မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

သူတို့ရဲ့ ပူဇော်သက္ကာတွေကို “ဘုရားသခင် နှစ်သက်”

သူတို့ရဲ့ ပူဇော်သက္ကာတွေကို “ဘုရားသခင် နှစ်သက်”

ဟီဘရူး ၁၁:၄

အာရုံစိုက်​ရာ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ယေဟောဝါရဲ့ အစီအစဉ် သမိုင်းကြောင်း

၁-၃။ (က) ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။ (ခ) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ ဘယ်​အဓိက​အချက်​လေးချက်​ကို ဆွေးနွေးကြမလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့​ပုံကို ကြည့်ပါ။)

အာဗေလ​က သိုးအုပ်​ကို ဂရုတစိုက် စစ်ဆေး​နေ​တယ်။ သိုး​တွေ စ​ပေါက်​ကတည်းက တယု​တယ မွေးမြူ​ခဲ့​တာ။ အခု သိုး​တချို့ကို ရွေးချယ်​စီရင်​ပြီး ဘုရားဆီ ပူဇော်သက္ကာ ဆက်သ​လိုက်တယ်။ မစုံလင်သူ လူသား​တစ်ယောက်ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံ​ပါ့မလား။

အာဗေလ​နဲ့​ပတ်သက်ပြီး “သူ့​ပူဇော်သက္ကာ​ကို ဘုရားသခင် နှစ်သက်​တယ်” လို့ တမန်တော်​ပေါလု ရေးခဲ့တယ်။ ကာ​အိ​နရဲ့ ပူဇော်သက္ကာ​ကို​တော့ ယေဟောဝါ ငြင်းပယ်ခဲ့​တယ်။ (ဟီဘရူး ၁၁:၄ ကိုဖတ်ပါ။) သုံးသပ်​ရမယ့် မေးခွန်း​တချို့ ပေါ်လာတယ်။ ဘုရားက အာဗေလ​ရဲ့ ဝတ်ပြုမှု​ကို လက်ခံ​ပြီး ကာ​အိ​နရဲ့ ဝတ်ပြုမှု​ကို​တော့ ဘာကြောင့် ငြင်းပယ်ခဲ့​သလဲ။ ကာ​အိ​န၊ အာဗေလ​နဲ့ ဟီဘရူး အခန်းကြီး ၁၁ ပါ တခြား​သူတွေရဲ့ စံနမူနာတွေက​နေ ဘာသင်ယူနိုင်သလဲ။ အဖြေ​တွေ​က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဘာ​ပါဝင်​ကြောင်း ပို​နားလည်စေ​ပါလိမ့်မယ်။

အာဗေလ​ခေတ်​ကနေ ယေဇကျေလ​ခေတ်​အထိ ဖြစ်ရပ်တွေကို အကျဉ်းချုပ် ဆွေးနွေး​တဲ့အခါ ဘုရားသခင် နှစ်သက်​လက်ခံ​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်တဲ့ အဓိက​အချက်လေး​ချက်​ကို မှတ်​သားပါ။ လက်ခံ​ထိုက်​သူဟာ ယေဟောဝါ ဖြစ်ရမယ်။ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ရမယ်။ ဘုရား နှစ်သက်တဲ့ ဝတ်ပြု​ကိုးကွယ်ပုံ ဖြစ်ရမယ်။ ဝတ်ပြု​ကိုးကွယ်​သူရဲ့ ရည်ရွယ်ချက် စစ်မှန်​ရမယ်။

ကာ​အိ​နရဲ့ ဝတ်ပြုမှု ဘာကြောင့် ငြင်းပယ်​ခံရသလဲ

၄၊ ၅။ ပူဇော်သက္ကာ လက်ခံထိုက်သူဟာ ယေဟောဝါ ဖြစ်ကြောင်း ဘယ်အချက်တွေ​ကြောင့် ကာ​အိ​န ကောက်ချက် ချ​ခဲ့သလဲ။

ကမ္ဘာဦး ၄:၂-၅ ကိုဖတ်ပါ။ ပူဇော်သက္ကာ လက်ခံ​ထိုက်​သူဟာ ယေဟောဝါ ဖြစ်ကြောင်း ကာ​အိ​န သိထားတယ်။ ယေဟောဝါ​အကြောင်း သင်ယူဖို့ အချိန်နဲ့ အခွင့်အရေး အများကြီး ကာ​အိ​န​မှာ ရှိတယ်။ ကာ​အိ​န​နဲ့ ညီ​အာဗေလ ပူဇော်သက္ကာ ဆက်သတဲ့​အချိန်​မှာ အသက် ၁၀၀ နီးပါး ရှိနေ​နိုင်ပြီ။ * နှစ်ယောက်လုံး ဧဒင်ဥယျာဉ်​အကြောင်း သိပြီး ကြီးပြင်း​လာကြတယ်။ မြေ​ဩဇာ​ကောင်းတဲ့ ဥယျာဉ်​ကို အဝေးက​နေ​တောင် လှမ်းမြင်​ခဲ့​ဖွယ်​ရှိတယ်။ ဥယျာဉ်​ဝင်ပေါက်​မှာ စောင့်ကြပ်​နေတဲ့ ခေရုဗိမ်​တွေ​ကိုလည်း မြင်ခဲ့​ကြမှာပဲ။ (က. ၃:၂၄) သက်ရှိ​အားလုံးကို ယေဟောဝါ ဖန်ဆင်းခဲ့​ကြောင်း၊ လူသားတွေ​အတွက် မူလ​ရည်ရွယ်ချက်ဟာ အခုလို သေခြင်းကို တဖြည်းဖြည်း သက်ဆင်း​ရတဲ့ အခြေအနေ​မျိုး မဟုတ်​ကြောင်း မိဘတွေ ပြောပြခဲ့မှာ သေချာတယ်။ (က. ၁:၂၄-၂၈) ဒီ​အချက်တွေကို သိထား​တာ​ကြောင့် ဘုရားသခင်​ဆီ ပူဇော်သက္ကာ ဆက်သ​သင့်တယ်​ဆိုပြီး ကာအိန ကောက်ချက် ချ​ခဲ့​တာ ဖြစ်နိုင်တယ်။

တခြား​ဘယ်​အရာတွေကြောင့် ကာ​အိ​န ပူဇော်သက္ကာ ဆက်သ​ခဲ့​တာ ဖြစ်မလဲ။ ဧဝ ဆုံးဖြတ်ချက် မှားသွား​အောင် လှည့်ဖြား​ခဲ့​တဲ့ “မြွေ” ရဲ့ ခေါင်းကို ကြိတ်​မယ့် “မျိုးနွယ်” ပေါ်​လာမယ်​ဆိုပြီး ယေဟောဝါ ကြိုတင်​မိန့်ဆိုခဲ့တယ်။ (က. ၃:၄-၆၊ ၁၄၊ ၁၅) သားဦး​ကာ​အိ​န​က ကိုယ့်ကိုယ်ကိုယ် ကတိထားရာ “မျိုးနွယ်” လို့ ထင်ခဲ့ပုံရ​တယ်။ (က. ၄:၁) ဒီ့ပြင် ယေဟောဝါ​က အပြစ်ရှိ​လူသားတွေနဲ့ ဆက်သွယ်မှု​အားလုံး မ​ဖြတ်တောက်​ခဲ့​ဘူး။ အာဒံ အပြစ်​ကျူးလွန်​ပြီးတဲ့နောက်မှာ​တောင် ကောင်းကင်တမန်​က​တစ်ဆင့် ဘုရား စကားပြော​ခဲ့​တယ်။ (က. ၃:၈-၁၀) ကာ​အိ​န ပူဇော်သက္ကာ ဆက်သ​ပြီးတဲ့နောက်​မှာလည်း ယေဟောဝါ စကားပြော​ခဲ့​တယ်။ (က. ၄:၆) ယေဟောဝါဟာ ကိုးကွယ်ခံထိုက်​ကြောင်း ကာ​အိ​န သိခဲ့မှာ သေချာတယ်။

