မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

“သူတို့ကို စည်းလုံးညီညွတ်စေမယ်”

“သူတို့ကို စည်းလုံးညီညွတ်စေမယ်”

ယေဇကျေလ ၁၁:၁၉

အာရုံစိုက်​ရာ။ ပြန်လည်​တည်ထောင်ခြင်း​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်များတွင် ဖော်ပြ​ထား​ပုံ

၁-၃။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်သူတွေကို ဗာဗုလုန်တွေ ဘယ်လို လှောင်ပြောင်​ကြသလဲ။ ဘာကြောင့်လဲ။

ဗာဗုလုန်ပြည်​မှာ နေထိုင်တဲ့ သစ္စာရှိ​ဂျူး​တစ်ယောက်​လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်​ကြည့်ပါ။ ပြည်နှင်ခံ​ဘဝနဲ့ နေ​လာတာ ရာစုနှစ်ဝက်ကျော်လောက် ရှိပြီ။ ထုံးစံ​ရှိတဲ့​အတိုင်း ဥ​ပုသ်​နေ့မှာ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​ဖို့ ယုံကြည်သူချင်းတွေနဲ့ သွား​တွေ့​တော့​မ​ယ်။ ဆူညံ​နေတဲ့ လမ်းတွေပေါ်​က ခမ်းနား​တဲ့ ဘုရားကျောင်း​တွေ၊ များပြား​လှတဲ့ ဗိမာန်တွေကို ဖြတ်လျှောက်​သွားတယ်။ မာ​ဒုရ​လို နတ်​ဘုရားတွေဆီ ယဇ်​ပူဇော်တဲ့သူ​တွေ၊ ဓမ္မသီချင်း ဆို​နေတဲ့​သူတွေနဲ့ အဲဒီ​နေရာတွေမှာ ကြိတ်ကြိတ်တိုး​ပဲ။

ခပ်လှမ်းလှမ်း​မှာ ယုံကြည်သူ အုပ်စု​လေး​နဲ့ ဆုံတယ်။ * အတူတကွ ဆုတောင်းဖို့၊ ဆာလံ​သီချင်းတွေ သီဆိုဖို့၊ တရား​စကားတော်ကို တွေးတော​ဆင်ခြင်​ဖို့ တိတ်ဆိတ်​တဲ့​နေရာ ရှာတယ်။ မြို့ထဲက တူးမြောင်း​တစ်ခု​နား​မှာ ဖြစ်နိုင်တယ်။ ဆုတောင်းနေ​ကြ​တုန်း တူးမြောင်း​အ​စပ်​မှာ တိုင်​နဲ့ မြဲ​အောင်​ချည်​ထားတဲ့ သစ်သား​သ​မ္ဗန်​ကနေ တကျွိကျွိ မြည်နေတာ​တောင် ကြား​နိုင်တယ်။ ဒီ​နေရာမှာ ငြိမ်သက်မှု အတော်လေး​ရလို့ စိတ်သက်သာ​မိတယ်။ ဒေသခံ​လူတွေ မ​တွေ့​ဖို့၊ ခါ​တိုင်း​လို အစည်းအဝေး​ကို လာ​မနှောင့်ယှက်​ကြဖို့ မျှော်လင့်တယ်။ သူတို့ ဘာကြောင့် ဒီလို​နှောင့်ယှက်​ကြသလဲ။

ဗာဗုလုန်တွေ​မှာ အောင်ပွဲခံ မှတ်တမ်းများ​စွာ ရှိတယ်။ မြို့​ရဲ့ အင်အားကြီး​မှု​ဟာ သူတို့ရဲ့ မှားယွင်းတဲ့ ဘုရားတွေကြောင့်လို့ ထင်နေ​ကြတယ်။ နတ်ဘုရား မာဒုရဟာ​ ယေဟောဝါ​ထက် ပို​တန်ခိုးကြီး​လို့ ဂျေရုဆလင်​မြို့ လုံးဝ ပျက်စီး​သွားတာ​ဆိုပြီး ဗာဗု​လုန်တွေ ယူဆကြတယ်။ ဒါနဲ့​ပဲ ဘုရားနဲ့ ဘုရားလူမျိုးကို လှောင်ပြောင်​ကြတယ်။ “ဇိအုန်​သီချင်း တစ်ပုဒ်​လောက် ဆို​ပြ​စမ်း​ပါ” ဆိုပြီး တစ်ခါတလေ သရော်​ကြတယ်။ (ဆာ. ၁၃၇:၃) ဆာလံ​သီချင်းတွေ​က ယေဟောဝါရဲ့ ရန်သူတွေ​အပေါ် အနိုင်ရ​တဲ့ ဇိအုန်​အောင်ပွဲ​တွေ​အကြောင်း​ ချီးမွမ်း​သီဆို​ထားတာ​ကိုး။ ဗာဗုလုန်တွေ​က အထူးသဖြင့် ဒီ​ဆာလံ​သီချင်းတွေကို သရော်​ချင်​ကြ​ပုံ​ရတယ်။ တခြား​ဆာလံ​သီချင်းတွေ​ကတော့ ဗာဗုလုန်တွေ​အကြောင်း ရေးစပ်​ထားတာ။ ဥပမာ၊ “ဂျေရုဆလင်​မြို့ကို အပျက်အယွင်း​ပုံ​ကြီး ဖြစ်စေပြီ။ . . . ပတ်ဝန်းကျင်​ကလူ​တွေ လှောင်ပြောင်​သရော်​နေကြပြီ” လို့ ဆိုထားတယ်။—ဆာ. ၇၉:၁၊ ၃၊ ၄

၄၊ ၅။ ယေဇကျေလ ပရောဖက်ပြုချက်​က ဘာ​မျှော်လင့်ချက် ပေး​သလဲ။ ဒီအခန်းမှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

ယေဟောဝါနဲ့ ပရောဖက်​တွေ​အပေါ် ယုံကြည်​စိတ်ချ​တာ​ကို လှောင်ပြောင်​ချင်တဲ့ အယူဖောက်ပြန်သူ ဂျူးတွေလည်း ရှိတယ်။ ဒီလို​လှောင်ပြောင်မှု​တွေ ရှိပေမဲ့ ကိုယ်တိုင်နဲ့ မိသားစုကတော့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကနေ နှစ်သိမ့်မှု ရ​နေတယ်။ အတူတကွ ဆုတောင်း၊ ချီးမွမ်း​သီချင်း ဆိုတာက စိတ်သက်သာရာ​ရစေတယ်။ ဘုရားရဲ့ တရား​စကားတော် ဖတ်တာ​က​လ​ည်း စိတ်​ငြိမ်သက်​စေတယ်။ (ဆာ. ၉၄:၁၉။ ရော. ၁၅:၄) ဒီနေ့မှာ ယုံကြည်သူချင်း​တစ်ယောက်က အစည်းအဝေး​ကို ယေဇကျေလ ပရောဖက်ပြုချက်ပါ​တဲ့ ကျမ်းလိပ် ယူလာတယ်လို့ မြင်ယောင်​ကြည့်ပါ။ မိမိ​လူမျိုးကို နေရင်းပြည်မှာ ပြန်လည်​တည်ထောင်​မ​ယ်​ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော် ကြားရ​လို့ သိပ်​ပျော်​တ​ယ်။ ပရောဖက်ပြုချက်ကို ဖတ်ပြ​တဲ့အခါ တစ်နေ့ ကိုယ်တိုင်နဲ့ ကိုယ့်​မိသားစု နေရင်းပြည်​ပြန်​ပြီး စိတ်လှုပ်ရှားစရာ ပြန်လည်​တည်ထောင်ခြင်း​လုပ်ငန်းမှာ ကူညီပေး​ရမှာ​ကို တွေး​ပြီး စိတ်အားတက်​လာတယ်။

ယေဇကျေလ ပရောဖက်ပြုချက်မှာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ကတိတော်​တွေ အပြည့်​ပဲ။ မျှော်လင့်ချက်​အပြည့်​ပါတဲ့ ဒီ​အကြောင်းကို သုံးသပ်​ကြည့်ရအောင်။ ပြည်နှင်ခံ​တွေ​အတွက် ဒီ​ပရောဖက်ပြုချက်​တွေ ဘယ်လို ပြည့်စုံခဲ့​သလဲ။ ဒီ​ပရောဖက်ပြုချက်​တွေ​က မျက်မှောက်ခေတ်​အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ။ တချို့​ကဏ္ဍတွေမှာ အနာဂတ် ပြည့်စုံမှု​အကြောင်းကိုပါ သုံးသပ်​သွားပါမယ်။

“သူတို့ ပြည်နှင်​ခံရပြီး သုံ့ပန်း​ဘဝ ရောက်​သွားမယ်”

