက်ကွယ်သွားတာ ကျွန်တော်တို့ တွေ့မြင်ခဲ့ကြပြီ။ မကြာခင် လူ့အစိုးရအားလုံး ဖိလိတိတွေရဲ့ အဖြစ်မျိုး ကြုံရတော့မယ်။ ယေဟောဝါကို မဖြစ်မနေ သိလာရကြမယ်။ ဖိလိတိတွေလို ပျောက်ကွယ်သွားကြမယ်။
“များပြားလှတဲ့ စည်းစိမ်တွေ” က တည်မြဲတဲ့ အကာအကွယ် မပေးနိုင်
၁၈။ ဘယ်လို အင်ပါယာမျိုးကို တိုင်ရာမြို့က ထိန်းချုပ်ထားသလဲ။
၁၈ ရှေးခေတ် စီးပွားရေးအင်ပါယာကြီးရဲ့ အချက်အချာနေရာမှာ တိုင်ရာမြို့ကို တည်ထားတယ်။ * အနောက်ဘက် မြေထဲပင်လယ်တစ်လျှောက်မှာ တိုင်ရာသင်္ဘောတွေရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရှိတယ်။ အရှေ့ဘက်မှာတော့ မနီးမဝေးက အင်ပါယာတွေနဲ့ ထိစပ်တဲ့အထိ ကုန်းတွင်းပိုင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ချဲ့ထွင်ထားတယ်။ ဒီလိုဝေးလံတဲ့ ဒေသတွေကရတဲ့ စည်းစိမ်တွေကို ရာစုနှစ်ချီ သိုမှီးခဲ့တယ်။ ကုန်သည်တွေ၊ အရောင်းအဝယ်သမားတွေ ချမ်းသာကြွယ်ဝလာကြလို့ သူတို့ကိုယ်သူတို့ မင်းညီမင်းသားတွေလို့တောင် ရှုမြင်လာကြတယ်။—ဟေရှာ. ၂၃:၈။
၁၉၊ ၂၀။ တိုင်ရာမြို့သားတွေနဲ့ ဂိဗောင်မြို့သားတွေ ဘာကွာခြားသလဲ။
၁၉ ဘုရင် ဒါဝိဒ်နဲ့ ရှောလမုန်တို့လက်အောက်မှာ အစ္စရေးလူမျိုးဟာ တိုင်ရာမြို့သားတွေနဲ့ စီးပွားရေးအရ ဆက်ဆံခဲ့ကြတယ်။ တိုင်ရာမြို့သားတွေက ဒါဝိဒ်ရဲ့ နန်းတော်၊ ရှောလမုန်ရဲ့ ဗိမာန်တော် ဆောက်လုပ်ရေးတွေမှာ ဝတ္ထုပစ္စည်းနဲ့ လက်မှုပညာသည်တွေ ကူညီထောက်ပံ့ခဲ့ကြတယ်။ (၂ ရာ. ၂:၁၊ ၃၊ ၇-၁၆) အစ္စရေးတွေရဲ့ အခြေအနေကောင်းချိန်ကို တိုင်ရာမြို့သားတွေ တွေ့မြင်ခဲ့ကြတယ်။ (၁ ဘု. ၃:၁၀-၁၂။ ၁၀:၄-၉) စဉ်းစားကြည့်ပါ– စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း သင်ယူဖို့၊ ယေဟောဝါကို သိကျွမ်းဖို့၊ စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ကိုယ်တွေ့ခံစားရဖို့ တိုင်ရာမြို့သားထောင်ချီမှာ အခွင့်အရေး ရှိတယ်။
၂၀ ဒီလိုအခွင့်အရေး ရှိပါလျက်နဲ့ တိုင်ရာမြို့သားတွေက ရုပ်ပစ္စည်းကိုပဲ သဲသဲမဲမဲ လိုက်စားကြတယ်။ ယေဟောဝါရဲ့ ကြီးမြတ်တဲ့အမှုတွေအကြောင်း ကြားရုံနဲ့ ဘုရားကျေးကျွန်တွေ ဖြစ်လာဖို့ လှုံ့ဆော်ခံခဲ့ရတဲ့ အင်အားကြီး ခါနန်လူမျိုး၊ ဂိဗောင်မြို့သားတွေကို သူတို့ အတုမယူကြဘူး။ (ယရ. ၉:၂၊ ၃၊ ၂၂–၁၀:၂) ဘုရားလူမျိုးကို ဆန့်ကျင်ပြီး တချို့ကို ကျွန်အဖြစ်တောင် ရောင်းစားခဲ့ကြတယ်။—ဆာ. ၈၃:၂၊ ၇။ ယောလ ၃:၄၊ ၆။ အာ. ၁:၉။
