မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

“ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်”

“ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်”

ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ တမန်တော်တွေကို ယေရှု ပြင်ဆင်ပေးပုံ

တမန်တော် ၁:၁-၂၆ ကို အခြေခံ

၁-၃။ တမန်တော်တွေကို ယေရှု ဘယ်လို ခွဲခွာသွားသလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

 ယေရှု ဆုံးသွားလို့ တမန်တော်တွေ ဝမ်းနည်းနေကြတာ။ ယေရှု ရှင်ပြန်ထမြောက်လာတော့ ပြန်ပြီး စိတ်တက်ကြွလာကြတယ်။ ရက်ပေါင်း ၄၀ အတွင်း သူတို့ရှေ့ ယေရှု အကြိမ်ကြိမ် ကိုယ်ထင်ရှားပြပြီး သွန်သင်အားပေးခဲ့တယ်။ အဲဒီအချိန်တွေကို သူတို့ မကုန်ဆုံးစေချင်ကြဘူး။ ဒါပေမဲ့ ဒီနေ့က နောက်ဆုံးပဲ။

သံလွင်တောင်ပေါ် အတူရပ်နေချိန် တမန်တော်တွေဟာ ယေရှု ပြောသမျှ အာရုံစိုက် နားထောင်နေတဲ့အတွက် အချိန်ကုန်လို့ ကုန်မှန်း မသိလိုက်ကြဘူး။ ဒါပေမဲ့ ယေရှုက လက်ကို မြှောက်၊ ကောင်းချီးပေးပြီး ကောင်းကင် တက်သွားတယ်။ တမန်တော်တွေ ကြည့်နေရင်းနဲ့ နောက်ဆုံး၊ မိုးတိမ် ကွယ်သွားပြီး မမြင်ရတော့ဘူး။ မြင်ကွင်းကနေ ယေရှု ပျောက်ကွယ်သွားပေမဲ့ သူတို့ ကောင်းကင်ကို ငေးကြည့်နေကြတုန်းပဲ။—လု. ၂၄:၅၀။ တ. ၁:၉၊ ၁၀

တမန်တော်တွေရဲ့ ဘဝမှာ ဒါ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုပဲ။ သခင် ယေရှုခရစ် ကောင်းကင် တက်သွားပြီဆိုတော့ အခု သူတို့ ဘာလုပ်ကြမလဲ။ မိမိ စတင်ခဲ့တဲ့ အလုပ်ကို တပည့်တွေ ဆက်လုပ်နိုင်ဖို့ သခင် အသင့်ပြင်ပေးခဲ့မှာ သေချာတယ်။ ဘယ်လို အသင့်ပြင်ပေးခဲ့သလဲ။ သူတို့ ဘယ်လို တုံ့ပြန်ကြသလဲ။ ဒါက ဒီနေ့ခေတ် ခရစ်ယာန်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ တမန်တော်ကျမ်း ပထမ အခန်းကြီးမှာ အားရှိစရာ အဖြေတွေ ပါတယ်။

“ခိုင်လုံတဲ့ အထောက်အထားများစွာ” (တ. ၁:၁-၅)

၄။ တမန်တော်ကျမ်းကို လုကာ ဘယ်လို အစပြုထားသလဲ။

လုကာက တမန်တော်ကျမ်းကို သော်ဖိလုဆီ ရေးတဲ့ စာနဲ့ အစပြုထားတယ်။ အစောပိုင်းမှာ ရေးတဲ့ ခရစ်ဝင်ကျမ်းကိုလည်း သော်ဖိလုဆီ ရေးခဲ့တာ။ a လုကာ ခရစ်ဝင်ကျမ်းရဲ့ နိဂုံးမှာ ရေးခဲ့တဲ့ ဖြစ်ရပ်တွေကို တမန်တော်ကျမ်းအစမှာ မတူညီတဲ့ အသုံးအနှုန်းတွေ၊ ထပ်ဆင့်အချက်အလက်တွေနဲ့ အကျဉ်းချုပ် ဖော်ပြထားတဲ့အတွက် တမန်တော်ကျမ်းဟာ လုကာကျမ်းရဲ့ အဆက် ဖြစ်ကြောင်း ထင်ရှားတယ်။

၅၊ ၆။ (က) ယေရှုနောက်လိုက်တွေရဲ့ ယုံကြည်ခြင်းကို ဘာက ခိုင်ခံ့စေသလဲ။ (ခ) ဒီနေ့ ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းဟာ ဘယ်နည်းနဲ့ “ခိုင်လုံတဲ့ အထောက်အထားများစွာ” ကို အခြေခံသလဲ။

