မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၅​က

ပြည့်တန်ဆာ ညီအစ်မများ

ပြည့်တန်ဆာ ညီအစ်မများ

သစ္စာမဲ့မှု​ကြောင့် ဘုရား​လူမျိုး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်​စီရင်ခံ​ရတဲ့​အကြောင်း ယေဇကျေလကျမ်း အခန်းကြီး ၂၃ မှာ တွေ့ရတယ်။ အခန်းကြီး ၁၆ နဲ့ ၂၃ မှာ ဆင်တူချက် အတော်များများ ရှိတယ်။ အခန်းကြီး ၂၃ မှာလည်း ပြည့်တန်ဆာ​အကြောင်း ပုံဥပမာ သုံး​ထားတယ်။ ဂျေရုဆလင်​က ညီမ၊ ရှမာရိ​က အစ်မ ဖြစ်တယ်။ ညီမ​က ပြည့်တန်ဆာ​အစ်မရဲ့ လမ်းစဉ်​လိုက်ခဲ့​ပုံ​အကြောင်း၊ ပို​အကျင့်ပျက်​ဆိုးသွမ်း​ကြောင်း အခန်းကြီး နှစ်ခန်းစလုံးက ဖော်ပြတယ်။ အခန်းကြီး ၂၃ မှာ အစ်မ​ကို အဟောလ၊ ညီမ​ကို အဟောလိဗ ဆိုပြီး ယေဟောဝါ နာမည်​ပေးတယ်။ အဟောလ​ဆိုတာ အစ္စရေး​ဆယ်နွယ်​နိုင်ငံ​မြို့တော် ရှမာရိ၊ အဟောလိဗ​ဆိုတာ ယုဒ​မြို့တော် ဂျေရုဆလင် ဖြစ်တယ်။ *ယေဇ. ၂၃:၁-၄

အခန်းကြီး​နှစ်ခန်း​မှာ နောက်ထပ် ဆင်တူချက်တွေ ရှိသေးတယ်။ အထင်ရှားဆုံး​ကတော့ ပြည့်တန်ဆာ​တွေဟာ ကနဦး​တုန်း​က ယေဟောဝါရဲ့ ဇနီး​တွေ ဖြစ်တယ်။ နောက်ပိုင်း ဘုရားကို သစ္စာဖောက်​ကြတယ်။ ဒီအခန်းကြီးတွေမှာ မျှော်လင့်ခြင်း ကတိတော်လည်း ပါတယ်။ အခန်းကြီး ၂၃ မှာ ပြန်​ရွေးယူခြင်း​အကြောင်း မျှော်လင့်ချက် အတိအကျ မပေး​ထားပေမဲ့ “ညစ်ညမ်း​တဲ့ အကျင့်​တွေ၊ ပြည့်တန်ဆာ လုပ်တာတွေကို ငါ​အဆုံးတိုင်​စေမယ်” လို့ ယေဟောဝါ မိန့်ဆိုတဲ့​အခါမှာ​တော့ အခန်းကြီး ၁၆ နဲ့ ဆင်​တူတယ်။—ယေဇ. ၁၆:၁၆၊ ၂၀၊ ၂၁၊ ၃၇၊ ၃၈၊ ၄၁၊ ၄၂။ ၂၃:၄၊ ၁၁၊ ၂၂၊ ၂၃၊ ၂၇၊ ၃၇

အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ပုံဆောင်​သလား

အဟောလ​နဲ့ အဟောလိဗ ညီအစ်မ​နှစ်ယောက်ဟာ ကက်သလစ်နဲ့ ပရိုတက်စတင့် အဖြစ် ယုံကြည်ချက် ကွဲပြား​နေတဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ပုံဆောင်​တ​ယ်​လို့ အရင်က ကျွန်တော်တို့ရဲ့ စာပေတွေမှာ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဆုတောင်းပြီး ထပ်ဆင့် ရှာဖွေ​လေ့လာတဲ့​အခါ မေးခွန်း​တချို့ ပေါ်လာတယ်။ အမည်ခံ​ခရစ်ယာန်​ဘာသာ​ဟာ ယေဟောဝါရဲ့ ဇနီး ဖြစ်ခဲ့ဖူး​သလား။ ဘုရားနဲ့ ပဋိညာဉ် ဖွဲ့​ဖူး​သလား။ မဖြစ်ခဲ့​ဖူး​ဘူး။ မ​ဖွဲ့​ခဲ့ဖူးဘူး။ ပုံဆောင်​အစ္စရေးလူမျိုးနဲ့ ယေရှု “ပဋိညာဉ်​သစ်” ဖွဲ့​ချိန်မှာ အမည်ခံ​ခရစ်ယာန်​ဘာသာ ရှိ​တောင် မရှိသေးဘူး။ အမည်ခံ​ခရစ်ယာန်​ဘာသာ​ဟာ ဘိသိက်ခံ​ခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရားသခင့်​လူမျိုးအဝင်​လ​ည်း မဖြစ်ခဲ့​ဖူး​ဘူး။ (ယေ. ၃၁:၃၁။ လု. ၂၂:၂၀) တမန်တော်တွေ သေဆုံး​ပြီး အတော်ကြာ​တဲ့​အထိ အမည်ခံ​ခရစ်ယာန်​ဘာသာ မပေါ်သေး​ဘူး။ အေဒီ လေး​ရာစု​ရောက်​မှ ခရစ်ယာန်​အတုအယောင်​တွေ​နဲ့ ဖွဲ့စည်းထားတဲ့၊ အယူဖောက်ပြန်​ယိုယွင်း​တဲ့ အဖွဲ့အစည်း​အဖြစ် ပေါ်ပေါက်​လာတယ်။ သူတို့ဟာ ဂျုံပင်​နဲ့ ပေါင်းပင်​အကြောင်း ယေရှုရဲ့ ပရောဖက်ပြုချက်မှာ ပါတဲ့ “ပေါင်းပင်” တွေ ဖြစ်တယ်။—မ. ၁၃:၂၄-၃၀

