မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

“ငါက သူတို့ကို . . . လူမျိုးတစ်မျိုးတည်း ဖြစ်စေမယ်”

“ငါက သူတို့ကို . . . လူမျိုးတစ်မျိုးတည်း ဖြစ်စေမယ်”

ယေဇကျေလ ၃၇:၂၂

အာရုံစိုက်​ရာ။ မိမိ​လူမျိုးကို ပြန်လည်​စုစည်း​မ​ယ်​ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော်၊ တုတ်​နှစ်ချောင်း​အကြောင်း ပရောဖက်ပြုချက်

၁၊ ၂။ (က) ပြည်နှင်ခံ​တွေ ဘာကြောင့် ထိတ်လန့်​ခဲ့​ကြ​မလဲ။ (ခ) သူတို့ ဘာကြောင့် အံ့ဩ​ကုန်​သလဲ။ (ဂ) ဘယ်​မေးခွန်းတွေ ဆွေးနွေးကြမလဲ။

ဘုရား​လမ်းညွှန်မှု​အောက်မှာ ယေဇကျေလ​က ဗာဗုလုန်ပြည်​မှာ​ရှိတဲ့ ပြည်နှင်ခံ​တွေ​အတွက် သိသာ​ထင်ရှား​တဲ့ နိမိတ်​တွေ သုံးပြီး ပရောဖက်​ပြုခဲ့တယ်။ ယေဇကျေလ သရုပ်ဆောင်​ခဲ့​တဲ့ ပထမဆုံး ပရောဖက်ပြုချက်မှာ​ကော နောက်ပိုင်း​ပရောဖက်ပြုချက်​တွေ​မှာပါ တရားစီရင်ချက်​သတင်း ပါတယ်။ (ယေဇ. ၃:၂၄-၂၆။ ၄:၁-၇။ ၅:၁။ ၁၂:၃-၆) ယေဇကျေလ သရုပ်ဆောင်​ခဲ့​တဲ့ ပရောဖက်ပြုချက်​အားလုံးဟာ ဂျူးလူမျိုး​အတွက် ပြင်းထန်တဲ့ တရားစီရင်ချက်​သတင်းတွေ​ချည်း​ပဲ။

ဒါကြောင့် နောက်​ပရောဖက်ပြုချက်​တစ်ခုကို သရုပ်ဆောင်​ပြဖို့ ယေဇကျေလ အဆင်သင့် ဖြစ်နေတဲ့​အခါ ပြည်နှင်ခံ​တွေ ဘယ်လောက် ထိတ်လန့်​နေ​မလဲ မြင်ယောင်​ကြည့်ပါ။ ‘ဒီ​တစ်ခါ​ကော ဘာ​ထိတ်လန့်စရာ​သတင်း​များ ထပ်​ကြားရ​ဦး​မလဲ’ ဆိုပြီး တွေးမိကြမှာပဲ။ ဒါပေမဲ့ ယေဇကျေလ အခု သရုပ်ဆောင်​ပြ​လိုက်တဲ့ ပရောဖက်ပြုချက်ဟာ သူတို့ ထင်ထားသလို လုံးဝ မဟုတ်ဘူး။ တရားစီရင်ချက် မဟုတ်ဘဲ တောက်ပတဲ့ ကတိတော်​အကြောင်း ဖြစ်နေလို့ အံ့ဩ​ကုန်​တယ်။ (ယေဇ. ၃၇:၂၃) ပြည်နှင်ခံတွေဆီ ယေဇကျေလ ဘာ​သတင်း သယ်ဆောင်​လာသလဲ။ ဘာ​အဓိပ္ပာယ် ရှိသလဲ။ ဒီနေ့​ခေတ် ဘုရားလူမျိုးကို ဘယ်လို အကျိုး​သက်ရောက်​သလဲ။ ကြည့်ရအောင်။

“သူတို့ဟာ ငါ့​လက်ထဲမှာ တုတ်​တစ်ချောင်း​တည်း ဖြစ်​ရလိမ့်မယ်”

၃။ (က) “ယုဒ . . . အတွက်” တုတ်​ချောင်း​က ဘာကို ပုံဖော်​သလဲ။ (ခ) “ဧဖရိမ်​ရဲ့ တုတ်​ချောင်း” က ဘာကြောင့် ဆယ်နွယ်​နိုင်ငံ​ကို ကိုယ်စားပြု​သလဲ။

