မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

“ပညာတတ်မဟုတ်၊ သာမန်လူတွေ”

“ပညာတတ်မဟုတ်၊ သာမန်လူတွေ”

တမန်တော်တွေ ရဲစွမ်းသတ္တိ ရှိရှိ လုပ်ဆောင်ခဲ့ကြလို့ ယေဟောဝါ ကောင်းချီးပေး

တမန်တော် ၃:၁–၅:၁၁ ကို အခြေခံ

၁၊ ၂။ ဗိမာန်တော်တံခါးနားမှာ ပေတရုနဲ့ ယောဟန် ဘာအံ့ဖွယ်အမှု လုပ်ခဲ့သလဲ။

 မွန်းလွဲပိုင်းနေရောင်ဟာ လူအုပ်အပေါ် ကျနေတယ်။ ဘုရားတရား ကြည်ညိုတဲ့ ဂျူးတွေ၊ ခရစ်တော်ရဲ့ တပည့်တွေ ဗိမာန်တော်ဝင်းထဲ တဖွဲဖွဲ ဝင်လာနေကြတယ်။ မကြာခင် “ဆုတောင်းချိန်” ရောက်တော့မယ်။ a (တ. ၂:၄၆။ ၃:၁) တင့်တယ်လို့ ခေါ်တဲ့ ဗိမာန်တော် တံခါးနား ပေတရုနဲ့ ယောဟန် သွားနေကြတယ်။ စကားပြောသံတွေ၊ ခြေသံတွေနဲ့ ဆူညံနေတဲ့ အဲဒီနေရာမှာ မွေးရာပါ ခြေဆွံ့နေတဲ့ လူလတ်ပိုင်းအရွယ် သူတောင်းစားတစ်ယောက် အသံကျယ်ကျယ်နဲ့ တောင်းရမ်းနေတယ်။—တ. ၃:၂။ ၄:၂၂

ပေတရုနဲ့ ယောဟန် အနားရောက်လာတော့ သူတောင်းစားက ပိုက်ဆံ လှမ်းတောင်းတယ်။ သူတို့ ရပ်လိုက်တော့ မျှော်လင့်တကြီး ကြည့်နေတယ်။ ပေတရုက “ကျွန်တော့်မှာ ရွှေငွေတွေတော့ မရှိဘူး။ ရှိတာကိုပဲ ပေးမယ်။ နာဇရက်မြို့သား ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ပြောမယ်။ ထပြီး လမ်းလျှောက်ပါ” လို့ ပြောပြီး ခြေဆွံ့သူကို ဆွဲထူလိုက်တဲ့အခါ သူ့ဘဝမှာ ဦးဆုံးအကြိမ် မတ်တတ်ရပ်နိုင်သွားတယ်။ ဒါကို လူအုပ် မြင်လိုက်ရလို့ ဘယ်လောက် အံ့သြသွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (တ. ၃:၆၊ ၇) အကောင်းပကတိ ဖြစ်သွားတဲ့ ခြေထောက်တွေကို ငုံ့ကြည့်ပြီး သူ လမ်းစလျှောက်နေတာကိုလည်း မြင်ယောင်ကြည့်ပါ။ ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းရင်း ခုန်ပေါက်ထွက်သွားတော့တယ်။

၃။ ခြေဆွံ့ခဲ့ဖူးသူနဲ့ ပရိသတ် ဘယ်သာလွန်မြင့်မြတ်တဲ့ ဆု ရနိုင်သလဲ။

အံ့သြဝမ်းသာနေတဲ့ လူအုပ်ဟာ ပေတရုနဲ့ ယောဟန်ရှိရာ ရှောလမုန်စင်္ကြံကို ပြေးဝင်လာကြတယ်။ ဒီလိုအံ့ဖွယ်အမှု ဘာကြောင့် လုပ်နိုင်တယ်ဆိုတာကို တစ်ချိန်က ယေရှု သွန်သင်ပေးခဲ့တဲ့ နေရာမှာပဲ ပေတရု ရှင်းပြတယ်။ (ယော. ၁၀:၂၃) ပရိသတ်ကိုကော ခြေဆွံ့ခဲ့ဖူးသူကိုပါ ရွှေငွေထက် တန်ဖိုးရှိတဲ့ ဆု ကမ်းလှမ်းတယ်။ အဲဒီဆုထဲမှာ ကျန်းမာခြင်း ဆုကျေးဇူးလောက်ပဲ ပါတာ မဟုတ်ဘူး။ နောင်တရဖို့၊ အပြစ်တွေ ခွင့်လွှတ်ခံရဖို့၊ ယေဟောဝါဘုရား ခန့်အပ်တဲ့ “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” ယေရှုခရစ် နောက်လိုက် ဖြစ်လာဖို့ဆိုတဲ့ အခွင့်အရေး ပါတယ်။—တ. ၃:၁၅