ယေရှုနောက်လိုက်တွေရဲ့ ယုံကြည်ခြင်းကို ဘာက ခိုင်ခံ့စေသလဲ။ ယေရှုဟာ “အသက်ပြန်ရှင်လာတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားများစွာ တမန်တော်တွေကို ပြခဲ့တယ်” လို့ တမန်တော် ၁:၃ မှာ ရေးထားတယ်။ ကျမ်းစာမှာ “ချစ်ရတဲ့ သမားတော်” လုကာ တစ်ယောက်ပဲ “ခိုင်လုံတဲ့ အထောက်အထား” ဆိုတဲ့ စကားလုံးကို သုံးတယ်။ (ကော. ၄:၁၄) ဒါဟာ ဆေးပညာရပ် ဝေါဟာရ ဖြစ်ပြီး ခိုင်လုံတဲ့၊ ယုံကြည်စိတ်ချနိုင်တဲ့ အထောက်အထားကို ဆိုလိုတယ်။ အဲဒီလို အထောက်အထားမျိုး ယေရှု ပေးခဲ့တယ်။ နောက်လိုက်တွေရှေ့ အကြိမ်ကြိမ် ကိုယ်ထင်ရှားပြတယ်။ တစ်ခါတလေ တစ်ယောက် နှစ်ယောက်ရှေ့၊ တစ်ခါတလေ တမန်တော်အားလုံးရှေ့၊ တစ်ကြိမ်မှာ ယုံကြည်သူ ၅၀၀ ကျော်ရှေ့ ပြခဲ့တယ်။ (၁ ကော. ၁၅:၃-၆) သိပ်ခိုင်လုံတဲ့ အထောက်အထားတွေပါပဲ။

ဒီနေ့ ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ခြင်းလည်း “ခိုင်လုံတဲ့ အထောက်အထားများစွာ” ကို အခြေခံတယ်။ ယေရှု မြေကြီးပေါ် အသက်ရှင်ခဲ့ကြောင်း၊ ကျွန်တော်တို့ရဲ့ အပြစ်အတွက် အသေခံပြီး ထမြောက်ခဲ့ကြောင်း အထောက်အထား ရှိပါသလား။ ရှိပါတယ်။ ကျမ်းစာမှာ ပါတဲ့ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းဟာ ခိုင်လုံတဲ့ အထောက်အထားပါပဲ။ ဆုတောင်းပြီး ဒီမှတ်တမ်းတွေကို လေ့လာရင် ယုံကြည်ခြင်း ခိုင်ခံ့လာနိုင်တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ အယုံလွယ်တာ မဟုတ်ဘူး။ ခိုင်လုံတဲ့ အထောက်အထားတွေကို အခြေခံတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိမှ ထာဝရအသက် ရနိုင်မှာ။—ယော. ၃:၁၆

၇။ ဟောပြောသွန်သင်ရာမှာ နောက်လိုက်တွေအတွက် ယေရှု ဘယ်ပုံသက်သေ ချမှတ်ပေးသလဲ။

“ဘုရားသခင့် နိုင်ငံတော်အကြောင်း” လည်း ယေရှု “ပြောပြ” တယ်။ ဥပမာ၊ မေရှိယ ဝေဒနာ ခံစားပြီး သေဆုံးမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေ ရှင်းပြတယ်။ (လု. ၂၄:၁၃-၃၂၊ ၄၆၊ ၄၇) ယေရှု မင်းလောင်း ဖြစ်တဲ့အတွက် မေရှိယအဖြစ် မိမိအခန်းကဏ္ဍကို ရှင်းပြတဲ့အခါ ဘုရားနိုင်ငံတော်အကြောင်း အလေးပေး ပြောပြတယ်။ ဒီနေ့ခေတ် နောက်လိုက်တွေလည်း ယေရှုလိုပဲ နိုင်ငံတော်အကြောင်း အဓိက ဟောပြောကြတယ်။—မ. ၂၄:၁၄။ လု. ၄:၄၃

“ကမ္ဘာမြေ အစွန်အဖျားအထိ” (တ. ၁:၆-၁၂)