တုတ်​နှစ်ချောင်း ယူပြီး တစ်ချောင်း​ပေါ်မှာ “ယုဒ . . . အတွက်၊” နောက်​တစ်ချောင်း​ပေါ်မှာ “ဧဖရိမ်​ရဲ့ တုတ်​ချောင်း ဖြစ်တဲ့ ယောသပ် . . . အတွက်” လို့ ရေး​ဖို့ ယေဇ​ကျေလ​ကို ယေဟောဝါ ညွှန်ကြားတယ်။ (ယေဇကျေလ ၃၇:၁၅၊ ၁၆ ကိုဖတ်ပါ။)​ ဒီတုတ်​နှစ်ချောင်း​က ဘာကို ပုံဖော်​သလဲ။ “ယုဒ . . . အတွက်” တုတ်​ချောင်း​က ယုဒ​နဲ့ ဗင်ယာမိန် နှစ်နွယ်​နိုင်ငံ​ကို ကိုယ်စားပြု​တ​ယ်။ ယုဒ​အနွယ်​ဘုရင်တွေ​က နှစ်နွယ်​နိုင်ငံ​ကို အုပ်ချုပ်တယ်။ ပုရောဟိတ်တွေ​က ဂျေရုဆလင်​ဗိမာန်တော်မှာ အမှုဆောင်​ကြ​လို့ ယုဒ​ပြည်မှာ​ပဲ နေ​ကြတယ်။ (၂ ရာ. ၁၁:၁၃၊ ၁၄။ ၃၄:၃၀) ဒါကြောင့် ယုဒ​နိုင်ငံမှာ ဒါဝိဒ်​မင်းဆက် ဘုရင်တွေနဲ့ လေဝိ​သား ပုရောဟိတ်တွေ ရှိတယ်။ “ဧဖရိမ်​ရဲ့ တုတ်​ချောင်း” က အစ္စရေး​ဆယ်နွယ်​နိုင်ငံ​ကို ကိုယ်စားပြု​တ​ယ်။ အဲဒီ​တုတ်​ချောင်း​ဟာ ဧဖရိမ်​နဲ့ ဘယ်လို ဆက်စပ်​သလဲ။ ဆယ်နွယ်​နိုင်ငံရဲ့ ပထမဆုံး​ဘုရင်​ဟာ ဧဖရိမ်​အမျိုးသား ယေရောဗောင် ဖြစ်ပြီး အဲဒီ​ခေတ်​မှာ ဧဖရိမ်​အနွယ်​ဟာ အစ္စရေးမှာ အထင်ကရ​အနွယ် ဖြစ်တယ်။ (တရား. ၃၃:၁၇။ ၁ ဘု. ၁၁:၂၆) အစ္စရေး​ဆယ်နွယ်​နိုင်ငံမှာ ဒါဝိဒ်​မင်းဆက် ဘုရင်တွေရော လေဝိ​သား ပုရောဟိတ်တွေပါ မရှိတာကို သတိပြုပါ။

၄။ တုတ်​နှစ်ချောင်း​နဲ့​ပတ်သက်ပြီး ယေဇကျေလရဲ့ သရုပ်ဖော်​ချက်​ဟာ ဘာကို ပုံဆောင်​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

တုတ်​နှစ်ချောင်း​ကို “တစ်ချောင်း​တည်း ဖြစ်သွား​အောင်” ပူး​ကို​င်​ဖို့ ယေဇကျေလ ညွှန်ကြား​ခံရ​ပြန်တယ်။ ပြည်နှင်ခံ​တွေ​က စိုးရိမ်​တ​ကြီး ကြည့်​နေပြီး “ဒါ ဘာကို ဆိုလိုတယ်​ဆိုတာ မပြောပြ​တော့​ဘူး​လား” လို့ ယေဇကျေလ​ကို မေးကြတယ်။ သရုပ်ဖော်​ချက်​ဟာ ယေဟောဝါ​ကိုယ်တိုင် လုပ်ဆောင်မယ့် အရာတွေကို ပုံဆောင်​ကြောင်း ယေဇကျေလ ပြန်​ဖြေ​ခဲ့​တယ်။ တုတ်​နှစ်ချောင်း​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဒီလို​ပြောခဲ့​တ​ယ်– “ငါက သူတို့ကို . . . တုတ်​တစ်ချောင်း​တည်း ဖြစ်စေမယ်။ သူတို့ဟာ ငါ့​လက်ထဲမှာ တုတ်​တစ်ချောင်း​တည်း ဖြစ်​ရလိမ့်မယ်။”—ယေဇ. ၃၇:၁၇-၁၉

၅။ ယေဇကျေလရဲ့ သရုပ်ဆောင်​ချက် အဓိပ္ပာယ်​က ဘာလဲ။ (“တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း” လေးထောင့်ကွက်​ကို ကြည့်ပါ။)

တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း​ရဲ့ အဓိပ္ပာယ်​ကို ယေဟောဝါ ဆက်​ရှင်းပြတယ်။ (ယေဇကျေလ ၃၇:၂၁၊ ၂၂ ကိုဖတ်ပါ။) ယုဒ​နှစ်နွယ်​နိုင်ငံနဲ့ အစ္စရေး​ဆယ်နွယ်​နိုင်ငံ (ဧဖရိမ်) မှာ​ရှိတဲ့ ပြည်နှင်ခံတွေကို အစ္စရေး​ပြည် ပြန်​ခေါ်လာပြီး “လူမျိုး​တစ်မျိုးတည်း” ဖြစ်စေမယ်။—ယေ. ၃၀:၁-၃။ ၃၁:၂-၉။ ၃၃:၇

၆။ ယေဇကျေလ ၃၇ မှာ ဆက်စပ်​နေတဲ့ ဘယ်​ပရောဖက်ပြုချက်​တွေ တွေ့ရသလဲ။

ယေဇကျေလ အခန်းကြီး ၃၇ ပါ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်​နေတယ်။ ယေဟောဝါဟာ အသက်ပြန်ရှင်​စေနိုင်တဲ့​အရှင် ဖြစ်သလို (အခန်းငယ် ၁-၁၄) ပြန်​စည်းလုံးစေ​နိုင်တဲ့​အရှင် ဖြစ်ကြောင်း (အခန်းငယ် ၁၅-၂၈) သက်သေထူ​မယ်။ လူသေ​တွေ အသက်ပြန်ရှင်​လာနိုင်တယ်၊ တ​ကွဲ​တ​ပြား ဖြစ်နေ​သူတွေ ပြန်​ပေါင်းစည်း​နိုင်တယ်​ဆိုတဲ့ အချက်ကို ဒီ​ပရောဖက်ပြုချက်​နှစ်ခု​က သင်ပေးတယ်။

