မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

‘ကျွန်တော်တို့ကတော့ အုပ်စိုးရှင် ဘုရားသခင်ရဲ့စကားကို နားထောင်မှာပဲ’

‘ကျွန်တော်တို့ကတော့ အုပ်စိုးရှင် ဘုရားသခင်ရဲ့စကားကို နားထောင်မှာပဲ’

တမန်တော်တွေရဲ့ ရပ်တည်မှုဟာ ခရစ်ယာန်စစ်အားလုံးအတွက် စံနမူနာ ဖြစ်

တမန်တော် ၅:၁၂–၆:၇ ကို အခြေခံ

၁-၃။ (က) တမန်တော်တွေ ဂျူးတရားရုံးချုပ်ရှေ့ ဘာကြောင့် ရောက်နေကြသလဲ။ တကယ့် အရေးကိစ္စက ဘာလဲ။ (ခ) တမန်တော်တွေရဲ့ ရပ်တည်မှုကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားကြသလဲ။

 ဂျူးတရားရုံးချုပ်က တရားသူကြီးတွေ ဒေါသူပုန်ထနေကြတယ်။ ယေရှုရဲ့ တမန်တော်တွေ တရားရုံးချုပ်မှာ အမှုဆိုင်နေကြရတယ်။ ဘာကြောင့်လဲ။ ပုရောဟိတ်မင်းလည်း ဖြစ်၊ ဂျူးတရားရုံးချုပ် အကြီးအကဲလည်း ဖြစ်သူ ယောသပ် ကယာဖက “အဲဒီနာမည်ကို အမှီပြုပြီး မသွန်သင်ဖို့ မင်းတို့ကို တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားလျက်နဲ့ ဂျေရုဆလင်တစ်မြို့လုံးကို မင်းတို့ရဲ့ သွန်သင်ချက် ပြည့်နေအောင် လုပ်လိုက်ကြပြီ။ အဲဒီလူ သေရတာ ငါတို့ကြောင့်ဆိုပြီး မင်းတို့ အပြစ်တင်ချင်နေတာလား” လို့ ဒေါသတကြီး ပြောတယ်။ ယေရှုနာမည်ကို ပါးစပ်ကနေတောင် ထုတ်မပြောချင်ဘူး။ (တ. ၅:၂၈) ဆက်မဟောနဲ့၊ ဟောရင် ဒဏ်ပေးခံရမယ်လို့ ပြောနေတာပဲ။

တမန်တော်တွေ ဘယ်လို တုံ့ပြန်မလဲ။ ဟောပြောခြင်းတာဝန်ဆိုတာ ဘုရားပေး အခွင့်အာဏာ ရရှိထားသူ ယေရှု ပေးခဲ့တာ။ (မ. ၂၈:၁၈-၂၀) လူကို ကြောက်ပြီး နှုတ်ပိတ်နေကြမလား။ သတ္တိရှိရှိ ဆက်ဟောကြမလား။ တကယ့် အရေးကိစ္စက ဘုရားကို နာခံမလား၊ လူကို နာခံမလားဆိုတာပဲ။ ချက်ချင်းပဲ တမန်တော်တွေကိုယ်စား တမန်တော် ပေတရု ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ပြောတယ်။

ဂျူးတရားရုံးချုပ်ရဲ့ ခြိမ်းခြောက်မှုကို တမန်တော်တွေ ဘယ်လို တုံ့ပြန်ခဲ့ကြောင်း ကျွန်တော်တို့ ခရစ်ယာန်စစ်တွေ စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့လည်း ဟောပြောခြင်းတာဝန် ရထားလို့ပဲ။ ဘုရားပေး တာဝန် ထမ်းဆောင်ရာမှာ ဆန့်ကျင်မှုတွေ ကြုံရနိုင်တယ်။ (မ. ၁၀:၂၂) ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ဆန့်ကျင်သူတွေ ကန့်သတ်ပိတ်ပင်လာနိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဂျူးတရားရုံးချုပ်ရှေ့ ရောက်သွားတဲ့အထိ ဘာတွေ ဖြစ်ခဲ့တယ်၊ တမန်တော်တွေ သတ္တိရှိဖို့ ဘာက ကူညီပေးတယ်ဆိုတာ သုံးသပ်ခြင်းကနေ အကျိုးရနိုင်ပါတယ်။ a

“ယေဟောဝါရဲ့ ကောင်းကင်တမန်က ထောင်တံခါးတွေကို ဖွင့်” (တ. ၅:၁၂-၂၁)

