မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁က

ဝတ်ပြုကိုးကွယ်မှုဆိုတာ ဘာလဲ

ဝတ်ပြုကိုးကွယ်မှုဆိုတာ ဘာလဲ

ဝတ်ပြု​ကိုးကွယ်မှု​ဆိုတာ “ဘုရား​တစ်ပါးပါး​ကို ချစ်ခင်​ကြည်ညိုကြောင်း​ပြတဲ့ လုပ်ရပ် ဖြစ်တယ်။” ကျမ်းစာမှာ ‘ဝတ်ပြု​ကိုးကွယ်’ လို့ ပြန်ဆိုတဲ့ မူရင်း​စကားဟာ ဖန်ဆင်းရာတွေကို အလွန်​ကြည်ညို​လေးစားမှု၊ လက်အောက်ခံမှု​လို့​လည်း အဓိပ္ပာယ်​ရှိတယ်။ (မ. ၂၈:၉) ဘုရား ဒါမှမဟုတ် နတ်ဘုရား​တစ်ပါး​ကို ပြ​တဲ့ ဘာသာရေး​လုပ်ရပ်​ကိုလည်း ရည်ညွှန်း​နိုင်တယ်။ (ယော. ၄:၂၃၊ ၂၄) အကြောင်းအရာ​ပေါ် မူတည်ပြီး စကားလုံးတွေကို ဘယ်လို နားလည်​ရမလဲ​ဆိုတာ ဆုံးဖြတ်​နိုင်တယ်။

ဖန်ဆင်းရှင်၊ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​သာလျှင် ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်မှု​ကို ရထိုက်​ပါတယ်။ (ဗျာ. ၄:၁၀၊ ၁၁) အချုပ်အခြာအာဏာကို လေးစားခြင်း၊ နာမတော်ကို ဂုဏ်တင်​ခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ဝတ်ပြု​ကိုးကွယ်​ကြတယ်။ (ဆာ. ၈၆:၉။ မ. ၆:၉၊ ၁၀) ယေဇကျေလ​ကျမ်းမှာ အဓိက​ဖော်ပြ​ထားတဲ့ အကြောင်းအရာ​နှစ်ခု​ကတော့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ​နဲ့ နာမတော် ဖြစ်တယ်။ ယေဇကျေလကျမ်း တစ်စောင်​တည်း​မှာ​တင် “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ” ဆိုတဲ့ စာသားကို ၂၁၇ ကြိမ်၊ “ငါဟာ ယေဟောဝါပဲ​ဆိုတာ မင်းတို့ သိရကြလိမ့်မယ်” ဆိုတဲ့ စာကြောင်းကို ၅၅ ကြိမ် သုံး​ထားတယ်။—ယေဇ. ၂:၄။ ၆:၇

ဝတ်ပြု​ကိုးကွယ်မှု​ဆိုတာ ခံစားချက်​သက်​သက် မဟုတ်ဘူး။ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ လုပ်ရပ် ပါတယ်။ (ယာ. ၂:၂၆) ကိုယ့်​အသက်တာကို ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​တုန်း​က ဘဝကဏ္ဍ​တိုင်းမှာ အချုပ်အခြာ​အာဏာပိုင်ရှင်​ကို နာခံ​ပါ့​မယ်၊ နာမတော်ကို အလွန်​ရိုသေ​လေးမြတ်​ပါ့​မယ်​လို့ ကတိပြု​ခဲ့​ကြတယ်။ တတိယ​သွေးဆောင်မှု​ကို ယေရှု တုံ့ပြန်​ချိန်မှာ ကိုးကွယ်မှုနဲ့ ‘ဝတ်ပြုမှု’ ကို ဆက်စပ်​ဖော်ပြခဲ့တာ သတိရပါ။ (မ. ၄:၁၀) ယေဟောဝါကို ကိုးကွယ်သူ​တွေ​အနေနဲ့ ကျွန်တော်တို့ဟာ ဘုရား အမှုဆောင်​ချင်ကြတယ်။ * (တရား. ၁၀:၁၂) ကိုးကွယ်မှုနဲ့ တိုက်ရိုက်​သက်ဆိုင်တဲ့၊ ကိုယ်ကျိုးစွန့်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့​အခါ ဘုရားကို ဝတ်ပြု​နေတာ၊ အမှုဆောင်​နေတာ ဖြစ်ပါတယ်။ ဘယ်​လုပ်ဆောင်မှုတွေ​လဲ။

ဝတ်ပြုမှု​ပုံစံ အမျိုးမျိုး ရှိပြီး အားလုံးကို ယေဟောဝါ တန်ဖိုးထားတယ်။ တခြား​သူတွေကို သက်သေခံတဲ့​အခါ၊ နိုင်ငံတော်​ခန်းမ​မှာ ကျင်းပတဲ့ အစည်းအဝေးတွေမှာ ပါဝင်တဲ့​အခါ၊ အစည်းအဝေး ကျင်းပတဲ့ နေရာတွေကို ထိန်းသိမ်း၊ ဆောက်လုပ်​တဲ့အခါ ဝတ်ပြုရေးမှာ ပါဝင်​နေ​ကြတာပါ။ ဒါ့အပြင် မိသားစု​ဝတ်ပြုမှု​မှာ ပါဝင်တာ၊ ဒုက္ခ​ရောက်နေတဲ့ ယုံကြည်သူချင်းတွေ​အတွက် ကယ်ဆယ်ရေး​လုပ်ငန်းတွေကို ထောက်မ​တာ၊ အစည်းအဝေးကြီး​တွေ​မှာ စေတနာ့​ဝန်ထမ်း လုပ်တာ၊ ဗေသလ​မှာ အမှုဆောင်တာ​တွေ​က​လည်း ဝတ်ပြု​နေတာပါ​ပဲ။ (ဟီ. ၁၃:၁၆။ ယာ. ၁:၂၇) ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​က အဓိက ဖြစ်မယ်ဆိုရင် “နေ့ညမပြတ် အမှုဆောင်​နေ” ကြ​မှာ ဖြစ်တယ်။ ယေဟောဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်​ရလို့ ကျွန်တော်တို့ ဝမ်းမြောက်​ကြပါတယ်။—ဗျာ. ၇:၁၅

^ အပိုဒ်၊ 5 ကိုးကွယ်မှု​ဆိုတဲ့ ဟီဘရူး​စကားလုံးဟာ ဝတ်ပြုမှု​ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတယ်။ ဒါကြောင့် ကိုးကွယ်မှုမှာ ဝတ်ပြု​တာ​လည်း ပါဝင်​တယ်။—ထွ. ၃:၁၂