ဘယ်လိုနည်းနဲ့ ယေဟောဝါ “ပြန်​စုစည်း” ပေးခဲ့သလဲ

၇။ ၁ ရာဇဝင်ချုပ် ၉:၂၊ ၃ ပါ မှတ်တမ်းက “ဘုရားသခင်​အတွက်တော့ အရာအားလုံး ဖြစ်နိုင်” ကြောင်း ဘယ်လို ထောက်ခံ​သလဲ။

လူ့​အမြင်အရ ပြည်နှင်ခံ​တွေ လွတ်မြောက်​လာဖို့၊ တစ်စည်းတစ်လုံး​တည်း ဖြစ်လာဖို့​ဆိုတာ လုံးဝ မဖြစ်နိုင်ပုံပဲ။ * ဒါပေမဲ့ “ဘုရားသခင်​အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်။” (မ. ၁၉:၂၆) ယေဟောဝါ​က ပရောဖက်ပြုချက်ကို ပြည့်စုံ​စေခဲ့တယ်။ ဘီစီ ၅၃၇ မှာ ဗာဗုလုန်​သုံ့ပန်း​ဘဝ အဆုံးတိုင်​ခဲ့​တ​ယ်။ အဲဒီနောက် စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်လည်​တည်ထောင်​ရာ​မှာ ကူညီ​ပေးဖို့ နှစ်နိုင်ငံ​စ​လုံး​က လူတွေ ဂျေရုဆလင်​မြို့ကို ရောက်​လာကြတယ်။ “ဂျေရုဆလင်​မြို့မှာ လာ​နေကြ​တဲ့ ယုဒ၊ ဗင်ယာမိန်၊ ဧဖရိမ်​နဲ့ မနာရှေ​အနွယ် သားမြေး​တချို့” ဆိုပြီး မှတ်တမ်း​တင်ထားတယ်။ (၁ ရာ. ၉:၂၊ ၃။ ဧဇ. ၆:၁၇) ယေဟောဝါ ကြိုပြော​ထားတဲ့​အတိုင်း အစ္စရေး​ဆယ်နွယ်​နိုင်ငံသား​တွေဟာ ယုဒ​နှစ်နွယ်​နိုင်ငံ​သားတွေ​နဲ့ ပူးပေါင်း​လာကြတယ်၊ စည်းလုံး​လာကြတယ်။

၈။ (က) ဘာ​အကြောင်း ဟေရှာယ ပရောဖက်ပြု​ခဲ့သလဲ။ (ခ) ယေဇကျေလ ၃၇:၂၁ မှာ ဘယ်​ထူးခြားချက်​နှစ်ချက် တွေ့ရသလဲ။

ပြည်နှင်ခံ​ဘဝ အဆုံးတိုင်​ပြီးတဲ့နောက် အစ္စရေး​နဲ့ ယုဒ​အမျိုး ဘာဖြစ်​မလဲ​ဆိုတာကို ပရောဖက်​ဟေရှာယ​က နှစ်ပေါင်း ၂၀၀ လောက် ကြိုတင်​ပရောဖက်​ပြုခဲ့တယ်။ “အစ္စရေး​တွေ၊” “ကွဲလွင့်​နေတဲ့ ယုဒ​လူတွေ” ကို “အဆီးရီးယား” အပါအဝင် “ကမ္ဘာမြေ အရပ်​လေးမျက်နှာ​ကနေ” ယေဟောဝါ “ပြန်​စုသိမ်း​မ​ယ်” ဆိုပြီး ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၁၁:၁၂၊ ၁၃၊ ၁၆) ကြို​ဟောထားတဲ့​အတိုင်း “အစ္စရေး​လူတွေကို . . . လူမျိုးခြားတွေ​ဆီကနေ” ယေဟောဝါ ပြန်​ခေါ်ဆောင်​လာခဲ့တယ်။ (ယေဇ. ၃၇:၂၁) ထူးခြားချက်​နှစ်ချက်​ကို သတိပြုပါ။ ယေဟောဝါ​က ပြည်နှင်ခံတွေကို “ယုဒ၊” “ဧဖရိမ်” စ​သဖြင့် မခေါ်​တော့ဘဲ “အစ္စရေး​လူတွေ” လို့ လူမျိုး​တစ်မျိုးတည်း​အဖြစ် ခေါ်ခဲ့တယ်။ ဒါ့အပြင် အစ္စရေး​လူတွေက ဗာဗုလုန်​လူမျိုးတစ်မျိုး​တည်း​ရဲ့ လက်အောက်ကနေ မဟုတ်ဘဲ “အရပ်​လေးမျက်နှာ” မှာ​ရှိတဲ့ လူမျိုးခြားတွေရဲ့ လက်အောက်ကနေ လွတ်မြောက်​လာကြတာ။

၉။ ပြည်တော်ပြန်​တွေ စည်းလုံး​လာ​အောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးခဲ့သလဲ။

