အခန်း ၈
“သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်”
အာရုံစိုက်ရာ။ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက် လေးချက်နဲ့ ခရစ်တော်မှာ ပြည့်စုံချက်
၁-၃။ ယေဇကျေလ ဘာကြောင့် စိတ်လေးနေသလဲ။ အခု ဘာအကြောင်း မှတ်တမ်းတင်ဖို့ လှုံ့ဆော်ခံရသလဲ။
ယေဇကျေလ ပြည်နှင်ခံဘဝ ခြောက်နှစ်မြောက်။ * မိုင်ရာချီအကွာက ချစ်မြတ်နိုးရတဲ့ မွေးရပ်မြေ ယုဒပြည်မှာရှိတဲ့ ဝမ်းနည်းဖွယ် အုပ်ချုပ်မှုအကြောင်း စဉ်းစားမိပြီး ပရောဖက် စိတ်လေးနေတယ်။ အုပ်စိုးရှင် အဆက်ဆက်ကိုလည်း ကြုံခဲ့ဖူးပြီ။
၂ သစ္စာရှိ ဘုရင်ယောရှိ နန်းစံချိန်အတွင်း ယေဇကျေလ မွေးခဲ့တယ်။ ရုပ်တုတွေ ဖျက်ဆီးဖို့၊ ယုဒပြည်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ဖို့ ယောရှိ ဦးစီးလုပ်ဆောင်ခဲ့တဲ့အကြောင်း ယေဇကျေလ သိရလို့ စိတ်လှုပ်ရှားခဲ့မှာပဲ။ (၂ ရာ. ၃၄:၁-၈) ဒါပေမဲ့ နောက်ပိုင်း ဘုရင်တွေ ရုပ်တုကိုးကွယ်ကြလို့ ယောရှိရဲ့ ကြိုးပမ်းအားထုတ်မှု ရေရှည်မခံခဲ့ဘူး။ ဒီလိုဆိုးညစ်တဲ့ အုပ်ချုပ်သူတွေလက်အောက်မှာ တိုင်းပြည်ဟာ ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှုနွံထဲ နစ်သည်ထက်နစ်လာတာ အံ့သြစရာ မဟုတ်ပါဘူး။ မျှော်လင့်ချက် မဲ့သွားပြီလား။ မဲ့မသွားပါဘူး။
၃ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ထာဝစဉ် တည်စေပြီး ယေဟောဝါရဲ့ သိုးတွေကို ကြင်နာစွာ စောင့်ရှောက်မယ့် အနာဂတ်သိုးထိန်းဘုရင် မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေထဲက ဦးဆုံးတစ်ခုကို မှတ်တမ်းတင်ဖို့ သစ္စာရှိပရောဖက်ကို ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။ ပရောဖက်ပြုချက် ပြည့်စုံမှုတွေက ကျွန်တော်တို့ရဲ့ ထာဝရအနာဂတ်အပေါ်
သက်ရောက်မှု ရှိတာမို့ ပရောဖက်ပြုချက်တွေကို ဂရုတစိုက် လေ့လာကြပါမယ်။ ယေဇကျေလကျမ်းပါ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက် လေးချက်ကို ဆန်းစစ်ကြည့်ကြစို့။“အညွန့်နုနုလေး” က “သစ်ကတိုးပင်ကြီး” ဖြစ်လာ
၄။ ဘာအကြောင်း ယေဇကျေလ ပရောဖက်ပြုခဲ့သလဲ။ ဒီပရောဖက်ပြုချက်ကို ယေဟောဝါ ဘယ်လို အစပြုထားသလဲ။
၄ ဘီစီ ၆၁၂ လောက်မှာ ယေဇကျေလဆီ ‘ယေဟောဝါရဲ့ စကားတော်’ ရောက်လာတယ်။ မေရှိယအုပ်ချုပ်မှု နယ်ပယ်၊ နိုင်ငံတော်ကို ယုံကြည်ဖို့ လိုအပ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ယေဇကျေလ ပရောဖက်ပြုခဲ့တယ်။ ပြည်နှင်ခံတွေကို ပရောဖက်ပြုချက်ဆိုင်ရာ စကားထာ ပြောပြပါဆိုတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်နဲ့ အစပြုထားတယ်။ စကားထာက ယုဒအုပ်စိုးရှင်တွေရဲ့ သစ္စာမဲ့မှုကို ဖော်ပြပြီး ဖြောင့်မတ်တဲ့ မေရှိယဘုရင် လိုအပ်ရတဲ့ အကြောင်းရင်းကို ပေါ်လွင်စေတယ်။—ယေဇ. ၁၇:၁၊ ၂။
၅။ စကားထာ အကျဉ်းချုပ်က ဘာလဲ။
၅ ယေဇကျေလ ၁၇:၃-၁၀ ကိုဖတ်ပါ။ စကားထာ အကျဉ်းချုပ်က ဒီလိုပါ– “လင်းယုန်ကြီး” တစ်ကောင်က သစ်ကတိုးပင်ရဲ့ ထိပ်ဖျားအညွန့်ကို ဆိတ်ယူပြီး “ကုန်သည်တို့ရဲ့ မြို့တော်မှာ” စိုက်ထားတယ်။ ပြီးတဲ့နောက် “ပြည်မှာရှိတဲ့ မျိုးစေ့တချို့” ကို ယူပြီး “မြစ်ကမ်းဘေး” မြေသြဇာကောင်းတဲ့ မြေမှာ စိုက်ပျိုးတယ်။ မျိုးစေ့အောင်ပြီး ‘အနွယ်ပြန့်ကားတဲ့ စပျစ်ပင်’ အဖြစ် ကြီးထွားလာတယ်။ အဲဒီနောက် ဒုတိယ “လင်းယုန်” ပေါ်လာတယ်။ စပျစ်ပင်က ရေကောင်းတဲ့ နေရာမှာ ရွှေ့စိုက်ခံရဖို့ ဒုတိယလင်းယုန်ဆီ အမြစ်တွေ “ဖြာထွက်” တယ်။ အမြစ်တွေ ဆွဲနှုတ်ခံရမယ်၊ “ခြောက်သွားမယ်” လို့ ပြောပြီး စပျစ်ပင်ရဲ့ လုပ်ရပ်ကို ယေဟောဝါ အပြစ်တင်ခဲ့တယ်။
