အခန်း ၅
“သူတို့လုပ်နေတဲ့ ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို ကြည့်လိုက်ပါ”
အာရုံစိုက်ရာ။ အယူဖောက်ပြန်တဲ့ ယုဒလူမျိုးရဲ့ ဘုရားရေးရာပိုင်းနဲ့ ကိုယ်ကျင့်တရားပိုင်း ယိုယွင်းခဲ့
၁-၃။ ဂျေရုဆလင် ဗိမာန်တော်မှာ ယေဇကျေလကို ယေဟောဝါ ဘာမြင်စေချင်သလဲ။ ဘာကြောင့်လဲ။ (အပိုင်း နှစ် အစမှာပါတဲ့ပုံကို ကြည့်ပါ။)
ပရောဖက် ယေဇကျေလဟာ ပုရောဟိတ်ရဲ့ သားဖြစ်လို့ မောရှေပညတ်ကို နှံ့နှံ့စပ်စပ် သိထားတယ်။ ဒါကြောင့် ဂျေရုဆလင် ဗိမာန်တော်အကြောင်း၊ အဲဒီမှာ ရှိသင့်တဲ့ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း အကျွမ်းဝင်ခဲ့တယ်။ (ယေဇ. ၁:၃။ မာလ. ၂:၇) ဒါပေမဲ့ ဘီစီ ၆၁၂ မှာ ယေဟောဝါရဲ့ ဗိမာန်တော်က အဖြစ်အပျက်တွေကြောင့် ယေဇကျေလ အပါအဝင် သစ္စာရှိဂျူးမှန်သမျှ ထိတ်လန့်သွားကြမှာပဲ။
၂ ဗိမာန်တော်မှာ လုပ်နေကြတဲ့ မနှစ်မြို့ဖွယ် အခြေအနေတွေကို ယေဟောဝါက ယေဇကျေလကို မြင်စေချင်တယ်။ သူ့အိမ်မှာ စုရုံးလာကြတဲ့ “ယုဒ အကြီးအကဲတွေ၊” ပြည်နှင်ခံဂျူးတွေကို မြင်ခဲ့ရတာတွေ ပြန်ပြောပြစေချင်တယ်။ (ယေဇကျေလ ၈:၁-၄ ကိုဖတ်ပါ။ ယေဇ. ၁၁:၂၄၊ ၂၅။ ၂၀:၁-၃) ဗာဗုလုန်ပြည်၊ ခေဗာမြစ်နား တေလဗိဗမှာရှိတဲ့ အိမ်ကနေ အနောက်ဘက် မိုင်ရာချီအကွာ ဂျေရုဆလင်မြို့ဆီ ယေဇကျေလကို (စိတ်အာရုံမှာ) စွမ်းအားတော်အားဖြင့် ယေဟောဝါ ချီဆောင်သွားတယ်။ ဗိမာန်တော် အတွင်းရင်ပြင်ရဲ့ မြောက်ဘက်တံခါးပေါက်မှာ ချပေးလိုက်တယ်။ အဲဒီနေရာကစပြီး စိတ်အာရုံကတစ်ဆင့် ဗိမာန်တော်ကို လိုက်ပြတယ်။
၃ အစ္စရေးလူမျိုး ဘုရားရေးရာပိုင်း လုံးဝယိုယွင်းနေတာကို ဖော်ပြတဲ့ ထိတ်လန့်စရာ မြင်ကွင်းလေးခုကို ယေဇကျေလ အခု တွေ့နေရတယ်။ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြု
ကိုးကွယ်မှု ဘာဖြစ်သွားပြီလဲ။ စိတ်အာရုံက ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ယေဇကျေလနဲ့အတူ လိုက်ကြည့်ရအောင်။ ဝတ်ပြုကိုးကွယ်တဲ့သူတွေဆီက ယေဟောဝါ တော်မှန်စွာ မျှော်လင့်တဲ့အရာအကြောင်း ဦးဆုံး သုံးသပ်ကြမယ်။‘ငါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား’
၄။ ဝတ်ပြုကိုးကွယ်သူတွေဆီကနေ ယေဟောဝါ ဘာတောင်းဆိုသလဲ။
၄ ဝတ်ပြုကိုးကွယ်သူတွေဆီက ယေဟောဝါ ဘာတောင်းဆိုကြောင်း ယေဇကျေလခေတ် မတိုင်ခင် ကိုးရာစုလောက်တုန်းက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ ပညတ်တော်ဆယ်ပါးရဲ့ ဒုတိယပညတ်မှာ “မင်းတို့ရဲ့ ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား” ဆိုပြီး အစ္စရေးတွေကို မိန့်ဆိုခဲ့တယ်။ (ထွ. ၂၀:၅) * တခြားဘုရားတွေကို ကိုးကွယ်တာ ယေဟောဝါ သည်းခံခွင့်ပြုမှာ မဟုတ်ကြောင်း “တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်” ဆိုတဲ့ စကားလုံးက ဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို ခံထိုက်သူဟာ ယေဟောဝါပဲ ဖြစ်ရမယ်။ ဒီအချက်ဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ပထမ တောင်းဆိုချက် ဖြစ်ကြောင်း ဒီစာအုပ် အခန်း ၂ မှာ လေ့လာခဲ့ကြတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေက မိမိတို့ဘဝမှာ ဘုရားကို ပထမနေရာမှာ ထားရမယ်။ (ထွ. ၂၀:၃) စစ်မှန်တဲ့ ဝတ်ပြုရေးကို