အစ္စရေး​ပြည်​ကို ပြန်လာ​ကြ​ပြီးတဲ့နောက်မှာ ပြည်နှင်ခံ​တွေ စည်းလုံး​လာ​အောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးခဲ့သလဲ။ အစ္စရေး​လူမျိုး​အတွက် ဇေရုဗဗေလ၊ ပုရောဟိတ်မင်း ယောရှု၊ ဧဇရ၊ နေဟမိ စတဲ့ သိုးထိန်း​ကောင်း​တွေ ပေါ်ထွက်​စေခဲ့တယ်။ ဟဂ္ဂဲ၊ ဇာခရိ၊ မာလခိ စတဲ့ ပရောဖက်​တွေ​ကိုလည်း ပေါ်ထွန်း​စေတယ်။ ဘုရားဆီက ညွှန်ကြားချက်တွေကို လိုက်နာ​ဖို့ အစ္စရေးတွေကို အားပေးရာမှာ ဒီ​သစ္စာရှိ​အမျိုးသား​အားလုံး ကြိုးစား​အားထုတ်​ခဲ့​ကြတယ်။ (နေ. ၈:၂၊ ၃) ဒါ့အပြင် ရန်သူတွေရဲ့ မကောင်းတဲ့ အကြံအစည်​တွေကို ပျက်ပြား​စေခြင်း​အားဖြင့် အစ္စရေး​လူမျိုးကို ယေဟောဝါ ကာကွယ်​ပေးခဲ့တယ်။—ဧသ. ၉:၂၄၊ ၂၅။ ဇာ. ၄:၆

ယေဟောဝါက မိမိလူမျိုး စည်းလုံးလာစေဖို့ သိုးထိန်းကောင်းတွေ ပေါ်ထွက်စေ (စာပိုဒ် ၉ ကို ကြည့်ပါ)

၁၀။ စာတန် ဘာလုပ်​ဆောင်​နိုင်​ခဲ့သလဲ။

၁၀ ဒါပေမဲ့ အစ္စရေး​အများစုဟာ ယေဟောဝါရဲ့ မေတ္တာပါ ပြင်ဆင်​ပေး​ချက်​အားလုံးကို လျစ်လျူရှု​ပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စွဲမြဲ​မနေ​ခဲ့​ကြဘူး။ ပြည်တော်ပြန်​ပြီးနောက်ပိုင်း ရေးသားခဲ့တဲ့ ကျမ်းစာစောင်တွေမှာ သူတို့ရဲ့ လုပ်ရပ်တွေ​အကြောင်း မှတ်တမ်း​တင်ထားတယ်။ (ဧဇ. ၉:၁-၃။ နေ. ၁၃:၁၊ ၂၊ ၁၅) ပြည်တော်​ပြန်လာပြီး နှစ် ၁၀၀ အတွင်းမှာပဲ အစ္စရေး​တွေ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကနေ လမ်းလွဲ​သွား​ကြ​လို့ “ငါ့ဆီ ပြန်လာ​ကြ” ဆိုပြီး ယေဟောဝါ တိုက်တွန်း​ခဲ့​ရတယ်။ (မာလ. ၃:၇) ယေရှု မြေကြီးပေါ် ကြွလာချိန်​မှာ ဂျူး​ဘာသာ​ဟာ သစ္စာမဲ့​သိုးထိန်း​တွေ ဦးဆောင်တဲ့ ဂိုဏ်းဂဏ​များစွာ​အဖြစ် ပြိုကွဲ​နေပြီ။ (မ. ၁၆:၆။ မာ. ၇:၅-၈) အပြည့်အဝ မစည်းလုံး​နိုင်အောင် စာတန် လုပ်ဆောင်​နိုင်​ခဲ့​ပြီ။ ဒါပေမဲ့ ပြန်လည်​စည်းလုံး​စေမယ်​ဆိုတဲ့ ယေဟောဝါရဲ့ ပရောဖက်ပြုချက် မပျက်​မကွက် ပြည့်စုံ​လာမယ်။ ဘယ်လို​နည်းနဲ့လဲ။

“ငါ့​ကျွန်​ဒါဝိဒ်ဟာ သူတို့ရဲ့ ဘုရင် ဖြစ်လာမယ်”

၁၁။ (က) ပြန်လည်​စုစည်း​ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​အကြောင်း ယေဟောဝါ ဘာ​ဖော်ပြသလဲ။ (ခ) ကောင်းကင်​ကနေ ပစ်ချ​ခံရပြီး​တဲ့​နောက် စာတန် ဘာ​ကြံစည်​ပြန်​သလဲ။