၆။ စကားထာရဲ့ ဆိုလိုရင်းကို ရှင်းပြပါ။
၆ စကားထာရဲ့ ဆိုလိုရင်းက ဘာလဲ။ (ယေဇကျေလ ၁၇:၁၁-၁၅ ကိုဖတ်ပါ။) ဘီစီ ၆၁၇ မှာ (ပထမ “လင်းယုန်ကြီး”) ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ဂျေရုဆလင်မြို့ကို ဝိုင်းရံခဲ့တယ်။ (“ထိပ်ဖျားအညွန့်”) ယုဒဘုရင် ယေခေါနိကို ပလ္လင်ကနေ ဆိတ်ယူပြီး (“ကုန်သည်တို့ရဲ့ မြို့တော်”) ဗာဗုလုန်ပြည်ဆီ ခေါ်သွားတယ်။ နေဗုခဒ်နေဇာက (“ပြည်မှာရှိတဲ့ မျိုးစေ့” မင်းမျိုးမင်းနွယ်) ဇေဒကိကို ဂျေရုဆလင်မြို့မှာ မင်းမြှောက်တယ်။ ယုဒဘုရင်သစ်ကို ဘုရားသခင့်နာမည်နဲ့ သစ္စာဆိုခိုင်းပြီး သစ္စာခံဘုရင် ဖြစ်လာစေတယ်။ (၂ ရာ. ၃၆:၁၃) ဒါပေမဲ့ ဇေဒကိက ကတိဖျက်ပြီး ဗာဗုလုန်ကို ပုန်ကန်တယ်။ စစ်အင်အားအတွက် (ဒုတိယ “လင်းယုန်”) အီဂျစ်ဘုရင် ဖာရောဆီ အကူအညီ တောင်းခဲ့တယ်။ ဒါပေမဲ့ အကျိုးမရှိပါဘူး။ ကတိဖျက်ခဲ့တဲ့ ဇေဒကိရဲ့ သစ္စာမဲ့လုပ်ရပ်ကို ယေဟောဝါ အပြစ်တင်ခဲ့တယ်။ (ယေဇ. ၁၇:၁၆-၂၁) နောက်ဆုံးတော့ ဇေဒကိ နန်းချခံရပြီး ဗာဗုလုန်ပြည်မှာ အကျဉ်းသားဘဝနဲ့ သေဆုံးခဲ့တယ်။—ယေ. ၅၂:၆-၁၁။
၇။ ပရောဖက်ပြုချက်ဆိုင်ရာ စကားထာကနေ ဘာသင်ယူနိုင်သလဲ။
၇ ပရောဖက်ပြုချက်ဆိုင်ရာ စကားထာကနေ ဘာသင်ယူနိုင်သလဲ။ ပထမ၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်သူတွေအနေနဲ့ ကျွန်တော်တို့ ကတိတည်ကြရမယ်။ “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၅:၃၇) တရားရုံးမှာ သက်သေထွက်ဆိုတဲ့အခါလိုမျိုး ဘုရားသခင်ရှေ့ မဖြစ်မနေ ကျိန်ဆိုဖို့ လိုအပ်လာရင် ဒီလိုသစ္စာဆိုရတာကို အလေးအနက်ထားကြတယ်။ ဒုတိယ၊ အားကိုး မမှားဖို့ ဂရုစိုက်ရမယ်။ “မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်၊ မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့” ဆိုပြီး ကျမ်းစာမှာ သတိပေးထားတယ်။—ဆာ. ၁၄၆:၃။
၈-၁၀။ အနာဂတ်အုပ်စိုးရှင် မေရှိယအကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့သလဲ။ (“မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်—သစ်ကတိုးပင်ကြီး” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၈ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်အားကိုးမှုကို အပြည့်အဝ ရထိုက်တဲ့ အုပ်စိုးရှင်တစ်ပါး ရှိပါတယ်။ ပြောင်းရွှေ့စိုက်ပျိုးခံရတဲ့ အညွန့်အကြောင်း ပရောဖက်ပြုချက်ဆိုင်ရာ စကားထာကို ဖော်ပြပြီးတဲ့နောက်မှာ အနာဂတ်အုပ်စိုးရှင် မေရှိယအကြောင်း ယေဟောဝါ ဆက်ဖော်ပြခဲ့တယ်။
၉ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၁၇:၂၂-၂၄ ကိုဖတ်ပါ။) ဒီတစ်ကြိမ်မှာတော့ လင်းယုန်ကြီးတွေ မဟုတ်ဘဲ ယေဟောဝါကိုယ်တိုင် လုပ်ဆောင်မယ်။ “မြင့်မားလှတဲ့ သစ်ကတိုးပင် ထိပ်ဖျားက” အညွန့်နုကို ခူးပြီး “မြင့်မားတဲ့ တောင်တန်းပေါ်မှာ . . . စိုက်မယ်။” အညွန့်နု ရှင်သန်ကြီးထွားလာပြီး “သစ်ကတိုးပင်ကြီး” ဖြစ်လာမယ်။ “ငှက်ပေါင်းစုံ” ခိုနားနိုင်မယ်။ ဒီသစ်ပင်ကို ရှင်သန်ကြီးထွားစေသူဟာ ယေဟောဝါ ဖြစ်ကြောင်း “သစ်ပင်မှန်သမျှ” သိရလိမ့်မယ်။
