အခန်း ၂၀
“တိုင်းပြည်ကို အမွေအဖြစ် ခွဲဝေ”
အာရုံစိုက်ရာ။ တိုင်းပြည် ခွဲဝေခြင်း အဓိပ္ပာယ်
၁၊ ၂။ (က) ယေဟောဝါဆီက ဘာညွှန်ကြားချက်တွေ ယေဇကျေလ ရသလဲ။ (ခ) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။
လွန်ခဲ့တဲ့ အနှစ် ၉၀၀ နီးပါးက မောရှေနဲ့ ယောရှုတို့ခေတ်အကြောင်း ပြန်တွေးမိစေတဲ့ စိတ်အာရုံတစ်ခုကို အခုလေးတင် ယေဇကျေလ မြင်ခဲ့တယ်။ ယေဟောဝါက ကတိထားရာပြည်ရဲ့ နယ်နိမိတ်အကြောင်း မောရှေကို ဖော်ပြပြီး နောက်ပိုင်းမှာ အစ္စရေးမျိုးနွယ်တွေအတွက် တိုင်းပြည်ကို ဘယ်လို ခွဲဝေသင့်ကြောင်း ယောရှုကို မိန့်မှာခဲ့တယ်။ (တော. ၃၄:၁-၁၅။ ယရ. ၁၃:၇။ ၂၂:၄၊ ၉) အခု ဘီစီ ၅၉၃ ရောက်တော့ ကတိထားရာပြည်ကို အစ္စရေးမျိုးနွယ်တွေအတွက် ခွဲဝေပေးဖို့ ယေဇကျေလနဲ့ ပြည်နှင်ခံတွေကို ယေဟောဝါ ထပ်ညွှန်ကြားတယ်။—ယေဇ. ၄၅:၁။ ၄၇:၁၄။ ၄၈:၂၉။
၂ စိတ်အာရုံမှာ ယေဇကျေလနဲ့ ပြည်နှင်ခံတွေအတွက် ဘာသတင်းစကား ပါသလဲ။ ဒီစိတ်အာရုံဟာ မျက်မှောက်ခေတ် ဘုရားလူမျိုးအတွက် ဘာကြောင့် အားပေးမှုရင်းမြစ် ဖြစ်သလဲ။ အနာဂတ်မှာကော အကြီးစား ပြည့်စုံချက် ရှိမလား။
အာမခံချက် လေးချက်ပါတဲ့ စိတ်အာရုံ
၃၊ ၄။ (က) ယေဇကျေလရဲ့ နောက်ဆုံး စိတ်အာရုံက ပြည်နှင်ခံတွေကို ဘယ်အာမခံချက်လေးချက် ပေးခဲ့သလဲ။ (ခ) ဒီအခန်းမှာ ဘယ်အာမခံချက်ကို ဆွေးနွေးကြမလဲ။
၃ ယေဇကျေလရဲ့ နောက်ဆုံး စိတ်အာရုံကို ယေဇကျေလကျမ်း အခန်းကြီး ကိုးခန်းမှာ မှတ်တမ်းတင်ထားတယ်။ (ယေဇ. ၄၀:၁–၄၈:၃၅) ပြန်လည်တည်ထောင်ထားတဲ့ အစ္စရေးလူမျိုးနဲ့ပတ်သက်တဲ့ အားတက်ဖွယ် အာမခံချက် လေးချက်ကို စိတ်အာရုံကတစ်ဆင့် ပြည်နှင်ခံတွေ ရရှိကြတယ်။ ဒီအာမခံချက်တွေက ဘာတွေလဲ။ ပထမ၊ ဘုရားသခင့်ဗိမာန်တော်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်မယ်။ ဒုတိယ၊ ဖြောင့်မတ်တဲ့ ပုရောဟိတ်တွေ၊ သိုးထိန်းတွေက ပြန်လည်တည်ထောင်ထားတဲ့ လူမျိုးကို ဦးဆောင်မယ်။ တတိယ၊ အစ္စရေးပြည်ကို ပြန်လာသူတိုင်း အမွေမြေ ရရှိမယ်။ စတုတ္ထ၊ သူတို့နဲ့အတူ ယေဟောဝါ ပြန်လည်စံမြန်းမယ်။