၁၁ ယေဇကျေလ ၃၇:၂၄ ကိုဖတ်ပါ။ ပြန်လည်​စုစည်း​ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်ဟာ “ကျွန်​ဒါဝိဒ်” ဖြစ်တဲ့​ယေရှု ဘုရင်အဖြစ် နန်းတက်​ချိန် ၁၉၁၄ ခုနှစ်​နောက်ပိုင်းမှာ​မှ အပြည့်အဝ ပြည့်စုံ​လာ​မှာ​ဖြစ်ကြောင်း ယေဟောဝါ ဖော်ပြခဲ့တယ်။ * (၂ ရှ. ၇:၁၆။ လု. ၁:၃၂) အဲဒီ​အချိန်​မတိုင်ခင်​ကတည်းက ပကတိ​အစ္စရေး​လူမျိုးကို ဘုရားသခင့် အစ္စရေး​လူမျိုးနဲ့ အစားထိုး​ပြီး​နေပြီ။ (ယေ. ၃၁:၃၃။ ဂ​လ. ၃:၂၉) အထူးသဖြင့် ကောင်းကင်​ကနေ ပစ်ချ​ခံရပြီး​တဲ့​နောက်မှာ စာတန်​က ဘုရား​လူမျိုးရဲ့ စည်းလုံးမှုကို ဖျက်ဆီးဖို့ ကြံစည်​ပြန်တယ်။ (ဗျာ. ၁၂:၇-၁၀) ဥပမာ၊ ၁၉၁၆ ခုနှစ်မှာ ညီအစ်ကို ရပ်​စယ် သေဆုံး​ပြီးတဲ့နောက် အယူဖောက်ပြန်သူတွေကို သုံးပြီး ဘိသိက်ခံ​တွေကို ကွဲပြား​စေဖို့ စာတန် အခွင့်ကောင်း ယူခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အယူဖောက်ပြန်သူတွေ အဖွဲ့အစည်း​ကနေ ထွက်သွား​ကြတယ်။ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေကို ထောင်ကျ​အောင် စာတန် လုပ်နိုင်​ခဲ့​ပေမဲ့ ယေဟောဝါရဲ့ လူမျိုး အဆုံးသတ်​မသွား​ဘူး။ ယေဟောဝါအပေါ် ဆက်သစ္စာ​စောင့်သိ​ကြ​တဲ့ ဘိသိက်ခံ​ညီအစ်ကို​တွေဟာ စည်းလုံးမှုကို ထိန်းသိမ်း​ခဲ့​ကြတယ်။

၁၂။ ဘုရားသခင့် အစ္စရေး​လူမျိုးကို ကွဲပြား​စေဖို့ စာတန့်​ကြိုးစားမှု ဘာကြောင့် အရေးနိမ့်​ခဲ့သလဲ။

၁၂ ပကတိ​အစ္စရေးလူမျိုးနဲ့ မတူဘဲ ဘုရားသခင့်​အစ္စရေး​လူမျိုးဟာ စာတန်ရဲ့ သဘောထားကွဲ​စေတဲ့ အကြံအစည်​တွေကို ဆန့်ကျင်​ခံ​ရပ်ခဲ့တယ်။ စာတန့်​ကြိုးစားမှု ဘာကြောင့် အရေးနိမ့်​ခဲ့သလဲ။ ဘိသိက်ခံ​တွေ​က ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာ​ဖို့ အစွမ်းကုန် ကြိုးစား​ခဲ့​ကြ​လို့​ပါ။ ရလဒ်အနေနဲ့ စာတန်​အပေါ် အမြဲ​အောင်ပွဲခံ​တဲ့ ဘုရင်​ယေရှုခရစ်ရဲ့ ကာကွယ်မှု​ကို ရခဲ့ကြတယ်။—ဗျာ. ၆:၂

ယေဟောဝါ​က ဝတ်ပြု​ကိုးကွယ်သူတွေကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေမယ်

၁၃။ တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း ပရောဖက်ပြုချက်​က ဘယ်​အရေးကြီး​အမှန်တရား သင်ပေး​သလဲ။

၁၃ တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း ပရောဖက်ပြုချက်​က ဒီနေ့​အချိန်မှာ ဘာ​အဓိပ္ပာယ်​ရှိသလဲ။ ပရောဖက်ပြုချက်ရဲ့ အဓိက​ရည်ရွယ်ချက်​က အုပ်စု​နှစ်စု ဘယ်လို စည်းလုံး​လာမယ်​ဆိုတာ ဖော်ပြဖို့​ပါ။ စည်းလုံးမှုကို ယေဟောဝါ​ကိုယ်တိုင် ဆောင်ကြဉ်း​ပေးမှာ​ဖြစ်ကြောင်း ပရောဖက်ပြုချက်​က ပေါ်လွင်​စေတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အကြောင်း ဘယ်​အရေးကြီး​အမှန်တရားကို တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း ပရောဖက်ပြုချက်​က ပေါ်လွင်​စေ​သလဲ။ ရှင်း​ပါတယ်၊ ယေဟောဝါ​ကိုယ်တိုင် ဝတ်ပြု​ကိုးကွယ်သူတွေကို “တုတ်​တစ်ချောင်း​တည်း၊” လူမျိုး​တစ်မျိုးတည်း ဖြစ်လာ​စေမယ်။—ယေဇ. ၃၇:၁၉

၁၄။ ၁၉၁၉ ခုနှစ်​က​စပြီး တုတ်​ချောင်း​တွေ ပူး​သွားခြင်း ပရောဖက်ပြုချက် ဘယ်လို အကြီးစား ပြည့်စုံခဲ့​သလဲ။