မှားယွင်းတဲ့ ဝတ်ပြုမှုနဲ့ မရောနှောခြင်းအားဖြင့် ဘုရားရေးရာပိုင်းမှာ သန့်ရှင်းနေကြဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဘီစီ ၁၅၁၃ မှာ အစ္စရေးတွေက ယေဟောဝါနဲ့ စိတ်လိုကိုယ်လျောက် ပဋိညာဉ် ဖွဲ့ခဲ့ကြတယ်။ ဒါဟာ ယေဟောဝါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ သဘောတူလိုက်တာပဲ။ (ထွ. ၂၄:၃-၈) ယေဟောဝါက သစ္စာစောင့်သိတယ်။ ပဋိညာဉ် ဖွဲ့ထားသူတွေဆီကလည်း အလားတူ သစ္စာစောင့်သိမှုကို မျှော်လင့်တယ်။—တရား. ၇:၉၊ ၁၀။ ၂ ရှ. ၂၂:၂၆။
၅၊ ၆။ အစ္စရေးတွေရဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ယေဟောဝါ ဘာကြောင့် ရထိုက်သလဲ။
၅ အစ္စရေးတွေဆီက အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ယေဟောဝါ တောင်းဆိုတာ အကျိုးသင့်အကြောင်းသင့်ရှိရဲ့လား။ ရှိပါတယ်။ ဘုရားဟာ အနန္တတန်ခိုးရှင်၊ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်၊ အသက်ရဲ့ ပင်ရင်းနဲ့ ထောက်ပံ့ပေးရှင် ဖြစ်တယ်။ (ဆာ. ၃၆:၉။ တ. ၁၇:၂၈) အစ္စရေးတွေရဲ့ ကယ်တင်ရှင်လည်း ဖြစ်တယ်။ ပညတ်တော်ဆယ်ပါး ပေးချိန်မှာ “ငါဟာ မင်းတို့ကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားသခင် ယေဟောဝါပဲ” ဆိုပြီး သတိပေးထားတယ်။ (ထွ. ၂၀:၂) အစ္စရေးတွေရဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ယေဟောဝါ ရထိုက်တာ ရှင်းနေပါတယ်။
၆ ယေဟောဝါဟာ မပြောင်းလဲဘူး။ (မာလ. ၃:၆) မိမိတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုနေဆဲပဲ။ ဒါကြောင့် စိတ်အာရုံမှာ ယေဇကျေလကို ပြခဲ့တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ မြင်ကွင်းလေးခုနဲ့ပတ်သက်ပြီး ဘုရား ဘယ်လိုခံစားရမလဲ မြင်ယောင်ကြည့်ပါ။
ပထမမြင်ကွင်း– ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တု
၇။ (က) ဗိမာန်တော် မြောက်ဘက်တံခါးပေါက်မှာ အယူဖောက်ပြန်တဲ့ ဂျူးတွေ ဘာလုပ်နေကြသလဲ။ ယေဟောဝါကို ဘယ်လို ခံစားရစေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့ ဝန်တိုစိတ် နှိုးဆွခံရသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၇ ယေဇကျေလ ၈:၅၊ ၆ ကိုဖတ်ပါ။ ယေဇကျေလ လန့်သွားမှာပဲ။ အယူဖောက်ပြန်တဲ့ ဂျူးတွေက ဗိမာန်တော် မြောက်ဘက်တံခါးပေါက်မှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တု ကိုးကွယ်နေကြတယ်။ အဲဒီရုပ်တုဟာ ဗာလရဲ့ ကြင်ရာလို့ ခါနန်လူမျိုးတွေ ယူဆကြတဲ့ နတ်ဘုရားမ အာရှရကို ကိုယ်စားပြုတဲ့ ကိုးကွယ်ရာသစ်တိုင် ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရုပ်တုကိုးကွယ်သူ အစ္စရေးတွေဟာ ယေဟောဝါနဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ကို ချိုးဖောက်လိုက်တာပဲ။ ရုပ်တုကိုးကွယ်ခြင်းအားဖြင့် ဘုရားရဲ့ ဝန်တိုစိတ်၊ ဖြောင့်မတ်တဲ့ အမျက်ဒေါသကို နှိုးဆွကြတယ်။ ယေဟောဝါတစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်ပါတယ်။ * (တရား. ၃၂:၁၆။ ယေဇ. ၅:၁၃) စဉ်းစားကြည့်ပါ– ဗိမာန်တော် သန့်ရှင်းရာဌာနဟာ ယေဟောဝါ ရောက်ရှိနေခြင်းနဲ့ ဆက်စပ်နေတာ နှစ်ပေါင်း ၄၀၀ ကျော်လောက် ရှိပြီ။ (၁ ဘု. ၈:၁၀-၁၃) အခုတော့ ဗိမာန်တော်ဝင်းအတွင်း ရုပ်တုကိုးကွယ်ခြင်းအားဖြင့် “သန့်ရှင်းရာဌာနတော်ကို (ဘုရား) စွန့်သွားအောင်” လုပ်နေကြတယ်။
