မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

“မင်းတို့ အသက်ပြန်ရှင်လာလိမ့်မယ်”

“မင်းတို့ အသက်ပြန်ရှင်လာလိမ့်မယ်”

ယေဇကျေလ ၃၇:၅

အာရုံစိုက်​ရာ။ ‘ခြောက်သွေ့​နေတဲ့ အရိုး​တွေ’ အသက်ပြန်ရှင်​လာ​ခြင်း စိတ်အာရုံ​နဲ့ စိတ်အာရုံ အကြီးစား​ပြည့်စုံချက်

၁-၃။ ဗာဗုလုန်ပြည်​က ဂျူးတွေရဲ့ စိတ်ခံစားမှု​ကို ဘာက ပြောင်းလဲ​သွားစေခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

ဗာဗုလုန်ပြည်​က ဂျူးတွေ စိတ်​ခံစားမှု ပြောင်းလဲ​သွားပြီ။ သူတို့ရဲ့ လွဲမှား​နေတဲ့ မျှော်လင့်ချက်ကို ယေဇကျေလ ငါးနှစ်လောက် သတိပေး​ခဲ့​ပေမဲ့ အရာ​မထင်​ခဲ့​ဘူး။ ယေဇကျေလ ဘာတွေ​ပဲ သရုပ်ဆောင်​ပြပါ​စေ၊ ဘယ်​ဥပမာ​တွေ​ပဲ ပြောပါစေ၊ ဘယ်​သတင်း​ပဲ ကြေညာ​ပါစေ ဂျေရုဆလင်​မြို့ကို ယေဟောဝါ ပျက်စီး​ခွင့်ပြု​မ​ယ်​ဆိုတာ အဲဒီ​ပြည်နှင်ခံ​တွေ မယုံ​ခဲ့​ကြဘူး။ ဂျေရုဆလင်​မြို့ကို ဗာဗုလုန်​စစ်တပ် ဝိုင်းရံ​ထားပြီ​လို့ သိ​ချိန်မှာတောင် မြို့သား​တွေ လုံခြုံ​မှာပါ​ဆိုပြီး ယုံကြည်​နေကြတုန်းပဲ။

ဝိုင်းရံ​ခံရပြီး နှစ်နှစ်​အကြာမှာ ဂျေရုဆလင်​မြို့ကနေ လွတ်မြောက်​လာ​သူ​တစ်ယောက် ဗာဗုလုန်ပြည်​ကို ရောက်လာပြီး “မြို့တော် သိမ်းပိုက်​ခံ​လိုက်​ရပြီ” လို့ သတင်း​ပို့တယ်။ ဒီ​သတင်း​ကြောင့် ဗာဗုလုန်ပြည်​မှာ​ရှိတဲ့ ပြည်နှင်ခံ​တွေ ယူကျုံး​မရ ဖြစ်ခဲ့ကြတယ်။ ချစ်မြတ်နိုး​ရတဲ့ မြို့တော်၊ သန့်ရှင်း​ရာ ဗိမာန်တော်၊ တန်ဖိုး​ထားရတဲ့ တိုင်းပြည် ဖျက်ဆီး​ခံ​လိုက်ရ​ပြီဆို​တာ လက်ခံဖို့ ခက်​နေတယ်။ အချိန်​အကြာကြီး စွဲကိုင်​ထားခဲ့တဲ့ မျှော်လင့်ချက်​ကြောင့် စိတ်ပျက်​ကြ​ရပြီ။—ယေဇ. ၂၁:၇။ ၃၃:၂၁

ဒီလိုမျိုး မျှော်လင့်ချက် မဲ့​နေချိန်မှာ မျှော်လင့်ချက် အပြည့်​ပါတဲ့ စိတ်အာရုံ​တစ်ခု ယေဇကျေလ ရခဲ့တယ်။ စိတ်ပျက်​ကြေကွဲ​နေတဲ့ ပြည်နှင်ခံ​တွေ​အတွက် စိတ်အာရုံ​ထဲမှာ ဘာ​သတင်းစကား ပါသလဲ။ စိတ်အာရုံ​က မျက်မှောက်ခေတ် ဘုရား​လူမျိုးနဲ့ ဘယ်လို သက်ဆိုင်​သလဲ။ စိတ်အာရုံ​ကနေ ကိုယ်တိုင် ဘယ်လို အကျိုး​ရနိုင်သလဲ။ အဖြေ​ရဖို့ ယေဇကျေလ​ကို ယေဟောဝါ ဖော်ပြခဲ့တာ​တွေကို ဆန်းစစ်​ကြည့်ရအောင်။

