မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

“မင်းကို . . . ကင်းစောင့် ခန့်လိုက်ပြီ”

“မင်းကို . . . ကင်းစောင့် ခန့်လိုက်ပြီ”

ယေဇကျေလ ၃၃:၇

အာရုံစိုက်​ရာ။ ယေဟောဝါ​က ကင်းစောင့် ခန့်အပ်​ပြီး ကင်းစောင့်​တာဝန်​အကြောင်း ဖော်ပြ

၁။ ယေဟောဝါရဲ့ ကင်းစောင့်​တွေ ဘာ​လုပ်ခဲ့ကြသလဲ၊ ဘာ​ဖြစ်ခဲ့သလဲ​ဆိုတာ ဖော်ပြပါ။

ကင်းစောင့်​က ဂျေရုဆလင်​မြို့ရိုး​ပေါ် ရပ်​နေတယ်။ နေဝင်ပြီ ဖြစ်လို့ မျက်စိ​ကို ကာ​ပြီး အဝေး​ကို ကြည့်​လိုက်တယ်။ ရုတ်တရက် တံပိုး​ကို ကိုင်၊ အသက်ပြင်းပြင်း ရှူပြီး ဗာဗုလုန်​စစ်တပ် လာ​နေတဲ့​အကြောင်း သတိပေး​လိုက်တယ်။ ဒါပေမဲ့ အလေး​မထားတဲ့ မြို့သူ/သားတွေ​အနေနဲ့ ကင်းစောင့်​ရဲ့ တံပိုးမှုတ်သံ​ကို တုံ့ပြန်​ဖို့ သိပ်​နောက်ကျ​သွားပြီ။ ဒီနေ့​ရက် ရောက်လာမယ့်​အကြောင်း ယေဟောဝါ ခန့်အပ်ထား​တဲ့ ကင်းစောင့်​တွေ၊ ပရောဖက်​တွေ ဆယ်စုနှစ်ချီ သတိ​ပေးခဲ့​ကြပေမဲ့ လူတွေက နားမထောင်​ကြဘူး။ အခု ဗာဗုလုန်​စစ်တပ်​က မြို့ကို ဝိုင်း​ထားပြီ။ လ​နဲ့​ချီ ဝိုင်းရံ​ပြီးတဲ့နောက် စစ်သားတွေ​က မြို့ရိုး​ကို ဖျက်ဆီး၊ ဗိမာန်တော်ကို ဖြိုဖျက်၊ ရုပ်တု​ကိုးကွယ်သူ သစ္စာမဲ့ ဂျေရုဆလင်​မြို့သား​တွေကို သတ်ဖြတ်၊ ဖမ်းဆီး​လိုက်ကြတယ်။

၂၊ ၃။ (က) ဒီနေ့ မြေကြီးသား​တွေ ဘယ်​အခြေအနေကို ရင်ဆိုင်​နေရ​သလဲ။ (ခ) ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။

ဒီနေ့လည်း သစ္စာမဲ့​မြေကြီးသား​တွေကို တရား​စီရင်​ဖို့ ယေဟောဝါရဲ့ လက်မရွံ့​အာဏာသား​တွေ စစ်ချီ​လာ​နေတယ်။ (ဗျာ. ၁၇:၁၂-၁၄) ဒီ​တိုက်ပွဲ​ဟာ လူ့​သမိုင်း​မှာ အကြီးမားဆုံး ဆင်းရဲဒုက္ခ​ရဲ့ အထွတ်အထိပ် ဖြစ်လာမယ်။ (မ. ၂၄:၂၁) ဒါပေမဲ့ ကင်းစောင့်​အဖြစ် ယေဟောဝါ ခန့်အပ်ထား​သူတွေရဲ့ သတိပေး​ချက်​ကို လူတွေ တုံ့ပြန်​ဖို့ အချိန်မနှောင်း​သေး​ဘူး။

ကင်းစောင့်​တွေ ခန့်အပ်ဖို့ ယေဟောဝါကို ဘာက လှုံ့ဆော်ပေး​ခဲ့သလဲ။ ဘယ်လို သတင်း​မျိုးကို ကင်းစောင့် ကြေညာ​သလဲ။ ဒီ​တာဝန်ကို ဘယ်သူတွေ ထမ်းဆောင်ခဲ့​ကြသလဲ။ ကျွန်တော်တို့ ဘယ်​အခန်းကဏ္ဍ​မှာ ပါဝင်​သလဲ။ ဒီ​မေးခွန်းတွေရဲ့ အဖြေတွေကို သုံးသပ်​ကြရအောင်။

“သူတို့ကို သတိပေး​ရမယ်”

၄။ ယေဟောဝါ​က ကင်းစောင့်​တွေ ဘာကြောင့် ခန့်အပ်​ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

ယေဇကျေလ ၃၃:၇ ကိုဖတ်ပါ။ ပကတိ ကင်းစောင့်​တစ်ယောက်ဟာ မြို့သူ/သားတွေ ဘေးကင်းလုံခြုံ​ရေး​အတွက် မြို့ရိုး​ပေါ်မှာ ရပ်​လေ့​ရှိတယ်။ ဒါဟာ မြို့ကို အုပ်ချုပ်တဲ့​သူက လက်အောက်ခံ​တွေကို ဂရုစိုက်​ကြောင်း ထင်ရှား​တဲ့ အထောက်အထား​ပဲ။ ကင်းစောင့်​ရဲ့ တံပိုးမှုတ်သံ​က အိပ်မော​ကျနေ​တဲ့ မြို့သား​တွေကို အထိတ်တလန့် ဖြစ်စေ​နိုင်ပေမဲ့ ဒီ​အသံ​ကြောင့်​ပဲ တုံ့ပြန်​သူတွေ အသက်ချမ်းသာ​ရာ ရနိုင်တာ​ပါ။ အလားတူပဲ ယေဟောဝါ​က အစ္စရေးတွေကို တရား​စီရင်ခြင်း သတင်းတွေ​နဲ့ ခြောက်လှန့်​ချင်​လို့ မဟုတ်ဘဲ မိမိ​လူမျိုးကို ဂရုစိုက်လို့၊ သူတို့​အသက်ကို ကယ်တင်​ပေးချင်လို့ ကင်းစောင့်​တွေ ခန့်အပ်​ခဲ့​တာ​ပါ။