၆။ ပုန်ကန်တဲ့​လူမျိုးကို ဘုရား ဘယ်လို အကြိမ်ကြိမ် သတိ​ပေးခဲ့သလဲ။

ပုန်ကန်တဲ့ လမ်းစဉ်​အတွက် ဘယ်လို အပြစ်​ပေးမယ့်​အကြောင်း ယေဇကျေလ​က​တစ်ဆင့် မိမိ​လူမျိုးကို ယေဟောဝါ ရှင်းရှင်းလင်းလင်း အသိ​ပေးခဲ့တယ်။ “သူတို့ ပြည်နှင်​ခံရပြီး သုံ့ပန်း​ဘဝ ရောက်​သွားမယ်” ဆိုပြီး ယေဟောဝါ မိန့်ဆိုတယ်။ (ယေဇ. ၁၂:၁၁) ဒီစာအုပ် အခန်း ၆ မှာ တွေ့ခဲ့​တဲ့​အတိုင်း တရားစီရင်ချက်​အကြောင်း ယေဇကျေလ သရုပ်ဆောင်​ပြခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ပထမဆုံး သတိပေး​ချက်​တော့ မဟုတ်ဘူး။ ပုန်ကန်တဲ့ လမ်းစဉ်​ကို ဆက်​လိုက်ရင် ပြည်နှင်ဒဏ်​ခံရမယ်လို့ လွန်ခဲ့တဲ့ အနှစ်​တစ်ထောင်​နီးပါး မောရှေ​ခေတ်​ကတည်းက ယေဟောဝါ သတိ​ပေးခဲ့တယ်။ (တရား. ၂၈:၃၆၊ ၃၇) ပရောဖက် ဟေရှာယ၊ ယေရမိ​တို့​လည်း အလားတူ သတိ​ပေးခဲ့​ကြတယ်။—ဟေရှာ. ၃၉:၅-၇။ ယေ. ၂၀:၃-၆

၇။ ယေဟောဝါ​က မိမိ​လူမျိုးကို ဘယ်လို အပြစ်​ပေးခဲ့သလဲ။

ဝမ်းနည်းစရာက သတိပေး​ချက်​တွေကို သူတို့ အရေးမထား​ခဲ့​ကြဘူး။ ဆိုးညစ်​တဲ့ သိုးထိန်းတွေရဲ့ ဩဇာ​အောက် မိမိ​လူမျိုးရဲ့ ပုန်ကန်မှု၊ ရုပ်တု​ကိုးကွယ်မှု၊ သစ္စာမဲ့မှု၊ ပျက်စီး​ယိုယွင်းမှု​တွေ​ကြောင့် ယေဟောဝါ ရင်ကျိုး​ရတယ်။ ဒါကြောင့် သူတို့ကို အငတ်ဘေး ကြုံစေခဲ့တယ်။ တစ်ချိန်က “နို့​နဲ့ ပျားရည်စီး​တဲ့​ပြည်” အတွက် ဒါဟာ ကပ်ဘေး​တစ်ခု ဖြစ်သလို အရှက်ရ​စ​ရာ​လ​ည်း ဖြစ်ခဲ့တယ်။ (ယေဇ. ၂၀:၆၊ ၇) နောက်တော့ ကြို​ဟောထားတဲ့​အတိုင်း လမ်းလွဲ​နေတဲ့​လူမျိုးကို ယေဟောဝါ ပြည်နှင်ဒဏ် ပေးခဲ့တယ်။ ဘီစီ ၆၀၇ မှာ ဗာဗုလုန်​ဘုရင် နေဗုခဒ်နေဇာ​က ဂျေရုဆလင်​မြို့​နဲ့ ဗိမာန်တော်ကို နောက်ဆုံး​အကြိမ် တိုက်ခိုက်​ဖျက်ဆီး​ခဲ့​တ​ယ်။ အသက်ရှင်​ကျန်​ခဲ့​တဲ့ ဂျူး​ထောင်ချီ​ဟာ ဗာဗုလုန်ပြည်​ကို သုံ့ပန်း​တွေ​အဖြစ် ဖမ်းဆီးခေါ်ဆောင်​သွား​ခံရတယ်။ အဲဒီ​ရောက်တော့ အခန်း​အစပိုင်းမှာ ဖော်ပြခဲ့တဲ့​အတိုင်း လှောင်ပြောင်မှု၊ ဆန့်ကျင်မှုတွေ ခံကြ​ရတယ်။

၈၊ ၉။ အယူဖောက်ပြန်မှု​နဲ့​ပတ်သက်ပြီး ခရစ်ယာန်​အသင်းတော်ကို ဘုရား ဘယ်လို သတိ​ပေးခဲ့သလဲ။

ဗာဗုလုန် ပြည်နှင်ခံတွေနဲ့ ခရစ်ယာန်​အသင်းတော်​ကြား ဆင်တူချက် ရှိသလား။ ရှိပါတယ်။ ရှေးခေတ် ဂျူးတွေလိုပဲ ခရစ်တော်​နောက်လိုက်​တွေ ကြို​သတိပေး​ခံရတယ်။ “သိုးရေ​ခြုံ​ပြီး ဝင်​လာတဲ့ ပရောဖက် အတုအယောင်​တွေကို သတိ​ထားပါ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက် ဖြစ်နေတဲ့ ဝံပုလွေ​တွေ​ပဲ” ဆိုပြီး အမှုဆောင်ချိန် အစောပိုင်းမှာ ယေရှု သတိ​ပေးခဲ့တယ်။ (မ. ၇:၁၅) “ကျွန်တော် မရှိတဲ့​နောက် ဖိနှိပ်​တတ်တဲ့ ဝံပုလွေ​တွေ​က ခင်ဗျားတို့​ထဲ ဝင်​လာပြီး သိုး​တွေကို မညှာမတာ ဆက်ဆံ​ကြမယ်​ဆိုတာ ကျွန်တော် သိတယ်။ တပည့်​တွေကို သူတို့​နောက်လိုက်​ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့​အကြောင်းအရာတွေ သွန်သင်​ပေးမယ့်​သူတွေလည်း ခင်ဗျားတို့​အထဲက​နေ​ပဲ ပေါ်လာလိမ့်မယ်” ဆိုပြီး နောက်​နှစ်ပေါင်း အတော်ကြာ​မှာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ တမန်တော်​ပေါလု သတိ​ပေးခဲ့တယ်။—တ. ၂၀:၂၉၊ ၃၀

အန္တရာယ်​ရှိတဲ့ လူတွေကို ဘယ်လို ခွဲခြား​သိမြင်​နိုင်ကြောင်း၊ ဘယ်လို ရှောင်နိုင်​ကြောင်း ခရစ်ယာန်​တွေ သွန်သင်​ခံရတယ်။ အယူဖောက်ပြန်သူတွေကို အသင်းတော်​ထဲ​က နှင်ထုတ်ဖို့ ခရစ်ယာန်​အကြီးအကဲ​တွေ ညွှန်ကြား​ခံရတယ်။ (၁ တိ. ၁:၁၉။ ၂ တိ. ၂:၁၆-၁၉။ ၂ ပေ. ၂:၁-၃။ ၂ ယော. ၁၀) ဒါပေမဲ့ ရှေး​အစ္စရေး​နဲ့ ယုဒ​တွေ​လို​ပဲ ခရစ်ယာန်​အများစုဟာ မေတ္တာပါ သတိပေး​ချက်​တွေကို တဖြည်းဖြည်း အရေးမထား​ကြ​တော့​ဘူး။ ပထမရာစု​နှောင်းပိုင်း​မှာ အယူဖောက်ပြန်မှုက အသင်းတော်​အတွင်း အမြစ်တွယ်​နေပြီ။ ယိုယွင်းမှု၊ ပုန်ကန်မှု​တွေ အသင်းတော်မှာ ပျံ့နှံ့နေ​တာ​ကို အေဒီ ပထမရာစု​အကုန်ပိုင်း​ထိ အသက်ရှင်​ခဲ့​တဲ့ နောက်ဆုံး​တမန်တော် ယောဟန် သတိပြုမိ​ခဲ့​တ​ယ်။ ဆိုးညစ်​မှု​ကို တားဆီး​တဲ့ ပုဂ္ဂိုလ်​ဆိုလို့ ယောဟန်​ပဲ ကျန်တော့တယ်။ (၂ သက်. ၂:၆-၈။ ၁ ယော. ၂:၁၈) ယောဟန် သေဆုံး​ပြီးနောက် ဘာ​ဖြစ်ခဲ့သလဲ။

၁၀၊ ၁၁။ အေဒီ ဒုတိယရာစု​က​စပြီး ဂျုံပင်​နဲ့ ပေါင်းပင်​အကြောင်း ယေရှုရဲ့ ပုံဥပမာ ဘယ်လို ပြည့်စုံခဲ့​သလဲ။

၁၀ ယောဟန် သေဆုံး​ပြီးနောက် ဂျုံပင်​နဲ့ ပေါင်းပင်​အကြောင်း ယေရှုရဲ့ ပုံဥပမာ စပြည့်စုံ​လာတယ်။ (မဿဲ ၁၃:၂၄-၃၀ ကိုဖတ်ပါ။) ယေရှု ကြိုတင်​မြင်ခဲ့​သလိုပဲ စာတန်​က အသင်းတော်​အတွင်းမှာ ခရစ်ယာန်​အတုအယောင် “ပေါင်းမျိုးစေ့” ကြဲ​သွားတယ်။ အသင်းတော်ရဲ့ ယိုယွင်းမှုက အရှိန်​မြင့်​လာတယ်။ သားတော် တည်ထောင်​ခဲ့​တဲ့ အသင်းတော်မှာ ရုပ်တု​ကိုးကွယ်မှု၊ အယူမှား ပွဲနေ့​တွေ၊ ဓလေ့​တွေ၊ ဘုရားမဲ့ အတွေးအခေါ်​သ​မား​တွေ​နဲ့ စာတန့်​ဘာသာရေး​တွေ​ကနေ ဆင်းသက်​လာတဲ့ အယူဝါဒမှား​တွေ ပြည့်နေတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လောက်တောင် ခံစား​ရမလဲ။ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ သစ္စာမဲ့ အစ္စရေးတွေကို လုပ်ခဲ့​သလိုပဲ မိမိ​လူမျိုးကို ပြည်နှင်ခံ​ဘဝ ကျရောက်​စေခဲ့တယ်။ အေဒီ ဒုတိယရာစု​တစ်ချိန်ချိန်​နဲ့ နောက်ပိုင်းမှာ ဂျုံပင်​နဲ့​တူတဲ့​သူတွေဟာ ခရစ်ယာန်​အတုအယောင်​တွေ​ကြား တိမ်​မြုပ်​နေခဲ့​တယ်။ စစ်မှန်တဲ့ ခရစ်ယာန်​အသင်းတော်က မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး​အင်ပါယာ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝ ကျ​ရောက်ခဲ့တယ်။ ခရစ်ယာန်​အတုအယောင်တွေက​တော့ အကျင့်ပျက် အင်ပါယာ​လက်အောက် လုံးလုံး​ရောက်​သွားတယ်။ ခရစ်ယာန်​အတုအယောင်​တွေ တိုးပွား​လာတာ​နဲ့​အမျှ အမည်ခံ​ခရစ်ယာန်​ဘာသာ စတင်​ပေါ်ပေါက်​လာတယ်။

