အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ
ယေဟောဝါကို ချစ်မြတ်နိုးသူတို့–
၁၉၇၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ “မြင့်မြတ်သော နာမတော်” ခရိုင်အစည်းအဝေးကြီး တက်ရောက်သူတွေဟာ စာအုပ်သစ်အတော်များများ ရရှိလို့ စိတ်လှုပ်ရှားခဲ့ကြတယ်။ စာအုပ်တွေဟာ “စိတ်ကူးလို့ မမီနိုင်လောက်အောင်” ဖြစ်ခဲ့တယ်။ စာအုပ်သစ်တစ်အုပ်နဲ့ပတ်သက်ပြီး ညီအစ်ကို တစ်ယောက် ဒီလိုပြောတယ်– “ဒီစာအုပ်ဟာ မကြာခင် ရရှိဦးမယ့် စိတ်လှုပ်ရှားစရာ စာအုပ်စာစောင်တွေရဲ့ ရှေ့ပြေးပါပဲ။” ဘယ်စာအုပ်ကို ရည်ညွှန်းနေတာလဲ။ “ငါဟာ ယေဟောဝါဆိုတာ လူမျိုးတွေ သိကြလိမ့်မယ်”—ဘယ်လို သိကြမလဲ ဆိုတဲ့ စာအုပ်ကို ရည်ညွှန်းတာပါ။ ဘာကြောင့် ဒီလောက်တောင် စိတ်လှုပ်ရှားခဲ့ကြသလဲ။ လူသားအားလုံးရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်တဲ့ ယေဇကျေလကျမ်းပါ ပရောဖက်ပြုချက်တွေအကြောင်း ရှင်းပြချက်အသစ်တွေ ပါလို့ပါ။
‘ယေဟောဝါကို သိပါ’ ဆိုတဲ့ စာအုပ် ထုတ်ဝေပြီးချိန်ကစပြီး ဘုရားလူမျိုး အရေအတွက်ဟာ ၁.၅ သန်းကနေ ၈ သန်းကျော် တစ်ဟုန်ထိုး တိုးပွားခဲ့တယ်။ (ဟေရှာ. ၆၀:၂၂) ယေဟောဝါရဲ့ ကျေးကျွန်သန်းပေါင်းများစွာဟာ ဘာသာစကား ၉၀၀ ကျော် ပြောဆိုကြတယ်။ (ဇာ. ၈:၂၃) လူများစွာဟာ ယေဇကျေလ ပရောဖက်ပြုချက်တွေအကြောင်း အသေးစိတ် ရှင်းပြထားတဲ့ စာအုပ်မျိုး လေ့လာခွင့် မရခဲ့ဖူးဘူး။
ဒီ့ပြင် ၁၉၇၁ ခုနှစ်ကစပြီး ဆယ်စုနှစ်တွေတစ်လျှောက် ကျမ်းစာအမှန်တရား နားလည်မှုဟာ အလင်းရောင်လို တိုးပွားထွန်းလင်းလာတယ်။ (ပညာ. ၄:၁၈) ၁၉၈၅ ခုနှစ်မှာ ဘုရားရဲ့ မိတ်ဆွေတွေအဖြစ် “တခြားသိုးတွေ” ကြေညာခံရပုံကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ကြတယ်။ (ယော. ၁၀:၁၆။ ရော. ၅:၁၈။ ယာ. ၂:၂၃) “သိုး” နဲ့ “ဆိတ်” အပြီးသတ် ခွဲခြားခြင်းဟာ ကြီးစွာသောဒုက္ခအတွင်း ဖြစ်မယ်ဆိုတာကို ၁၉၉၅ ခုနှစ်မှာ ဦးဆုံးအကြိမ် နားလည်ခဲ့ကြတယ်။ (မ. ၂၄:၂၁။ ၂၅:၃၁၊ ၃၂) ဒီပြင်ဆင်ချက်အားလုံးဟာ ယေဇကျေလကျမ်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ နားလည်မှုအပေါ် အကျိုးသက်ရောက်တယ်။
“လူသား၊ အသေအချာ ကြည့်ပါ။ ဂရုတစိုက် နားထောင်ပါ။ ငါပြသမျှကို အာရုံစိုက်ပါ။ ဒါတွေပြဖို့ မင်းကို ခေါ်လာတာ။”—ယေဇကျေလ ၄၀:၄
မကြာသေးခင် နှစ်တွေမှာ အလင်းရောင် ဆက်တိုးပွားထွန်းလင်းနေတုန်းပါပဲ။ ယေရှုရဲ့ ပုံဥပမာတွေကနေ သိရှိခဲ့တဲ့ သင်ခန်းစာတွေကို သုံးသပ်ကြည့်ပါ။ သင်ခန်းစာအများစုဟာ အခုအချိန်မှာ ရှင်းလင်းလာပါပြီ။ ပုံဥပမာအများစုက အလျင်အမြန် ချဉ်းကပ်လာနေတဲ့ ကြီးစွာသောဒုက္ခအတွင်း ဖြစ်ပျက်မယ့်အရာတွေကို ရည်ညွှန်းပါတယ်။ အလားတူပဲ ယေဇကျေလ ပရောဖက်ပြုချက်တချို့နဲ့ပတ်သက်တဲ့ နားလည်မှုလည်း ရှင်းလင်းလာပါပြီ။ မာဂေါဂပြည်သား ဂေါဂမင်းအကြောင်း (အခန်းကြီး ၃၈ နဲ့ ၃၉)၊ စာရေးတော်မင်ဘူး ချိတ်ထားသူရဲ့ တာဝန်အကြောင်း (အခန်းကြီး ၉)၊ ခြောက်သွေ့တဲ့ အရိုးတွေ ပြည့်နေတဲ့ ချိုင့်ဝှမ်း၊ တုတ်နှစ်ချောင်း ပူးကိုင်ခြင်းအကြောင်း (အခန်းကြီး ၃၇) ပရောဖက်ပြုချက်တွေ ပါဝင်တယ်။ ‘ယေဟောဝါကို သိပါ’ ဆိုတဲ့ စာအုပ်မှာပါတဲ့ ရှင်းလင်းချက်တွေကိုလည်း ပြင်ဆင်ထားပါတယ်။