၅၊ ၆။ ယေဟောဝါရဲ့ တရား​မျှတမှု ပေါ်လွင်​တဲ့ နည်း​တစ်နည်း​က ဘာလဲ။

ယေဇကျေလ​ကို ကင်းစောင့်​အဖြစ် ခန့်အပ်​ချိန်မှာ ယေဟောဝါ ပြခဲ့တဲ့ အရည်အသွေးတွေ​က ကျွန်တော်တို့ကို နှစ်သိမ့်မှု ဖြစ်စေတယ်။ ဒီ​ထဲ​က အရည်အသွေး နှစ်ခု​အကြောင်း သုံးသပ်​ကြည့်ပါ။

တရား​မျှတမှု။ ကျွန်တော်တို့ တစ်ဦးချင်း​စီ​ကို မျက်နှာမလိုက်​ဘဲ ဆက်ဆံ​ရာ​မှာ ယေဟောဝါရဲ့ တရား​မျှတမှု ပေါ်လွင်​တ​ယ်။ ဥပမာ၊ ယေဇကျေလရဲ့ သတင်းစကားကို လူများစွာ ကြားလျက်နဲ့ ငြင်းပယ်ပေမဲ့ အစ္စရေး​အားလုံးကို ပုန်ကန်​သူတွေ​အဖြစ် ယေဟောဝါ မဆက်ဆံ​ခဲ့​ဘူး။ တစ်ဦးချင်း​စီ ဘယ်လို တုံ့ပြန်​မလဲ​ဆိုတာ သိချင်ခဲ့တယ်။ “လူဆိုး” နဲ့ “ဖြောင့်မတ်သူ” ကို သတိပေး​ခြင်း​အကြောင်း ဘုရား ထပ်ခါထပ်ခါ ပြောခဲ့​တ​ယ်။ ဒါကြောင့် သတင်းစကားကို တစ်ဦးချင်း​စီ တုံ့ပြန်ပုံ​ပေါ် မူတည်ပြီး ယေဟောဝါ တရား​စီရင်တယ်။—ယေဇ. ၃၃:၈၊ ၁၈-၂၀

၇။ ယေဟောဝါ​က ဘာ​ပေါ် မူတည်ပြီး လူတွေကို တရား​စီရင်​သလဲ။

လူတွေကို တရား​စီရင်​ပုံ​မှာလည်း ယေဟောဝါရဲ့ တရား​မျှတမှု​ကို တွေ့နိုင်တယ်။ အတိတ်​က လုပ်ရပ်တွေ​အတွက် မဟုတ်ဘဲ လက်ရှိ သတိပေး​ချက်​ကို တုံ့ပြန်ပုံ​ပေါ် မူတည်ပြီး တစ်ဦးချင်း​စီ တရား​စီရင်ခံ​ရတယ်။ “လူဆိုး​ကို “မင်း သေကိုသေ​ရလိမ့်မယ်” လို့ ငါပြောတဲ့အခါ အဲဒီ​လူဆိုး​က အပြစ်ကို စွန့်လွှတ်​ပြီး ဖြောင့်မတ်မှန်ကန်​ရာ​ကို လုပ်တယ်​ဆိုရင် . . . ကျိန်းသေ အသက်ဆက်ရှင်​ရလိမ့်မယ်” လို့ ယေဇကျေလ​ကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ “သူ​ကျူးလွန်ခဲ့တဲ့ အပြစ်​တစ်ခုကို​မှ ငါ​မှတ်ထားမှာ မဟုတ်ဘူး” ဆိုတဲ့ မိန့်ဆိုချက်​ဟာ​လ​ည်း မှတ်သား​စ​ရာ​ပါပဲ။ (ယေဇ. ၃၃:၁၄-၁၆) ဖြောင့်မတ်တဲ့​လမ်းစဉ် လိုက်ခဲ့​သူတွေ​အနေနဲ့​လ​ည်း လက်ရှိ ပုန်ကန်မှု​အတွက် အတိတ်​က နာခံမှုနဲ့ ဆင်ခြေပေး​လို့ မရဘူး။ လူတစ်ယောက်က “သူ့ရဲ့ ဖြောင့်မတ်မှု​အားကိုး​နဲ့ အပြစ်​လုပ်မယ်ဆိုရင် အရင်က လုပ်ခဲ့တဲ့ ဖြောင့်မတ်မှု​တစ်ခုကို​မှ ငါ​သတိရ​မှာ မဟုတ်ဘူး။ သူ လုပ်တဲ့ အပြစ်​ကြောင့် သူ သေ​ရလိမ့်မယ်” ဆိုပြီး ယေဟောဝါ ဖော်ပြ​ထားတယ်။—ယေဇ. ၃၃:၁၃