၄။ (က) အံ့ဖွယ်နည်းနဲ့ ကုသပေးခြင်းကြောင့် ဘယ်ပဋိပက္ခဖြစ်ဖို့ အကြောင်းဖန်လာသလဲ။ (ခ) ဘယ်မေးခွန်း နှစ်ခုကို ကျွန်တော်တို့ ဖြေရမလဲ။

တကယ် ထူးခြားတဲ့နေ့ပါပဲ။ လူတစ်ယောက် ကုသခံရပြီး အခု လမ်းလျှောက်နိုင်ပြီ။ လူထောင်ပေါင်းများစွာလည်း ပုံဆောင်သဘောနဲ့ ကုသခံရလို့ တိကျမှန်ကန်တဲ့ အသိပညာကို နားလည်လာပြီး ဘုရားသခင်နဲ့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်ကြပြီ။ (ကော. ၁:၉၊ ၁၀) အဲဒီနေ့ဖြစ်ရပ်တွေကြောင့် ခရစ်တော်ရဲ့ သစ္စာရှိ နောက်လိုက်တွေနဲ့ အခွင့်အာဏာ ရှိသူတွေစပ်ကြား ပဋိပက္ခဖြစ်ဖို့ အကြောင်းဖန်လာတယ်။ နိုင်ငံတော် သတင်း ဟောပါဆိုတဲ့ ယေရှုရဲ့ အမိန့်ကို တပည့်တွေ မလိုက်နာနိုင်အောင် သူတို့ တားကြတော့မယ်။ (တ. ၁:၈) “ပညာတတ် မဟုတ်၊ သာမန်လူတွေ” ဖြစ်တဲ့ ပေတရုနဲ့ ယောဟန် လူအုပ်ကို ဟောပြောပုံကနေ ဘာသင်ယူနိုင်သလဲ။ b (တ. ၄:၁၃) ဆန့်ကျင်မှု ကြုံရတဲ့အခါ သူတို့နဲ့ တခြားတပည့်တွေ ရင်ဆိုင်ဖြေရှင်းပုံကို ဘယ်လို အတုယူနိုင်သလဲ။

“ကျွန်တော်တို့ရဲ့ တန်ခိုးကြောင့်” မဟုတ် (တ. ၃:၁၁-၂၆)

၅။ လူအုပ်ကို ပေတရု စကားပြောဆိုပုံကနေ ဘာသင်ယူနိုင်သလဲ။

လူအုပ်ထဲက တချို့ဟာ မကြာခင်ကပဲ ယေရှုကို ကွပ်မျက်ဖို့ အော်ဟစ်တောင်းဆိုခဲ့သူတွေ ဖြစ်နိုင်ကြောင်း ပေတရုနဲ့ ယောဟန် သိလျက်နဲ့ လူအုပ်ရှေ့ ရပ်ပြီး စကားပြောတယ်။ (မာ. ၁၅:၈-၁၅။ တ. ၃:၁၃-၁၅) ခြေဆွံ့သူဟာ ယေရှုနာမနဲ့ ကုသခံရကြောင်း ပေတရု ပြောလိုက်တာ ဘယ်လောက်တောင် ရဲစွမ်းသတ္တိ ရှိလိုက်သလဲ။ အမှန်တရားကို ပေတရု လျှော့ပေါ့မပြောဘူး။ ခရစ်တော် အသတ်ခံရခြင်းမှာ လူအုပ်လည်း ကြံရာပါ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဒါပေမဲ့ သူတို့ “မသိနားမလည်လို့ အဲဒီလို လုပ်ခဲ့” တာ ဖြစ်တဲ့အတွက် ပေတရု ရန်ငြိုးမထားဘူး။ (တ. ၃:၁၇) သူတို့ကို ညီအစ်ကိုလို သဘောထားပြီး မေတ္တာရပ်ခံရင်း နိုင်ငံတော်သတင်းရဲ့ နှစ်သက်ဖွယ်အချက်တွေကို ပြောပြတယ်။ တကယ်လို့ သူတို့ နောင်တယူပြီး ခရစ်တော်ကို ယုံကြည်ရင် ယေဟောဝါဆီက “လန်းဆန်းစေတဲ့ အချိန်ကာလ” ရောက်လာမယ်။ (တ. ၃:၁၉) ကျွန်တော်တို့လည်း ရောက်လာတော့မယ့် ဘုရားရဲ့ တရားစီရင်ချက်အကြောင်း ရဲရဲရင့်ရင့်၊ ပွင့်ပွင့်လင်းလင်း ကြေညာဖို့ လိုတယ်။ တစ်ချိန်တည်းမှာ ကြမ်းတမ်းခက်ထန်တာ၊ ပြစ်တင်ဝေဖန်တာမျိုး လုံးဝ မလုပ်သင့်ဘူး။ ကျွန်တော်တို့ ဟောပြောတဲ့ လူတွေကို ညီအစ်ကို ဖြစ်လာနိုင်သူတွေလို့ မြင်ပြီး ပေတရုလို နိုင်ငံတော်သတင်းရဲ့ နှစ်သက်ဖွယ်အချက်တွေကို အလေးပေး ပြောပြကြတယ်။

