မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

“ရေစီးဝင်တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်လာလိမ့်မယ်”

“ရေစီးဝင်တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်လာလိမ့်မယ်”

ယေဇကျေလ ၄၇:၉

အာရုံစိုက်​ရာ။ ဗိမာန်တော်​ကနေ ရေ​စီးဆင်းတဲ့ စိတ်အာရုံရဲ့ အတိတ်၊ မျက်မှောက်ခေတ်၊ အနာဂတ် ပြည့်စုံပုံ

၁၊ ၂။ ယေဇကျေလ ၄၇:၁-၁၂ အရ ယေဇကျေလ ဘာသိ​မြင်​သင်ယူ​ခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

ဗိမာန်တော်​ကနေ ရေ​စီးဆင်းလာ​တာ​ကို စိတ်အာရုံမှာ ယေဇကျေလ မြင်ရတယ်။ ကြည်လင်​တဲ့​ရေစီးကြောင်း​နောက် ယေဇကျေလ လိုက်သွားတာ မြင်ယောင်​ကြည့်ပါ။ (ယေဇကျေလ ၄၇:၁-၁၂ ကိုဖတ်ပါ။) သန့်ရှင်း​ရာ​ဌာနတော် တံခါး​ခုံ​အောက်​ကနေ ရေ​စီးဆင်း​လာပြီး ဗိမာန်တော် အရှေ့ဘက်​တံခါး​နားက​နေ စီး​ထွက်​သွားတယ်။ ကောင်းကင်တမန်​က ဗိမာန်တော်​ကနေ ယေဇကျေလ​ကို ခေါ်သွားပြီး သွား​နေတဲ့​လမ်းကြောင်း​အတိုင်း အကွာအဝေး​ကို တိုင်းတာတယ်။ ယေဇကျေလ​ကို ရေ​ထဲ ဖြတ်ကူး​စေတယ်။ ဖြတ်ကူး​စေတဲ့​အကြိမ်တိုင်း ရေ​နက်​နက်​လာတာကို ပရောဖက် တွေ့​လိုက်တယ်။ ရေ​စီး​သန်​လွန်း​တဲ့​အတွက် ရေနစ်​မသွားအောင် ရေကူး​သွား​မှ ရနိုင်မယ်။

ပင်လယ်သေ​ထဲ မြစ်ရေ စီးဝင်​သွားတာ၊ ပင်လယ်ရေ ရေချို ဖြစ်သွား​တာ၊ ရေစီးဝင်​တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်​လာတာ၊ ငါး​တွေ​နဲ့ ပြည့်လာတာကို ယေဇကျေလ တွေ့​လိုက်ရတယ်။ မြစ်​ကမ်း​တစ်လျှောက် သီး​ပင်​စားပင်​မျိုးစုံ ပေါက်​နေတာကို ယေဇကျေလ တွေ့တယ်။ ဒီ​အပင်​တွေဟာ လတိုင်း အာဟာရ​ရှိတဲ့​အသီး သီး​တယ်။ အရွက်​တွေ​က အနာ​ရောဂါ ပျောက်ကင်းစေတယ်။ ဒါတွေ​အားလုံးကို တွေ့မြင်​လိုက်​ရလို့ ယေဇကျေလ စိတ်နှလုံးထဲမှာ ငြိမ်သက်မှုနဲ့ မျှော်လင့်ချက် ပြည့်​သွားမှာပဲ။ ဒါပေမဲ့ ဗိမာန်တော် စိတ်အာရုံရဲ့ ဒီ​အပိုင်း​က ယေဇကျေလ​နဲ့ ပြည်နှင်ခံ​တွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ ဒီနေ့ ကျွန်တော်တို့​အတွက်​ကော ဘာ​အဓိပ္ပာယ် ရှိသလဲ။

စိတ်အာရုံပါ မြစ်ဟာ ပြည်နှင်ခံ​တွေ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ

၃။ ယေဇကျေလ စိတ်အာရုံပါ​မြစ်ဟာ ပကတိ​မြစ် မဟုတ်​ကြောင်း ရှေးခေတ်​ဂျူးတွေ ဘာကြောင့် သဘောပေါက်​ကြသလဲ။

စိတ်အာရုံပါ​မြစ်ဟာ ပကတိ​မြစ် မဟုတ်​ကြောင်း ရှေးခေတ်​ဂျူးတွေ သဘောပေါက်​ထား​ကြတယ်။ ဒီ​ကျမ်းပိုဒ်​က ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ယောလ ပရောဖက်ပြုချက်​တစ်ခုကို သတိ​ရစေတယ်။ အဲဒီ​ပရောဖက်ပြုချက်ကို အနှစ် ၂၀၀ ကျော် ကြိုတင်ပြီး ပရောဖက် ယောလ မှတ်တမ်းတင်​ခဲ့​ပုံ​ရတယ်။ (ယောလ ၃:၁၈ ကိုဖတ်ပါ။) ယောလရဲ့ စကားတွေကို ပြည်နှင်ခံ​ဂျူးတွေ ဖတ်တဲ့အခါ တောင်တန်း​တွေ​ပေါ်ကနေ “ချိုမြ​တဲ့ စပျစ်ဝိုင်​တွေ တ​စက်​စက် ကျ” ဖို့၊ တောင်ကုန်း​ပေါ်ကနေ “နို့​တွေ စီးဆင်း” ဖို့ ပကတိ​အတိုင်း မမျှော်လင့်​ကြဘူး။ “ယေဟောဝါရဲ့ အိမ်တော်​ကနေ” စမ်း​ချောင်း စီး​ထွက်​လာဖို့လည်း မမျှော်လင့်​ကြဘူး။ အလားတူပဲ ပရောဖက် ယေဇကျေလရဲ့ စိတ်အာရုံဟာ​လ​ည်း ပကတိ​မြစ်ရေ​အကြောင်း မဟုတ်ဘူးဆိုတာ ဂျူးတွေ သဘောပေါက်​ကြတယ်။ * ဒါဆိုရင် ယေဟောဝါ ဘာသိ​စေ​ချင်​နေတာလဲ။ ဒီ​စိတ်အာရုံ အပိုင်း​တချို့ရဲ့ အဓိပ္ပာယ်​ကို နားလည်ဖို့ ကျမ်းချက်တွေ​က ကူညီ​ပေးတယ်။ ဒီ​ပရောဖက်ပြုချက်​ကနေ သင်ယူနိုင်တဲ့ ရှင်းလင်း​ပြီး မေတ္တာ​ပါတဲ့ အာမခံချက် သုံးချက်​ကို သုံးသပ်​ကြပါမယ်။