ရုပ်ပစ္စည်းတွေကို အကာအကွယ်ပေးတဲ့ မြို့ရိုးအဖြစ် ဘယ်တော့မှ မရှုမြင်လိုကြ
၂၁၊ ၂၂။ တိုင်ရာမြို့ ဘာဖြစ်ခဲ့သလဲ။ ဘာကြောင့်လဲ။
၂၁ ဆန့်ကျင်သူတွေကို ယေဇကျေလကတစ်ဆင့် ယေဟောဝါ ဒီလိုမိန့်ဆိုခဲ့တယ်– “တိုင်ရာမြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကို တိုက်ခိုက်ဖို့ လူမျိုးအများကြီးကို ပင်လယ်လှိုင်းလုံးတွေလို ငါ ခေါ်ဆောင်လာမယ်။ သူတို့က တိုင်ရာမြို့ရိုးတွေကို ဖျက်ဆီးပြီး မျှော်စင်တွေကို ဖြိုချလိမ့်မယ်။ ငါက မြေတွေကို ခြစ်ထုတ်ပြီး ကျောက်တလင်းပြင် ဖြစ်စေမယ်။” (ယေဇ. ၂၆:၁-၅) တိုင်ရာမြို့သားတွေက အကာအကွယ်ရဖို့ စည်းစိမ်ဥစ္စာကို ကိုးစားခဲ့ကြတယ်။ တိုင်ရာကျွန်းနိုင်ငံရဲ့ ပေ ၁၅၀ အမြင့်ရှိတဲ့ မြို့ရိုးတွေလို စည်းစိမ်ဥစ္စာက ကာကွယ်ပေးနိုင်တယ်လို့ ထင်ခဲ့ကြတယ်။ “သူဌေးအတွက် စည်းစိမ်ဟာ ခံတပ်မြို့ပဲ။ အကာအကွယ်ပေးတဲ့ မြို့ရိုးလို့ သူ ထင်တတ်တယ်” ဆိုတဲ့ ရှောလမုန်ရဲ့ သတိပေးချက်ကို သူတို့ သတိပြုခဲ့သင့်တယ်။—ပညာ. ၁၈:၁၁။
၂၂ ဗာဗုလုန်နဲ့ နောက်ပိုင်းမှာ ဂရိတွေအားဖြင့် ယေဇကျေလ ပရောဖက်ပြုချက် ပြည့်စုံချိန်မှာ မြို့ရဲ့ ကြွယ်ဝမှု၊ ပကတိမြို့ရိုးတွေရဲ့ အကာအကွယ် ပေးနိုင်စွမ်းတွေဟာ အချည်းနှီးပဲဆိုတာ တိုင်ရာမြို့သားတွေ သဘောပေါက်သွားတယ်။ ဗာဗုလုန်တွေက ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီးတဲ့နောက် တိုင်ရာမြို့ကို ၁၃ နှစ်ကြာ တိုက်ခိုက်ခဲ့တယ်။ (ယေဇ. ၂၉:၁၇၊ ၁၈) ဘီစီ ၃၃၂ မှာ မဟာအလက်ဇန္ဒားက ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ထင်ရှားတဲ့ အပိုင်းတစ်ပိုင်းကို ပြည့်စုံစေခဲ့တယ်။ * တိုင်ရာမြို့ရဲ့ ကုန်းတွင်းပိုင်း အပျက်အစီးတွေကို ခြစ်ထုတ်၊ ကျောက်တုံး၊ သစ်သား၊ မြေကြီးတွေကို ရေထဲ ပစ်ချပြီး ကျွန်းမြို့ကို ရောက်ဖို့ လမ်းဖောက်တယ်။ (ယေဇ. ၂၆:၄၊ ၁၂) အလက်ဇန္ဒားက မြို့ရိုးတွေ ဖြိုဖျက်၊ မြို့ကို လုယက်ဖျက်ဆီး၊ စစ်သားနဲ့ ပြည်သူပြည်သားထောင်ချီကို သတ်ဖြတ်ပြီး လူပေါင်းသောင်းချီကို ကျွန်အဖြစ် ရောင်းစားခဲ့တယ်။ တိုင်ရာမြို့သားတွေဟာ “များပြားလှတဲ့ စည်းစိမ်တွေ” က တည်မြဲတဲ့ အကာအကွယ် မပေးနိုင်မှန်း ခါးသီးစွာ သင်ယူခဲ့ရတယ်၊ ယေဟောဝါကို မဖြစ်မနေ သိလာရကြတော့တယ်။—ယေဇ. ၂၇: ၃၃၊၃၄။