၁၁ အမည်ခံ​ခရစ်ယာန်​ဘာသာ ကြီးစိုးတဲ့ ရာစုနှစ်တွေ​တစ်လျှောက်​မှာ ယေရှုရဲ့ ပုံဥပမာ​ထဲ​က “ဂျုံပင်” နဲ့​တူတဲ့ ခရစ်ယာန်စစ်တွေလည်း ရှိနေခဲ့တယ်။ ယေဇကျေလ ၆:၉ မှာ ဖော်ပြ​ထားတဲ့ ဂျူး​သုံ့ပန်း​တွေ​လို​ပဲ စစ်မှန်တဲ့ ဘုရားကို သူတို့ သတိ​ရခဲ့ကြတယ်။ တချို့က အမည်ခံ ခရစ်ယာန်​ဘာသာရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေကို သတ္တိရှိရှိ ဆန့်ကျင်​ခဲ့​တယ်။ လှောင်ပြောင်မှုနဲ့ နှိပ်စက်​ညှဉ်းပန်းမှု​တွေကို ရင်ဆိုင်ခဲ့​ကြတယ်။ ဘုရားရေးရာ အမှောင်ထု​ထဲ မိမိ​လူမျိုးကို အပြီး​စွန့်ပစ်​ဖို့ ယေဟောဝါ ရည်ရွယ်​ခဲ့​သလား။ မရည်ရွယ်​ပါဘူး။ ရှေး​အစ္စရေး​တွေ​တုန်း​ကလို​ပဲ ယေဟောဝါ​က အမျက်​ဒေါသ​ကို သင့်တော်​တဲ့ အတိုင်းအတာ​နဲ့ သင့်တော်​တဲ့ အချိန်ကာလ​တစ်ခု​အထိ ပြခဲ့တယ်။ (ယေ. ၄၆:၂၈) ဒါ့အပြင် ယေဟောဝါ​က မိမိ​လူမျိုးကို မျှော်လင့်ချက် မ​မဲ့​စေခဲ့​ဘူး။ ရှေး​ဗာဗုလုန်ပြည်​က ဂျူး​သုံ့ပန်း​တွေ​အကြောင်း၊ သုံ့ပန်း​ဘဝ အဆုံးတိုင်​မယ့် မျှော်လင့်ချက် ယေဟောဝါ ပေးခဲ့​ပုံ​အကြောင်း​တို့ကို သုံးသပ်​ကြရအောင်။

ရာစုနှစ်များစွာ မဟာဗာဗုလုန်လက်အောက်မှာ ခရစ်ယာန်စစ်တွေက နှိပ်စက်ညှဉ်းပန်းမှုတွေ ရင်ဆိုင်ခဲ့ရ (စာပိုဒ် ၁၀၊ ၁၁ ကို ကြည့်ပါ)

“ငါ အမျက်ပြေ​သွား​လိမ့်မယ်”

၁၂၊ ၁၃။ ယေဇကျေလ​ခေတ်​က ပြည်နှင်ခံ​တွေ​အပေါ် ယေဟောဝါရဲ့ ဒေါသ ဘာကြောင့် ငြိမ်ကျ​သွားမလဲ။

၁၂ ယေဟောဝါ​က မိမိ​လူမျိုးကို အမျက်ထွက်​ခဲ့​ပေမဲ့ အမြဲ အမျက်ထွက်​နေမှာ မဟုတ်ဘူးဆိုတာ စိတ်ချ​စေခဲ့တယ်။ ဥပမာ၊ “ငါ​အမျက်ပြေ​သွား​လိမ့်မယ်။ ငါ့​ဒေါသ ငြိမ်ကျ​ပြီး စိတ်​ကျေနပ်​သွား​လိမ့်မယ်။ ငါ့​ဒေါသ​ကို ဖွင့်​ချပြီး​ချိန်မှာ ငါ​ယေဟောဝါဟာ ငါ​တစ်ပါးတည်း​ကို ကိုးကွယ်​ဆည်းကပ်​ဖို့ တောင်းဆိုတဲ့​ဘုရား​ဖြစ်လို့ ပြောခဲ့တာပဲ​ဆိုတာ သူတို့ သိရကြလိမ့်မယ်” ဆိုတဲ့ စကားတွေကို သတိပြုပါ။ (ယေဇ. ၅:၁၃) ယေဟောဝါရဲ့ ဒေါသ ဘာကြောင့် ငြိမ်ကျ​သွားမလဲ။

၁၃ သုံ့ပန်း​တွေ​ထဲမှာ သစ္စာမဲ့ ပြည်သား​တွေ​နဲ့​အတူ ဖမ်းဆီးခေါ်ဆောင်​ခံခဲ့ရတဲ့ သစ္စာရှိ​ဂျူးတွေ ပါတယ်။ ပြည်နှင်ခံရ​စဉ်​အတွင်းမှာပဲ လူတချို့ နောင်တ​ရမယ့်​အကြောင်း ယေဇကျေလ​က​တစ်ဆင့် ဘုရား ကြိုပြောခဲ့​တ​ယ်။ ဘုရားကို ဆန့်ကျင်​ပုန်ကန်​ပြီး လုပ်ခဲ့တဲ့ ရှက်ရွံ့​ဖွယ် လုပ်ရပ်တွေ​အကြောင်း နောင်တ​ရတဲ့​ဂျူးတွေ ပြန်​ပြောပြီး ယေဟောဝါ​ဆီမှာ ခွင့်လွှတ်မှုနဲ့ မျက်နှာသာ တောင်းခံ​ကြမယ်။ (ယေဇ. ၆:၈-၁၀။ ၁၂:၁၆) ယေဇကျေလ​လို​ပဲ ဒံယေလ​နဲ့ မိတ်ဆွေ​သုံးယောက်ဟာ​လ​ည်း သစ္စာရှိ​သူတွေပါ။ သုံ့ပန်း​ဘဝ အစအဆုံး ဒံယေလ မြင်​တွေ့ခဲ့တယ်။ အစ္စရေး​လူမျိုးရဲ့ အပြစ်​အတွက် နောင်တ​ရတဲ့​အကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းချက်ကို ဒံယေလ အခန်းကြီး ၉ မှာ မှတ်တမ်း​တင်ထားတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ ကောင်းချီး ပြန်​ရဖို့ မျှော်လင့်​နေတဲ့ ပြည်နှင်ခံ​ထောင်ချီ​ရဲ့ ခံစားချက်လည်း ထပ်တူ​ဖြစ်မှာ သေချာ​ပါတယ်။ လွတ်မြောက်ခြင်းနဲ့ ပြန်လည်​တည်ထောင်ခြင်း​အကြောင်း ယေဇကျေလ​က​တစ်ဆင့် စွမ်းအားတော် ဖော်ပြတဲ့ ကတိ​တွေဟာ စိတ်လှုပ်ရှားစရာပါပဲ။

၁၄။ ယေဟောဝါ​က မိမိ​လူမျိုးကို နေရင်းပြည်မှာ ဘာကြောင့် ပြန်လည်​တည်ထောင်​ပေး​မလဲ။

၁၄ ဒါပေမဲ့ မိမိ​လူမျိုးကို ယေဟောဝါ လွတ်မြောက်​စေပြီး ပြန်လည်​တည်ထောင်​ပေး​ရတဲ့ နောက်ထပ် အရေးကြီး​အချက် ရှိသေးတယ်။ ရှည်ကြာ​လှတဲ့ ပြည်နှင်ခံ​ဘဝ အဆုံးတိုင်​တာ​ဟာ သူတို့ ကယ်တင်​ခံထိုက်​လို့ မဟုတ်ဘဲ လူမျိုးခြားတွေ​အလယ်မှာ ယေဟောဝါရဲ့ နာမတော် ပြန်​သန့်ရှင်း​မြင့်မြတ်​စေ​ရမယ့်​အချိန် ဖြစ်လို့ပါပဲ။ (ယေဇ. ၃၆:၂၂) မာဒုရ​လို နတ်ဘုရား​တွေဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါကို ယှဉ်ပြိုင်​လို့ မရဘူး​ဆိုတာ ဗာဗုလုန်တွေ သိလာ​ရလိမ့်မယ်။ ပြည်နှင်ခံတွေကို ယေဇကျေလ ပြန်​ဝေမျှ​ရမယ့် ယေဟောဝါရဲ့ ကတိတော် ငါးခု​အကြောင်း လေ့လာ​ကြရအောင်။ ဦးဆုံး ကတိတော်​တစ်ခုစီ​က သစ္စာ​ရှိသူတွေ​အတွက် ဘာ​အဓိပ္ပာယ်​ရှိကြောင်း ဆွေးနွေးကြစို့။ ကတိတော်​တွေ ဘယ်လိုနည်းနဲ့ အကြီးစား ပြည့်စုံ​မလဲ​ဆိုတာလည်း သိ​ရပါမယ်။