၈။ ပရောဖက်ပြု သတိပေး​ချက်​တွေ​က ယေဟောဝါရဲ့ တရား​မျှတမှု​အကြောင်း ဘာသင်ပေးသလဲ။

တရား​မစီရင်​ခင် လုံလုံလောက်လောက် ကြိုတင်​သတိပေး​ရာ​မှာလည်း ယေဟောဝါရဲ့ တရား​မျှတမှု ထင်ရှားတယ်။ ဂျေရုဆလင်​မြို့ကို ဗာဗုလုန်​စစ်တပ် မဖျက်ဆီး​ခင် ခြောက်​နှစ်လောက်​အလိုမှာ ယေဇကျေလ တာဝန်​စ​ထမ်းဆောင်ခဲ့​တ​ယ်။ ဒါပေမဲ့ တရား​စီရင်ခြင်း​အကြောင်း ဘုရားလူမျိုးကို ဦးဆုံး သတိပေး​ခဲ့​တာ ယေဇကျေလ မဟုတ်ပါဘူး။ ဂျေရုဆလင်​မြို့ ဖျက်ဆီး​မခံရ​ခင် အနှစ်​တစ်​ရာ​ကျော်​ကတည်းက ပရောဖက် ဟောရှေ၊ ဟေရှာယ၊ မိက္ခာ၊ ဩ​ဒက်၊ ယေရမိ​တို့ကို ကင်းစောင့်​အဖြစ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ “‘တံပိုးမှုတ်သံ​ကို အာရုံစိုက်​ကြ’ လို့ ပြော” တဲ့ “ကင်းစောင့်​တွေ” ကို ယေဟောဝါ ခန့်ထားတဲ့​အကြောင်း ယေရမိ​က​တစ်ဆင့် အစ္စရေးတွေကို သတိ​ပေးခဲ့တယ်။ (ယေ. ၆:၁၇) ယေဟောဝါရဲ့ တရားစီရင်ချက်​အတိုင်း ဗာဗုလုန်​လက်ချက်​နဲ့ သေဆုံး​သွား​သူတွေ​အတွက် ယေဟောဝါမှာ​ကော ကင်းစောင့်​တွေ​မှာပါ တာဝန် မရှိပါဘူး။

၉။ ယေဟောဝါ​က ခိုင်မြဲ​တဲ့​မေတ္တာ ဘယ်လို ပြခဲ့သလဲ။

မေတ္တာ။ ယေဟောဝါ​က ဖြောင့်မတ်​သူတွေကို​သာမက စိတ်တော်ကို နာကျင်စေ​ပြီး နာမတော်ကို ညှိုးနွမ်း​စေခဲ့တဲ့ လူဆိုးတွေကိုပါ သတိ​ပေးဖို့ ကင်းစောင့်​တွေ စေလွှတ်ခြင်း​အားဖြင့် ခိုင်မြဲ​တဲ့​မေတ္တာ ပြခဲ့တယ်။ စဉ်းစား​ကြည့်ပါ– အစ္စရေးတွေကို ယေဟောဝါရဲ့ လူမျိုး​အဖြစ် သိထားကြတယ်။ ဒါပေမဲ့ သူတို့က ဘုရားကို အကြိမ်ကြိမ် ကျောခိုင်း​ပြီး မှားယွင်းတဲ့ ဘုရားတွေ​နောက် လိုက်ခဲ့ကြတယ်။ အစ္စရေး​လူမျိုးကို ဖောက်ပြန်တဲ့​မိန်းမ​နဲ့ ခိုင်းနှိုင်း​ခြင်းအားဖြင့် သစ္စာဖောက်​ခံရ​မှု​ကြောင့် ခံစား​ရတဲ့ စိတ်​နာကျင်မှု အတိမ်အနက်​ကို ယေဟောဝါ ဖော်ပြခဲ့တယ်။ (ယေဇ. ၁၆:၃၂) ဒါတောင် ယေဟောဝါ သူတို့​အပေါ် မြန်မြန်ဆန်ဆန် လက်မလျှော့​ခဲ့​ဘူး။ လက်တုံ့ပြန်ဖို့ မဟုတ်ဘဲ ပြန်လည်​သင့်မြတ်​ဖို့ ကြိုးစားခဲ့တယ်။ တရား​စီရင်ခြင်း​ဓား​ကို ဦးဆုံး​လက်နက် မဟုတ်ဘဲ နောက်ဆုံး လက်နက်​အဖြစ်​ပဲ သုံး​ပါတယ်။ ဘာကြောင့်လဲ။ “လူဆိုး သေသွားတဲ့​အခါ ငါ ဝမ်းမသာ​ဘူး။ သူ့​လမ်းစဉ် ပြောင်းလဲ​ပြီး အသက်ဆက်ရှင်​တဲ့အခါ ငါ​ဝမ်းသာတယ်” ဆိုပြီး ယေဇကျေလ​ကို ပြောခဲ့​တ​ယ်။ (ယေဇ. ၃၃:၁၁) ဒါဟာ အတိတ်​တုန်း​က​ကော အခု​ပါ ယေဟောဝါရဲ့ ခံစားချက် ဖြစ်တယ်။—မာ​လ. ၃:၆

၁၀၊ ၁၁။ အစ္စရေးတွေကို ယေဟောဝါ ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၀ အစ္စရေးတွေကို ယေဟောဝါ တရား​မျှတ​စွာ၊ မေတ္တာပါ​စွာ ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။ သင်ခန်းစာ​တစ်ခုကတော့ ဟောပြောတဲ့​အခါ လူတွေကို အုပ်စု​လိုက်​အနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်း​အနေနဲ့ ရှုမြင်​ရမယ်။ လူတစ်ယောက်ရဲ့ အတိတ်​လုပ်ရပ်​ကြောင့်၊ ယဉ်ကျေးမှု၊ လူမျိုး၊ စီးပွားရေး၊ ဘာသာစကား နောက်ခံ​တွေ​ကြောင့် ကျွန်တော်တို့ ဟောပြောတဲ့ သတင်းတရားကို နားထောင်ဖို့ မထိုက်တန်ဘူးလို့ ကြိုတင်​ဆုံးဖြတ်​တာ ဘယ်လောက်တောင် မှား​လိုက်​သလဲ။ “ဘုရားသခင် မျက်နှာမလိုက်​မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်​သွားပြီ။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်​လက်ခံမှုကို ရတာပဲ” ဆိုပြီး တမန်တော်​ပေတရု​ကို ယေဟောဝါ ပေးခဲ့တဲ့ သင်ခန်းစာ​က ဒီနေ့​အထိ သက်ဆိုင်​နေဆဲ ဖြစ်တယ်။—တ. ၁၀:၃၄၊ ၃၅