“ဒီ​အရိုးတွေနဲ့​ပတ်သက်ပြီး မင်း ပရောဖက်​ပြုပါ၊” “လေကို ပရောဖက်ပြု​လိုက်ပါ”

၄။ စိတ်အာရုံ​ထဲမှာ ယေဇကျေလ ဘာကို သတိပြုမိ​သလဲ။

ယေဇကျေလ ၃၇:၁-၁၀ ကိုဖတ်ပါ။ စိတ်အာရုံမှာ ယေဇကျေလ​ကို အရိုး​တွေ ပြည့်နေတဲ့ ချိုင့်ဝှမ်း​လွင်ပြင်​မှာ ချ​လိုက်တယ်။ စိတ်အာရုံ​ကို အပြည့်အဝ နားလည်ဖို့ ယေဟောဝါ​က ယေဇကျေလ​ကို ပြန့်ကျဲ​နေတဲ့ “အရိုး​တွေ​ပတ်လည်မှာ လျှောက်​သွား​ခိုင်းတယ်။” ချိုင့်ဝှမ်း​လွင်ပြင်​ကို ဖြတ်လျှောက်​သွားတဲ့အခါ အရိုးတွေနဲ့​ပတ်သက်ပြီး အချက်​နှစ်ချက်​ကို ယေဇကျေလ သတိပြုမိတယ်။ အရိုး​တွေရဲ့ အရေအတွက်​နဲ့ အခြေအနေ ဖြစ်တယ်။ အရိုး “အမြောက်အမြား ရှိ” တယ်။ “ခြောက်သွေ့​နေ” တယ်။

၅။ ယေဟောဝါ​က ယေဇကျေလ​ကို ဘယ်​အမိန့်​နှစ်ခု ပေးခဲ့သလဲ။ မိန့်မှာ​တဲ့​အတိုင်း ယေဇကျေလ လုပ်ဆောင်တဲ့​အခါ ဘာ​ဖြစ်ခဲ့သလဲ။

အဆင့်ဆင့် ပြန်လည်​တည်ထောင်ခြင်း​နဲ့​ပတ်သက်တဲ့ အမိန့်​နှစ်ခု ယေဇကျေလ​ကို ယေဟောဝါ ပေးတယ်။ ပထမ​အမိန့်​က “ဒီ​အရိုးတွေနဲ့​ပတ်သက်ပြီး . . . ပရောဖက်ပြု” ရမယ်၊ “အသက်ပြန်ရှင်​လာ” ဖို့ ပြောရမယ်။ (ယေဇ. ၃၇:၄-၆) ယေဇကျေလ ပရောဖက်ပြု​လိုက်တာနဲ့ “တ​ချောက်​ချောက် မြည်သံ​တွေ ထွက်ပေါ်​လာပြီး အရိုး​တစ်ခုနဲ့ တစ်ခု ဆက်သွား​တ​ယ်။” အရိုး​တွေ​ပေါ်မှာ “အရွတ်​တွေ၊ အသားတွေ” တက်လာပြီး “အရေပြား ဖုံး​သွား” တယ်။ (ယေဇ. ၃၇:၇၊ ၈) ဒုတိယ​အမိန့်​က “လေကို ပရောဖက်ပြု” ပြီး လူသေတွေ​အပေါ် “တိုက်ခတ်” ဖို့ ပြောရမယ်။ ယေဇကျေလ ပရောဖက်ပြု​တဲ့အခါ “အသက်စွမ်းအား ဝင်​လာတဲ့​အတွက် သူတို့ အသက်ရှင်​လာပြီး ထ​ရပ်​ကြတယ်။ အလုံးအရင်း​ကြီး ဖြစ်လာတယ်။”—ယေဇ. ၃၇:၉၊ ၁၀

“ငါ​တို့​အရိုး​တွေ ခြောက်သွေ့​နေပြီ။ မျှော်လင့်ချက်လည်း ပျက်စီး​သွားပြီ”