၁၀ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ယေဟောဝါက သားတော် ယေရှုခရစ်ကို (“မြင့်မားလှတဲ့ သစ်ကတိုးပင်”) ဒါဝိဒ် မင်းမျိုးနွယ်ကနေ ခူးပြီး (“မြင့်မားတဲ့ တောင်တန်း”) ကောင်းကင် ဇိအုန်တောင်မှာ စိုက်တယ်။ (ဆာ. ၂:၆။ ယေ. ၂၃:၅။ ဗျာ. ၁၄:၁) “အနိမ့်ကျဆုံးသူ” လို့ ရန်သူတွေ သတ်မှတ်ထားတဲ့ သားတော်ကို “ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင်” အပ်နှင်းပြီး ဂုဏ်တင်ချီးမြှောက်ခဲ့တယ်။ (ဒံ. ၄:၁၇။ လု. ၁:၃၂၊ ၃၃) သစ်ကတိုးပင်ကြီးလိုပဲ မေရှိယဘုရင် ယေရှုခရစ်ဟာ ကမ္ဘာတစ်ခွင်လုံးကို အုပ်မိုးမယ်။ လက်အောက်ခံ ပြည်သူပြည်သားတွေအတွက် ကောင်းချီးရင်းမြစ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်အားကိုးမှု ရထိုက်တဲ့ အုပ်စိုးရှင်ပါပဲ။ ယေရှုရဲ့ နိုင်ငံတော် အုပ်ချုပ်မှုအရိပ်အောက်မှာ ကမ္ဘာတစ်ခွင်လုံးက နာခံမှုရှိတဲ့ လူသားတွေဟာ “ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်။”—ပညာ. ၁:၃၃။
၁၁။ “အညွန့်နုနုလေး” က “သစ်ကတိုးပင်ကြီး” ဖြစ်လာတဲ့အကြောင်း ပရောဖက်ပြုချက်ကနေ ဘယ်အရေးကြီး သင်ခန်းစာ ယူနိုင်သလဲ။
၁၁ ပရောဖက်ပြုချက်မှ သင်ယူနိုင်ရာ။ ဘယ်သူ့ကို ယုံကြည်အားကိုးမလဲဆိုတဲ့ အရေးကြီးဆုံး မေးခွန်းရဲ့ အဖြေကို “သစ်ကတိုးပင်ကြီး” ဖြစ်လာတဲ့ “အညွန့်နုနုလေး” အကြောင်း စိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်က နားလည်စေတယ်။ လူ့အစိုးရတွေနဲ့ စစ်အင်အားကို အားကိုးတာက မိုက်မဲရာရောက်တယ်။ စစ်မှန်တဲ့ လုံခြုံမှု ရှာတွေ့ဖို့ မေရှိယဘုရင် ယေရှုခရစ်ကို အပြည့်အဝ ယုံကြည်အားကိုးတာက ပညာရှိရာရောက်တယ်။ ကောင်းကင်အစိုးရဟာ လူသားထုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။—ဗျာ. ၁၁:၁၅။
“အုပ်စိုးပိုင်ခွင့်ရှိသူ”
၁၂။ ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ကို မဖျက်သိမ်းကြောင်း ယေဟောဝါ ဘယ်လို ရှင်းလင်းစေခဲ့သလဲ။
၁၂ လင်းယုန်နှစ်ကောင်အကြောင်း ပရောဖက်ပြုချက်ဆိုင်ရာ စကားထာနဲ့ပတ်သက်ပြီး ယေဇကျေလကို ဘုရား ရှင်းပြခဲ့တယ်။ ဒါဝိဒ် မင်းဆက်ထဲက သစ္စာမဲ့ဘုရင် ဇေဒကိ နန်းချခံရမယ်၊ ဗာဗုလုန်ပြည်ကို ဖမ်းဆီးခေါ်ဆောင်ခံရမယ်ဆိုတာကို ဒီရှင်းပြချက်ကြောင့် ယေဇကျေလ သဘောပေါက်ခဲ့တယ်။ ‘ဒါဝိဒ်မျိုးနွယ်ထဲက ဘုရင်တစ်ပါး ထာဝစဉ် အုပ်ချုပ်မယ်ဆိုတဲ့ ဒါဝိဒ်နဲ့ ဘုရား ဖွဲ့ထားတဲ့ ပဋိညာဉ်ကော ဘယ်လို ဖြစ်သွားမလဲ’ ဆိုပြီး ပရောဖက် သိချင်ခဲ့မှာပဲ။ (၂ ရှ. ၇:၁၂၊ ၁၆) အဖြေအတွက် အချိန်အကြာကြီး မစောင့်လိုက်ရပါဘူး။ ယုဒပြည်မှာ ဇေဒကိ အုပ်ချုပ်နေစဉ်အတွင်း ဘီစီ ၆၁၁ ခန့်၊ ယေဇကျေလ ပြည်နှင်ခံသက်တမ်း ခုနစ်,နှစ်မြောက်မှာ ‘ယေဟောဝါရဲ့ စကားတော်’ ယေဇကျေလဆီ ရောက်လာတယ်။ (ယေဇ. ၂၀:၂) ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ကို မဖျက်သိမ်းကြောင်း ယေဇကျေလ ရှင်းရှင်းလင်းလင်း သိသွားအောင် မေရှိယနဲ့ဆိုင်တဲ့ တခြားပရောဖက်ပြုချက်တစ်ခုကို ယေဟောဝါ စဉ်းစားစေခဲ့တယ်။ အနာဂတ်အုပ်စိုးရှင် မေရှိယဟာ ဒါဝိဒ်ရဲ့ အမွေခံအဖြစ် အုပ်ချုပ်ပိုင်ခွင့် ရှိမှာဖြစ်ကြောင်း ပရောဖက်ပြုချက်က ဖော်ပြတယ်။
၁၃၊ ၁၄။ ယေဇကျေလ ၂၁:၂၅-၂၇ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက် အကျဉ်းချုပ်က ဘာလဲ။ ဘယ်လို ပြည့်စုံခဲ့သလဲ။
၁၃ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၂၁:၂၅-၂၇ ကိုဖတ်ပါ။) “ဆိုးညစ်တဲ့ အစ္စရေးခေါင်းဆောင်” တွေ ပြစ်ဒဏ်ခံရမယ့်အချိန် ရောက်ပြီဖြစ်ကြောင်း ယေဇကျေလကတစ်ဆင့် ယေဟောဝါ အတိအကျ ဖော်ပြခဲ့တယ်။ ဆိုးညစ်တဲ့ ခေါင်းဆောင်ရဲ့ (ဘုရင့်အာဏာကို ကိုယ်စားပြုတဲ့) “ခေါင်းပေါင်း၊” “သရဖူ” ကို ချွတ်ပစ်မယ်လို့ ယေဟောဝါ မိန့်ဆိုတယ်။ ပြီးတဲ့နောက် “နိမ့်ကျသူ” ကို ချီးမြှောက်ပြီး “ကြီးမြတ်သူ” ကို နှိမ့်ချမယ်။ ချီးမြှောက်ခံရသူတွေဟာ “အုပ်စိုးပိုင်ခွင့်ရှိသူ” မရောက်ခင်အထိပဲ အုပ်ချုပ်ကြတယ်။ အဲဒီနောက်မှာတော့ ယေဟောဝါက အုပ်စိုးပိုင်ခွင့်ရှိသူကို နိုင်ငံတော် ပေးအပ်တယ်။