၄။ (က) ယေဇကျေလ စိတ်အာရုံပါ မြစ်​ကြောင့် ယေဟောဝါ​ဆီက ဘာကောင်းချီးတွေကို ဂျူးတွေ မျှော်လင့်​နိုင်သလဲ။ (ခ) ယေဟောဝါ မိမိ​လူမျိုးတွေကို ကောင်းချီး​ပေးမယ်​ဆိုတာ “မြစ်” နဲ့ “ရေ” ဆိုတဲ့ ကျမ်းစာ​အသုံးအနှုန်း​က ဘယ်လို စိတ်ချ​စေ​သလဲ။ (“ယေဟောဝါ​ဆီက ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့​မြစ်” လေးထောင့်ကွက်​ကို ကြည့်ပါ။)

ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့​မြစ်။ ကျမ်းစာမှာ ယေဟောဝါရဲ့ အသက်ပေး ကောင်းချီး စီးဆင်းမှု​အကြောင်းကို မြစ်တွေ၊ ရေ​တွေ​နဲ့ ပုံဖော်​လေ့​ရှိတယ်။ ဗိမာန်တော်​ကနေ မြစ်တစ်စင်း စီးဆင်း​နေတာကို ယေဇကျေလ တွေ့မြင်ခဲ့တယ်။ ဒီ​စိတ်အာရုံ​က စင်ကြယ်​တဲ့​ဝတ်ပြု​ကိုးကွယ်မှုမှာ ဘုရား​လူမျိုး စွဲမြဲ​နေသရွေ့ ယေဟောဝါရဲ့ အသက်ပေး ကောင်းချီးတွေ ရ​နေမယ်​ဆိုတာကို စိတ်ချ​စေတယ်။ ဘာ​ကောင်းချီးတွေ​လဲ။ ပုရောဟိတ်တွေ​ကနေ​တစ်ဆင့် ဘုရားဆီက လမ်းညွှန်ချက်တွေ ပြန်​ရရှိ​ကြမယ်။ ဗိမာန်တော်မှာ ဆက်သ​တဲ့ ပူဇော်သက္ကာ​တွေ​ကြောင့် သူတို့​အပြစ်တွေ ပြေသွား​မ​ယ်။ (ယေဇ. ၄၄:၁၅၊ ၂၃။ ၄၅:၁၇) ဗိမာန်တော်​ကနေ စီး​ထွက်လာတဲ့ စင်ကြယ်​တဲ့​ရေ​နဲ့ ဆေးကြော​လိုက်တဲ့​အ​လား ပြန်​သန့်ရှင်း​လာ​ကြမယ်။

၅။ အားလုံး​အတွက် ကောင်းချီးတွေ အမြဲတမ်း လုံလောက်​ပါ့မလား​ဆိုတဲ့ စိုးရိမ်စိတ်​ကို စိတ်အာရုံပါ​မြစ်​က ဘယ်လို ဖြေဖျောက်​ပေး​သလဲ။

အားလုံး​အတွက် ကောင်းချီးတွေ အမြဲတမ်း လုံလောက်​ပါ့မလား။ တစ်မိုင်​ကျော်​လောက်​အတွင်းမှာပဲ အံ့ဩစရာ​ကောင်း​လောက်​အောင် စမ်းရေ​ကနေ ချောင်းရေ ဖြစ်သွားတဲ့ စိတ်အာရုံ​က ဒီ​စိုးရိမ်စိတ်​ကို ဖြေဖျောက်​ပေးတယ်။ (ယေဇ. ၄၇:၃-၅) ပြန်လည်​တည်ထောင်​ထားတဲ့ နေရင်းပြည်မှာ ဂျူး​လူဦးရေ တိုးများ​လာတာ​နဲ့​အမျှ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးဖို့ ယေဟောဝါရဲ့ ကောင်းချီး​ဟာ​လ​ည်း တိုးများလာ​မှာ​ပဲ။ မြစ်ရေဟာ ပေါများ​ခြင်း၊ အလျှံပယ်​ရှိ​ခြင်းတို့ကို ပုံဖော်​ပါတယ်။

၆။ (က) နှစ်သိမ့်မှု ဖြစ်စေတဲ့ ဘယ်​ကတိ​ကို ပရောဖက်ပြုချက်​ဆိုင်ရာ သရုပ်ဖော်​ချက်​က နားလည်စေ​သလဲ။ (ခ) ဘာ​အချက်​ကိုလည်း သတိပေးထား​သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