၈၊ ၉။ (က) တမန်တော်တွေမှာ ဘာမှားယွင်းတဲ့ အတွေးအခေါ် နှစ်ခု ရှိသလဲ။ (ခ) တမန်တော်တွေရဲ့ အတွေးအခေါ်ကို ယေရှု ဘယ်လို တည့်မတ်ပေးသလဲ။ ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် ဘာသင်ခန်းစာ ရသလဲ။

သံလွင်တောင်ပေါ်မှာ ယေရှုနဲ့ နောက်ဆုံးအကြိမ် တမန်တော်တွေ တွေ့ဆုံချိန်မှာ “သခင်၊ အစ္စရေးလူမျိုးအတွက် နိုင်ငံကို အခု ပြန်တည်ထောင်ပေးမှာလား” လို့ မေးကြတယ်။ (တ. ၁:၆) ဒီမေးခွန်းက သူတို့မှာ မှားယွင်းတဲ့ အတွေးအခေါ် နှစ်ခု ရှိနေကြောင်း ဖော်ပြတယ်။ ပထမ၊ အစ္စရေးလူမျိုးအတွက် နိုင်ငံ ပြန်တည်ထောင်ပေးမယ်လို့ ထင်နေကြတယ်။ ဒုတိယ၊ ကတိထားရာ နိုင်ငံတော် “အခု” ပဲ စတင်အုပ်ချုပ်မယ်လို့ မျှော်လင့်နေကြတယ်။ သူတို့ရဲ့ အတွေးအခေါ်ကို ယေရှု ဘယ်လို တည့်မတ်ပေးသလဲ။

မကြာခင် နောက်လိုက်တွေရဲ့ ပထမ အတွေးအခေါ် ပြောင်းသွားတော့မယ်ဆိုတာ ယေရှု သိတယ်။ နောက်ဆယ်ရက်အကြာမှာ လူမျိုးသစ် ဖြစ်တဲ့ ဘုရားသခင့် အစ္စရေးလူမျိုး ပေါ်ပေါက်လာတာကို တွေ့ရတော့မှာ ဖြစ်လို့ပဲ။ ပကတိ အစ္စရေးလူမျိုးနဲ့ ဘုရားသခင့် ဆက်ဆံရေး အဆုံးတိုင်တော့မယ်။ ဒုတိယ အတွေးအခေါ်နဲ့ပတ်သက်ပြီး “ကောင်းကင်အဖ သတ်မှတ်တဲ့ အချိန်ကာလတွေအကြောင်း ခင်ဗျားတို့ သိခွင့် မရှိဘူး” လို့ ယေရှု ကြင်ကြင်နာနာ သတိပေးတယ်။ (တ. ၁:၇) ယေဟောဝါဟာ ကြီးမြတ်တဲ့ အချိန်သတ်မှတ်ရှင် ဖြစ်တယ်။ အဆုံးရောက်လာမယ့် “အဲဒီနေ့၊ အဲဒီအချိန်ကို” ကို သားတော် မသိကြောင်း၊ “အဖဘုရားပဲ” သိကြောင်း ယေရှု မသေဆုံးခင် ပြောခဲ့တယ်။ (မ. ၂၄:၃၆) ဒီနေ့လည်း ဒီလောကစနစ်ရဲ့ အဆုံး ရောက်လာမယ့်အချိန်ကို ခရစ်ယာန်တွေ အာရုံစိုက်လွန်းနေမယ်ဆိုရင် သိခွင့် မရှိတဲ့အရာအတွက် စိုးရိမ်နေတာပဲ။

၁၀။ တမန်တော်တွေရဲ့ ဘယ်သဘောထားမျိုး ကျွန်တော်တို့မှာ ရှိသင့်သလဲ။ ဘာကြောင့်လဲ။

၁၀ တမန်တော်တွေမှာ မှားယွင်းတဲ့ အတွေးအခေါ် ရှိနေပေမဲ့ အထင်မသေးသင့်ဘူး။ သူတို့ဟာ ယုံကြည်ခြင်း ခိုင်မာကြတယ်။ တည့်မတ်မှုကို နှိမ့်ချမှု ရှိရှိ လက်ခံကြတယ်။ အတွေးအခေါ် မှားနေကြပေမဲ့ ဒီလို မေးတာကိုက သူတို့မှာ သဘောထားမှန် ရှိကြောင်း ဖော်ပြတယ်။ “သတိနဲ့ စောင့်နေကြပါ” လို့ နောက်လိုက်တွေကို ယေရှု ထပ်တလဲလဲ တိုက်တွန်းတယ်။ (မ. ၂၄:၄၂။ ၂၅:၁၃။ ၂၆:၄၁) ဒါကြောင့် သူတို့ နိုးကြားနေပြီး ယေဟောဝါ လုပ်ဆောင်တော့မယ့်အရာကို ထက်ထက်သန်သန် စောင့်မျှော်ခဲ့ကြတယ်။ ဒီသဘောထားမျိုး ကျွန်တော်တို့မှာလည်း ရှိရမယ်။ “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းမှာ အသက်ရှင်နေရလို့ အဲဒီလို သတိနဲ့ စောင့်နေဖို့ ပိုအရေးကြီးတယ်။—၂ တိ. ၃:၁-၅