၆။ စိတ်အာရုံ​ကို ယေဇကျေလ နားလည်ဖို့ ယေဟောဝါရဲ့ ဘယ်​စကားတွေက ကူညီပေး​သလဲ။

စိတ်အာရုံ​ကို ယေဇကျေလ နားလည်ဖို့ “ဒီ​အရိုး​တွေဟာ အစ္စရေး တစ်မျိုးလုံးကို ဆိုလိုတယ်” ဆိုပြီး ယေဟောဝါ ဖော်ပြခဲ့တယ်။ ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​အကြောင်း ပြည်နှင်ခံ​တွေ သိလိုက်​ရတဲ့အခါ သူတို့ကိုယ်သူတို့ လူသေ​တွေ​လို့ ခံစား​ကြရတယ်။ “ငါ​တို့​အရိုး​တွေ ခြောက်သွေ့​နေပြီ။ မျှော်လင့်ချက်လည်း ပျက်စီး​သွားပြီ။ ငါ​တို့ လုံးလုံး ပယ်ရှင်းခံ​လိုက်​ရပြီ” လို့ မြည်တမ်း​ကြတယ်။ (ယေဇ. ၃၇:၁၁။ ယေ. ၃၄:၂၀) အရိုးတွေနဲ့​ပတ်သက်တဲ့ ဒီ​စိတ်အာရုံမှာ တောက်ပတဲ့ မျှော်လင့်ချက်​သတင်း ပါတယ်ဆိုပြီး အစ္စရေး​လူမျိုးရဲ့ မြည်တမ်း​မှု​အတွက် ယေဟောဝါ အဖြေ​ပေးခဲ့တယ်။

၇။ ယေဇကျေလ ၃၇:၁၂-၁၄ အရ ယေဇကျေလ​ကို ယေဟောဝါ ဘာဖော်ပြ​ခဲ့သလဲ။ ဒါက ပြည်နှင်ခံ​လူမျိုး​အတွက် ဘာ​အာမခံချက် ပေး​သလဲ။

ယေဇကျေလ ၃၇:၁၂-၁၄ ကိုဖတ်ပါ။ ပြည်နှင်ခံတွေကို ပြန်ရှင်​သန်​စေမယ်၊ နေရင်းပြည်​ဆီ ပြန်လည်​ပို့ဆောင်၊ အခြေချ​နေထိုင်​စေမယ့်​အကြောင်း စိတ်အာရုံ​က​တစ်ဆင့် ယေဟောဝါ အာမခံတယ်။ ဒီ့ပြင် ယေဟောဝါ​က သူတို့ကို “ငါ့​လူ​တို့” ဆိုပြီး ပြန်​ခေါ်ခဲ့တယ်။ မျှော်လင့်ချက် မဲ့နေတဲ့ ပြည်နှင်ခံ​တွေ​အတွက် ဒီ​စကားတွေက ဘယ်လောက်တောင် အားရှိစေ​ခဲ့​မလဲ။ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ဒီ​ကတိတော် ပြည့်စုံ​လာမယ်​ဆိုတာ သူတို့ ဘာကြောင့် စိတ်ချ​နိုင်​ခဲ့သလဲ။ ယေဟောဝါ​ကိုယ်တိုင် ကတိပြု​ထားလို့ပါပဲ။ ငါ​ယေဟောဝါ​ကိုယ်တိုင် အဲဒီလို​ပြောပြီး အဲဒီအတိုင်း လုပ်ဆောင်” မယ်​လို့ မိန့်ဆိုခဲ့တယ်။

