မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်းလင်းချက် အနှစ်ချုပ်

ရှင်းလင်းချက် အနှစ်ချုပ်

နှစ်တွေ​တစ်လျှောက် ကင်းမျှော်စင်မှာ ယေဇကျေလ ပရောဖက်ပြုချက်ပါ အချက်အလက်​အတော်များများ​နဲ့​ပတ်သက်ပြီး နားလည်မှု ပြုပြင်​ပြောင်း​လဲခဲ့တယ်။ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ​ဆိုတဲ့ ဒီ​စာအုပ်မှာ ထပ်ဆင့်ရှင်းလင်းချက်​တွေ ပါတယ်။ အောက်ပါ​မေးခွန်းတွေကို ဖြေကြည့်ပါ။

သတ္တဝါ​တွေရဲ့ မျက်နှာ​လေးခု​က ဘာကို ကိုယ်စားပြု​သလဲ။

ယခင် နားလည်မှု။ သတ္တဝါ ဒါမှမဟုတ် ခေရုဗိမ်​တွေရဲ့ မျက်နှာ​တစ်ခုစီ​က ယေဟောဝါရဲ့ အဓိက ဂုဏ်ရည်တော်​လေးခု​ထဲ​က တစ်ခုစီ​ကို ကိုယ်စားပြု​တယ်။

ရှင်းလင်းချက်။ သတ္တဝါ​တွေရဲ့ မျက်နှာ​တစ်ခုစီ​က ယေဟောဝါရဲ့ အဓိက ဂုဏ်ရည်တော်​လေးခု​ထဲ​က တစ်ခုစီ​ကို ကိုယ်စားပြု​တယ်။ ဒါပေမဲ့ မျက်နှာ​လေးခုစလုံးကို ခြုံငုံကြည့်လိုက်တဲ့အခါ ဘုရားရဲ့ ဂုဏ်ရည်တော်​အားလုံးကို ကိုယ်စားပြု​တယ်။ ဒါ့အပြင် မျက်နှာ​လေးခု​က ယေဟောဝါရဲ့ ကြီးမြတ်​သာလွန်​တဲ့ ဘုန်းတော်၊ ဂုဏ်တော်​အကြောင်း စွဲမှတ်​စေတယ်။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ ကျမ်းစာမှာ ပြည့်ဝ​စုံလင်ခြင်း​ကို ဖော်ပြဖို့ လေးဂဏန်း​ကို မကြာခဏ သုံးလေ့​ရှိတယ်။ ဒါကြောင့် မျက်နှာ​လေးခုကို ခြုံငုံကြည့်​လိုက်တဲ့အခါ ဂုဏ်ရည်တော်​လေးခု​ထက်မက ပါဝင်​တယ်။ မျက်နှာ​လေးခုဟာ ယေဟောဝါရဲ့ အံ့ဖွယ်​ဂုဏ်ရည်တော်​အခြေ​တည်ရာ ဖြစ်တယ်။ မျက်နှာ​တစ်ခုစီဟာ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်​တို့နဲ့ ပြည့်စုံတဲ့ သတ္တဝါ​ရဲ့ မျက်နှာ ဖြစ်တယ်။ ဒါတောင်မှ တန်ခိုးကြီး သတ္တဝါ​လေးပါးစလုံး ယေဟောဝါရဲ့ ပလ္လင်​အောက်မှာ​ပဲ ရှိ​ကြတယ်။ ယေဟောဝါဟာ အမြင့်မြတ်ဆုံး အုပ်စိုးရှင် ဖြစ်ကြောင်း ဒီ​အချက်​က ပေါ်လွင်​စေတယ်။

စာရေးတော်​မင်​ဘူး ချိတ်​ထား​သူဟာ ဘယ်သူ့ကို ကိုယ်စားပြု​သလဲ။

ယခင် နားလည်မှု။ မင်​ဘူး​ချိတ်​ထားသူ​က ဘိသိက်ခံ အကြွင်းအကျန်​ကို ကိုယ်စားပြုတယ်။ ဟောပြောခြင်း၊ သွန်သင်ခြင်း​လုပ်ငန်း​အားဖြင့် ဘိသိက်ခံ​တွေ​က “လူအုပ်ကြီး” အဝင် ဖြစ်လာသူတွေရဲ့ နဖူး​မှာ ပုံဆောင်​သဘော​အရ အခု မှတ်သား​နေတယ်။—ဗျာ. ၇:၉