အသက်ပေး​ရေ။ ယေဇကျေလ စိတ်အာရုံမှာ မြစ်ရေ​က ပင်လယ်သေ​ထဲ စီးဆင်း​ပြီး ပင်လယ်ထဲက အရာ​များစွာကို ပြန်ရှင်​သန်​စေတယ်။ ပြန်ရှင်​လာတဲ့​ငါး​တွေဟာ မြေထဲပင်လယ်​ထဲမှာ တွေ့ရတဲ့ ငါး​တွေ​လောက် မျိုး​ပေါင်း​စုံလင်​ကြောင်း သတိပြုပါ။ အတော်လေး​လှမ်း​တဲ့ မြို့​နှစ်မြို့​ကြား ပင်လယ်သေ​ကမ်းရိုးတန်း​တစ်လျှောက်​မှာ ကြီးပွား​အောင်မြင်နေ​တဲ့ ငါးဖမ်း​လုပ်ငန်း​လ​ည်း ရှိတယ်။ “ရေ​စီးဝင်​တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်​လာလိမ့်မယ်” လို့ ကောင်းကင်တမန် ဆိုတယ်။ ဒါဆိုရင် ယေဟောဝါရဲ့ အိမ်တော်​ကနေ စီးဆင်းတဲ့​ရေဟာ ပင်လယ်သေ​တစ်ခုလုံးကို ပျံ့နှံ့​ရောက်ရှိ​သွား​သလား။ ပျံ့နှံ့​မသွား​ပါဘူး။ အသက်ရေ မ​ရောက်​နိုင်တဲ့ စိမ့်မြေ​တချို့​အကြောင်း ကောင်းကင်တမန် ရှင်းပြတယ်။ ဒီ​နေရာ​တွေဟာ “ဆား​ချက်​ဖို့​ပဲ ပစ်ထား​ခံ” ရတယ်။ * (ယေဇ. ၄၇:၈-၁၁) စင်ကြယ်​တဲ့​ဝတ်ပြု​ကိုးကွယ်မှု​က လူတွေကို ပြန်လည်​ရှင်သန်​စေမယ်​ဆိုတဲ့ နှစ်သိမ့်​ပေးတဲ့​ကတိ​ကို အထက်ပါ​သရုပ်ဖော်​ချက်​ကနေ နားလည်​ရတယ်။ ဒါပေမဲ့ ယေဟောဝါ​ဆီက ကောင်းချီးတွေကို လူတိုင်း လက်ခံ​မှာ မဟုတ်​ကြောင်း၊ လူတိုင်း ကုသ​ခံရမှာ မဟုတ်ကြောင်းလည်း သတိပေး​ထားတယ်။

၇။ စိတ်အာရုံပါ မြစ်​ကမ်း​တစ်လျှောက်​ရှိ သစ်ပင်​တွေ​က ပြည်နှင်ခံ​ဂျူးတွေကို ဘာ​စိတ်ချ​စေခဲ့သလဲ။

အနာ​ရောဂါ ပျောက်ကင်းစေတဲ့ သီး​ပင်​စားပင်။ မြစ်​ကမ်း​တစ်လျှောက်​က သစ်ပင်​တွေ​ကော။ သရုပ်ဖော်ချက်ကို ပို​လှပ​စေတယ်။ အဓိပ္ပာယ်လည်း ပို​ရှိစေပါတယ်။ လတိုင်း ဒီ​သစ်ပင်​တွေ​ကနေ အရသာရှိတဲ့ သစ်သီးတွေ ခူးဆွတ်​နိုင်မယ့်​အကြောင်း ယေဇ​ကျေလ​နဲ့ ပြည်သူပြည်သား​တွေ စိတ်ကူး​လိုက်တဲ့အခါ ကျေနပ်​အားရခဲ့​ကြမှာပဲ။ သူတို့ကို ဘုရားရေးရာ အမှန်တရား​တွေ ယေဟောဝါ ပေးဝေ​မ​ယ်​ဆိုတာကို ဒီ​နှစ်​လို့​ဖွယ်​မြင်ကွင်းက စိတ်ချ​စေတယ်။ နောက်ထပ်​ကော။ အရွက်​တွေ​က “အနာ​ရောဂါ ပျောက်ကင်းစေ” မ​ယ်​ဆိုတာ သတိပြုပါ။ (ယေဇ. ၄၇:၁၂) တခြား​အရာတွေ​ထက် ဘုရားရေးရာ​ပိုင်း ကုသမှု​ကို ပြည်တော်ပြန်​တွေ ပို​လိုအပ်မယ်​ဆိုတာ ယေဟောဝါ သိတဲ့​အတွက် အနာ​ရောဂါ ပျောက်ကင်း​စေမယ်​ဆိုပြီး ကတိ​ပြုခဲ့တယ်။ ဒီ​စာအုပ် အခန်း ၉ မှာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ တခြား​ပရောဖက်ပြုချက်​တွေ လေ့လာ​တုန်း​က ဘုရား ဘယ်လို ကုသ​ပေးခဲ့သလဲ​ဆိုတာ သိခဲ့ကြပြီ။

၈။ ယေဇကျေလ စိတ်အာရုံ အကြီးစား ပြည့်စုံ​လာ​မှာ ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။

ဒါပေမဲ့ ဒီ​ပရောဖက်ပြုချက် ပြည့်စုံမှု​ကို ပြည်တော်ပြန်​တွေ အကန့်အသတ်​နဲ့​ပဲ တွေ့ကြုံ​ခံစားခဲ့တယ်လို့ အခန်း ၉ မှာ ဆွေးနွေးခဲ့​ကြတယ်။ ပြည့်စုံမှု အကန့်အသတ် ဖြစ်​ရတာ သူတို့​ကိုယ်တိုင်​ကြောင့်​ပဲ။ ဆိုးညစ်​တဲ့​လမ်းစဉ် ပြန်​လိုက်တဲ့​သူတွေ၊ နာခံမှု​မဲ့​သူတွေ၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို လျစ်လျူရှုတဲ့​သူတွေကို ယေဟောဝါ ကောင်းချီး အပြည့်အဝ ဘယ်​ပေး​ပါ့​မလဲ။ သစ္စာရှိ​ဂျူး​တွေဟာ သစ္စာမဲ့​ပြည်နှင်ခံ​တွေရဲ့ လုပ်ရပ်တွေကြောင့် စိတ်ပျက်​နာကျင်​ခဲ့​ကြတယ်။ ဒါပေမဲ့ ဘုရား​ကတိတော်​တွေ ဘယ်တော့မှ မပြည့်စုံ​ဘဲ မနေ​ကြောင်း၊ အမြဲ ပြည့်စုံ​ကြောင်း ယေဟောဝါကို သစ္စာရှိ​ရှိ ကိုးကွယ်သူ​တွေ သိကြတယ်။ (ယောရှု ၂၃:၁၄ ကိုဖတ်ပါ။) ဒါကြောင့် တစ်နေ့ကျရင် ယေဇကျေလ စိတ်အာရုံ အကြီးစား ပြည့်စုံ​လာမယ်။ ဘယ်​အချိန်မှာ​လဲ။