၆၊ ၇။ ကာ​အိ​နရဲ့ ပူဇော်သက္ကာ အရည်အသွေး ဒါမှမဟုတ် ပူဇော်​ပုံ မှားနေလို့​လား။ ရှင်းပြပါ။

ဒါဆိုရင် ကာ​အိ​နရဲ့ ပူဇော်သက္ကာ​ကို ယေဟောဝါ ဘာကြောင့် လက်မခံ​သလဲ။ ပူဇော်သက္ကာ အရည်အသွေး မကောင်း​လို့​များ​လား။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ကာအိန ‘သီးနှံ​တွေ’ ယူလာတယ်လို့​ပဲ ဖော်ပြ​ထားတယ်။ သီးနှံ ပူဇော်သက္ကာတွေကို လက်ခံ​ကြောင်း နောက်ပိုင်း မောရှေ​ကို ပေးခဲ့တဲ့ ပညတ်​မှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ (တော. ၁၅:၈၊ ၉) အခြေအနေတွေကို သုံးသပ်​ကြည့်ပါ။ သမိုင်း​အစမှာ လူသားတွေဟာ အသီးအနှံ​ပဲ စား​ခဲ့​ကြ​တာ။ (က. ၁:၂၉) ဧဒင်ဥယျာဉ် အပြင်ဘက်က မြေကြီးကို ဘုရား ကျိန်ဆို​ထားတဲ့​အတွက် သီးနှံ ဖြစ်ထွန်းဖို့ ကာ​အိ​န ပင်ပင်ပန်းပန်း စိုက်ပျိုး​ခဲ့​ရတယ်။ (က. ၃:၁၇-၁၉) ပင်ပင်ပန်းပန်း စိုက်ပျိုး​ထားတဲ့ အသက်ဆက်​စ​ရာ အစာကို ပူဇော်​ဆက်သ​ခဲ့​တာ​ပဲ။ ဒါတောင်မှ ကာ​အိ​နရဲ့ ပူဇော်သက္ကာ​ကို ယေဟောဝါ မနှစ်သက်​ခဲ့​ဘူး။

ဒါဆိုရင် ပူဇော်သက္ကာ ဆက်သ​နည်း မှား​နေလို့​လား။ လက်ခံနိုင်တဲ့​နည်းနဲ့ ကာ​အိ​န မ​ပူဇော်​ခဲ့လို့​လား။ ဟုတ်​ပုံ​မရဘူး။ ဘာကြောင့်လဲ။ ကာ​အိ​နရဲ့ ပူဇော်သက္ကာ​ကို ယေဟောဝါ ငြင်းပယ်​တုန်း​က ပူဇော်​ပုံ​နဲ့​ပတ်သက်ပြီး အပြစ်မတင်​ခဲ့လို့​ပဲ။ တကယ်တော့ ကာ​အိ​န​နဲ့ အာဗေလ​တို့ရဲ့ ပူဇော်​ပုံ​အကြောင်း မှတ်တမ်း မရှိဘူး။ ပြဿနာ​က ဘာလဲ။

ကာအိနရဲ့ ရည်ရွယ်ချက် မမှန်ခဲ့ (စာပိုဒ် ၈၊ ၉ ကို ကြည့်ပါ)

၈၊ ၉။ (က) ယေဟောဝါက ကာအိန ဒါမှမဟုတ် သူ့​ပူဇော်သက္ကာ​ကို ဘာကြောင့် မနှစ်သက်​သလဲ။ (ခ) ကာ​အိ​န​နဲ့ အာဗေလ​အကြောင်း ကျမ်း​မှတ်တမ်းကနေ မှတ်သား​စ​ရာ ဘယ်အချက် တွေ့ရသလဲ။

ကာ​အိ​န ပူဇော်​တဲ့ ရည်ရွယ်ချက် မမှန်ဘူး​ဆိုပြီး ဟီဘရူး​ကျမ်းပါ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ ကာ​အိ​န​မှာ ယုံကြည်ခြင်း မရှိဘူး။ (ဟီ. ၁၁:၄။ ၁ ယော. ၃:၁၁၊ ၁၂) ဒါကြောင့် ယေဟောဝါ​က ပူဇော်သက္ကာ​ကို မဟုတ်ဘဲ ကာ​အိ​န​ကို မျက်နှာသာ မပေးတာပေါ့။ (က. ၄:၅-၈) မေတ္တာရှင်​ဖခင် ယေဟောဝါ​က သားကို ကြင်နာစွာ တည့်မတ်​ပေးချင်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို ကာ​အိ​န ငြင်းပယ်ခဲ့​တယ်၊၊ ကာ​အိနရဲ့ စိတ်နှလုံးဟာ “ရန်လို​ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း” စတဲ့ မစုံလင်တဲ့ သွေးသား​ဆန္ဒ​တို့နဲ့ ဆိုးရွား​လာ​ခဲ့​တယ်။ (ဂ​လ. ၅:၁၉၊ ၂၀) ကာ​အိ​နရဲ့ မကောင်းတဲ့ သဘောထား​က သူ့​ဝတ်ပြုမှု​ရဲ့ ကောင်းတဲ့ ဘယ်​အသွင်အပြင်​ကို​မဆို တန်ဖိုး​မဲ့​သွားစေတယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ယေဟောဝါ​ဆီ အပြင်ပန်း ဆည်းကပ်ခြင်း​ထက်မက လိုအပ်​ကြောင်း ကာ​အိ​နရဲ့ ပုံဥပမာ​က သင်ပေးတယ်။

ကျမ်း​မှတ်တမ်းမှာ ကာ​အိ​န​အကြောင်း အများကြီး ဖော်ပြတယ်။ ကာ​အိ​န​ကို ယေဟောဝါ စကားပြော​တာ၊ ကာ​အိ​န တုံ့ပြန်တာ​တွေ ဖတ်​ရတယ်။ ကာ​အိ​နရဲ့ သားစဉ်မြေးဆက် နာမည်​တွေ၊ သူတို့ရဲ့ လုပ်ရပ်​တချို့​အကြောင်းကို​တောင် သိရတယ်။ (က. ၄:၁၇-၂၄) ဒါပေမဲ့ ကျမ်းစာမှာ အာဗေလ​ရဲ့ သားစဉ်မြေးဆက် မှတ်တမ်း မရှိတဲ့အပြင် သူ့​စကားတွေ​ကိုလည်း မဖော်ပြထားဘူး။ ဒါတောင်မှ အာဗေလ​ရဲ့ လုပ်ရပ်တွေ​က ဒီ​နေ့​အထိ ကျွန်တော်တို့ကို ဟောပြောနေ​တုန်း​ပါပဲ။ ဘယ်​နည်းနဲ့လဲ။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အာဗေလ စံနမူနာ ချမှတ်

၁၀။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အာဗေလ စံနမူနာ ဘယ်လို ချမှတ်​ခဲ့သလဲ။

