မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

“ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်”

“ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်”

ထိရောက်တဲ့ သွန်သင်ခြင်းရဲ့ အခြေခံ၊ ဗေရိမြို့သားတွေရဲ့ ပုံသက်သေကောင်း

တမန်တော် ၁၇:၁-၁၅ ကို အခြေခံ

၁၊ ၂။ ဖိလိပ္ပိမြို့ကနေ သက်သာလောနိတ်မြို့ကို ဘယ်သူတွေ ခရီးသွားနေကြသလဲ။ သူတို့ ဘာတွေ တွေးနေနိုင်သလဲ။

 ရောမနိုင်ငံရဲ့ ကျွမ်းကျင် အင်ဂျင်နီယာတွေဟာ ကျောက်ဆောင်ထူထပ်တဲ့ တောင်တွေကြား ဖြတ်ပြီး လမ်းမကြီးတစ်ခုကို ဆောက်ထားတယ်။ ဖိလိပ္ပိမြို့ကနေ မိုင် ၈၀ ကျော် ဝေးတဲ့ သက်သာလောနိတ်မြို့အထိ အဲဒီလမ်းမကြီးတစ်လျှောက် ပေါလု၊ သိလ၊ တိမောသေတို့ သုံးယောက် သွားနေကြတယ်။ လမ်းမကြီးပေါ်မှာ မြည်းအော်သံ၊ ခင်းထားတဲ့ ကျောက်ပြားတွေပေါ် ဖြတ်မောင်းသွားတဲ့ မြင်းရထားဘီးသံ၊ စစ်သား၊ ကုန်သည်၊ လက်မှုပညာသည် စတဲ့ ခရီးသွားတွေရဲ့ ဆူဆူညံညံ စကားပြောသံ၊ အသံဗလံအမျိုးမျိုး ကြားနေရတယ်။ ပေါလုနဲ့ သိလအတွက် ဒီခရီးစဉ်ဟာ သိပ်ခက်တယ်။ ဖိလိပ္ပိမြို့မှာ သူတို့ အရိုက်ခံရတဲ့ ဒဏ်ရာတွေတောင် မပျောက်သေးဘူး။—တ. ၁၆:၂၂၊ ၂၃

ခရီးဝေး လျှောက်ရမှာ ဖြစ်လို့ တော်တော့်ကို ပင်ပန်းမယ်။ ဒါပေမဲ့ စကားတပြောပြောနဲ့ လျှောက်လာကြလို့ ခရီးတွင်သွားတယ်။။ ဖိလိပ္ပိမြို့မှာ ထောင်မှူးနဲ့ မိသားစု ယုံကြည်သူ ဖြစ်လာတဲ့ အားရှိစရာ တွေ့ကြုံမှုကို အခုထိ သူတို့ မမေ့နိုင်သေးဘူး။ ဒီတွေ့ကြုံမှုကြောင့် ဘုရားသခင်ရဲ့ တရားစကားတော်ကို ဆက်ဟောပြောချင်စိတ် ပိုပြင်းပြလာတယ်။ ဘယ်လိုပဲဖြစ်ပါစေ သက်သာလောနိတ် ကမ်းရိုးတန်းမြို့ကို ရောက်ခါနီးမှာ မြို့ထဲက ဂျူးတွေ မိမိတို့ကို ဘယ်လို ဆက်ဆံကြမလဲလို့ တွေးမိမယ်။ ဖိလိပ္ပိမြို့မှာ သူတို့ ရိုက်နှက်ခံခဲ့ရသလို အခုလည်း ဆန့်ကျင်ခံရမလား။

၃။ ဟောပြောဖို့ ပေါလု သတ္တိမွေးခဲ့တာကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