၄ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်လည်တည်ထောင်မှု၊ ဖြောင့်မတ်တဲ့ သိုးထိန်းတွေရဲ့ ဦးဆောင်မှုအကြောင်း ပထမအာမခံချက်နှစ်ချက် ဘယ်လို ပြည့်စုံလာမယ်ဆိုတာကို ဒီစာအုပ် အခန်း ၁၃ နဲ့ ၁၄ မှာ ဆွေးနွေးခဲ့ကြတယ်။ ဒီအခန်းမှာ အမွေမြေနဲ့ပတ်သက်တဲ့ ကတိတော်အကြောင်း တတိယအာမခံချက်ကို အာရုံစိုက်ပါမယ်။ ယေဟောဝါ စံမြန်းခြင်းအကြောင်း ကတိတော်ကိုတော့ နောက်အခန်းမှာ သုံးသပ်ပါမယ်။—ယေဇ. ၄၇:၁၃-၂၁။ ၄၈:၁-၇၊ ၂၃-၂၉။
“ဒီပြည်ကို မင်းတို့အတွက် အမွေအဖြစ် ခွဲဝေပေးမယ်”
၅၊ ၆။ (က) ယေဇကျေလ စိတ်အာရုံပါ ခွဲဝေရမယ့် နယ်မြေ ဆိုတာ ဘာလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) တိုင်းပြည် ခွဲဝေခြင်းအကြောင်း စိတ်အာရုံရဲ့ ရည်ရွယ်ချက်က ဘာလဲ။
၅ ယေဇကျေလ ၄၇:၁၄ ကိုဖတ်ပါ။ မကြာခင် “ဧဒင်ဥယျာဉ်လို” ဖြစ်လာမယ့် ပြည်အကြောင်း ယေဇကျေလကို စိတ်အာရုံထဲမှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ (ယေဇ. ၃၆:၃၅) “မင်းတို့အစ္စရေး ၁၂ နွယ်က ဒီနယ်မြေကို အမွေမြေအဖြစ် ခွဲဝေယူရမယ်” ဆိုပြီး ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၄၇:၁၃) ခွဲဝေရမယ့် “နယ်မြေ” ဆိုတာ ပြည်နှင်ခံတွေ ပြန်လာကြမယ့် ပြန်လည်တည်ထောင်ထားတဲ့ အစ္စရေးပြည်ပါ။ ယေဇကျေလ ၄၇:၁၅-၂၁ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း တိုင်းပြည်တစ်ခုလုံးရဲ့ အပြင်နယ်နိမိတ် အတိအကျကို ယေဟောဝါ အသေးစိတ် ဆက်ဖော်ပြခဲ့တယ်။
၆ တိုင်းပြည် ခွဲဝေခြင်းအကြောင်း စိတ်အာရုံရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ချစ်မြတ်နိုးရတဲ့ တိုင်းပြည် သေချာပေါက် ပြန်လည်တည်ထောင်ခံရမယ်ဆိုတာနဲ့ပတ်သက်ပြီး အတိအကျ တိုင်းတာထားတဲ့ နယ်နိမိတ်တွေအကြောင်း ဖော်ပြချက်က ယေဇကျေလနဲ့ ပြည်နှင်ခံတွေကို စိတ်ချစေခဲ့တယ်။ ယေဟောဝါဆီက ရုပ်လုံးပေါ်ပြီး အသေးစိတ်ကျတဲ့ အာမခံချက်ကြောင့် ပြည်နှင်ခံတွေ ဘယ်လောက် စိတ်အားတက်သွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အမွေအဖြစ် ခွဲဝေပေးတဲ့ တိုင်းပြည်ကို ရှေးခေတ် ဘုရားလူမျိုး တကယ် ရခဲ့သလား။ ရခဲ့ပါတယ်။