ဒီနေ့ မြစ်ရေ စီးဆင်း​နေပြီ

၉။ ဗိမာန်တော်​အကြောင်း ယေဇကျေလ​ စိတ်အာရုံ ဘယ်​အချိန်မှာ အကြီးစား ပြည့်စုံ​နေသလဲ။

ဒီ​စာအုပ် အခန်း ၁၄ မှာ သိခဲ့​ရ​သလို စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု တစ်ခါ​နဲ့​မှ မတူ​အောင် ချီးမြှောက်​ခံရတဲ့ “အဆုံးပိုင်း​ကာလမှာ” ယေဇကျေလ မြင်ရတဲ့ ဗိမာန်တော် စိတ်အာရုံ အကြီးစား ပြည့်စုံ​နေတယ်။ (ဟေရှာ. ၂:၂) ယေဇကျေလ စိတ်အာရုံရဲ့ ဒီ​အပိုင်း အခု ဘယ်လို ပြည့်စုံ​နေသလဲ။

၁၀၊ ၁၁။ (က) ဒီနေ့ ဘာ​ကောင်းချီးတွေ မြစ်ရေ​လို အရှိန်အဟုန်​နဲ့ စီးဆင်း​နေသလဲ။ (ခ) နောက်ဆုံး​ကာလ​အတွင်း တိုးပွား​လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးဖို့ ယေဟောဝါ​ဆီက ကောင်းချီးတွေ ဘယ်လို တိုးပွား​စီးဆင်း​နေသလဲ။

၁၀ ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့ မြစ်။ ယေဟောဝါရဲ့ အိမ်တော်​ကနေ စီးဆင်းလာတဲ့​ရေ​က ဒီနေ့ ဘာ​ကောင်းချီးတွေကို သတိ​ရစေ​သလဲ။ ကျွန်တော်တို့​အကျိုး​အတွက် ယေဟောဝါ ဖြည့်ဆည်း​ပေးထား​ရာ​အားလုံးကို သတိ​ရစေတယ်။ ဦးဆုံး သတိရ​စေ​တာ​ကတော့ အပြစ်တွေကို ခွင့်လွှတ်​ပေးနိုင်တဲ့ ခရစ်တော် ပေးခဲ့တဲ့ ရွေးဖိုး​ပူဇော်သက္ကာရဲ့ သန့်ရှင်း​ပေးနိုင်စွမ်း​ပါပဲ။ ဘုရားသခင့် စကားတော်ရဲ့ စင်ကြယ်​တဲ့ အမှန်တရားတွေဟာ အသက်ပေး​ရေ၊ သန့်ရှင်း​စေတဲ့​ရေ​နဲ့ တူတယ်။ (ဧ. ၅:၂၅-၂၇) ကျွန်တော်တို့​ခေတ်မှာ ဒီ​ကောင်းချီးတွေ ဘယ်လို စီးဆင်း​နေသလဲ။

၁၁ ၁၉၁၉ ခုနှစ်မှာ ယေဟောဝါရဲ့ ကျေးကျွန် ထောင်​ဂဏန်း​လောက်​ပဲ ရှိတယ်။ ကျမ်းစာ​အမှန်တရား ရှင်းပြချက်​တွေ ရရှိ​လို့ စိတ်လှုပ်ရှား​ခဲ့​ကြတယ်။ ဆယ်စုနှစ်တွေ​တစ်လျှောက် အရေအတွက် ဆ​က်​တိုးများ​လာတယ်။ ဒီနေ့ ဘုရား​လူမျိုး အရေအတွက် ရှစ်​သန်း​ကျော် ရှိနေပြီ။ အမှန်တရား​ဆိုင်ရာ စင်ကြယ်​တဲ့​ရေ​ကော လုံလုံလောက်လောက် စီးဆင်း​နေရဲ့လား။ စီးဆင်း​နေ​ပါတယ်။ ကျမ်းစာ​အမှန်တရား ရှင်းပြချက်​များစွာ ရရှိ​နေကြပါ​တ​ယ်။ လွန်ခဲ့တဲ့​ရာစုနှစ်​အတွင်း ဘုရား​လူမျိုးဟာ ကျမ်းစာ၊ စာအုပ်​စာစောင်၊ မဂ္ဂဇင်း၊ ဝေစာ သန်း​ထောင်ချီ ရရှိ​ခဲ့​ကြတယ်။ ယေဇကျေလ စိတ်အာရုံ​ထဲ​က မြစ်ရေ​လို​ပဲ စင်ကြယ်​တဲ့ အမှန်တရား​ရေဟာ အရှိန်အဟုန်​နဲ့ စီးဆင်း​နေတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘုရားကို သိကျွမ်း​ချင်တဲ့​သူတွေရဲ့ တိုးပွား​လာတဲ့ လိုအပ်ချက်တွေကို​လ​ည်း ဖြည့်ဆည်း​ပေး​နေတယ်။ ကျမ်းစာ​အခြေပြု စာစောင်​တွေကို ပုံနှိပ်​စာစောင်​နဲ့ ရရှိခဲ့​တာ ကြာ​ပါပြီ။ အခု jw.org ဝက်ဘ်ဆိုက်​ကြောင့် စာပေတွေကို အီလက်ထရောနစ်​ပုံစံ​နဲ့ ဘာသာစကား​ပေါင်း ၉၀​၀ ကျော် ရ​ရှိနေ​ပါပြီ။ ဒီ​အမှန်တရား​ရေ​က စိတ်​ရိုး​ဖြောင့်​သူတွေ​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

၁၂။ (က) အမှန်တရား​သတင်းက လူတွေကို ဘယ်လိုနည်းနဲ့ ဘုရားရေးရာမှာ ရှင်သန်၊ ကျန်းမာ​လာ​စေ​သလဲ။ (ခ) ဒီနေ့ ကျွန်တော်တို့​အတွက် စိတ်အာရုံ​က ဘယ်လို အခန့်သင့် သတိပေး​သလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