၁၀ ယေဟောဝါ တစ်ပါးတည်းသာ​လျှင် ကိုးကွယ်ခံထိုက်​မှန်း အာဗေလ သိလို့ ပူဇော်သက္ကာ ဆက်သခဲ့တယ်။ “သိုးအုပ်​ထဲ​က သားဦး​တချို့” ကို ရွေးချယ်​ခဲ့​တာ​မို့ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ပူဇော်ရာ​ပလ္လင်​ပေါ်မှာ အာဗေလ ဆက်သ​ခဲ့​သလား၊ မ​ဆက်သ​ခဲ့​ဘူး​လား​ဆိုတာ ကျမ်း​မှတ်တမ်းမှာ မဖော်​ပြ​ထားပေမဲ့ လက်ခံနိုင်တဲ့​နည်းနဲ့ ပူဇော်​ခဲ့​မှန်း ထင်ရှား​ပါတယ်။ နှစ်ပေါင်း ခြောက်​ထောင်​လောက် ကြာပြီး​တာ​တောင် အာဗေလ​ရဲ့ ပူဇော်သက္ကာ​ကနေ သင်ယူ​ရတဲ့ အချက်ကတော့ ပူဇော်သက္ကာ ဆက်သ​တဲ့ ရည်ရွယ်ချက်​ပါပဲ။ ဘုရားကို ယုံကြည်ခြင်း၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မြတ်နိုးခြင်း​က အာဗေလ​ကို လှုံ့ဆော်​ပေးခဲ့​တယ်။ ဘယ်လို သိရသလဲ။

စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် အဓိကအချက်လေးချက်ကို အာဗေလ ပြည့်မီခဲ့ (စာပိုဒ် ၁၀ ကို ကြည့်ပါ)

၁၁။ အာဗေလ​ဟာ ဖြောင့်မတ်သူ ဖြစ်တယ်လို့ ယေရှု ဘာကြောင့် ပြောခဲ့​သလဲ။

၁၁ အာဗေလ​အကြောင်း ကောင်းကောင်း သိတဲ့ ယေရှုရဲ့ စကားကို ဦးဆုံး သုံးသပ်​ကြည့်ရအောင်။ မြေကြီးပေါ် အာဗေလ ရှိခဲ့​စဉ်​မှာ ယေရှု​က ကောင်းကင်မှာ။ အာဒံရဲ့ သား​အကြောင်း ယေရှု တကယ် စိတ်ဝင်စား​ခဲ့​တယ်။ (ပညာ. ၈:၂၂၊ ၃၀၊ ၃၁။ ယော. ၈:၅၈။ ကော. ၁:၁၅၊ ၁၆) ဒါကြောင့် အာဗေလ​ဟာ ဖြောင့်မတ်သူ ဖြစ်တယ်လို့ ယေရှု ပြောတဲ့အခါ မျက်မြင်​သက်သေ​အနေနဲ့ ထွက်ဆို​နေတာပါ။ (မ. ၂၃:၃၅) ဖြောင့်မတ်သူ​ဆိုတာ​ အမှားအမှန် စံနှုန်းကို ယေဟောဝါ​သာ ချမှတ်​သင့်​ကြောင်း အသိအမှတ်​ပြုသူ ဖြစ်တယ်။ ဒီထက်မက ဘုရား​စံနှုန်းတွေကို သဘောတူ​ကြောင်း ပြောဆို​ပြုမူပုံ​နဲ့ ဖော်ပြတယ်။ (လုကာ ၁:၅၊ ၆ နဲ့ နှိုင်းယှဉ်ပါ။) ဖြောင့်မတ်သူ​ဆိုတဲ့ နာမည်ကောင်း ရဖို့ အချိန်​ယူ​ရတယ်။ ဒါကြောင့် အာဗေလ​ဟာ ပူဇော်သက္ကာ မဆက်သခင်​ကတည်းက ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေ​ထိုင်​ခဲ့​မှာ သေချာတယ်။ လွယ်​တော့ မလွယ်​ပါဘူး။ သဘောထား ဆိုးညစ်​လာတဲ့ အစ်ကို​ကာ​အိ​န​ဟာ အာဗေလ​အပေါ် ကောင်းတဲ့​ဩဇာ သက်ရောက်​ခဲ့​မှာ မဟုတ်ဘူး။ (၁ ယော. ၃:၁၂) မိခင်​က ဘုရားရဲ့ တိုက်ရိုက် မိန့်မှာချက်ကို မနာခံ​ခဲ့​ဘူး။ ဖခင်​က အကောင်း​အဆိုးကို ကိုယ်တိုင် ဆုံးဖြတ်​ချင်​တာ​ကြောင့် ယေဟောဝါကို ပုန်ကန်​ခဲ့​တယ်။ (က. ၂:၁၆၊ ၁၇။ ၃:၆) မိသားစုနဲ့ မတူတဲ့ လမ်းစဉ် ရွေးချယ်​ဖို့ အာဗေလ ဘယ်လောက်တောင် သတ္တိ​ရှိခဲ့​ရမလဲ။

၁၂။ ကာ​အိ​န​နဲ့ အာဗေလ​ရဲ့ အဓိက​ကွာခြားချက်​က ဘာလဲ။

၁၂ ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ခြင်း အရည်အသွေးကို တမန်တော်​ပေါလု ဆက်စပ်ခဲ့​ပုံ​အကြောင်း သတိပြုပါ။ ပေါလု ဒီလို​ရေးခဲ့တယ်– “ယုံကြည်ခြင်း​ကြောင့် အာဗေလက ကာ​အိ​နရဲ့ ပူဇော်သက္ကာ​ထက် ပို​သာလွန်​တဲ့ ပူဇော်သက္ကာ​ကို ဘုရားသခင်​ဆီ ဆက်သခဲ့တယ်။ အဲဒီ​ယုံကြည်ခြင်း​ကြောင့် ဖြောင့်မတ်တယ်​ဆိုတဲ့ သက်သေခံချက်​ကို သူရရှိခဲ့တယ်။” (ဟီ. ၁၁:၄) ကာ​အိ​န​နဲ့ မတူဘဲ အာဗေလ​ဟာ ယေဟောဝါနဲ့ ဘုရား​နည်းလမ်း​တွေ​အပေါ် ဘဝတစ်လျှောက်လုံး အကြွင်းမဲ့ ယုံကြည်ခဲ့​ကြောင်း ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။

၁၃။ အာဗေလ​ရဲ့ စံနမူနာ​က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။

၁၃ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ဆိုတာ စိတ်ရင်းမှန်​မှ ဖြစ်နိုင်​ကြောင်း အာဗေလ​ရဲ့ စံနမူနာ​က သင်ပေးတယ်။ စိတ်ရင်း​မှန်တယ်​ဆိုတာ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ခြင်း၊ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အပြည့်အဝ သဘောတူ​ခြင်း​ပါပဲ။ ဒီ့ပြင် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဝတ်ပြုမှု​လုပ်ရပ်​တစ်ခု​ထက်မက ပါဝင်​ကြောင်း သိရတယ်။ အဲဒီ​ထဲမှာ ကျွန်တော်တို့ရဲ့ ဘဝ​တစ်ခုလုံး၊ ပြုမူ​နေထိုင်ပုံ​အားလုံး ပါဝင်​ပတ်သက်​တယ်။

စံနမူနာကို ဘိုးဘေး​တွေ လိုက်လျှောက်​ကြ

၁၄။ နောဧ၊ အာဗြဟံ၊ ယာကုပ်တို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ ဘာကြောင့် လက်ခံခဲ့​သလဲ။