နောက်ပိုင်း၊ သက်သာလောနိတ်မြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလို ရေးတယ်– “အရင်ဆုံး၊ ဖိလိပ္ပိမြို့မှာ ကျွန်တော်တို့ ဒုက္ခရောက်ခဲ့တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံခဲ့ရတာ ခင်ဗျားတို့ အသိပါပဲ။ ဒါပေမဲ့ ဆန့်ကျင်မှုတွေ အများကြီး ကြုံရတဲ့ကြားက ဘုရားသခင့် အကူအညီနဲ့ သတ္တိမွေးပြီး ခင်ဗျားတို့ကို သတင်းကောင်း ဟောပြောခဲ့တယ်။” (၁ သက်. ၂:၂) ဒီစကားတွေအရ ပေါလုဟာ ဖိလိပ္ပိမြို့မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် သက်သာလောနိတ်မြို့ထဲ ဝင်ဖို့ သတ္တိမွေးခဲ့ရတယ်။ ပေါလုကို သင် ကိုယ်ချင်းစာနိုင်သလား။ သတင်းကောင်း ဟောပြောဖို့ သင် ကြိုးစားအားထုတ်ရတဲ့အချိန် ရှိဖူးသလား။ ပေါလုဟာ လိုနေတဲ့ သတ္တိပေးဖို့ ယေဟောဝါဘုရားဆီက တောင်းဆိုခဲ့တယ်။ ပေါလုရဲ့ ပုံသက်သေကို သုံးသပ်ခြင်းက ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။—၁ ကော. ၄:၁၆

“ကျမ်းစာ သုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်” (တ. ၁၇:၁-၃)

၄။ ပေါလုဟာ သက်သာလောနိတ်မြို့မှာ သုံးပတ်မက နေထိုင်ခဲ့တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

သက်သာလောနိတ်မြို့မှာ ရှိနေတုန်း တရားဇရပ်မှာ ဥပုသ်နေ့ သုံးနေ့တိုင် ပေါလု ဟောပြောခဲ့တယ်။ ဒါကြောင့် ဒီမြို့မှာ ပေါလု သုံးပတ်ပဲနေခဲ့တယ်လို့ ပြောနိုင်သလား။ မပြောနိုင်ဘူး။ ဒီမြို့ကို ရောက်ပြီး ဘယ်လောက်ကြာမှ တရားဇရပ်ကို သွားခဲ့သလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါ့အပြင် သက်သာလောနိတ်မြို့မှာ ရှိချိန် ပေါလုနဲ့ အဖော်တွေဟာ ဝမ်းစာအတွက် အလုပ်လုပ်ခဲ့ကြောင်း ပေါလုရဲ့ စာတွေကနေ သိရတယ်။ (၁ သက်. ၂:၉။ ၂ သက်. ၃:၇၊ ၈) ဒီမြို့မှာ ရှိနေတုန်း ဖိလိပ္ပိမြို့က ညီအစ်ကိုတွေရဲ့ အထောက်အပံ့ကို နှစ်ကြိမ်တိတိ ရခဲ့ကြတယ်။ (ဖိ. ၄:၁၆) ဒါကြောင့် သက်သာလောနိတ်မြို့မှာ သုံးပတ်မက နေခဲ့ပုံပဲ။

၅။ သတင်းစကားကို လူတွေ လက်ခံလာဖို့ ပေါလု ဘယ်လို ဟောသလဲ။

ပေါလုဟာ သတ္တိမွေးပြီးနောက် တရားဇရပ်မှာ ရောက်နေသူတွေကို ဟောတယ်။ ခါတိုင်းလိုပဲ “ကျမ်းစာ သုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ ခရစ်တော်ဟာ ဆင်းရဲဒုက္ခခံရမယ်၊ သေရာကနေ အသက်ပြန်ရှင်ရမယ်ဆိုတဲ့ အကိုးအကားတွေကို သူ ထောက်ပြပြီး ‘ကျွန်တော် ပြောနေတဲ့ ယေရှုဟာ ခရစ်တော်ပဲ’ လို့ ရှင်းပြတယ်။” (တ. ၁၇:၂၊ ၃) ပရိသတ် စိတ်ထက်သန်လာစေဖို့လောက်ပဲ ပေါလု ပြောနေတာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစားဖို့ ကူညီပေးနေတာ။ တရားဇရပ်ကို လာသူတွေဟာ ကျမ်းစောင်တွေကို လေးမြတ်သူတွေ၊ အကျွမ်းဝင်သူတွေ ဖြစ်မှန်း ပေါလု သိတယ်။ ဒါပေမဲ့ ကျမ်းစာကို အပြည့်အဝ နားမလည်ကြဘူး။ ဒါကြောင့် နာဇရက်မြို့သား ယေရှုဟာ ကတိထားရာ မေရှိယ ဒါမှမဟုတ် ခရစ်တော် ဖြစ်ကြောင်း ကျမ်းစာကို အခြေခံပြီး ကျိုးကြောင်းဆင်ခြင်ပြတယ်။