၆။ ပေတရုနဲ့ ယောဟန် နှိမ့်ချကျိုးနွံမှု ဘယ်လို ပြသလဲ။

တမန်တော်တွေဟာ ကျိုးနွံသူတွေပါ။ အံ့ဖွယ်အမှုအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်မတင်ကြဘူး။ “ကျွန်တော်တို့ကို ဘာလို့ တအံ့တသြ ကြည့်နေတာလဲ။ ကျွန်တော်တို့ရဲ့ တန်ခိုးကြောင့်၊ ဘုရားတရား ကိုင်းရှိုင်းမှုကြောင့် ဒီလူ လမ်းပြန်လျှောက်နိုင်တာလို့ ထင်နေကြတာလား” လို့ လူတွေကို ပေတရု ပြောတယ်။ (တ. ၃:၁၂) မိမိတို့ရဲ့ အောင်မြင်ပြီးမြောက်မှုတွေဟာ ဘုရားတန်ခိုးကြောင့် ဖြစ်ကြောင်း ပေတရုနဲ့ တမန်တော်တွေ သိကြတယ်။ ဒါကြောင့် အောင်မြင်မှုအတွက် ယေဟောဝါနဲ့ ယေရှုကိုပဲ ကျိုးနွံမှု ရှိရှိ ဂုဏ်တင်ကြတယ်။

၇၊ ၈။ (က) လူတွေကို ကျွန်တော်တို့ ဘာဆု ကမ်းလှမ်းနိုင်သလဲ။ (ခ) “အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ်” ဆိုတဲ့ ကတိ ဒီနေ့ ဘယ်လို ပြည့်စုံနေသလဲ။

ကျွန်တော်တို့လည်း နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ထပ်တူကျိုးနွံမှု ပြဖို့ လိုတယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ လူတွေကို အံ့ဖွယ်နည်းနဲ့ ကုသမပေးနိုင်ပေမဲ့ ဘုရားသခင်နဲ့ ခရစ်တော်ကို ယုံကြည်လာစေဖို့၊ ပေတရု ကမ်းလှမ်းတဲ့ အပြစ်ခွင့်လွှတ်ခံရခြင်း၊ ယေဟောဝါဆီက လန်းဆန်းမှု ခံစားရခြင်း ဆိုတဲ့ အခွင့်အရေး ရစေဖို့ ကူညီနိုင်ပါတယ်။ နှစ်စဉ် လူများစွာဟာ ဒီကမ်းလှမ်းမှုကို လက်ခံပြီး ခရစ်တော်ရဲ့ တပည့်အဖြစ် နှစ်ခြင်းခံကြတယ်။