၁၅။ ပြည်တော်ပြန်​တွေရဲ့ ဘာသာရေး​ထုံးတမ်း​တွေ​နဲ့​ပတ်သက်ပြီး ဘယ်အပြောင်းအလဲ​တွေ လုပ်ကြ​မလဲ။

၁၅ ကတိတော် ၁။ ရုပ်တု​ကိုးကွယ်ခြင်းနဲ့ ရွံမုန်းဖွယ် ဘာသာရေး​အကျင့်အကြံ​များ အဆုံးတိုင်​ခြင်း။ (ယေဇကျေလ ၁၁:၁၈။ ၁၂:၂၄ ကိုဖတ်ပါ။) အခန်း ၅ မှာ ဆွေးနွေးခဲ့​တဲ့​အတိုင်း ဂျေရုဆလင်​မြို့​နဲ့ ဗိမာန်တော်ဟာ ရုပ်တု​ကိုးကွယ်ခြင်း​လို မှားယွင်းတဲ့ ဘာသာရေး​ထုံးတမ်း​တွေ​နဲ့ ညစ်ညူး​ခဲ့​တယ်။ ဒီလိုနဲ့ အစ္စရေး​လူမျိုး ယိုယွင်း​လာပြီး ယေဟောဝါနဲ့ ကင်းကွာ​သွားတယ်။ သန့်ရှင်းတဲ့၊ အညစ်အကြေး ကင်းစင်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပြည်နှင်ခံ​တွေ ပြန်​ပါဝင်​လာမယ့်​အချိန်ကို မျှော်လင့်​နိုင်ကြောင်း ယေဇကျေလ​က​တစ်ဆင့် ယေဟောဝါ ကြိုပြောခဲ့​တယ်။ တခြား​ကောင်းချီး​အားလုံးဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ခြင်း​နဲ့​ပတ်သက်တဲ့ ဘုရား​အစီအစဉ်​အပေါ် မူတည်​နေတယ်။

၁၆။ နေရင်းပြည်​နဲ့​ပတ်သက်ပြီး မိမိ​လူမျိုးကို ယေဟောဝါ ဘာက​တိ​ပြု​သလဲ။

၁၆ ကတိတော် ၂။ နေရင်းပြည်​ကို ပြန်လာ​ခြင်း။ “အစ္စရေး​မြေ​ကို မင်းတို့ကို ပေးမယ်” ဆိုပြီး ပြည်နှင်ခံတွေကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၁၁:၁၇) ဒီ​ကတိတော်ဟာ တကယ်ပဲ ထူးခြား​တ​ယ်။ ကဲ့ရဲ့​လှောင်ပြောင်​တတ်တဲ့ ဗာဗုလုန်​တွေဟာ ပြည်နှင်ခံတွေကို နေရင်းပြည် ပြန်ရမယ်​ဆိုတဲ့ မျှော်လင့်ချက် ဘယ်တော့မှ ပေးမှာ မဟုတ်လို့​ပါပဲ။ (ဟေရှာ. ၁၄:၄၊ ၁၇) ဒါ့အပြင် ပြည်တော်ပြန်​တွေ သစ္စာရှိ​နေသရွေ့ တိုင်းပြည်မှာ သီးနှံ​တွေ ဖြစ်ထွန်း​အောင်မြင်မယ်။ အကျိုး​ရှိတဲ့ အလုပ်အကိုင်​တွေ ရှိမယ်။ အရှက်ရ​ခဲ့​တာ၊ အငတ်ဘေး ကျရောက်​ခဲ့​တာ​တွေဟာ အတိတ်မှာ​ပဲ ကျန်​ခဲ့​မ​ယ်။ယေဇကျေလ ၃၆:၃၀ ကိုဖတ်ပါ။

၁၇။ ယေဟောဝါ​ဆီ ဆက်သ​တဲ့ ပူဇော်သက္ကာ​တွေ ဘာဖြစ်​မလဲ။

၁၇ ကတိတော် ၃။ ယေဟောဝါရဲ့ ပူဇော်ရာ​ပလ္လင်​မှာ အလှူ​ပြန်လည်​ဆက်သခြင်း။ အခန်း ၂ မှာ သိခဲ့​တဲ့​အတိုင်း ပညတ်တရား​အရ ပူဇော်သက္ကာ​တွေ၊ အလှူ​တွေဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ အဓိက​ကျတယ်။ ပြည်တော်ပြန်​တွေ နာခံ​သ​ရွေ့၊ ဝတ်ပြုရေး​ပိုင်း​မှာ သန့်ရှင်း​နေသရွေ့ သူတို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ လက်ခံမယ်။ ဒီ​နည်းနဲ့ အစ္စရေး​တွေဟာ အပြစ်​အတွက် ပေးဆပ်​နိုင်​ကြမယ်။ ဘုရားနဲ့ ဆ​က်​ရင်းနှီး​နိုင်​ကြမယ်။ “အစ္စရေး​တစ်မျိုးလုံး ငါ့ကို ဝတ်ပြု​ကြ​လိမ့်မယ်။ အဲဒီမှာ သူတို့ကို ငါ​နှစ်သက်​လက်ခံမယ်။ အလှူ​တွေ၊ သီး​ဦး​သီး​ဖျား​အလှူ​တွေ၊ သန့်ရှင်းတဲ့​အရာတွေကို ငါ​တောင်းဆို​မယ်” လို့ ယေဟောဝါ ကတိ​ပြုခဲ့တယ်။ (ယေဇ. ၂၀:၄၀) ဘုရား​လူမျိုး​အတွက် ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးမယ့် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု အမှန်တကယ် ပြန်လည်​တည်ထောင်​ခံရမယ်။

၁၈။ မိမိ​လူမျိုးကို ယေဟောဝါ ဘယ်လို ထိန်းကျောင်း​မလဲ။

၁၈ ကတိတော် ၄။ ဆိုးညစ်​တဲ့ သိုးထိန်းတွေကို ဆန်ခါ​ချ​ခြင်း။ ဘုရား​လူမျိုး​တွေ အမှား​ကြီး​မှား​ခဲ့​ရတဲ့ အဓိက​အကြောင်းရင်း​တစ်ခုက အကျင့်ပျက် ဦးဆောင်နေသူ​တွေရဲ့ ဩဇာ​ကြောင့်ပါ။ ဦးဆောင်​သူတွေကို ပြောင်းလဲ​ပစ်​မယ်​လို့ ယေဟောဝါ ကတိပြု​တယ်။​ ဆိုးညစ်​တဲ့ သိုးထိန်း​တွေ​နဲ့​ပတ်သက်ပြီး “သိုးထိန်း​အလုပ်​ကနေ ထုတ်ပစ်​မ​ယ် . . . သူတို့​ပါးစပ်​ထဲ​ကနေ ကယ်မယ်” လို့ ကတိ​ပေးတယ်။ “ငါ့​သိုး​တွေကို ဂရုတစိုက် စောင့်ရှောက်​မယ်” ဆိုပြီး သစ္စာရှိ​လူမျိုးကို အာမခံတယ်။ (ယေဇ. ၃၄:၁၀၊ ၁၂) ဘယ်လို​စောင့်ရှောက်မလဲ။ ယုံကြည်​စိတ်ချထိုက်တဲ့ သစ္စာရှိ​အမျိုးသားတွေကို သိုးထိန်း​တွေ​အဖြစ် ဘုရား အသုံးပြုမယ်။

၁၉။ စည်းလုံးမှု​အကြောင်း ယေဟောဝါ ဘာက​တိ​ပြု​သလဲ။

၁၉ ကတိတော် ၅။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်သူ​တွေရဲ့ စည်းလုံးမှု။ ပြည်နှင်ခံ​ဘဝ​မတိုင်ခင် ဘုရား​လူမျိုး​အလယ်မှာ စည်းလုံးမှု​မဲ့​နေတာ မြင်ရလို့ သစ္စာရှိ ဝတ်ပြု​ကိုးကွယ်သူ​တွေ ဘယ်လောက် စိတ်သောက​ရောက်​ခဲ့​မလဲ မြင်ယောင်​ကြည့်ပါ။ ပရောဖက် အတုအယောင်​တွေ၊ အကျင့်ပျက် သိုးထိန်းတွေရဲ့ ဩဇာ​ကြောင့် လူတွေက ယေဟောဝါရဲ့ သစ္စာရှိ​ပရောဖက်​တွေကို ပုန်ကန်​ကြတယ်။ စိတ်ဝမ်းကွဲ​လာကြတယ်၊ အုပ်စု​ခွဲ​လာကြတယ်။ “သူတို့ကို စည်းလုံး​ညီညွတ်​စေမယ်။ သူတို့​အထဲမှာ စိတ်သဘော​သစ်​ကို သွင်း​ပေးမယ်” ဆိုပြီး ယေဇကျေလ​က​တစ်ဆင့် ပေးခဲ့တဲ့ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ကတိတော်​ဟာ နှစ်သက်ဖွယ်​ကောင်းတယ်။ (ယေဇ. ၁၁:၁၉) ယေဟောဝါ​ဘုရားနဲ့ရော အချင်းချင်းနဲ့ပါ စည်းလုံး​နေသရွေ့ ဘယ်​ဆန့်ကျင်သူက​မှ ပြည်တော်ပြန်​ဂျူးတွေကို အနိုင်​ရမှာ မဟုတ်ဘူး။ လူမျိုး​တစ်မျိုးတည်း​အဖြစ် ယေဟောဝါကို ပြန်​ဂုဏ်တင်​ကြမယ်။ ဘုရားကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ ဖြစ်စေ​တော့​မှာ မဟုတ်ဘူး။