၁၄ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ဗာဗုလုန်တွေ မြို့ကို ဖျက်ဆီးပြီး နန်းကျဘုရင် လု. ၂၁:၂၄) ယေရှုဟာ ဘုရင်ဒါဝိဒ်ရဲ့မျိုးနွယ် ဖြစ်တာမို့ မေရှိယနိုင်ငံရဲ့ “အုပ်စိုးပိုင်ခွင့်ရှိသူ” ဖြစ်ပါတယ်။ * (က. ၄၉:၁၀) ဒါဝိဒ်ရဲ့ ထာဝရ အမွေခံကို ထာဝစဉ် တည်မယ့်နိုင်ငံ ပေးအပ်မယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော်ဟာ ယေရှုအားဖြင့် ပြည့်စုံခဲ့တယ်။—လု. ၁:၃၂၊ ၃၃။
ဇေဒကိကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားချိန် ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့မှာ နန်းစိုက်တဲ့၊ “ကြီးမြတ်” တဲ့ ယုဒနိုင်ငံ နှိမ့်ချခံလိုက်ရတယ်။ ဂျေရုဆလင်မြို့မှာ ဒါဝိဒ်မင်းဆက် မရှိတော့ဘူး။ “နိမ့်ကျ” တဲ့ လူမျိုးခြားတွေ ချီးမြှောက်ခံရပြီး ကမ္ဘာကို ကြီးစိုးတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိပါပဲ။ ယေရှုခရစ်ကို ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်တဲ့ ၁၉၁၄ ခုနှစ်မှာ “လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန်” အဆုံးတိုင်ခဲ့တယ်။ (၁၅။ ဘုရင်ယေရှုခရစ်ကို ဘာကြောင့် အစွမ်းကုန် ယုံကြည်အားကိုးနိုင်သလဲ။
၁၅ ပရောဖက်ပြုချက်မှ သင်ယူနိုင်ရာ၊၊ ဘုရင်ယေရှုခရစ်ကို ကျွန်တော်တို့ အစွမ်းကုန် ယုံကြည်အားကိုးနိုင်ပါတယ်။ ဘာကြောင့်လဲ။ လူတွေ ရွေးကောက်ထားတဲ့၊ အုပ်ချုပ်ခွင့်အာဏာကို အဓမ္မယူထားတဲ့ ကမ္ဘာ့အုပ်စိုးရှင်တွေနဲ့ မတူဘဲ ယေရှုဟာ ယေဟောဝါရဲ့ ရွေးချယ်ခြင်း ခံရပြီး အုပ်စိုးပိုင်ခွင့်ရှိတဲ့ “နိုင်ငံတစ်ခု” အပ်နှင်းခံရတယ်။ (ဒံ. ၇:၁၃၊ ၁၄) ယေဟောဝါကိုယ်တိုင် ခန့်အပ်ထားတဲ့ ဘုရင်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်အားကိုးမှုကို ရထိုက်ပါတယ်။
“ငါ့ကျွန်ဒါဝိဒ်” “ထိန်းကျောင်းလိမ့်မယ်”
၁၆။ သိုးတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။ ယေဇကျေလခေတ်က “အစ္စရေးသိုးထိန်းတွေ” က သိုးတွေအပေါ် ဘယ်လို ဆက်ဆံခဲ့ကြသလဲ။
၁၆ အကြီးမြတ်ဆုံး သိုးထိန်းရှင် ယေဟောဝါက သိုးတွေ၊ မြေကြီးပေါ်က ဝတ်ပြုကိုးကွယ်သူတွေရဲ့ ကောင်းကျိုးကို အလွန်ဂရုစိုက်တယ်။ (ဆာ. ၁၀၀:၃) သိုးတွေကို ဂရုစိုက်ဖို့ လူသားသိုးထိန်းတွေကို အခွင့်အာဏာ အပ်နှင်းတဲ့အခါ သိုးတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်တယ်။ ဒီတော့ ယေဇကျေလခေတ်က “အစ္စရေးသိုးထိန်းတွေ” ကြောင့် ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အစ္စရေးခေါင်းဆောင်တွေက အရှက်မဲ့စွာ “ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး နိုင်ထက်စီးနင်း” ထိန်းကျောင်းခဲ့ကြတယ်။ ဒါကြောင့် သိုးတွေ ဒုက္ခရောက်ခဲ့တယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကနေ သိုးများစွာ ကွဲလွင့်ကုန်တယ်။—ယေဇ. ၃၄:၁-၆။
၁၇။ သိုးတွေကို ယေဟောဝါ ဘယ်လို ကယ်တင်ခဲ့သလဲ။