၁၁၊ ၁၂။ (က) နောက်လိုက်တွေကို ယေရှု ဘာတာဝန် ပေးသလဲ။ (ခ) ဟောပြောခြင်းတာဝန် မပေးခင် သန့်ရှင်းသော စွမ်းအားတော်အကြောင်း ယေရှု ဘာကြောင့် ပြောသလဲ။

၁၁ တမန်တော်တွေ အဓိက အာရုံစိုက်သင့်တဲ့အရာနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောတယ်– “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။” (တ. ၁:၈) ယေရှု ထမြောက်တဲ့ သတင်းကို ယေရှု အသတ်ခံရတဲ့ ဂျေရုဆလင်မြို့မှာ ဦးဆုံး ကြေညာရမယ်။ အဲဒီနောက် ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ဝေးလံတဲ့ဒေသတွေမှာ ကြေညာရမယ်။

၁၂ သူတို့ကို ကူညီဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်ဆိုတဲ့ ကတိအကြောင်း ထပ်ပြောပြီးမှ ဟောပြောခြင်းတာဝန် ယေရှု ပေးတယ်။ တမန်တော်ကျမ်းမှာ “သန့်ရှင်းသော စွမ်းအားတော်” ဆိုတဲ့ စကားလုံး အကြိမ် ၄၀ ကျော် သုံးထားတဲ့ထဲမှာ ဒီတစ်ကြိမ်လည်း အပါအဝင် ဖြစ်တယ်။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ မပါဘဲ ယေဟောဝါရဲ့ အလိုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း တမန်တော်ကျမ်းက ပေါ်လွင်စေတယ်။ ဒါကြောင့် စွမ်းအားတော် ရဖို့ ကျွန်တော်တို့ မှန်မှန် ဆုတောင်းရမယ်။ (လု. ၁၁:၁၃) အခုအချိန်မှာ အရင်ကထက် စွမ်းအားတော် ပိုလိုအပ်နေတယ်။

၁၃။ ဒီနေ့ခေတ် ဘုရားလူမျိုးကို ပေးအပ်ထားတဲ့ ဟောပြောခြင်းတာဝန်ဟာ ဘယ်လောက် ကျယ်ပြန့်သလဲ။ ဘာကြောင့် စိတ်နှလုံး အကြွင်းမဲ့ လက်ခံသင့်သလဲ။

၁၃ တမန်တော်တွေအတွက် “ကမ္ဘာမြေ အစွန်အဖျား” ဆိုတာနဲ့ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် “ကမ္ဘာမြေ အစွန်အဖျား” ဆိုတာ မတူတော့ဘူး။ ရှေ့အခန်းမှာ တွေ့ရတဲ့အတိုင်း နိုင်ငံတော် သတင်းကောင်းကို လူအမျိုးမျိုး ကြားသိစေဖို့ ဘုရား အလိုရှိကြောင်း ယေဟောဝါသက်သေတွေ သိတဲ့အတွက် ဒီတာဝန်ကို စိတ်နှလုံး အကြွင်းမဲ့ လက်ခံကြတယ်။ (၁ တိ. ၂:၃၊ ၄) ဒီအသက်ကယ်လုပ်ငန်းမှာ သင် အလုပ်များနေသလား။ ဒီလုပ်ငန်းထက် ပိုကျေနပ်ပျော်ရွှင်စေတဲ့ လုပ်ငန်း မရှိနိုင်တော့ဘူး။ လိုအပ်တဲ့ အစွမ်းခွန်အား ယေဟောဝါ ပေးမယ်။ ဒီလုပ်ငန်းမှာ ထိရောက်မှု ရှိဖို့ သုံးရမယ့် နည်းလမ်းကောင်း၊ ရှိရမယ့် သဘောထားတွေအကြောင်း တမန်တော်ကျမ်းက ဖော်ပြပါလိမ့်မယ်။