ပေတရု ပြောတဲ့ “အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ့်အချိန်” မှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ “ရှေးခေတ် သန့်ရှင်းတဲ့ ပရောဖက်တွေကတစ်ဆင့် ဘုရားသခင် ပြောခဲ့တဲ့အတိုင်း” ၁၉၁၄ ခုနှစ်မှာ ကောင်းကင် နိုင်ငံတော် တည်ထောင်ခဲ့ပြီ။ (တ. ၃:၂၁။ ဆာ. ၁၁၀:၁-၃။ ဒံ. ၄:၁၆၊ ၁၇) အဲဒီနောက် မကြာခင် ခရစ်တော်ဟာ မြေကြီးပေါ်မှာ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းကို စတင် ကြီးကြပ်တယ်။ ရလဒ်အနေနဲ့ သန်းနဲ့ချီတဲ့ လူတွေ ပုံဆောင် ပရဒိသုထဲ ခေါ်ဆောင်ခံရပြီး ဘုရားနိုင်ငံတော် လက်အောက်ခံတွေ ဖြစ်လာကြတယ်။ စရိုက်ဟောင်းကို ချွတ်ပယ်ပြီး “အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်ကို ဝတ်ဆင်” ကြတယ်။ (ဧ. ၄:၂၂-၂၄) ဒီအံ့ဖွယ်ပြီးမြောက်မှုတွေဟာ လူ့ကြိုးစားမှုကြောင့် မဟုတ်ဘဲ ခြေဆွံ့တဲ့ သူတောင်းစားကို ကုသပေးတုန်းကလို ဘုရားစွမ်းအားတော်ကြောင့်ပါပဲ။ ပေတရုလိုပဲ ကျွန်တော်တို့လည်း တခြားသူတွေကို သွန်သင်ရာမှာ ကျမ်းစာကို ရဲရဲရင့်ရင့်၊ ထိထိရောက်ရောက် သုံးရမယ်။ လူတွေကို ခရစ်တော်ရဲ့ နောက်လိုက်တွေ ဖြစ်လာအောင် ကူညီပေးရာမှာ ရရှိတဲ့ အောင်မြင်မှု မှန်သမျှဟာ ကိုယ့်အစွမ်းကြောင့် မဟုတ်ဘဲ ဘုရားတန်ခိုးကြောင့် ဖြစ်တယ်။

‘ကျွန်တော်တို့ကတော့ မဟောဘဲ မနေနိုင်ဘူး’ (တ. ၄:၁-၂၂)

၉-၁၁။ (က) ပေတရုနဲ့ ယောဟန်ရဲ့ သတင်းစကားကို ဂျူးခေါင်းဆောင်တွေ ဘယ်လို တုံ့ပြန်သလဲ။ (ခ) တမန်တော်တွေ ဘာလုပ်ဖို့ ဆုံးဖြတ်ထားသလဲ။

ပေတရုရဲ့ အပြောနဲ့ ခြေဆွံ့ခဲ့ဖူးသူရဲ့ ခုန်ပေါက်အော်ဟစ်မှုကြောင့် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ဒါကြောင့် ဗိမာန်တော် လုံခြုံရေးကို ကြီးကြပ်ဖို့ ခန့်အပ်ခံရတဲ့ ဗိမာန်တော်မှူးနဲ့ ပုရောဟိတ်ကြီးတွေ ချက်ချင်း ရောက်လာပြီး မေးမြန်းစုံစမ်းကြတယ်။ သူတို့ဟာ ချမ်းသာပြီး နိုင်ငံရေးပိုင်းမှာ ဩဇာရှိတဲ့ ဇဒ္ဒုကဲတွေ ဖြစ်ပုံရတယ်။ ရောမတွေနဲ့ သင့်မြတ်ချင်သူတွေ ဖြစ်တယ်။ ဖာရိရှဲတွေ သိပ်နှစ်သက်တဲ့ နှုတ်တိုက်ပညတ်ကို ငြင်းပယ်ပြီး ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို မယုံကြဘူး။ c ဒါကြောင့် ယေရှု ရှင်ပြန်ထမြောက်ပြီဆိုတဲ့အကြောင်း ဗိမာန်တော်မှာ ပေတရုနဲ့ ယောဟန် ရဲရဲရင့်ရင့် သွန်သင်နေတာကို မြင်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ကြတာ။