၈။ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုအကြောင်း ယေဇကျေလ စိတ်အာရုံက ကျွန်တော်တို့ခေတ်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။
၈ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုအကြောင်း ယေဇကျေလ စိတ်အာရုံက ကျွန်တော်တို့ခေတ်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ အယူဖောက်ပြန်တဲ့ ယုဒလူမျိုးဟာ အမည်ခံခရစ်ယာန်ဘာသာအကြောင်း စဉ်းစားမိစေတယ်။ အမည်ခံခရစ်ယာန်ဘာသာတရားတွေမှာ ရုပ်တုကိုးကွယ်ခြင်း ပျံ့နှံ့နေတယ်။ ဒါက ဘုရားကို ကိုးကွယ်ဆည်းကပ်နေတာပါဆိုတဲ့ သူတို့ရဲ့ အဆိုကို အချည်းနှီး ဖြစ်သွားစေတယ်။ အယူဖောက်ပြန်တဲ့ ယုဒလူမျိုးလိုပဲ အမည်ခံခရစ်ယာန်ဘာသာက ဘုရားရဲ့ ဖြောင့်မတ်တဲ့ အမျက်ဒေါသကို နှိုးဆွနေတာ သေချာပါတယ်။ ယေဟောဝါဟာ မပြောင်းလဲတဲ့ဘုရား ဖြစ်လို့ပါပဲ။ (ယာ. ၁:၁၇) မှားယွင်းတဲ့ အမည်ခံခရစ်ယာန်ဘာသာကို ယေဟောဝါ စွန့်ပယ်မှာ သေချာပါတယ်။
၉၊ ၁၀။ ဗိမာန်တော်အတွင်း ရုပ်တုကိုးကွယ်သူတွေဆီကနေ ဘယ်သတိပေး သင်ခန်းစာ ယူနိုင်သလဲ။
၉ ဗိမာန်တော်အတွင်း ရုပ်တုကိုးကွယ်သူတွေဆီကနေ ဘယ်သတိပေး သင်ခန်းစာ ယူနိုင်သလဲ။ ယေဟောဝါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်နိုင်ဖို့ “ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြ” ရမယ်။ (၁ ကော. ၁၀:၁၄) ‘ဝတ်ပြုရေးမှာ ရုပ်ပုံတွေ၊ ရုပ်တုတွေ ဘယ်တော့မှ ငါမသုံးဘူး’ လို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ရုပ်တုကိုးကွယ်ခြင်း ပုံစံအမျိုးမျိုး ရှိတယ်။ တချို့က ပိုသိမ်မွေ့နက်နဲတယ်။ ရည်ညွှန်းကျမ်းတစ်စောင်က ဒီလိုဆိုတယ်– “ဘုရားသခင်ကို ဘေးချိတ်ပြီး ကျွန်တော်တို့အတွက် အဓိက ဖြစ်လာတဲ့ တန်ဖိုးရှိတဲ့အရာတွေ၊ စည်းစိမ်၊ အခွင့်အာဏာမှန်သမျှ ရုပ်တုကိုးကွယ်ခြင်းမှာ ပါတယ်။” ဒါကြောင့် ရုပ်တုကိုးကွယ်ခြင်းမှာ ရုပ်ပစ္စည်းပိုင်ဆိုင်မှု၊ ငွေ၊ လိင်ကိစ္စ၊ ဖျော်ဖြေရေးတို့ ပါဝင်နိုင်တယ်။ ဘဝမှာ ဦးစားပေး ဖြစ်လာပြီး ယေဟောဝါသာ ပိုင်ထိုက်တဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို အစားထိုးမိစေတဲ့ ဘယ်အရာမဆို ပါဝင်တယ်။ (မ. ၆:၁၉-၂၁၊ ၂၄။ ဧ. ၅:၅။ ကော. ၃:၅) ယေဟောဝါတစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်တဲ့အတွက် ရုပ်တုကိုးကွယ်ခြင်း ပုံစံမှန်သမျှကို ကျွန်တော်တို့ ဝေးဝေးရှောင်ကြရမယ်။—၁ ယော. ၅:၂၁။
၁၀ ယေဇကျေလကို ယေဟောဝါ ပြတဲ့ ပထမမြင်ကွင်းမှာ “ရွံစရာတွေ” ပါတယ်။ ဒါတောင်မှ “ဒီထက် ရွံစရာကောင်းတာတွေကို မြင်ရဦးမယ်” လို့ သစ္စာရှိ ပရောဖက်ကို မိန့်ဆိုပြန်တယ်။ ဗိမာန်တော်ဝင်းအတွင်း ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တု ကိုးကွယ်တာထက် ဘာကများ စက်ဆုပ်စရာကောင်းဦးမှာပါလိမ့်။
ဒုတိယမြင်ကွင်း– မှားယွင်းတဲ့ ဘုရားတွေဆီ နံ့သာပေါင်း ပူဇော်တဲ့ အကြီးအကဲ ၇၀
၁၁။ ဗိမာန်တော် ပူဇော်ရာပလ္လင်နားက အတွင်းရင်ပြင်ကို ဝင်သွားပြီးတဲ့နောက် ဘယ်စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ယေဇကျေလ မြင်ခဲ့သလဲ။