၁၄၊ ၁၅။ (က) ခရစ်တော် ပြန်လာခြင်းနဲ့ပတ်သက်ပြီး ကောင်းကင်တမန်တွေ ဘာပြောသလဲ။ ဘာကို ဆိုလိုသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။) (ခ) ခရစ်တော် ပြန်လာခြင်းဟာ ဘယ်နည်းနဲ့ ထွက်သွားစဉ်က “နည်းအတိုင်း” ဖြစ်သလဲ။

၁၄ ဒီအခန်း အစပိုင်းမှာ ဖော်ပြသလို ယေရှု ကောင်းကင်ပေါ် တက်ပြီးနောက် မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။ တမန်တော် ၁၁ ယောက်ကတော့ ရပ်ပြီး ကောင်းကင်ကို ကြည့်နေကြတုန်းပဲ။ အဲဒီအချိန် ကောင်းကင်တမန် နှစ်ပါး ပေါ်လာပြီး “ဂါလိလဲလူတို့၊ ကောင်းကင်ကို ဘာလို့ မော့ကြည့်နေတာလဲ။ ယေရှု ကောင်းကင်ကို ဆောင်ယူခံရတာ ခင်ဗျားတို့ မြင်ရပြီ။ အဲဒီနည်းအတိုင်းပဲ သူ ပြန်လာလိမ့်မယ်” လို့ ပြောတယ်။ (တ. ၁:၁၁) ဘာသာတချို့ သွန်သင်သလို တက်သွားတဲ့ ခန္ဓာကိုယ်နဲ့ ယေရှု ပြန်လာမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဘယ်လို သိရသလဲ။

၁၅ အဲဒီပုံသဏ္ဌာန်အတိုင်း ယေရှု ပြန်လာမယ်လို့ ကောင်းကင်တမန်တွေ မပြောဘူး။ “အဲဒီနည်းအတိုင်း” ပြန်လာမယ်လို့ ပြောနေတာ။ b ယေရှု ဘယ်လိုနည်းနဲ့ ထွက်သွားသလဲ။ ကောင်းကင်တမန်တွေ စကားပြောနေချိန်မှာ ယေရှုကို မမြင်ရတော့ဘူး။ ယေရှု ကမ္ဘာပေါ်ကနေ ကောင်းကင်ဖခင်ဆီ သွားပြီဆိုတာ တမန်တော်တွေပဲ သိကြတယ်။ ခရစ်တော် ပြန်လာရင်လည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ဖြစ်လည်း ဖြစ်နေတယ်။ ဒီနေ့အချိန်မှာ ကျမ်းစာကို နားလည်ပြီး ခေတ်ကာလရဲ့ နိမိတ်တွေကို အသိအမှတ်ပြုသူတွေပဲ နိုင်ငံတော်အာဏာနဲ့ ယေရှု ရောက်ရှိနေတာ သိကြတယ်။ (လု. ၁၇:၂၀) ယေရှု ဘုရင် ဖြစ်နေပြီဆိုတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ သဘောပေါက်ရမယ်။ တခြားသူတွေကို ပြောပြရမယ်။ ဒါမှ သူတို့လည်း ဒီခေတ်ကာလရဲ့ အရေးကြီးမှုကို သိနိုင်မယ်။

“ဘယ်သူ့ကို ရွေးချယ်တယ်ဆိုတာ ဖော်ပြပေးပါ” (တ. ၁:၁၃-၂၆)

၁၆-၁၈။ (က) ဝတ်ပြုစုဝေးမှုတွေနဲ့ပတ်သက်ပြီး တမန်တော် ၁:၁၃၊ ၁၄ ကနေ ဘာသိရသလဲ။ (ခ) ယေရှုရဲ့ မိခင် မာရိဆီကနေ ဘာသင်ယူနိုင်သလဲ။ (ဂ) ဒီနေ့ ခရစ်ယာန် အစည်းအဝေးတွေ ဘာကြောင့် အရေးကြီးသလဲ။