၁၀ ဒေါသထွက်နေတဲ့ ဆန့်ကျင်သူတွေဟာ ပေတရုနဲ့ ယောဟန်ကို ထောင်ချလိုက်ပြီး နောက်တစ်နေ့မှာ ဂျူးတရားရုံးချုပ်ရှေ့ ဆွဲခေါ်လာကြတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်မြင့်မြတ်တဲ့ အုပ်စိုးရှင်တွေအဖြစ် ယူမှတ်နေသူတွေအတွက် ပေတရုနဲ့ ယောဟန်ဟာ “ပညာတတ် မဟုတ်၊ သာမန်လူတွေ၊” ဗိမာန်တော်မှာ သွန်သင်ခွင့် မရှိသူတွေ၊ ဘာသာရေးကျောင်းမှာ ပညာမသင်ခဲ့သူတွေ ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်စိတ်ချမှုနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပုံကြောင့် တရားရုံးမှာ ရှိတဲ့သူတွေ အံ့သြသွားကြတယ်။ ဘာကြောင့် ဒီလောက် ထိထိရောက်ရောက် ပြောဆိုနိုင်ကြသလဲ။ အကြောင်းရင်းတစ်ခုကတော့ “ယေရှုနဲ့အတူ ရှိခဲ့ဖူးလို့ပဲ။” (တ. ၄:၁၃) သူတို့ရဲ့ ဆရာက ကျမ်းတတ်တွေလို မဟုတ်ဘဲ အခွင့်အာဏာရှိသူ တစ်ယောက်လို သွန်သင်ပေးထားတာကိုး။—မ. ၇:၂၈၊ ၂၉

၁၁ ဆက်မဟောပြောဖို့ တမန်တော်တွေကို တရားရုံးက အမိန့်ပေးတယ်။ ဒီအသိုင်းအဝိုင်းမှာ တရားရုံး အမိန့်ဟာ သိပ်သြဇာညောင်းတယ်။ လွန်ခဲ့တဲ့ အပတ်အနည်းငယ်တုန်းက “ဒီလူ သေဒဏ် ခံထိုက်တာပေါ့” ဆိုပြီး ယေရှုကို စီရင်ချက် ချတာ ဒီတရားရုံးပဲ။ (မ. ၂၆:၅၉-၆၆) ဒါပေမဲ့ ပေတရုနဲ့ ယောဟန် မကြောက်ဘူး။ သြဇာအာဏာရှိတဲ့ ပညာတတ်၊ လူချမ်းသာတွေရှေ့ ရပ်ပြီး “ဘုရားသခင့်စကားထက် ခင်ဗျားတို့ရဲ့ စကားကို နားထောင်မယ်ဆိုရင် ဘုရားသခင်ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ရဲရဲရင့်ရင့်၊ လေးလေးစားစား ပြောကြတယ်။—တ. ၄:၁၉၊ ၂၀

၁၂။ ရဲစွမ်းသတ္တိနဲ့ ယုံကြည်စိတ်ချမှု ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၂ သင်လည်း ထပ်တူသတ္တိမျိုး ပြနိုင်မလား။ သင့်ရပ်ကွက်မှာ ချမ်းသာသူတွေ၊ ပညာတတ်တွေ၊ သြဇာအာဏာရှိသူတွေကို သက်သေခံခွင့် ရတဲ့အခါ ဘယ်လို ခံစားရသလဲ။ မိသားစုဝင်၊ ကျောင်းနေဖက်၊ အလုပ်ဖော်တွေ ကိုယ့်ယုံကြည်ချက်ကို ကဲ့ရဲ့ရင်ကော။ ကြောက်သွားသလား။ ကြောက်စိတ်ကို သင် အောင်မြင်ကျော်လွှားနိုင်ပါတယ်။ ကိုယ့်ယုံကြည်ချက်တွေကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ လေးလေးစားစား ဘယ်လို ခုခံကာကွယ်နိုင်ကြောင်း ယေရှု မြေကြီးပေါ်ရှိတုန်းက တမန်တော်တွေကို သင်ပေးတယ်။ (မ. ၁၀:၁၁-၁၈) “လောကစနစ် နိဂုံးပိုင်းအထိ” အတူရှိနေမယ်လို့ ယေရှု ထမြောက်ပြီးနောက် တပည့်တွေကို ကတိပေးတယ်။ (မ. ၂၈:၂၀) ယေရှုရဲ့ ညွှန်ကြားမှုအောက်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ဘယ်လို ခုခံကာကွယ်နိုင်ကြောင်း သွန်သင်ပေးနေတယ်။ (မ. ၂၄:၄၅-၄၇။ ၁ ပေ. ၃:၁၅) ဒီသွန်သင်ချက်တွေကို ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်းလိုမျိုး အသင်းတော် အစည်းအဝေးတွေ၊ jw.org ဝက်ဘ်ဆိုက်ပေါ်က “ကျမ်းစာမေးခွန်းများရဲ့ အဖြေ” ဆောင်းပါးလိုမျိုး ကျမ်းစာအခြေပြု စာပေတွေကတစ်ဆင့် ရရှိတယ်။ ဒီပြင်ဆင်ပေးချက်တွေကို ကောင်းကောင်း အသုံးချနေသလား။ ဒါဆိုရင် ရဲစွမ်းသတ္တိနဲ့ ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။ တမန်တော်တွေလိုပဲ ကြားရမြင်ရတဲ့ ကျမ်းစာအမှန်တရားတွေကို မပြောဘဲ နေဖို့ ဘာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။