၄၊ ၅။ ကယာဖနဲ့ ဇဒ္ဒုကဲတွေ ဘာကြောင့် “မနာလို ဖြစ်” ကြသလဲ။

မဟောပြောဖို့ ပထမအကြိမ် တားမြစ်ခံရတုန်းက “ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပေတရုနဲ့ ယောဟန် ပြောကြတယ်။ (တ. ၄:၂၀) ပြီးနောက် ပေတရု၊ ယောဟန်နဲ့ တမန်တော်တွေ ဗိမာန်တော်မှာ ဆက်ဟောပြောကြတယ်။ ဂျူးတွေ စုဝေးလေ့ရှိတဲ့ ဗိမာန်တော် အရှေ့ဘက်၊ အမိုးပါတဲ့ ဆင်ဝင် “ရှောလမုန်စင်္ကြံမှာ” ရောဂါ ကုသပေးတာ၊ နတ်ဆိုး နှင်ထုတ်ပေးတာ စတဲ့ အံ့ဖွယ်အမှုတွေ လုပ်ကြတယ်။ လူနာတွေပေါ် ပေတရုရဲ့ အရိပ် ကျရုံနဲ့တောင် ကျန်းမာလာကြတယ်။ ကုသခံရသူများစွာဟာ ဘုရားရဲ့ တရားစကားကို လက်ခံတုံ့ပြန်ကြတယ်။ ဒီလိုနဲ့ “သခင်ကို ယုံကြည်လာတဲ့ အမျိုးသား အမျိုးသမီးတွေလည်း များသည်ထက် များလာတယ်။”—တ. ၅:၁၂-၁၅

ဇဒ္ဒုကဲဂိုဏ်းဝင် ကယာဖနဲ့ တခြားဇဒ္ဒုကဲတွေ “မနာလို ဖြစ်” ပြီး တမန်တော်တွေကို ထောင်ချလိုက်ကြတယ်။ (တ. ၅:၁၇၊ ၁၈) ဘာကြောင့်လဲ။ ဇဒ္ဒုကဲတွေက ရှင်ပြန်ထမြောက်ခြင်းကို မယုံကြဘူး။ တမန်တော်တွေက ယေရှု ရှင်ပြန်ထမြောက်ကြောင်း၊ ယေရှုကို ယုံကြည်မှ ကယ်တင်ခြင်း ရမှာ ဖြစ်ကြောင်း သွန်သင်ကြတယ်။ ယေရှုကို ခေါင်းဆောင်အဖြစ် လူတွေ လက်ခံသွားရင် သူတို့ကို ရောမတွေ ရန်လိုမှာ ဇဒ္ဒုကဲတွေ စိုးရိမ်နေကြတယ်။ (ယော. ၁၁:၄၈) ဒါကြောင့် တမန်တော်တွေ နှုတ်ပိတ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်ထားကြတာ။

၆။ ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေ နှိပ်စက်ညှဉ်းပန်းခံရတဲ့ အဓိက အကြောင်းရင်းက ဘယ်သူ့ကြောင့်လဲ။ ဒါကို ဘာကြောင့် မအံ့သြသင့်သလဲ။

ဒီနေ့လည်း ယေဟောဝါရဲ့ ကျေးကျွန်တွေ နှိပ်စက်ညှဉ်းပန်းခံရတဲ့ အဓိက အကြောင်းရင်းက ဆန့်ကျင်သူ ဘာသာရေးသမားတွေကြောင့်ပဲ။ အစိုးရ အာဏာပိုင်တွေ၊ သတင်းမီဒီယာတွေကို သြဇာလွှမ်းမိုးထားပြီး ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားကြတယ်။ ဒါကို ကျွန်တော်တို့ မအံ့သြသင့်ဘူး။ ကျွန်တော်တို့ရဲ့ သတင်းစကားက အယူမှားဘာသာရေး သွန်သင်ချက်တွေကို ဖော်ထုတ်ပေးတယ်။ စိတ်ရိုးဖြောင့်သူတွေ ကျမ်းစာအမှန်တရား လက်ခံတဲ့အခါ ကျမ်းစာနဲ့ မညီတဲ့ ယုံကြည်ချက်တွေ၊ အကျင့်အကြံတွေကနေ လွတ်မြောက်လာကြတယ်။ (ယော. ၈:၃၂) ကျွန်တော်တို့ရဲ့ သတင်းစကားကြောင့် ဘာသာရေး ခေါင်းဆောင်တွေ မနာလို ဖြစ်ကြတာ အံ့သြစရာ မဟုတ်ပါဘူး။

၇၊ ၈။ ကောင်းကင်တမန်ရဲ့ အမိန့်က တမန်တော်တွေအပေါ် ဘာသက်ရောက်မှု ရှိသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘာမေးခွန်း မေးသင့်သလဲ။