၁၄ အာဗေလ​ဟာ ယေဟောဝါကို စင်ကြယ်​စွာ ဝတ်ပြု​ကိုးကွယ်​ခဲ့​တဲ့ ဦးဆုံး မစုံလင်သူ လူသား ဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံး ကိုးကွယ်သူ​တော့ မဟုတ်ဘူး။ ယေဟောဝါ လက်ခံတဲ့​နည်းနဲ့ ဝတ်ပြု​ကိုးကွယ်​ခဲ့​တဲ့ နောဧ၊ အာဗြဟံ၊ ယာကုပ်တို့​အကြောင်း တမန်တော်​ပေါလု ဖော်ပြခဲ့တယ်။ (ဟီဘရူး ၁၁:၇၊ ၈၊ ၁၇-၂၁ ကိုဖတ်ပါ။) ဘိုးဘေး​ယောက်​တိုင်း​က မိမိတို့​အသက်တာမှာ ယေဟောဝါ​ဆီ ပူဇော်သက္ကာ ဆက်သ​ခဲ့​ကြ​ပြီး ဘုရားကလည်း သူတို့ရဲ့ ပူဇော်သက္ကာတွေကို နှစ်သက်​ခဲ့​တယ်။ ဘာကြောင့်လဲ။ ဒီ​ဘိုးဘေး​တွေ​က ဝတ်​ကျေ​တမ်း​ကျေ ဆည်းကပ်​ခဲ့​ကြ​တာ မဟုတ်လို့​ပဲ။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အဓိက​တောင်းဆိုချက်​အားလုံးကို ယောက်​တိုင်း ပြည့်မီ​ခဲ့​ကြတယ်။ သူတို့ရဲ့ စံနမူနာကို သုံးသပ်​ကြည့်ပါ။

နောဧရဲ့ ပူဇော်သက္ကာတွေက အကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိစေခဲ့ (စာပိုဒ် ၁၅၊ ၁၆ ကို ကြည့်ပါ)

၁၅၊ ၁၆။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အဓိက တောင်းဆိုချက်​လေးချက်​ကို နောဧ ဘယ်လို ပြည့်မီ​ခဲ့​လဲ။

၁၅ အာဒံ သေဆုံး​ပြီး ၁၂၆ နှစ်​အကြာမှာ နောဧ မွေးခဲ့တယ်။ ကမ္ဘာတစ်ခုလုံး မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်မှု ပျံ့နှံ့​နေချိန်မှာ နောဧ ကြီးပြင်းခဲ့​တယ်။ * (က. ၆:၁၁) ရေလွှမ်းမိုး​ဘေးမ​တိုင်​ခင် မြေကြီးပေါ် အသက်ရှင်​တဲ့ မိသားစု​တွေ​ထဲမှာ နောဧ​နဲ့ မိသားစု​ပဲ ယေဟောဝါ နှစ်သက်​လက်ခံ​တဲ့​နည်းနဲ့ ဝတ်ပြု​ခဲ့​ကြတယ်။ (၂ ပေ. ၂:၅) ရေလွှမ်းမိုး​ဘေး​ကနေ အသက်ရှင် လွတ်မြောက်​ပြီးတဲ့နောက် ပူဇော်ရာ​ပလ္လင်​တစ်ခု တည်​ပြီး ယေဟောဝါဆီ ပူဇော်သက္ကာ ဆက်သခဲ့တယ်။ ဒါဟာ ကျမ်းစာမှာ ဦးဆုံး​အကြိမ် ဖော်ပြတဲ့ ပူဇော်ရာ​ပလ္လင် ဖြစ်တယ်။ ယေဟောဝါ တစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်​ကြောင်း သားစဉ်မြေးဆက်​တွေကို နောဧ ရှင်းရှင်းလင်းလင်း သိ​စေခဲ့တယ်။ ပူဇော်သက္ကာ ဆက်သဖို့ ရ​နိုင်သမျှ တိရစ္ဆာန်​အားလုံး​ထဲ​က “သန့်ရှင်းတဲ့ တိရစ္ဆာန်တွေနဲ့ ပျံ​တတ်တဲ့ သတ္တဝါ​တွေ​ထဲ​က​တချို့” ကို ရွေး​ခဲ့​တယ်။ (က. ၈:၂၀) ပူဇော်သက္ကာ​တွေ သန့်ရှင်းတယ်လို့ ယေဟောဝါ​ကိုယ်တိုင် မိန့်ဆိုခဲ့​တာ​မို့ ပူဇော်သက္ကာ အရည်အသွေး ဟာ အကောင်းဆုံး ဖြစ်ခဲ့တယ်။—က. ၇:၂

၁၆ နောဧ​က တည်ထား​တဲ့ ပူဇော်ရာ​ပလ္လင်​ပေါ်မှာ မီးရှို့​ရာ ပူဇော်သက္ကာ​တွေ ဆက်သခဲ့တယ်။ ဒီ​ပူဇော်​ဝတ်ပြုနည်း​က နှစ်သက်​လက်ခံ​ဖွယ် ဖြစ်ခဲ့​ပါသလား။ ဖြစ်ခဲ့​ပါတယ်။ ပူဇော်သက္ကာရဲ့ မွှေး​ကြိုင်​တဲ့ ရနံ့​ကို ယေဟောဝါ နှစ်သက်​လက်ခံတယ်၊ နောဧ​နဲ့ သားတွေကို ကောင်းချီး​ပေးခဲ့တယ်လို့ ကျမ်း​မှတ်တမ်းမှာ ဖော်ပြ​ထားတယ်။ (က. ၈:၂၁။ ၉:၁) အဓိက,ကတော့ ပူဇော်သက္ကာ ဆက်သ​တဲ့ ရည်ရွယ်ချက်​ကြောင့် ယေဟောဝါ လက်ခံခဲ့​တာ​ပါ။ ယေဟောဝါနဲ့ ယေဟောဝါရဲ့ နည်းလမ်းတော်​တွေကို နောဧ အခိုင်အမာ ယုံကြည်​ကြောင်း ဒီ​ပူဇော်သက္ကာ​တွေ​က ထပ်ဆင့်​ဖော်ပြတယ်။ ယေဟောဝါကို အမြဲ နာခံပြီး ဘုရား​စံနှုန်းတွေကို ကိုင်စွဲ​တဲ့​အတွက် “ဘုရားသခင့် လမ်းစဉ်​အတိုင်း လျှောက်လှမ်းသူ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ ရလဒ်အနေနဲ့ နောဧ​ဟာ ဖြောင့်မတ်သူ​အဖြစ် တည်မြဲ​တဲ့ နာမည်ကောင်း ရခဲ့တယ်။—က. ၆:၉။ ယေဇ. ၁၄:၁၄။ ဟီ. ၁၁:၇

၁၇၊ ၁၈။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အဓိက တောင်းဆိုချက်​လေးချက်​ကို အာဗြဟံ ဘယ်လို ပြည့်မီ​ခဲ့သလဲ။

၁၇ အာဗြဟံရဲ့ ပတ်ဝန်းကျင်မှာ မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်မှု​တွေ​ချည်း​ပဲ။ ဇာတိမြို့ ဥရ​မှာ လ​နတ်ဘုရား နန္န​ကို ဂုဏ်တင်တဲ့ ဗိမာန် ရှိတယ်။ * အာဗြဟံရဲ့ ဖခင်​တောင်မှ မှားယွင်းတဲ့ ဘုရားတွေကို တစ်ချိန်က ကိုးကွယ်​ခဲ့​တယ်။ (ယရ. ၂၄:၂) အာဗြဟံ​ကတော့ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​ဖို့ ရွေးချယ်ခဲ့တယ်။ အာဗြဟံ​ဟာ နောဧ​သား ဘိုးဘေး​ရှေမ​ဆီကနေ စစ်မှန်တဲ့ ဘုရား​အကြောင်း သင်ယူ​ခဲ့​ပုံ​ရတယ်။ ရှေမ​ရဲ့ သက်တမ်း ၁၅၀ လောက်​ကို မီ​ခဲ့​တယ်။

