မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

“ဘုရားသခင်ကိုသာ ကိုးကွယ်ပါ”

“ဘုရားသခင်ကိုသာ ကိုးကွယ်ပါ”

ဗျာဒိတ် ၂၂:၉

အာရုံစိုက်​ရာ။ ယေဇကျေလကျမ်း အဓိက​အကြောင်းအရာ​များ၊ လက်ရှိ၊ အနာဂတ်နဲ့ သက်ဆိုင်ပုံ​အကြောင်း ပြန်​သုံးသပ်ခြင်း

၁၊ ၂။ (က) ကျွန်တော်တို့ ဘာကို ရွေးချယ်​ကြ​ရမလဲ။ (ခ) သစ္စာရှိ ကောင်းကင်တမန် ဘယ်လို တုံ့ပြန်​ပြောဆို​ခဲ့သလဲ။

ဘယ်သူ့ကို ငါ​ကိုးကွယ်​မလဲ​ဆိုတဲ့ အရေးကြီး​မေးခွန်း​ကို ကျွန်တော်တို့​ယောက်​တိုင်း အဖြေပေး​ရမယ်။ ဒီ​ကိစ္စက ရှုပ်ထွေး​တ​ယ်၊ ရွေးချယ်စရာ များလွန်းတယ်လို့ လူများစွာ ပြော​ကြပါလိမ့်မယ်။ တကယ်တမ်း​တော့ ရွေးချယ်စရာ​က ရိုးရှင်း​တ​ယ်။ ယေဟောဝါ​ဘုရားကို ကိုးကွယ်​မလား။ စာတန်​မာရ်နတ်ကို ကိုးကွယ်​မလား။

စာတန်ဟာ ဝတ်ပြု​ကိုးကွယ်ခံ​လို​စိတ် ပြင်း​ပြတယ်။ အထူးသဖြင့် ယေရှုကို ဖြားယောင်း​သွေးဆောင်​ချိန်မှာ ဒီ​အချက် ထင်ရှား​လာတယ်။ ဒီ​စာအုပ် အခန်း ၁ မှာ ဆွေးနွေးခဲ့​တဲ့​အတိုင်း စာတန်​က ယေရှုကို မက်လုံး​ပေး ကမ်းလှမ်းခဲ့​တ​ယ်။ အဲဒါကတော့ တိုင်းနိုင်ငံတွေ​အပေါ် အုပ်ချုပ်ခွင့်​အာဏာ​ပါပဲ။ မာရ်နတ် ဘာ​ပြန်​လိုချင်သလဲ။ “တစ်ကြိမ်ပဲ ရှိခိုး​ဦးချ” ဖို့ ယေရှုကို တောင်းဆိုခဲ့တယ်။ (မ. ၄:၉) တမန်တော် ယောဟန်ဆီ ဗျာဒိတ်တော် ဖော်ပြခဲ့တဲ့ ကောင်းကင်တမန်​ကတော့ ဝတ်ပြု​ကိုးကွယ်​မခံခဲ့​ဘူး။ (ဗျာဒိတ် ၂၂:၈၊ ၉ ကိုဖတ်ပါ။) ယောဟန် ရှိခိုး​ဖို့ လုပ်တဲ့​အခါ နှိမ့်ချမှု​ရှိတဲ့ ကောင်းကင်တမန်​က “အဲဒီလို မလုပ်ပါနဲ့” ဆိုပြီး တုံ့ပြန်​ပြောဆို​ခဲ့​တ​ယ်။ ကောင်းကင်တမန်​က ‘ငါ့ကို ကိုးကွယ်ပါ’ လို့ ပြောမယ့်​အစား “ဘုရားသခင်ကိုသာ ကိုးကွယ်ပါ” လို့ ပြောခဲ့​တ​ယ်။

၃။ (က) ဒီ​စာအုပ်ရဲ့ ရည်ရွယ်ချက်​က ဘာလဲ။ (ခ) အခု ဘာ​သုံးသပ်ကြ​မလဲ။

ဒီ​စာအုပ်ရဲ့ ရည်ရွယ်ချက်​က ကောင်းကင်တမန် ပြောခဲ့တဲ့​အတိုင်း ယေဟောဝါ​ဘုရား တစ်ပါးတည်း​ကို​သာ ကိုးကွယ်​ဆည်းကပ်​ပါ့​မ​ယ်​ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာ​လာစေဖို့ပါ​ပဲ။ (တရား. ၁၀:၂၀။ မ. ၄:၁၀) ယေဇကျေလ ပရောဖက်ပြုချက်​တွေ၊ စိတ်အာရုံ​တွေ​ကနေ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အကြောင်း သင်ယူ​ခဲ့​တာတွေကို ပြန်​သုံးသပ်​ကြည့်ကြစို့။ အဲဒီနောက် အနာဂတ်မှာ ကမ္ဘာ​သူ​ကမ္ဘာ​သား​တိုင်း ကြုံတွေ့​ရမယ့် နောက်ဆုံး စမ်းသပ်မှု​အကြောင်း ကျမ်းချက်တွေ​က​တစ်ဆင့် လေ့လာ​ကြပါမယ်။ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု အပြည့်အဝ ထာဝစဉ် တည်ထောင်​တာ​ကို ဘယ်သူတွေ မြင်တွေ့ရ​မ​ယ်​ဆိုတာ နောက်ဆုံး​စမ်းသပ်မှု​က အဆုံး​အ​ဖြတ်​ပေးပါလိမ့်မယ်။