၆။ ကျမ်းစာကို အခြေခံပြီး ယေရှု ဘယ်လို ကျိုးကြောင်းဆင်ခြင်သလဲ။ ဘာရလဒ် ရသလဲ။

ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးတဲ့ ယေရှုရဲ့ စံနမူနာကို ပေါလု အတုယူခဲ့တယ်။ ဥပမာ၊ မိမိ ဒုက္ခ အများကြီး ခံရမယ်၊ အသတ်ခံရမယ်၊ အသက်ပြန်ရှင်လာမယ်ဆိုတဲ့အကြောင်း ကျမ်းစာ သုံးပြီး တပည့်တွေကို ယေရှု ပြောခဲ့တယ်။ (မ. ၁၆:၂၁) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေရှေ့ ကိုယ်ထင်ပြတယ်။ ဒီတစ်ချက်တည်းနဲ့တင် ယေရှု ပြောခဲ့တာတွေ မှန်ကြောင်း ထင်ရှားတယ်။ ဒါပေမဲ့ ယေရှု ထပ်သက်သေပြတယ်။ တပည့်တချို့ကို “မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစောင်တွေကနေ စပြီး ရှင်းပြတယ်။” ဘာအကျိုး ရသလဲ။ တပည့်တွေက “လမ်းမှာ ငါတို့ကို သူစကားတွေ ပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြတုန်းက ငါတို့ရင်ထဲမှာ လှိုက်ဆူသွားတာပဲ မဟုတ်လား” လို့ ပြောကြတယ်။—လု. ၂၄:၁၃၊ ၂၇၊ ၃၂

၇။ ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဘုရားသခင်ရဲ့ တရားစကားဟာ တန်ခိုးရှိတယ်။ (ဟီ. ၄:၁၂) ဒါကြောင့် ဒီနေ့ ခရစ်ယာန်တွေဟာ ယေရှု၊ ပေါလုနဲ့ တခြားတမန်တော်တွေလိုပဲ ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးကြတယ်။ လူတွေနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ ကျမ်းစာရဲ့ ဆိုလိုရင်းကို ရှင်းပြတယ်။ ကျွန်တော်တို့ရဲ့ သွန်သင်ချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ အိမ်ရှင်ကို ကျမ်းစာဖွင့်ပြီး ဖတ်ပြတယ်။ ကျွန်တော်တို့ ဟောတဲ့ သတင်းစကားဟာ ကျွန်တော်တို့ရဲ့ စကား မဟုတ်ဘူး။ ကျမ်းစာကို များများ သုံးခြင်းအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်အတွေးအခေါ်ကို မဟုတ်ဘဲ ဘုရားရဲ့ စကားတွေကို ဟောနေတာ ဖြစ်ကြောင်း လူတွေကို သိနားလည်စေတယ်။ ကျွန်တော်တို့လည်း ကိုယ်ဟောတဲ့ သတင်းတရားဟာ ကျမ်းစာကို အခြေခံတယ်၊ အပြည့်အဝ ယုံကြည်နိုင်တယ်ဆိုတာ စိတ်ချရမယ်။ ဒါမှ ပေါလုလိုပဲ သတင်းကောင်းကို သတ္တိရှိရှိ ဟောနိုင်မှာ။

“လူတချို့ ယုံကြည်သူတွေ ဖြစ်လာ” (တ. ၁၇:၄-၉)

၈-၁၀။ (က) သက်သာလောနိတ်မြို့သားတွေ သတင်းကောင်းကို ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ဂျူးတချို့ ပေါလုကို ဘာကြောင့် မနာလိုဖြစ်ကြသလဲ။ (ဂ) ဂျူးအတိုက်အခံသမားတွေ ဘာလုပ်ကြသလဲ။