၁၈ အာဗြဟံ​က ဘဝ​တစ်လျှောက်လုံးမှာ ပူဇော်သက္ကာ​များစွာ ဆက်သခဲ့တယ်။ ဒါပေမဲ့ ကိုးကွယ်ခံထိုက်​ရှင် ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ပူဇော်​ခဲ့​တယ်။ (က. ၁၂:၈။ ၁၃:၁၈။ ၁၅:၈-၁၀) ယေဟောဝါကို အရည်အသွေး အကောင်းဆုံး ပူဇော်သက္ကာ ဆက်သဖို့ အာဗြဟံ ပြင်ဆင်​ခဲ့​သလား။ ချစ်​သား​အိဇက်​ကို ပူဇော်​ဖို့ တလိုတလား ရှိခဲ့တာ ကြည့်မယ်​ဆိုရင် အ​ဖြေရှင်း​ပါတယ်။ အာဗြဟံ ပူဇော်​သင့်တဲ့​နည်း အတိအကျ​ကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (က. ၂၂:၁၊ ၂) အသေးစိတ်​က​အစ လိုက်နာ​ဖို့ အာဗြဟံ တလိုတလား​ရှိခဲ့တယ်။ သားကို တကယ် မ​သတ်ဖို့ အာဗြဟံ​ကို ယေဟောဝါ တား​ခဲ့​ရတယ်။ (က. ၂၂:၉-၁၂) စိတ်ရင်း​စေတနာ​မှန်​နဲ့ ပူဇော်​ခဲ့​တဲ့​အတွက် အာဗြဟံရဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယေဟောဝါ လက်ခံခဲ့တယ်။ “အာဗြဟံ​က ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူ​လို့ သတ်မှတ်တယ်” ဆိုပြီး ပေါလု ရေးခဲ့တယ်။—ရော. ၄:၃

မိသားစုအတွက် ယာကုပ် စံနမူနာ ချမှတ်ခဲ့ (စာပိုဒ် ၁၉၊ ၂၀ ကို ကြည့်ပါ)

၁၉၊ ၂၀။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အဓိက တောင်းဆိုချက်​လေးချက်​ကို ယာကုပ် ဘယ်လို ပြည့်မီ​ခဲ့သလဲ။

၁၉ အာဗြဟံ​နဲ့ သားစဉ်မြေးဆက်​တွေ​အတွက် ယေဟောဝါ ကတိ​ပေးထားတဲ့ ခါနန်ပြည်​မှာ ယာကုပ်ရဲ့ သက်တမ်း အများစု ကုန်ဆုံး​ခဲ့​တယ်။ (က. ၁၇:၁၊ ၈) အဲဒီ​ပြည်မှာ မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်မှု ပျံ့နှံ့​နေတဲ့​အတွက် ပြည်သား​တွေ “နှင်ထုတ်ခံ​ရမယ်” ဆိုပြီး ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ဝတ်. ၁၈:၂၄၊ ၂၅) ယာကုပ် အသက် ၇၇ နှစ်မှာ ခါနန်ပြည်​က ထွက်လာပြီး အိမ်ထောင်​ပြုခဲ့တယ်။ နောက်ပိုင်းမှာ အိမ်ထောင်စု​ကြီး​နဲ့ ခါနန်ပြည် ပြန်လာ​ခဲ့​တယ်။ (က. ၂၈:၁၊ ၂။ ၃၃:၁၈) ဒါပေမဲ့ မိသားစုဝင်​တချို့ကို မှားယွင်းတဲ့ ဝတ်ပြုမှု​က လွှမ်းမိုး​သွားခဲ့တယ်။ ဗေသလ​မြို့ကို သွားပြီး ပူဇော်ရာ​ပလ္လင် တည်​ဖို့ ယေဟောဝါ မိန့်မှာ​တဲ့အခါ​မှာ​တော့ ယာကုပ် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ “မင်းတို့မှာ​ရှိတဲ့ နတ်ဘုရား ရုပ်တုတွေကို လွှင့်ပစ်​ကြ၊ ကိုယ်လက် သန့်စင်” ကြ ဆိုပြီး မိသားစုကို ပြောခဲ့​တ​ယ်။ ညွှန်ကြားချက်တွေကို သစ္စာရှိ​ရှိ လိုက်နာခဲ့တယ်။—က. ၃၅:၁-၇

၂၀ ကတိထားရာပြည်မှာ ပူဇော်ရာ​ပလ္လင်​အတော်များများကို ယာကုပ် တည်​ဆောက်ခဲ့တယ်။ ဒါပေမဲ့ ကိုးကွယ်ခံထိုက်​သူဟာ အမြဲ ယေဟောဝါ ဖြစ်ခဲ့တယ်။ (က. ၃၅:၁၄။ ၄၆:၁) ပူဇော်သက္ကာ အရည်အသွေး၊ ဘုရားကို ဝတ်ပြု​ကိုးကွယ်ပုံ၊ ပူဇော်​တဲ့ ရည်ရွယ်ချက်​တို့​ကြောင့် ကျမ်းစာမှာ ယာကုပ်​ကို “အပြစ်​ပြောစရာ မရှိတဲ့​သူ” လို့ ခေါ်ခဲ့တယ်။ ဒါက ဘုရားရဲ့ နှစ်သက်​လက်ခံမှု ရသူတွေ​အတွက် သုံးတဲ့ အသုံးအနှုန်း ဖြစ်တယ်။ (က. ၂၅:၂၇) ယာကုပ်​က မိမိ​ကနေ ဆင်းသက်​လာမယ့် အစ္စရေး​လူမျိုး​အတွက် ဘဝ​လမ်းစဉ်​အားဖြင့် စံနမူနာ​ကောင်း ချမှတ်​ခဲ့​တယ်။—က. ၃၅:၉-၁၂

၂၁။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အကြောင်း ဘိုးဘေး​တွေ ချမှတ်​ခဲ့​တဲ့ ပုံနမူနာ​တွေ​ကနေ ဘာသင်ယူနိုင်သလဲ။

၂၁ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်ပြီး ဘိုးဘေး​တွေရဲ့ စံနမူနာတွေက​နေ ဘာသင်ယူနိုင်သလဲ။ ဒီ​ဘိုးဘေး​တွေ​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်ခြင်း​ကနေ အာရုံ​လွဲသွား​စေနိုင်တဲ့​သူတွေ၊ မိသားစုဝင်​တွေ​ကြားမှာ နေကြ​ရတယ်။ ဒီ​ဖိအားတွေကို တွန်းလှန်​နိုင်ဖို့ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မြဲ​နေရမယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေဟာ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်​စိတ်ချ​ရမယ်။ ယေဟောဝါကို နာခံခြင်း၊ ဘုရား​အမှုဆောင်​ရာ​မှာ အချိန်၊ ခွန်အား၊ ရုပ်ပစ္စည်း​တွေ ပေးဆက်ခြင်းအားဖြင့် ယုံကြည်​စိတ်ချကြောင်း ဖော်ပြ​ကြတယ်။ (မ. ၂၂:၃၇-၄၀။ ၁ ကော. ၁၀:၃၁) ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းရည်၊ စိတ်ရင်းမှန်နဲ့ ယေဟောဝါ တောင်းဆိုတဲ့ နည်းလမ်း​အတိုင်း ဝတ်ပြု​ကိုးကွယ်တဲ့​အခါ ကျွန်တော်တို့ကို ဖြောင့်မတ်သူ​အဖြစ် ဘုရား ရှုမြင်​ကြောင်း သိရခြင်းက ဘယ်လောက်​အားရှိစရာ ကောင်း​လိုက်​သလဲ။ယာကုပ် ၂:၁၈-၂၄ ကိုဖတ်ပါ။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ဆည်းကပ်​ခဲ့​တဲ့ လူမျိုး