လူတွေကို ယေဟောဝါနည်းတူ ရှုမြင်သလား (စာပိုဒ် ၁၀ ကို ကြည့်ပါ)

၁၁ နောက်​သင်ခန်းစာ​ကတော့ အတိတ်​က ဖြောင့်မတ်တဲ့ လုပ်ရပ်​တွေဟာ လက်ရှိ အမှား​တွေ ခွင့်လွှတ်​ခံရဖို့ အကြောင်းရင်း မဟုတ်တာ​မို့ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် ဆန်းစစ်​နေရမယ်။ ကျွန်တော်တို့ ဟောပြော​လိုက်တဲ့​သူတွေလို​ပဲ ကျွန်တော်တို့​မှာလည်း အပြစ်​လုပ်ချင်တဲ့​ဆန္ဒ ရှိကြောင်း ကောင်းကောင်း အမှတ်ရ​ကြပါတယ်။ “ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲ​သွား​အောင် သတိ​ထားပါ။ လူတွေ ကြုံရ​တတ်တဲ့ သွေးဆောင်ခြင်း​ကိုပဲ ခင်ဗျားတို့ ခံရ​တာ” ဆိုပြီး ကောရိန္သုအသင်းတော်ကို ပေးခဲ့တဲ့ တမန်တော်​ပေါလုရဲ့ အကြံပြုချက်​ဟာ ကျွန်တော်တို့နဲ့လည်း သက်​ဆိုင်တယ်။ (၁ ကော. ၁၀:၁၂၊ ၁၃) ကောင်းတာတွေ လုပ်နေတာမို့ အမှား​လုပ်​လ​ည်း အပြစ်ပေး​ခံရမှာ မဟုတ်ဘူးလို့ တွေး​ပြီး “ဖြောင့်မတ်မှု အားကိုး” တဲ့​လူစားမျိုး မဖြစ်ချင်​ကြပါဘူး။ (ယေဇ. ၃၃:၁၃) ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်တာ သက်တမ်း ဘယ်လောက်​ပဲ ကြာ​ပါစေ နှိမ့်ချ​နာခံ​တတ်တဲ့ သဘောထား ဆက်​ထိန်းသိမ်း​ထားဖို့ အရေးကြီးပါတယ်။

၁၂။ အတိတ်မှာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ခဲ့​မိတယ်​ဆိုရင် ဘာ​သတိရ​သင့်သလဲ။

၁၂ အတိတ်မှာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ခဲ့​မိ​ပြီး အခု နောင်တ​ရတယ် ဆိုရင်ကော။ နောင်တ​မယူ​တဲ့ အပြစ်​ကျူးလွန်​သူတွေကို ယေဟောဝါ အပြစ်​ပေးမယ့်​အကြောင်း ယေဇကျေလ စကားတွေက​နေ သိရတယ်။ ဒါပေမဲ့ ယေဟောဝါဟာ လက်စားချေ​တတ်တဲ့​ဘုရား မဟုတ်ဘဲ ချစ်ခြင်း​မေတ္တာ​ရှိတဲ့​ဘုရား ဖြစ်ကြောင်း​ကိုလည်း ကျွန်တော်တို့ သိကြတယ်။ (၁ ယော. ၄:၈) နောင်တရ​ကြောင်း လုပ်ရပ်​နဲ့ သက်သေ​ပြမယ်​ဆိုရင် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဘုရား ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ဘယ်တော့မှ မတွေး​သင့်​ဘူး။ (ယာ. ၅:၁၄၊ ၁၅) ဖောက်ပြန်တဲ့ အစ္စရေးတွေကို တလိုတလား ခွင့်လွှတ်​ခဲ့​သလို ကျွန်တော်တို့ကိုလည်း ယေဟောဝါ ခွင့်လွှတ်ဖို့ တလိုတလား ရှိပါတယ်။—ဆာ. ၈၆:၅

“မင်းရဲ့ လူတွေကို ပြောပါ”

၁၃၊ ၁၄။ (က) ဘယ်​သတင်းစကား​မျိုးကို ကင်းစောင့်​တွေ ကြေညာ​ရမလဲ။ (ခ) ဟေရှာယ ဘာ​သတင်း ကြေညာခဲ့​သလဲ။

၁၃ ယေဇကျေလ ၃၃:၂၊ ၃ ကိုဖတ်ပါ။ ဘယ်​သတင်းစကား​မျိုးကို ယေဟောဝါရဲ့ ကင်းစောင့်​တွေ ကြေညာ​ရမလဲ။ အဓိက တာဝန်​ကတော့ သတိပေး​ချက်​တွေ ကြေညာဖို့ပါ။ ဒါပေမဲ့ သတင်းကောင်း​လ​ည်း ဟော​ကြပါတယ်။ ဥပမာ​တချို့ သုံးသပ်​ကြည့်ပါ။