၁၁ ယေဇကျေလ ၈:၇-၁၂ ကိုဖတ်ပါ။ နံရံကို အပေါက်ဖောက်ပြီး ပူဇော်ရာပလ္လင်နားက အတွင်းရင်ပြင်ကို ယေဇကျေလ ဝင်သွားတယ်။ “တွားသွားသတ္တဝါတွေ၊ ရွံရှာဖွယ် သားရဲမျိုးစုံရဲ့ ပုံတွေ၊ . . . ရွံမုန်းဖွယ်ရုပ်တုတွေ” ရေးထွင်းထားတဲ့ နံရံကို တွေ့ လိုက်ရလို့ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ * နံရံမှာ ရေးထွင်းထားတာတွေဟာ မှားယွင်းတဲ့ ဘုရားတွေကို ကိုယ်စားပြုတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ပိုကောင်းတာက “အမှောင်ထဲမှာ” “အစ္စရေး အကြီးအကဲ ၇၀” ရပ်နေပြီး မှားယွင်းတဲ့ ဘုရားတွေဆီ နံ့သာပေါင်း ပူဇော်နေကြတာ ယေဇကျေလ မြင်လိုက်ရလို့ပဲ။ ပညတ်တရားအရ မွှေးကြိုင်တဲ့ နံ့သာပေါင်းဟာ သစ္စာရှိကိုးကွယ်သူတွေရဲ့ လက်ခံနိုင်ဖွယ် ဆုတောင်းချက်တွေကို ကိုယ်စားပြုတယ်။ (ဆာ. ၁၄၁:၂) ဒါပေမဲ့ မှားယွင်းတဲ့ ဘုရားတွေဆီ ပူဇော်တဲ့ အကြီးအကဲ ၇၀ ရဲ့ နံ့သာပေါင်းဟာ ယေဟောဝါအမြင်မှာတော့ အနံ့ဆိုးပဲ။ သူတို့ရဲ့ ဆုတောင်းချက်တွေဟာ အပုပ်နံ့နဲ့ တူတယ်။ (ပညာ. ၁၅:၈) ဒီအကြီးအကဲတွေက “ကျုပ်တို့ကို ယေဟောဝါ မမြင်ပါဘူး” လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားကြတယ်။ ဒါပေမဲ့ ယေဟောဝါ သူတို့ကို မြင်တယ်။ ဗိမာန်တော်မှာ သူတို့ ဘာလုပ်နေကြတယ်ဆိုတာ ယေဇကျေလကို ပြခဲ့တယ်။
၁၂။ “အမှောင်ထဲမှာ” တောင် ဘာကြောင့် သစ္စာရှိနေရမလဲ။ ဒီကဏ္ဍမှာ အထူးသဖြင့် ဘယ်သူတွေ ပုံသက်သေကောင်း ပြသင့်သလဲ။
၁၂ မှားယွင်းတဲ့ ဘုရားတွေဆီ နံ့သာပေါင်း ပူဇော်တဲ့ အစ္စရေး အကြီးအကဲ ၇၀ အကြောင်း ယေဇကျေလ မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ ဆုတောင်းချက်တွေကို ဘုရား နားညောင်းဖို့၊ ဘုရားအမြင်မှာ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှု စင်ကြယ်နေဖို့ “အမှောင်ထဲမှာ” တောင် သစ္စာရှိနေရမယ်။ (ပညာ. ၁၅:၂၉) ကျွန်တော်တို့ လုပ်ဆောင်သမျှကို ယေဟောဝါ မြင်ကြောင်း စွဲမှတ်ထားကြစို့။ ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ရှုမြင်တယ်ဆိုရင် ဘုရား မနှစ်သက်ဘူးလို့ သိထားတဲ့ ဘာကိုမှ တစ်ယောက်တည်း ရှိနေချိန်မှာတောင် လုပ်မှာ မဟုတ်ဘူး။ (ဟီ. ၄:၁၃) အထူးသဖြင့် အသင်းတော် အကြီးအကဲတွေက ခရစ်ယာန်အသက်တာမှာ ပုံသက်သေကောင်း ပြကြရမယ်။ (၁ ပေ. ၅:၂၊ ၃) ဦးဆောင်နေတဲ့ အကြီးအကဲတစ်ယောက်ဟာ တခြားလူတွေ မမြင်နိုင်တဲ့အချိန် “အမှောင်ထဲမှာ” တောင် ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ ညီအစ်ကို/မတွေ တော်မှန်စွာ မျှော်လင့်ကြတယ်။—ဆာ. ၁၀၁:၂၊ ၃။
တတိယမြင်ကွင်း– “တမ္မုဇနတ်ဘုရားအတွက် . . . ငိုကြွေးနေတဲ့ အမျိုးသမီးတွေ”
၁၃။ ဗိမာန်တော်တံခါးမှာ အယူဖောက်ပြန်တဲ့ အမျိုးသမီးတွေ ဘာလုပ်နေကြတာကို ယေဇကျေလ မြင်ခဲ့သလဲ။