၁၇ ယေဟောဝါ ဘာလုပ်မလဲ။ “ဖြေရှင်းချက် တောင်းမယ်” ဆိုပြီး ကြမ်းတမ်းတဲ့ အစ္စရေးခေါင်းဆောင်တွေကို မိန့်ဆိုခဲ့တယ်။ “ငါ့သိုးတွေကို ကယ်မယ်” လို့လည်း ကတိပေးခဲ့တယ်။ (ယေဇ. ၃၄:၁၀) ယေဟောဝါက မိမိစကားကို အမြဲ ပြည့်စုံစေတယ်။ (ယရ. ၂၁:၄၅) ကျူးကျော်ဝင်ရောက်တဲ့ ဗာဗုလုန်တွေကို သုံးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သိုးထိန်းတွေရဲ့ အုပ်ချုပ်မှုကို ဖယ်ရှားခြင်းအားဖြင့် ဘီစီ ၆၀၇ မှာ သိုးတွေကို ကယ်လွှတ်ပေးခဲ့တယ်။ နှစ်ခုနှစ်ဆယ် ကြာပြီးနောက် သိုးနဲ့တူတဲ့ ဝတ်ပြုကိုးကွယ်သူတွေကို ဗာဗုလုန်ပြည်ကနေ ကယ်လွှတ်ခဲ့တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်လည်တည်ထောင်နိုင်ဖို့ နေရင်းပြည်ကို ပြန်ခေါ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာ့အာဏာစက်တွေရဲ့ အုပ်ချုပ်မှုအောက် ဆက်ရှိနေဦးမှာမို့ ယေဟောဝါရဲ့ သိုးတွေ ဒုက္ခရောက်နိုင်တုန်းပါပဲ။ “လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန်” ဟာ ရာစုနှစ်များစွာ ကြာရှည်ဦးမယ်။—လု. ၂၁:၂၄။
၁၈၊ ၁၉။ ဘီစီ ၆၀၆ မှာ ဘာအကြောင်း ယေဇကျေလ ပရောဖက်ပြုခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
၁၈ ဂျေရုဆလင်မြို့ ပျက်စီးပြီး တစ်နှစ်ခန့်အကြာ၊ ဗာဗုလုန်သုံ့ပန်းဘဝကနေ အစ္စရေးလူမျိုး မလွတ်မြောက်ခင် ဆယ်စုနှစ်များစွာအလို ဘီစီ ၆၀၆ မှာ ယေဇကျေလကို ပရောဖက်ပြုဖို့ ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။ သိုးတွေရဲ့ ထာဝစဉ် ကောင်းကျိုးနဲ့ပတ်သက်ပြီး အကြီးမြတ်ဆုံး သိုးထိန်းရှင် ဘယ်လောက် အလေးထား ဂရုစိုက်ကြောင်း ဒီပရောဖက်ပြုချက်က ဖော်ပြတယ်။ ယေဟောဝါရဲ့ သိုးတွေကို မေရှိယဘုရင် ဘယ်လိုအုပ်ချုပ်မယ်ဆိုတာ ပရောဖက်ပြုချက်က ဖော်ပြတယ်။
၁၉ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၃၄:၂၂-၂၄ ကိုဖတ်ပါ။) “ငါ့ကျွန်ဒါဝိဒ်” လို့ ခေါ်တဲ့သူကို “သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်။” ဒါဝိဒ်မျိုးရိုးမင်းဆက် ပြန်ပေါ်လာမှာ မဟုတ်ဘဲ အုပ်စိုးရှင်ဟာ ဒါဝိဒ်ရဲ့ ထာဝရအမွေခံ ဖြစ်မယ်ဆိုတာကို “သိုးထိန်းတစ်ပါး” နဲ့ “ကျွန်” ဆိုတဲ့ အနည်းကိန်း စကားလုံးက ဖော်ပြတယ်။ သိုးထိန်းဘုရင်က ဘုရားရဲ့ သိုးတွေကို ကျွေးမွေးပြီး “သူတို့ရဲ့ ခေါင်းဆောင် ဖြစ်လာမယ်။” ယေဟောဝါက သိုးတွေနဲ့ “ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်။” “ကောင်းချီးတွေ [သူတို့အပေါ်] မိုးလို ရွာကျ” စေမယ်။ ကျေနပ်စရာကောင်းတဲ့ လုံခြုံမှု၊ အားရစရာကောင်းတဲ့ ကြီးပွားချမ်းသာမှု၊ သီးနှံပေါကြွယ်မှုတို့ကို ခံစားရစေမယ်။ ဘာကြောင့်လဲ။ လူသားအချင်းချင်းသာမက လူနဲ့ တိရစ္ဆာန်ကြားမှာပါ ငြိမ်းချမ်းလာမှာမို့လိုပဲ။—ယေဇ. ၃၄:၂၅-၂၈။
၂၀၊ ၂၁။ (က) “ငါ့ကျွန် ဒါဝိဒ်” အကြောင်း ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့သလဲ။ (ခ) “ငြိမ်းချမ်းရေးပဋိညာဉ်” နဲ့ပတ်သက်တဲ့ ယေဇကျေလ စကားတွေက အနာဂတ်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။
၂၀ ပရောဖက်ပြုချက် ပြည့်စုံပုံ။ အုပ်စိုးရှင်ကို “ငါ့ကျွန်ဒါဝိဒ်” လို့ ခေါ်ခြင်းအားဖြင့် ဆာ. ၈၉:၃၅၊ ၃၆) ကမ္ဘာမြေပေါ် ယေရှု ရှိခဲ့စဉ်က “သိုးတွေအတွက်” အသက်စွန့်ခြင်းအားဖြင့် “သိုးထိန်းကောင်း” ဖြစ်ကြောင်း သက်သေထူခဲ့တယ်။ (ယော. ၁၀:၁၄၊ ၁၅) အခုတော့ ကောင်းကင်သိုးထိန်း ဖြစ်နေပြီ။ (ဟီ. ၁၃:၂၀) ၁၉၁၄ ခုနှစ်မှာ ယေဟောဝါက ယေရှုကို ဘုရင်အဖြစ် ခန့်အပ်ပြီး သိုးတွေကို ထိန်းကျောင်းဖို့၊ ကျွေးမွေးဖို့ တာဝန်အပ်နှင်းခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီး ၁၉၁၉ ခုနှစ်မှာ ကောင်းကင်ဆိုင်ရာ (သို့) မြေကြီးဆိုင်ရာ မျှော်လင့်ချက်ရှိတဲ့ သစ္စာရှိ ဝတ်ပြုကိုးကွယ်သူ “အိမ်သူအိမ်သား” တွေကို ကျွေးမွေးဖို့ နန်းတက်စဘုရင်က “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ခန့်အပ်ခဲ့တယ်။ (မ. ၂၄: ၄၅-၄၇) ခရစ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာ သစ္စာရှိကျွန်က ဘုရားရဲ့ သိုးတွေကို ကျမ်းစာအမှန်တရား ပြင်ဆင်ကျွေးမွေးတယ်။ ဒီအမှန်တရားက ဘုရားလူမျိုး လက်ရှိ မွေ့လျော်ခံစားနေတဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို တိုးပွားစေတယ်။