၂၀၊ ၂၁။ ပြည်တော်ပြန်​တွေ​အတွက် ဘုရား​ကတိတော်​တွေ ဘယ်လို ပြည့်စုံခဲ့​သလဲ။

၂၀ ပြည်နှင်ခံ​ဘဝကနေ ပြန်လာ​ကြ​တဲ့ ဂျူးတွေ​အတွက် ဒီ​ကတိတော် ငါးခု ပြည့်စုံခဲ့​သလား။ “ယေဟောဝါ​ဘုရား ပေးခဲ့တဲ့ ကောင်းမွန်​တဲ့ ကတိ​အားလုံး မပြည့်စုံ​ဘဲ မနေဘူး​ဆိုတာ ခင်ဗျားတို့ အကြွင်းမဲ့​သိ​တာ​ပဲ။ အဲဒီ​ကတိ​တွေ တစ်ခု​မကျန် ပြည့်စုံ​လာတယ်။ တစ်ခု​မှ မပြည့်စုံ​ဘဲ မနေခဲ့ဘူး” ဆိုပြီး သစ္စာရှိ သက်ကြီး​ယောရှု ပြောခဲ့တဲ့ စကားတွေကို ကျွန်တော်တို့ ကောင်းကောင်း မှတ်မိ​ကြပါတယ်။ (ယောရှု ၂၃:၁၄) ယောရှု​ခေတ်မှာ​လို​ပဲ နေရင်းပြည်​ကို ပြန်လာတဲ့ ပြည်နှင်ခံ​တွေ​ခေတ်မှာလည်း ယေဟောဝါ ကတိတည်​ခဲ့​ပါတယ်။

၂၁ ယေဟောဝါနဲ့ ကင်းကွာ​သွား​စေခဲ့တဲ့ ရုပ်တု​ကိုးကွယ်မှု၊ ရွံမုန်းဖွယ် ဘာသာရေး​အကျင့်အကြံ​တွေကို ဂျူးတွေ စွန့်လွှတ်​ခဲ့​ကြတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့​ကြားထဲ​က နေရင်းပြည်မှာ ပြန်နေ​ထိုင်​ခဲ့​ကြတယ်။ ပြည်​ကို ပြန်လည်​ကောင်းမွန်စေ​ကြတယ်။ ဖြစ်ထွန်းအောင်မြင်​တဲ့ အသက်တာမျိုးနဲ့ နေထိုင်ခဲ့​ကြတယ်။ ပထမဆုံး လုပ်ခဲ့ကြတာကတော့ ဂျေရုဆလင်​မြို့ရှိ ယေဟောဝါရဲ့ ပူဇော်ရာ​ပလ္လင်​ကို ပြန်​တည်ဆောက်​ပြီး လက်ခံနိုင်ဖွယ် ပူဇော်သက္ကာ​တွေ ဆက်သခြင်း​ပါပဲ။ (ဧဇ. ၃:၂-၆) သစ္စာရှိ ပုရောဟိတ် ကျမ်းကူးသူ ဧဇရ၊ ဘုရင်ခံ နေဟမိ​နဲ့ ဇေရုဗဗေလ၊ ပုရောဟိတ်မင်း ယောရှု၊ သတ္တိ​ရှိတဲ့ ပရောဖက် ဟဂ္ဂဲ၊ ဇာခရိ၊ မာလခိ စတဲ့ သိုးထိန်း​ကောင်း​တွေ​အားဖြင့် သူတို့ကို ယေဟောဝါ ကောင်းချီး​ပေးခဲ့တယ်။ ယေဟောဝါ​ဆီက လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေကို နာခံ​နေသရွေ့ တစ်ခါ​မှ မကြုံခဲ့ဖူး​တဲ့ စည်းလုံးမှုကို သူတို့ ခံစား​ကြရမယ်။—ဟေရှာ. ၆၁:၁-၄။ ယေရမိ ၃:၁၅ ကိုဖတ်ပါ။

၂၂။ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေရဲ့ ကနဦး ပြည့်စုံမှု​တွေဟာ အကြီးစား ပြည့်စုံမှုရဲ့ အရိပ်အမြွက်​သာ ဖြစ်ကြောင်း ဘယ်လို သိရသလဲ။

၂၂ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ကတိတော်​တွေရဲ့ ကနဦး ပြည့်စုံမှု​တွေဟာ တကယ်​အားရှိစရာ​ပါပဲ။ ဒါတောင် အကြီးစား ပြည့်စုံမှုရဲ့ အရိပ်အမြွက်​ပဲ ရှိသေးတယ်။ ဘယ်လိုသိရသလဲ။ ကတိတော်​တွေ​မှာ ခြွင်းချက်​ရှိတယ်။ အစ္စရေး​တွေ နာခံ​နေသရွေ့​ပဲ ယေဟောဝါ​က ကတိတော်​တွေကို ပြည့်စုံ​စေမှာ။ ဒါပေမဲ့ ဂျူးတွေ​က နာခံမှု မရှိဘဲ ပုန်ကန်​ကြ​ပြန်တယ်။ ဒါပေမဲ့ ယောရှု ပြောခဲ့​သလိုပဲ ယေဟောဝါရဲ့ စကားတော်​ဟာ အမြဲ မှန်ကန်တယ်။ ဒါကြောင့် ကတိတော်​တွေ​မှာ အမြဲ​တည်မယ့် အကြီးစား ပြည့်စုံချက် ရှိရမယ်။ ဘယ်လို ဖြစ်လာမလဲ ကြည့်ရအောင်။

“မင်းတို့ကို နှစ်သက်​လက်ခံမယ်”

၂၃၊ ၂၄။ “အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင် လုပ်ပေးမယ့်​အချိန်” ဘယ်​အချိန်မှာ ဘယ်လို စတင်​ခဲ့သလဲ။

၂၃ ၁၉၁၄ ခုနှစ်မှာ လောက​စနစ်ဆိုးရဲ့ နောက်ဆုံး​အပိုင်း ရောက်​ပြီဆို​တာ​ကို ကျမ်းစာ​ကျောင်းသားတွေ သိခဲ့ကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေ​အတွက် ဒါ​ဝမ်းနည်းစရာ မဟုတ်ပါဘူး။ ၁၉၁၄ ခုနှစ်​ဟာ “အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင် လုပ်ပေးမယ့်​အချိန်” ရဲ့ အစ ဖြစ်ကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ (တ. ၃:၂၁) ဘယ်လိုသိရသလဲ။ ၁၉၁၄ ခုနှစ်မှာ ကောင်းကင်မှာ ဘာ​ဖြစ်ခဲ့သလဲ။ မေရှိယ​ဘုရင်အဖြစ် ယေရှု​ခရစ် နန်းတင်​ခံရတယ်။ ဒီ​အဖြစ်အပျက်​ဟာ ဘယ်လိုနည်းနဲ့ ပြန်လည်​တည်ထောင်ခြင်း ဖြစ်သလဲ။ ဘုရင်​ဒါ​ဝိဒ်ရဲ့ မျိုးဆက် ဘယ်တော့မှ အဆုံး​မ​တိုင်​ဘူးဆိုပြီး ယေဟောဝါ ကတိပြု​ခဲ့​ကြောင်း သတိရပါ။ (၁ ရာ. ၁၇:၁၁-၁၄) ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီး​ပြီး ဒါဝိဒ်​မင်းဆက် အဆုံးတိုင်​ချိန် ဘီစီ ၆၀၇ မှာ ဒီ​နန်း​ဆက် ပြတ်တောက်​သွားတယ်။

၂၄ “လူသား” ယေရှုဟာ ဒါဝိဒ်​မျိုးနွယ် ဖြစ်လို့ ဒါဝိဒ်​မင်းဆက်​ကို အမွေဆက်ခံ​ခွင့်​ရှိသူ ဖြစ်လာတယ်။ (မ. ၁:၁။ ၁၆:၁၃-၁၆။ လု. ၁:၃၂၊ ၃၃) ယေရှုကို ယေဟောဝါ ကောင်းကင်​ပလ္လင် အပ်နှင်း​တဲ့ ၁၉၁၄ ခုနှစ်မှာ “အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင် လုပ်ပေးမယ့်​အချိန်” စ​တင်ခဲ့တယ်။ စုံလင်တဲ့​ဘုရင်ကို အသုံးပြုပြီး ပြန်လည်​တည်ထောင်ခြင်း လုပ်ငန်း​စဉ်​ကို ဆက်လုပ်​ဆောင်​နိုင်ပြီ။

၂၅၊ ၂၆။ (က) မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝ ဘယ်​အချိန်မှာ အဆုံးတိုင်​ခဲ့သလဲ။ ဘယ်လို သိရသလဲ။ (“ဘာကြောင့် ၁၉၁၉ ခုနှစ် ဖြစ်​ရသလဲ” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။) (ခ) ၁၉၁၉ ခုနှစ်​က​စပြီး ဘယ်​ပြည့်စုံချက်​တွေ တွေ့ရသလဲ။