၁၃ ယေဇကျေလ ၈:၁၃၊ ၁၄ ကိုဖတ်ပါ။ ရွံရှာစရာ လုပ်ရပ်တွေအကြောင်း မြင်ကွင်းနှစ်ခုပြီးတဲ့နောက် “ဒီထက် ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို သူတို့ လုပ်နေတာ မြင်ရဦးမယ်” ဆိုပြီး ယေဟောဝါ မိန့်ဆိုပြန်တယ်။ ပရောဖက် ယေဇကျေလ နောက်ထပ် ဘာမြင်ခဲ့ရသလဲ။ “ယေဟောဝါအိမ်တော်ရဲ့ မြောက်ဘက်တံခါးပေါက်” မှာ “တမ္မုဇနတ်ဘုရားအတွက် ထိုင်ပြီး ငိုကြွေးနေတဲ့ အမျိုးသမီးတွေ” ကို မြင်လိုက်ရတယ်။ ဆူမေးရီးယန်းစာပေတွေမှာ မက်ဆိုပိုတေးမီးယား နတ်ဘုရား တမ္မုဇကို ဒူမုဇီလို့ ခေါ်ထားပြီး မျိုးပွားနတ်ဘုရားမ အစ်ရှတာရဲ့ ကြင်ရာလို့ ယူဆကြတယ်။ * တမ္မုဇ သေဆုံးခြင်းနဲ့ ဆက်စပ်နေတဲ့ ဘာသာရေးဓလေ့အရ အစ္စရေးအမျိုးသမီးတွေ ငိုကြွေးနေကြတာ ထင်ရှားတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်မှာ တမ္မုဇအတွက် ငိုကြွေးခြင်းအားဖြင့် ဒီအမျိုးသမီးတွေက စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အချက်အချာနေရာမှာ တိတ္ထိအစဉ်အလာတွေ သွင်းလာကြတယ်။ ဗိမာန်တော်မှာ လုပ်ဆောင်တာနဲ့ပဲ မှားယွင်းတဲ့ ဘာသာရေးထုံးတမ်းတွေ သန့်ရှင်းလာမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့ ရှုထောင့်က ကြည့်ရင် အယူဖောက်ပြန်တဲ့ ဒီအမျိုးသမီးတွေဟာ “ရွံစရာကောင်းတာတွေ” လုပ်နေကြလို့ပါပဲ။
၁၄။ အယူဖောက်ပြန်တဲ့ အမျိုးသမီးတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၄ ဒီအမျိုးသမီးတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှု စင်ကြယ်နေဖို့ မသန့်ရှင်းတဲ့ တိတ္ထိဓလေ့ထုံးတမ်းတွေနဲ့ ဘယ်တော့မှ မရောနှောရဘူး။ မှားယွင်းတဲ့ ဘာသာရေးကနေ ဆင်းသက်လာတဲ့ ပွဲနေ့တွေ မကျင်းပရဘူး။ ဇာစ်မြစ်က တကယ်ပဲ အရေးကြီးပါသလား။ အရေးကြီးပါတယ်။ ခရစ္စမတ်နဲ့ အီစတာပွဲတွေလို တိတ္ထိပွဲတွေနဲ့ ဆက်စပ်နေတဲ့ ဓလေ့တွေဟာ အန္တရာယ်ကင်းပုံပေါက်နိုင်တယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ဓလေ့ထုံးတမ်းအများစုဟာ မှားယွင်းတဲ့ ဘာသာရေးထုံးတမ်းတွေကနေ ဆင်းသက်လာကြောင်း ယေဟောဝါကိုယ်တိုင် မြင်တွေ့ခဲ့တယ်ဆိုတာ မမေ့သင့်ဘူး။ အချိန်ကြာလာလို့ဖြစ်စေ၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ ရောထွေးလိုက်လို့ဖြစ်စေ ယေဟောဝါရဲ့ အမြင်မှာ တိတ္ထိဓလေ့တွေက ရွံရှာစရာ သိပ်မကောင်းတော့တာမျိုး ဖြစ်မှာ မဟုတ်ဘူး။—၂ ကော. ၆:၁၇။ ဗျာ. ၁၈:၂၊ ၄။
စတုတ္ထမြင်ကွင်း– “နေမင်းကို ဦးချရှိခိုးနေကြ” တဲ့ အမျိုးသား ၂၅ ယောက်
၁၅၊ ၁၆။ ဗိမာန်တော် အတွင်းရင်ပြင်မှာ အမျိုးသား ၂၅ ယောက် ဘာလုပ်နေကြသလဲ။ သူတို့ရဲ့ လုပ်ရပ်တွေက ယေဟောဝါကို ဘာကြောင့် စိတ်ထိခိုက်စေသလဲ။
၁၅ ယေဇကျေလ ၈:၁၅-၁၈ ကိုဖတ်ပါ။ “ဒီထက် ဆိုးရွားပြီး ပိုရွံစရာကောင်းတာတွေ ရှိသေးတယ်” ဆိုပြီး ယေဇကျေလ ရင်းနှီးနေလောက်ပြီ ဖြစ်တဲ့ စကားတွေနဲ့ နောက်ဆုံး စတုတ္ထမြင်ကွင်းကို အစပြုထားတယ်။ ‘မြင်ခဲ့ပြီးတာတွေထက် ဘာကများ ပိုရွံစရာကောင်းနိုင်ဦးမလဲ’ လို့ ပရောဖက် တွေးမိနိုင်တယ်။ အခု ယေဇကျေလက ဗိမာန်တော် အတွင်းရင်ပြင်မှာ။ ဗိမာန်တော်မုခ်ဝမှာ အမျိုးသား ၂၅ ယောက် “အရှေ့အရပ်” က “နေမင်းကို” ဦးချ ရှိခိုးနေကြတာ တွေ့လိုက်ရတယ်။ ယေဟောဝါ စိတ်ထိခိုက်အောင် ဒီအမျိုးသားတွေ လုပ်နေကြတာပဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၆ ပုံဖော်ကြည့်ပါ– ဗိမာန်တော်ဝင်ပေါက်ကို အရှေ့ဘက် မျက်နှာမူပြီး တည်ဆောက်ထားတယ်။ ဗိမာန်တော်ထဲ ဝင်လာသူတွေဟာ အနောက်ဘက်ကို မျက်နှာမူထားပြီး နေထွက်ရာ အရှေ့ဘက်ကို ကျောပေးထားကြမယ်။ ဒါပေမဲ့ စိတ်အာရုံထဲက အမျိုးသား ၂၅ ယောက်ကတော့ နေကို ကိုးကွယ်ဖို့ “ဗိမာန်တော်ကို ကျောခိုင်းပြီး” အရှေ့အရပ်ကို မျက်နှာမူထားကြတယ်။ ဗိမာန်တော်ဟာ “ယေဟောဝါရဲ့ အိမ်တော်” ဖြစ်တာမို့ ဗိမာန်တော်ကို ကျောခိုင်းတာဟာ ယေဟောဝါကို ကျောခိုင်းလိုက်တာပဲ။ (၁ ဘု. ၈:၁၀-၁၃) ဒီအမျိုးသား ၂၅ ယောက်ဟာ အယူဖောက်ပြန်သူတွေ ဖြစ်တယ်။ ယေဟောဝါကို လျစ်လျူရှုကြတယ်။ တရားဟောရာ ၄:၁၅-၁၉ မှာပါတဲ့ ပညတ်ကို ချိုးဖောက်ကြတယ်။ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို တော်မှန်စွာ ရထိုက်တဲ့ဘုရားကို စော်ကားလိုက်တာပဲ။