၂၃။ တိုင်ရာမြို့သားတွေဆီက ဘာသင်ခန်းစာ ယူနိုင်သလဲ။
၂၃ တိုင်ရာမြို့သားတွေဆီက ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ “စည်းစိမ်ရဲ့ လှည့်စားမှု” ကြောင့် ရုပ်ပစ္စည်းကို အကာအကွယ်ပေးတဲ့ မြို့ရိုးအဖြစ် မကိုးစားချင်ကြပါဘူး။ (မ. ၁၃:၂၂) “ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။” (မဿဲ ၆:၂၄ ကိုဖတ်ပါ။) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်သူတွေပဲ လုံခြုံမှု အစစ်အမှန် ရကြတယ်။ (မ. ၆:၃၁-၃၃။ ယော. ၁၀:၂၇-၂၉) တိုင်ရာမြို့နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ သေချာပေါက် ပြည့်စုံခဲ့သလို လက်ရှိ လောကစနစ်ရဲ့ အဆုံးအကြောင်း ပရောဖက်ပြုချက်တွေလည်း အသေးစိတ်ကအစ ပြည့်စုံလာမယ်။ အတ္တကြီးပြီး ကိုယ့်အတွက်ပဲ စဉ်းစားတဲ့ ဒီလောက စီးပွားရေးစနစ်ကို ဘုရား ဖျက်ဆီးချိန်မှာ စည်းစိမ်ကြွယ်ဝမှုကို ကိုးစားသူတွေဟာ ယေဟောဝါကို မဖြစ်မနေ သိလာရကြလိမ့်မယ်။
နိုင်ငံရေးအင်အားစုဟာ “ကောက်ရိုးတစ်မျှင်” သာ ဖြစ်
၂၄-၂၆။ (က)အီဂျစ်ကို “ကောက်ရိုးတစ်မျှင်” လို့ ယေဟောဝါ ဘာကြောင့် ခေါ်ခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ဘုရင်ဇေဒကိ ဘယ်လို လျစ်လျူရှုခဲ့သလဲ။ ဘာရလဒ် ရခဲ့သလဲ။
၂၄ ယောသပ်ခေတ် မတိုင်ခင်ကတည်းက ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ စစ်ချီလာချိန်အထိ အီဂျစ်ဟာ ကတိထားရာပြည် ဝန်းကျင်ဒေသကို စစ်ရေးအရ အတော်လေး ဩဇာလွှမ်းမိုးထားတယ်။ ရှေးသမိုင်းကြောင်းကြောင့် အီဂျစ်ဟာ သက်တမ်းရင့် သစ်ပင်တစ်ပင်လို တည်ငြိမ်ခိုင်ခံ့နေတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယှဉ်လိုက်ရင်တော့ ချည့်နဲ့ပြီး “ကောက်ရိုးတစ်မျှင်” ထက် မပိုဘူး။—ယေဇ. ၂၉:၆။
၂၅ အယူဖောက်ပြန်တဲ့ ဘုရင်ဇေဒကိဟာ အီဂျစ်နဲ့ပတ်သက်ပြီး ဒီအချက်ကို သတိမပြုခဲ့ဘူး။ ဗာဗုလုန်ဘုရင်ကို လက်အောက်ခံဖို့ ဇေဒကိကို ပရောဖက်ယေရမိကတစ်ဆင့် ယေဟောဝါ တိုက်တွန်းခဲ့တယ်။ (ယေ. ၂၇:၁၂) နေဗုခဒ်နေဇာကို မပုန်ကန်ပါဘူး ဆိုပြီး ဇေဒကိက ယေဟောဝါနာမည်နဲ့တောင် သစ္စာဆိုခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လျစ်လျူရှုခဲ့တယ်။ နေဗုခဒ်နေဇာနဲ့ ကတိကို ဖျက်ပြီး ဗာဗုလုန်ကို တိုက်ဖို့ အီဂျစ်ကို စစ်ကူ တောင်းခဲ့တယ်။ (၂ ရာ. ၃၆:၁၃။ ယေဇ. ၁၇:၁၂-၂၀) ဒါပေမဲ့ အီဂျစ်စစ်အင်အားကို အားကိုးတဲ့ အစ္စရေးတွေဟာ ကိုယ့်ဒုက္ခကိုယ် ရှာကြတာပဲ။ (ယေဇ. ၂၉:၇) အီဂျစ်ဟာ ကြောက်မက်ဖွယ် “ပင်လယ်သတ္တဝါကြီး” ပုံပေါက်နေနိုင်တယ်။ (ယေဇ. ၂၉:၃၊ ၄) ဒါပေမဲ့ နိုင်းမြစ်ထဲက မိကျောင်းကို မုဆိုး ဖမ်းသလို အီဂျစ်ရဲ့ မေးရိုးကို ချိတ်တွေနဲ့ ချိတ်ပြီး ဖျက်ဆီးခြင်းဆီကို ဆွဲခေါ်သွားမယ်ဆိုပြီး ယေဟောဝါ ပြောခဲ့တယ်။ ဒီရှေးနိုင်ငံကို ဗာဗုလုန်တွေလက်ထဲ အပ်လိုက်ခြင်းအားဖြင့် ဘုရား ဒီအတိုင်း လုပ်ခဲ့တယ်။—ယေဇ. ၂၉:၉-၁၂၊ ၁၉။
၂၆ သစ္စာမဲ့ဇေဒကိ ဘာဖြစ်သွားသလဲ။ ယေဟောဝါကို ပုန်ကန်တဲ့အတွက် “ဆိုးညစ်တဲ့ အစ္စရေးခေါင်းဆောင်” ဟာ သရဖူ ဆုံးရှုံးမယ်၊ အုပ်ချုပ်မှုက ပျက်စီးခြင်းနဲ့ အဆုံးတိုင်မယ်ဆိုပြီး ယေဇကျေလ ကြိုပြောခဲ့တယ်။ ဒါပေမဲ့ ယေဇကျေလက မျှော်လင့်ချက်လည်း ပေးခဲ့ပါတယ်။ (ယေဇ. ၂၁:၂၅-၂၇) “အုပ်စိုးပိုင်ခွင့်ရှိသူ” ဘုရင်တစ်ပါးက ရာဇပလ္လင်ကို ပိုင်လိမ့်မယ်လို့ ယေဟောဝါ ကြိုပြောခိုင်းတယ်။ ဘယ်သူလဲဆိုတာကို နောက်အခန်းမှာ သိရပါမယ်။
၂၇။ အီဂျစ်တွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။
၂၇ အီဂျစ်တွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ ယေဟောဝါရဲ့ လူမျိုးဟာ နိုင်ငံရေးအင်အားတွေကို မကိုးစားရဘူး။ ဒီအင်အားတွေက တည်မြဲတဲ့ လုံခြုံမှု ပေးမယ်လို့ မတွေးရဘူး။ အတွေးထဲမှာတောင် “ဒီလောကနဲ့ ဘာမှ မပတ်သက်” ရဘူး။ (ယော. ၁၅:၁၉။ ယာ. ၄:၄) နိုင်ငံရေးစနစ်ဟာ ဘယ်လောက်ပဲ ခိုင်မာ ပုံပေါက်နေပါစေ ရှေးခေတ်အီဂျစ်လို ချည့်နဲ့တဲ့ ကောက်ရိုးတစ်မျှင်ပါပဲ။ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ကို မဟုတ်ဘဲ သေမျိုးဖြစ်တဲ့ လူသားတွေဆီ မျှော်လင့်ချက် ပုံအပ်တာဟာ ဘယ်လောက်တောင် အမြော်အမြင်နည်းလိုက်လေသလဲ။—ဆာလံ ၁၄၆:၃-၆ ကိုဖတ်ပါ။
လူမျိုးခြားတွေ “သိရကြလိမ့်မယ်”
၂၈-၃၀။ လူမျိုးတွေ ယေဟောဝါကို “သိ” တဲ့ပုံနဲ့ ကျွန်တော်တို့ ယေဟောဝါကို သိတဲ့ပုံ ဘာကွာသလဲ။