အမှုစစ်ဆေးခံရဖို့ ထောင်ထဲမှာ စောင့်နေတုန်း ရန်သူ့လက်ချက်နဲ့ အသတ်ခံရတော့မလားလို့ တမန်တော်တွေ တွေးမိကြမှာပဲ။ (မ. ၂၄:၉) ဒါပေမဲ့ ညမှာ လုံးဝ မျှော်လင့်မထားတာ ဖြစ်ခဲ့တယ်။ “ယေဟောဝါရဲ့ ကောင်းကင်တမန်က ထောင်တံခါးတွေကို ဖွင့်” ပေးတယ်။ b (တ. ၅:၁၉) ပြီးနောက် “ဗိမာန်တော်မှာ ရပ်ပြီး ဆက်ဟောပြောကြပါ” လို့ အတိအကျ ညွှန်ကြားတယ်။ (တ. ၅:၂၀) မိမိတို့ မှန်ကန်ရာကို လုပ်ဆောင်ခဲ့ကြောင်း ဒီအမိန့်က တမန်တော်တွေကို စိတ်ချစေမှာပဲ။ ဘာပဲဖြစ်ဖြစ် ဆက်တည်ကြည်ဖို့လည်း အားရှိစေမှာပဲ။ တမန်တော်တွေဟာ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း၊ ရဲရင့်ခြင်းနဲ့ “ဗိမာန်တော်ထဲ မနက်စောစော ဝင်ပြီး ဟောပြောသွန်သင်ကြတယ်။”—တ. ၅:၂၁

‘အဲဒီလိုအခြေအနေမျိုးမှာ ဆက်ဟောပြောဖို့ လိုအပ်တဲ့ ယုံကြည်ခြင်းနဲ့ ရဲရင့်ခြင်း ငါ့မှာ ရှိရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံ” ခြင်းဆိုတဲ့ အရေးကြီးလုပ်ငန်းကို ကောင်းကင်တမန်တွေ ထောက်မ၊ ညွှန်ကြားနေကြောင်း သိထားခြင်းကနေ ကျွန်တော်တို့ ခွန်အားရနိုင်ပါတယ်။—တ. ၂၈:၂၃။ ဗျာ. ၁၄:၆၊ ၇

“ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” (တ. ၅:၂၁-၃၃)

“သူတို့ကို ခေါ်လာပြီးနောက် ဂျူးတရားရုံးချုပ်ခန်းမမှာ မတ်တတ်ရပ်ခိုင်းကြတယ်။”—တမန်တော် ၅:၂၇

၉-၁၁။ ဆက်မဟောဖို့ ဂျူးတရားရုံးချုပ် တားတဲ့အခါ တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ ဒါဟာ ခရစ်ယာန်စစ်တွေအတွက် ဘယ်လိုနည်းနဲ့ စံနမူနာ ဖြစ်သလဲ။

တမန်တော်တွေကို စစ်ဆေးဖို့ ကယာဖနဲ့ ဂျူးတရားရုံးချုပ် တရားသူကြီးတွေ အသင့်ဖြစ်နေကြပြီ။ ထောင်ထဲမှာ ဖြစ်ခဲ့တာကို မသိလို့ အစောင့်တွေကို အကျဉ်းသားတွေ ခေါ်လာခိုင်းကြတယ်။ ‘ထောင်တံခါး လုံလုံခြုံခြုံ ပိတ်ထားပြီး တံခါးစောင့်တွေ ရပ်စောင့်နေ’ ပေမဲ့ အကျဉ်းသားတွေ ပျောက်ဆုံးနေတာ အစောင့်တွေ တွေ့တဲ့အခါ အံ့သြသွားမှာကို မြင်ယောင်ကြည့်ပါ။ (တ. ၅:၂၃) ယေရှုခရစ်အကြောင်း ဟောလို့ပဲ ထောင်ချခံရတာကို အခု တမန်တော်တွေ ဗိမာန်တော်ကို ပြန်လာပြီး ထပ်ဟောနေတာ ဗိမာန်တော်မှူး သိလိုက်ရတယ်။ ဗိမာန်တော်မှူးနဲ့ အစောင့်တွေ ဗိမာန်တော်ကို ချက်ချင်း သွားပြီး တရားရုံးချုပ်ဆီ အကျဉ်းသားတွေ ဖမ်းခေါ်လာကြတယ်။

၁၀ ဒီအခန်းရဲ့ အစပိုင်းမှာ ဖော်ပြသလိုပဲ ဒေါသူပုန်ထနေတဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဆက်မဟောပြောဖို့ တမန်တော်တွေကို တားကြတယ်။ တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ တမန်တော်အားလုံးကိုယ်စား ပေတရုက “ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ ရဲရဲရင့်ရင့် ပြန်ပြောတယ်။ (တ. ၅:၂၉) ခရစ်ယာန်စစ်အားလုံး လိုက်လျှောက်သင့်တဲ့ စံနမူနာပါပဲ။ လူ့အုပ်စိုးရှင်တွေကို နာခံဖို့ ဘုရား ပြောထားတယ်။ ဒါပေမဲ့ ဘုရား လုပ်စေချင်တာကို တားပိုင်ခွင့်၊ ဘုရား တားမြစ်တာကို လုပ်ခိုင်းပိုင်ခွင့် သူတို့မှာ မရှိဘူး။ ဒီနေ့လည်း ဟောပြောခြင်းလုပ်ငန်းကို “အထက်အာဏာပိုင်တွေ” ပိတ်ပင်တဲ့အခါ ဘုရားပေးတာဝန်ကို ကျွန်တော်တို့ ရပ်လိုက်လို့ မရဘူး။ (ရော. ၁၃:၁) ဘုရားနိုင်ငံတော်အကြောင်း ဆက်ပြီး စေ့စေ့စပ်စပ် သက်သေခံနိုင်ဖို့ လိမ္မာပါးနပ်တဲ့ နည်းတွေ ရှာဖွေကြရမယ်။