ယေဇကျေလ​ကျမ်းမှာ အလေး​ပေးထားတဲ့ အဓိက​အချက်​သုံးချက်

၄။ ယေဇကျေလ​ကျမ်းမှာ ဘယ်အဓိက​အချက်​သုံးချက်​ကို အလေး​ပေးထား​သလဲ။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဟန်ပြ​လုပ်ရပ်တွေ မပါဝင်​ကြောင်း ယေဇ​ကျေလ​ကျမ်း​က သင်ပေးတယ်။ (၁) ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်ဖို့၊ (၂) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စည်းလုံးစွာ ပါဝင်​နေဖို့၊ (၃) တခြား​သူတွေကို မေတ္တာ​ပြဖို့ ကျွန်တော်တို့ တောင်းဆို​ခံရတယ်။ ဒီ​စာအုပ်မှာ ဆွေးနွေးခဲ့​တဲ့ ပရောဖက်ပြုချက်​တွေ၊ စိတ်အာရုံ​တွေ​က ဒီ​အချက်​သုံးချက်​ကို ပေါ်လွင်​စေ​ပုံ​အကြောင်း သုံးသပ်​ကြည့်ပါ။

ပထမ​အချက်- ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်ပါ

၅-၉။ ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်ခြင်း​နဲ့​ပတ်သက်ပြီး ဘာ​သင်ယူ​ခဲ့ရသလဲ။

အခန်း ၃ * ယေဟောဝါရဲ့ ပတ်လည်မှာ သက်တံ ဖြာထွက်​နေတာ၊ တန်ခိုးကြီး နာမ်ဝိညာဉ်​သတ္တဝါ​တွေ​အထက်မှာ ယေဟောဝါ စီးနင်း​နေတာကို အံ့ဖွယ်​စိတ်အာရုံ​ထဲမှာ တွေ့ခဲ့​ရတယ်။ အနန္တ​တန်ခိုးရှင်​တစ်ပါးတည်းသာ ဝတ်ပြု​ကိုးကွယ်ခံထိုက်​တ​ယ်​ဆိုတဲ့ အခြေခံ​အကြောင်းအရင်း​ကို ဒီ​စိတ်အာရုံ​က စွဲမှတ်​စေတယ်။—ယေဇ. ၁:၄၊ ၁၅-၂၈

အခန်း ၅ယေဟောဝါရဲ့ ဗိမာန်တော်ကို ညစ်ညူး​စေတဲ့​အကြောင်း ဖော်ပြတဲ့ စိတ်အာရုံဟာ ထိတ်လန့်စရာ​ကောင်း​လှပါတယ်။ ယေဟောဝါ​ရှေ့မှာ ဘာမှ ဖုံးကွယ်​ထားလို့ မရ​ကြောင်း စိတ်အာရုံ​က ဖော်ပြတယ်။ ရုပ်တု​ကိုးကွယ်ခြင်း​လို သစ္စာမဲ့​လုပ်ရပ်တွေကို လူတွေ မမြင်ရင်တောင် ဘုရား မြင်တယ်။ ဒီ​လုပ်ရပ်တွေကြောင့် ဘုရား​စိတ်တော် နာကျင်​တ​ယ်။ ဒီလို​ပြုကျင့်​သူတွေကို အပြစ်​ပေးတယ်။—ယေဇ. ၈:၁-၁၈

အခန်း ၇ယေဟောဝါ​က မိမိ​လူမျိုးအပေါ် နှိပ်စက်​သူတွေကို အရေးယူ​ကြောင်း အစ္စရေးတွေကို “လှောင်ပြောင်” ခဲ့​ကြ​တဲ့ ပတ်ဝန်းကျင်​နိုင်ငံတွေ​အပေါ် တရား​စီရင်ခြင်း​သတင်းက သက်သေထူ​တ​ယ်။ (ယေဇ. ၂၅:၆) အရာရာ​ထက် ယေဟောဝါကို သစ္စာစောင့်သိ​ရမယ်ဆိုတာ လူမျိုးခြားတွေ​နဲ့ အစ္စရေး​လူမျိုး ဆက်ဆံပုံ​ကနေ သင်ယူ​ရတယ်။ ယေဟောဝါကို မကိုးကွယ်တဲ့ ဆွေမျိုးတွေ​နဲ့ သင့်မြတ်​ဖို့ ကျွန်တော်တို့ရဲ့ စံနှုန်းတွေကို ဘယ်တော့မှ လျှော့ချ​မှာ မဟုတ်ဘူး။ စည်းစိမ်​ကို အားမကိုးဘူး။ လူ့​အစိုးရ​ကို သစ္စာ​စောင့်သိ​ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ကြားနေမှုကို အလျှော့ပေး​မှာ မဟုတ်ဘူး။ သစ္စာစောင့်သိမှုကို ယေဟောဝါ​တစ်ပါးတည်းသာ ပိုင်ထိုက်​လို့​ပါ။

အခန်း ၁၃ နဲ့ ၁၄ဘုရား​အားလုံး​ထက် ယေဟောဝါ ကြီးမြတ်​ကြောင်း အသိအမှတ်ပြု​ပြီး ဘုရားရဲ့ မြင့်မားတဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်​ရမယ်။ ဒီ​အချက်ကို မြင့်မား​လှတဲ့ တောင်တန်း​ပေါ်​က ဗိမာန်တော်​အကြောင်း စိတ်အာရုံ​က သင်ပေးတယ်။—ယေဇ. ၄၀:၁–၄၈:၃၅

အခန်း ၁၅အစ္စရေး​နဲ့ ယုဒပြည်​ကို ပြည့်တန်ဆာတွေနဲ့ ခိုင်းနှိုင်း​ထားတဲ့ ပရောဖက်ပြုချက်​ဆိုင်ရာ ဖော်ပြချက်​တွေ​က သစ္စာမဲ့​ဖောက်ပြန်​ခြင်း​ကို ယေဟောဝါ ဘယ်လောက် ရွံမုန်း​ကြောင်း သတိ​ရစေတယ်။—ယေဇ. အခန်းကြီး ၁၆၊ ၂၃

ဒုတိယ​အချက်– စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စည်းလုံးစွာ ပါဝင်​နေပါ

၁၀-၁၄။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စည်းလုံးစွာ ပါဝင်​နေဖို့ လိုအပ်ကြောင်း ဘယ်လို အလေး​ပေးထား​သလဲ။