၁၄ ဘုရား​လူမျိုး သန့်စင်​ခံရပြီး ပုံဆောင်​ပရဒိသုမှာ ရောက်ရှိ​လာတဲ့ ၁၉၁၉ ခုနှစ်​က​စပြီး တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း ပရောဖက်ပြုချက် အကြီးစား ပြည့်စုံခဲ့​တယ်။ အဲဒီအချိန်မှာ စည်းလုံး​လာတဲ့ လူ​အများစုဟာ ကောင်းကင်မှာ ဘုရင်တွေ၊ ပုရောဟိတ်တွေ ဖြစ်ဖို့ မျှော်လင့်ချက် ရှိ​ကြတယ်။ (ဗျာ. ၂၀:၆) ပုံဆောင်​သဘော​အရ အဲဒီ​ဘိသိက်ခံ​တွေဟာ ဒါဝိဒ်​မင်းဆက် ဘုရင်တွေ၊ လေဝိ​သား ပုရောဟိတ်တွေ ရှိတဲ့ လူမျိုး၊ “ယုဒ . . . အတွက်” တုတ်​ချောင်း​နဲ့ တူတယ်။ အချိန်​ကုန်လွန်တာနဲ့​အမျှ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေဟာ ဘိသိက်ခံ​ခရစ်ယာန်တွေနဲ့ တစ်စ​တစ်စ ပူးပေါင်း​လာကြတယ်။ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေဟာ ဘုရင်တွေ၊ ပုရောဟိတ်တွေ မရှိတဲ့ လူမျိုး၊ “ဧဖရိမ်​ရဲ့ တုတ်​ချောင်း” နဲ့ တူတယ်။ အုပ်စု​နှစ်စု​လုံး​ဟာ ဘုရင် ယေရှု​ခရစ်​တစ်ပါးတည်း​ရဲ့ လက်အောက်မှာ ယေဟောဝါရဲ့ လူမျိုး​အဖြစ် စည်းစည်းလုံးလုံး ဝတ်ပြု​နေ​ကြတယ်။—ယေဇ. ၃၇:၂၄

“သူတို့လည်း ငါ့​လူတွေ ဖြစ်လာမယ်”

၁၅။ ယေဇကျေလ ၃၇:၂၆၊ ၂၇ ပါ ပရောဖက်ပြုချက် ဒီနေ့ ဘယ်လို ပြည့်စုံ​နေသလဲ။

၁၅ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဘိသိက်ခံ​တွေ​နဲ့ ပူးပေါင်း​ဖို့ လူများစွာ လှုံ့ဆော်​ခံရမယ်ဆို​တာ​ကို ယေဇကျေလ ပရောဖက်ပြုချက်​က ဖော်ပြတယ်။ ယေဟောဝါ​က မိမိ​လူမျိုးနဲ့​ပတ်သက်ပြီး ဒီလို​ပြောခဲ့​တ​ယ်– “သူတို့ကို . . . တိုးများ​စေမယ်။ . . . ငါ့​တဲတော်​က သူတို့နဲ့အတူ ရှိနေလိမ့်မယ်။” (ယေဇ. ၃၇:၂၆၊ ၂၇) “ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ အရှင်​က” “လူအုပ်ကြီး” ကို “ကာကွယ်​စောင့်ရှောက်​လိမ့်မယ်” ဆိုပြီး​ ယေဇ​ကျေလ​ခေတ်​နောက်ပိုင်း နှစ် ၇၀၀ လောက်​မှာ တမန်တော်​ယောဟန် ပရောဖက်ပြု​ခဲ့တာကို ဒီ​ဖော်ပြချက်​တွေ​က အမှတ်ရ​စေတယ်။ (ဗျာ. ၇:၉၊ ၁၅) ဒီနေ့​အချိန်မှာ ဘိသိက်ခံ​တွေ​နဲ့ လူအုပ်ကြီးဟာ ဘုရားရဲ့ ကာကွယ်​စောင့်ရှောက်မှု တဲတော်​အောက်မှာ လူမျိုး​တစ်မျိုးတည်း​အဖြစ် နေထိုင်​ကြတယ်။

၁၆။ ဘုရားသခင့် အစ္စရေးလူမျိုးနဲ့ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေ စည်းလုံး​လာမယ့်​အကြောင်း ဇာခရိ ဘယ်လို ပရောဖက်ပြု​ခဲ့သလဲ။

၁၆ ဘိသိက်ခံ​တွေ​နဲ့ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေ စည်းလုံး​လာမယ့်​အကြောင်းကို ပြည်တော်ပြန် ဇာခရိလည်း ဒီလို​ပရောဖက်​ပြုခဲ့တယ်– “လူမျိုး​တွေ​ထဲ​က လူ​ဆယ်​ယောက်ဟာ ဂျူးလူမျိုး​တစ်ယောက်ရဲ့ ဝတ်ရုံ​ကို မြဲမြဲကိုင်​ပြီး ‘ခင်ဗျားတို့နဲ့​အတူ ဘုရားသခင် ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်’ လို့ ပြော​ကြ​လိမ့်မယ်။” (ဇာ. ၈:၂၃) “ဂျူးလူမျိုး​တစ်ယောက်၊” “ခင်ဗျားတို့” ဆိုတဲ့ ဖော်ပြချက်​တွေဟာ လူတစ်ဦး​တစ်ယောက်ကို မဟုတ်ဘဲ အုပ်စု​တစ်စုကို ရည်ညွှန်းတယ်။ အဲဒီ​အုပ်စု​ဟာ ဒီနေ့​အချိန်မှာ ဘုရားသခင့် အစ္စရေး​လူမျိုး ဘိသိက်ခံ​အကြွင်းအကျန်​တွေ ဖြစ်တယ်။ (ရော. ၂:၂၈၊ ၂၉) “လူ​ဆယ်ယောက်” ဟာ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေကို ကိုယ်စားပြု​တယ်။ သူတို့က ဘိသိက်ခံ​တွေကို “မြဲမြဲကိုင်” ပြီး “လိုက်” ပါ​ကြတယ်။ (ဟေရှာ. ၂:၂၊ ၃။ မ. ၂၅:၄၀) “မြဲမြဲကိုင်၊” “လိုက်” စတဲ့ အသုံးအနှုန်းတွေ​က ဒီ​အုပ်စု​နှစ်စု​ရဲ့ အပြည့်အဝ စည်းလုံးမှုကို ပေါ်လွင်​စေတယ်။