သိထားတဲ့ အဖိုးတန် ကျမ်းစာ အမှန်တရားတွေကို မဟောဘဲနေဖို့ ဘာကမှ မတားဆီးပါစေနဲ့

‘ဘုရားသခင်ဆီ သူတို့ ဆုတောင်းကြ’ (တ. ၄:၂၃-၃၁)

၁၃၊ ၁၄။ ဆန့်ကျင်မှု ကြုံရရင် ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၃ ပေတရုနဲ့ ယောဟန် ထောင်ကနေ လွတ်လာတာနဲ့ ယုံကြည်သူချင်းတွေဆီ သွားကြတယ်။ ဆက်ဟောနိုင်တဲ့ သတ္တိပေးဖို့ “ဘုရားသခင်ဆီ သူတို့ တညီတညွတ်တည်း ဆုတောင်းကြ” တယ်။ (တ. ၄:၂၄) ဘုရားအလိုတော် ဆောင်ရာမှာ ကိုယ့်အစွမ်းအစကို ကိုးစားတာ မိုက်မဲမှန်း ပေတရု ကောင်းကောင်း သိတယ်။ လွန်ခဲ့တဲ့ အပတ်အနည်းငယ်ကပဲ “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာ ပေတရု ပြောတယ်။ ဒါပေမဲ့ ယေရှု ကြိုပြောတဲ့အတိုင်း ပေတရုဟာ လူကို ကြောက်တဲ့ စိတ်ကြောင့် မိတ်ဆွေလည်း ဖြစ်၊ ဆရာလည်း ဖြစ်သူကို ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ဒီအမှားကနေ သင်ခန်းစာ ယူတယ်။—မ. ၂၆:၃၃၊ ၃၄၊ ၆၉-၇၅

၁၄ ခရစ်တော်ရဲ့ သက်သေအဖြစ် တာဝန်ထမ်းဆောင်ရာမှာ ဆန္ဒ ရှိရုံနဲ့ မလုံလောက်ဘူး။ ဆန့်ကျင်သူတွေ သင့်ယုံကြည်ခြင်းကို ချိုးဖျက်ဖို့ ကြိုးစားတဲ့အခါ၊ ဆက်မဟောဖို့ တားဆီးတဲ့အခါ ပေတရုနဲ့ ယောဟန်ရဲ့ စံနမူနာကို အတုယူပါ။ ခွန်အားပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အသင်းတော်ရဲ့ အကူအညီကို ယူပါ။ ကြုံနေရတဲ့ ပြဿနာတွေအကြောင်း အကြီးအကဲတွေ၊ ရင့်ကျက်သူတွေကို ပြောပြပါ။ တခြားသူတွေရဲ့ ဆုတောင်းချက်ဟာ သိပ်အစွမ်းထက်တဲ့ အထောက်အမ ဖြစ်နိုင်တယ်။—ဧ. ၆:၁၈။ ယာ. ၅:၁၆

၁၅။ အတန်ကြာ မဟောဘဲ နေခဲ့သူတွေ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

၁၅ သင်ဟာ ဆန့်ကျင်မှု ကြုံရလို့ အတန်ကြာ မဟောဘဲ နေခဲ့တယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ယေရှု သေဆုံးပြီးနောက် တမန်တော်အားလုံး တစ်ခဏ မဟောပြောဘဲ နေခဲ့ကြပေမဲ့ မကြာခင် ပြန်ဟောပြောကြတယ်။ (မ. ၂၆:၅၆။ ၂၈:၁၀၊ ၁၆-၂၀) သင်လည်း အတိတ်က အမှားတွေကြောင့် စိတ်ဓာတ်ကျနေမယ့်အစား အတွေ့အကြုံကနေ သင်ခန်းစာ ယူပြီး တခြားသူတွေကို အားပေးနိုင်မလား။

၁၆၊ ၁၇။ ဂျေရုဆလင်မြို့က ခရစ်တော် နောက်လိုက်တွေရဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။