၂၈ “ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်” ဆိုတဲ့ ယေဟောဝါရဲ့ မိန့်ဆိုချက်ကို ယေဇကျေလကျမ်းမှာ အကြိမ်များစွာ တွေ့ရတယ်။ (ယေဇ. ၂၅:၁၇) မိမိလူမျိုးရဲ့ ရန်သူတွေကို ရှေးအချိန်တုန်းက ယေဟောဝါ အရေးယူ တရားစီရင်တဲ့အခါ ဒီစကားတွေ ပြည့်စုံခဲ့တယ်။ ကျွန်တော်တို့ခေတ်မှာလည်း အကြီးစား ပြည့်စုံလာဦးမယ်။ ဘယ်နည်းနဲ့လဲ။
၂၉ အတိတ်က ဘုရားလူမျိုးလိုပဲ ကျွန်တော်တို့ကို လူမျိုးခြားတွေ ဝိုင်းရံထားတယ်၊ အကာအကွယ် မရှိတဲ့ အဖော်မဲ့ သိုးတစ်ကောင်လို့ ရှုမြင်နေကြတယ်။ (ယေဇ. ၃၈:၁၀-၁၃) ဒီစာအုပ် အခန်း ၁၇ နဲ့ ၁၈ မှာ လေ့လာမယ့်အတိုင်း မကြာခင် လူမျိုးတွေက ဘုရားလူမျိုးကို အစွမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်မှန်တဲ့ တန်ခိုးအင်အားဆိုတာ ဘာလဲ သူတို့ သိလာရလိမ့်မယ်။ အာမဂေဒုန်စစ်ပွဲမှာ သူတို့ကို ဘုရား ဖျက်ဆီးတဲ့အခါ ယေဟောဝါကို မဖြစ်မနေ သိလာရကြလိမ့်မယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရကြလိမ့်မယ်။—ဗျာ. ၁၆:၁၆။ ၁၉:၁၇-၂၁။
၃၀ ကျွန်တော်တို့ကိုတော့ ယေဟောဝါက ဘေးကင်းစေမယ်။ ကောင်းချီးပေးမယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့က ဘုရားကို ကိုးစားခြင်း၊ နာခံခြင်း၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်ခြင်းအားဖြင့် ယေဟောဝါကို သိကြောင်း သက်သေထူရတဲ့ အခွင့်အရေးကို အခုကတည်းက ရယူထားကြလို့ပါပဲ။—ယေဇကျေလ ၂၈:၂၆ ကိုဖတ်ပါ။
^ အပိုဒ်၊ 15 ဥပမာ၊ အစ္စရေးပြည်မှာ ပန်းပဲဆရာ တစ်ယောက်မှ မရှိရဘူးဆိုပြီး ဖိလိတိလူတွေ တားမြစ်ထားတယ်။ အစ္စရေးတွေဟာ လယ်ယာသုံးပစ္စည်းတွေကို ဖိလိတိတွေဆီ သွားသွေးရတယ်။ တစ်ရက်၊ နှစ်ရက်စာ လုပ်အားခနဲ့ ညီတဲ့ ငွေကြေး ပေးကြရတယ်။—၁ ရှ. ၁၃:၁၉-၂၂။
^ အပိုဒ်၊ 18 ကရမေလတောင် မြောက်ဘက် မိုင် ၃၀ အကွာ ကမ်းရိုးတန်းဒေသရဲ့ ကျောက်စွန်းပေါ်မှာ တိုင်ရာမြို့တော်ကို တည်ဆောက်ခဲ့ပုံရတယ်။ နောက်ပိုင်းမှာ မြို့တော်ကို ကုန်းတွင်းပိုင်းဘက် တိုးချဲ့တည်ဆောက်ခဲ့တယ်။ မြို့နာမည်ကို ဆူရ် ဆိုပြီး ပေးခဲ့တယ်။ ဆီးမိုက်စကားမှာ “ကျောက်တုံး” လို့ အဓိပ္ပာယ်ရတယ်။
^ အပိုဒ်၊ 22 ဟေရှာယ၊ ယေရမိ၊ ယောလ၊ အာမုတ်၊ ဇာခရိတို့ ကြေညာခဲ့တဲ့ တိုင်ရာမြို့အကြောင်း ပရောဖက်ပြုချက်တွေဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။—ဟေရှာ. ၂၃:၁-၈။ ယေ. ၂၅:၁၅၊ ၂၂၊ ၂၇။ ယောလ ၃:၄။ အာ. ၁:၁၀။ ဇာ. ၉:၃၊ ၄။