၁၂ အသက်ပေး​ရေ။ “ရေ​စီးဝင်​တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်​လာလိမ့်မယ်” လို့ ယေဇကျေလ​ကို ပြောတယ်။ ပြန်လည်​တည်ထောင်​ထားတဲ့ ပုံဆောင်​ပြည်​ထဲ ဝင်ရောက်​လာ​သူ​တိုင်း​ဆီ အမှန်တရား​သတင်း ရောက်ရှိ​ပုံကို စဉ်းစား​ကြည့်ပါ။ ကျမ်းစာ​အမှန်တရားက လက်ခံ​တုံ့ပြန်​လို​သူ သန်းပေါင်း​များစွာရဲ့ စိတ်နှလုံးကို ထိမိခဲ့ပြီ။ ယေဟောဝါကို ယုံကြည်ဖို့လည်း ကူညီ​ပေးခဲ့ပြီ။ ဒါပေမဲ့ စိတ်အာရုံ​က အခန့်သင့် သတိပေးချက်လည်း ဖြစ်တယ်။ လူတိုင်း အမှန်တရားကို လက်ခံ​တုံ့ပြန်​မှာ မဟုတ်ဘူး။ ယေဇ​ကျေလ စိတ်အာရုံပါ ပင်လယ်သေ​ထဲ​က ရွှံ့နွံ၊ စိမ့်မြေ​တွေ​လို​ပဲ အမှန်တရားကို လက်ခံ​ကျင့်သုံး​လို​စိတ် မရှိတဲ့​သူတွေလည်း ရှိတယ်။ * ကျွန်တော်တို့​ကတော့ ဒီလို အဖြစ်​မခံ​ချင်​ကြပါဘူး။တရားဟောရာ ၁၀:၁၆-၁၈ ကိုဖတ်ပါ။

၁၃။ စိတ်အာရုံပါ သီး​ပင်​စားပင်​တွေ​ကနေ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။

၁၃ အနာ​ရောဂါ ပျောက်ကင်းစေတဲ့ သီး​ပင်​စားပင်။ စိတ်အာရုံပါ မြစ်​ကမ်း​ဘေး​တစ်လျှောက်​ရှိ အပင်​တွေ​က ဒီနေ့ ကျွန်တော်တို့​အတွက် အားရှိစရာ သင်ခန်းစာ​တွေ ဖော်ပြ​ပေးသလား။ ဖော်ပြ​ပေး​ပါတယ်။ အပင်​တွေ​က လတိုင်း အရသာရှိတဲ့ အသီး​တွေ သီး​ကြောင်း၊ အရွက်​တွေ​က အနာ​ရောဂါ ပျောက်ကင်းစေ​ကြောင်း သတိရပါ။ (ယေဇ. ၄၇:၁၂) အထူးသဖြင့် ဘုရားရေးရာ​ပိုင်း​မှာ ရက်ရက်ရောရော ကျွေးမွေး၊ ကုသ​ပေးတဲ့ ဘုရားကို အမှုဆောင်​နေကြ​ကြောင်း ဒီ​အချက်​က သတိ​ရစေတယ်။ ဒီနေ့​လောကဟာ ဘုရားရေးရာ​ပိုင်း​မှာ ဖျားနာ​နေတယ်၊ ကျမ်းစာ​အမှန်တရား ငတ်မွတ်​နေတယ်။ ကျွန်တော်တို့​ကတော့ ကျမ်းစာ​အမှန်တရား ဖောဖောသီသီ ရ​ရှိနေကြတယ်။ ယေဟောဝါ ပြင်ဆင်​ပေး​ရာတွေကို စဉ်းစား​ကြည့်ပါ။ ဆောင်းပါး​တစ်ပုဒ် ဖတ်ပြီးတဲ့​အခါ၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီး​မှာ နိဂုံးချုပ်​သီချင်း ဆိုပြီးတဲ့​အခါ၊ ဗီဒီယို ဒါမှမဟုတ် ရုပ်သံ​ထုတ်လွှင့်​မှု ကြည့်​ပြီးတဲ့အခါ ကောင်းချီး​ပဲ​ဆိုပြီး ခံစား​ရဖူးသလား။ (ဟေရှာ. ၆၅:၁၃၊ ၁၄) ကျမ်းစာ​အမှန်တရားက ကျွန်တော်တို့​ဘဝ​အသက်တာကို အကျိုးပြု​နေရဲ့လား။ အကျင့်ပျက်​ခြင်း၊ လောဘ​ကြီး​ခြင်း၊ ယုံကြည်ခြင်း ကင်းမဲ့ခြင်း​စတဲ့ အန္တရာယ်​တွေကို တိုက်လှန်​ဖို့ ဘုရား​စကား​အပေါ် အခိုင်အမာ အခြေခံ​တဲ့၊ အကျိုး​ဖြစ်ထွန်း​တဲ့ အကြံပေး​ချက်​တွေ​က ကူညီ​ပေးတယ်။ ကြီးလေး​တဲ့ အပြစ်​ကြောင့် ဘုရားရေးရာ​ပိုင်း​မှာ ဖျားနာ​နေတဲ့ ခရစ်ယာန်တွေကို ကျန်းမာ​လာ​စေမယ့် အစီအစဉ်​တစ်ခု​ကိုလည်း ယေဟောဝါ ပြင်ဆင်​ပေး​ထားတယ်။ (ယာကုပ် ၅:၁၄ ကိုဖတ်ပါ။) ယေဇကျေလ စိတ်အာရုံပါ အပင်​တွေ​နဲ့ သရုပ်ဖော်​တဲ့​အတိုင်း ကျွန်တော်တို့ အမှန်တကယ် ကောင်းချီး​ခံစား​နေရ​ပါတယ်။

၁၄၊ ၁၅။ (က) ယေဇကျေလ စိတ်အာရုံပါ ရေ​မ​စီးဆင်းတဲ့ စိမ့်မြေ​တွေ​ကနေ ဘာသင်ခန်းစာ ယူ​သင့်သလဲ။ (ခ) ယေဇကျေလ စိတ်အာရုံပါ မြစ်ရေ​က ဒီနေ့​ခေတ် ကျွန်တော်တို့​အတွက် ဘယ်လို အကျိုးပြု​သလဲ။