ကိုးကွယ်သူတွေဆီက အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ယေဟောဝါ ရထိုက်
၁၇၊ ၁၈။ (က) ဗိမာန်တော်အတွင်း နေကိုးကွယ်သူတွေအကြောင်း မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ (ခ) အယူဖောက်ပြန်တဲ့ အစ္စရေးတွေက ဘယ်ဆက်ဆံရေးတွေကို ပျက်စီးစေခဲ့ကြသလဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၇ နေကိုးကွယ်သူတွေအကြောင်း မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှု စင်ကြယ်နေဖို့ ဘုရားရေးရာ အသိပညာအတွက် ယေဟောဝါကို မျှော်ကိုးရမယ်။ “ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ နေမင်း၊” နှုတ်ထွက်စကားတော်ဟာ ကျွန်တော်တို့ လမ်းခရီးအတွက် “မီးခွက်” ဖြစ်ကြောင်း သတိရပါ။ (ဆာ. ၈၄:၁၁။ ၁၁၉:၁၀၅) ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် ကျမ်းစာအခြေပြု စာပေတွေကတစ်ဆင့် ဘုရားက ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာ အလင်းထွန်းလင်းပေးတယ်။ လက်ရှိအချိန်မှာ ကျေနပ်စရာကောင်းတဲ့ အသက်တာ၊ အနာဂတ်မှာ အဆုံးမဲ့အသက်တာ ရရှိစေတဲ့ လမ်းစဉ်ကို လိုက်လျှောက်ဖို့ လမ်းပြပေးတယ်။ ဉာဏ်ပညာအလင်းကို ဒီလောကမှာ ရှာတယ်ဆိုရင် ယေဟောဝါကို ကျောခိုင်းရာရောက်တယ်။ ဒီလိုဘဝလမ်းစဉ်မျိုးက ဘုရားစိတ်တော်ကို ထိခိုက်နာကျင်စေပါလိမ့်မယ်။ ဘုရားအပေါ် ကျွန်တော်တို့ ဒီလိုမလုပ်ချင်ကြပါဘူး။ အမှန်တရားကို ကျောခိုင်းသွားကြသူတွေ၊ အယူဖောက်ပြန်သူတွေကို ရှောင်ကြဉ်ဖို့ ယေဇကျေလ စိတ်အာရုံဟာ သတိပေးချက်တစ်ရပ်လည်း ဖြစ်ပါတယ်။—ပညာ. ၁၁:၉။
၁၈ ဖောက်ပြန်တဲ့ ယုဒလူမျိုးရဲ့ ဘုရားရေးရာ ဘယ်လောက်ထိ ညစ်ညူးနေကြောင်းကို ရုပ်တုကိုးကွယ်မှု၊ မှားယွင်းတဲ့ ဝတ်ပြုမှုတို့နဲ့ပတ်သက်ပြီး ယေဇကျေလ မြင်ခဲ့တဲ့ ထိတ်လန့်ဖွယ် မြင်ကွင်းလေးခုက ဖော်ပြတယ်။ အစ္စရေးတွေ ဘုရားရေးရာမှာ မသန့်မရှင်း ဖြစ်လာလို့ ဘုရားနဲ့ ဆက်ဆံရေး ပျက်စီးခဲ့တယ်။ ဘုရားရေးရာ မသန့်ရှင်းမှုနဲ့ ကိုယ်ကျင့်တရား ညစ်ညူးမှုတို့ဟာ ဒွန်တွဲနေတယ်။ ဒါကြောင့် ဘုရားနဲ့ ဆက်ဆံရေးကို သာမက လူသားချင်းနဲ့ ဆက်ဆံရေးကိုပါ ပျက်စီးစေတဲ့၊ မကောင်းတဲ့ အကျင့်အကြံအားလုံးကို အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ပြုကျင့်ကြတာ မဆန်းပါဘူး။ ယုဒလူမျိုးရဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှုအကြောင်း စွမ်းအားတော် လမ်းညွှန်မှုနဲ့ ပရောဖက် ယေဇကျေလ ဖော်ပြထားပုံကို ကြည့်ကြရအောင်။
ကိုယ်ကျင့်တရား မသန့်ရှင်းမှု— “ညစ်ညမ်းတဲ့ အကျင့်တွေ”
၁၉။ ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးရဲ့ ကိုယ်ကျင့်တရားပိုင်း ယိုယွင်းမှုကို ယေဇကျေလ ဘယ်လိုဖော်ပြခဲ့သလဲ။