၂၂-၂၄။ အစ္စရေး​လူမျိုးရဲ့ ပူဇော်သက္ကာ​နဲ့​ပတ်သက်ပြီး ပူဇော်​ခံထိုက်​သူ၊ ပူဇော်ပုံ၊ ပူဇော်သက္ကာ အရည်အသွေး​တို့ရဲ့ အရေးကြီးမှုကို ပညတ်တရား​က ဘယ်လို အလေး​ပေးထား​သလဲ၊၊

၂၂ ယေဟောဝါ​က ယာကုပ်ရဲ့ သားစဉ်မြေးဆက်​တွေကို ပညတ်တရား ပေးခဲ့​တယ်။ ဒါကြောင့် သူတို့ဆီက ဘုရား ဘာ​တောင်းဆို​မှန်း ရှင်းရှင်းလင်းလင်း သိခဲ့ကြတယ်။ ယေဟောဝါကို နာခံ​ရင် ဘုရားရဲ့ “တန်ဖိုး​အထား​ရ​ဆုံး​လူမျိုး၊” “သန့်ရှင်းတဲ့​လူမျိုး” ဖြစ်လာမယ်။ (ထွ. ၁၉:၅၊ ၆) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အဓိက​အချက်လေး​ချက်​ကို ပညတ်တရား​က အလေးပေး​ထား​ပုံ​အကြောင်း သတိပြုပါ။

၂၃ ဘယ်သူ့ကို ဝတ်ပြု​ကိုးကွယ်​သင့်​ကြောင်း အစ္စရေးတွေကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ “ငါက​လွဲလို့ တခြား​ဘုရားတွေကို မကိုးကွယ်​နဲ့” ဆိုပြီး ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွ. ၂၀:၃-၅) ဘုရားဆီ ဆက်သ​တဲ့ ပူဇော်သက္ကာ အရည်အသွေးဟာ အကောင်းဆုံး ဖြစ်ရမယ်။ ဥပမာ၊ တိရစ္ဆာန်​ပူဇော်သက္ကာ​တွေဟာ အပြစ်အနာအဆာ မရှိ​ရ​ဘူး။ (ဝတ်. ၁:၃။ တရား. ၁၅:၂၁။ မာလခိ ၁:၆-၈ နဲ့ နှိုင်းယှဉ်ပါ။) လေဝိသားတွေ​ဟာ ယေဟောဝါ​ဆီ ဆက်သ​တဲ့ ပူဇော်သက္ကာ​တွေ​ကနေ အကျိုးရ​ကြပေမဲ့ ကိုယ်တိုင်လည်း ပူဇော်သက္ကာ ဆက်သ​ကြရတယ်။ “ရတဲ့ လက်ဆောင်တွေ​ထဲက အကောင်းဆုံး​အလှူ” ကို ဆက်သ​ကြရမယ်။ (တော. ၁၈:၂၉) ဝတ်ပြု​ကိုးကွယ်ပုံ​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဆီ ဘာ​ပူဇော်​ရမယ်၊ ဘယ်​နေရာမှာ၊ ဘယ်လို ပူဇော်​ရမယ်ဆိုတဲ့ ညွှန်ကြားချက် အတိအကျ အစ္စရေး​တွေ ရထား​ကြတယ်။ သူတို့ရဲ့ အ​ပြု​အမူ​ကို လမ်းညွှန်​ပေးဖို့ ပညတ် ၆၀၀ ကျော် ရထား​ကြတယ်။ “ယေဟောဝါ​ဘုရား မိန့်မှာ​ထားတဲ့​အတိုင်း ဂရုတစိုက် လိုက်နာ​ကြပါ။ ဘယ်​ညာ မလွဲသွား​ကြနဲ့” လို့ မိန့်မှာ​ခံရတယ်။—တရား. ၅:၃၂

၂၄ အစ္စရေး​တွေ ဘယ်​နေရာမှာ ပူဇော်သက္ကာ ဆက်သ​သလဲ​ဆိုတာ တကယ်ပဲ အရေးကြီး​သလား။ အရေးကြီးပါတယ်။ ယေဟောဝါ​က မိမိ​လူမျိုးကို သန့်ရှင်း​ရာ​တဲတော် ဆောက်​ဖို့ ညွှန်ကြားခဲ့တယ်။ တဲတော်ဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အဓိက​ကျ​တဲ့​နေရာ ဖြစ်လာခဲ့တယ်။ (ထွ. ၄၀:၁-၃၊ ၂၉၊ ၃၄) အဲဒီတုန်းက အစ္စရေး​တွေဟာ ပူဇော်သက္ကာတွေကို ဘုရား နှစ်သက်​လက်ခံဖို့ သန့်ရှင်း​ရာ​တဲတော်​ဆီ ယူလာခဲ့​ကြရတယ်။ *တရား. ၁၂:၁၇၊ ၁၈

၂၅။ ပူဇော်သက္ကာ​နဲ့​ပတ်သက်ပြီး ဘာက အရေးကြီးဆုံးလဲ။ ရှင်းပြပါ။

၂၅ ဒါပေမဲ့ ပူဇော်သက္ကာ ဆက်သ​တဲ့ ရည်ရွယ်ချက်​က ပို​အရေးကြီးတယ်။ ယေဟောဝါနဲ့ ဘုရား​စံနှုန်းတွေကို တကယ် ချစ်မြတ်နိုး​လို့ ဖြစ်ရမယ်၊၊ (တရားဟောရာ ၆:၄-၆ ကိုဖတ်ပါ။) စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့​ပတ်သက်ပြီး ဝတ်​ကျေ​တမ်း​ကျေ လုပ်ဆောင်တဲ့​အခါ ပူဇော်သက္ကာတွေကို ယေဟောဝါ ငြင်းပယ်ခဲ့​တယ်။ (ဟေရှာ. ၁:၁၀-၁၃) အနှစ်သာရ​မရှိတဲ့ အပြင်ပန်း ဝတ်ပြုမှု​နဲ့ ယေဟောဝါ လှည့်စား​မခံ​ကြောင်းကို “ဒီ​လူမျိုးဟာ . . . နှုတ်​နဲ့​ပဲ ငါ့ကို ရိုသေ​ကြတယ်။ သူတို့ရဲ့ စိတ်​ကတော့ ငါ​နဲ့​ဝေး​လှတယ်” ဆိုပြီး ပရောဖက် ဟေရှာယ​က​တစ်ဆင့် မိန့်ဆိုခဲ့တယ်။—ဟေရှာ. ၂၉:၁၃

ဗိမာန်တော်မှာ ဝတ်ပြု​ကိုးကွယ်မှု

၂၆။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် ရှောလမုန် တည်ဆောက်ခဲ့​တဲ့ ဗိမာန်တော်ရဲ့ အခန်းကဏ္ဍ​က ဘာလဲ။