၂၅ ဘုရင်​အနေနဲ့ ခရစ်တော်ရဲ့ ဦးဆုံး လုပ်ဆောင်ချက်​ကတော့ မြေကြီးပေါ်​က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု အစီအစဉ်ကို စစ်ဆေး​ရာ​မှာ ဖခင်​နဲ့ ပူးပေါင်း​ခြင်း​ပါပဲ။ (မာလ. ၃:၁-၅) ဂျုံပင်​နဲ့ ပေါင်းပင် ပုံဥပမာမှာ ယေရှု ကြို​ပြောခဲ့တဲ့​အတိုင်း ဂျုံပင်​နဲ့ ပေါင်းပင်၊ ဘိသိက်ခံ ခရစ်ယာန် အစစ်​နဲ့ အတုကို ခွဲခြား​သိမြင်ဖို့ မဖြစ်နိုင်တာ အတော်​ကြာခဲ့ပြီ။ * အခု ရိတ်သိမ်းချိန် ရောက်​ပြီ။ ကွာခြားချက်​လည်း ရှင်းလင်း​လာပြီ။ ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေမှာ သစ္စာရှိ ကျမ်းစာကျောင်း​သားတွေ​က အမည်ခံ ခရစ်ယာန်​ဘာသာရဲ့ အမှားတွေကို ဖော်ထုတ်​ပြီး အဲဒီ​အကျင့်ပျက် အဖွဲ့အစည်း​နဲ့ ကင်းကင်းရှင်းရှင်း နေခဲ့​တယ်။ သူတို့ကို ယေဟောဝါ အပြည့်အဝ ပြန်လည်​တည်ထောင်​ပေးမယ့်​အချိန် ရောက်​ပြီ။ ဒါကြောင့် “ရိတ်သိမ်းချိန်” မတိုင်ခင် ၁၉၁၉ ခုနှစ် အစောပိုင်းမှာ ဘုရား​လူမျိုးဟာ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ အပြီး လွတ်မြောက်​ခဲ့​ကြတယ်။ (မ. ၁၃:၃၀) သုံ့ပန်း​ဘဝ အဆုံးတိုင်​ပြီ။

၂၆ ရှေး​အချိန်​က ဘုရား​လူမျိုး​တွေ မြင်တွေ့ခဲ့​တာ​ထက် ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ယေဇကျေလ ပရောဖက်ပြုချက်​တွေ အကြီးစား ပြည့်စုံ​လာတာ တွေ့​နေ​ရတယ်။ ကတိတော် ငါးခု​ရဲ့ အကြီးစား ပြည့်စုံပုံကို အခု လေ့လာ​ကြစို့။

၂၇။ ဘုရားက မိမိ​လူမျိုးကို ရုပ်တု​ကိုးကွယ်မှုနဲ့ ဘယ်လို ကင်းရှင်း​စေခဲ့သလဲ။

၂၇ ကတိတော် ၁။ ရုပ်တု​ကိုးကွယ်မှုနဲ့ ရွံမုန်းဖွယ် ဘာသာရေး​အကျင့်အကြံ​များ အဆုံးတိုင်​ခြင်း။ ၁၉ ရာစု အဆုံးပိုင်း​နဲ့ ၂၀ ရာစု အစောပိုင်းမှာ သစ္စာရှိ​ခရစ်ယာန်တွေ ပေါင်းစည်း​ခဲ့​ကြတယ်၊ မှားယွင်းတဲ့ ဘာသာရေး​ထုံးတမ်း​တွေကို စတင် စွန့်ပယ်​ခဲ့​ကြတယ်။ မှားယွင်းတဲ့ ဘာသာရေး​ကနေ မြစ်ဖျားခံ​တဲ့၊ ကျမ်းစာ​သွန်သင်ချက် မဟုတ်တဲ့ သုံးပါး​ပေါင်း​တစ်ဆူ၊ မသေနိုင်တဲ့ ဝိညာဉ်၊ မီးငရဲ အယူဝါဒတွေ​ကို စွန့်ပယ်​ခဲ့​ကြတယ်။ ဝတ်ပြုရေးမှာ ရုပ်ပုံ သုံးတာဟာ ရုပ်တု​ကိုးကွယ်တာ​ပဲ​လို့ ဖော်ထုတ်ခဲ့​တ​ယ်။ ဝတ်ပြုရေးမှာ လက်ဝါး​ကားတိုင် သုံး​ခြင်း​ဟာ​လ​ည်း ရုပ်တု​ကိုးကွယ်မှု ဖြစ်ကြောင်း တဖြည်းဖြည်းနဲ့ ဘုရား​လူမျိုး သဘောပေါက်​လာတယ်။—ယေဇ. ၁၄:၆

၂၈။ ယေဟောဝါရဲ့ လူမျိုးဟာ ဘယ်လိုနည်းနဲ့ ပြည်မှာ ပြန်လည်​တည်ထောင်​ခံရသလဲ။

၂၈ ကတိတော် ၂။ ဘုရား​လူမျိုးရဲ့ ပုံဆောင်​ပြည် ပြန်လည်​တည်ထောင်ခြင်း။ ဗာဗုလုန်​ဘာသာရေး​ကို ကျောခိုင်း​လိုက်တာနဲ့ သစ္စာရှိ​ခရစ်ယာန်တွေဟာ ပုံဆောင်​ပြည် (ကောင်းချီး​ရ အခြေအနေ၊ ဝန်းကျင်) ထဲ ရောက်​သွားတယ်။ အဲဒီ​ပြည်မှာ ဘုရား​လူမျိုးဟာ ကျမ်းစာ​အသိပညာ ဘယ်တော့မှ မငတ်ပြတ်​တော့​ဘူး။ (ယေဇကျေလ ၃၄:၁၃၊ ၁၄ ကိုဖတ်ပါ။) အခန်း ၁၉ မှာ တွေ့​ရမယ့်​အတိုင်း ယေဟောဝါ​က တစ်ခါ​နဲ့​မှ မတူ​အောင် အဲဒီ​ပြည်​ကို ကျမ်းစာ​အသိပညာ အလျှံပယ်​နဲ့ ကောင်းချီး​ပေးတယ်။—ယေဇ. ၁၁:၁၇

၂၉။ ၁၉၁၉ ခုနှစ်မှာ ဟောပြောခြင်း​လုပ်ငန်း ဘယ်လို အရှိန်​မြင့်​ခဲ့သလဲ။

၂၉ ကတိတော် ၃။ ယေဟောဝါရဲ့ ပူဇော်ရာ​ပလ္လင်​မှာ အလှူ​ပြန်လည်​ဆက်သခြင်း။ အေဒီ ပထမ ရာစု​တုန်း​က ခရစ်ယာန်တွေဟာ တိရစ္ဆာန် ပူဇော်သက္ကာ မဟုတ်ဘဲ ပို​အဖိုးတန်​တဲ့ လက်ဆောင်တွေ ပေးလှူ​ဖို့ သွန်သင်​ခံရတယ်။ အဲဒီ​အလှူ​ကတော့ ယေဟောဝါကို ချီးမွမ်းခြင်း၊ တခြား​သူတွေကို ဘုရား​အကြောင်း ဟောပြောခြင်းပါပဲ။ (ဟီ. ၁၃:၁၅) ရာစုနှစ်ချီ​ကြာ​တဲ့ သုံ့ပန်း​ဘဝ​အတွင်း ဒီလို​ပူဇော်သက္ကာ​တွေ ဆက်သဖို့ ဘာ​အစီအစဉ်​မှ မရှိခဲ့ဘူး။ သုံ့ပန်း​ဘဝ အဆုံးပိုင်းမှာတော့ ဘုရား​လူမျိုးဟာ ဒီလို​ချီးမွမ်းခြင်း ပူဇော်သက္ကာတွေ ဆက်သ​နေကြပြီ။ ဟောပြောခြင်း​လုပ်ငန်းမှာ အလုပ်​များနေ​ကြ​ပြီး အစည်းအဝေးတွေမှာ ဘုရားကို ရွှင်လန်းစွာ ချီးမွမ်းခဲ့​ကြတယ်။ ၁၉၁၉ ခုနှစ်​က​စပြီး “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” က ဟောပြောခြင်း​လုပ်ငန်းကို အထူး​အာရုံစိုက်​ပြီး စေ့စေ့စပ်စပ် ဖွဲ့စည်း​စီစဉ်​ခဲ့​တယ်။ (မ. ၂၄:၄၅-၄၇) နာမတော်ကို ချီးမွမ်း​သူတွေ အစဉ်အမြဲ တိုးပွား​နေလို့ ယေဟောဝါရဲ့ ပလ္လင်​မှာ ပူဇော်သက္ကာ​တွေ ပြည့်လျှံ​နေတယ်။