၈။ (က) ဘယ်လိုနည်းနဲ့ “အစ္စရေး​တစ်မျိုးလုံး” လူသေ​နဲ့​တူတဲ့ အခြေအနေ ကျရောက်​ခဲ့သလဲ။ (ခ) အစ္စရေး​လူမျိုး ပုံဆောင်​သဘော​အရ သေဆုံးရခြင်း အကြောင်းရင်းကို ယေဇကျေလ ၃၇:၉ က ဘယ်လို ဖော်ပြသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ပရောဖက်ပြုချက်​ဆိုင်ရာ ဒီ​စိတ်အာရုံ ပြည့်စုံချက်​ကနေ ရှေး​အစ္စရေး​လူမျိုး ဘယ်လို အကျိုး​ရခဲ့​သလဲ။ ဆယ်နွယ်​နိုင်ငံ ကျဆုံး​ပြီး ပြည်နှင်​ခံရတဲ့ ဘီစီ ၇၄၀ မှာ အစ္စရေး​လူမျိုးရဲ့ ပုံဆောင်​သဘော​အရ သေဆုံးချိန် အစ​ပြုခဲ့တယ်။ နောက်​နှစ်ပေါင်း ၁၃၀ ခန့်အကြာ ယုဒ​လူမျိုး ပြည်နှင်ခံရ​ချိန်မှာတော့ “အစ္စရေး​တစ်မျိုးလုံး” သုံ့ပန်း​ဘဝ ကျ​ရောက်ခဲ့တယ်။ (ယေဇ. ၃၇:၁၁) ပုံဆောင်​သဘော​အရ ပြည်နှင်ခံ​တစ်မျိုးလုံး​ဟာ ယေဇကျေလ စိတ်အာရုံ​ထဲ​က လူသေ​အရိုး​တွေ​လို​ပဲ။ * ယေဇကျေလ မြင်ခဲ့တဲ့ အရိုး​တွေဟာ သာမန်​အရိုး​တွေ မဟုတ်ဘဲ “ခြောက်သွေ့​နေ” တဲ့ အရိုး​တွေ ဖြစ်ကြောင်း သတိရပါ။ လူသေ​နဲ့​တူတဲ့ အခြေအနေ​ဟာ အတော်ကြာ​မယ်​ဆိုတဲ့ သဘော​ပဲ။ ဒီ​အခြေအနေ​ဟာ အစ္စရေး​နဲ့ ယုဒ​အမျိုး​အတွက် ဘီစီ ၇၄၀ ကနေ ၅၃၇ အထိ နှစ်ပေါင်း ၂၀၀ ကျော် ကြာရှည်​ခဲ့​တယ်။—ယေ. ၅၀:၃၃

၉။ ရှေးခေတ် ပကတိ​အစ္စရေးလူမျိုးနဲ့ “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” တို့မှာ ဘာ​ဆင်တူချက်တွေ ရှိသလဲ။

အစ္စရေးလူမျိုးနဲ့​ပတ်သက်ပြီး ယေဇကျေလ ကြိုဟောခဲ့တဲ့ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ​မှာ အကြီးစား ပြည့်စုံချက် ရှိတယ်။ (တ. ၃:၂၁) ရှေးအချိန်​က ပကတိ​အစ္စရေး​လူမျိုး ပုံဆောင်​သဘော​အရ “ကွပ်မျက်” ခံ​လိုက်ရ​ပြီး အချိန်အတော်ကြာ သေဆုံး​နေခဲ့​သလိုပဲ “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” ဘိသိက်ခံ ခရစ်ယာန်​အသင်းတော်ဟာ​လည်း ပုံဆောင်​သဘော​အရ ကွပ်မျက်​ခံရပြီး အချိန်အတော်ကြာ သုံ့ပန်း​ဘဝ ကျ​ရောက်ခဲ့တယ်။ (ဂလ. ၆:၁၆) ဘိသိက်ခံ အသင်းတော်​တစ်ခုလုံး​ဟာ အချိန်အတော်ကြာ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝ ကျရောက်​ခဲ့လို့ သူတို့ရဲ့ ဘုရားရေးရာ အခြေအနေ​ဟာ “ခြောက်သွေ့​နေတဲ့” အရိုး​တွေ​လို​ပဲ။ (ယေဇ. ၃၇:၂) ရှေ့အခန်း​မှာ ရှင်းပြ​တဲ့​အတိုင်း ဘုရား​နိုင်ငံတော်​အကြောင်း ဂျုံပင်​နဲ့ ပေါင်းပင် ပုံဥပမာမှာ ယေရှု ဖော်ပြခဲ့​သလို ဘိသိက်ခံ ခရစ်ယာန်​အသင်းတော်ရဲ့ သုံ့ပန်း​ဘဝဟာ အေဒီ ဒုတိယရာစု​မှာ စတင်ပြီး ရာစုနှစ်ချီ ကြာရှည်​ခဲ့​တ​ယ်။—မ. ၁၃:၂၄-၃၀

စိတ်အာရုံထဲမှာ ယေဇကျေလ မြင်တွေ့ခဲ့တဲ့ “ခြောက်သွေ့နေတဲ့” အရိုးတွေဟာ ယေဟောဝါလူမျိုးရဲ့ လူသေနဲ့တူတဲ့ သုံ့ပန်းဘဝရှည်ကို ပုံဆောင် (စာပိုဒ် ၈၊ ၉ ကို ကြည့်ပါ)

“အရိုး​တစ်ခုနဲ့ တစ်ခု ဆက်သွား​တယ်”