၂၆ ကတိထားရာပြည်မှာ အစ္စရေး​တွေ အခြေချ​ပြီးနောက် ရာစုနှစ်များစွာ​အကြာမှာ ဘုရင်​ရှောလမုန်က စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အဓိက​နေရာ​အဖြစ် တဲတော်​ထက် ခမ်းနား​ကြီးကျယ်တဲ့ အဆောက်အဦ​တစ်ခု ဆောက်​လုပ်ခဲ့တယ်။ (၁ ဘု. ၇:၅၁။ ၂ ရာ. ၃:၁၊ ၆၊ ၇) အစပိုင်းမှာတော့ ဗိမာန်တော်မှာ ဆက်သ​တဲ့ ပူဇော်သက္ကာတွေကို လက်ခံ​သူဟာ ယေဟောဝါ​တစ်ပါးတည်းသာ ဖြစ်တယ်။ ရှောလမုန်​နဲ့ ပြည်သူပြည်သား​တွေ​က အရည်အသွေး​ကောင်းတဲ့ ပူဇော်သက္ကာ​များစွာကို ဘုရား​ပညတ်​မှာ ဖော်ပြ​ထားတဲ့ နည်း​အတိုင်း ဆက်သ​ခဲ့​ကြ​တယ်။ (၁ ဘု. ၈:၆၃) ဒါပေမဲ့ အဆောက်အဦ​အတွက် ကုန်ကျ​စရိတ်၊ ပူဇော်သက္ကာ အရေအတွက်​ကို ကြည့်ပြီး ယေဟောဝါ လက်ခံ​တာ မဟုတ်ပါဘူး။ ပူဇော်​တဲ့ ရည်ရွယ်ချက်​က အရေးကြီးတယ်။ ဗိမာန်တော်ကို အပ်နှံ​တဲ့အခါ ဒီအချက်ကို ရှောလမုန် အလေးပေး​ခဲ့​တယ်။ “ဒီနေ့​မှာ​လို​ပဲ ကိုယ်တော့်​စည်းမျဉ်းတွေ​အတိုင်း လိုက်လျှောက်​ကြပါ။ ပညတ်ချက်တွေကို လိုက်နာ​ကြပါ။ ဒီ​နည်းနဲ့ ယေဟောဝါ​ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​နိုင်ကြပါစေ” ဆိုပြီး ပြောခဲ့​တယ်။—၁ ဘု. ၈:၅၇-၆၁

၂၇။ အစ္စရေး​ဘုရင်တွေနဲ့ ပြည်သူပြည်သား​တွေ ဘာ​လုပ်ခဲ့ကြသလဲ။ ယေဟောဝါ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၂၇ ဝမ်းနည်းစရာကတော့ ဘုရင့်​ပညာရှိ​လမ်းညွှန်ချက်ကို အစ္စရေး​တွေ ဆက်မလိုက်​လျှောက်​ခဲ့​ကြဘူး။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ အဓိက​တောင်းဆိုချက်​တစ်ချက်​ထက်မက ပြည့်မီ​ဖို့ ပျက်ကွက်​ခဲ့​ကြတယ်။ အစ္စရေး​ဘုရင်တွေနဲ့ ပြည်သူပြည်သား​တွေ စိတ်နှလုံး ယိုယွင်း​လာကြတယ်။ ယေဟောဝါအပေါ် ယုံကြည်ခြင်း ပျောက်ဆုံး​ပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို စွန့်ပယ်​ခဲ့​ကြတယ်။ သူတို့ကို တည့်မတ်​ပေးဖို့၊ သူတို့​လုပ်ရပ်တွေရဲ့ အကျိုးဆက်​တွေ​အကြောင်း သတိ​ပေးဖို့ ပရောဖက်​တွေကို ယေဟောဝါ မေတ္တာပါပါ အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။ (ယေ. ၇:၁၃-၁၅၊ ၂၃-၂၆) အဲဒီ​ပရောဖက်​တွေ​ထဲမှာ ထူးခြား​သူကတော့ သစ္စာရှိ ယေဇကျေလ​ပါပဲ။ သူဟာ စင်ကြယ်​တဲ့ ဝတ်ပြုရေး​သမိုင်းကြောင်း​ရဲ့ အရေးကြီးတဲ့ ခေတ်​ကာလမှာ အသက်ရှင်​ခဲ့​တယ်။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ယိုယွင်း​လာတာ ယေဇကျေလ တွေ့မြင်

၂၈၊ ၂၉။ ယေဇကျေလ​အကြောင်း ဘာ​သိရသလဲ။ (“ယေဇကျေလရဲ့ ဘဝအသက်တာနဲ့ အချိန်ကာလ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၂၈ ရှောလမုန် တည်ဆောက်ခဲ့​တဲ့ ဗိမာန်တော်​က ဝတ်ပြုရေး​အကြောင်းကို ယေဇကျေလ သိကျွမ်း​ခဲ့​တယ်။ သူ့​ဖခင်​က ဗိမာန်တော်မှာ အလှည့်ကျ အမှုဆောင်​ရတဲ့ ပုရောဟိတ်​တစ်ယောက်​ပေါ့။ (ယေဇ. ၁:၃) ယေဇကျေလရဲ့ အစောပိုင်း​နှစ်တွေ​က ပျော်ရွှင်​စ​ရာ​ကောင်း​ခဲ့​ပုံ​ပါပဲ။ ဖခင်​က ယေဟောဝါ​အကြောင်း၊ ပညတ်​ကျမ်း​အကြောင်း သင်ပေးခဲ့​မှာ သေချာတယ်။ ယေဇကျေလ မွေးတဲ့​အချိန်​လောက်​မှာ “ပညတ်​ကျမ်းလိပ်” ကို ဗိမာန်တော်မှာ တွေ့ခဲ့တယ်။ * မင်းကောင်း​ယောရှိ​ဟာ ကြား​လိုက်ရ​တဲ့​အရာတွေကြောင့် စိတ်ထိမိ​ခဲ့လို့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု မြှင့်တင်​ရာ​မှာ ပို​ကြိုးစား​အားထုတ်​ခဲ့​တယ်။—၂ ဘု. ၂၂:၈-၁၃

ယေဇကျေလရဲ့ ဖခင်က ယေဟောဝါအကြောင်း၊ ပညတ်တရားအကြောင်း သင်ပေးခဲ့ (စာပိုဒ် ၂၈ ကို ကြည့်ပါ)

၂၉ မိမိ​ရှေ့​က သစ္စာရှိ​သူတွေလို​ပဲ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် အဓိက တောင်းဆိုချက်​လေးချက်​ကို ယေဇကျေလ ပြည့်မီ​ခဲ့​တယ်။ ယေဇကျေလကျမ်း​ကို သုံးသပ်​တဲ့အခါ ယေဟောဝါ​အတွက် အကြွင်းမဲ့ အမှုဆောင်ခဲ့တာ၊ အမြဲ အကောင်းဆုံး ပေးဆက်​ခဲ့​တာ၊ ယေဟောဝါ တောင်းဆိုတာ​တွေကို တောင်းဆိုတဲ့​နည်း​အတိုင်း နာခံမှု​ရှိရှိ လုပ်ဆောင်ခဲ့​တာ တွေ့နိုင်တယ်။ အမှန်တကယ် ယုံကြည်လို့ ဒါတွေ​အားလုံးကို ယေဇကျေလ လုပ်ဆောင်ခဲ့​တာ​ပါ။ တစ်ခေတ်တည်းသား​အများစုက​တော့ ဒီလို​မဟုတ်ဘူး။ ယေဇကျေလ​ဟာ ယေရမိ​ပရောဖက်ပြုချက်တွေကို နားထောင်ပြီး ကြီးပြင်းခဲ့​တယ်။ ယေရမိ​က ဘီစီ ၆၄၇ မှာ စတင် ပရောဖက်ပြု​ခဲ့​ပြီး ယေဟောဝါရဲ့ တရား​စီရင်ခြင်း​အကြောင်း ထက်သန်​စွာ သတိပေး​ခဲ့​သူ ဖြစ်တယ်။