၇။ (က) ဘီစီ ၅၃၇ မှာ စတင်တဲ့ ဘယ်ဖြစ်ရပ်တွေက ဘာအကြောင်း သတိရစေသလဲ။ (ခ) ဘယ်မေးခွန်းကို ဦးဆုံး သုံးသပ်ကြမလဲ။
၇ စိတ်အာရုံကို ယေဇကျေလ မြင်ရပြီး ၅၆ နှစ်လောက်အကြာ ဘီစီ ၅၃၇ ကစပြီး ပြည်နှင်ခံထောင်နဲ့ချီ အစ္စရေးပြည်ကို ပြန်လာပြီး အမွေမြေ ရယူခဲ့ကြတယ်။ ကြာမြင့်လှပြီ ဖြစ်တဲ့ ဒီဖြစ်ရပ်တွေက မျက်မှောက်ခေတ် ဘုရားလူမျိုးအလယ်ရှိ အလားတူဖြစ်စဉ်ကို သတိရစေတယ်။ မျက်မှောက်ခေတ် ဘုရားလူမျိုးလည်း ခွဲဝေထားတဲ့ ပြည်ကို ရခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါက မိမိကျေးကျွန်တွေကို ပုံဆောင်ပြည်ထဲ ဝင်ခွင့်ပေးပြီး အမွေ ရယူစေခဲ့တယ်။ ရှေးခေတ် ကတိထားရာပြည် ပြန်လည်တည်ထောင်ခြင်းက မျက်မှောက်ခေတ် ဘုရားလူမျိုးရဲ့ ပုံဆောင်ပြည် ပြန်လည်တည်ထောင်ခြင်းအကြောင်း များစွာ သင်ပေးနိုင်တယ်။ ဒီသင်ခန်းစာတွေကို မသုံးသပ်ခင် “မျက်မှောက်ခေတ်မှာ
ပုံဆောင်ပြည် အမှန်တကယ် တည်ရှိတယ်လို့ ဘာကြောင့် ကောက်ချက်ချနိုင်သလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဦးဆုံး သုံးသပ်ကြည့်ကြစို့။၈။ (က) ပကတိအစ္စရေးလူမျိုးကို ဘယ်လူမျိုးနဲ့ ယေဟောဝါ အစားထိုးခဲ့သလဲ။ (ခ) ပုံဆောင်ပြည်၊ ပုံဆောင်ပရဒိသုဆိုတာ ဘာလဲ။ (ဂ) ဘယ်အချိန်မှာ စတင်တည်ရှိခဲ့သလဲ။ ဘယ်သူတွေ အခြေချနေထိုင်ခဲ့ကြသလဲ။
၈ “ကျွန်ဒါဝိဒ်” (ယေရှုခရစ်) ဘုရင်အဖြစ် စတင်အုပ်ချုပ်ပြီးနောက်မှာ ပြန်လည်တည်ထောင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ အကြီးစား ပြည့်စုံလာမယ့်အကြောင်း ယေဇကျေလကို အစောပိုင်းတုန်းက ပေးခဲ့တဲ့ စိတ်အာရုံတစ်ခုမှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ (ယေဇ. ၃၇:၂၄) အေဒီ ၁၉၁၄ ခုနှစ်မှာ ဘုရင်အဖြစ် ယေရှု စတင်အုပ်ချုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ပကတိအစ္စရေးလူမျိုးကို ဘိသိက်ခံခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရားသခင့် အစ္စရေးလူမျိုးနဲ့ အစားထိုးလိုက်တာ ကြာခဲ့ပြီ။ (မဿဲ ၂၁:၄၃။ ၁ ပေတရု ၂:၉ တို့ကိုဖတ်ပါ။) ယေဟောဝါက ပကတိအစ္စရေးလူမျိုးကို