“ယေဇကျေလ ပရောဖက်ပြုချက်တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးရှင်းလင်းချက်စာအုပ် ဘယ်တော့ရမလဲ” ဆိုပြီး ယေဟောဝါရဲ့ ကျေးကျွန်တွေ မေးခဲ့ကြတယ်။ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီဆိုတဲ့ ဒီစာအုပ်ဟာ အဖြေပါပဲ။ ဒီစာအုပ် အခန်း ၂၂ ခန်းလုံးကို ဖတ်ပြီး လှပတဲ့ ပုံဖော်ချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ဂရုတစိုက် ရှာဖွေလေ့လာပြင်ဆင်ပေးထားမှန်း သိကြပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ယေဇကျေလကျမ်းစောင်ကို ယေဟောဝါ ဘာကြောင့် ပြင်ဆင်ထားပေးမှန်း ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဆုတောင်းသုံးသပ်ထားပါတယ်။ ယေဇကျေလခေတ်နဲ့ မျက်မှောက်ခေတ်အတွက် ယေဇကျေလကျမ်းမှာ ဘာသင်ခန်းစာတွေ ပါသလဲ၊ အနာဂတ်မှာ ဖြစ်ရပ်တွေအကြောင်း ဘယ်ပရောဖက်ပြုချက်တွေက ဖော်ပြသလဲ၊ ယေဇကျေလ ပရောဖက်ပြုချက်တွေမှာ အနှိုင်းနဲ့ အနှိုင်းခံတို့ကို ရှာဖွေသင့်သလားဆိုတဲ့ မေးခွန်းတွေကို သေသေချာ
ချာ သုံးသပ်ထားပါတယ်။ အဖြေတွေက နှစ်သက်ဖွယ် ဒီကျမ်းစောင်ကို ရှင်းရှင်းလင်းလင်း နားလည်စေပါတယ်။ယေဇကျေလကျမ်းကို အစအဆုံး ဖတ်တဲ့အခါ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ပတ်သက်ပြီး အံ့ဩမိန်းမောသွားပါလိမ့်မယ်။ ဘုရား နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ချင်ကြတဲ့ ကောင်းကင်နဲ့ မြေကြီးပေါ်ရှိသူတွေအတွက် ယေဟောဝါ ချမှတ်ပေးထားတဲ့ မြင့်မားတဲ့စံနှုန်းတွေကိုလည်း အံ့ဩမိမှာ သေချာတယ်။ ကျေးကျွန်တွေအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာတွေ၊ မဝေးတော့တဲ့ အနာဂတ်မှာ လုပ်ဆောင်ပေးဦးမယ့်အရာတွေအတွက် ကျေးဇူးတင်စိတ် တိုးပွားစေဖို့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုစာအုပ်က ကူညီပေးပါလိမ့်မယ်။ ဒီစာအုပ်မှာ အကြောင်းအရာနှစ်ခုကို ထပ်ခါထပ်ခါ အလေးပေးထားကြောင်း သတိပြုမိပါလိမ့်မယ်။ ပထမ၊ ဘုရားရဲ့ နှစ်သက်လက်ခံမှုရဖို့ ယေဟောဝါကို စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်အဖြစ် အသိအမှတ်ပြုရမယ်။ ဒုတိယ၊ ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းအတိုင်း ဝတ်ပြုကိုးကွယ်ရမယ်၊ မြင့်မားတဲ့စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ရမယ်။
ယေဟောဝါရဲ့ သန့်ရှင်းတဲ့ နာမတော်မြတ်ကို ဂုဏ်တင်တဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်မာစေဖို့ ဒီစာအုပ်က ကူညီပေးပါစေလို့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။ တစ်ချိန်တည်းမှာ ယေဟောဝါကို လူမျိုးတိုင်း သိလာရမယ့်အချိန်ကို ဆက်စောင့်မျှော်နေဖို့ ဒီစာအုပ်က လှုံ့ဆော်ပေးပါစေ။—ယေဇ. ၃၆:၂၃။ ၃၈:၂၃။
ပရောဖက် ယေဇကျေလ ရေးသားခဲ့တဲ့ ကျမ်းစာစောင်ကို နားလည်ဖို့ သင့်ကြိုးစားအားထုတ်မှုကို မေတ္တာရှင် အဖယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးပါစေ။
သင်တို့ရဲ့ ညီအစ်ကိုများ၊
ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့