၁၆ တမန်တော်တွေ “ဂျေရုဆလင်မြို့ဆီ ဝမ်းသာအားရ ပြန်သွားကြတယ်။” (လု. ၂၄:၅၂) ခရစ်တော်ရဲ့ ဦးဆောင်လမ်းပြမှု၊ ညွှန်ကြားမှုကို ဘယ်လို တုံ့ပြန်ကြမလဲ။ သူတို့ “အထက်ခန်း” မှာ စုဝေးနေကြကြောင်း တမန်တော် ၁:၁၃၊ ၁၄ မှာ ဖတ်ရတယ်။ ဒီလိုစုဝေးမှုတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတချို့ သိရတယ်။ အဲဒီခေတ်က ပါလက်စတိုင်းမှာ ရှိတဲ့ အိမ်တွေမှာ အထက်ခန်း ရှိပြီး အပြင်ဘက်လှေကားကနေ တက်သွားလို့ ရတယ်။ ဒီ “အထက်ခန်း” ဟာ တမန်တော် ၁၂:၁၂ မှာ ဖော်ပြထားတဲ့ မာကုရဲ့ မိခင် နေတဲ့ အိမ်ရဲ့ အထက်ခန်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ပါစေ နောက်လိုက်တွေ စုဝေးတဲ့ ရိုးရှင်းတဲ့ နေရာတစ်ခု ဖြစ်ပုံရတယ်။ ဒါပေမဲ့ ဘယ်သူတွေ စုဝေးပြီး ဘာလုပ်ကြသလဲ။

၁၇ စုဝေးချိန်မှာ တမန်တော်တွေ၊ အမျိုးသားတွေပဲ ရှိနေတာ မဟုတ်ဘူး။ ယေရှုရဲ့ မိခင် မာရိနဲ့ “တခြားအမျိုးသမီးတွေ” လည်း ရှိနေတယ်။ ဒါ မာရိအကြောင်း ကျမ်းစာမှာ နောက်ဆုံး ပါတာပဲ။ မာရိဟာ ထင်ပေါ်ကျော်ကြားဖို့ မကြိုးစားဘဲ ညီအစ်ကို/မတွေနဲ့အတူ နှိမ့်ချမှု ရှိရှိ စုဝေးဝတ်ပြုနေတယ်။ ယေရှု အသက်ရှင်စဉ်က ယုံကြည်သူတွေ မဖြစ်သေးတဲ့ မာရိရဲ့ သား လေးယောက်လည်း အတူရှိနေလို့ မာရိ နှစ်သိမ့်မှု ရမှာပဲ။ (မ. ၁၃:၅၅။ ယော. ၇:၅) မိတူဖကွဲအစ်ကို ရှင်ပြန်ထမြောက်ပြီးနောက် ညီတွေ သဘောထား ပြောင်းသွားတယ်။—၁ ကော. ၁၅:၇

၁၈ တပည့်တွေ ဘာကြောင့် စုဝေးနေကြသလဲ။ “သူတို့အားလုံး . . . စည်းစည်းလုံးလုံး အမြဲ ဆုတောင်းကြတယ်” လို့ ဖော်ပြထားတယ်။ (တ. ၁:၁၄) အတူတကွ စုဝေးခြင်းဟာ ခရစ်ယာန် ဝတ်ပြုမှုမှာ အမြဲ အရေးပါတယ်။ အချင်းချင်း အားပေးဖို့၊ သွန်သင်ချက်တွေ၊ ညွှန်ကြားချက်တွေ ခံယူဖို့၊ ယေဟောဝါကို အတူဝတ်ပြုဖို့ ကျွန်တော်တို့ စုဝေးကြတယ်။ အစည်းအဝေးတွေမှာ ဆုတောင်းတာ၊ ချီးမွမ်းသီချင်း ဆိုတာ ကျွန်တော်တို့အတွက် သိပ်အရေးပါသလို ဘုရားကိုလည်း စိတ်ရွှင်လန်းစေတယ်။ မြင့်မြတ်တဲ့၊ တည်ဆောက်မှု ဖြစ်စေတဲ့ ဒီစုဝေးမှုတွေကို ဘယ်တော့မှ မပျက်ကွက်ပါစေနဲ့။—ဟီ. ၁၀:၂၄၊ ၂၅

၁၉-၂၁။ (က) အသင်းတော်မှာ ပေတရု တက်တက်ကြွကြွ အမှုဆောင်နေတာကနေ ဘာသိရသလဲ။ (ခ) ယုဒနေရာကို ဘာကြောင့် အစားထိုးဖို့ လိုသလဲ။ အဲဒီကိစ္စ ဖြေရှင်းပုံကနေ ဘာသင်ယူနိုင်သလဲ။

