သွန်သင်ခြင်း လေးထောင့်ကွက် ၁၉က
ယေဟောဝါဆီက ကောင်းချီးတွေ ဆောင်ကြဉ်းပေးတဲ့ မြစ်ရေများ
ယေဟောဝါဆီက စီးဆင်းလာတဲ့ ကောင်းချီးတွေအကြောင်း ပုံဖော်ဖို့ “မြစ်၊” “ရေ” ဆိုတဲ့ ဝေါဟာရတွေ သုံးထားတဲ့ ကျမ်းပိုဒ်တချို့ကို သုံးသပ်ကြည့်ပါ။ ဒီကျမ်းမှတ်တမ်းတွေ ဖတ်ရတဲ့အခါ ယေဟောဝါ ကောင်းချီးပေးတဲ့ နည်းလမ်းတွေအကြောင်း သိရလို့ အလွန်အားရှိကြတယ်။ ဘယ်လိုနည်းနဲ့လဲ။
ယောလ ၃:၁၈။ ဗိမာန်တော် သန့်ရှင်းရာဌာနတော်ကနေ စမ်းရေ စီးထွက်လာတယ်လို့ ပရောဖက်ပြုချက်က ဖော်ပြတယ်။ ခြောက်သွေ့တဲ့၊ “ရှားပင်တွေ ပေါက်တဲ့ ချိုင့်ဝှမ်း” ထဲ စီးဝင်သွားတယ်။ ဒါကြောင့် မသီးပွင့်တဲ့မြေကို သီးပွင့်စေဖို့ မြစ်ရေ စီးဆင်းတာကို ယောလနဲ့ ယေဇကျေလတို့ မြင်တွေ့ခဲ့တယ်။ ဒီဖြစ်ရပ် နှစ်ခုစလုံးမှာ မြစ်ရေဟာ ယေဟောဝါရဲ့ အိမ်တော် (ဗိမာန်တော်) ထဲကနေ စီးထွက်လာတယ်။
ဇာခရိ ၁၄:၈။ ဂျေရုဆလင်မြို့တော်ကနေ “အသက်ရေ” စီးဆင်းတာကို ပရောဖက် ဇာခရိ မြင်တယ်။ ရေတစ်ဝက်က ပင်လယ်သေ (အရှေ့ပင်လယ်) ထဲ၊ ကျန်တစ်ဝက်က မြေထဲပင်လယ် (အနောက်ပင်လယ်) ထဲ စီးဝင်တယ်။ ဂျေရုဆလင်မြို့ဟာ ‘ဘုရင်မင်းမြတ် (ယေဟောဝါဘုရား) ရဲ့ မြို့တော်’ ဖြစ်တယ်။ (မ. ၅:၃၅) တစ်ကမ္ဘာလုံးကို ယေဟောဝါ အုပ်စိုးမယ်ဆိုတာကို မြို့တော်အကြောင်း ဇာခရိ ဖော်ပြချက်က သတိရစေတယ်။ ပရဒိသုမှာ နေထိုင်ကြမယ့် သစ္စာရှိလူသားအုပ်စုနှစ်စု (ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေနဲ့ ရှင်ပြန်ထမြောက်လာသူတွေ) ကို ယေဟောဝါ ကောင်းချီးပေးမှာဖြစ်ကြောင်း မြစ်ရေအကြောင်း ဒီပရောဖက်ပြုချက်ကနေ ကျွန်တော်တို့ နားလည်ခဲ့တာကြာပြီ။
ဗျာဒိတ် ၂၂:၁၊ ၂။ ယေဇကျေလ မြင်ခဲ့တဲ့မြစ်နဲ့ အလွန်ဆင်တူတဲ့ ပုံဆောင်မြစ်ကို တမန်တော် ယောဟန် မြင်ခဲ့တယ်။ ဒါပေမဲ့ မြစ်ရေဟာ ဗိမာန်တော်ကနေ မဟုတ်ဘဲ ယေဟောဝါရဲ့ ရာဇပလ္လင်ကနေ စီးထွက်လာတာပါ။ ဒါကြောင့် ဒီစိတ်အာရုံက ဇာခရိ စိတ်အာရုံလိုပဲ အနှစ်တစ်ထောင်အုပ်ချုပ်မှုကနေ ရလာမယ့် ကောင်းချီးတွေအကြောင်း အလေးပေးပုံရတယ်။
ယေဟောဝါရဲ့ အုပ်ချုပ်မှုကနေ ရရှိမယ့် ကောင်းချီးတွေနဲ့ ယေဇကျေလ စိတ်အာရုံပါ မြစ်ရေကနေ ရမယ့် ကောင်းချီးတွေ မသိမသာလေးပဲ ကွာတယ်။ ကောင်းချီးအားလုံး ယေဟောဝါဆီက လာပြီး သစ္စာရှိလူသားအားလုံးဆီ စီးဆင်းတယ်။
ဆာလံ ၄၆:၄။ ဒီကျမ်းချက်ဟာ ဝတ်ပြုကိုးကွယ်မှုနဲ့ အုပ်ချုပ်မှု ကဏ္ဍနှစ်ခုစလုံးနဲ့ သက်ဆိုင်ပုံရကြောင်း သတိပြုပါ။ နိုင်ငံတော်နဲ့ အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ “ဘုရားသခင်ရဲ့ မြို့တော်” ကိုရော စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ကိုယ်စားပြုတဲ့ “အမြင့်ဆုံး ဘုရားသခင်ရဲ့ ခမ်းနားသန့်ရှင်းတဲ့ တဲတော်” ကိုပါ မြစ်ရေက ဝမ်းမြောက်မှု ဆောင်ကြဉ်းပေးတယ်။
ခြုံငုံသုံးသပ်လိုက်တဲ့အခါ သစ္စာရှိလူသားတွေကို ယေဟောဝါ နည်းလမ်းနှစ်သွယ်နဲ့ ကောင်းချီးပေးမယ်ဆိုတာ ဒီကျမ်းချက်တွေက ယုံကြည်စိတ်ချစေတယ်။ ပထမ၊ ဘုရားအုပ်ချုပ်မှုကနေ၊ ဒုတိယ၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ဘုရားအစီအစဉ်ကနေ ကျွန်တော်တို့ ထာဝစဉ် အကျိုးခံစားကြပါလိမ့်မယ်။ ဒါကြောင့် ထာဝရအသက်ရဖို့ ယေဟောဝါဘုရားနဲ့ သားတော်တို့ မေတ္တာပါပါ ပြင်ဆင်ပေးထားတဲ့ “အသက်ရေ” ကို ဆက်သောက်သုံးနေကြပါစို့။—ယေ. ၂:၁၃။ ယော. ၄:၁၀။