၁၀။ (က) ဘုရား​လူမျိုးနဲ့​ပတ်သက်ပြီး ဘယ်​တိုးတက်မှု​ဖြစ်​စဉ်​အကြောင်း ယေဇကျေလ ၃၇:၇၊ ၈ မှာ ကြိုဟော​ထားသလဲ။ (ခ) ဘုရားကို ကြောက်ရွံ့တဲ့ ပြည်နှင်ခံ​တွေရဲ့ ယုံကြည်ခြင်းကို ဘယ်အချက်တွေ​က အားတက်စေ​ခဲ့သလဲ။

၁၀ ယေဟောဝါ​က မိမိ​လူမျိုး အဆင့်ဆင့် အသက်ပြန်ရှင်​လာမယ့်​အကြောင်း ကြို​မိန့်ဆိုခဲ့တယ်။ (ယေဇ. ၃၇:၇၊ ၈) ပြည်တော်ပြန်​ရမယ့် မျှော်လင့်ချက် ပြည့်စုံ​လာ​မှာ ဖြစ်ကြောင်း ဘုရားကို ကြောက်ရွံ့တဲ့ ပြည်နှင်ခံတွေကို တဖြည်းဖြည်း ယုံကြည်​စေတဲ့ အချက်​တချို့က ဘာတွေလဲ။ တစ်ချက်​အနေနဲ့ အစောပိုင်း ပရောဖက်​တွေရဲ့ ပရောဖက်ပြုချက်​တွေ​ကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ၊ “သန့်ရှင်းတဲ့​အတက်၊” ပြည်နှင်ခံ အကြွင်းအကျန်​တွေ ပြည်တော်ပြန်​မ​ယ့်​အကြောင်း ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၆:၁၃။ ယောဘ ၁၄:၇-၉) ယေဇကျေလ ရေးသားခဲ့တဲ့ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​များစွာကလည်း သူတို့ရဲ့ မျှော်လင့်ချက်ကို ရှင်သန်​စေခဲ့​မှာ သေချာ​ပါတယ်။ ဒါ့အပြင် ပရောဖက် ဒံယေလ​လို သစ္စာရှိ​အမျိုးသားတွေ ဗာဗုလုန်ပြည်​မှာ ရှိနေတာ၊ ဘီစီ ၅၃၉ မှာ အံ့ဩစရာ​ကောင်းတဲ့​နည်းနဲ့ ဗာဗုလုန်​မြို့ ကျဆုံးသွား​တာ​က​လ​ည်း ပြည်တော်ပြန်​ရမယ်ဆိုတဲ့ ပြည်နှင်ခံ​တွေရဲ့ မျှော်လင့်ချက်ကို အားတက်စေ​ခဲ့​မှာပါ။

၁၁၊ ၁၂။ (က) “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” ဘယ်လိုနည်းနဲ့ အဆင့်ဆင့် ပြန်လည်​ထူထောင်​ခဲ့သလဲ။ (“စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု အဆင့်ဆင့် ပြန်လည်​တည်ထောင်” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။) (ခ) ယေဇကျေလ ၃၇:၁၀ ပါ ဖော်ပြချက်​နဲ့​ပတ်သက်ပြီး ဘယ်​မေးခွန်း ပေါ်လာ​သလဲ။

၁၁ “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” ဘိသိက်ခံ ခရစ်ယာန်​အသင်းတော်မှာလည်း ဘယ်လိုနည်းနဲ့ အလားတူ အဆင့်ဆင့် ပြန်လည်​ထူထောင်​ခဲ့သလဲ။ လူသေ​နဲ့​တူတဲ့ သုံ့ပန်း​ဘဝ​ထဲ ရာစုနှစ်များစွာ ကျရောက်​ပြီးတဲ့နောက် ဘုရားကို ကြောက်ရွံ့သူ​တွေ​က စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက် “တ​ချောက်​ချောက် မြည်သံ” နဲ့ ထ​လာကြတယ်။ ဥပမာ၊ ၁၆ ရာစုမှာ ဝီလျံတင်ဒေး​က ကျမ်းစာကို အင်္ဂလိပ်​ဘာသာစကားနဲ့ ပြန်ဆိုခဲ့​တ​ယ်။ သာမန်​လူတန်းစားတွေ​ပါ ကျမ်းစာ ဖတ်​လာနိုင်​လို့ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး​တွေ ဒေါသ​ထွက်​ခဲ့​ကြတယ်။ တင်ဒေး အသတ်ခံ​လိုက်ရတယ်။ ဒါတောင်မှ တခြား​သတ္တိ​ရှိသူတွေ​က ကျမ်းစာကို နောက်ထပ်​ဘာသာစကားတွေနဲ့ ဆ​က်​ထုတ်ဝေ​ခဲ့​ကြတယ်။ အမှောင်​လောကမှာ အမှန်တရား​အလင်း တဖြည်းဖြည်း ထွန်းလင်း​လာပြီ။