၁၄ ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ သိမ်းပိုက်​ပြီး မြို့သား​တွေကို ပြည်နှင်ဒဏ်​ပေးမယ့်​အကြောင်း ဘီစီ ၇၇၈ လောက်​ကနေ ၇၃၂ အထိ အမှုဆောင်တဲ့ ဟေရှာယ သတိ​ပေးခဲ့တယ်။ (ဟေရှာ. ၃၉:၅-၇) ဒါပေမဲ့ “နားထောင်ပါ။ ကင်းစောင့်​တွေ အော်ပြော​နေတယ်။ ရွှင်လန်းစွာ သံ​ပြိုင်​ကြွေးကြော်​နေတယ်။ ယေဟောဝါ​က ဇိအုန်​ကို ပြန်​စုသိမ်းတဲ့​အခါ သူတို့ မျက်ဝါးထင်ထင် မြင်ရ​လိမ့်မယ်” လို့​လည်း ရေးခဲ့တယ်။ (ဟေရှာ. ၅၂:၈) စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်လည်​တည်ထောင်မယ့်​အကြောင်း အကောင်းဆုံး​သတင်းကို ဟေရှာယ ကြေညာခဲ့​ပါတယ်။

၁၅။ ယေရမိ ဘာ​သတင်း ကြေညာခဲ့​သလဲ။

၁၅ ဘီစီ ၆၄၇ ကနေ ၅၈၀ အထိ အမှုဆောင်ခဲ့တဲ့ ယေရမိဟာ “ဘေးဆိုး​အကြောင်း​ပဲ ဟောပြောတဲ့​သူ” ဆိုပြီး မတရား သမုတ်​ခံရတယ်။ မှန်ပါတယ်၊ ဆိုးညစ်​တဲ့ အစ္စရေးတွေ​အပေါ် ယေဟောဝါ ကျရောက်​စေမယ့် ဘေးဆိုးတွေ​အကြောင်း ယေရမိ သတိ​ပေးခဲ့တယ်။ * ဒါပေမဲ့ ဘုရား​လူမျိုး ပြည်တော်ပြန်​လာမယ့်​အကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်မယ့်​အကြောင်း သတင်းကောင်း​လည်း ကြေညာခဲ့​ပါတယ်။—ယေ. ၂၉:၁၀-၁၄။ ၃၃:၁၀၊ ၁၁

၁၆။ ယေဇကျေလရဲ့ သတင်းစကားက ဗာဗုလုန်ပြည်​ရှိ သုံ့ပန်း​တွေ​အတွက် ဘယ်လို အကျိုး​ရှိခဲ့သလဲ။

၁၆ ယေဇကျေလ​ဟာ ဘီစီ ၆၁၃ မှာ ကင်းစောင့်​အဖြစ် ခန့်အပ်ခံ​ရပြီး အနည်းဆုံး ဘီစီ ၅၉၁ အထိ တာဝန်​ထမ်းဆောင်ခဲ့​တယ်။ ဒီ​စာအုပ် အခန်း ၅ နဲ့ မှာ ဆွေးနွေးခဲ့​တဲ့​အတိုင်း ယေဇကျေလ​က အစ္စရေး​လူမျိုးအပေါ် ကျရောက်​လာမယ့် ဖျက်ဆီးခြင်းဘေး​အကြောင်း ထက်ထက်သန်သန် သတိ​ပေးခဲ့​ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် သွေးပြစ်ကင်း​စေခဲ့တယ်။ ဂျေရုဆလင်​မြို့ရှိ အယူဖောက်ပြန်သူတွေကို ယေဟောဝါ အပြစ်​ပေးမယ့်​အကြောင်း ပြည်နှင်ခံတွေကို သတိပေး​ခဲ့​ရုံ​သာမက ဗာဗုလုန်ပြည်​ရှိ သုံ့ပန်းတွေကိုလည်း ဘုရားရေးရာမှာ ရှင်သန်​နေပြီး အနာဂတ်​လုပ်ငန်း​စဉ်​အတွက် အသင့်​ဖြစ်နေဖို့ ကူညီ​ပေးခဲ့တယ်။ အနှစ် ၇၀ ကြာ ပြည်နှင်ခံ​ဘဝ အဆုံးတိုင်​ချိန်မှာ ယေဟောဝါ​က ပြန်လည်​တည်ထောင်​ထားတဲ့ အစ္စရေး​ပြည်မှာ ပြည်နှင်ခံ အကြွင်းအကျန်တွေကို နေရာချ​ပေးမယ်။ (ယေဇ. ၃၆:၇-၁၁) အများစုဟာ ယေဇကျေလရဲ့ သတိပေး​ချက်​ကို အာရုံစိုက်ခဲ့​ကြ​သူတွေရဲ့ သားမြေး​တွေ ဖြစ်တယ်။ ဒီ​စာအုပ် အပိုင်း ၃ က အခန်း​တွေ​မှာ အလေးပေး ဆွေးနွေး​ထားတဲ့​အတိုင်း ဂျေရုဆလင်​မြို့မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​မ​ယ်​ဆိုတာကို ယုံကြည်​စိတ်ချ​စေတဲ့ သတင်းကောင်း​များစွာ ယေဇကျေလ ကြေညာ​ဖို့ ရှိသေးတယ်။

၁၇။ ယေဟောဝါ​က ဘယ်​အချိန်​မျိုးမှာ ကင်းစောင့်​တွေ ခန့်အပ်​သလဲ။

၁၇ ဘီစီ ၆၀​၇၊ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရမယ့်​အချိန်​လောက်​မှာ ဘုရားလူမျိုးကို ဟောပြောခဲ့တဲ့ ပရောဖက်​တွေကို​ပဲ ကင်းစောင့်​တွေ​အဖြစ် ယေဟောဝါ ခန့်အပ်​ခဲ့​သလား။ မဟုတ်ပါဘူး။ ဘုရား​ရည်ရွယ်ချက် ဖြစ်မြောက်မယ့် ထူးခြားတဲ့ အချိန်တိုင်းမှာ လူဆိုးတွေကို သတိ​ပေးဖို့​ရော သတင်းကောင်း ကြေညာဖို့ပါ ကင်းစောင့်​တွေ ယေဟောဝါ ခန့်အပ်​ခဲ့​တယ်။