“ကျွန်ဆိုတာ သခင်ထက် ပိုကြီးမြတ်တာ မဟုတ်ဘူး။ . . . ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်။ ကျွန်တော့်စကားကို လိုက်နာရင် ခင်ဗျားတို့ရဲ့ စကားကိုလည်း လိုက်နာကြလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ စကားတွေ မှန်ကန်ကြောင်း ပေါလု ကိုယ်တွေ့ သိခဲ့ရတယ်။ (ယော. ၁၅:၂၀) သက်သာလောနိတ်မြို့မှာ အဲဒီလို ကြုံခဲ့ရတယ်။ တရားစကားကို လိုလိုလားလား လိုက်နာချင်သူတွေ ရှိသလို ငြင်းပယ်သူတွေလည်း ရှိတယ်။ လိုလိုလားလား လက်ခံသူတွေအကြောင်း လုကာ ဒီလိုရေးတယ်– “[ဂျူး] လူတချို့ ယုံကြည်သူတွေ ဖြစ်လာပြီး ပေါလု၊ သိလတို့နဲ့ ပူးပေါင်းလာကြတယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့ ဂရိလူအတော်များများနဲ့ အထင်ကရ အမျိုးသမီးတချို့လည်း ယုံကြည်သူတွေ ဖြစ်လာကြတယ်။” (တ. ၁၇:၄) ကျမ်းစာကို မှန်မှန်ကန်ကန် သိနားလည်လာလို့ ဒီတပည့်သစ်တွေ သိပ်ဝမ်းမြောက်ကြတယ်။

ပေါလုရဲ့ စကားကို တန်ဖိုးထားလေးမြတ်သူတချို့ ရှိသလို ဒေါသထွက်သူတချို့လည်း ရှိတယ်။ ပေါလု ဟောတဲ့ သတင်းစကားကို “ဂရိလူ အတော်များများ” လက်ခံကြတဲ့အတွက် သက်သာလောနိတ်မြို့က ဂျူးတချို့ မနာလိုဖြစ်ကြတယ်။ ဂျူးတွေဟာ ဂျူးဘာသာဝင် တိုးများလာဖို့ ဂရိလူမျိုးခြားတွေကို ဟီဘရူးကျမ်း သွန်သင်ပေးကြတယ်၊ မိမိတို့ရဲ့ တပည့်တွေလို့ ယူဆကြတယ်။ ဒါပေမဲ့ ရုတ်တရက် တရားဇရပ်ကို ပေါလု ရောက်လာပြီး ဒီဂရိတွေကို ခိုးသွားသလို ဖြစ်နေတယ်။ ဒါကြောင့် ဂျူးတွေ ဒေါသထွက်နေကြတယ်။

“ပေါလုနဲ့ သိလကို လူတွေရှေ့ ဆွဲထုတ်ဖို့ ယာသုန်ရဲ့အိမ်ထဲ ဝင်သွားကြတယ်။”—တမန်တော် ၁၇:၅

၁၀ အဲဒီနောက် ဘာဆက်ဖြစ်ကြောင်း လုကာ ဒီလိုဖော်ပြတယ်– “မနာလိုဖြစ်နေတဲ့ ဂျူးတချို့ကတော့ ဈေးထဲမှာ ယောင်လည်လည် လုပ်နေတဲ့ လူဆိုးတချို့နဲ့ အုပ်စုဖွဲ့ပြီး တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ကြတယ်။ အဲဒီနောက် ပေါလုနဲ့ သိလကို လူတွေရှေ့ ဆွဲထုတ်ဖို့ ယာသုန်ရဲ့ အိမ်ထဲ ဝင်သွားကြတယ်။ သူတို့နှစ်ယောက်ကို ရှာမတွေ့တဲ့အခါ ယာသုန်နဲ့ ညီအစ်ကိုတချို့ကို မြို့အရာရှိတွေဆီ ဆွဲခေါ်သွားပြီး ‘အရပ်တကာမှာ ပြဿနာဖြစ်အောင် လုပ်တဲ့လူတွေ ဒီအထိတောင် ရောက်လာကြပြီ။ ယာသုန်ကလည်း သူတို့ကို အိမ်မှာ လက်ခံထားတယ်။ အဲဒီလူတွေက ယေရှုဆိုတဲ့ ဘုရင်တစ်ပါး ရှိသေးတယ်လို့ ပြောပြီး ဆီဇာရဲ့ အမိန့်ကို အာခံနေတယ်’ လို့ အော်ကြတယ်။” (တ. ၁၇:၅-၇) လူရမ်းကားအုပ် ထကြွလို့ ပေါလုနဲ့ အဖော်တွေ ဘာဆက်ဖြစ်သလဲ။