၁၀ အခန်း ၈ယေဟောဝါ​က မိမိ​လူမျိုးကို ဂရုစိုက်​စောင့်ရှောက်​ဖို့ “သိုးထိန်း” တစ်ပါး ပေါ်ထွန်း​စေမယ်လို့ ပရောဖက်ပြု​ထားတယ်။ ယေရှုရဲ့ ဦးဆောင်မှုအောက် ကျွန်တော်တို့ စည်းလုံး​ငြိမ်သက်​စွာ လုပ်ဆောင်ဖို့ လိုအပ်​ကြောင်း ဒီ​ပရောဖက်ပြုချက်​တွေ​က အလေး​ပေးတယ်။—ယေဇ. ၃၄:၂၃၊ ၂၄။ ၃၇:၂၄-၂၈

၁၁ အခန်း ၉ဗာဗုလုန် သုံ့ပန်း​ဘဝကနေ လွတ်မြောက်​လာပြီး နေရင်းပြည်မှာ ပြန်လည်​တည်ထောင်​ခံရတဲ့ ဘုရား​လူမျိုး​အကြောင်း ယေဇကျေလ ပရောဖက်ပြုချက်​တွေ​မှာ ယေဟောဝါရဲ့ နှစ်သက်​လက်ခံမှု ရ​ချင်​သူတွေ​အတွက် သတင်းစကား ပါရှိ​တ​ယ်။ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ ဝတ်ပြု​ကိုးကွယ်​သူတွေဟာ မှားယွင်းတဲ့ ဘာသာရေးရဲ့ ညစ်ညမ်း​တဲ့ ဩဇာ​အောက်​ကနေ ထွက်လာပြီး ကင်းကင်းရှင်းရှင်း နေကြ​ရမယ်။ ဘာသာရေး၊ စီးပွားရေး၊ လူမျိုးရေး နောက်ခံ​အမျိုးမျိုး​ကနေ ထွက်လာ​ပေမဲ့ ကျွန်တော်တို့ စည်းလုံး​နေကြ​ရမယ်။ ဒါက ဘုရားလူမျိုးကို ခွဲခြား​သိမြင်​စေတယ်။—ယေဇ. ၁၁:၁၇၊ ၁၈။ ၁၂:၂၄။ ယော. ၁၇:၂၀-၂၃

၁၂ အခန်း ၁၀ခြောက်သွေ့​နေတဲ့ အရိုး​တွေ အသက်ပြန်ရှင်​လာ​ခြင်း စိတ်အာရုံ​က စည်းလုံးခြင်း​အကြောင်း အလေး​ပေးတယ်။ ပြန်လည်​စုသိမ်း​ထားတဲ့ သန့်စင်​ခံရပြီး​သား ဝတ်ပြု​ကိုးကွယ်​သူတွေဟာ စစ်တပ်​အလုံးအရင်း​ကြီး​လို အတူတကွ လုပ်ဆောင်နေ​ကြတယ်။ ဒီ​အုပ်စုအဝင် ဖြစ်​ရတာ တကယ့်​အခွင့်ထူးပါပဲ။—ယေဇ. ၃၇:၁-၁၄

၁၃ အခန်း ၁၂အထူးသဖြင့် တုတ်​နှစ်ချောင်း​ကို တစ်ချောင်း​တည်း ဖြစ်စေခြင်း ပရောဖက်ပြုချက်မှာ စည်းလုံးခြင်း​အကြောင်း အလေးပေး​ထားတယ်။ ဘိသိက်ခံ​နဲ့ တခြား​သိုး​တွေ​ကြောင့် ဒီ​ပရောဖက်ပြုချက် ပြည့်စုံ​နေတာကို မြင်တွေ့​ရခြင်း​က ယုံကြည်ခြင်း အလွန်​ခိုင်ခံ့စေပါ​တ​ယ်။ ဘာသာရေး၊ နိုင်ငံရေး မုန်းတီးမှု​တွေ​ကြောင့် ကွဲပြား​နေတဲ့ လောကမှာ အသက်ရှင်နေ​ရပေမဲ့ ကျွန်တော်တို့​ကတော့ မေတ္တာ၊ သစ္စာရှိ​မှု​တို့နဲ့ စည်းလုံး​နေကြပါ​တ​ယ်။—ယေဇ. ၃၇:၁၅-၂၃

၁၄ အခန်း ၁၆မင်အိုး​ချိတ်​ထားသူ၊ ရိုက်ခွဲ​စ​ရာ လက်နက် ကိုင်ထား​သူတွေ​အကြောင်း စိတ်အာရုံမှာ လေးနက်တဲ့ သတိပေး​ချက် ပါတယ်။ သတိပေး​ချက်​ကတော့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​အဖြစ် “ကြီးစွာသောဒုက္ခ” ထဲ ဝင်ရောက်​သူတွေ​ပဲ ကယ်တင်ခြင်း​အတွက် မှတ်သား​ခံရမယ်ဆို​တာ​ပါပဲ။—မ. ၂၄:၂၁။ ယေဇ. ၉:၁-၁၁

တတိယ​အချက်– တခြား​သူတွေကို မေတ္တာ​ပြပါ

၁၅-၁၈။ ဘာကြောင့် မေတ္တာ ဆက်​ပြ​နေရ​မလဲ။ ဘယ်လို ပြ​နိုင်သလဲ။

၁၅ အခန်း ၄သတ္တဝါ​လေးပါး​အကြောင်း စိတ်အာရုံ​က ယေဟောဝါရဲ့ ဂုဏ်ရည်တော်​တွေ၊ အထူးသဖြင့် ချစ်ခြင်း​မေတ္တာ​အကြောင်း သင်ပေးတယ်။ မေတ္တာပါပါ ပြောဆို​ပြုမူ​တဲ့အခါ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်ကြောင်း သက်သေထူ​ရာ​ရောက်တယ်။—ယေဇ. ၁:၅-၁၄။ ၁ ယော. ၄:၈