ပထမရာစု ကင်းစောင့်​များ

၁၈။ နှစ်ခြင်း​ဆရာ ယောဟန် ဘာ​တာဝန် ထမ်းဆောင်ခဲ့​သလဲ။

၁၈ အေဒီ ပထမရာစု​တုန်း​က နှစ်ခြင်း​ဆရာ ယောဟန်ဟာ ကင်းစောင့်​တာဝန် ထမ်းဆောင်​ခဲ့​တယ်။ ပကတိ အစ္စရေး​လူမျိုး မကြာခင် ငြင်းပယ်​ခံရ​တော့​မ​ယ့်​အကြောင်း သတိ​ပေးခဲ့တယ်။ (မ. ၃:၁၊ ၂၊ ၉-၁၁) ဒီလောက်ပဲ မဟုတ်​သေး​ဘူး။ ယောဟန်ဟာ မေရှိယ သွားမယ့်​လမ်း​ကို အသင့်ပြင်​ပေးတဲ့ “စေတမန်” ဖြစ်ကြောင်း ယေရှု ပြောခဲ့​တ​ယ်။ (မာ​လ. ၃:၁။ မ. ၁၁:၇-၁၀) ယောဟန်ရဲ့ တာဝန်​တစ်​ရပ်​ကတော့ “ဘုရားသခင်ရဲ့ သိုးသငယ်” ယေရှု ရောက်လာပြီ၊ “ဒီ​လောကရဲ့ အပြစ်ကို ဖယ်ရှား​ပေး” တော့​မ​ယ်​ဆိုတဲ့ သတင်းကောင်း ဟောပြောခြင်းပါပဲ။—ယော. ၁:၂၉၊ ၃၀

၁၉၊ ၂၀။ ယေရှုနဲ့ တပည့်​တွေ ကင်းစောင့်​အဖြစ် ဘယ်လို လုပ်ဆောင်ခဲ့​ကြသလဲ။

၁၉ ကင်းစောင့်​အားလုံး​ထဲမှာ ယေရှုဟာ အထူးခြားဆုံး​ပါ။ ယေဇကျေလ​လို​ပဲ “အစ္စရေး​အမျိုး” ဆီ ယေရှုကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ (ယေဇ. ၃:၁၇။ မ. ၁၅:၂၄) ပကတိ​အစ္စရေး​လူမျိုး မကြာခင် ငြင်းပယ်​ခံ​ရတော့မယ်၊ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံ​ရတော့မယ်​ဆိုတာ ယေရှု သတိ​ပေးခဲ့တယ်။ (မ. ၂၃:၃၇၊ ၃၈။ ၂၄:၁၊ ၂။ လု. ၂၁:၂၀-၂၄) ဒါပေမဲ့ ယေရှုရဲ့ အဓိက​တာဝန်​က သတင်းကောင်း ကြေညာဖို့ပါ။—လု. ၄:၁၇-၂၁

၂၀ ယေရှု မြေကြီးပေါ် ရှိစဉ်တုန်းက “သတိနဲ့ စောင့်နေကြပါ” ဆိုပြီး တပည့်​တွေကို အသေအချာ မိန့်မှာခဲ့တယ်။ (မ. ၂၄:၄၂) တပည့်​တွေ​က မိန့်မှာချက်ကို နာခံပြီး ကင်းစောင့်​အဖြစ် လုပ်ဆောင်ခဲ့​ကြတယ်။ ပကတိ​အစ္စရေးလူမျိုးနဲ့ ဂျေရုဆလင်​မြို့ကို ယေဟောဝါ ငြင်းပယ်​လိုက်ပြီ ဖြစ်ကြောင်း သတိ​ပေးခဲ့​ကြတယ်။ (ရော. ၉:၆-၈။ ဂလ.​ ၄:၂၅၊ ၂၆) ရှေးခေတ် ကင်းစောင့်​တွေ​လို​ပဲ သူတို့​မှာလည်း ကြေညာ​ရမယ့် သတင်းကောင်း ရှိပါတယ်။ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ထားတဲ့ ဘုရားသခင့် အစ္စရေး​လူမျိုး​ထဲမှာ လူမျိုးခြား​တွေ​လည်း ပါဝင်​လာပြီး မြေကြီးပေါ် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​ရာ​မှာ ယေရှုကို ကူညီပေး​ခွင့် ရရှိ​ကြ​မယ့်​အကြောင်း ကြေညာခြင်း ပါဝင်​တယ်။—တ. ၁၅:၁၄။ ဂ​လ. ၆:၁၅၊ ၁၆။ ဗျာ. ၅:၉၊ ၁၀