၁၉ အခု ခရစ်တော်ရဲ့ နောက်လိုက်တွေ ဖြေရှင်းစရာ ကိစ္စတစ်ခု ရှိနေတယ်။ ဒီကိစ္စကို တမန်တော် ပေတရု ဦးဆောင်ဆွေးနွေးတယ်။ (အခန်းငယ် ၁၅-၂၆) ယေရှုကို သုံးကြိမ် ငြင်းပယ်ပြီးနောက်မှာတောင် ပေတရု ပြန်အသုံးတော်ခံနေရကြောင်း သိရခြင်းက စိတ်ချမ်းမြေ့စရာပါပဲ။ (မာ. ၁၄:၇၂) ကျွန်တော်တို့အားလုံး မှားတတ်ကြတယ်။ ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရသူတွေအပေါ် ယေဟောဝါ “ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” ဆိုတာကို အမှတ်ရနေဖို့ လိုတယ်။—ဆာ. ၈၆:၅

၂၀ သစ္စာဖောက် တမန်တော် ယုဒရဲ့ နေရာကို အစားထိုးဖို့ လိုကြောင်း ပေတရု သိတယ်။ ဘယ်သူနဲ့ အစားထိုးမလဲ။ တမန်တော်အသစ်ဟာ ယေရှု အမှုဆောင်ချိန်တစ်လျှောက် နောက်လိုက်ခဲ့သူ ဖြစ်ရမယ်။ ယေရှု ရှင်ပြန်ထမြောက်တာကို မြင်ခဲ့တဲ့ မျက်မြင်သက်သေလည်း ဖြစ်ရမယ်။ (တ. ၁:၂၁၊ ၂၂) ဒါ ယေရှုကိုယ်တိုင် ပေးခဲ့တဲ့ ဒီကတိနဲ့ ကိုက်ညီတယ်– “ကျွန်တော့်နောက် လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။” (မ. ၁၉:၂၈) မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှုနောက် လိုက်ခဲ့တဲ့ တမန်တော် ၁၂ ယောက်ကို အနာဂတ် ဂျေရုဆလင်မြို့သစ်ရဲ့ “အုတ်မြစ်ကျောက် ၁၂ တုံး” ဖြစ်စေဖို့ ယေဟောဝါ ရည်ရွယ်ထားပုံရတယ်။ (ဗျာ. ၂၁:၂၊ ၁၄) “သူ့ကြီးကြပ်မှူးတာဝန်ကို တခြားသူ ရပါစေ” ဆိုတဲ့ ပရောဖက်ပြုချက်ဟာ ယုဒအကြောင်း ပြောနေတာ ဖြစ်မှန်း ပေတရုကို ဘုရား နားလည်စေခဲ့တယ်။—ဆာ. ၁၀၉:၈

၂၁ တမန်တော်အသစ်ကို ဘယ်လို ရွေးချယ်သလဲ။ ကျမ်းစာခေတ်မှာ လုပ်နေကျအတိုင်း မဲချခြင်းအားဖြင့်ပါ။ (ပညာ. ၁၆:၃၃) ဒါဟာ မဲချရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ နောက်ဆုံး ဖော်ပြထားတာပဲ။ စွမ်းအားတော် သွန်းလောင်းပြီးနောက်မှာတော့ ဒီနည်းလမ်း သုံးဖို့ မလိုတော့ဘူး။ ဒါပေမဲ့ မဲချတဲ့နည်းကို တမန်တော်တွေ ဘာကြောင့် သုံးသလဲဆိုတာ သတိပြုပါ။ ယေဟောဝါ ရွေးချယ်ပေးတာကို လိုလားကြလို့ပဲ။ ဒါကြောင့် “လူအားလုံးရဲ့ စိတ်နှလုံးကို သိမြင်တဲ့ ယေဟောဝါဘုရား၊ ဒီနှစ်ယောက်မှာ ဘယ်သူ့ကို ရွေးချယ်တယ်ဆိုတာ ဖော်ပြပေးပါ” လို့ ဆုတောင်းကြတယ်။ (တ. ၁:၂၃၊ ၂၄) ဟောပြောဖို့ ယေရှု စေလွှတ်တဲ့ တပည့် ၇၀ မှာ ပါဝင်ခဲ့ပုံ ရတဲ့ မဿိ ရွေးခံရတယ်။ ဒီလိုနဲ့ မဿိဟာ “တမန်တော် ၁၂ ယောက်” အဝင် ဖြစ်လာတယ်။ cတ. ၆:၂