၁၆ အခန်း ၆ နဲ့ ၁၁ဘုရားသခင်က မေတ္တာတော်​ကြောင့် ယေဇကျေလ​လို ကင်းစောင့်​တွေ ခန့်အပ်​ခဲ့​တ​ယ်။ ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်လို့ စာတန့်​အုပ်ချုပ်မှုကို အဆုံးတိုင်​စေတဲ့​အခါ ဘယ်သူ့ကိုမှ မပျက်စီး​စေချင်ဘူး။ (၂ ပေ. ၃:၉) မျက်မှောက်ခေတ် ကင်းစောင့်​ကို ထောက်မခြင်း​ဆိုတဲ့ ကျွန်တော်တို့ ရထားတဲ့ တာဝန်ကို ကျေပွန်​စေခြင်း​အားဖြင့် ဘုရားသခင့်​မေတ္တာတော်ကို ရောင်ပြန်ဟပ်​ခွင့် ရထားတယ်။—ယေဇ. ၃၃:၁-၉

၁၇ အခန်း ၁၇ နဲ့ ၁၈လူများစွာက ကရုဏာတော်​ကို ငြင်းပယ်​ကြမယ်၊ သစ္စာရှိ ဝတ်ပြု​ကိုးကွယ်သူတွေကို ဖယ်ရှား​ဖို့ ကြိုးစား​ကြမယ်​ဆိုတာ ယေဟောဝါ သိထားတယ်။ ဘုရား​အပေါ် သစ္စာစောင့်သိ​သူတွေကို “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” စတင်​တိုက်ခိုက်​တဲ့အခါ ယေဟောဝါ​က မေတ္တာတော်​ကြောင့် ကာကွယ်​ပေးပါမယ်။ ဘုရား​လူမျိုးအပေါ် နိုင်ထက်စီးနင်း​ပြုသူတွေ​ကို ယေဟောဝါ ဖျက်ဆီးမယ့်​အကြောင်း လူများ​နိုင်သမျှ​များများ​ကို သတိ​ပေးဖို့ တခြား​သူတွေ​အပေါ်​ထားတဲ့ မေတ္တာ​က ကျွန်တော်တို့ကို လှုံ့ဆော်​ပေးတယ်။—ယေဇ. ၃၈:၁–၃၉:၂၀။ ၂ သက်. ၁:၆၊ ၇

၁၈ အခန်း ၁၉၂၀၊ ၂၁အသက်ပေး​ရေ​အကြောင်း၊ တိုင်းပြည် ခွဲဝေခြင်း​အကြောင်း စိတ်အာရုံ​တွေ​မှာ ယေဟောဝါရဲ့ မေတ္တာတော် ထင်ရှားတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်​ခံရဖို့၊ ဘုရားသခင့် မိသားစုဝင်​အဖြစ် စုံလင်တဲ့ အသက်တာကို ပျော်မွေ့​နိုင်ကြ​ဖို့ သားတော်ရဲ့ အသက်ကို ပေးခဲ့တယ်။ ယေဟောဝါရဲ့ အကြီးမားဆုံး မေတ္တာ​ကြောင့် ရရှိ​လာမယ့်​အရာတွေကို စိတ်အာရုံ​က ဖော်ပြတယ်။ သားတော်ကို ယုံကြည်​သက်ဝင်​သူတွေ​အတွက် ယေဟောဝါ ပြင်ဆင်​ပေးထားတဲ့၊ လှပတဲ့ အနာဂတ်​အကြောင်း လူတွေကို ပြောပြ​ခြင်းက မေတ္တာ ပြ​နိုင်တဲ့ အကောင်းဆုံးနည်းပါ။—ယေဇ. ၄၅:၁-၇။ ၄၇:၁–၄၈:၃၅။ ဗျာ. ၂၁:၁-၄။ ၂၂:၁၇

အနှစ်​တစ်ထောင် အုပ်ချုပ်မှု အပြီး မှတ်သားဖွယ် နှိမ့်ချမှု

၁၉။ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း ယေရှု ဘာတွေ လုပ်မလဲ။ (“နောက်ဆုံး​စမ်းသပ်မှုကို ရင်ဆိုင်​ခြင်း” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၉ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း ယေရှု​က လူ​သန်း​ထောင်ချီ​ကို အသက်ပြန်ရှင်​စေမယ်။ “ရန်သူ​ဖြစ်တဲ့ သေခြင်း” ကြောင့် ခံစား​ရတဲ့ နာကျင်မှုကို ပြန်​ကုစား​ပေးမယ်။ (၁ ကော. ၁၅:၂၆။ မာ. ၅:၃၈-၄၂။ တ. ၂၄:၁၅) လူ့​သမိုင်းဟာ ဝမ်းနည်းမှု၊ ဆုံးရှုံးမှု​အပြည့်​နဲ့ ကြေကွဲဖွယ်​ကောင်း​ခဲ့​တ​ယ်။ ဒါပေမဲ့ လူမျိုးဆက်​တိုင်း အသက်ပြန်ရှင်​လာ​ကြမယ်။ ယေရှု​က ဝမ်းနည်းစရာ​သမိုင်း​ကို ချေဖျက်​ပေးပြီး ရှင်ပြန်ထမြောက်​လာ​သူတွေကို သမိုင်း​သစ်​ရေး​ခွင့် ပေးပါလိမ့်မယ်။ ဖျားနာမှု၊ စစ်မှု၊ ရောဂါ၊ ငတ်မွတ်မှု​တို့​ကြောင့် ဖြစ်ပေါ်​ခဲ့​တဲ့ နစ်နာမှု​အားလုံးကို ရွေးဖိုး​ပူဇော်သက္ကာ​အပေါ် အခြေခံပြီး ချေဖျက်​ပေးပါလိမ့်မယ်။ ဝမ်းနည်းမှု​ဇာစ်​မြစ်ကို အပြီးအပိုင် ဖယ်ရှား​ပေးမယ်။ အဲဒါကတော့ အာဒံ​ဆီက အမွေ​ရခဲ့တဲ့ အပြစ်​ပါပဲ။ (ရော. ၅:၁၈၊ ၁၉) ယေရှု​က “မာရ်နတ် လုပ်သမျှကို” အပြီးတိုင် “ချေဖျက်” ပေးမယ်။ (၁ ယော. ၃:၈) ဘာ​ဆက်ဖြစ်​မလဲ။