၂၁။ ပေါလု ဘာ​ပုံသက်သေ ချမှတ်​ခဲ့သလဲ။

၂၁ ပထမရာစု ကင်းစောင့်​တွေ​ထဲမှာ တမန်တော်​ပေါလုက ထူးခြားတဲ့ ပုံသက်သေ ချမှတ်​ခဲ့​တယ်။ တာဝန်နဲ့​ပတ်သက်ပြီး အရေးတကြီး သဘောထား ရှိခဲ့တယ်။ တာဝန် မကျေပွန်​ရင် သွေးပြစ်​သင့်​မ​ယ်​ဆိုတာ ယေဇကျေလ​နည်းတူ ပေါလုလည်း သိထားတယ်။ (တ. ၂၀:၂၆၊ ၂၇) တခြား​ကင်းစောင့်တွေရဲ့ ပုံသက်သေကို တုပ​ပြီး တခြား​သူတွေကို သတိပေး​ရုံ​သာမက သတင်းကောင်း​လ​ည်း ဟောခဲ့တယ်။ (တ. ၁၅:၃၅။ ရော. ၁:၁-၄) “သတင်းကောင်း သယ်ဆောင်​လာ​သူ . . . ရဲ့ ခြေ​ဟာ တောင်တန်း​တွေ​ပေါ်မှာ လှပ​တင့်တယ်​လိုက်တာ” ဆိုတဲ့ ဟေရှာယ ပရောဖက်ပြုချက်ကို ကိုးကားခဲ့​တယ်။ ဘုရား​နိုင်ငံတော်​အကြောင်း ဟောပြောခြင်း​အားဖြင့် ခရစ်တော်​နောက်လိုက်​တွေ ပြီးမြောက်​စေခဲ့တဲ့ လုပ်ငန်း​နဲ့ ဒီ​ပရောဖက်ပြုချက်ကို ဆက်စပ်​ပြခဲ့တယ်။—ဟေရှာ. ၅၂:၇၊ ၈။ ရော. ၁၀:၁၃-၁၅

၂၂။ တမန်တော်တွေ သေဆုံး​ပြီးတဲ့နောက် ဘာ​ဖြစ်ခဲ့သလဲ။

၂၂ တမန်တော်တွေ သေဆုံး​ပြီးတဲ့နောက်မှာ ကြို​ဟောထားတဲ့​အတိုင်း ခရစ်ယာန်​အသင်းတော်​အတွင်း အယူဖောက်ပြန်မှု လွှမ်းမိုး​လာတယ်။ (တ. ၂၀:၂၉၊ ၃၀။ ၂ သက်. ၂:၃-၈) ကြာရှည်​တဲ့ ကြီးထွား​ချိန်​အတွင်း ပေါင်းပင်​နဲ့​တူတဲ့ ခရစ်ယာန်​အတုအယောင်​တွေဟာ ဂျုံပင်​နဲ့​တူတဲ့ သစ္စာရှိ ခရစ်တော်​နောက်လိုက်တွေထက် အရေအတွက် တိုးများ​လာတယ်။ ဘုရား​နိုင်ငံတော်​အကြောင်း ရှင်းလင်း​တဲ့ သတင်းတရားကို သွန်သင်ချက်​အမှား​တွေ ဖုံးလွှမ်း​သွားတယ်။ (မ. ၁၃:၃၆-၄၃) ဒါပေမဲ့ လူ့​အရေးကိစ္စ​တွေ​မှာ ယေဟောဝါ ကြားဝင်မယ့်​အချိန် ရောက်လာတဲ့​အခါ ရှင်းရှင်းလင်းလင်း သတိ​ပေးဖို့၊ သတင်းကောင်း ကြေညာ​ဖို့ ကင်းစောင့်​တွေ ခန့်အပ်ခြင်း​အားဖြင့် မေတ္တာနဲ့ တရား​မျှတမှု​ကို ဖော်ပြ​ပြန်တယ်။ ကင်းစောင့်​တွေ​အဖြစ် ​ဘယ်သူတွေ ထမ်းဆောင်ခဲ့​ကြသလဲ။

လူဆိုး​ကို သတိ​ပေးဖို့ ကင်းစောင့်​တွေ ယေဟောဝါ ပြင်ဆင်​ပေး

၂၃။ စီတီ​ရပ်​စယ်​နဲ့ အပေါင်းပါ​တွေ ဘယ်​အခန်းကဏ္ဍ​ကနေ ပါဝင်​ခဲ့ကြသလဲ။

၂၃ ၁၉၁၄ မတိုင်ခင် နှစ်တွေမှာ စီတီ​ရပ်​စယ်​နဲ့ အပေါင်းပါ​တွေဟာ မေရှိယနိုင်ငံတော် မတည်ထောင်ခင်မှာ “သွားမယ့်​လမ်း​ကို . . . အသင့်ပြင်​ပေး” တဲ့ “စေတမန်” အဖြစ် လုပ်ဆောင်ခဲ့​ကြတယ်။ * (မာ​လ. ၃:၁) ဘုရားရဲ့ တရားစီရင်ချက်​ကို သတိ​ပေးဖို့၊ ဘုရား​နိုင်ငံတော်​အကြောင်း သတင်းကောင်း ပျံ့နှံ့​စေဖို့ ဇိအုန်​ကင်းမျှော်စင် မဂ္ဂဇင်း​နဲ့ ခရစ်တော် ရောက်ရှိနေ​ခြင်း​၏ သံတော်ဆင့်​ကို အသုံးပြုခြင်း​အားဖြင့် ကင်းစောင့်​တာဝန်​ကိုလည်း ထမ်းဆောင်ခဲ့​ကြတယ်။

၂၄။ (က) သစ္စာရှိ​ကျွန်ဟာ ဘယ်လိုနည်းနဲ့ ကင်းစောင့်​တာဝန် ထမ်းဆောင်ခဲ့​သလဲ။ (ခ) အတိတ်​က ကင်းစောင့်တွေရဲ့ ပုံသက်သေ​တွေ​ကနေ ဘာ​သင်ယူ​ခဲ့​ပြီ​လဲ။ (“စံနမူနာရှင် ကင်းစောင့်​တချို့” ဇယားကွက်​ကို ကြည့်ပါ။)