၁၇။ ဒီနေ့ ကျွန်တော်တို့ မွေ့လျော်​ခံစား​နေကြ​တဲ့ စည်းလုံးမှု​အကြောင်း ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

၁၇ ယေရှု​က မိမိ​သိုး​တွေ (ဘိသိက်ခံ​တွေ) နဲ့ “တခြား​သိုး​တွေ” (မြေကြီးဆိုင်ရာ မျှော်လင့်ချက် ရှိသူတွေ) ကို “သိုး​တစ်အုပ်​တည်း” ဖြစ်လာ​စေမယ့် သိုးထိန်း​အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖော်ပြတဲ့​အခါ ပြန်လည်​စုစည်း​ခြင်း​ဆိုင်ရာ ယေဇကျေလ ပရောဖက်ပြုချက်ကို ရည်ညွှန်း​ပုံ​ရတယ်။ (ယော. ၁၀:၁၆။ ယေဇ. ၃၄:၂၃။ ၃၇:၂၄၊ ၂၅) အံ့ဖွယ်​စည်းလုံးမှု​အကြောင်း ယေရှုနဲ့ ရှေးပရောဖက်​တွေ ကောင်းကောင်း ပုံဖော်​ထား​ကြတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်​မျှော်လင့်ချက်ဟာ ဘာပဲ ဖြစ်ပါစေ ဒီနေ့ အဲဒီ​အံ့ဖွယ်​စည်းလုံးမှုကို ကျွန်တော်တို့ မွေ့လျော်​ခံစား​နေ​ကြတယ်။ မရေတွက်​နိုင်တဲ့ အုပ်စုငယ်​တွေ​အဖြစ် မှားယွင်းတဲ့ ဘာသာရေး ပြိုကွဲ​နေချိန်မှာ ကျွန်တော်တို့​ကတော့ အံ့ဖွယ်​စည်းလုံးမှုကို ခံစား​နေ​ကြတယ်။

ဒီနေ့အချိန်မှာ ဘိသိက်ခံတွေနဲ့ “တခြားသိုးတွေ” က “သိုးတစ်အုပ်တည်း” အဖြစ် ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုကိုးကွယ်နေကြ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

“သန့်ရှင်း​ရာ​ဌာနတော်​က . . . ထာဝစဉ် တည်ရှိ​နေ”

၁၈။ ယေဇကျေလ ၃၇:၂၈ ဖော်ပြချက်​အရ “ဒီ​လောက​နဲ့ မပတ်သက်” ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၈ ကျွန်တော်တို့ရဲ့ စည်းလုံးမှု​ဟာ ဘယ်တော့မှ ပြိုကွဲ​မှာ မဟုတ်​ကြောင်း အာမခံချက်ကို ယေဇကျေလရဲ့ ပြန်လည်​စုစည်း​ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက် နောက်ဆုံး​စကားတွေမှာ တွေ့ရတယ်။ (ယေဇကျေလ ၃၇:၂၈ ကိုဖတ်ပါ။) သန့်ရှင်း​ရာ​ဌာနတော် ဒါမှမဟုတ် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုဟာ ယေဟောဝါရဲ့ လူမျိုး အလယ်မှာ ‘တည်ရှိ​နေ’ လို့ စည်းလုံး​နေ​ကြတာပါ။ စာတန့်​လောက​နဲ့ သီးခြား​နေသရွေ့ ဘုရားရဲ့ သန့်ရှင်း​ရာ​ဌာနတော်​ဟာ သူတို့​အလယ်မှာ တည်​ရှိမယ်။ (၁ ကော. ၆:၁၁။ ဗျာ. ၇:၁၄) လောက​နဲ့ မပတ်သက်​ခြင်း​ရဲ့ အရေးကြီးမှုကို ယေရှု အလေး​ပေးခဲ့တယ်။ “သန့်ရှင်း​မြင့်မြတ်တဲ့ အဖ . . . သူတို့ကို ကာကွယ်​စောင့်ရှောက်​ပေးပါ။ . . . ဒါဆိုရင် . . . သူတို့လည်း တစ်စိတ်​တစ်ဝမ်း​တည်း ဖြစ်နေ​မှာပါ။ . . . သူတို့လည်း လောက​နဲ့ မပတ်သက်ကြပါဘူး။ . . . အဲဒီ​အမှန်တရား​အားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ နောက်လိုက်​တွေ​အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၁၁၊ ၁၆၊ ၁၇) “တစ်စိတ်​တစ်​ဝမ်း​တည်း” ဖြစ်နေခြင်းနဲ့ “လောက​နဲ့ မပတ်သက်” ခြင်း​ကို ယေရှု ဆက်စပ်​ထားတာ သတိပြုပါ။

၁၉။ (က) “ဘုရားသခင်ကို အတုယူ” သူတွေ ဖြစ်ကြောင်း ဘယ်လို ပြ​ကြသလဲ။ (ခ) ယေရှု မသေဆုံးခင်​ညမှာ စည်းလုံးခြင်း​နဲ့​ပတ်သက်ပြီး ဘယ်​အရေးကြီး​အမှန်တရားကို အလေးပေး ဖော်ပြခဲ့သလဲ။