အုပ်စိုးပိုင်ခွင့်ရှိသူ ဒါဝိဒ်မျိုးဆက် ယေရှုကို ပရောဖက်ပြုရည်ညွှန်းခဲ့တယ်။ (၂၁ “ငြိမ်းချမ်းရေးပဋိညာဉ်” အကြောင်း၊ ကောင်းချီးမိုးအကြောင်း ယေဇကျေလ စကားတွေက အနာဂတ်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ လာမယ့် ကမ္ဘာသစ်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်သူတွေဟာ “ငြိမ်းချမ်းရေးပဋိညာဉ်” ကြောင့် ကောင်းချီး အလျှံပယ် ခံစားကြရမယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာမယ်။ သစ္စာရှိလူသားတွေဟာ စစ်မှု၊ ရာဇဝတ်မှု၊ ငတ်မွတ်မှု၊ ဖျားနာမှု၊ သားရဲတိရစ္ဆာန်တွေကို ဘယ်တော့မှ မကြောက်ရတော့ဘူး။ (ဟေရှာ. ၁၁:၆-၉။ ၃၅:၅၊ ၆။ ၆၅:၂၁-၂၃) “ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်” တဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် “ဘေးကင်းလုံခြုံစွာ နေထိုင်ရ” မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် စိတ်ထိမိတယ် မဟုတ်လား။—ယေဇ. ၃၄:၂၈။
၂၂။ သိုးတွေနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ခံစားရသလဲ။ လက်ထောက်သိုးထိန်းအဖြစ် ထမ်းဆောင်နေသူတွေ ယေရှုရဲ့ ဂရုစိုက်မှုကို ဘယ်လို တုပနိုင်သလဲ။
၂၂ ပရောဖက်ပြုချက်မှ သင်ယူနိုင်ရာ။ အဖဘုရားလိုပဲ ယေရှုလည်း သိုးတွေရဲ့ ကောင်းကျိုးကို အလေးထား ဂရုစိုက်တယ်။ ဖခင်ရဲ့ သိုးတွေ ကျမ်းစာအမှန်တရား ကောင်းကောင်းမွန်မွန် ရရှိဖို့၊ ငြိမ်းချမ်းမှု၊ လုံခြုံမှု မွေ့လျော်ခံစားနိုင်ဖို့ သိုးထိန်းဘုရင် ကြည့်ရှုပေးနေတယ်။ ဒီလိုအုပ်စိုးရှင်မျိုးရဲ့ ဂရုစိုက်မှုအောက် ရှိနေရတာ အားရှိစရာပါပဲ။ လက်ထောက်သိုးထိန်းအဖြစ် ထမ်းဆောင်နေကြသူတွေလည်း သိုးတွေအတွက် ယေရှုရဲ့ ဂရုစိုက်မှုကို တုပရမယ်။ အကြီးအကဲတွေက သိုးတော်စုကို “စိတ်ပါလက်ပါ၊” “စေတနာစိတ်” နဲ့ ထိန်းကျောင်းကြပြီး သိုးတွေအတွက် ပုံသက်သေကောင်း ပြကြရမယ်။ (၁ ပေ. ၅:၂၊ ၃) အကြီးအကဲတစ်ယောက်ဟာ ယေဟောဝါရဲ့ သိုးကို ဘယ်တော့မှ နိုင်လိုမင်းထက် ပြုချင်မှာ မဟုတ်ပါဘူး။ ယေဇကျေလခေတ်က ကြမ်းတမ်းတဲ့ အစ္စရေးသိုးထိန်းတွေကို “ဖြေရှင်းချက် တောင်းမယ်” လို့ ပြောခဲ့တဲ့ ယေဟောဝါရဲ့ စကားတွေကို သတိရပါ။ (ယေဇ. ၃၄:၁၀) သိုးတွေ ဘယ်လိုဆက်ဆံခံရသလဲဆိုတာ အကြီးမြတ်ဆုံး သိုးထိန်းရှင်နဲ့ သားတော်ယေရှု ဂရုတစိုက် စောင့်ကြည့်နေတယ်။
“ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ ခေါင်းဆောင် ထာဝစဉ် ဖြစ်လိမ့်မယ်”
၂၃။ အစ္စရေးလူမျိုး ပြန်လည်ပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကတိပြုခဲ့သလဲ။ ဘယ်လို ပြည့်စုံစေခဲ့လဲ။