၁၂ နောက်ပိုင်းမှာ စီတီ​ရပ်​စယ်​နဲ့ အပေါင်းပါ​တွေ​က ကျမ်းစာ​အမှန်တရားကို ထက်ထက်သန်သန် ရှာဖွေခဲ့​ကြ​လို့ အရိုး​ပေါ်မှာ “အရွတ်​တွေ၊ အသားတွေ” တက်လာ​သလို ဖြစ်ခဲ့တယ်။ စိတ်နှလုံး​ရိုး​ဖြောင့်​သူတွေ ကျမ်းစာ​အမှန်တရား ရှာတွေ့နိုင်​ဖို့၊ ဘုရားရဲ့ ဘိသိက်ခံ​ကျေးကျွန်တွေ​နဲ့ ပူးပေါင်း​လာဖို့ ဇိအုန်​ကင်းမျှော်စင် နဲ့ တခြား​စာစောင်​တွေ​က လှုံ့ဆော်​ပေးခဲ့တယ်။ ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ဘုရားသခင့် ဘိသိက်ခံ​လူမျိုးဟာ “ဖန်ဆင်းခြင်း ဓာတ်ပုံ​ပြဇာတ်၊” ပြီးဆုံးလေသော နက်နဲရာ စာအုပ်​စတဲ့ ကိရိယာတွေကြောင့် အားရှိခဲ့​ကြတယ်။ သိပ်​မကြာခင်မှာပဲ မိမိ​လူမျိုးကို ဘုရား “ထ​ရပ်” စေတဲ့​အချိန် ရောက်လာတယ်။ (ယေဇ. ၃၇:၁၀) ဘယ်​အချိန်မှာ ဘယ်လို​နည်းနဲ့လဲ။ ဒီ​မေးခွန်းရဲ့ အဖြေ ရဖို့ ရှေး​ဗာဗုလုန်ပြည်​မှာ ဖြစ်ပျက်ခဲ့တာ​တွေ​က ကူညီ​ပေးပါမယ်။

“သူတို့ အသက်ရှင်​လာပြီး ထ​ရပ်​ကြတယ်”

၁၃။ (က) ဘီစီ ၅၃၇ က​စပြီး ယေဇကျေလ ၃၇:၁၀၊ ၁၄ ပါ စကားတွေ ဘယ်လို ပြည့်စုံခဲ့​သလဲ။ (ခ) ဆယ်နွယ်​နိုင်ငံသား​တချို့ အစ္စရေး​ပြည် ပြန်လာတဲ့​အကြောင်း ဘယ်​ကျမ်းချက်တွေ​က ဖော်ပြသလဲ။

၁၃ ဘီစီ ၅၃၇ က​စပြီး ဗာဗုလုန်ပြည်​က ဂျူးတွေဟာ စိတ်အာရုံ ပြည့်စုံ​လာတာ တွေ့မြင်ခဲ့ကြတယ်။ ဘယ်လို​နည်းနဲ့လဲ။ သုံ့ပန်း​ဘဝကနေ လွတ်မြောက်​စေခြင်း၊ အစ္စရေး​ပြည် ပြန်ခွင့်​ပြုခြင်း​အားဖြင့် ယေဟောဝါ​က သူတို့ကို အသက်ပြန်ရှင်​စေခဲ့တယ်။ “ထရပ်” စေခဲ့တယ်။ အစ္စရေးလူမျိုးသား ၄၂,၃၆၀၊ အစ္စရေး မဟုတ်သူ ၇,၀၀၀ လောက်​ဟာ ဂျေရုဆလင်​မြို့​နဲ့ ဗိမာန်တော် ပြန်​တည်ဆောက်ဖို့၊ အစ္စရေး​မြေမှာ အခြေချဖို့ ဗာဗုလုန်ပြည်​ကနေ ထွက်ခွာ​လာကြတယ်။ (ဧဇ. ၁:၁-၄။ ၂:၆၄၊ ၆၅။ ယေဇ. ၃၇:၁၄) နောက်​နှစ်ပေါင်း ၇၀ လောက်​အကြာမှာ ဂျေရုဆလင်​မြို့ကို ဧဇရ ပြန်လာတဲ့​အခါ ပြည်နှင်ခံ ၁,၇၅၀ လောက် လိုက်ပါ​ခဲ့​ကြတယ်။ (ဧဇ. ၈:၁-၂၀) စုစုပေါင်း ဂျူး ၄၄,၀၀၀ ကျော် ပြည်တော်ပြန်​ခဲ့​ကြတယ်။ တကယ့် “အလုံးအရင်း​ကြီး” ပါပဲ။ (ယေဇ. ၃၇:၁၀) ဒါ့အပြင် ဘီစီ ရှစ်ရာစု​အတွင်း အဆီးရီးယား​တွေ ပြည်နှင်ဒဏ်​ပေးခဲ့တဲ့ ဆယ်နွယ်​နိုင်ငံသားတွေ​ရဲ့ သားမြေး​တွေ​လ​ည်း ဗိမာန်တော် ပြန်လည်​တည်ဆောက်တာကို ကူညီ​ပေးဖို့ အစ္စရေး​ပြည် ပြန်လာတဲ့​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။—၁ ရာ. ၉:၃။ ဧဇ. ၆:၁၇။ ယေ. ၃၃:၇။ ယေဇ. ၃၆:၁၀