၁၉ ဒါက ဘုရားကို “သန့်ရှင်း​မြင့်မြတ်တဲ့ အဖ” ဆိုပြီး ယေရှု ခေါ်ဆိုခဲ့​တဲ့ တစ်ခုတည်းသော မှတ်တမ်း ဖြစ်တယ်။ ယေဟောဝါဟာ အပြည့်အဝ စင်ကြယ်တယ်။ ဖြောင့်မှန်တယ်။ “ငါဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​ရမယ်” ဆိုပြီး ရှေး​အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ဝတ်. ၁၁:၄၅) “ဘုရားသခင်ကို အတုယူ” သူတွေ​အနေနဲ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံ​နေထိုင်ပုံ​အားလုံးမှာ ဒီ​ပညတ်ကို နာခံ​ချင်ကြတယ်။ (ဧ. ၅:၁။ ၁ ပေ. ၁:၁၄၊ ၁၅) လူသားတွေ​အတွက် “သန့်ရှင်း” ဆိုတဲ့ စကားလုံး သုံးတဲ့​အခါ “သီးခြားခွဲ​ထား” လို့ အဓိပ္ပာယ်​ရတယ်။ ဒါကြောင့် လောက​နဲ့ လောကရဲ့ ကွဲပြားမှုတွေ​နဲ့ တပည့်​တွေ မပတ်သက်​သရွေ့ စည်းလုံး​နေ​ကြမယ်​ဆိုတာကို ယေရှု မသေဆုံးခင်​ညမှာ အလေးပေး ဖော်ပြခဲ့တယ်။

“ဆိုးညစ်သူရဲ့ ရန်​ကနေ ကာကွယ်​စောင့်ရှောက်​ပေး”

၂၀၊ ၂၁။ (က) ယေဟောဝါရဲ့ ကာကွယ်ပေးမှု​အပေါ် ဘာက ပို​ယုံကြည်​စိတ်ချ​လာ​စေ​သလဲ။ (ခ) သင် ဘယ်လို ဆုံးဖြတ်​ထားသလဲ။

၂၀ ဒီနေ့​အချိန်မှာ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ ထူးထူးခြားခြား စည်းလုံး​နေတာဟာ “ဆိုးညစ်သူရဲ့ ရန်​ကနေ ကာကွယ်​စောင့်ရှောက်​ပေး” ပါ​ဆိုတဲ့ ယေရှုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေး​နေ​ကြောင်း သက်သေပါပဲ။ (ယောဟန် ၁၇:၁၄၊ ၁၅ ကိုဖတ်ပါ။) ဘုရား​လူမျိုးရဲ့ စည်းလုံးမှုကို စာတန် မဖျက်ဆီး​နိုင်မှန်း သိရလို့ ဘုရား​ကာကွယ်ပေးမှု​အပေါ် ပို​ယုံကြည်​စိတ်ချ​လာတယ်။ တုတ်​နှစ်ချောင်း​ကို တစ်ချောင်း​တည်း ဖြစ်လာအောင် ယေဟောဝါ​ကိုယ်တိုင် လုပ်ဆောင်​မှာ ဖြစ်ကြောင်း ယေဇကျေလ ပရောဖက်ပြုချက်မှာ ဖော်ပြ​ထားတယ်။ ဒါကြောင့် ယေဟောဝါ​က မိမိ​လူမျိုးကို ကာကွယ်​စောင့်ရှောက်မှု လက်တော်​အောက်မှာ အံ့ဖွယ်​နည်းနဲ့ စည်းလုံး​နေစေတာမို့ စာတန် ဘာမှ မတတ်နိုင်​ဘူး။

၂၁ ကျွန်တော်တို့ ဘာလုပ်ဖို့ ဆုံးဖြတ်ထား​သင့်သလဲ။ လက်ရှိ ကျွန်တော်တို့ မွေ့လျော်​ခံစား​နေတဲ့ အဖိုးတန်​စည်းလုံးမှုမှာ ပါဝင်​အားဖြည့်​နေဖို့ပါပဲ။ ကျွန်တော်တို့​ယောက်​တိုင်း ဘယ်​အရေးကြီး​နည်းနဲ့ ပါဝင်​အားဖြည့်​နိုင်ကြ​မလဲ။ ယေဟောဝါရဲ့ ပုံဆောင်​ဗိမာန်တော်မှာ စင်ကြယ်​စွာ ဝတ်ပြု​ကိုးကွယ်​နေခြင်း​အားဖြင့်​ပါပဲ။ အဲဒီ​ဝတ်ပြု​ကိုးကွယ်မှုမှာ ဘာတွေ​ပါဝင်​သလဲ​ဆိုတာကို နောက်​အခန်း​တွေ​မှာ ဆွေးနွေး​သွားကြပါမယ်။

^ အပိုဒ်၊ 7 ဒီ​ပရောဖက်ပြုချက်ကို ယေဇကျေလ မရခင် ရာစုနှစ်​နှစ်ခု​လောက်​မှာ (“ဧဖရိမ်​ရဲ့ တုတ်​ချောင်း”) ဆယ်နွယ်​နိုင်ငံသား​တွေဟာ သုံ့ပန်း​အဖြစ် အဆီးရီးယား​တွေရဲ့ သိမ်းသွားခြင်း​ခံရတယ်။—၂ ဘု. ၁၇:၂၃

^ အပိုဒ်၊ 11 ဒီ​ပရောဖက်ပြုချက်ကို အခန်း ၈ မှာ အသေးစိတ် ဆွေးနွေး​ထားတယ်။