၁၄ တစ်ချိန်တည်းမှာ ရေ​မ​စီးဝင်​တဲ့ စိမ့်မြေ​တွေ​ကနေ သင်ခန်းစာ ယူ​နိုင်ပါတယ်။ ကျွန်တော်တို့​ဘဝမှာ ယေဟောဝါရဲ့ ကောင်းချီးတွေကို ဘယ်တော့မှ မငြင်းဆန်​ချင်​ကြပါဘူး။ ဘုရားရေးရာ​ပိုင်း​မှာ ဖျားနာ​နေတဲ့ ဒီ​လောက,က လူတွေ​လို ကုသ​မခံရ​ဘူးဆိုရင် တကယ် ဝမ်းနည်းစရာ​ကောင်းတယ်။ (မ. ၁၃:၁၅) ကောင်းချီး​မြစ်ရေ​ကနေ အကျိုး​ခံစားရ​လို့ ပျော်ရွှင်​ကြပါတယ်။ စင်ကြယ်​တဲ့ အမှန်တရား​ရေ​ကို ခုံခုံမင်မင် သောက်သုံးတဲ့​အခါ၊ တခြား​သူတွေကို အမှန်တရား ဟောပြောတဲ့​အခါ၊ သစ္စာရှိ​ကျွန်ရဲ့ လေ့ကျင့်မှု ရထားတဲ့ အကြီးအကဲ​တွေ​ဆီက မေတ္တာပါ လမ်းညွှန်မှု၊ နှစ်သိမ့်မှု၊ ကူညီမှု​တွေ ရရှိတဲ့​အခါ ယေဇကျေလ စိတ်အာရုံပါ မြစ်ရေ​အကြောင်း စဉ်းစား​ကြည့်​နိုင်ပါတယ်။ မြစ်ရေဟာ စီးဝင်​တဲ့ နေရာတိုင်း​ကို ပြန်ရှင်​သန်​စေတယ်၊ အနာ​ရောဂါ​ကိုလည်း ပျောက်ကင်းစေ​ပါတယ်။

၁၅ စိတ်အာရုံပါ မြစ်ရေရဲ့ အနာဂတ် ပြည့်စုံမှုက​ကော ဘာလဲ။ လာမယ့် ပရဒိသုမှာ အပြည့်ဝ​ဆုံး အတိုင်းအတာ​နဲ့ စီးဆင်း​နေပါ​လိမ့်မယ်။

ပရဒိသုမှာ စိတ်အာရုံ ပြည့်စုံချက်

၁၆၊ ၁၇။ (က) အသက်ရေဟာ ပရဒိသု​မှာ ဘယ်လိုနည်းနဲ့ ပို​ကျယ်ပြန့်လာ​မလဲ။ (ခ) ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့​မြစ်​ကနေ ဘယ်လို အကျိုး​ရ​ကြ​မလဲ။

၁၆ ပရဒိသုမှာ မိတ်ဆွေ​တွေ၊ မိသားစု​တွေ​နဲ့ အပြည့်အဝ ပျော်ရွှင်​နေတယ်လို့ စိတ်ကူး​ကြည့်ပါ။ ယေဇကျေလ စိတ်အာရုံပါ မြစ်​အကြောင်း လေ့လာခြင်းက ဒီ​စိတ်ကူး​ကို ပို​ရုပ်လုံးပေါ်​စေပါလိမ့်မယ်။ ဘယ်လို​နည်းနဲ့လဲ။ စိတ်အာရုံရဲ့ ရှင်းလင်း​တဲ့၊ မေတ္တာ​ပါတဲ့ ကဏ္ဍ​သုံးခုကို ထပ်​သုံးသပ်​ကြည့်ပါ။

ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့​မြစ်။ ပုံဆောင်​မြစ်ရေဟာ ပရဒိသုမှာ ပို​ကျယ်ပြန့်​လာမယ်။ ဘုရားရေးရာ​ပိုင်း​မှာ​ကော ကာယရေးပိုင်း​မှာပါ အကျိုးရှိ​စေမှာ ဖြစ်လို့ပါ။ ယေရှုရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း ဘုရား​နိုင်ငံတော်​က သစ္စာ​ရှိသူတွေကို ရွေးဖိုး​ကနေ ပို​ကြီးမားတဲ့ အတိုင်းအတာ​နဲ့ အကျိုး​ရရှိနိုင်အောင် ကူညီ​ပေးပါလိမ့်မယ်။ တဖြည်းဖြည်း စုံလင်​လာ​ကြမယ်။ အနာ​ရောဂါတွေ၊ ဆရာဝန်တွေ၊ သူနာပြု​တွေ၊ ဆေးရုံတွေ၊ ကျန်းမာရေး​အာမခံ​တွေ မရှိတော့ဘူး။ “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်​ပြီး အာမဂေဒုန် ကပ်ကျော်​တဲ့ “လူအုပ်ကြီး” အတွက် အသက်ရေ စီးဆင်း​နေပါ​မယ်။ (ဗျာ. ၇:၉၊ ၁၄) ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့​မြစ်ရေရဲ့ ကနဦး စီး​ထွက်​မှု​ဟာ အံ့ဩစရာ​ကောင်းပေမဲ့ နောက်ပိုင်း မြစ်ရေ​နဲ့ ယှဉ်​ရင် ဘာမှ မဟုတ်တော့ဘူး။ ယေဇကျေလ စိတ်အာရုံမှာ ဖော်ပြတဲ့​အတိုင်း မြစ်ရေ​က တိုးများ​လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးပါလိမ့်မယ်။

ကောင်းချီးတွေ ဆောင်ကြဉ်းပေးတဲ့မြစ်ဟာ ပရဒိသုမှာ လူတိုင်းကို ကျန်းမာနုပျိုစေမယ် (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၈။ အနှစ်​တစ်ထောင်​အတွင်း ဘယ်လိုနည်းနဲ့ “အသက်ရေ စီးဆင်း​နေတဲ့​မြစ်” အရှိန်အဟုန်​နဲ့ စီး​ထွက်လာ​မလဲ။