၁၄။ (က) ယေဇကျေလ ၃၇:၂၄ ပါ စကားတွေက ပရောဖက်ပြုချက် အကြီးစား ပြည့်စုံမယ့်​အချိန်ကို သိဖို့ ဘယ်လို ကူညီပေး​သလဲ။ (ခ) ၁၉၁၉ ခုနှစ်မှာ ဘာ​ဖြစ်ခဲ့သလဲ။ (“‘ခြောက်သွေ့​နေတဲ့ အရိုး’ နဲ့ ‘သက်သေ​နှစ်ယောက်’ ဘယ်လို ဆက်စပ်​သလဲ” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

၁၄ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီ​အပိုင်း ဘယ်လိုနည်းနဲ့ အကြီးစား ပြည့်စုံခဲ့​သလဲ။ ဒီ​ပရောဖက်ပြုချက်​နဲ့ ဆက်နွှယ်​တဲ့ ပရောဖက်ပြုချက်​တစ်ခုမှာ ယေဇကျေလ​ကို ယေဟောဝါ ဖော်ပြခဲ့တဲ့​အတိုင်း ပို​ကြီးမြတ်တဲ့ ဒါဝိဒ်​ဖြစ်တဲ့ ယေရှု​ခရစ် ဘုရင်အဖြစ် စတင်​အုပ်ချုပ်​ပြီးနောက် တစ်ချိန်ချိန်မှာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ဒီ​ပရောဖက်ပြုချက် အကြီးစား ပြည့်စုံ​လာမယ်။ * (ယေဇ. ၃၇:၂၄) ၁၉၁၉ ခုနှစ်မှာ ယေဟောဝါ​က မိမိ​လူမျိုးအပေါ် စွမ်းအားတော် သွန်းလောင်း​ခဲ့​တ​ယ်။ ဒါနဲ့ သူတို့ “အသက်ရှင်​လာ” ပြီး မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ လွတ်မြောက်​ခဲ့​တယ်။ (ဟေရှာ. ၆၆:၈) အဲဒီနောက် ယေဟောဝါ​က သူတို့ကို “တိုင်းပြည်” (ပုံဆောင်​ပရဒိသု) မှာ အခြေချ နေထိုင်​စေခဲ့တယ်။ ယေဟောဝါရဲ့ မျက်မှောက်ခေတ်​လူမျိုးဟာ ဘယ်လိုနည်းနဲ့ “အလုံးအရင်း​ကြီး” ဖြစ်လာ​သလဲ။