၁၁။ ပေါလုနဲ့ အဖော်တွေကို ဘာစွဲချက်တွေ တင်သလဲ။ ဒီစွဲချက်တွေဟာ ဘယ်အမိန့်ကို ဆန့်ကျင်ရာရောက်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၁၁ မြစ်ရေကြီးရင် ထိန်းမနိုင်သိမ်းမရ ဖျက်ဆီးတတ်သလိုပဲ လူရမ်းကားအုပ် သိပ်သောင်းကျန်းလာတယ်။ ဒီလူအုပ်ကို ဂျူးတွေ သုံးပြီး ပေါလုနဲ့ သိလကို နှင်ထုတ်ဖို့ ကြိုးစားတယ်။ မြို့မှာ “ရုတ်ရုတ်သဲသဲ” ဖြစ်အောင် လုပ်ပြီး သူတို့ရဲ့ စွဲချက်တွေ သိပ်အရေးကြီးတယ်လို့ မြို့အရာရှိတွေ ထင်သွားအောင် လုပ်တယ်။ ပထမ စွဲချက်က ပေါလုနဲ့ အဖော်တွေဟာ “အရပ်တကာမှာ ပြဿနာ ဖြစ်အောင် လုပ်” တယ် ဆိုတဲ့ စွပ်စွဲချက်ပဲ။ တကယ်တော့ သက်သာလောနိတ်မြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ ပေါလုနဲ့ အဖော်တွေကြောင့် မဟုတ်ပါဘူး။ ဒုတိယ စွဲချက်ဟာ ဒီထက် ပြင်းတယ်။ ယေရှုဆိုတဲ့ ဘုရင်တစ်ပါး ရှိတယ်လို့ ပြောပြီး ဧကရာဇ်မင်းရဲ့ အမိန့်ကို ဆန့်ကျင်နေကြတယ်လို့ စွပ်စွဲတယ်။ a

၁၂။ သက်သာလောနိတ်မြို့က ခရစ်ယာန်တွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။ ဘာကြောင့်လဲ။

၁၂ ယေရှုကိုလည်း ဘာသာရေး ခေါင်းဆောင်တွေ ထပ်တူ စွပ်စွဲခဲ့ကြောင်း သတိရပါ။ “ဒီလူဟာ ကျွန်တော်တို့ရဲ့ လူမျိုးကို လမ်းလွဲအောင် လုပ်တယ်။ . . . သူ့ကိုယ်သူ ခရစ်တော်လို့ ခေါ်တဲ့ ဘုရင်ဆိုပြီး ပြောနေတယ်” ဆိုပြီး ပိလတ်မင်းဆီ တိုင်ကြတယ်။ (လု. ၂၃:၂) နိုင်ငံတော် သစ္စာဖောက်မှုကို ခွင့်ပြုထားတယ်လို့ ဧကရာဇ်မင်း ယူမှတ်မှာ စိုးပြီး ယေရှုကို ပိလတ် သတ်ခိုင်းလိုက်တယ်။ အဲဒီလိုပဲ သက်သာလောနိတ်မြို့က ခရစ်ယာန်တွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ “ဒီစွဲချက်က သိပ်အန္တရာယ် ရှိတယ်။ ‘ဧကရာဇ်မင်းတွေကို သစ္စာဖောက်တယ်လို့ စွပ်စွဲခံရရုံနဲ့တောင် သေဒဏ် ပေးခံရလေ့ရှိတယ်’” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ ဂျူးတွေရဲ့ ကောက်ကျစ်တဲ့ အစီအစဉ် အောင်မြင်မလား။ ဆက်ကြည့်ရအောင်။

၁၃၊ ၁၄။ (က) လူရမ်းကားအုပ်ရဲ့ တိုက်ခိုက်မှု ဘာကြောင့် မအောင်မြင်သလဲ။ (ခ) ပေါလုဟာ ခရစ်တော်လို သတိရှိကြောင်း ဘယ်လို ဖော်ပြသလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။