၁၁ တမန်တော်တွေရဲ့ ရဲရင့်တဲ့ တုံ့ပြန်မှုကြောင့် တရားသူကြီးတွေ ဒေါသ ပိုထွက်လာကြတယ်။ တမန်တော်တွေကို “သတ်ပစ်” ဖို့ ဆုံးဖြတ်ကြတယ်။ (တ. ၅:၃၃) ရဲရင့်ထက်သန်တဲ့ သက်သေခံတွေ အသတ်ခံရဖို့ သေချာနေပြီ။ ဒါပေမဲ့ မထင်မှတ်တဲ့ နည်းနဲ့ အကူအညီ ရကြတော့မယ်။

“သူတို့ကို ခင်ဗျားတို့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး” (တ. ၅:၃၄-၄၂)

၁၂၊ ၁၃။ (က) လုပ်ဖော်ဆောင်ဖက်တွေကို ဂါမလျေလ ဘယ်လို အကြံပေးသလဲ။ သူတို့ ဘာလုပ်ကြသလဲ။ (ခ) ဒီနေ့ခေတ် မိမိလူမျိုးရဲ့ အကျိုးအတွက် ယေဟောဝါ ဘယ်လို ကြားဝင်လုပ်ဆောင်ပေးနိုင်သလဲ။ “ဖြောင့်မတ်သူတွေ ဖြစ်လို့” ကျွန်တော်တို့ “ဆင်းရဲဒုက္ခခံ” ဖို့ ဘုရား ခွင့်ပြုတယ်ဆိုရင် ဘာကို စိတ်ချနိုင်သလဲ။

၁၂ “လူအများ ရိုသေလေးစားကြတဲ့ ပညတ်ကျမ်းဆရာ” ဂါမလျေလ ထရပ်ပြီး စကားပြောတယ်။ c “တမန်တော်တွေကို အပြင် ခဏ ခေါ်ထုတ်သွားဖို့” တောင် အမိန့်ပေးနိုင်တဲ့အတွက် အဲဒီတရားသူကြီးဟာ လုပ်ဖော်ဆောင်ဖက်တွေ တော်တော် လေးစားရတဲ့သူ ဖြစ်မယ်။ (တ. ၅:၃၄) ခေါင်းဆောင် သေဆုံးပြီးနောက် မြန်မြန်ဆန်ဆန် သွေးအေးသွားတတ်တဲ့ အရင်က ပုန်ကန်မှုတွေကို ထောက်ပြပြီး အခုလည်း တမန်တော်တွေရဲ့ ခေါင်းဆောင် ယေရှု မကြာခင်ကမှ သေဆုံးခဲ့လို့ စိတ်ရှည်ရှည် စောင့်ကြည့်ကြဖို့ ဂါမလျေလ တိုက်တွန်းတယ်။ “သူတို့ကို မနှောင့်ယှက်ဘဲ ဒီအတိုင်း လွှတ်ထားလိုက်ပါလို့ ကျုပ်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဒီအစီအစဉ်၊ ဒီလုပ်ဆောင်မှုဟာ လူ့အစီအစဉ်၊ လူ့လုပ်ဆောင်မှုဆိုရင် ပျက်စီးမှာပဲ။ ဘုရားရဲ့ အစီအစဉ်၊ ဘုရားရဲ့ လုပ်ဆောင်မှုဆိုရင်တော့ သူတို့ကို ခင်ဗျားတို့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ တော်ကြာ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရာ ရောက်နေဦးမယ်” လို့ ကျိုးကြောင်းဆင်ခြင်ပြတယ်။ (တ. ၅:၃၈၊ ၃၉) သူ အကြံပေးတာကို တရားသူကြီးတွေ နားထောင်ကြတယ်။ ဒါတောင် တမန်တော်တွေကို ရိုက်နှက်ပြီး “ယေရှုရဲ့ နာမည်ကို အမှီပြုပြီး မဟောပြောဖို့” အမိန့်ပေးလိုက်ကြသေးတယ်။—တ. ၅:၄၀

၁၃ ဒီနေ့လည်း ယေဟောဝါက မိမိလူမျိုးရဲ့ အကျိုးအတွက် ကြားဝင်လုပ်ဆောင်ပေးဖို့ ဂါမလျေလလို အထင်ကရ ပုဂ္ဂိုလ်တွေကို သုံးနိုင်တယ်။ (ပညာ. ၂၁:၁) စွမ်းအားတော်ကို သုံးပြီး သြဇာအာဏာရှိတဲ့ အုပ်စိုးရှင်တွေ၊ တရားသူကြီးတွေ၊ ဥပဒေ ပြဋ္ဌာန်းသူတွေကို မိမိအလိုတော်နဲ့အညီ ပြုမူဆောင်ရွက်စေနိုင်တယ်။ (နေ. ၂:၄-၈) ဒါပေမဲ့ “ဖြောင့်မတ်သူတွေ ဖြစ်လို့” ကျွန်တော်တို့ “ဆင်းရဲဒုက္ခခံ” ဖို့ ဘုရား ခွင့်ပြုတယ်ဆိုရင်လည်း အချက်နှစ်ချက်ကို စိတ်ချပါ။ (၁ ပေ. ၃:၁၄) ပထမ၊ ခံနိုင်ရည် ခွန်အား ဘုရား ပေးနိုင်တယ်။ (၁ ကော. ၁၀:၁၃) ဒုတိယ၊ ဘုရားရဲ့ လုပ်ငန်းကို ဆန့်ကျင်သူတွေ “ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။”—ဟေရှာ. ၅၄:၁၇

၁၄၊ ၁၅။ (က) ရိုက်နှက်ခံရတဲ့အခါ တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ ဘာကြောင့်လဲ။ (ခ) ယေဟောဝါရဲ့ လူမျိုး ဝမ်းမြောက်စွာ ခံရပ်ကြောင်း ဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။

၁၄ ရိုက်နှက်ခံရလို့ တမန်တော်တွေ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်သလား။ လက်မလျှော့ဘူး။ “ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွားကြတယ်။” (တ. ၅:၄၁) ဘာကြောင့် “ဝမ်းမြောက်” ကြသလဲ။ ရိုက်နှက်ခံရပြီး နာကျင်နေလို့ ဝမ်းမြောက်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ ယေဟောဝါကို သမာဓိ စောင့်သိလို့၊ စံနမူနာရှင် ယေရှုရဲ့ ခြေရာကို လိုက်လျှောက်လို့ နှိပ်စက်ညှဉ်းပန်းခံရမှန်း သိနေကြလို့ပဲ။—မ. ၅:၁၁၊ ၁၂

၁၅ ပထမရာစု ညီအစ်ကိုတွေလိုပဲ ကျွန်တော်တို့လည်း သတင်းကောင်းကြောင့် ဆင်းရဲဒုက္ခ ခံရတဲ့အခါ ဝမ်းမြောက်စွာ ခံရပ်ကြတယ်။ (၁ ပေ. ၄:၁၂-၁၄) ခြိမ်းခြောက်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ၊ ထောင်ချခံရတာ ကျွန်တော်တို့ မကြိုက်ပါဘူး။ ဒါပေမဲ့ သမာဓိ ဆက်စောင့်ထိန်းနိုင်လို့ ကျေနပ်အားရကြတယ်။ ဥပမာ၊ အာဏာရှင် အစိုးရတွေရဲ့ ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံမှုကို နှစ်ပေါင်းများစွာ ခံရပ်ခဲ့တဲ့ ဟန်ရစ် ဒွန်နစ်ရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ ၁၉၄၄၊ သြဂုတ်လမှာ အာဏာပိုင်တွေက သူနဲ့ သူ့အစ်ကိုကို ချွေးတပ်စခန်း ပို့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ “သူတို့ကို ဘယ်လိုမှ ဖျောင်းဖျလို့ မရဘူး။ ယုံကြည်ချက်ကြောင့် အသတ်ခံရနိုင်တယ်ဆိုတာ သိရက်နဲ့လည်း ပျော်နေတာပဲ” လို့ ဆန့်ကျင်သူတွေ ပြောကြတယ်။ “သူရဲကောင်း ဖြစ်ချင်လို့ မဟုတ်ဘဲ ယေဟောဝါအပေါ် သစ္စာရှိချင်လို့ သတ္တိရှိရှိ ဒုက္ခခံတာပါ။ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေတယ်” လို့ ညီအစ်ကို ဒွန်နစ် ပြောတယ်။—ယာ. ၁:၂-၄

တမန်တော်တွေလိုပဲ ကျွန်တော်တို့လည်း “တစ်အိမ်မှ တစ်အိမ်” ဟောပြောကြ

၁၆။ စေ့စေ့စပ်စပ် သက်သေခံဖို့ ဆုံးဖြတ်ထားကြောင်း တမန်တော်တွေ ဘယ်လို ဖော်ပြသလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ တမန်တော်တွေ သုံးခဲ့တဲ့ နည်းအတိုင်း ကျွန်တော်တို့ ဘယ်လို ဟောနေကြသလဲ။

၁၆ တမန်တော်တွေ အချိန်မဖြုန်းဘဲ ဆက်ဟောပြောကြတယ်။ “ယေရှုလို့ ခေါ်တဲ့ ခရစ်တော်အကြောင်း သတင်းကောင်းကို ဗိမာန်တော်မှာသာမက တစ်အိမ်ပြီး တစ်အိမ် သွားပြီး နေ့စဉ်မပြတ် သွန်သင်ဟောပြောကြတယ်။” d (တ. ၅:၄၂) ထက်သန်တဲ့ ဒီဟောပြောသူတွေဟာ စေ့စေ့စပ်စပ် သက်သေခံဖို့ ဆုံးဖြတ်ထားကြတယ်။ ယေရှုခရစ် ညွှန်ကြားတဲ့အတိုင်း အိမ်တိုင်ရာရောက် လိုက်ဟောပြောကြတယ်။ (မ. ၁၀:၇၊ ၁၁-၁၄) ဒီနည်းနဲ့ ဂျေရုဆလင်တစ်မြို့လုံးကို သူတို့ရဲ့ သွန်သင်ချက် ပြည့်စေကြတယ်။ ဒီနေ့လည်း ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ တမန်တော်တွေ သုံးခဲ့တဲ့ နည်းအတိုင်း ဟောနေကြောင်း လူသိများတယ်။ ရပ်ကွက်မှာ ရှိတဲ့ အိမ်တိုင်းဆီ သွားခြင်းအားဖြင့် စေ့စေ့စပ်စပ် သက်သေခံချင်ကြောင်း၊ လူတိုင်းကို သတင်းကောင်း ကြားစေချင်ကြောင်း ဖော်ပြကြတယ်။ တစ်အိမ်မှ တစ်အိမ် ဟောပြောခြင်းကို ယေဟောဝါ ကောင်းချီးပေးသလား။ ပေးပါတယ်။ ဒီနောက်ဆုံးကာလမှာ လူသန်းပေါင်းများစွာ နိုင်ငံတော် သတင်းကောင်း လက်ခံလာကြတယ်။ အဲဒီထဲက အများစုဟာ ကိုယ့်အိမ်ကို သက်သေခံတစ်ယောက် ရောက်လာမှပဲ သတင်းကောင်းကို ဦးဆုံး ကြားဖူးကြတာ။

“တာဝန်ကို လုပ်ဆောင်ဖို့” အရည်အချင်းရှိ အမျိုးသားများ (တ. ၆:၁-၆)

၁၇-၁၉။ အခု စိတ်ဝမ်းကွဲစေတဲ့ ဘာပြဿနာ ပေါ်လာသလဲ။ ဒါကို ဖြေရှင်းဖို့ တမန်တော်တွေ ဘယ်လို ညွှန်ကြားသလဲ။

၁၇ အခု အသင်းတော် အတွင်းကနေ လာတဲ့ ပြဿနာတစ်ခု ကြုံနေရတယ်။ ဘာပြဿနာလဲ။ နှစ်ခြင်းခံပြီးသား တပည့်အများစုက ဂျေရုဆလင်မြို့ကို လာလည်ကြသူတွေ။ ကိုယ့်မြို့ကိုယ့်ရွာ မပြန်ခင် ပိုသင်ယူချင်နေကြတယ်။ ဒါကြောင့် သူတို့အတွက် အစားအစာနဲ့ တခြားလိုအပ်ရာတွေ ရနိုင်ဖို့ ဂျေရုဆလင်မြို့မှာ နေတဲ့ တပည့်တွေ စေတနာနဲ့ လှူဒါန်းကြတယ်။ (တ. ၂:၄၄-၄၆။ ၄:၃၄-၃၇) ဒီအချိန်မှာ သတိထား ကိုင်တွယ်ရမယ့် အခြေအနေတစ်ခု ပေါ်လာတယ်။ ဂရိစကားပြော မုဆိုးမတွေ “နေ့စဉ် အစာခွဲတမ်း မရ” ကြဘူး။ (တ. ၆:၁) ဟီဘရူးစကားပြော မုဆိုးမတွေကတော့ ရကြတယ်။ ခွဲခြားဆက်ဆံမှုကနေ ပြဿနာ စလာပုံပဲ။ ဒါက အသင်းတော်မှာ စိတ်ဝမ်းကွဲစေနိုင်တယ်။

၁၈ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုထမ်းတဲ့ တမန်တော်တွေဟာ “ဘုရားသခင်ရဲ့ တရားစကား သွန်သင်ပေးရတဲ့ အလုပ်ကို ပစ်ထားပြီး စားပွဲမှာ လုပ်ကျွေးနေဖို့ မသင့်” ကြောင်း သိကြတယ်။ (တ. ၆:၂) ဒါကြောင့် “ဒီတာဝန်ကို လုပ်ဆောင်ဖို့” “စွမ်းအားတော်နဲ့ ပြည့်ပြီး ဉာဏ်ပညာ ပြည့်စုံသူ” အမျိုးသား ခုနစ်ယောက်ကို ရှာဖို့ တပည့်တွေကို ညွှန်ကြားတယ်။ (တ. ၆:၃) အစားအစာ ဝေပေးရုံ မဟုတ်ဘဲ ငွေကိုင်တာ၊ ဝယ်ခြမ်းတာ၊ စာရင်းဇယား ပြုစုတာတွေ လုပ်ရမှာ ဖြစ်လို့ အရည်အချင်း ရှိတဲ့ အမျိုးသားတွေ လိုအပ်တာ။ ရွေးချယ်ခံရတဲ့ အမျိုးသားအားလုံးမှာ ဂရိနာမည်တွေ ရှိလို့ ခွဲတမ်းမရတဲ့ မုဆိုးမတွေ ပိုယုံကြည်ကြမှာပဲ။ ထောက်ခံချက်တွေကို တမန်တော်တွေ ဆုတောင်းသုံးသပ်ပြီးနောက် “ဒီတာဝန်ကို လုပ်ဆောင်ဖို့” အမျိုးသား ခုနစ်ယောက်ကို ခန့်အပ်လိုက်တယ်။ e

၁၉ အခု ခန့်အပ်ခံ အမျိုးသား ခုနစ်ယောက်ဟာ အစားအစာ ဝေခြမ်းရေး တာဝန် ယူထားရတယ်ဆိုတော့ သတင်းကောင်း ဟောပြောဖို့ တာဝန် မရှိတော့ဘူးလား။ ရှိပါတယ်။ ရွေးချယ်ခံရသူတွေထဲက သတေဖန်ဟာ ရဲရဲရင့်ရင့်၊ ထိထိရောက်ရောက် သက်သေခံသူ ဖြစ်တယ်။ (တ. ၆:၈-၁၀) ဖိလိပ္ပုကိုလည်း “သတင်းကောင်း ဟောပြောသူ” လို့ ခေါ်ထားတယ်။ (တ. ၂၁:၈) ဒါကြောင့် ဒီအမျိုးသား ခုနစ်ယောက် နိုင်ငံတော်သတင်းကို ထက်ထက်သန်သန် ဆက်ဟောပြောကြတာ ထင်ရှားတယ်။

၂၀။ ဒီနေ့ ဘုရားလူမျိုးဟာ တမန်တော်တွေ ချခဲ့တဲ့ စံနမူနာကို ဘယ်လို လိုက်လျှောက်နေသလဲ။

၂၀ ဒီနေ့ ယေဟောဝါရဲ့ လူမျိုးဟာ တမန်တော်တွေ ချခဲ့တဲ့ စံနမူနာကို လိုက်လျှောက်ကြတယ်။ အသင်းတော် တာဝန်တွေ ထမ်းဆောင်ဖို့ ထောက်ခံချက် ရသူတွေဟာ ဘုရားရေးရာ ဉာဏ်ပညာ ရှိကြောင်း၊ သန့်ရှင်းသော စွမ်းအားတော် ရှိကြောင်း ပြရမယ်။ ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီတဲ့ အမျိုးသားတွေဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားမှုအောက်မှာ အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေအဖြစ် ခန့်အပ်ခံရတယ်။ f (၁ တိ. ၃:၁-၉၊ ၁၂၊ ၁၃) တောင်းဆိုချက် ပြည့်မီသူတွေကို စွမ်းအားတော်နဲ့ ခန့်အပ်တယ်လို့ ပြောနိုင်ပါတယ်။ အလုပ်ကြိုးစားတဲ့ အဲဒီအမျိုးသားတွေဟာ တာဝန်များစွာ ထမ်းဆောင်နေကြတယ်။ ဥပမာ၊ အကူအညီ လိုနေတဲ့ သစ္စာရှိ သက်ကြီးရွယ်အိုတွေကို လက်တွေ့ကျကျ ကူညီဖို့ အကြီးအကဲတွေ စီမံပေးကြတယ်။ (ယာ. ၁:၂၇) အကြီးအကဲတချို့က နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး၊ အစည်းအဝေးကြီး စီစဉ်ဖွဲ့စည်းရေး၊ ဆေးရုံဆက်သွယ်ရေး ကော်မတီတွေမှာ ထဲထဲဝင်ဝင် ပါဝင်ကြတယ်။ အသင်းတော် အမှုထမ်းတွေက သိုးထိန်းခြင်း၊ သွန်သင်ခြင်းနဲ့ တိုက်ရိုက် မပတ်သက်တဲ့ တာဝန်တွေ ဆောင်ရွက်ကြတယ်။ ဒီခန့်အပ်ခံ အမျိုးသားအားလုံးဟာ အသင်းတော်နဲ့ အဖွဲ့အစည်း တာဝန်တွေကို ဘုရားပေး ဟောပြောခြင်း တာဝန်နဲ့ ဟန်ချက်ညီစေရမယ်။—၁ ကော. ၉:၁၆

“ဘုရားသခင်ရဲ့တရားစကား ပိုပျံ့နှံ့လာ” (တ. ၆:၇)

၂၁၊ ၂၂။ တည်ထောင်ခါစ အသင်းတော်ကို ယေဟောဝါ ကောင်းချီးပေးကြောင်း ဘာက ဖော်ပြသလဲ။

၂၁ တည်ထောင်ခါစ အသင်းတော်ဟာ ယေဟောဝါရဲ့ ထောက်မမှုကြောင့် အပြင်က လာတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အတွင်းက လာတဲ့ စိတ်ဝမ်းကွဲပြားမှု အန္တရာယ်တွေကနေ လွတ်မြောက်ခဲ့တယ်။ ‘ဘုရားသခင်ရဲ့ တရားစကား ပိုပျံ့နှံ့လာတဲ့အတွက် ဂျေရုဆလင်မြို့မှာ တပည့်အရေအတွက် များသည်ထက် များလာလို့၊ ပုရောဟိတ် အတော်များများလည်း ယုံကြည်သူတွေ ဖြစ်လာလို့’ ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။ (တ. ၆:၇) ဒါ တမန်တော်ကျမ်းမှာ ပါတဲ့ တိုးတက်မှု မှတ်တမ်းတွေထဲက တစ်ခုပဲ ရှိသေးတယ်။ (တ. ၉:၃၁။ ၁၂:၂၄။ ၁၆:၅။ ၁၉:၂၀။ ၂၈:၃၁) ဒီနေ့လည်း ကမ္ဘာအရပ်ရပ်က နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း တိုးတက်မှု မှတ်တမ်းတွေ ကြားရတဲ့အခါ တကယ် အားရှိတယ် မဟုတ်လား။

၂၂ အေဒီ ပထမရာစုမှာ ဒေါသူပုန်ထနေတဲ့ ဘာသာရေး ခေါင်းဆောင်တွေ လက်မလျှော့ကြဘူး။ ပိုလို့တောင် ဆန့်ကျင်နှိပ်စက်ကြတော့မယ်။ မကြာခင် သတေဖန်ဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှုရဲ့ ပစ်မှတ် ဖြစ်လာကြောင်း နောက်အခန်းမှာ တွေ့ရပါမယ်။

a ဂျူးတရားရုံးချုပ်” လေးထောင့်ကွက်ကို ကြည့်ပါ။

b တမန်တော်ကျမ်းမှာ ကောင်းကင်တမန်နဲ့ပတ်သက်ပြီး အကြိမ် ၂၀ လောက် ဖော်ပြထားတဲ့အထဲမှာ ဒါ ဦးဆုံး ဖြစ်တယ်။ တမန်တော် ၁:၁၀ မှာ ကောင်းကင်တမန်တွေကို “အဖြူရောင် ဝတ်ဆင်ထားသူ” အဖြစ် သွယ်ဝိုက်ဖော်ပြထားတယ်။

d ‘တစ်အိမ်ပြီး တစ်အိမ်’ ဟောပြောခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

e “ဒီတာဝန်” ဟာ ကြီးလေးတဲ့ တာဝန် ဖြစ်လို့ အဲဒီအမျိုးသားတွေဟာ အကြီးအကဲတွေမှာ ရှိရမယ့် အရည်အချင်းတွေ ပြည့်မီသူ ဖြစ်ရမယ်။ ဒါပေမဲ့ အမျိုးသားတွေကို ခရစ်ယာန် အသင်းတော်မှာ အကြီးအကဲတွေ၊ ကြီးကြပ်မှူးတွေအဖြစ် ဘယ်အချိန် စတင်ခန့်အပ်သင့်ကြောင်း ကျမ်းစာမှာ တိတိကျကျ မပြောထားဘူး။

f ပထမရာစုမှာ အကြီးအကဲတွေ ခန့်အပ်ဖို့ အရည်အချင်း ရှိတဲ့ အမျိုးသားတွေ တာဝန် ပေးအပ်ခံရတယ်။ (တ. ၁၄:၂၃။ ၁ တိ. ၅:၂၂။ တိ. ၁:၅) ဒီနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က တိုက်နယ်ကြီးကြပ်မှူးတွေကို ခန့်အပ်ပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေ ခန့်အပ်ပေးတယ်။