၂၂၊ ၂၃။ ဒီနေ့ခေတ် အသင်းတော်မှာ ဦးဆောင်နေသူတွေကို ဘာကြောင့် လက်အောက်ခံပြီး နာခံသင့်သလဲ။

၂၂ မိမိလူမျိုးကို ဘုရား စနစ်တကျ ဖြစ်စေချင်ကြောင်း ဒီအဖြစ်အပျက်ကနေ သိရတယ်။ ဒီနေ့လည်း တာဝန်ယူနိုင်တဲ့ အမျိုးသားတွေကို ရွေးချယ်ပြီး အသင်းတော်မှာ ကြီးကြပ်မှူးတွေအဖြစ် ခန့်အပ်တယ်။ အကြီးအကဲတွေဟာ ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် ကျမ်းစာ တောင်းဆိုချက်တွေကို သေသေချာချာ သုံးသပ်ပြီး သန့်ရှင်းသော စွမ်းအားတော် လမ်းပြပေးဖို့ ဆုတောင်းကြတယ်။ ဒါကြောင့် အသင်းတော်က သူတို့ကို စွမ်းအားတော်နဲ့ ခန့်အပ်ထားသူတွေအဖြစ် ရှုမြင်ကြတယ်။ သူတို့ရဲ့ ဦးဆောင်မှုကို လက်အောက်ခံတာ၊ နာခံတာက အသင်းတော်မှာ စည်းလုံးမှု တိုးများစေတယ်။—ဟီ. ၁၃:၁၇

ခန့်အပ်ခံ ကြီးကြပ်မှူးတွေရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ လက်အောက်ခံပြီး နာခံနေကြ

၂၃ အခု တပည့်တွေဟာ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ပြခြင်းနဲ့ အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတွေကြောင့် ခွန်အားရှိလာပြီး ရှေ့မှာ ရင်ဆိုင်ရမယ့်အရာအတွက် အသင့်ရှိနေကြပြီ။ ဒီအရေးပါတဲ့ ဖြစ်ရပ်ကို နောက်အခန်းမှာ ဆွေးနွေးပါမယ်။

a လုကာ ခရစ်ဝင်ကျမ်းမှာ “လူကြီးမင်း သော်ဖိလု” လို့ လုကာ ခေါ်ထားတယ်။ ဒါက သော်ဖိလုဟာ အထင်ကရပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ယုံကြည်သူ မဖြစ်သေးကြောင်း ဖော်ပြတယ်။ (လု. ၁:၃) ဒါပေမဲ့ တမန်တော်ကျမ်းမှာ “သော်ဖိလု” လို့ ရိုးရိုးလေးပဲ ခေါ်ထားတယ်။ လုကာ ခရစ်ဝင်ကျမ်း ဖတ်ပြီးနောက် သော်ဖိလု ယုံကြည်သူ ဖြစ်လာလို့ “လူကြီးမင်း” ဆိုတဲ့ ဂုဏ်ပုဒ်ကို လုကာ မသုံးတော့တာ ဖြစ်မယ်လို့ ကျမ်းပညာရှင်တွေ ဆိုကြတယ်။

b ကျမ်းစာမှာ “အဲဒီနည်းအတိုင်း” လို့ အဓိပ္ပာယ်ရတဲ့ ဂရိစကားလုံး ထရိုပေါ့စ် ကို သုံးထားတယ်။ “ပုံသဏ္ဌာန်” လို့ အဓိပ္ပာယ်ရတဲ့ မော်ဖီ ကို သုံးမထားဘူး။

c ပေါလုဟာ နောက်ပိုင်းမှာ “လူမျိုးခြားတွေနဲ့ ဆိုင်တဲ့ တမန်တော်” အဖြစ် ခန့်အပ်ခံရပေမဲ့ တစ်ဆယ့်နှစ်ပါးအဝင်အဖြစ် သတ်မှတ်မခံရဘူး။ (ရော. ၁၁:၁၃။ ၁ ကော. ၁၅:၄-၈) ယေရှု မြေကြီးပေါ် အမှုဆောင်စဉ် နောက်လိုက်ခဲ့သူ မဟုတ်လို့ ဒီအခွင့်ထူးအတွက် အရည်အချင်း မပြည့်မီဘူး။