၁၃ လူရမ်းကားအုပ်ဟာ သက်သာလောနိတ်မြို့မှာ ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ ပေါလုနဲ့ သိလကို ရှာမတွေ့လို့ပဲ။ ဒါ့အပြင် မြို့အရာရှိတွေက သူတို့ရဲ့ စွဲချက်တွေကို သံသယဝင်နေလို့ ဖြစ်တယ်။ ဒါကြောင့် “အာမခံငွေ ယူပြီး” ယာသုန်နဲ့ တခြားညီအစ်ကိုတွေကို လွှတ်လိုက်တယ်။ (တ. ၁၇:၈၊ ၉) “မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ” ဆိုတဲ့ ယေရှုရဲ့ စကားကို ပေါလု လိုက်နာပြီး တခြားဒေသတွေမှာ ဆက်ဟောနိုင်ဖို့ ရှောင်ထွက်သွားတယ်။ (မ. ၁၀:၁၆) သတ္တိ ရှိတယ်ဆိုတာ မိုက်ရူးရဲဆန်တာ မဟုတ်ကြောင်း ပေါလုအဖြစ်က ဖော်ပြတယ်။ ဒီနေ့ ခရစ်ယာန်တွေ ပေါလုကို ဘယ်လို အတုယူနိုင်သလဲ။

၁၄ ဒီနေ့ခေတ်မှာ ယေဟောဝါသက်သေတွေကို တိုက်ခိုက်ဖို့ လူရမ်းကားအုပ်ကို ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ သွေးထိုးပေးလေ့ရှိတယ်။ ပုန်ကန်ဖို့ လှုံ့ဆော်မှု၊ သစ္စာဖောက်မှုနဲ့ သက်သေခံတွေကို အရေးယူဖို့ အာဏာပိုင်တွေကို လှုံ့ဆော်ပေးကြတယ်။ ပထမရာစု နှိပ်စက်ညှဉ်းပန်းသူတွေလိုပဲ အတိုက်အခံပြုသူတွေဟာ မနာလိုစိတ်ကြောင့် ဆန့်ကျင်ကြတယ်။ ခရစ်ယာန်စစ်တွေဟာ ပြဿနာကို လက်ယပ်မခေါ်ကြပါဘူး။ ဒေါသကြီးပြီး ညှိနှိုင်းလို့ မရသူတွေနဲ့ ထိပ်တိုက်မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်ကြတယ်။ အေးအေးချမ်းချမ်း ဆက်အမှုဆောင်ချင်လို့ အခြေအနေ ငြိမ်သွားမှ ပြန်လာပြီး ဟောကြတယ်။

သူတို့ဟာ ပို “သဘောထားကြီး” (တ. ၁၇:၁၀-၁၅)

၁၅။ သတင်းကောင်းကို ဗေရိမြို့သားတွေ ဘယ်လို တုံ့ပြန်သလဲ။

၁၅ ပေါလုနဲ့ သိလ ဘေးကင်းစေဖို့ မိုင် ၄၀ လောက် ဝေးတဲ့ ဗေရိမြို့ကို ညီအစ်ကိုတွေ သွားခိုင်းလိုက်ကြတယ်။ ဒီမြို့ကို ပေါလု ရောက်တာနဲ့ တရားဇရပ်ကို သွားပြီး ဟောပြောတယ်။ လက်ခံလွယ်တဲ့ ပရိသတ်ကို တွေ့ရလို့ သိပ်ဝမ်းသာစရာပဲ။ ဗေရိမြို့က ဂျူးတွေဟာ “သက်သာလောနိတ်မြို့သားတွေထက် သဘောထားကြီးတဲ့အတွက် တရားစကားတော်ကို အားတက်သရော ခံယူတယ်။ ကြားခဲ့တာတွေ မှန်မမှန် သိနိုင်ဖို့ ကျမ်းစာကို နေ့တိုင်း အသေအချာ ဆန်းစစ်ကြတယ်” လို့ လုကာ ရေးတယ်။ (တ. ၁၇:၁၀၊ ၁၁) သက်သာလောနိတ်မြို့သားတွေမှာ သဘောထားမှန် မရှိဘူးလို့ ပြောနေတာလား။ မဟုတ်ဘူး။ နောက်ပိုင်းမှာ “ခင်ဗျားတို့က ဘုရားသခင်ရဲ့ တရားစကားကို ကျွန်တော်တို့ဆီကနေ ကြားသိရတဲ့အခါ လူတွေရဲ့ စကားလို့ သဘောမထားဘဲ ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ တကယ်လည်း ဘုရားသခင်ရဲ့ တရားစကားပါပဲ။ အဲဒီတရားစကားဟာ ယုံကြည်သူ ခင်ဗျားတို့ရဲ့ ရင်ထဲအထိ အကျိုးသက်ရောက်ခဲ့လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အမြဲ ချီးမွမ်းတယ်” လို့ ပေါလု ရေးခဲ့တယ်။ (၁ သက်. ၂:၁၃) ဒါဆိုရင် ဗေရိမြို့က ဂျူးတွေကို ဘာက သဘောထားကြီးစေတာလဲ။