၁၅၊ ၁၆။ (က) ယေဟောဝါရဲ့ မျက်မှောက်ခေတ် လူမျိုးဟာ ဘယ်လိုနည်းနဲ့ “အလုံးအရင်း​ကြီး” ဖြစ်လာ​သလဲ။ (ခ) စမ်းသပ်မှု ဖြစ်စေတဲ့ ဘဝ​အခြေအနေတွေကို အောင်မြင်​ကျော်လွှား​နိုင်ဖို့ ယေဇကျေလရဲ့ ဒီ​ပရောဖက်ပြုချက်​က ဘယ်လို ကူညီပေး​သလဲ။ (“ထ​ရပ်​ဖို့ အကူအညီ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၅ “လူ​အမြောက်အမြား​က၊ အားကြီးတဲ့​လူမျိုး​တွေ​က . . . ယေဟောဝါကို ရှာ​ဖို့ . . . လာ​ကြ​လိမ့်မယ်” ဆိုပြီး ပြည်တော်ပြန်​တွေ​အလယ်မှာ အမှုဆောင်ခဲ့တဲ့ ပရောဖက်​ဇာခရိ​ရဲ့ ကြိုဟောချက်​ဟာ ၁၉၁၉ ခုနှစ်မှာ သစ္စာရှိ​ကျွန်ကို ခရစ်တော် ခန့်အပ်​ပြီး သိပ်​မကြာခင်မှာ ပြည့်စုံခဲ့​တယ်။ ပရောဖက်​က ယေဟောဝါကို ရှာဖွေ​သူတွေကို “ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုး​တွေ​ထဲ​က လူ​ဆယ်ယောက်” နဲ့ ပုံ​ခိုင်းခဲ့တယ်။ သူတို့က “ခင်ဗျားတို့နဲ့​အတူ ဘုရားသခင် ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်” လို့ ပြောပြီး “ဂျူးလူမျိုး​တစ်ယောက်၊” ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုးကို မြဲမြဲကိုင်​ထား​ကြမယ်။—ဇာ. ၈:၂၀-၂၃

၁၆ ဒီနေ့​အချိန်မှာ ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး (ဘိသိက်ခံ အကြွင်းအကျန်) နဲ့ “လူဆယ်ယောက်” (တခြား​သိုး) အရေအတွက်ဟာ သန်းနဲ့​ချီ ရှိတာမို့ တကယ့် “အလုံးအရင်း​ကြီး” ပါပဲ။ (ယေဇ. ၃၇:၁၀) တိုး​မြဲ​တိုး​နေတဲ့ အလုံးအရင်း​ကြီး​ထဲ​က ခရစ်တော်ရဲ့ စစ်သားတွေ​အနေနဲ့ ကျွန်တော်တို့​က ရှေ့မှာ စောင့်ကြို​နေတဲ့ ကောင်းချီးတွေ ရရှိ​နိုင်ဖို့ ဘုရင်​ယေရှု​နောက် ထက်ကြပ်မကွာ လိုက်နေ​ကြပါတယ်။—ဆာ. ၃၇:၂၉။ ယေဇ. ၃၇:၂၄။ ဖိ. ၂:၂၅။ ၁ သက်. ၄:၁၆၊ ၁၇

၁၇။ နောက်​အခန်းမှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၁၇ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​က ဘုရားလူမျိုးကို အရေးကြီး တာဝန်​တစ်ခု ရှိလာ​စေတယ်။ ဘာ​တာဝန်​လဲ။ ဒီ​မေးခွန်းရဲ့ အဖြေ ရဖို့ ဂျေရုဆလင်​မြို့ ဖျက်ဆီး​မခံရ​ခင် ယေဟောဝါ​ဆီက ယေဇကျေလ ရခဲ့တဲ့ တာဝန်​အကြောင်း သုံးသပ်​ရမယ်။ ဒီ​အကြောင်းကို နောက်​အခန်းမှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 8 စိတ်အာရုံ​ထဲမှာ ယေဇကျေလ မြင်တွေ့ခဲ့တဲ့ အရိုး​တွေဟာ သဘာဝ​အလျောက် သေဆုံး​သွား​သူတွေရဲ့ အရိုး မဟုတ်ဘူး။ “ကွပ်မျက်ခံ​ရ” သူတွေရဲ့ အရိုး​တွေ ဖြစ်တယ်။ (ယေဇ. ၃၇:၉) အစ္စရေး​ဆယ်နွယ်​နိုင်ငံနဲ့ ယုဒ​နှစ်နွယ်​နိုင်ငံ​တို့ကို အဆီးရီးယား​နဲ့ ဗာဗုလုန်တွေ ဆက်တိုက် သိမ်းပိုက်၊ သုံ့ပန်း​တွေ​အဖြစ် ဖမ်းဆီးခေါ်ဆောင်​သွားပြီး ပြည်နှင်ဒဏ်​ပေး​ချိန်မှာ “အစ္စရေး​တစ်မျိုးလုံး” ပုံဆောင်​သဘော​အရ ကွပ်မျက်ခံ​လိုက်ရတယ်။

^ အပိုဒ်၊ 14 မေရှိယ​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်ကို ဒီစာအုပ် အခန်း ၈ မှာ ဆွေးနွေးခဲ့​တယ်။