၁၈ အသက်ပေး​ရေ။ အနှစ်​တစ်ထောင်​အတွင်း ‘အသက်ရေ​မြစ်’ ဟာ အရှိန်အဟုန်​နဲ့ စီးဆင်း​လာမယ်။ (ဗျာ. ၂၂:၁) လူ​သိန်း​သန်း​ထောင်ချီ ရှင်ပြန်ထမြောက်​လာပြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်။ မြေကြီး​ထဲမှာ ကြာရှည်​စွာ အသက်မဲ့​နေခဲ့တဲ့ သေလွန်သူ မြောက်မြားစွာ​ကို အသက်ပြန်ရှင်​စေခြင်း​ဟာ​လည်း ဘုရား​နိုင်ငံတော်​အားဖြင့် ယေဟောဝါ ပေးမယ့် ကောင်းချီး​တစ်ရပ်ပါပဲ။ (ဟေရှာ. ၂၆:၁၉) ဒါပေမဲ့ ရှင်ပြန်ထမြောက်​လာ​သူ​အားလုံး ထာဝစဉ် အသက်ရှင်​ကြ​မလား။

၁၉။ (က) ပရဒိသုမှာ အမှန်တရား​သစ်တွေ ရကြမယ်​ဆိုတာကို ဘာက ဖော်ပြသလဲ။ (ခ) အနာဂတ်မှာ လူတချို့ဟာ ဘယ်လိုနည်းနဲ့ “ဆား​ချက်​ဖို့​ပဲ ပစ်ထား​ခံရ” မလဲ။

၁၉ ယောက်​တိုင်း ရွေးချယ်​ကြရမယ်။ အဲဒီ​အချိန်အတွင်း စာစောင်​သစ်​တွေ ဖွင့်​ထားမယ်။ ဒါကြောင့် ယေဟောဝါ​ဆီက လာတဲ့ လန်းဆန်း​စေတဲ့​ရေ​ထဲမှာ အမှန်တရားသစ်တွေ၊ လမ်းညွှန်ချက်​အသစ်တွေ ပါဝင်​မ​ယ်။ စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမဲ့ တချို့က ယေဟောဝါကို မနာခံ​ဘဲ ကောင်းချီးတွေကို ငြင်းပယ်​ကြမယ်။ အနှစ်​တစ်ထောင်​အတွင်း တချို့ ပုန်ကန်​နိုင်တယ်။ ဒါပေမဲ့ သူတို့​ကြောင့် ပရဒိသု ပျက်စီး​မှာ​ကို​တော့ ဘုရား ခွင့်ပြု​မှာ မဟုတ်ဘူး။ (ဟေရှာ. ၆၅:၂၀) ယေဇကျေလ စိတ်အာရုံမှာ​ပါတဲ့ “ဆား​ချက်​ဖို့​ပဲ ပစ်ထား​ခံရ” တဲ့ စိမ့်မြေ​တွေ​အကြောင်းကိုလည်း စဉ်းစား​ကြည့်ပါ။ အဖိုးတန် အသက်ရေ​ကို သောက်သုံးဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်သူ​တွေဟာ မိုက်မဲ​လွန်း​ကြပါတယ်။ အနှစ်​တစ်ထောင်​အကုန်​မှာ ပုန်ကန်သူ​တစ်စု​ဟာ စာတန့်​ဘက်တော်သား​တွေ ဖြစ်သွားမယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို ငြင်းပယ်​သူ​အားလုံးရဲ့ အဆုံး​ကတော့ ထာဝရ​သေခြင်း​ပါပဲ။—ဗျာ. ၂၀:၇-၁၂

၂၀။ ယေဇကျေလ မြင်ခဲ့တဲ့ အပင်​တွေ​က အနှစ်​တစ်ထောင်​အတွင်း ကျွန်တော်တို့ကို အကျိုး​ပြုမယ့် ဘာ​အစီအစဉ်ကို သတိ​ရစေ​သလဲ။

၂၀ အနာ​ရောဂါ ပျောက်ကင်းစေတဲ့ သီး​ပင်​စားပင်။ ယေဟောဝါ​က ဘယ်သူ့ကိုမှ ထာဝရ​အသက် မဆုံးရှုံး​စေချင်ဘူး။ ကောင်းမွန်​လှတဲ့ အခွင့်အရေး​ကို ကျွန်တော်တို့ ပိုင်ဆိုင်​နိုင်ဖို့ ယေဇကျေလ မြင်ခဲ့တဲ့ သီး​ပင်​စားပင်​တွေ​နဲ့​တူတဲ့ အစီအစဉ်​မျိုး ပြင်ဆင်​ပေးမှာ သေချာ​ပါတယ်။ ပရဒိသုမှာ ဘုရားရေးရာ​ပိုင်း​မှာ​သာမက ကာယရေးပိုင်း​မှာပါ ယေဟောဝါ​ဆီက ကောင်းချီး ခံစား​ကြရမယ်။ အနှစ်​တစ်ထောင်​အတွင်း ယေရှု​ခရစ်​နဲ့​အတူ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ တို့ဟာ ဘုရင်တွေ​အဖြစ် ကောင်းကင်​ကနေ အုပ်ချုပ်​ကြမယ်။ သစ္စာရှိ လူသားတွေ စုံလင်​လာဖို့၊ ခရစ်တော်ရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကနေ အကျိုးကျေးဇူး ရဖို့ ပုရောဟိတ်တွေ​အဖြစ် ၁၄၄,၀​၀​၀ က ကူညီ​ပေးပါမယ်။ (ဗျာ. ၂၀:၆) ယေဇကျေလ မြင်ခဲ့တဲ့ မြစ်​ကမ်း​တစ်လျှောက်​ရှိ အနာ​ရောဂါ ပျောက်ကင်းစေတဲ့ အရွက်​တွေ​နဲ့ အာဟာရ​ရှိတဲ့ သီး​ပင်​တွေ​အကြောင်းကို ဝတ်ပြုရေး​ပိုင်း​နဲ့ ကာယရေး ကုသမှု​အစီအစဉ်​က သတိ​ရစေတယ်။ ယေဇကျေလ စိတ်အာရုံ​နဲ့ ဆင်တူတဲ့ တခြား​ပရောဖက်ပြုချက်ကို တမန်တော် ယောဟန် မှတ်တမ်း​တင်ခဲ့တယ်။ (ဗျာဒိတ် ၂၂:၁၊ ၂ ကိုဖတ်ပါ။) ယောဟန် မြင်ခဲ့တဲ့ အပင်ရဲ့ အရွက်​တွေ​က “လူမျိုးတွေကို အနာ​ရောဂါ ပျောက်ကင်းစေတယ်။” ပုရောဟိတ် ၁၄၄,၀​၀​၀ ရဲ့ အကျိုးဆောင်​မှု​ကနေ သန်းနဲ့ချီတဲ့ သစ္စာ​ရှိသူတွေ အကျိုး​ခံစား​ကြရမယ်။