ရှင်ပြန်ထမြောက်​လာသူတွေဟာ ပိုကောင်းမွန်​တဲ့ သမိုင်း​ကို ရေးသား​ခွင့် ရမယ်

၂၀။ ယေရှုနဲ့​တကွ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ တို့​က မှတ်သားဖွယ် နှိမ့်ချမှုကို ဘယ်လို ပြ​ကြ​မလဲ။ ရှင်းပြပါ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

၂၀ ကောရိန္သု ပထမ​စောင် ၁၅:၂၄-၂၈ ကိုဖတ်ပါ။ လူသား​တိုင်း စုံလင်တဲ့​အသက်တာ ပိုင်ဆိုင်​ချိန်မှာ၊ ယေဟောဝါ မူလ​ရည်ရွယ်​ထားတဲ့​အတိုင်း ကမ္ဘာမြေကို ပရဒိသု​အဖြစ် ပြောင်းလဲ​ပြီး​ချိန်မှာ ယေရှုနဲ့​တကွ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ တို့​က နိုင်ငံတော်ကို ယေဟောဝါ​ဆီ ပြန်အပ်​ကြမယ်။ အနှစ်​တစ်ထောင်​လုံးလုံး ကျင့်သုံးခဲ့တဲ့ အခွင့်အာဏာကို လိုလိုလားလား၊ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ပေး​အပ်​ကြမယ်။ ဒီလို​နည်းနဲ့ မှတ်သားဖွယ် နှိမ့်ချမှုကို ပြ​ကြပါလိမ့်မယ်။ နိုင်ငံတော်​က ပြီးမြောက်​စေ​ရာ​အားလုံး ထာဝစဉ် တည်မြဲ​ပါလိမ့်မယ်။

နောက်ဆုံး​စမ်းသပ်မှု

၂၁၊ ၂၂။ (က) အနှစ်​တစ်ထောင်​အဆုံးမှာ ကမ္ဘာမြေ ဘယ်လို ဖြစ်နေ​မလဲ။ (ခ) ယေဟောဝါ​က စာတန်နဲ့ နတ်ဆိုးတွေကို ဘာကြောင့် လွှတ်​ပေး​မလဲ။

၂၁ အဲဒီ​နောက်မှာ မြေကြီးပေါ်​က လက်အောက်ခံ​တွေကို ယုံကြည်​စိတ်ချကြောင်း ဖော်ပြတဲ့ ထူးခြားတဲ့​အရာ​တစ်ခုကို ယေဟောဝါ လုပ်ဆောင်မယ်။ တွင်း​နက်​ကြီး​ထဲမှာ အနှစ်​တစ်ထောင် ချုပ်နှောင်​ခံ​ထားရတဲ့ စာတန်နဲ့ နတ်ဆိုးတွေကို လွှတ်​ဖို့ ဘုရား ညွှန်ကြား​မယ်။ (ဗျာဒိတ် ၂၀:၁-၃ ကိုဖတ်ပါ။) အရင်က သိထားတဲ့ လောက​နဲ့ လုံးလုံး ခြားနား​နေပြီ​ဖြစ်တဲ့ လောက​ကို သူတို့ တွေ့မြင်ရမယ်။ အာမဂေဒုန် မတိုင်ခင် လူသား​အများစုဟာ စာတန်ရဲ့ လှည့်စားမှု ခံ​ခဲ့​ကြရတယ်။ မလိုမုန်းထားမှု​တွေ​ကြောင့် လူသားတွေရဲ့ စည်းလုံးမှု ပြိုကွဲ​နေခဲ့​တ​ယ်။ (ဗျာ. ၁၂:၉) အနှစ်​တစ်ထောင်​အဆုံး​မှာ​တော့ လူသား​တိုင်း​ဟာ စည်းလုံး​တဲ့၊ မေတ္တာ​ရှိတဲ့ မိသားစု​တစ်စု​အဖြစ် ယေဟောဝါကို ကိုးကွယ်​နေကြပါ​လိမ့်မယ်။ ကမ္ဘာမြေဟာ သင့်မြတ်​အေးချမ်း​တဲ့ ပရဒိသု ဖြစ်လာမယ်။

၂၂ ရာဇဝတ်သား စာတန်နဲ့ နတ်ဆိုးတွေကို သန့်ရှင်းတဲ့​ဝန်းကျင်​ထဲ ယေဟောဝါ ဘာကြောင့် လွှတ်​ပေး​မလဲ။ အနှစ်​တစ်ထောင်​အဆုံးပိုင်းမှာ အသက်ရှင်​သူ​အများစုဟာ ယေဟောဝါကို သစ္စာရှိ​ရှိ ကိုးကွယ်သူ​တွေ​အဖြစ် သစ္စာစောင့်သိမှု တစ်ခါ​မှ စမ်းသပ်​မခံရဖူးလို့ပါပဲ။ လူများစွာက ယေဟောဝါ​အကြောင်း မသိဘဲ သေဆုံး​ပြီး ပရဒိသုမှာ ရှင်ပြန်ထမြောက်​လာကြတယ်။ ယေဟောဝါ​က သူတို့ကို အသက်ပေး​ရုံ​သာမက ရုပ်ပိုင်း​နဲ့ ဘုရားရေးရာ လိုအပ်ရာ​အားလုံး ပြင်ဆင်​ပေးတယ်။ ကောင်းတဲ့ ဩဇာ​လွှမ်းမိုးမှု​ပဲ ခံရပြီး မကောင်းတဲ့ ဩဇာ​လွှမ်းမိုးမှု ခံရမှာ မဟုတ်ဘူး။ ပတ်ပတ်လည်မှာ ယေဟောဝါကို ချစ်​မြတ်နိုးတဲ့ ဝတ်ပြု​ကိုးကွယ်သူ​တွေ​ချည်း​ပဲ။ ဘုရား ကာကွယ်​ပေးပြီး ကောင်းချီး​ပေးနေ​လို့​သာ ကိုးကွယ်​နေ​ကြတာပါ​ဆိုပြီး ယောဘ​ကို စွပ်စွဲ​ခဲ့​သလို ရှင်ပြန်ထမြောက်​လာ​သူတွေကို စာတန် စွပ်စွဲ​နိုင်တယ်။ (ယောဘ ၁:၉၊ ၁၀) ဒါကြောင့် ကျွန်တော်တို့​နာမည်ကို အသက်စာစောင်​ထဲ ထာဝစဉ် မ​ရေးသွင်း​ခင်မှာ ယေဟောဝါ​ဘုရားကို အချုပ်အခြာအာဏာပိုင်ရှင် ဖခင်​အနေနဲ့ သစ္စာ​စောင့်သိကြောင်း သက်သေထူခွင့် ရမယ်။—ဗျာ. ၂၀:၁၂၊ ၁၅