၁၉ ယေဇကျေလ ၂၂: ၃-၁၂ ကိုဖတ်ပါ။ အုပ်ချုပ်သူတွေကစပြီး ပြည်သူတွေအထိ တစ်မျိုးလုံး ကိုယ်ကျင့်တရား ပျက်ပြားနေကြတယ်။ “ခေါင်းဆောင်တွေ၊” ဦးဆောင်သူတွေက အာဏာသုံးပြီး အပြစ်မဲ့သူတွေကို သတ်တယ်။ ဦးဆောင်သူတွေရဲ့ လမ်းစဉ် လိုက်ပြီး ပြည်သူတွေကလည်း ဘုရားပညတ်ကို မထီမဲ့မြင်ပြုတယ်။ မိသားစုမှာ သားသမီးတွေက မိဘကို “မထီလေးစား” ဆက်ဆံတယ်။ သွေးနီးချင်း အိမ်ထောင်ပြုတာတွေကလည်း မဆန်းတော့ဘူး။ နိုင်ငံအတွင်းမှာ ပုန်ကန်တဲ့ အစ္စရေးတွေက တိုင်းတစ်ပါးသားတွေကို ဖြတ်စားလျှပ်စား လုပ်တယ်။ မိဘမဲ့တွေ၊ မုဆိုးမတွေကို အနိုင်ကျင့်တယ်။ အစ္စရေးအမျိုးသားတွေက အိမ်နီးချင်းမိန်းမတွေကို စော်ကားတယ်။ လာဘ်စားခြင်း၊ ငွေညှစ်ခြင်း၊ ငွေတိုးစားခြင်းအားဖြင့် အတ္တလောဘနောက် လိုက်ကြတယ်။ ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးက ပညတ်တရားကို စော်ကား၊ ပညတ်နောက်ကွယ်က မေတ္တာတရားကို လျစ်လျူရှုနေကြတာ မြင်ရတဲ့အခါ ယေဟောဝါ ဘယ်လောက်တောင် စိတ်နာကျင်လိုက်လေမလဲ။ သူတို့ရဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှုတွေက ယေဟောဝါကို တကယ်ပဲ စိတ်ထိခိုက်စေပါတယ်။ “မင်း ငါ့ကို လုံးဝ မေ့သွားပြီ” ဆိုပြီး အကျင့်ပျက်လူမျိုးကို ပြောဖို့ ယေဇကျေလကို ဘုရား ညွှန်ကြားခဲ့တယ်။
၂၀။ ယုဒလူမျိုးရဲ့ ကိုယ်ကျင့်တရား မသန့်ရှင်းမှုအကြောင်း ဖော်ပြတဲ့ ယေဇကျေလရဲ့ စကားတွေက ကျွန်တော်တို့ခေတ်အတွက် ဘာကြောင့် အဓိပ္ပာယ်ရှိသလဲ။
၂၀ ယုဒလူမျိုးရဲ့ ကိုယ်ကျင့်တရား မသန့်ရှင်းမှုအကြောင်း ဖော်ပြတဲ့ ယေဇကျေလရဲ့ စကားတွေက ကျွန်တော်တို့ခေတ်အတွက် ဘာကြောင့် အဓိပ္ပာယ်ရှိသလဲ။ အယူဖောက်ပြန်တဲ့ ယုဒလူမျိုးရဲ့ အကျင့်ပျက်ခြစားမှုက ဒီနေ့ လောကရဲ့ ကိုယ်ကျင့်တရား ချွတ်ခြုံကျမှုအကြောင်း စဉ်းစားမိစေတယ်။ အုပ်ချုပ်သူတွေက အခွင့်အာဏာ တလွဲသုံးပြီး သာမန်လူတန်းစားတွေကို နိုင်ထက်စီးနင်းပြုကြတယ်။ လူသန်းပေါင်းများစွာကို သေကြေစေခဲ့တဲ့ လူမျိုးရေးစစ်ပွဲတွေကို ဘာသာရေးခေါင်းဆောင်တွေ၊ အထူးသဖြင့် အမည်ခံ
ခရစ်ယာန်ဘာသာရဲ့ ဘုန်းတော်ကြီးတွေက ကောင်းချီးပေးကြတယ်။ လိင်အကျင့်ယိုယွင်းမှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာပါတဲ့ သန့်ရှင်းစင်ကြယ်တဲ့ စံနှုန်းတွေကို လျှော့ပေါ့ပစ်ကြတယ်။ ရလဒ်အနေနဲ့ လောကရဲ့ စာရိတ္တစံနှုန်းတွေဟာ ကျဆင်းသည်ထက် ကျဆင်းလာတယ်။ အယူဖောက်ပြန်တဲ့ ယုဒလူမျိုးကို ပြောခဲ့သလို “မင်း ငါ့ကို လုံးဝ မေ့သွားပြီ” လို့ အမည်ခံခရစ်ယာန်ဘာသာကိုလည်း ယေဟောဝါ ပြောမှာ သေချာတယ်။၂၁။ ရှေးခေတ် ယုဒအမျိုးရဲ့ ကိုယ်ကျင့်တရား မသန့်ရှင်းမှုကနေ ဘာသင်ယူနိုင်သလဲ။
၂၁ ရှေးခေတ် ယုဒလူမျိုးရဲ့ ကိုယ်ကျင့်တရား မသန့်ရှင်းမှုကနေ ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘာသင်ယူနိုင်သလဲ။ ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ဖို့ ကျွန်တော်တို့ရဲ့ အကျင့်အကြံတွေဟာ ကဏ္ဍတိုင်းမှာ သန့်ရှင်းနေရမယ်။ ကိုယ်ကျင့်တရား ယိုယွင်းနေတဲ့ ဒီလောကမှာ ဒါလွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ (၂ တိ. ၃:၁-၅) ဒါပေမဲ့ ကိုယ်ကျင့်တရား ယိုယွင်းခြင်းရဲ့ အကျည်းတန်တဲ့ သွင်ပြင်အားလုံးနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုခံစားရကြောင်း