၁၆ ကျွန်တော်တို့ကို အာဏာပိုင်တွေ ဖိနှိပ်တဲ့အခါ ဘာအတွက် ဆုတောင်းသင့်သလဲ။ “ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ စကားကို တပည့်တွေ ကောင်းကောင်း မှတ်မိတဲ့အတွက် စမ်းသပ်မှုတွေ ဖယ်ရှားပေးဖို့ ဆုမတောင်းကြဘူး။ (ယော. ၁၅:၂၀) ဆန့်ကျင်သူတွေရဲ့ ခြိမ်းခြောက်စကားကို “ကြားလှည့်ပါ” ဆိုပြီးတော့ပဲ ဆုတောင်းကြတယ်။ (တ. ၄:၂၉) ဘုရားအလိုတော်သာ အရေးကြီးဆုံး ဖြစ်ကြောင်း၊ နှိပ်စက်ညှဉ်းပန်းခံရတာဟာ ပရောဖက်ပြုချက် ပြည့်စုံမှု ဖြစ်ကြောင်း အသိအမှတ်ပြုကြတယ်။ လူ့အုပ်စိုးရှင်တွေ ဘယ်လိုပဲ ပြောကြပါစေ ယေရှု သင်ပေးတဲ့ ဆုတောင်းချက်အတိုင်း ဘုရားအလိုတော် ‘ကမ္ဘာမြေမှာ ပြည့်စုံ’ လာမယ်ဆိုတာ သိကြတယ်။—မ. ၆:၉၊ ၁၀

၁၇ တပည့်တွေဟာ ဘုရားအလိုတော် ဆောင်နိုင်ဖို့ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” လို့ ဆုတောင်းကြတယ်။ (တ. ၄:၂၉-၃၁) ယေဟောဝါ ချက်ချင်း ဘယ်လို တုံ့ပြန်သလဲ။ “သူတို့ စုဝေးတဲ့နေရာ တုန်လှုပ်သွားတယ်။ သူတို့အားလုံး သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး ဘုရားသခင်ရဲ့ တရားစကားတော်ကို ရဲရဲရင့်ရင့် ဆက်ဟောပြောကြတယ်။” (တ. ၄:၂၉-၃၁) ဘုရားအလိုတော် မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်ဘူး။ (ဟေရှာ. ၅၅:၁၁) အခက်အခဲတွေ ဘယ်လောက် ကြီးမားပါစေ၊ ဆန့်ကျင်သူတွေ ဘယ်လောက် သြဇာအာဏာ ရှိပါစေ ဆုတောင်းရင် ရဲရဲရင့်ရင့် ဆက်ဟောနိုင်ဖို့ ဘုရား ခွန်အားပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

‘လူကို မဟုတ်၊ ဘုရားသခင်’ နဲ့ စာရင်းရှင်းရမယ် (တ. ၄:၃၂–၅:၁၁)

၁၈။ ဂျေရုဆလင် အသင်းတော်က အသင်းသားတွေ အချင်းချင်းအတွက် ဘာလုပ်ပေးကြသလဲ။

၁၈ ဂျေရုဆလင်မြို့မှာ ရှိတဲ့ တည်ထောင်ခါစ အသင်းတော်လေးဟာ မကြာခင်မှာပဲ အသင်းသား ၅,၀၀၀ ကျော်အထိ တိုးတက်လာတယ်။ d တပည့်တွေဟာ နောက်ခံအမျိုးမျိုးကနေ လာကြပေမဲ့ စည်းလုံးပြီး “တစ်စိတ်တစ်သဘောတည်း” ရှိကြတယ်။ (တ. ၄:၃၂။ ၁ ကော. ၁:၁၀) မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးဖို့ ဆုတောင်းရုံသာမက ယုံကြည်ခြင်း ခိုင်မာဖို့ အချင်းချင်း အားပေးပြီး လိုအပ်ရင် ပစ္စည်းဥစ္စာနဲ့လည်း ကူညီကြတယ်။ (၁ ယော. ၃:၁၆-၁၈) ဥပမာ၊ ဗာနဗလို့ တမန်တော်တွေ နာမည်ပေးခဲ့သူ တပည့် ယောသပ်ဟာ ရပ်ဝေးက လာသူတွေ ဂျေရုဆလင်မြို့မှာ ဆက်နေပြီး ယုံကြည်ချက်အသစ်အကြောင်း ထပ်သင်ယူနိုင်ကြဖို့ လယ်ရောင်းပြီး ငွေအားလုံး လှူလိုက်တယ်။