၃၀။ ယေရှု​က သိုး​တွေ​အတွက် သိုးထိန်း​ကောင်း​တွေ ဘယ်လို ပြင်ဆင်​ပေးခဲ့သလဲ။

၃၀ ကတိတော် ၄။ ဆိုးညစ်​တဲ့ သိုးထိန်းတွေကို ဆန်ခါ​ချ​ခြင်း။ အမည်ခံ ခရစ်ယာန်​ဘာသာရဲ့ မ​ရိုး​ဖြောင့်​တဲ့ ကိုယ်ကျိုးရှာ သိုးထိန်း​တွေ​လက်အောက်ကနေ ဘုရားလူမျိုးကို ယေရှု လွတ်မြောက်​စေခဲ့တယ်။ ခရစ်တော်ရဲ့ သိုးတော်စု​ထဲ​ကနေ သိုးထိန်း​ဆိုး​တွေ ဖယ်ရှားခံ​ခဲ့​ရတယ်။ (ယေဇ. ၂၀:၃၈) သိုးထိန်း​ကောင်း ယေရှုဟာ သိုး​တွေ ကောင်းစွာ ဂရုစိုက်​ခံရဖို့ စီစဉ်​ခဲ့​တယ်။ ၁၉၁၉ ခုနှစ်မှာ သစ္စာနဲ့ သတိပညာ​ရှိ ကျွန်ကို ခန့်အပ်​ခဲ့​တယ်။ သစ္စာရှိ ဘိသိက်ခံ အုပ်စုငယ်​လေး​ဟာ ကျမ်းစာ​အသိပညာ ပြင်ဆင်​ရာ​မှာ ဦးဆောင်​ပေးလို့ ဘုရား​လူမျိုး ကောင်းစွာ ဂရုစိုက်​ခံခဲ့ရတယ်။ “ဘုရားသခင့် သိုးတော်စု” ကို ထိန်းကျောင်း​ရာ​မှာ ကူညီ​ထောက်မ​ဖို့ အကြီးအကဲ​တွေ လေ့ကျင့်​ခံ​ခဲ့​ကြရတယ်။ (၁ ပေ. ၅:၁၊ ၂) ယေဟောဝါ​ဘုရားနဲ့ ယေရှု​ခရစ်​တို့ ချမှတ်​ထားတဲ့ စံနှုန်း​အကြောင်း ခရစ်ယာန်​သိုးထိန်းတွေကို သတိ​ပေးဖို့ ယေဇကျေလ ၃၄:၁၅၊ ၁၆ ပါ မှတ်တမ်း​ကို မကြာခဏ အသုံးပြုတယ်။

၃၁။ ယေဇကျေလ ၁၁:၁၉ ပါ ပရောဖက်ပြုချက်ကို ယေဟောဝါ ဘယ်လို ပြည့်စုံ​စေခဲ့သလဲ။

၃၁ ကတိတော် ၅။ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်သူ​တွေရဲ့ စည်းလုံးမှု။ ရာစုနှစ်တွေ​တစ်လျှောက် အမည်ခံ ခရစ်ယာန်​ဘာသာ​ဟာ မရေတွက်​နိုင်တဲ့ အုပ်စု၊ အသင်းအဖွဲ့​တွေ၊ သောင်း​နဲ့​ချီတဲ့ ဂိုဏ်းဂဏ​တွေ​အဖြစ် ပြိုကွဲ​ပြီး အချင်းချင်း တိုက်ခိုက်​နေ​ကြတယ်။ ပြန်လည်​တည်ထောင်​ထားတဲ့ လူမျိုးအပေါ်​မှာ​တော့ ယေဟောဝါ​က အံ့ဖွယ်​နည်းနဲ့ လုပ်ဆောင်​နေတယ်။ “သူတို့ကို စည်းလုံး​ညီညွတ်​စေမယ်” ဆိုပြီး ယေဇကျေလ​က​တစ်ဆင့် ပေးခဲ့တဲ့ ကတိဟာ အံ့ဖွယ်​အတိုင်းအတာ​နဲ့ ပြည့်စုံ​နေတယ်။ (ယေဇ. ၁၁:၁၉) ကမ္ဘာတစ်ဝန်းမှာ လူမျိုးစု၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး​နောက်ခံ​အမျိုးမျိုး​က နောက်လိုက်​သန်း​ချီ ခရစ်တော်မှာ ရှိတယ်။ နောက်ခံ​မတူ​ကြပေမဲ့ တူညီတဲ့ အမှန်တရား သွန်သင်ခံ​ရ​ကြတယ်။ လုပ်ငန်း​တစ်မျိုးတည်းကို အံ့ဩစရာ​ကောင်း​လောက်​အောင် စည်းစည်းလုံးလုံး လုပ်ဆောင်နေ​ကြတယ်။ မြေကြီး​အသက်တာ နောက်ဆုံး​ညမှာ နောက်လိုက်​တွေ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်ဖို့ ယေရှု ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၁၁၊ ၂၀-၂၃ ကိုဖတ်ပါ။) ကျွန်တော်တို့​ခေတ်မှာ ဒီ​ဆုတောင်းချက်ကို အကြီးမားဆုံး အတိုင်းအတာ​နဲ့ ယေဟောဝါ ဖြည့်ဆည်း​ပေး​နေတယ်။

၃၂။ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​တွေ ပြည့်စုံတာ​နဲ့​ပတ်သက်ပြီး ဘယ်လို ခံစား​ရသလဲ။ (“သုံ့ပန်း​ဘဝနဲ့ ပြန်လည်တည်ထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​များ” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

၃၂ စိတ်လှုပ်ရှားစရာ ပြန်လည်​တည်ထောင်ခြင်း​ကာလမှာ အသက်ရှင်​ရလို့ ပျော်ရွှင်တယ် မဟုတ်လား။ ဒီနေ့ ဝတ်ပြုရေး​ကဏ္ဍ​တိုင်းမှာ ယေဇကျေလ ပရောဖက်ပြုချက်တွေ ပြည့်စုံ​နေတာ တွေ့ရတယ်။ “မင်းတို့ကို နှစ်သက်​လက်ခံမယ်” ဆိုပြီး ယေဇကျေလ​က​တစ်ဆင့် ကြို​ပြောခဲ့တဲ့​အတိုင်း မိမိ​လူမျိုးကို ကြည့်ပြီး ယေဟောဝါ နှစ်သက်​အားရ​နေမှာ​ကို ယုံကြည်​စိတ်ချ​နိုင်ပါတယ်။ (ယေဇ. ၂၀:၄၁) ရာစုနှစ်ချီ ကြာရှည်​ခဲ့​တဲ့ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝကနေ လွတ်မြောက်​လာတဲ့၊ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သ​နေကြ​တဲ့၊ စည်းလုံး​ပြီး ကျမ်းစာ​အသိပညာ ကြွယ်ဝတဲ့ လူမျိုးအဝင် ဖြစ်​ရတာ အခွင့်ထူး ဖြစ်ကြောင်း သဘောပေါက်​ပါသလား။ ဒါတောင် ယေဇကျေလရဲ့ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ တခြား​ပရောဖက်ပြုချက်​တွေ အကြီးစား ပြည့်စုံဖို့ ကျန်သေးတယ်။

“ဧဒင်ဥယျာဉ်​လို”

၃၃-၃၅။ (က) ယေဇကျေလ ၃၆:၃၅ ပါ ပရောဖက်ပြုချက်​က ပြည်နှင်ခံ​ဂျူးတွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ (ခ) ယေဟောဝါရဲ့ မျက်မှောက်ခေတ် လူမျိုး​အတွက် ဒီ​ပရောဖက်ပြုချက်​က ဘာ​အဓိပ္ပာယ် ရှိသလဲ။ (“အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင် လုပ်ပေးမယ့်​အချိန်” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

၃၃ ကျွန်တော်တို့ သိရှိခဲ့တဲ့​အတိုင်း ယေရှု နန်းထိုင်​ပြီး ဒါဝိဒ်​နန်း​ဆ​က် ပြန်လည်​တည်ထောင်ချိန် ၁၉၁၄ ခုနှစ်မှာ “အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင် လုပ်ပေးမယ့်​အချိန်” စ​တင်ခဲ့တယ်။ (ယေဇ. ၃၇:၂၄) ရာစုနှစ်များစွာ မဟာ​ဗာဗုလုန် သုံ့ပန်း​ဘဝ ကျရောက်​ခဲ့​ပြီးနောက် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ဖို့ ခရစ်တော်ကို ယေဟောဝါ အခွင့်အာဏာ ပေးခဲ့တယ်။ ပြန်လည်​တည်ထောင်ခြင်း​နဲ့​ပတ်သက်တဲ့ ခရစ်တော်ရဲ့ တာဝန် ဒီမှာ​တင် ပြီးပြီလား။ မပြီးသေး​ပါဘူး။ အနာဂတ်မှာ အကြီးမားဆုံး အတိုင်းအတာ​နဲ့ ဒီ​လုပ်ငန်းကို ဆက်လုပ်​ဆောင်သွား​မှာ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် အသေးစိတ် အချက်အလက်​တွေ​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​တွေ​ကနေ သိရတယ်။

၃၄ ဥပမာ၊ “လူ​သူ​ကင်းမဲ့​နေတဲ့ ပြည်​ဟာ ဧဒင်ဥယျာဉ်​လို ဖြစ်လာပြီ . . . လို့ လူတွေ ပြော​ကြ​လိမ့်မယ်” ဆိုတဲ့ စကားတွေကို သုံးသပ်​ကြည့်ပါ။ (ယေဇ. ၃၆:၃၅) ဒီ​ကတိတော်ဟာ ယေဇကျေလ​နဲ့ ပြည်နှင်ခံ​တွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ ပြန်လည်​တည်ထောင်မယ့် ပြည်​ဟာ ယေဟောဝါ​ကိုယ်တိုင် စိုက်ပျိုး​ခဲ့​တဲ့ ပရဒိသု​ဥယျာဉ်​နဲ့ အထင်မှား​ရ​လောက်​အောင် ဖြစ်လာ​မယ်​လို့ ပကတိ​အတိုင်း သူတို့ မမျှော်လင့်​ကြပါဘူး။ (က. ၂:၈) ပြန်လည်​တည်ထောင်မယ့် ပြည်​ဟာ လှပ​မယ်၊ သီးပွင့်​ဖြစ်ထွန်း​မယ်​ဆိုပြီး ယေဟောဝါ ကတိပေး​နေတာ ဖြစ်ကြောင်း သူတို့ နားလည်ခဲ့​ကြတယ်။