ရှင်းလင်းချက်။ စာရေးတော် မင်​ဘူး​ချိတ်​ထား​သူဟာ ယေရှု​ခရစ်ကို ကိုယ်စားပြု​တယ်။ “ကြီးစွာသောဒုက္ခ” အတွင်း လူအုပ်ကြီး​ကို သိုး​အဖြစ် စီရင်​မှတ်သား​ပါလိမ့်မယ်။—မ. ၂၄:၂၁

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ တရား​စီရင်ပိုင်​ခွင့်​ကို သားတော်​လက်ထဲ ယေဟောဝါ အပ်နှင်း​ထားတယ်။ (ယော. ၅:၂၂၊ ၂၃) မဿဲ ၂၅:၃၁-၃၃ အရ ဘယ်သူက “သိုး၊” ဘယ်သူက “ဆိတ်” ဆိုတာကို ယေရှု အပြီးသတ် စီရင်​ဆုံး​ဖြတ်မယ်။

ပြည့်တန်ဆာ ညီအစ်မ အဟောလ​နဲ့ အဟောလိဗ​တို့ဟာ ကက်သလစ်​နဲ့ ပရိုတက်စတင့်​အဖြစ် ယုံကြည်ချက် ကွဲပြား​နေတဲ့ အမည်ခံ ခရစ်ယာန်​ဘာသာ​ကို ပုံဆောင်​သလား။

ယခင် နားလည်မှု။ အစ်မ အဟောလ (အစ္စရေး မြို့တော် ရှမာရိ) က ကက်သလစ်၊ ညီမ အဟောလိဗ (ယုဒ​မြို့တော် ဂျေရုဆလင်) က ပရိုတက်စတင့်​ကို ကိုယ်စားပြု​တယ်။

ရှင်းလင်းချက်။ ဒီ​ပြည့်တန်ဆာ ညီအစ်မ​တွေ​က အမည်ခံ​ခရစ်ယာန်​ဘာသာရဲ့ ဘယ်အစိတ်အပိုင်းကို​မှ ကိုယ်စား​မပြုဘူး။ တစ်ချိန်က သစ္စာရှိ​လူမျိုး ဘုရား​အပေါ် သစ္စာမဲ့သွားတဲ့​အခါ ယေဟောဝါ ဘယ်လို ခံစားရ​ကြောင်း သရုပ်ဖော်​ချက်​က သင်ပေးတယ်။ မှားယွင်းတဲ့ ဘာသာရေး​အားလုံး​နဲ့​ပတ်သက်ပြီး ဘုရားသခင့်​ခံစားချက်​က အတူတူပဲ။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ အဟောလ​နဲ့ အဟောလိဗ​တို့ဟာ အမည်ခံ ခရစ်ယာန်​ဘာသာ​ကို ကိုယ်စားပြု​တ​ယ်​ဆိုတဲ့ ကျမ်းစာ ဖော်ပြချက် မရှိဘူး။ တစ်ချိန်​တုန်း​က အစ္စရေး​နဲ့ ယုဒ​တို့ဟာ ယေဟောဝါရဲ့ သစ္စာရှိ​ဇနီး​တွေ​ပ​မာ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကတော့ ယေဟောဝါနဲ့ ဒီလို​ဆက်ဆံရေး​မျိုး မရှိ​ခဲ့ဖူးဘူး။ ဒီ့ပြင် ယေဇကျေလ အခန်းကြီး ၁၆ နဲ့ ၂၃ မှာ ဘုရားရဲ့ သစ္စာမဲ့​တဲ့​လူမျိုးကို ပြည့်တန်ဆာတွေနဲ့ တင်စား​ထားခြင်းက ပြန်လည်​ပြုပြင်​တည်ထောင်​ပေးမယ်​ဆိုတဲ့ မျှော်လင့်ချက် ရှိစေတယ်။ မဟာ​ဗာဗုလုန်ရဲ့ အစိတ်အပိုင်း အမည်ခံ ခရစ်ယာန်​ဘာသာ​မှာ​တော့ ဒီလို​မျှော်လင့်ချက်​မျိုး မရှိဘူး။