၃၀။ (က) ယေဇကျေလ မှတ်တမ်းတင်​ခဲ့​တဲ့ ပရောဖက်ပြုချက်​တွေ​က ဘာကို ဖော်ပြသလဲ။ (ခ) ပရောဖက်ပြုချက်​ဆိုတာ ဘာလဲ။ ယေဇကျေလ ပရောဖက်ပြုချက်တွေကို ဘယ်လို နားလည်​ရမလဲ။ (“ယေဇကျေလ ပရောဖက်ပြုချက်များကို နားလည်ခြင်း” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၃၀ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းက​နေ ဘုရား​လူမျိုး ဘယ်လောက် လမ်းလွဲ​နေ​ကြောင်း ယေဇကျေလရဲ့ မှတ်တမ်းတွေက ဖော်ပြတယ်။ (ယေဇကျေလ ၈:၆ ကိုဖတ်ပါ။) ယုဒပြည်​ကို ယေဟောဝါ ဆုံးမ​ချိန်မှာ ဗာဗုလုန်ပြည်​ကို သုံ့ပန်း​အဖြစ် ခေါ်ဆောင်​ခံရသူတွေ​ထဲ ယေဇကျေလ​လည်း ပါတယ်။ (၂ ဘု. ၂၄:၁၁-၁၇) သုံ့ပန်း​အဖြစ် ခေါ်သွား​ခံရပေမဲ့ ယေဇကျေလ အပြစ်ပေး​ခံ​နေရတာ မဟုတ်ဘူး။ ပြည်နှင်ခံ​လူမျိုးအလယ်​မှာ ယေဇကျေလ​ကို ယေဟောဝါ လုပ်​စေချင်တဲ့ တာဝန် ရှိတယ်။ ယေဇကျေလ မှတ်တမ်းတင်​ခဲ့​တဲ့ အံ့ဖွယ်​စိတ်အာရုံ​တွေ၊ ပရောဖက်ပြုချက်​တွေ​က ဂျေရုဆလင်​မြို့မှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ဘယ်လို ပြန်လည်​တည်ထောင်​မယ်​ဆိုတာ ဖော်ပြတယ်။ ဒီ့ပြင် ယေဟောဝါကို ချစ်မြတ်နိုးသူ​အားလုံး​အတွက် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ဘယ်လို အပြည့်အဝ တည်ထောင်​လာမလဲ​ဆိုတာ​ကိုလည်း သိမြင်​စေတယ်။

၃၁။ ဒီ​စာအုပ်​က ကျွန်တော်တို့ကို ဘာလုပ်ဖို့ ကူညီပေး​သလဲ။

၃၁ ဒီ​စာအုပ်ရဲ့ နောက်​အပိုင်း​တွေ​မှာ ယေဟောဝါ စံမြန်း​ရာ​အရပ်​အကြောင်း၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ဘယ်လိုနည်းနဲ့ လုံးဝ ညစ်ညမ်း​သွားခဲ့​ကြောင်း၊ ယေဟောဝါ​က မိမိ​လူမျိုးကို ဘယ်လို ပြန်လည်​ထူထောင်​ကာကွယ်​ခဲ့​ကြောင်း၊ လူသား​တိုင်း ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​လာ​ကြ​မယ့် အနာဂတ်​အကြောင်း သိ​ရပါမယ်။ နောက်​အခန်းမှာ ယေဇကျေလ မှတ်တမ်းတင်​ခဲ့​တဲ့ ပထမဆုံး စိတ်အာရုံ​ကို သုံးသပ်​ကြပါမယ်။ ယေဟောဝါ​အကြောင်း၊ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်း​အကြောင်း စိတ်အာရုံ​က ရုပ်လုံးပေါ်​လာ​စေပါလိမ့်မယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဘုရား​တစ်ပါး​တည်းကသာ ဘာကြောင့် ရထိုက်​ကြောင်း​ကိုလည်း ပေါ်လွင်စေပါ​လိမ့်မယ်။

^ အပိုဒ်၊ 4 ဧဒင်ဥယျာဉ်​ကနေ အာဒံနဲ့ ဧဝ နှင်ထုတ်​ခံရပြီး သိပ်​မကြာခင်မှာ အာဗေလ​ကို ကိုယ်ဝန်ဆောင်​ခဲ့​ပုံ​ရတယ်။ (က. ၄:၁၊ ၂) “အာဗေလ​အစား” ရှေ​သ​ကို ခန့်​လိုက်ပြီ​ဆိုပြီး ကမ္ဘာဦး ၄:၂၅ မှာ ဖော်ပြတယ်။ အာဗေလ အသတ်ခံရ​ပြီးတဲ့နောက် ရှေ​သ​ကို မွေးတဲ့​အခါ အာဒံ့​အသက် ၁၃၀ ရှိပြီ။ (က. ၅:၃) ဒါကြောင့် အာဗေလ​ကို ကာ​အိ​န သတ်​လိုက်​ချိန်မှာ အာဗေလ အသက် ၁၀၀ လောက် ရှိ​နိုင်တယ်။

^ အပိုဒ်၊ 15 ကမ္ဘာဦး ၄:၂၆ အရ အာဒံ့​မြေး ဧနောက်​ခေတ်မှာ “ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်​စ​ပြုကြ​ပြီ။” ဒါပေမဲ့ ယေဟောဝါရဲ့ နာမည်ကို ရုပ်တုတွေ​နဲ့ ဆက်စပ်ပြီး မရိုမသေ​ပြုခဲ့ကြတာ ထင်ရှားတယ်။

^ အပိုဒ်၊ 17 နတ်ဘုရား နန္န​ကို စင်​နတ်ဘုရား​လို့​လည်း သိကြတယ်။ ဥရမြို့သား​တွေ​က နတ်ဘုရားများ​စွာ ကိုးကွယ်​ကြပေမဲ့ မြို့ထဲက ဘုံ​ဗိမာန်တွေ​နဲ့ ယဇ်​ပလ္လင်​တွေဟာ နန္န နတ်ဘုရားအတွက် ဖြစ်တယ်။

^ အပိုဒ်၊ 24 သန့်ရှင်း​ရာ တဲတော်​ထဲ​ကနေ ပဋိညာဉ်သေတ္တာ​ကို ရွှေ့​ပြီးတဲ့နောက် တဲတော်​အပြင် တခြား​နေရာတွေမှာ ပူဇော်သက္ကာ​တွေ ဆက်သတာ​ကိုလည်း ယေဟောဝါ လက်ခံခဲ့​ပုံ​ရတယ်။—၁ ရှ. ၄:၃၊ ၁၁။ ၇:၇-၉။ ၁၀:၈။ ၁၁:၁၄၊ ၁၅။ ၁၆:၄၊ ၅။ ၁ ရာ. ၂၁:၂၆-၃၀

^ အပိုဒ်၊ 28 ယေဇကျေလ စတင်​ပရောဖက်ပြု​တဲ့ ဘီစီ ၆၁၃ မှာ ယေဇကျေလ အသက် ၃၀ ရှိပြီ။ ဒါကြောင့် ဘီစီ ၆၄၃ လောက်​မှာ ယေဇကျေလ​ကို မွေး​တာ ဖြစ်နိုင်တယ်။ (ယေဇ. ၁:၁) ဘီစီ ၆၅၉ မှာ ယောရှိ နန်းတက်​ပြီး မူရင်း​ပညတ်​ကျမ်းလိပ်​ကို နန်းသက် ၁၈ နှစ် ပြည့်​ခါနီး တစ်ချိန်ချိန်၊ ဘီစီ ၆၄၂-၆၄၁ လောက်​မှာ ရှာတွေ့ခဲ့​ပုံ​ရတယ်။