၂၁။ ယေဇကျေလ စိတ်အာရုံပါ မြစ်​အကြောင်း တွေးတောခြင်းက သင့်ကို ဘယ်လို အကျိုးပြု​သလဲ။ နောက်​အခန်းမှာ ဘာ​အကြောင်း လေ့လာ​ကြ​မလဲ။ (“ရေ​စီး​ထွက်လာ​ရာ​ကနေ ချောင်း​ဖြစ်သွား” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၂၁ ယေဇကျေလ စိတ်အာရုံပါ မြစ်​အကြောင်း တွေးတော​တဲ့အခါ စိတ်​ငြိမ်သက်မှုနဲ့ မျှော်လင့်ချက် ပြည့်​လာတယ် မဟုတ်လား။ ကျွန်တော်တို့ကို အလွန်​ကောင်းတဲ့​အနာဂတ် စောင့်ကြို​နေ​ပါတယ်။ ပရဒိသုကို စိတ်ကူး​ပုံဖော်​နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်​ထောင်ချီ​တုန်းက ပရောဖက်ပြုချက်​များစွာကို ယေဟောဝါ ပေးခဲ့တယ်။ ဒီ​ကတိတော်​တွေ အကြီးစား ပြည့်စုံ​လာမယ့်​အချိန်မှာ ရှိနေဖို့ ကျွန်တော်တို့ကို စိတ်ရှည်ရှည်​နဲ့ ဖိတ်ခေါ်​နေ​ပါတယ်။ အဲဒီမှာ သင်​ရှိနေ​မလား။ ပရဒိသုမှာ သင့်အတွက် နေရာ ရှိရဲ့လား​လို့ စဉ်းစားမိ​နိုင်တယ်။ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ နိဂုံးပိုင်း​က ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှု ဖြစ်စေ​ကြောင်း လေ့လာ​ကြရအောင်။

^ အပိုဒ်၊ 3 ပထဝီမြေပုံမှာတောင် မတည်ရှိတဲ့ အလွန်မြင့်တဲ့တောင်ပေါ်က ဗိမာန်တော်ကနေ စီးလာတာဖြစ်လို့ ဒီမြစ်ဟာ ပကတိမြစ် မဖြစ်နိုင်မှန်း နေရင်းပြည်​ရဲ့ မြေ​မျက်နှာ​သွင်ပြင်​ကို မှတ်မိ​တဲ့ ပြည်နှင်ခံ​ဂျူးတွေ သိထား​ပုံ​ရတယ်။ ပင်လယ်သေဘက်ကို တန်းတန်းမတ်မတ် စီးဆင်းတယ်လို့လည်း စိတ်အာရုံကဖော်ပြတဲ့အတွက် ပထဝီမြေအနေအထားအရ ဒါလည်း မဖြစ်နိုင်ဘူး။

^ အပိုဒ်၊ 6 ဒါကို အပြုသဘော​ဆောင်တဲ့ သရုပ်ဖော်​ချက်​အဖြစ် ကျမ်းပြုသူ​တချို့ ရှုမြင်​ကြတယ်။ တာရှည်ခံ​ပစ္စည်း​အနေနဲ့ ဆား​ကို သုံး​ကြ​တဲ့​အတွက် ဆား​လုပ်ငန်းဟာ ပင်လယ်သေ​ဒေသမှာ ကြီးပွား​အောင်မြင်နေ​တဲ့​လုပ်ငန်း ဖြစ်တာ ကြာခဲ့ပြီ။ ဒီ​မှတ်တမ်းမှာတော့ စိမ့်မြေ​ဟာ “ရေချို​ထွက်​မှာ မဟုတ်ဘူး” ဆိုပြီး ဖော်ပြ​ထားတာ သတိပြုပါ။ ယေဟောဝါရဲ့ အိမ်တော်​ကနေ စီးဆင်းတဲ့ အသက်ပေး​ရေ မ​ရောက်​နိုင်တဲ့ နေရာမို့ စိမ့်မြေ​ဟာ အသက်မဲ့​နေတယ်။ ဒါကြောင့် ဒီ​မှတ်တမ်းပါ စိမ့်မြေ​ရဲ့ အငန်ဓာတ်ဟာ အပျက်သဘော​ဆောင်​ပုံ ရတယ်။ —ဆာ. ၁၀၇:၃၃၊ ၃၄။ ယေ. ၁၇:၆

^ အပိုဒ်၊ 12 အလားတူပဲ ယေရှုရဲ့ ပိုက်ကွန် ပုံဥပမာကို သုံးသပ်​ကြည့်ပါ။ ပိုက်ကွန်​ထဲမှာ ငါး​အများကြီး အုပ်မိပေမဲ့ အားလုံး​က ‘ကောင်းတဲ့​ငါး​တွေ’ မဟုတ်ဘူး။ မကောင်းတဲ့​ငါး​တွေကို ပစ်လိုက်​ရမယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်း​ထဲ ဝင်ရောက်​လာတဲ့​သူ တော်​တော်​များများ နောက်ပိုင်း သစ္စာမဲ့​သွား​ကြ​မယ့်​အကြောင်း ယေရှု သတိပေးခဲ့တယ်။—မ. ၁၃:၄၇-၅၀။ ၂ တိ. ၂:၂၀၊ ၂၁