၁၆။ ဗေရိမြို့သားတွေ “သဘောထားကြီး” တယ်လို့ ဘာကြောင့် ဖော်ပြထားတာလဲ။

၁၆ ဗေရိမြို့သားတွေဟာ အသစ်အဆန်းတွေ ကြားနေရပေမဲ့ မယုံသင်္ကာ မဖြစ်ဘူး။ ပြင်းပြင်းထန်ထန်လည်း မဝေဖန်ဘူး။ ဒါပေမဲ့ ယုံလွယ်လွန်းသူတွေလည်း မဟုတ်ကြဘူး။ အရင်ဆုံး ပေါလု ပြောသမျှကို အသေအချာ နားထောင်တယ်။ ပေါလု သုံးတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်ပြီး မှန်မမှန် စစ်ဆေးကြတယ်။ ဘုရားသခင့် တရားစကားကို ဥပုသ်နေ့မှာတင် မဟုတ်ဘဲ နေ့တိုင်း လေ့လာဖတ်ရှုကြတယ်။ “အားတက်သရော” ကို လေ့လာကြတာ။ ကြားရတဲ့ သွန်သင်ချက်အသစ်က ကျမ်းစာဖော်ပြချက်နဲ့ ကိုက်မကိုက် လေ့လာသုံးသပ်ကြတယ်။ “လူအတော်များများ ယုံကြည်သူတွေ ဖြစ်လာ” တာကို ထောက်ရင် သူတို့ဟာ ပြုပြင်ပြောင်းလဲနိုင်တဲ့အထိ နှိမ့်ချမှု ရှိတယ်။ (တ. ၁၇:၁၂) ဒါကြောင့်လည်း သူတို့ “သဘောထားကြီး” တယ်လို့ လုကာ ပြောတာ။

၁၇။ ဗေရိမြို့သားတွေရဲ့ ပုံသက်သေကို ဘာကြောင့် တုပသင့်သလဲ။ အမှန်တရားထဲ ရှိတာ ကြာရင်တောင် သူတို့ရဲ့ ပုံသက်သေကို ဘယ်လို ဆက်အတုယူနိုင်သလဲ။

၁၇ ဗေရိမြို့သားတွေ သတင်းကောင်း လက်ခံပုံ၊ သဘောထားကြီးတဲ့နေရာမှာ စံနမူနာ ဖြစ်ပုံကို ကျမ်းစာမှာ မှတ်တမ်းတင်မယ်လို့ သူတို့ လုံးဝ မသိကြဘူး။ ပေါလု မျှော်လင့်တဲ့အတိုင်း သူတို့ လုပ်ခဲ့ပြီး ယေဟောဝါလည်း အဲဒီလို လုပ်စေချင်တယ်။ ကျွန်တော်တို့လည်း ကျမ်းစာကို အသေအချာ ဆန်းစစ်ဖို့ လူတွေကို အားပေးတယ်။ ဒါမှ သူတို့ရဲ့ ယုံကြည်ခြင်းဟာ ကျမ်းစာအပေါ် အခိုင်အမာ အခြေပြုလိမ့်မယ်။ ဒါပေမဲ့ ယုံကြည်သူတွေ ဖြစ်လာပြီးနောက်လည်း ကျမ်းစာကို အသေအချာ ဆက်ဆန်းစစ်နေရမယ်။ ယေဟောဝါရဲ့ သွန်သင်ချက်တွေကို ထက်ထက်သန်သန် သင်ယူပြီး ဆက်ကျင့်သုံးရမယ်။ ဒါက အလိုတော်အတိုင်း ယေဟောဝါ ပုံသွင်းလေ့ကျင့်ပေးတာကို ခံယူနေတာပဲ။ (ဟေရှာ. ၆၄:၈) ဒါဆိုရင် ကောင်းကင်ဖခင်အတွက် အသုံးဝင်သူတွေ၊ ဘုရားရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရသူတွေ ဖြစ်ကြပါလိမ့်မယ်။