၂၃ ကိုးကွယ်သူတွေ စည်းစည်းလုံးလုံး ဝတ်ပြုတာကို ယေဟောဝါ အလိုရှိတယ်။ ယုဒနှစ်နွယ်နိုင်ငံနဲ့ အစ္စရေးဆယ်နွယ်နိုင်ငံကို ကိုယ်စားပြုတဲ့ ဘုရားလူမျိုးကို စုသိမ်းယေဇ. ၃၇:၁၅-၂၃) ကတိထားရာပြည်မှာ အစ္စရေးတွေကို လူမျိုးတစ်မျိုးတည်းအဖြစ် ယေဟောဝါ ပြန်ဖွဲ့စည်းခဲ့တဲ့ ဘီစီ ၅၃၇ မှာ ဒီပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။ * ဒီပေါင်းစည်းမှုဟာ ပိုအရေးပါတဲ့၊ ပိုတည်မြဲမယ့် ပေါင်းစည်းမှုရဲ့ ရှေးပြေး ဖြစ်တယ်။ အစ္စရေးတွေကို တစ်စည်းတစ်လုံးတည်း ဖြစ်စေမယ်လို့ ကတိပြုပြီးတဲ့နောက် စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူတွေကို အနာဂတ်အုပ်စိုးရှင် ဘယ်လိုနည်းနဲ့ အမြဲ စည်းလုံးစေမယ့်အကြောင်း ပရောဖက်ပြုချက်ကို ယေဟောဝါက ယေဇကျေလကိုပေးခဲ့တယ်။
မယ့်အကြောင်း၊ “တုတ်နှစ်ချောင်း” ကို “တုတ်တစ်ချောင်းတည်း” ဖြစ်လာစေသလို “လူမျိုးတစ်မျိုးတည်း” အဖြစ် ပြန်ပေါင်းစည်းမယ့်အကြောင်း ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်တစ်ခုမှာ ဘုရား ကတိပြုခဲ့တယ်။ (၂၄။ မေရှိယဘုရင်အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။ ဘုရင့်အုပ်ချုပ်မှုက ဘယ်လိုမျိုးလဲ။
၂၄ ပရောဖက်ပြုချက် ဆိုလိုရင်း။ (ယေဇကျေလ ၃၇:၂၄-၂၈ ကိုဖတ်ပါ။) မေရှိယဘုရင်ကို “ငါ့ကျွန်ဒါဝိဒ်၊” “သိုးထိန်းတစ်ယောက်၊” “ခေါင်းဆောင်” ဆိုပြီး ယေဟောဝါ ရည်ညွှန်းခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ “ဘုရင်” ဆိုပြီး ယေဟောဝါ ခေါ်ထားတယ်။ (ယေဇ. ၃၇:၂၂) ဒီဘုရင်ရဲ့ အုပ်ချုပ်မှုက ဘယ်လိုမျိုးလဲ။ အုပ်ချုပ်မှုက ထာဝစဉ် တည်မယ်။ ဘုရင့်အုပ်ချုပ်မှုအောက် ကောင်းချီးတွေဟာ အဆုံးတိုင်မှာ မဟုတ်ကြောင်း “ထာဝစဉ်၊” “ထာဝရ” ဆိုတဲ့ ဝေါဟာရတွေကနေ နားလည်ရတယ်။ * အုပ်ချုပ်မှုက စည်းလုံးစေမယ်။ “ဘုရင်တစ်ပါးတည်း” အောက်မှာ သစ္စာရှိ လက်အောက်ခံတွေဟာ “တရားစီရင်ချက်” တွေကို တစ်ပြေးညီ လိုက်လျှောက်ပြီး “ပြည်မှာ” အတူတကွ “နေထိုင်” ကြလိမ့်မယ်။ အုပ်ချုပ်မှုက လက်အောက်ခံတွေကို ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးစေမယ်။ ယေဟောဝါက လက်အောက်ခံတွေနဲ့ “ငြိမ်းချမ်းရေးပဋိညာဉ်” ဖွဲ့မယ်။ ယေဟောဝါက သူတို့ရဲ့ ဘုရား ဖြစ်လာမယ်။ သူတို့က ဘုရားလူမျိုး ဖြစ်လာမယ်။ သန့်ရှင်းရာဌာနတော်က သူတို့အလယ်မှာ “ထာဝစဉ်” ရှိနေပါလိမ့်မယ်။
၂၅။ မေရှိယဘုရင်အကြောင်း ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့သလဲ။
၂၅ ပရောဖက်ပြုချက် ပြည့်စုံပုံ။ ၁၉၁၉ ခုနှစ်မှာ သစ္စာရှိ ဘိသိက်ခံတွေဟာ မေရှိယဘုရင် ယေရှုခရစ်၊ “သိုးထိန်းတစ်ပါးတည်း” လက်အောက်မှာ ပေါင်းစည်းခဲ့ကြတယ်။ “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကား အမျိုးမျိုး ပြောဆိုသူတွေ” ကနေ ထွက်လာတဲ့ “လူအုပ်ကြီး” ဟာ ယုံကြည်ခြင်းတူသူ ဘိသိက်ခံတွေနဲ့ ပူးပေါင်းခဲ့ကြတယ်။ (ဗျာ. ၇:၉) “သိုးထိန်းတစ်ယောက်တည်း” လက်အောက်မှာ “သိုးတစ်အုပ်တည်း” ဖြစ်လာတယ်။ (ယော. ၁၀:၁၆) ကောင်းကင်မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက် ရှိသည်ဖြစ်စေ သူတို့အားလုံး ယေဟောဝါရဲ့ တရားစီရင်ချက်တွေကို နာခံလိုက်လျှောက်ကြတယ်။ ရလဒ်အနေနဲ့ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအဖြစ် သင့်မြတ်ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ကြတယ်။ ယေဟောဝါက သူတို့ကို ငြိမ်းချမ်းစေပြီး သူတို့အလယ်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ရှိစေခြင်းအားဖြင့် ကောင်းချီးပေးတယ်။ အခုကော နောင်ထာဝစဉ်ပါ ယေဟောဝါဟာ သူတို့ရဲ့ ဘုရား ဖြစ်တယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်သူတွေ ဖြစ်ရတာကို ဂုဏ်ယူကြတယ်။
၂၆။ စည်းလုံးမှုကို ဘယ်လို တိုးပွားစေနိုင်သလဲ။