၂၃။ ဘာ​အရေးကိစ္စကို ယောက်​တိုင်း ရင်ဆိုင်​ကြ​ရမလဲ။

၂၃ ဘုရားကို လူသားတွေ မကိုးကွယ်​တော့​အောင် သွေးဆောင်ဖို့ စာတန် အခွင့်အရေး ခဏ ရမယ်။ ဒါ​ဘာ​စမ်းသပ်မှု​လဲ။ အာဒံနဲ့ ဧဝတို့ ရင်ဆိုင်ခဲ့​ကြ​တဲ့ ထပ်တူ​အရေးကိစ္စ​မျိုးကို​ပဲ ယောက်​တိုင်း ရင်ဆိုင်​ကြရမယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို လက်ခံ​ကျင့်သုံး​ကာ ဘုရား​အုပ်ချုပ်မှုကို ထောက်ခံ​ပြီး ဘုရားကို ကိုးကွယ်​မလား၊ ဘုရားကို ပုန်ကန်​ပြီး စာတန်ကို ထောက်ခံ​မလား​ဆိုတဲ့ အရေးကိစ္စ ဖြစ်တယ်။

၂၄။ ပုန်ကန်သူ​တွေကို “ဂေါဂ​နဲ့ မာဂေါဂ” လို့ ဘာကြောင့် ခေါ်ထား​သလဲ။

၂၄ ဗျာဒိတ် ၂၀:၇-၁၀ ကိုဖတ်ပါ။ အနှစ်​တစ်ထောင်​အဆုံး​မှာ ပုန်ကန်တဲ့​သူတွေကို ဂေါဂ​နဲ့ မာဂေါဂလို့ ခေါ်ထားတယ်။ ကြီးစွာသောဒုက္ခ​အတွင်း ဘုရားလူမျိုးကို ပုန်ကန်​သူတွေ တိုက်ခိုက်​မ​ယ်​ဆိုပြီး ယေဇကျေလ ပရောဖက်​ပြုခဲ့တယ်။ အဲဒီ​ပုန်ကန်သူ​တွေရဲ့ စရိုက်​လက္ခဏာတွေ​ကို ဒီ​ပုန်ကန်​သူတွေလည်း ပြ​ကြ​လိမ့်မယ်။ “မာဂေါဂ​ပြည်​က ဂေါဂမင်း” လို့ ခေါ်တဲ့ အစောပိုင်း အုပ်စု​ဟာ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လူမျိုး​တွေ​အဖြစ် ကွဲပြား​နေခဲ့​တယ်။ (ယေဇ. ၃၈:၂) အလားတူပဲ ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု အဆုံး​မှာ ပုန်ကန်သူ​တွေကို “လူမျိုး​တွေ” ဆိုပြီး ဖော်ပြ​ထားတယ်။ “လူမျိုး​တွေ” ဆိုတဲ့ စကားလုံးကို အသုံးပြု​ထားခြင်းက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘာကြောင့်လဲ။ အနှစ်​တစ်ထောင်​အတွင်းမှာ အမျိုးသားရေး​စိတ်ဓာတ် ပြင်းထန်မှု​ကြောင့် ဖြစ်ပေါ်လာတဲ့ ကွဲပြားမှု​အားလုံးကို ဖယ်ရှားပစ်​ပြီး လူတိုင်း ဘုရားသခင့်​နိုင်ငံတော် အစိုးရ​တစ်ခုတည်းရဲ့ လက်အောက်ခံ​တွေ ဖြစ်​နေကြပြီ။ ဘုရားသခင်ရဲ့ တစ်ခုတည်းသော လူမျိုးအဝင် ဖြစ်​နေကြပြီ။ ပုန်ကန်သူ​တွေကို ဂေါဂ​နဲ့ မာဂေါဂ၊ “လူမျိုးတွေ” စ​သဖြင့် ခေါ်ဆို​ခြင်းအားဖြင့် ဘုရား​လူမျိုး​ကြားမှာ ကွဲပြားမှုတွေ စာတန် ဖန်တီး​နိုင်မယ်​ဆိုတာကို ပရောဖက်ပြုချက်​က ဖော်ပြတယ်။ စာတန့်​ဘက် ရပ်တည်​ဖို့ ဘယ်သူမှ ဖိအား​ပေးခံရမှာ မဟုတ်ဘူး။ စုံလင်သူ​ယောက်​တိုင်း​က ကိုယ်တိုင် ဆုံးဖြတ်​ကြပါလိမ့်မယ်။

ပုန်ကန်သူတွေကို ဂေါဂနဲ့ မာဂေါဂလို့ ခေါ်ထား (စာပိုဒ် ၂၄ ကို ကြည့်ပါ)