၁၉။ အာနနိနဲ့ ရှဖိရေကို ယေဟောဝါ ဘာကြောင့် သေဒဏ်ပေးသလဲ။

၁၉ အာနနိနဲ့ ရှဖိရေလို့ ခေါ်တဲ့ ဇနီးမောင်နှံဟာ မြေကွက် ရောင်းပြီး ရောင်းရငွေတွေ လှူတယ်။ ငွေအားလုံး ပေးဟန်ဆောင်ပြီး “ရောင်းရငွေတချို့ကို ဝှက်ထားတယ်။” (တ. ၅:၂) ငွေပမာဏ နည်းလို့ မဟုတ်ဘဲ သူတို့ စိတ်ရင်း မကောင်းလို့၊ လိမ်လည်လှည့်ဖြားလို့ ယေဟောဝါ သေဒဏ်ပေးလိုက်တယ်။ သူတို့က “လူကို လိမ်တာ မဟုတ်ဘူး၊ ဘုရားသခင်ကို လိမ်တာပဲ။” (တ. ၅:၄) ယေရှု ပြစ်တင်ရှုတ်ချတဲ့ ကြောင်သူတော်တွေလိုပဲ အာနနိနဲ့ ရှဖိရေဟာ ဘုရားမျက်နှာသာထက် လူတွေ ချီးမွမ်းတာ လိုချင်ကြတယ်။—မ. ၆:၁-၃

၂၀။ ယေဟောဝါကို ပေးဆက်ခြင်းနဲ့ပတ်သက်ပြီး ဘာသင်ခန်းစာ ရသလဲ။

၂၀ ဂျေရုဆလင်မြို့က ပထမရာစု သစ္စာရှိ တပည့်တွေရဲ့ ရက်ရောတဲ့ စိတ်ဓာတ်မျိုးကို ဒီနေ့ခေတ် သန်းနဲ့ချီတဲ့ သက်သေခံတွေ ပြနေကြတယ်။ စေတနာအလျောက် အလှူငွေ ထည့်ဝင်ခြင်းအားဖြင့် ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ထောက်မနေကြတယ်။ ဒီလုပ်ငန်းကို အချိန်၊ ငွေကြေး ထောက်မဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ် မတောင်းဆိုဘူး။ စိတ်မပါ့တပါ ဒါမှမဟုတ် အတင်းအကျပ် တိုက်တွန်းလို့ အမှုဆောင်တာကို ယေဟောဝါ မလိုလားဘူး။ (၂ ကော. ၉:၇) ကျွန်တော်တို့ ပေးတဲ့ ပမာဏကို မဟုတ်ဘဲ စိတ်ရင်းကို စိတ်ဝင်စားတယ်။ (မာ. ၁၂:၄၁-၄၄) အာနနိနဲ့ ရှဖိရေလို အကျိုးလိုလို့ ဒါမှမဟုတ် ချီးမွမ်းခံချင်လို့ ဘုရားအမှုဆောင်တာမျိုး မဖြစ်သင့်ဘူး။ အဲဒီအစား ပေတရု၊ ယောဟန်၊ ဗာနဗတို့လိုပဲ ဘုရားနဲ့ လူလူချင်းကို မေတ္တာစစ်နဲ့ ချစ်လို့ အမှုဆောင်တာ ဖြစ်ကြပါစေ။—မ. ၂၂:၃၇-၄၀

a ဗိမာန်တော်မှာ နံနက်ပိုင်း၊ ညနေပိုင်း ပူဇော်သက္ကာ ဆက်သချိန်မှာ လူတွေ ဆုတောင်းကြတယ်။ ညနေပိုင်း ပူဇော်သက္ကာကို “ကိုးနာရီ” ဒါမှမဟုတ် မွန်းလွဲ သုံးနာရီလောက်မှာ ပူဇော်ကြတယ်။

c ပုရောဟိတ်မင်းနဲ့ ပုရောဟိတ်ကြီးတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

d အေဒီ ၃၃ တုန်းက ဂျေရုဆလင်မြို့မှာ ဖာရိရှဲ ၆,၀၀၀ လောက်နဲ့ ဇဒ္ဒုကဲ အနည်းငယ်ပဲ ရှိပုံရတယ်။ ဒါဟာ ယေရှုရဲ့ သွန်သင်ချက် ပျံ့သွားမှာကို အဲဒီအဖွဲ့ နှစ်ဖွဲ့ ပိုပို စိုးရိမ်လာရတဲ့ နောက်အကြောင်းရင်း ဖြစ်နိုင်တယ်။