ဘုရားသခင့် အစ္စရေးလူမျိုးနဲ့ အစားထိုးလိုက်ရုံသာမက ပကတိအစ္စရေးပြည်ကိုလည်း ပုံဆောင်ပြည်၊ ပုံဆောင်ပရဒိသုနဲ့ အစားထိုးခဲ့တယ်။ (ဟေရှာ. ၆၆:၈) ဒီစာအုပ် အခန်း ၁၇ မှာ တွေ့ခဲ့တဲ့အတိုင်း ပုံဆောင်ပြည်ဆိုတာ ဝတ်ပြုရေးပိုင်းမှာ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ဆောင်မှု ဖြစ်တယ်။ ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံအကြွင်းအကျန်တွေက ပုံဆောင်ပြည်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ (“ဘာကြောင့် ၁၉၁၉ ခုနှစ် ဖြစ်ရသလဲ” လေးထောင့်ကွက် ၉ခ ကို ကြည့်ပါ။) အချိန်ကြာလာတာနဲ့အမျှ မြေကြီးဆိုင်ရာ မျှော်လင့်ချက် ရှိတဲ့ “တခြားသိုး” တွေလည်း ပုံဆောင်ပြည်မှာ အခြေချနေထိုင်လာကြတယ်။ (ယော. ၁၀:၁၆) ဒီနေ့ ပုံဆောင်ပရဒိသု ဆက်တိုးပွားကျယ်ပြန့်နေတယ်။ ကောင်းချီးတွေကိုတော့ အာမဂေဒုန်ပြီးမှ အပြည့်အဝ ခံစားကြရမယ်။
အမွေမြေကို အညီအမျှ၊ အတိအကျ ခွဲစေခြင်း
၉။ တိုင်းပြည် ခွဲဝေခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို အသေးစိတ် ညွှန်ကြားခဲ့သလဲ။
၉ ယေဇကျေလ ၄၈:၁၊ ၂၈ ကိုဖတ်ပါ။ အပြင်နယ်နိမိတ်ကို သတ်မှတ်ပြီးနောက်မှာ ယေဟောဝါက တိုင်းပြည်ကို ဘယ်လို ခွဲဝေရမယ့်အကြောင်း အသေးစိတ် ဖော်ပြတယ်။ မြောက်ဘက်အစွန်ဆုံး ဒန်အနွယ် နယ်မြေကနေ တောင်ဘက်စွန်း ဂဒ်အနွယ် နယ်နိမိတ်အထိ အစ္စရေး ၁၂ နွယ်အတွက် အမွေမြေကို အညီအမျှ၊ အတိအကျ အကွက်ချပေးဖို့ ဘုရား ညွှန်ကြားတယ်။ အမွေမြေ ၁၂ ခုဟာ တိုင်းပြည်ရဲ့ အရှေ့ဘက် အပြင်နယ်နိမိတ်ကနေ အနောက်ဘက် မြေထဲပင်လယ်တစ်လျှောက် ဖြစ်တယ်။—ယေဇ. ၄၇:၂၀။
၁၀။ စိတ်အာရုံရဲ့ ဒီအပိုင်းက ပြည်နှင်ခံတွေကို ဘာအာမခံချက်တွေ ပေးခဲ့ဖွယ် ရှိသလဲ။
၁၀ စိတ်အာရုံရဲ့ ဒီအပိုင်းက ပြည်နှင်ခံတွေကို ဘာအာမခံချက်တွေ ပေးခဲ့ဖွယ် ရှိသလဲ။ တိုင်းပြည် ခွဲဝေခြင်းအကြောင်း ယေဇကျေလရဲ့ အသေးစိတ် ဖော်ပြချက်ကြောင့် ခွဲဝေခြင်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံကိန်း ဖြစ်မယ်ဆိုတာကို ပြည်နှင်ခံတွေ စွဲမှတ်ခဲ့ကြမှာပဲ။ ဒါ့အပြင် ၁၂ နွယ်အတွက် တိုင်းပြည် အညီအမျှ ခွဲဝေခြင်းက ပြည်တော်ပြန် ယောက်စီယောက်တိုင်း ပြန်လည်တည်ထောင်ထားတဲ့ပြည်မှာ အမွေမြေ ကျိန်းသေရရှိကြမယ်ဆိုတာကို အလေးပေးတယ်။ ဘယ်သူမှ အိမ်မဲ့ယာမဲ့ဘဝနဲ့ ပြန်လာရမှာ မဟုတ်ပါဘူး။