၂၅၊ ၂၆။ စာတန်နဲ့​အတူ လူဘယ်လောက် ပူးပေါင်း​သွားကြမလဲ။ သူတို့ ဘာဖြစ်သွားကြမလဲ။

၂၅ စာတန်​ဘက် လူ​ဘယ်လောက် ပါသွား​မလဲ။ ပုန်ကန်သူ​အရေအတွက်ဟာ “ပင်လယ်​သဲ​ပွင့်​တွေ​လို များတယ်။” ဒီ​ဖော်ပြချက်​ကြောင့် လူများစွာ ပုန်ကန်​ကြလိမ့်မယ်လို့ ပြောလို့​မရဘူး။ ဘယ်လို သိရသလဲ။ အာဗြဟံ​ကို ပေးခဲ့တဲ့ ကတိ​အကြောင်း သုံးသပ်​ကြည့်ပါ။ အာဗြဟံရဲ့ မျိုးနွယ်ဟာ “ပင်လယ်​သဲ​ပွင့်​တွေ​လို တိုးပွား​များပြား” မယ်​ဆိုပြီး ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (က. ၂၂:၁၇၊ ၁၈) ဒါပေမဲ့ အာဗြဟံရဲ့ မျိုးနွယ်​မှာ ၁၄၄,၀၀၁ ယောက်​ပဲ ပါတယ်။ (ဂ​လ. ၃:၁၆၊ ၂၉) ဒီ​ကိန်းဂဏန်း​က သိသာတယ်​ဆိုပေမဲ့ လူသားထု ဦးရေ​နဲ့ နှိုင်း​စာ​ရင် နည်းနည်းလေး​ပဲ။ အလားတူပဲ စာတန်နဲ့ ပူးပေါင်းမယ့်​သူ အရေအတွက်​က သိသာ​မှာ ဖြစ်ပေမဲ့ အများကြီး ဖြစ်မှာ မဟုတ်ဘူး။ ပုန်ကန်သူ​တွေ​က ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို အကြီးအကျယ် ထိတ်လန့်​စေနိုင်​မှာ မဟုတ်ဘူး။

၂၆ ပုန်ကန်မှုမှာ ပူးပေါင်း​သူတွေ ချက်ချင်း ဖျက်ဆီး​ခံရမယ်။ စာတန်၊ နတ်ဆိုး​တွေ​နဲ့​အတူ အပြီး​တိုင် ဖျက်ဆီး​ခံရကြ​မ​ယ်။ အသက် ပြန်ရှင်​မ​ယ့် အလားအလာ လုံးဝ မရှိတော့ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်​အမှား​နဲ့ ဆုံးဖြတ်ချက်​ရဲ့ အကျိုးဆက်​ပဲ ကျန်ရစ်​တော့​မ​ယ်။​—ဗျာ. ၂၀:၁၀

၂၇-၂၉။ နောက်ဆုံး​စမ်းသပ်မှု ဖြတ်ကျော်​နိုင်​သူတွေကို ဘာက စောင့်ကြို​နေသလဲ။

၂၇ တစ်ဖက်​မှာ​တော့ နောက်ဆုံး​စမ်းသပ်မှုကို ဖြတ်ကျော်​နိုင်​သူတွေဟာ “အသက်​စာစောင်မှာ” ထာဝစဉ် နာမည် မှတ်သား​ခံရမယ်။ (ဗျာ. ၂၀:၁၅) ယေဟောဝါရဲ့ သစ္စာရှိ သားသမီး​အားလုံး စည်းလုံး​တဲ့ မိသားစု​အဖြစ် ဘုရားသခင်ကိုပဲ တော်မှန်​စွာ၊ ထိုက်​သင့်​စွာ ဝတ်ပြု​ကိုးကွယ်​ကြပါလိမ့်မယ်။

ဒီ​အနာဂတ်​အကြောင်း စဉ်းစား​ကြည့်ပါ။ ကျေနပ်ဖွယ်​အလုပ်နဲ့ မိတ်​စစ်​ဆွေ​စစ်​တွေ ရမယ်။ ကိုယ်တိုင်နဲ့ ချစ်မြတ်နိုး​ရသူတွေ ဘယ်တော့မှ ဆင်းရဲဒုက္ခ မခံစား​ကြ​ရတော့​ဘူး။ ယေဟောဝါ​ရှေ့မှာ အပြစ်​မရှိဘဲ ထိုက်တန်​စွာ ရပ်တည်​နိုင်​ကြမယ်။ လူတိုင်း ဘုရားသခင်နဲ့ အတားအဆီးမဲ့ ရင်းရင်းနှီးနှီး ဆက်ဆံ​နိုင်​ကြမယ်။ အရေးကြီးဆုံး​ကတော့ ကောင်းကင်နဲ့ မြေကြီး​ပေါ်မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြည့်ဝ​စုံလင်စွာ တည်ထောင်​ခံရမယ်။ ဒါဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု အပြီးသတ် ပြန်လည်​တည်ထောင်ခြင်း​ပါပဲ။

စုံလင်လာတဲ့အခါ ယေဟောဝါရှေ့မှာ အပြစ်မရှိတဲ့ အနေအထားနဲ့ ထိုက်တန်စွာ ရပ်တည်နိုင်ကြမယ် (စာပိုဒ် ၂၈ ကို ကြည့်ပါ)

၂၉ အဲဒီ​ထူးမြတ်​တဲ့​ကာလမှာ သင်,ရှိနေ​မလား။ ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်ခြင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ စည်းလုံးစွာ ပါဝင်​နေခြင်း၊ တခြား​သူတွေကို မေတ္တာပြ​ခြင်း​ဆိုတဲ့ ယေဇကျေလ​ကျမ်းပါ အဓိက​သင်ခန်းစာ သုံးခုကို ဆ​က်​ကျင့်သုံး​နေမယ်​ဆိုရင် ရှိ​နိုင်ပါတယ်။ ယေဇကျေလ ပရောဖက်ပြုချက်​တွေ​က နောက်ဆုံး​အနေနဲ့ အဓိက​သင်ခန်းစာ​တစ်ခု ပေး​ပါတယ်။ ဘာသင်ခန်းစာ​လဲ။