အယူဖောက်ပြန်တဲ့ ရှေး​ဂျေရုဆလင်ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ကိုယ်စားပြု​သလား။

ယခင် နားလည်မှု။ သစ္စာမဲ့ ဂျေရုဆလင်ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ကိုယ်စားပြု​တ​ယ်။ ဒါကြောင့် ဂျေရုဆလင်​မြို့ ပျက်စီးခြင်း​ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ ပျက်စီးခြင်းရဲ့ ရှေ့ပြေး​ပုံရိပ် ဖြစ်တယ်။

ရှင်းလင်းချက်။ ရုပ်တု​ကိုးကွယ်ခြင်း၊ အကျင့်ပျက်​ခြင်း​စတဲ့ သစ္စာမဲ့ ဂျေရုဆလင်​မြို့​အခြေအနေ​တွေဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​အကြောင်း သတိ​ရစေတယ်။ ဒါပေမဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ဂျေရုဆလင်ရဲ့ အနှိုင်းခံ​အဖြစ် မ​ရည်ညွှန်း​တော့​ဘူး။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ အ​နှိုင်း​နဲ့ အနှိုင်းခံ​အဖြစ် ဖော်ပြတဲ့ ကျမ်းချက် မရှိဘူး။ ရှေး​ဂျေရုဆလင်​နဲ့ မတူဘဲ အမည်ခံ​ခရစ်ယာန်​ဘာသာ​ဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဘယ်​တုန်း​ကမှ မပါဝင်​ခဲ့ဖူးဘူး။ ဂျေရုဆလင်ဟာ အချိန်ကာလ​တစ်ခု​အထိ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ခံစားခဲ့​ရပေမဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကတော့ ခွင့်လွှတ်​ခံရဖို့ အလားအလာ မရှိဘူး။

ခြောက်သွေ့တဲ့ အရိုးတွေနဲ့ ပြည့်နေတဲ့ ချိုင့်ဝှမ်း စိတ်အာရုံ ဘယ်လို ပြည့်စုံခဲ့​သလဲ။

ယခင် နားလည်မှု။ နှိပ်စက်​ညှဉ်းပန်း​ခံခဲ့ရတဲ့ ဘိသိက်ခံ​တွေဟာ ၁၉၁၈ ခုနှစ်မှာ မဟာ​ဗာဗုလုန်​သုံ့ပန်း​ဘဝ ကျရောက်​ခဲ့​ကြတယ်။ လူသေ​နီးပါး မ​လှုပ်ရှား​သ​လောက် ဖြစ်ခဲ့ကြတယ်။ သူတို့ကို နိုင်ငံတော်​သတင်း ကြွေးကြော်သူ​တွေ​အဖြစ် ယေဟောဝါ အသက်ပြန်ရှင်​စေတဲ့ ၁၉၁၉ ခုနှစ်မှာ တိုတောင်း​တဲ့ သုံ့ပန်း​ဘဝ အဆုံးတိုင်​သွားတယ်။

ရှင်းလင်းချက်။ လူသေ​ပ​မာ မဟာ​ဗာဗုလုန်​သုံ့ပန်း​ဘဝဟာ အချိန်အတော်ကြာ​ခဲ့​တ​ယ်။ အဲဒီ​သုံ့ပန်း​ဘဝဟာ ၁၉၁၈ ခုနှစ် မတိုင်ခင် ကြာမြင့်စွာ​ကတည်းက စ​တင်ခဲ့တယ်။ အေဒီ နှစ်​ရာစု​မှာ စတင်​ပြီး ၁၉၁၉ ခုနှစ်မှာ အဆုံးတိုင်​ခဲ့​တယ်။ အခြေခံသဘောအရ ယေရှုရဲ့ ပုံဥပမာ​ထဲ​က ဂျုံပင်​နဲ့ ပေါင်းပင် ကြီးထွား​တဲ့​ကာလ​လို ကြာရှည်​ခဲ့​တ​ယ်။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ ရှေး​အစ္စရေး​လူမျိုးရဲ့ ကြာရှည်​လှတဲ့ သုံ့ပန်း​ဘဝဟာ ဘီစီ ၇၄၀ မှာ စတင်​ပြီး ဘီစီ ၅၃၇ မှာ အဆုံးတိုင်​ခဲ့​တ​ယ်။ အရိုး​တွေ “ခြောက်သွေ့” နေတယ်လို့ ယေဇကျေလ ပရောဖက်ပြုချက်မှာ ဖော်ပြ​ထားတယ်။ ဒါကြောင့် အရိုးတွေနဲ့ တင်စား​ထားတဲ့​သူတွေ အချိန်​အကြာကြီး သေဆုံး​နေခဲ့​ကြောင်း သိနိုင်တယ်။ အရိုး​တွေ အသက်ပြန်ရှင်​လာ​ခြင်း​ကိုလည်း ကြာရှည်​တဲ့ ဖြစ်​စဉ်​တစ်ခု​အဖြစ် ဖော်ပြ​ထားတယ်။