၁၁။ တိုင်းပြည် ခွဲဝေခြင်းအကြောင်း ပရောဖက်ပြုချက်ဆိုင်ရာ စိတ်အာရုံကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ (“တိုင်းပြည် ခွဲဝေခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၁ ဒီနေ့အချိန်မှာ ဒီစိတ်အာရုံကနေ အားရှိစရာ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ ပြန်လည်တည်ထောင်ထားတဲ့ ကတိထားရာပြည်မှာ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ အကြီးအမှူးတွေအတွက်သာမက ၁၂ နွယ်သားအားလုံးအတွက် မြေနေရာ ရှိတယ်။ (ယေဇ. ၄၅:၄၊ ၅၊ ၇၊ ၈) ဒီနေ့လည်း ပုံဆောင်ပရဒိသုမှာ ဘိသိက်ခံ အကြွင်းအကျန်တွေ၊ “လူအုပ်ကြီး” ထဲက ဦးဆောင်ပေးနေသူတွေအတွက်သာမက ကျန်လူအုပ်ကြီးဝင်အားလုံးအတွက် နေရာ ရှိတယ်။ * (ဗျာ. ၇:၉) အဖွဲ့အစည်းအတွင်း နိမ့်ကျပုံရတဲ့ ဘယ်အခန်းကဏ္ဍကပဲ ပါဝင်ရပါစေ ပုံဆောင်ပြည်ထဲမှာ လုံခြုံတဲ့နေရာ၊ တန်ဖိုးဖြတ်မရတဲ့ တာဝန် ရထားကြတယ်။ တကယ့်ကို စိတ်ကြည်နူးစရာ အာမခံချက်ပါပဲ။
ကွာခြားချက်နှစ်ချက်—ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ
၁၂၊ ၁၃။ မျိုးနွယ်အလိုက် အမွေမြေ ခွဲဝေခြင်းနဲ့ပတ်သက်ပြီး ဘယ်သတ်သတ်မှတ်မှတ် ညွှန်ကြားချက်တွေ ယေဟောဝါ ပေးခဲ့သလဲ။
၁၂ နယ်မြေ ခွဲဝေခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်တချို့ဟာ မောရှေကို ပေးခဲ့တဲ့ ညွှန်ကြားချက်တွေနဲ့ ကွာခြားတာမို့ ယေဇကျေလ စိတ်ရှုပ်သွားနိုင်တယ်။ ကွာခြားချက် နှစ်ချက်ကို သုံးသပ်ကြည့်ပါ။ တစ်ချက်က နယ်မြေနဲ့ပတ်သက်တယ်။ နောက်တစ်ချက်က ပြည်သူပြည်သားတွေနဲ့ ပတ်သက်တယ်။