ကောင်းကင်မြေကြီးပေါ်က သက်ရှိတိုင်း စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ စည်းလုံးလာမယ့်အချိန် ရောက်တဲ့အခါ ခံစားရမယ့် ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ (စာပိုဒ် ၂၇-၂၉ ကို ကြည့်ပါ)

“ငါဟာ ယေဟောဝါပဲ​ဆိုတာ . . . သိရကြလိမ့်မယ်”

၃၀၊ ၃၁။ “ငါဟာ ယေဟောဝါပဲဆိုတာ သူတို့​သိရကြလိမ့်မယ်” ဆိုတဲ့ ကြေညာချက်​က (က) ဘုရား​ရန်သူတွေ​အတွက်၊ (ခ) ဘုရား​လူမျိုး​အတွက် ဘာအဓိပ္ပာယ် ရှိမလဲ။

၃၀ “ငါဟာ ယေဟောဝါပဲ​ဆိုတာ သူတို့​သိရကြလိမ့်မယ်” ဆိုတဲ့ ကြေညာချက်​ကို ယေဇ​ကျေလ​တစ်ကျမ်းလုံးမှာ ထပ်ခါထပ်ခါ တွေ့ရတယ်။ (ယေဇ. ၆:၁၀။ ၃၉:၂၈) ဘုရား​ရဲ့ ရန်သူတွေ​အတွက် ဒီ​ကြေညာချက်​က စစ်​နဲ့ သေခြင်းကို ဆိုလိုတယ်။ ယေဟောဝါ တည်ရှိကြောင်းကို မဖြစ်​မနေ အသိအမှတ်​ပြုရုံ​မ​က “ကိုယ်တော် ဖြစ်လာ​စေတယ်” လို့ အဓိပ္ပာယ်​ရတဲ့ ဘုရား​နာမတော်ကို ခါးသီး​စွာ သိ​ကြ​ရလိမ့်မယ်။ “ဗိုလ်ခြေ​တို့ရဲ့ အရှင် ယေဟောဝါ” ဟာ သူတို့ကို တိုက်ခိုက်မယ့် “ခွန်အား​ကြီးတဲ့ စစ်သူရဲ” ဖြစ်မယ်။ (၁ ရှ. ၁၇:၄၅။ ထွ. ၁၅:၃) အချိန်နှောင်း​မှ ယေဟောဝါနဲ့​ပတ်သက်တဲ့ အရေးကြီး အမှန်တရားကို နားလည်​လာ​ကြမယ်။ အဲဒါကတော့ ဘုရား​ရည်ရွယ်တော်မူချက် မပြည့်စုံ​အောင် ဘာကမှ တားဆီးလို့​မရဘူး​ဆိုတာပါပဲ။

၃၁ ဘုရား​လူမျိုး​အတွက်တော့ “ငါဟာ ယေဟောဝါပဲ​ဆိုတာ သူတို့ သိရကြလိမ့်မယ်” ဆိုတဲ့ ကြေညာချက်​က ငြိမ်သက်ခြင်းနဲ့ အသက်ကို ဆိုလိုတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို မူလ​ရည်ရွယ်တော်မူချက်​အတိုင်း ဘုရား​ဂုဏ်ရည်တော်တွေကို အပြည့်အဝ ရောင်ပြန်ဟပ်​တဲ့ သားသမီးတွေ ဖြစ်စေမယ်။ (က. ၁:၂၆) အခု​ကတည်းက ယေဟောဝါဟာ ကျွန်တော်တို့​အတွက် မေတ္တာ​ပြည့်ဝတဲ့ ဖခင်၊ ကာကွယ်​ပေးတတ်တဲ့ သိုးထိန်း ဖြစ်နေ​ပါပြီ။ မကြာခင်​မှာလည်း အောင်ပွဲခံ​ဘုရင် ဖြစ်လာ​ဦး​မယ်။ အဲဒီနေ့ မရောက်ခင်​မှာ ယေဇကျေလရဲ့ သတင်းစကားကို နှလုံး​သွင်း​ကြပါစို့။ ယေဟောဝါဆိုတာ ဘယ်သူ​လဲ၊ ဘုရားစံနှုန်းတွေ​က ဘာတွေလဲ​ဆိုတာကို သိကြောင်း နေ့စဉ် အပြောနဲ့ လုပ်ရပ်​အားဖြင့် သက်သေပြ​ကြပါစို့။ ကြီးစွာသောဒုက္ခရဲ့ ဖျက်ဆီးခြင်း​လေကို လွှတ်လိုက်တဲ့​အခါ ကျွန်တော်တို့ ကြောက်ရွံ့​ကြ​မှာ မဟုတ်ဘူး။ ကယ်တင်​ခံရမယ့်​အချိန် နီးပြီ​ဆိုတာ သိထားလို့ ခေါင်းမော့​ထား​ကြမယ်။ (လု. ၂၁:၂၈) ဝတ်ပြု​ကိုးကွယ်ခံထိုက်​တဲ့ တစ်ပါးတည်း​သော​ဘုရား၊ အမြင့်မြတ်ဆုံး နာမတော်​ပိုင်ရှင် ယေဟောဝါ​အကြောင်းကို နေရာတိုင်းမှာ​ရှိတဲ့ လူတွေ သိ​ပြီး ချစ်မြတ်နိုး​လာဖို့ အခု​အချိန်မှာ ကူညီ​ပေးနိုင်​ကြပါစေ။—ယေဇ. ၂၈:၂၆

^ အပိုဒ်၊ 5 အခန်း​နံပါတ်​တွေ​က ဒီ​စာအုပ်မှာ​ပါတဲ့ အခန်း​တွေကို ရည်ညွှန်း​ပါတယ်။