၃၅ ဒီ​ကတိတော်​က မျက်မှောက်ခေတ်​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ လက်ရှိ စာတန်​မာရ်နတ် အုပ်ချုပ်နေတဲ့ ဆိုးညစ်​တဲ့ လောက​အလယ်မှာ ပကတိ​အတိုင်း ကတိတော် ပြည့်စုံ​လာဖို့ ကျွန်တော်တို့ မမျှော်လင့်​ကြပါဘူး။ ဒီနေ့ ဝတ်ပြုရေး​ပိုင်း​မှာ ပြည့်စုံ​နေတာကို​တော့ သဘောပေါက်​ကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ပြန်လည်​တည်ထောင်​ထားတဲ့ ပုံဆောင်​ပြည်မှာ နေထိုင်​ကြတယ်။ အသက်တာမှာ ဘုရား​အမှုတော်ကို အဓိက​ထား​ကြတယ်။ ဖြစ်ထွန်းအောင်မြင်​နေ​ကြတယ်။ ပုံဆောင်​ပြည်​က တဖြည်းဖြည်း ပရဒိသု​နဲ့ တူ​လာတယ်။ အနာဂတ်မှာ​ကော။

၃၆၊ ၃၇။ အနာဂတ် ပရဒိသုမှာ ဘယ်က​တိ​တော်​တွေ ပြည့်စုံ​လာမလဲ။

၃၆ အာမဂေဒုန်​စစ်ပွဲကြီး​ပြီးတဲ့နောက် ယေရှု​က ပြန်လည်​တည်ထောင်ခြင်း​လုပ်ငန်း​စဉ်​ကို မြေကြီးပေါ် ဆ​က်​တိုးချဲ့​သွားမယ်။ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း ကမ္ဘာမြေကို ယေဟောဝါရဲ့ ရည်ရွယ်တော်မူချက်​အတိုင်း ကမ္ဘာချီ ပရဒိသု၊ ဧဒင်ဥယျာဉ်​လို ဖြစ်အောင် ပြောင်းလဲဖို့ လူသားတွေကို ယေရှု ညွှန်ကြား​မ​ယ်။ (လု. ၂၃:၄၃) လူသား​အားလုံး​က အချင်းချင်းနဲ့ရော၊ မြေကြီး​စံအိမ်​နဲ့​ပါ သဟဇာတ ဖြစ်လာမယ်။ ဘယ်​နေရာမှာ​မှ အန္တရာယ် မရှိတော့ဘူး။ ကြောက်စရာ မလို​တော့​ဘူး။ “သူတို့နဲ့ ငြိမ်းချမ်းရေး​ပဋိညာဉ်​ ဖွဲ့​မယ်။ ကြမ်းကြုတ်​တဲ့ သားရဲ​တွေကို တိုင်းပြည်​ကနေ မောင်းထုတ်​မယ်။ ဒါကြောင့် သူတို့က တောကန္တာရမှာ ဘေးကင်းလုံခြုံ​စွာ နေထိုင်ပြီး တော​ထဲမှာ အိပ်စက်​ရလိမ့်မယ်” ဆိုတဲ့ ကတိတော် ပြည့်စုံ​လာမယ့်​အချိန်ကို မြင်ယောင်​ကြည့်ပါ။—ယေဇ. ၃၄:၂၅

၃၇ ပုံဖော်​ကြည့်​နိုင်သလား။ ကမ္ဘာပေါ်​က ဘယ်​နေရာကို​မဆို အကြောက်​အလန့်​ကင်းကင်း လည်ပတ်​နိုင်မယ်။ ဘယ်​သားရဲတိရစ္ဆာန်​ကမှ ရန်​မ​မူ​ဘူး။ ငြိမ်သက်မှု ပျက်ပြား​အောင် ဘာ​အရာက​မှ မ​လုပ်နိုင်​တော့​ဘူး။ တောနက်​ထဲ တစ်ယောက်တည်း လျှောက်​သွားပြီး အလှအပ​တွေ ခံစား​နိုင်မယ်။ အဲဒီမှာ​ပဲ ဘေးကင်း​စွာ အိပ်စက်​ပြီး ဘာ​အန္တရာယ်​မှ မရှိဘဲ နိုးထ​လာ​နိုင်မယ်။

‘တောထဲမှာတောင် ဘေးကင်းစွာ အိပ်စက်ရ’ မယ့် အချိန်ကို မြင်ယောင်ကြည့်ပါ (စာပိုဒ် ၃၆၊ ၃၇ ကို ကြည့်ပါ)

၃၈။ ယေဇကျေလ ၂၈:၂၆ ပါ ကတိတော် ပြည့်စုံ​လာ​မှာ​နဲ့​ပတ်သက်ပြီး ဘယ်လို ခံစား​ရသလဲ။

၃၈ “အဲဒီ [ပြည်] မှာ ဘေးကင်းလုံခြုံ​စွာ နေထိုင်​ရလိမ့်မယ်။ အိမ်တွေ​ဆောက်​ပြီး စပျစ်ခြံ​တွေ စိုက်ပျိုး​ကြ​လိမ့်မယ်။ ပတ်ဝန်းကျင်​က လှောင်ပြောင်​သူတွေကို ငါ​တရား​စီရင်​တဲ့အခါ သူတို့ ဘေးကင်းလုံခြုံ​စွာ နေထိုင်​ရလိမ့်မယ်။ ငါဟာ သူတို့ရဲ့ ဘုရား ယေဟောဝါပဲ​ဆိုတာ သိရကြလိမ့်မယ်” ဆိုတဲ့ ကတိတော် ပြည့်စုံ​လာတာ မြင်တွေ့ရ​မ​ယ်။ (ယေဇ. ၂၈:၂၆) ယေဟောဝါရဲ့ ရန်သူတွေ မရှိတော့တဲ့​နောက် ကမ္ဘာတစ်ခွင် ငြိမ်သက်မှုနဲ့ လုံခြုံမှု ခံစား​ရမယ်။ ကမ္ဘာမြေကို စောင့်ရှောက်​ရင်း ကိုယ်တိုင်နဲ့ ချစ်မြတ်နိုး​ရတဲ့​သူတွေကို စောင့်ရှောက်​နိုင်​ကြမယ်။ သက်သောင့်သက်သာ​ရှိတဲ့ အိမ်တွေ ဆောက်​ပြီး စပျစ်​ဥယျာဉ်​တွေ စိုက်ပျိုး​နိုင်​ကြမယ်။

၃၉။ ပရဒိသု​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​တွေ ပြည့်စုံ​လာမယ်လို့ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။

၃၉ ဒီ​ကတိတော်​တွေ​က စိတ်ကူးယဉ်​သက်​သက်​ပဲ​လား။ “အရာအားလုံးကို နဂို​အတိုင်း​ဖြစ်အောင်” လုပ်ပေးမယ့် အချိန်​အတောအတွင်း ပြီးမြောက်​ခဲ့​ရာတွေကို သတိရပါ။ စာတန်ရဲ့ ရက်စက်တဲ့ ဆန့်ကျင်မှုတွေ​ကြား ဒီ​လောကရဲ့ အ​မှောင်မိုက်​ဆုံး ကာလ​အတွင်း စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ဖို့ အခွင့်အာဏာ ယေရှု ရထားတယ်။ ယေဇကျေလ​က​တစ်ဆင့် ပေးတဲ့ ဘုရား​ကတိတော်​အားလုံး ပြည့်စုံ​လာ​မှာ ဖြစ်ကြောင်း ခိုင်မာတဲ့ အထောက်အထား​ပါပဲ။

^ အပိုဒ်၊ 2 ဂျူး​သုံ့ပန်း​အများစုဟာ ဗာဗုလုန်​မြို့ကနေ အလှမ်းဝေး​တဲ့ နေရာမှာ အခြေချ နေထိုင်ခဲ့​ကြတယ်။ ဥပမာ၊ ယေဇကျေလ​က ခေဗာမြစ်နား​မှာ ဂျူးတွေ​နဲ့​အတူ နေထိုင်ခဲ့တယ်။ (ယေဇ. ၃:၁၅) ဒါပေမဲ့ မြို့တွင်း​မှာ နေတဲ့ ဂျူးအနည်းငယ်လည်း ရှိတယ်။ အဲဒီ​ထဲမှာ “မင်းမျိုးမင်းနွယ်၊ ဂုဏ်​အသရေ​ရှိသူ” တွေ ပါတယ်။—ဒံ. ၁:၃၊ ၆။ ၂ ဘု. ၂၄:၁၅

^ အပိုဒ်၊ 25 ဥပမာ၊ ၁၆ ရာစု ပြန်လည်​တည်ထောင်ရေး​သ​မား​တွေ​ထဲ​က ဘယ်သူတွေဟာ ဘိသိက်ခံ ခရစ်ယာန်​တွေ​လဲ​ဆိုတာ ကျွန်တော်တို့ အတည်မပြု​နိုင်​ဘူး။