တော. ၂၆:၅၂-၅၄) ဒါပေမဲ့ ယေဇကျေလစိတ်အာရုံထဲမှာတော့ ယေဟောဝါက မျိုးနွယ်တိုင်းကို ဝေစု “အညီအမျှ” ခွဲဝေပေးဖို့ အတိအကျ ညွှန်ကြားထားတယ်။ (ယေဇ. ၄၇:၁၄) ဒါကြောင့် မြောက်ဘက် နယ်နိမိတ်ကနေ တောင်ဘက်နယ်နိမိတ်အထိ မျိုးနွယ်အလိုက် အမွေမြေ ဝေစု ၁၂ စုဟာ တစ်ခုနဲ့ တစ်ခု တူနေရမယ်။ ဘယ်မျိုးနွယ်ကပဲ ဖြစ်ပါစေ အစ္စရေးတိုင်းဟာ သီးပွင့်ဖြစ်ထွန်းတဲ့၊ ရေပေါများတဲ့ ကတိထားရာပြည်မှာ သဘာဝသယံဇာတတွေကို ညီတူညီမျှ ခံစားနိုင်ကြမယ်။
၁၃ ပထမ၊ နယ်မြေ။ လူဦးရေများတဲ့ အနွယ်တွေကို လူဦးရေနည်းတဲ့ အနွယ်တွေထက် မြေပိုပေးဖို့ မောရှေ ညွှန်ကြားခံရတယ်။ (၁၄။ တိုင်းတစ်ပါးသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေက မောရှေပညတ်မှာ ဖော်ပြထားခဲ့တာထက် ဘယ်လိုနည်းနဲ့ သာလွန်သလဲ။
၁၄ ဒုတိယ၊ ပြည်သူပြည်သားများ။ မောရှေပညတ်အရ တိုင်းတစ်ပါးသားတွေ ကာကွယ်ခံရတယ်၊ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရာမှာ ပါဝင်ခွင့်ရတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ မြေနေရာတော့ မရကြဘူး။ (ဝတ်. ၁၉:၃၃၊ ၃၄) ဒါပေမဲ့ အခု ယေဇကျေလကို ယေဟောဝါ မိန့်မှာတဲ့ အချက်က ပညတ်တရားမှာ ဖော်ပြထားတာထက် သာလွန်တယ်။ “တိုင်းတစ်ပါးသားကို သူနေထိုင်တဲ့အနွယ်ရဲ့ နယ်မြေထဲမှာ အမွေပေးရမယ်” ဆိုပြီး ယေဟောဝါ ညွှန်ကြားတယ်။ ဒီမိန့်မှာချက်အားဖြင့် “ပြည်မှာမွေးတဲ့ အစ္စရေးတွေ” နဲ့ ပြည်တွင်းရှိ တိုင်းတစ်ပါးသားတွေကြားက ကွာခြားချက်ကြီးကို ယေဟောဝါ ဖယ်ရှားလိုက်တယ်။ (ယေဇ. ၄၇:၂၂၊ ၂၃) စိတ်အာရုံမှာ ယေဇကျေလ မြင်ရတဲ့ ပြန်လည်တည်ထောင်ထားတဲ့ပြည်မှာ ပြည်သူပြည်သားတွေ တန်းတူညီတူ၊ စည်းစည်းလုံးလုံး ဝတ်ပြုနေကြတာ တွေ့ရတယ်။—ဝတ်. ၂၅:၂၃။
၁၅။ တိုင်းပြည်၊ ပြည်သူပြည်သားတွေနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေက ယေဟောဝါရဲ့ မပြောင်းလဲတဲ့ ဘယ်အမှန်တရားကို အတည်ပြုပေးသလဲ။
၁၅ တိုင်းပြည်၊ ပြည်သူပြည်သားတွေနဲ့ပတ်သက်ပြီး ယေဇကျေလ ရရှိတဲ့ ထူးခြားတဲ့ ညွှန်ကြားချက်နှစ်ခုက ပြည်နှင်ခံတွေကို စိတ်သက်သာရာရစေခဲ့တယ်။ အစ္စရေးလူမျိုးတွေကိုရော ယေဟောဝါကို ကိုးကွယ်တဲ့ တိုင်းတစ်ပါးသားတွေကိုပါ နယ်မြေ အညီအမျှ ခွဲဝေပေးမှာ ဖြစ်ကြောင်း သူတို့ သိထားကြတယ်။ (ဧဇ. ၈:၂၀။ နေ. ၃:၂၆။ ၇:၆၊ ၂၅။ ဟေရှာ. ၅၆:၃၊ ၈) ကျေးကျွန်အားလုံး ယေဟောဝါအတွက် တန်းတူ တန်ဖိုးရှိတယ်ဆိုတဲ့ အားတက်ဖွယ် မပြောင်းလဲတဲ့ အမှန်တရားကို ဒီညွှန်ကြားချက်တွေက အတည်ပြုပေးတယ်။ (ဟဂ္ဂဲ ၂:၇ ကိုဖတ်ပါ။) ကောင်းကင်ဆိုင်ရာ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီးဆိုင်ရာ မျှော်လင့်ချက် ရှိသည်ဖြစ်စေ ဒီအမှန်တရားကို ကျွန်တော်တို့ မြတ်နိုးကြတယ်။
၁၆၊ ၁၇။ (က) တိုင်းပြည်၊ ပြည်သူပြည်သားတွေအကြောင်း အသေးစိတ်အချက်တွေ သုံးသပ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူး ရသလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၁၆ တိုင်းပြည်၊ ပြည်သူပြည်သားတွေအကြောင်း အသေးစိတ်အချက်တွေ သုံးသပ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူး ရရှိသလဲ။ တန်းတူညီမျှမှုနဲ့ စည်းလုံးမှုတို့ဟာ ဒီနေ့ခေတ် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းရဲ့ ထူးခြားတဲ့ အသွင်အပြင်တစ်ရပ် ဖြစ်ဖို့လိုကြောင်း သတိရစေတယ်။ ယေဟောဝါက မျက်နှာမလိုက်ဘူး။ ‘ယေဟောဝါရဲ့ မျက်နှာမလိုက်မှုကို ငါရောင်ပြန်ဟပ်နေသလား။ လူမျိုးရေးနောက်ခံ၊ ဘဝအခြေအနေတွေကို ထည့်မတွက်ဘဲ ယုံကြည်သူချင်းတိုင်းကို လေးလေးစားစား ဆက်ဆံရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးရမယ်။ (ရော. ၁၂:၁၀) ကောင်းကင်ဘုံစံဖခင်ကို စိတ်နှလုံး အကြွင်းမဲ့ ဆည်းကပ်ကိုးကွယ်နိုင်တဲ့၊ ဘုရားကောင်းချီးတွေ ခံစားနိုင်တဲ့ ပုံဆောင်ပရဒိသုမှာ နေထိုင်ခွင့် ကျွန်တော်တို့အားလုံးကို ယေဟောဝါ ညီတူညီမျှ ပေးထားတဲ့အတွက် ဝမ်းမြောက်ကြပါတယ်။—ဂလ. ၃:၂၆-၂၉။ ဗျာ. ၇:၉။
၁၇ ပြည်နှင်ခံတွေနဲ့အတူ ယေဟောဝါ စံမြန်းမယ်ဆိုတဲ့ ယေဇကျေလရဲ့ နောက်ဆုံးစိတ်အာရုံပါ စတုတ္တမြောက် အာမခံချက်ကို သုံးသပ်ကြစို့။ ဒီကတိတော်ကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ နောက်အခန်းမှာ အဖြေကို လေ့လာပါမယ်။
^ အပိုဒ်၊ 11 ပုံဆောင်ပြည်အတွင်း ပုရောဟိတ်၊ အကြီးအမှူးတွေအတွက် ယေဟောဝါ သတ်မှတ်ပေးထားတဲ့ အထူးနေရာ၊ တာဝန်တို့အကြောင်း ဒီစာအုပ် အခန်း ၁၄ မှာကြည့်ပါ။