၂၆ ပရောဖက်ပြုချက်မှ သင်ယူနိုင်ရာ။ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင် ဖြစ်ရတာ အခွင့်ထူးပါပဲ။ ဒါပေမဲ့ အခွင့်ထူးနဲ့အတူ တာဝန် ဒွန်တွဲလာတယ်။ စည်းလုံးမှု တိုးပွားအောင် လုပ်ရမယ်။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ သက်သေပြခြင်းအားဖြင့် ကိုယ့်တာဝန်ကျေပွန်ရမယ်။ (၁ ကော. ၁:၁၀) တူညီတဲ့ ကျမ်းစာအမှန်တရားကို ကျွန်တော်တို့ ခုံခုံမင်မင် ဖတ်ရှုလေ့လာကြတယ်။ တူညီတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားစံနှုန်းတွေကို ကိုင်စွဲထားကြတယ်။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းဆိုတဲ့ အရေးကြီးလုပ်ငန်းမှာ အတူတကွ ပါဝင်လုပ်ဆောင်နေကြတယ်။ ဒါပေမဲ့ စည်းလုံးမှုရဲ့ အဓိကသော့ချက်ကတော့ မေတ္တာပါပဲ။ ကိုယ်ချင်းစာခြင်း၊ ချစ်ခင်စာနာခြင်း၊ ခွင့်လွှတ်ခြင်းတို့ အပါအဝင် မေတ္တာအရည်အသွေး အမျိုးမျိုးကို ပျိုးထောင်ပြီး ကြိုးစားတင်ပြတဲ့အခါ စည်းလုံးမှုကို တိုးများနေစေရာရောက်တယ်။ “မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ကော. ၃:၁၂-၁၄။ ၁ ကော. ၁၃:၄-၇။
၂၇။ (က) ယေဇကျေလကျမ်းပါ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ (ခ)နောက်အခန်းတွေမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၂၇ ယေဇကျေလကျမ်းပါ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေအတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြတယ်။ ဘုရင်ယေရှုခရစ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို ရထိုက်ကြောင်း၊ အုပ်စိုးပိုင်ခွင့် ရှိကြောင်း၊ ကျွန်တော်တို့ကို ကြင်နာစွာ ထိန်းကျောင်းပေးနေကြောင်း၊ ထာဝစဉ် တည်မြဲတဲ့ စည်းလုံးမှုကို ရရှိစေမှာ ဖြစ်ကြောင်း ဒီပရောဖက်ပြုချက်တွေကို ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်းကနေ သိရတယ်။ မေရှိယဘုရင်ရဲ့ လက်အောက်ခံ ဖြစ်ခွင့်ရတာ ဘယ်လောက် အခွင့်ထူးလိုက်သလဲ။ မေရှိယနဲ့ဆိုင်တဲ့ ဒီပရောဖက်ပြုချက်တွေဟာ ယေဇကျေလကျမ်းပါ ပြန်လည်တည်ထောင်ခြင်းရဲ့ အဓိကကဏ္ဍတစ်ရပ် ဖြစ်ကြောင်း သတိရကြစို့။ ဘုရားလူမျိုးကို ပြန်လည်စုသိမ်းပြီး စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ဖို့ ယေဟောဝါ အသုံးပြုသူကတော့ ယေရှုပါပဲ။ (ယေဇ. ၂၀:၄၁) စိတ်လှုပ်ရှားဖွယ် ပြန်လည်တည်ထောင်ခြင်းအကြောင်း၊ ယေဇကျေလကျမ်းမှာ ဖော်ပြထားပုံတို့အကြောင်း နောက်အခန်းတွေမှာ လေ့လာကြပါမယ်။
^ အပိုဒ်၊ 1 ဗာဗုလုန်ပြည်ကို ဂျူးသုံ့ပန်းတွေ စတင်ခေါ်ဆောင်သွားတဲ့ ဘီစီ ၆၁၇ မှာ ပြည်နှင်ခံ ပထမနှစ် စတင်တယ်။ ဒါကြောင့် ခြောက်နှစ်မြောက်က ဘီစီ ၆၁၂ မှာ စတယ်။
^ အပိုဒ်၊ 14 ဒါဝိဒ်ကနေ ဆင်းသက်လာတဲ့ ယေရှုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းကို ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားတယ်။—မ. ၁:၁-၁၆။ လု. ၃:၂၃-၃၁။
^ အပိုဒ်၊ 23 တုတ်နှစ်ချောင်းအကြောင်း ယေဇကျေလ ပရောဖက်ပြုချက်နဲ့ ပရောဖက်ပြုချက် ပြည့်စုံပုံအကြောင်းကို အခန်း ၁၂ မှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 24 “ထာဝစဉ်၊” “ထာဝရ” လို့ ပြန်ဆိုတဲ့ ဟီဘရူး ဝေါဟာရနဲ့ပတ်သက်ပြီး ရည်ညွှန်းကျမ်းတစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “တာရှည်တဲ့သဘောအပြင် တည်မြဲခြင်း၊ ကြာရှည်ခံခြင်း၊ မချိုးဖျက်နိုင်ခြင်း၊ ခိုင်ကျည်ခြင်း၊ အပြောင်းအလဲကင်းခြင်း ဆိုတဲ့ သဘောတွေလည်း ပါတယ်။”