တုတ်​နှစ်ချောင်း ပူးကိုင်ခြင်း​က ဘာကို ဆိုလိုသလဲ။

ယခင် နားလည်မှု။ ပထမ​ကမ္ဘာစစ်​အတွင်း စည်းလုံးမှု ခဏတာ ပြိုကွဲ​ပြီးနောက် သစ္စာရှိ ဘိသိက်ခံ​အကြွင်းအကျန်​တွေဟာ ၁၉၁၉ ခုနှစ်မှာ ပြန်​စည်းလုံးခဲ့​ကြတယ်။

ရှင်းလင်းချက်။ ဝတ်ပြု​ကိုးကွယ်သူတွေကို ယေဟောဝါ ပြန်​စည်းလုံး​လာ​စေမယ့်​အကြောင်း ပရောဖက်ပြုချက်​က ပေါ်လွင်​စေတယ်။ ၁၉၁၉ ခုနှစ်​နောက်ပိုင်းမှာ ဘိသိက်ခံ အကြွင်းအကျန်​တွေ​နဲ့​အတူ တိုးပွား​နေတဲ့ မြေကြီးဆိုင်ရာ မျှော်လင့်ချက်​ရှိသူတွေ ပူးပေါင်း​လာကြတယ်။ အုပ်စု​နှစ်စုစလုံးဟာ လူမျိုးတစ်မျိုး​အဖြစ် ယေဟောဝါကို အတူတကွ ကိုးကွယ်​နေ​ကြတယ်။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ တုတ်​တစ်ချောင်း​ကို နှစ်ချောင်း​ဖြစ်အောင် ချိုး​ပြီးမှ တစ်ချောင်း​တည်း ပြန်​ဖြစ်စေတယ်လို့ ပရောဖက်ပြုချက်​က ဖော်ပြ​မထားဘူး။ ဒါကြောင့် အုပ်စု​တစ်စု ပြိုကွဲ​သွားပြီး​မှ နောက်ပိုင်းမှာ ပြန်​ပေါင်းစည်း​လာမယ်လို့ ပရောဖက်ပြုချက်​က မဆိုလို​ဘူး။ အုပ်စု​နှစ်စု ဘယ်လို ပေါင်းစည်း​လာမလဲ​ဆိုတာကို​ပဲ ဖော်​ပြတာပါ။

မာဂေါဂ​ပြည်သား ဂေါဂ​မင်းဟာ ဘယ်သူ​လဲ။

ယခင် နားလည်မှု။ မာဂေါဂ​ပြည်သား ဂေါဂ​မင်းဟာ ကောင်းကင်​ကနေ ပစ်ချ​ခံရတဲ့ စာတန်ရဲ့ နာမည်​တစ်မျိုး ဖြစ်တယ်။

ရှင်းလင်းချက်။ မာဂေါဂ​ပြည်သား ဂေါဂ​မင်းဟာ ကြီးစွာသောဒုက္ခ​အတွင်း ဘုရားလူမျိုးကို တိုက်ခိုက်မယ့် နိုင်ငံ​ပေါင်း​စုံ​ပါတဲ့ မဟာမိတ်​အဖွဲ့ကို ဆိုလိုတယ်။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ ဂေါဂ​မင်းကို ငှက်​ရဲတွေ စားဖို့ ကျွေး​မယ်၊ သင်္ချိုင်း​မြေ ပေးမယ်​ဆိုတဲ့ ပုံဖော်ချက်​တွေ​ကြောင့် ဂေါဂ​မင်းဟာ နာမ်ဝိညာဉ်သား မဟုတ်မှန်း သိနိုင်တယ်။ ဒီ​အချက်​က ဘုရားလူမျိုးကို တိုင်းနိုင်ငံတွေ တိုက်ခိုက်​မယ်​ဆိုတဲ့ ဒံယေလ​ကျမ်းနဲ့ ဗျာဒိတ်ကျမ်း ဖော်ပြချက်​နဲ့​လည်း ကိုက်ညီတယ်။—ဒံ. ၁၁:၄၀၊ ၄၄၊ ၄၅။ ဗျာ. ၁၇:၁၄။ ၁၉:၁၉

ယေဇကျေလ လှည့်လည်​ကြည့်ရှု​ခဲ့​တဲ့ ဗိမာန်တော်ဟာ နောက်ပိုင်း တမန်တော်​ပေါလု ရှင်းပြ​တဲ့ ပုံဆောင်​ဗိမာန်တော်လား။

ယခင် နားလည်မှု။ ယေဇကျေလ​စိတ်အာရုံပါ ဗိမာန်တော်ဟာ တမန်တော် ပေါလု ရှင်းပြ​တဲ့ ပုံဆောင်​ဗိမာန်တော်​နဲ့ တူတယ်။

ရှင်းလင်းချက်။ ယေဇကျေလ မြင်တွေ့ခဲ့တဲ့ ဗိမာန်တော်ဟာ အေဒီ ၂၉ မှာ စတင်​တည်ရှိ​တဲ့ ပုံဆောင်​ဗိမာန်တော် မဟုတ်ဘူး။ မောရှေ​ပညတ်​ပါ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ဘယ်လို ပြန်လည်​တည်ထောင်​မလဲ​ဆိုတာ ဖော်ပြတဲ့ စိတ်အာရုံ ဖြစ်တယ်။ ပေါလု ရှင်းပြ​တဲ့ ပုံဆောင်​ဗိမာန်တော်​က အေဒီ ၂၉ ကနေ ၃၃ အထိ ပုရောဟိတ်မင်းကြီး​အဖြစ် ယေရှု လုပ်ဆောင်​ပြီးမြောက်​ခဲ့​ရာတွေကို အလေးပေး​ထားတယ်။ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​ကတော့ ပုရောဟိတ်မင်း​အကြောင်း မဖော်ပြထားဘူး။ အေဒီ ၁၉၁၉ မှာ စတင်တဲ့ ဝတ်ပြုရေး​ပိုင်း ပြန်လည်​တည်ထောင်ခြင်း​ကို အာရုံစိုက်​တ​ယ်။ ဒါကြောင့် ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ အသေးစိတ် အသွင်အပြင်၊ အတိုင်းအတာ​အားလုံးကို အနှိုင်းခံ​တွေ​အဖြစ် ကျွန်တော်တို့ မ​ရှုမြင်ကြ​ဘူး။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ စံနှုန်းတွေ​အကြောင်း ယေဇကျေလ စိတ်အာရုံ​ကနေ ရရှိ​နိုင်တဲ့ သင်ခန်းစာတွေကို​ပဲ အာရုံစိုက်​ကြရမယ်။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း။ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်​နဲ့ ပုံဆောင် ဗိမာန်တော်​တို့ဟာ အရေးကြီးတဲ့​နည်းနဲ့ ကွဲပြားတယ်။ ဥပမာ၊ ယေဇကျေလ မြင်တွေ့​တဲ့ ဗိမာန်တော်မှာ တိရစ္ဆာန် ပူဇော်သက္ကာ​များစွာ​အကြောင်း ဖော်ပြတယ်။ ပုံဆောင်​ဗိမာန်တော်မှာ​တော့ ပူဇော်သက္ကာ​တစ်မျိုးကို​ပဲ “တစ်ကြိမ်​တည်း အပြီး” ပူဇော်​ခဲ့​တယ်။ (ဟီ. ၉:၁၁၊ ၁၂) ခရစ်တော် ရောက်​မလာခင် ရာစုနှစ်တွေ​အတွင်း ပုံဆောင်​ဗိမာန်တော်​အကြောင်း နက်နဲ​တဲ့ အမှန်တရားတွေကို ယေဟောဝါ မဖော်​ပြ​သေး​ပါဘူး။