ကျွန်တော်တို့ သိထားကြတယ်။ (၁ ကော. ၆:၉၊ ၁၀) ယေဟောဝါနဲ့ ပညတ်တော်တွေကို ချစ်မြတ်နိုးလို့ ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားစံနှုန်းတွေကို ကျွန်တော်တို့ လိုက်နာကြတယ်။ (ဆာ. ၁၁၉:၉၇။ ၁ ယော. ၅:၃) ကိုယ်ကျင့်တရား မသန့်ရှင်းဘူးဆိုရင် သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားကို မချစ်ရာရောက်ပါလိမ့်မယ်။ “မင်း ငါ့ကို လုံးဝ မေ့သွားပြီ” ဆိုပြီး ကျွန်တော်တို့ အပြောမခံချင်ကြပါဘူး။
၂၂။ (က) ရှေးခေတ် ယုဒလူမျိုးနဲ့ ပတ်သက်ပြီး ယေဟောဝါ ဖော်ထုတ်ခဲ့ပုံအကြောင်း ပြန်သုံးသပ်ပြီးနောက် ဘာလုပ်ဖို့ သင်ဆုံးဖြတ်ထားသလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂၂ ရှေးခေတ် ယုဒလူမျိုးရဲ့ ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှုကို ယေဟောဝါ ဖော်ထုတ်ခဲ့ပုံကနေ အဖိုးတန် သင်ခန်းစာတချို့ လေ့လာခဲ့ကြပြီ။ ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ပါ့မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်လည်း ခိုင်ခံ့သွားမှာ သေချာပါတယ်။ ရုပ်တုကိုးကွယ်ခြင်း ပုံစံအားလုံးကို ဝေးဝေးရှောင်ပြီး ကိုယ်ကျင့်တရား ဆက်သန့်ရှင်းနေကြရမယ်။ သစ္စာမဲ့လူမျိုးကို ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ ဗိမာန်တော်ကို ယေဇကျေလ လှည့်ပတ်ကြည့်ရှုပြီးတဲ့အခါ “ငါ ဒေါသတကြီး အရေးယူမယ်” လို့ ယေဟောဝါ ပြတ်ပြတ်သားသား မိန့်ဆိုခဲ့တယ်။ (ယေဇ. ၈:၁၇၊ ၁၈) ဆိုးညစ်တဲ့ ဒီလောကကိုလည်း အလားတူ တရားစီရင်မှာမို့ သစ္စာမဲ့ယုဒလူမျိုးကို ယေဟောဝါ အရေးယူခဲ့ပုံအကြောင်း ကျွန်တော်တို့ သိချင်ကြပါတယ်။ ယုဒလူမျိုးအပေါ် ယေဟောဝါရဲ့ တရားစီရင်ချက် ပြည့်စုံခဲ့ပုံအကြောင်း နောက်အခန်းမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 4 ယေဇကျေလကျမ်းမှာ ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေကို ရည်ညွှန်းဖို့ “အစ္စရေး” ဆိုတဲ့ ဝေါဟာရကို မကြာခဏ အသုံးပြုတယ်။—ယေဇ. ၁၂:၁၉၊ ၂၂။ ၁၈:၂။ ၂၁:၂၊ ၃။
^ အပိုဒ်၊ 7 သစ္စာရှိခြင်းကို ယေဟောဝါ ဘယ်လောက် အလေးအနက်ထားကြောင်း “ဝန်တိုစိတ်” ဆိုတဲ့ စကားလုံးက ဖော်ပြတယ်။ ဇနီးသည် သစ္စာဖောက်တဲ့အခါ ဝန်တိုစိတ်ကြောင့် လင်ယောက်ျား အမျက်ဒေါသထွက်တာကို စဉ်းစားမိနိုင်တယ်။ (ပညာ. ၆:၃၄) ပဋိညာဉ်ဖွဲ့ထားတဲ့လူမျိုးက ရုပ်တုကိုးကွယ်ခြင်းအားဖြင့် သစ္စာမဲ့သွားတဲ့အခါ အဲဒီလင်ယောက်ျားလိုပဲ ယေဟောဝါ တော်မှန်စွာ အမျက်ထွက်တယ်။ ရည်ညွှန်းကျမ်းတစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “ဘုရားရဲ့ ဝန်တိုစိတ်က . . . သန့်ရှင်းမြင့်မြတ်မှုကြောင့် ဖြစ်လာတာ။ မိမိတစ်ပါးတည်းသာ သန့်ရှင်းတဲ့ဘုရား ဖြစ်လို့ . . . ဘယ်ပြိုင်ဘက်ကိုမှ သည်းခံမှာ မဟုတ်ဘူး။”—ထွ. ၃၄:၁၄။
^ အပိုဒ်၊ 11 “ရွံမုန်းဖွယ်ရုပ်တုတွေ” ဆိုတဲ့ ဟီဘရူးဝေါဟာရဟာ “နောက်ချေး” ဆိုတဲ့ ဟီဘရူးစကားလုံးနဲ့ ဆက်စပ်နိုင်ပြီး ရွံရှာဖွယ်အခြေအနေအကြောင်း ဖော်ပြရာမှာ အသုံးပြုတယ်။
^ အပိုဒ်၊ 13 တမ္မုဇဆိုတာ နိမ်ရောဒရဲ့ နောက်နာမည်တစ်မျိုး ဖြစ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိဘူး။