နိဒါန်း
“ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ။“ —ဟီဘရူး ၆:၁၂။
၁၊ ၂။ နယ်လှည့်ကြီးကြပ်မှူး တစ်ယောက်ဟာ သစ္စာရှိတဲ့ ကျမ်းစာဇာတ်ကောင်တွေကို ဘယ်လို ရှုမြင်ခဲ့သလဲ။ သူတို့ဟာ ဘာကြောင့် သိပ်ကောင်းတဲ့ မိတ်ဆွေတွေ ဖြစ်မလဲ။
“အဲဒီညီအစ်ကိုက ကျမ်းစာမှာပါတဲ့သူတွေအကြောင်း ပြောတဲ့အခါ သူ့ရဲ့ ရင်းနှီးတဲ့ သူ့မိတ်ဆွေတွေအကြောင်း ပြောနေသလိုပဲ။” ဒါဟာ သက်ကြီး နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ရဲ့ ဟောပြောချက်ကို နားထောင်ပြီးနောက် ညီအစ်မတစ်ယောက် မှတ်ချက်ချတာဖြစ်တယ်။ သူပြောတာ မှန်တယ်။ အဲဒီညီအစ်ကိုက ကျမ်းစာကို နှစ်ပေါင်းအတော်ကြာ လေ့လာခဲ့သူတစ်ယောက်ဆိုတော့ ကျမ်းစာ ဇာတ်ကောင်တွေဟာ သူ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလိုပဲ ဖြစ်သွားတယ်။
၂ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့သူတွေနဲ့သာ မိတ်ဆွေဖြစ်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲဒီလူတွေဟာ သင့်အတွက် တကယ်ရှိနေတဲ့ လူတွေလား။ နောဧ၊ အာဗြဟံ၊ ရုသ၊ ဧလိယ၊ ဧသတာတို့လို လူတွေနဲ့ လမ်းလျှောက်ထွက်ရင်း စကားပြောရမယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ သူတို့ပြောလာတဲ့ အဖိုးတန် အကြံပြုချက်တွေ၊ အားပေးစကားတွေကို ကြားရမယ်ဆိုရင် သင့်ဘဝအတွက် ဘယ်လောက်အကျိုးရှိလိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။—ပညာအလိမ္မာ ၁၃: ၂၀ ကိုဖတ်ပါ။
၃။ (က) ကျမ်းစာပါ ယုံကြည်ခြင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေဆီကနေ ဘယ်လိုအကျိုးရနိုင်သလဲ။ (ခ) ဘာမေးခွန်းတွေကို သုံးသပ်ကြမလဲ။
၃ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ” တဲ့အခါ သူတို့နဲ့ အမှန်တကယ် မိတ်ဖွဲ့ခွင့် ရပါလိမ့်မယ်။ (တ ၂၄:၁၅) ဒါပေမဲ့ အခုအချိန်မှာတောင် သူတို့ဆီကနေ အကျိုးအများကြီး ရရှိနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ” ပါဆိုပြီး တမန်တော်ပေါလုက လက်တွေ့ကျကျ အကြံပြုပါတယ်။ (ဟီ. ၆: ၁၂) ပေါလုရဲ့ အဲဒီစကားတွေကြောင့် မေးခွန်းတချို့ စိတ်ထဲပေါ်လာနိုင်တယ်။ ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း စတင် မလေ့လာခင်မှာ ဒီမေးခွန်းတွေကို အရင်ဆုံး သုံးသပ်ကြည့်ရအောင်။ ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ဒါကို ဘာကြောင့် လိုအပ်တာလဲ။ ကျမ်းစာမှာ ဖော်ပြထားတဲ့ သစ္စာရှိသူတွေကို ဘယ်လိုတုပနိုင်သလဲ။
ယုံကြည်ခြင်းဆိုတာ ဘာလဲ၊ ဘာကြောင့် လိုအပ်သလဲ
၄။ လူတွေက ယုံကြည်ခြင်းကို ဘယ်လိုယူဆနေကြသလဲ။ သူတို့ ဘာကြောင့်မှားသလဲ။
၄ ယုံကြည်ခြင်းဆိုတာ နှစ်သက်စရာ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဒီအရည်အသွေးကို ဒီစာအုပ်မှာပါတဲ့သူအားလုံး သိပ်တန်ဖိုးထားခဲ့ကြတယ်။ အခုခေတ် လူအများစုဟာ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘာလဲဆိုတာ မသိကြတော့ဘူး။ အထောက်အထားမရှိဘဲ ယုံတာလို့ တချို့ ယူဆနေကြတယ်။ သူတို့ မှားနေပါတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ ပြောတိုင်းယုံတာ မဟုတ်ဘူး။ ခံစားချက်လောက်ပဲ မဟုတ်ဘူး။ ယုံတယ် ဆိုတာလောက်နဲ့လည်း မပြီးဘူး။ ယုံလွယ်တာက အန္တရာယ်ရှိတယ်။ ခံစားချက်ဆိုတာက ပေါ်လာပြီး ပြန်ပျောက်သွားနိုင်တယ်။ ဘုရားသခင်နဲ့ပတ်သက်လာရင် ယုံတယ်ဆိုတာလောက်နဲ့လည်း မပြီးသေးဘူး။ ယာ. ၂:၁၉။
“နတ်ဆိုးတွေတောင် ယုံလို့ ဖိမ့်ဖိမ့်တုန်နေကြ” တယ်မဟုတ်လား။ —၅၊ ၆။ (က)စစ်မှန်တဲ့ယုံကြည်ခြင်းက မမြင်ရတဲ့ ဘယ်အရာနှစ်ခုကို အာရုံစိုက်သလဲ။ (ခ) ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက ဘယ်လောက်အထိ ခိုင်မာသင့်သလဲ။ ဥပမာပေးပါ။
၅ စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ ခုနကပြောခဲ့တဲ့ အရာတွေ မဟုတ်ပါဘူး။ ကျမ်းစာက ယုံကြည်ခြင်းကို ဘယ်လို အဓိပ္ပာယ်ဖွင့်ထားသလဲဆိုတာ ပြန်အမှတ်ရပါ။ (ဟီဘရူး ၁၁:၁ ကိုဖတ်ပါ။) စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ မမြင်ရတဲ့အရာနှစ်ခုကို အာရုံစိုက်တယ်လို့ ပေါလုဆိုခဲ့တယ်။ ပထမတစ်ခုက “မမြင်ရပေမဲ့” တကယ်တည်ရှိတဲ့ အရာတွေ ဖြစ်တယ်။ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့သားတော်၊ အခုကောင်းကင်မှာ အုပ်ချုပ်နေပြီဖြစ်တဲ့ နိုင်ငံတော် စတဲ့ ကောင်းကင်က အရာတွေကို ကျွန်တော်တို့ရဲ့ ပကတိမျက်လုံးနဲ့ မမြင်နိုင်ပါဘူး။ ဒုတိယက ယုံကြည်ခြင်းဟာ မဖြစ်သေးတဲ့အရာတွေကို “မျှော်လင့်” တယ်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်က မကြာခင် လုပ်ပေးမယ့်ကမ္ဘာသစ်ကို အခုမမြင်နိုင်ဘူး။ ဒီလိုဆိုရင် တကယ်တည်ရှိတဲ့အရာတွေ၊ ကျွန်တော်တို့ မျှော်လင့်တဲ့အရာတွေက အခြေအမြစ်မရှိဘူးလို့ ဆိုလိုနေတာလား။
၆ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ ခိုင်လုံတဲ့အကြောင်းရင်းပေါ်မှာ အခြေခံတယ်လို့ ပေါလု ရှင်းပြပါတယ်။ ယုံကြည်ခြင်းဟာ “စိတ်ချစွာ စောင့်မျှော်နေတာ” ဖြစ်တယ်လို့ ပြောတဲ့အခါ “ရပိုင်ခွင့်စာချုပ်” လို့လည်း ပြန်ဆိုနိုင်တဲ့ စကားလုံးကို သူအသုံးပြုခဲ့တယ်။ သင့်ကို တစ်ယောက်ယောက်က အိမ်တစ်လုံးပေးမယ်လို့ ပြောတယ်ဆိုပါစို့။ သူက ပိုင်ဆိုင်ခွင့် စာချုပ်ကိုပေးပြီး “ဒီမှာ ခင်ဗျားရဲ့အိမ်” လို့ပြောတယ်။ ဒီစာချုပ်ပေါ်မှာ သင်နေရမယ်လို့ သူပြောနေတာ မဟုတ်ပါဘူး။ ဒီစာချုပ်က အိမ်ကို သင်ပိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားဖြစ်တဲ့အတွက် ဒီစာချုပ်ကို ရရှိထားတာဟာ အိမ်ကိုရရှိထားတာနဲ့ အတူတူပဲလို့ သူ ဆိုလိုနေတာဖြစ်တယ်။ အဲဒီလိုပဲ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိမယ်ဆိုရင် ကျမ်းစာမှာပါတဲ့ ဘုရားသခင့်ကတိအားလုံးကို ပြည့်စုံပြီးသလိုပဲ ယုံကြည်စိတ်ချမှာဖြစ်တယ်။
၇။ စစ်မှန်တဲ့ ယုံကြည်ခြင်းမှာ ဘာတွေ ပါဝင်သလဲ။
၇ ခြေမြစ်ခိုင်လုံပြီး မယိမ်းယိုင်တဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းက ယေဟောဝါဘုရားအပေါ် အခြေပြုပါတယ်။ ယုံကြည်ခြင်းရှိမယ်ဆိုရင် ယေဟောဝါဘုရားကို မေတ္တာပြည့်ဝတဲ့ ဖခင်အနေနဲ့ မြင်လာမှာဖြစ်တယ်။ ကိုယ်တော်ရဲ့ ကတိအားလုံး အမှန်တကယ် ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချမှာဖြစ်တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းက အဲဒီလောက်ပဲ မဟုတ်သေးပါဘူး။ သက်ရှိအရာတစ်ခု ဆက်ရှင်သန်နေဖို့ အမြဲ အားဖြည့်ပေးရသလို ယုံကြည်ခြင်း ဆက်ရှင်သန်နေဖို့လည်း အမြဲ အားဖြည့်ပေးနေရမှာ ဖြစ်တယ်။ ယုံကြည်ခြင်းရှိတယ်ဆိုတာ လုပ်ရပ်နဲ့ဖော်ပြရမယ်။ မဟုတ်ရင် ယုံကြည်ခြင်း သေသွားနိုင်တယ်။ — ယာ. ၂:၂၆။
၈။ ယုံကြည်ခြင်းရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။
၈ ယုံကြည်ခြင်းရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ တိုက်တွန်းနှိုးဆော်မှုဖြစ်စေတဲ့ အဖြေကို ပေါလုဖော်ပြခဲ့တယ်။ (ဟီဘရူး ၁၁:၆ ကိုဖတ်ပါ။) ကျွန်တော်တို့မှာ ယုံကြည်ခြင်းမရှိဘူးဆိုရင် ယေဟောဝါဘုရားဆီ မချဉ်းကပ်နိုင်သလို ကိုယ်တော့်စိတ်တော်နဲ့လည်း မတွေ့နိုင်ဘူး။ အသိဉာဏ်ရှိ ပုဂ္ဂိုလ်တစ်ဦး ထားနိုင်တဲ့ အမြင့်မြတ်ဆုံး၊ အကောင်းဆုံး ရည်မှန်းချက်က ကောင်းကင်ဖခင် ယေဟောဝါဆီ ချဉ်းကပ်ဖို့နဲ့ ကိုယ်တော့်ကို ဂုဏ်တင်ဖို့ဖြစ်တယ်။ ယုံကြည်ခြင်းမရှိရင် အဲဒီရည်မှန်းချက်ကို မရောက်နိုင်ဘူး။
၉။ ကျွန်တော်တို့ ယုံကြည်ခြင်းရှိဖို့ လိုတယ်ဆိုတာ ယေဟောဝါဘုရားသိကြောင်း ဘယ်လို ဖော်ပြသလဲ။
ဟီ. ၁၃:၇) ဒီလောက်ပဲ မဟုတ်ပါဘူး။ ပေါလုက ‘တိမ်ထုကြီးလိုများတဲ့ သက်သေတွေ’ ဖြစ်တဲ့ ယုံကြည်ခြင်း စံနမူနာရှင် ရှေးခေတ် အမျိုးသား၊ အမျိုးသမီးတွေအကြောင်းပါ ဖော်ပြခဲ့တယ်။ (ဟီ. ၁၂:၁) ဒါပေမဲ့ ဟီဘရူး ၁၁ မှာ ပေါလု မှတ်တမ်းတင်ထားတဲ့ စာရင်းက အပြည့်အစုံ မဟုတ်သေးပါဘူး။ ကျမ်းစာထဲမှာ ဘဝနောက်ခံအသီးသီးက အမျိုးသားအမျိုးသမီး၊ လူကြီးလူငယ်တွေရဲ့ သစ္စာရှိခဲ့တဲ့ အကြောင်းတွေကို ဖော်ပြထားတယ်။ သစ္စာမရှိတဲ့ ဒီနေ့လောကမှာ သူတို့ဆီကနေ ကျွန်တော်တို့ သင်ခန်းစာ အများကြီးယူနိုင်ပါတယ်။
၉ ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိဖို့ ဘယ်လောက် လိုတယ်ဆိုတာ ယေဟောဝါဘုရား သိပါတယ်။ ဒါကြောင့်လည်း ယုံကြည်ခြင်း တည်ဆောက်နိုင်ပုံ၊ တင်ပြနိုင်ပုံကို သင်ပေးဖို့ စံနမူနာရှင်တွေကို ဖော်ပြပေးထားတယ်။ ကျွန်တော်တို့အတွက် စံနမူနာအနေနဲ့ သစ္စာရှိသူတွေကို အသင်းတော်မှာ ဦးဆောင်စေပြီး ကျမ်းစာက “သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူပါ” လို့ တိုက်တွန်းထားတယ်။ (တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ဘယ်လို အတုယူနိုင်သလဲ
၁၀။ ကျမ်းစာမှတ်တမ်းမှာပါတဲ့ သစ္စာရှိသူတွေကို တုပနိုင်အောင် ကိုယ်ပိုင်လေ့လာမှုကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။
၁၀ လူတစ်ယောက်အကြောင်း ကောင်းကောင်းသိမှ သူ့ကို အတုယူနိုင်မယ်။ ဒီစာအုပ်မှာပါတဲ့ သစ္စာရှိသူတွေအကြောင်း သင်ကောင်းကောင်း သိလာနိုင်ဖို့ အများကြီး ရှာဖွေစုဆောင်းပေးထားပါတယ်။ သင်ကိုယ်တိုင်ရော ထပ်ဆင့် မလေ့လာကြည့်ချင်ဘူးလား။ ကိုယ်ပိုင်လေ့လာမှု လုပ်တဲ့အခါ သင့်မှာရှိတဲ့ စာအုပ်စာပေတွေကိုသုံးပြီး ရှာဖွေလေ့လာပါ။ သင်လေ့လာတဲ့အခါ အဖြစ်အပျက်ရဲ့ တည်နေရာနဲ့ နောက်ခံကို ကြိုးစားမြင်ယောင်ကြည့်ပါ။ မြင်ကွင်းတွေကို မြင်ယောင်ပါ၊ အသံတွေကို ကြားယောင်ပါ၊ ရနံ့တွေကို ရနေသလို ခံစားကြည့်ပါ။ အထူးသဖြင့် ပါဝင်နေသူတွေရဲ့ ခံစားချက်ကို သိအောင်လုပ်ပါ။ သစ္စာရှိတဲ့ ဒီအမျိုးသား၊ အမျိုးသမီးတွေနေရာမှာ သင် ဝင်ခံစားကြည့်တဲ့အခါ သူတို့ဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်တွေ ဖြစ်လာပြီး သူတို့ကို သင်ရင်းနှီး ချစ်ခင်လာပါလိမ့်မယ်။
၁၁၊ ၁၂။ (က) အာဗြံ၊ စာရဲတို့နဲ့ သင် ဘယ်လို ရင်းနှီးလာနိုင်သလဲ။ (ခ) ဟန္န၊ ဧလိယ၊ ရှမွေလတို့ရဲ့ ပုံသက်သေကနေ ဘယ်လို အကျိုးရနိုင်သလဲ။
၁၁ သူတို့အကြောင်း ကောင်းကောင်းသိလာပြီဆိုရင် သူတို့ကို အတုယူချင်လာပါလိမ့်မယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းကို တစ်နည်းနည်းနဲ့ တိုးချဲ့ဖို့ အဖွဲ့အစည်းရဲ့ ဖိတ်ခေါ်ချက်ကို သင်ရရှိတယ်ဆိုပါစို့။ ဟောပြောမယ့်သူ ပိုလိုအပ်နေတဲ့နေရာကို ပြောင်းရွှေ့ဖို့ တောင်းဆိုတာ ဖြစ်ရင်ဖြစ်မယ်။ သင် အကျွမ်းတဝင်မရှိတဲ့ ဒါမှမဟုတ် သိပ်သဘောမကျတဲ့ ဟောပြောခြင်းပုံစံ တစ်မျိုးမျိုးမှာ ပါဝင်ဖို့ဖိတ်ခေါ်တာ ဖြစ်ရင်ဖြစ်မယ်။ ဒီတာဝန်အသစ်အကြောင်း ဆုတောင်း စဉ်းစားတဲ့အခါ အာဗြံရဲ့ စံနမူနာကို အတုယူပါ။ အာဗြံနဲ့ စာရဲဟာ ဥရမြို့ကနေ လိုလိုလားလား ထွက်ခွာခဲ့ကြလို့ ကောင်းချီးအများကြီး ခံစားခဲ့ရတယ်။ သူ့စံနမူနာကို တုပတဲ့အခါ သူတို့ကို အရင်ကထက် ပိုသိလာတယ်လို့ သင်ခံစားရပါလိမ့်မယ်။
၁၂ အဲဒီလိုပဲ သင်နဲ့ နီးစပ်သူတစ်ယောက်က သင့်ကို မုန်းနေလို့ စိတ်ပျက်ပြီး အစည်းအဝေးတွေတောင် မတက်ချင်တော့ဘူး ဆိုရင်ကော။ ဟန္နအကြောင်း၊ ပေနိန္နရဲ့ မုန်းတီးမှုကို သူရင်ဆိုင်ခဲ့ပုံအကြောင်း စဉ်းစားတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ထောက်ကူပေးပါလိမ့်မယ်။ အဲဒီလိုလုပ်တဲ့
အခါ ဟန္နကို သင့်ရဲ့ မိတ်ဆွေရင်းတစ်ယောက်လို ချစ်လာပါလိမ့်မယ်။ အသုံးမကျဘူးလို့ ခံစားရပြီး စိတ်ဓာတ်ကျနေတယ်ဆိုရင် ဧလိယအကြောင်း၊ သူ့ကို ယေဟောဝါဘုရား နှစ်သိမ့်ပေးပုံအကြောင်း စဉ်းစားလိုက်တဲ့အခါ သူနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ အကျင့်ယိုယွင်းတဲ့ ကျောင်းနေဖက်တွေကြားမှာ ရှိနေတဲ့ လူငယ်တွေဟာ ရှမွေလအကြောင်း လေ့လာနိုင်ပါတယ်။ တဲတော်မှာ ဧလိသားတွေရဲ့ မကောင်းတဲ့သြဇာကို သူတုံ့ပြန်ခဲ့ပုံအကြောင်း လေ့လာတဲ့အခါ သူ့ကို သင်တို့ရဲ့ သူငယ်ချင်းတစ်ယောက်လို မြင်လာပါလိမ့်မယ်။၁၃။ ကျမ်းစာ ဇာတ်ကောင်တွေရဲ့ ယုံကြည်ခြင်းကို အတုယူတဲ့အတွက် ယေဟောဝါဘုရားရှေ့ ကိုယ့်ရဲ့တန်ဖိုး လျော့သွားသလား။ ရှင်းပြပါ။