နောက်​တစ်ချက်​ကတော့ သစ္စာမဲ့​ဂျေရုဆလင်​နဲ့ ရှမာရိကို ပြန်ရွေးနုတ်​မ​ယ်​ဆိုတဲ့ မျှော်လင့်ချက် ယေဟောဝါ ပေးခဲ့တယ်။ (ယေဇ. ၁၆:၄၁၊ ၄၂၊ ၅၃-၅၅) အမည်ခံ​ခရစ်ယာန်​ဘာသာ​အတွက် အလားတူ မျှော်လင့်ချက်​မျိုး ကျမ်းစာမှာ ပါသလား။ မပါဘူး။ မဟာ​ဗာဗုလုန်ရဲ့ ကျန်​အစိတ်အပိုင်း​တွေ​လို​ပဲ အမည်ခံ​ခရစ်ယာန်​ဘာသာ​မှာလည်း မျှော်လင့်ချက် မရှိဘူး။

ဒါကြောင့် အဟောလ​နဲ့ အဟောလိဗ​တို့ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ကိုယ်စား​မပြု​ပါဘူး။ ဒါပေမဲ့ ဘုရား​နာမတော်၊ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​အတွက် စံနှုန်းတွေ​အကြောင်း တလွဲ​ဖော်ပြ​နေ​သူတွေနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ခံစားချက်ကို နားလည်ဖို့ ကူညီ​ပေးတယ်။ အမည်ခံ​ခရစ်ယာန်​ဘာသာ​များစွာဟာ ဘုရားသခင်ကို ကိုယ်စားပြု​ပါတယ်လို့ ဆို​ကြ​တဲ့​အတွက် တကယ် အပြစ်​ကြီးတယ်။ ယေဟောဝါရဲ့ ချစ်သား ယေရှုခရစ်ဟာ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ် ဆိုပြီး​လည်း ပြော​ကြတယ်။ ဒါပေမဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​က ယေရှုကို သုံးပါး​ပေါင်း​တစ်ဆူ​ရဲ့ အစိတ်အပိုင်း​အဖြစ် ဖော်ပြခြင်း၊ ‘ဒီ​လောက​နဲ့ ဘာမှ မပတ်သက်​ရ​ဘူး’ ဆိုတဲ့ ရှင်းလင်း​ပြတ်သားတဲ့ မိန့်မှာချက်ကို မနာခံ​ခြင်းအားဖြင့် အပြော​နဲ့ အလုပ် မညီ​ကြဘူး။ (ယော. ၁၅:၁၉) ရုပ်တု​ကိုးကွယ်ခြင်း၊ နိုင်ငံရေး အရှုပ်အထွေး​တွေ​မှာ မပြတ် ပါဝင်ခြင်း​အားဖြင့် အမည်ခံ​ခရစ်ယာန်​ဘာသာ​ဟာ “ပြည့်တန်ဆာ​ကြီး” ရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း သက်သေထူ​တယ်။ (ဗျာ. ၁၇:၁) မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး အင်ပါယာ ဖျက်ဆီး​ခံရတဲ့​အခါ အမည်ခံ​ခရစ်ယာန်​ဘာသာ​လ​ည်း ဖျက်ဆီး​ခံရမှာ သေချာတယ်။

^ အပိုဒ်၊ 3 နာမည်တွေက ထူးခြား​တ​ယ်။ အဟောလ​ဆိုတာ “သူ့ရဲ့ (ဝတ်ပြုရာ) တဲ” လို့ ဆိုလိုတယ်။ ဂျေရုဆလင်​မြို့ရှိ ယေဟောဝါရဲ့ ဗိမာန်တော်ကို အသုံး​ပြုမယ့်​အစား ကိုယ်ပိုင် ဝတ်ပြုရာ​နေရာ တည်ဆောက်ခြင်း​ကို ရည်ရွယ်ပြီး ပြောတာ ထင်ရှားတယ်။ အဟောလိဗ​ဆိုတာ “သူ့​ဆီမှာ ငါ့ (ဝတ်ပြုရာ) တဲ ရှိတယ်” လို့ ဆိုလိုတယ်။ ဂျေရုဆလင်ဟာ ယေဟောဝါရဲ့ ဝတ်ပြုရာ​အိမ်တော် တည်ရာ​မြို့ ဖြစ်တယ်။