၂၄ နိုင်ငံတော် တည်ထောင်​ပြီးတဲ့နောက် အမျိုးသား​အုပ်စုငယ်​လေး​တစ်စုကို သစ္စာရှိ​ကျွန်​အဖြစ် ယေရှု ခန့်အပ်​ခဲ့​တ​ယ်။ (မ. ၂၄:၄၅-၄၇) အဲဒီ​အချိန်​က​စပြီး အုပ်ချုပ်ရေးအဖွဲ့​လို့ အခု​ခေါ်​ကြ​တဲ့ သစ္စာရှိ​ကျွန်ဟာ ကင်းစောင့်​တာဝန် ထမ်းဆောင်ခဲ့​တ​ယ်။ “လက်စားချေမယ့်​နေ့အကြောင်း” သတိပေး​ခြင်း​မှာ​သာမက “ယေဟောဝါရဲ့ မင်္ဂလာနှစ်​အကြောင်း” ကြေညာခြင်း​မှာပါ ဦးဆောင်​ပေး​နေတယ်။—ဟေရှာ. ၆၁:၂။ ၂ ကောရိန္သု ၆:၁၊ ၂ ကိုလည်း ကြည့်ပါ။

၂၅၊ ၂၆။ (က) ခရစ်တော်ရဲ့ နောက်လိုက်​အားလုံး ဘာ​တာဝန် ထမ်းဆောင်ကြ​ရမလဲ။ ဘယ်လို ပြီးမြောက်​နိုင်သလဲ။ (ခ) နောက်​အခန်းမှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၂၅ သစ္စာရှိ​ကျွန်​က ကင်းစောင့်​တာဝန်ကို ဦးဆောင်​ပေး​နေတယ် ဆိုပေမဲ့ “သတိနဲ့ စောင့်နေ” ဖို့​ကို​တော့ နောက်လိုက် “အားလုံး” ကို ယေရှု တာဝန်ပေး​ထားတယ်။ (မာ. ၁၃:၃၃-၃၇) ဘုရားရေးရာမှာ နိုးကြား​နေခြင်း၊ မျက်မှောက်ခေတ် ကင်းစောင့်​ကို သစ္စာရှိရှိ ထောက်မ​ပေးခြင်း​အားဖြင့် ဒီ​မိန့်မှာချက်ကို ကျွန်တော်တို့ နာခံ​ကြတယ်။ ဟောပြောခြင်း​တာဝန်ကို ကျေပွန်ခြင်း​အားဖြင့် နိုးကြား​နေ​ကြောင်း သက်သေပြ​ကြတယ်။ (၂ တိ. ၄:၂) ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေး​သလဲ။ လူတွေရဲ့ အသက်ကို ကယ်​ချင်တဲ့ ဆန္ဒပါပဲ။ (၁ တိ. ၄:၁၆) မျက်မှောက်ခေတ် ကင်းစောင့်​ရဲ့ သတိပေး​သံ​ကို လျစ်လျူရှုတဲ့​အတွက် မကြာခင် လူ​အမြောက်အမြား အသက်ဆုံးရှုံး​ကြ​ရတော့မယ်။ (ယေဇ. ၃:၁၉) ဒါပေမဲ့ ကျွန်တော်တို့ကို အဓိက​လှုံ့ဆော်ပေး​တာ​ကတော့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ​ဆိုတဲ့ အကောင်းဆုံး​သတင်းကို ဝေမျှချင်​လို့​ပါ။ “ယေဟောဝါရဲ့ မင်္ဂလာနှစ်” အတွင်း အခု​အချိန်မှာ တရား​မျှတ​ပြီး မေတ္တာ​ရှိတဲ့ ဘုရား​ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်ရာ​မှာ ပူးပေါင်း​လာဖို့ လူများစွာ​အတွက် အခွင့်အလမ်း ပွင့်​နေတယ်။ မကြာခင် ဒီ​လောက​စနစ်ဆိုးရဲ့ အဆုံး​ကနေ လွတ်မြောက်​လာ​သူတိုင်းဟာ သားတော် ယေရှုခရစ်ရဲ့ ကရုဏာ​ရှိတဲ့ အုပ်ချုပ်မှု​ကနေ အကျိုး​ရ​ကြ​ပါတော့မယ်။ သတင်းကောင်း ဟောပြောခြင်း​အားဖြင့် မျက်မှောက်ခေတ် ကင်းစောင့်​ကို ကျွန်တော်တို့ ကူညီ​ထောက်မ​ချင်​ကြပါတယ်။—မ. ၂၄:၁၄

သတင်းကောင်း ကြေညာခြင်းအားဖြင့် မျက်မှောက်ခေတ် ကင်းစောင့်ကို ပျော်ရွှင်စွာ ထောက်မနေကြ (စာပိုဒ် ၂၅ ကို ကြည့်ပါ)

၂၆ ဒီ​စနစ်ဆိုး​အဆုံး မတိုင်ခင်​ကတည်းက ယေဟောဝါ​က မိမိ​လူမျိုးကို အံ့ဖွယ်​နည်းနဲ့ စုသိမ်း​နေတယ်။ ဘယ်လို စုသိမ်း​သလဲ​ဆိုတာကို ပုံဖော်​တဲ့ တုတ်​နှစ်ချောင်း​အကြောင်း ပရောဖက်ပြုချက်ကို နောက်​အခန်းမှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 15 “ဘေးဆိုး” ဆိုတဲ့ စကားလုံးကို ယေရမိကျမ်း​မှာ အကြိမ် ၆၀ လောက် တွေ့ရတယ်။

^ အပိုဒ်၊ 23 ဒီ​ပရောဖက်ပြုချက်​နဲ့ ပြည့်စုံမှု​အကြောင်း ဆွေးနွေး​ထားတာကို ဘုရားသခင့်​နိုင်ငံတော် စိုးစံပြီ စာအုပ် အခန်း ၂ “ကောင်းကင်မှာ နိုင်ငံတော် ဖွားမြင်ပြီ” မှာ ကြည့်ပါ။