၁၃ ကျမ်းစာဇာတ်ကောင်တွေရဲ့ ယုံကြည်ခြင်းကို အတုယူလို့ ယေဟောဝါဘုရားရှေ့ ကိုယ့်ရဲ့တန်ဖိုး လျော့သွားသလား။ လုံးဝမလျော့ပါဘူး။ သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူဖို့ ယေဟောဝါ အားပေးထားတယ်ဆိုတာ အမှတ်ရပါ။ (၁ ကော. ၄:၁၆။ ၁၁:၁။ ၂ သက်. ၃:၇၊ ၉) ကျွန်တော်တို့ လေ့လာသွားမယ့် သူတချို့လည်း သူတို့ရှေ့က သစ္စာရှိသူတွေကို အတုယူခဲ့ကြသူတွေပါပဲ။ ဥပမာ၊ ဒီစာအုပ်ရဲ့ အခန်း ၁၇ မှာပါတဲ့ မာရိက ဟန္နရဲ့စကားတွေကို ကိုးကားပြောဆိုခဲ့တဲ့အတွက် ဟန္နကို သူ အတုယူခဲ့တယ်ဆိုတာ သိသာတယ်။ အဲဒီအတွက် မာရိရဲ့ ယုံကြည်ခြင်းက သိပ်မခိုင်မာဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ဟန္နရဲ့ စံနမူနာက မာရိရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တဲ့အတွက် မာရိဟာ ယေဟောဝါဘုရားရှေ့ နာမည်ကောင်းရခဲ့တယ်။
၁၄၊ ၁၅။ ဒီစာအုပ်ရဲ့ အသွင်အပြင်တချို့ကို ပြောပြပါ။ ဒီစာအုပ်ကို ဘယ်လို ကောင်းကောင်း အသုံးပြုနိုင်သလဲ။
၁၄ သင့်ရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ ဒီစာအုပ်ကို ထုတ်ဝေရတာ ဖြစ်ပါတယ်။ ဒီစာအုပ်က ၂၀၀၈ ကနေ ၂၀၁၃ အတွင်း ကင်းမျှော်စင် မှာပါတဲ့ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ” ဆိုတဲ့ ဆောင်းပါးတွေကို ပြန်စုစည်းထားတာပါ။ ဒါပေမဲ့ တချို့အကြောင်းအရာက အသစ်ဖြစ်တယ်။ ဆွေးနွေးသုံးသပ်ဖို့ မေးခွန်းတွေလည်း ထည့်ထားပေးတယ်။ ဒီစာအုပ်အတွက် အရောင်အသွေးစုံပြီး အသေးစိတ် အချက်အလက်တွေပါတဲ့ ရုပ်ပုံတွေကို ပြင်ဆင်ထားပါတယ်။ အရင်ရုပ်ပုံတွေကိုလည်း ပုံကြီးချဲ့ထားပြီး ပိုကောင်းအောင် လုပ်ထားတယ်။ အချိန်ပြမျဉ်း၊ မြေပုံ စတာတွေကိုလည်း ထည့်ထားတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ စာအုပ်ကို ကိုယ်ပိုင်၊ မိသားစုလိုက်နဲ့ အသင်းတော်မှာ လေ့လာဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်ကို မိသားစုလိုက် အပျော်တမ်းဖတ်ရင်တောင် အကျိုးပါတယ်။
၁၅ ယေဟောဝါဘုရားရဲ့ ရှေးခေတ်ကျေးကျွန်တွေရဲ့ ယုံကြည်ခြင်းကို အတုယူဖို့ ဒီစာအုပ်က သင့်ကို ထောက်ကူပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ကြောင့် သင်တို့ရဲ့ ယုံကြည်ခြင်း တိုးပွားပြီး ကောင်းကင်ဖခင် ယေဟောဝါနဲ့ ပိုရင်းနှီးလာနိုင်ပါစေ။