၁၈၊ ၁၉။ (က) ဗေရိမြို့ကနေ ပေါလု ဘာကြောင့် ထွက်ခွာခဲ့သလဲ။ ပေါလု ဘာဆက်လုပ်သလဲ။ ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။ (ခ) ဘယ်သူတွေကို ပေါလု ဟောမလဲ။ ဘယ်နေရာမှာ ဟောမလဲ။

၁၈ ဗေရိမြို့မှာ ပေါလု ကြာကြာ မနေခဲ့ဘူး။ “တရားစကားတော်ကို ဗေရိမြို့မှာ ပေါလု ဟောပြောနေမှန်း သက်သာလောနိတ်မြို့က ဂျူးတွေ သိသွားတဲ့အခါ ဗေရိမြို့ကို လာပြီး လူအုပ် ဆူပူအောင် သွေးထိုးလှုံ့ဆော်ကြတယ်။ အဲဒီအခါ ညီအစ်ကိုတွေက ပေါလုကို ပင်လယ်ဆိပ်ကမ်းဆီ ချက်ချင်း ထွက်သွားခိုင်းတယ်။ သိလနဲ့ တိမောသေကတော့ နေရစ်ခဲ့တယ်။ အေသင်မြို့အထိ ပေါလုကို လိုက်ပို့တဲ့သူတွေလည်း ရှိတယ်။ သူတို့ပြန်တဲ့အခါ ပေါလုက သိလနဲ့ တိမောသေကို ဖြစ်နိုင်ရင် အမြန်ဆုံး လိုက်ခဲ့ဖို့ မှာကြားလိုက်တယ်” လို့ မှတ်တမ်းက ဆိုတယ်။ (တ. ၁၇:၁၃-၁၅) သတင်းကောင်းကို အတိုက်အခံပြုသူတွေ ခေါင်းမာလိုက်တာ။ သက်သာလောနိတ်မြို့ကနေ ပေါလုကို နှင်ထုတ်လိုက်ရုံနဲ့ မကျေနပ်သေးဘဲ ဗေရိမြို့ကိုလည်း လိုက်သွားပြီး နှောင့်ယှက်ကြတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ ဟောလို့ရတဲ့ နေရာမှ အများကြီးပဲ။ ဒါကြောင့် ပေါလု တခြားနေရာမှာ သွားဟောတယ်။ ဒီနေ့လည်း ကျွန်တော်တို့ ဘယ်သူ့ကြောင့်မှ မဟောဘဲ မနေကြပါဘူး။

၁၉ ရဲရဲရင့်ရင့် သက်သေခံဖို့၊ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ဘယ်လောက် အရေးကြီးကြောင်း သက်သာလောနိတ်မြို့နဲ့ ဗေရိမြို့မှာ စေ့စေ့စပ်စပ် သက်သေခံပြီးနောက် ပေါလု ကောင်းကောင်း သဘောပေါက်သွားတယ်။ အခု၊ အေသင်မြို့က လူမျိုးခြားတွေကို ပေါလု ဟောရတော့မယ်။ ဘာတွေ ကြုံရမလဲ။ နောက်အခန်းမှာ လေ့လာကြပါမယ်။

a ဒီအချိန်မှာ ဆီဇာက “အထူးသဖြင့်၊ လက်ရှိ ဧကရာဇ်မင်းကို နန်းချမယ့် မင်းသစ်တစ်ပါး ဒါမှမဟုတ် နိုင်ငံအသစ်တစ်ခု ပေါ်လာမယ်” ဆိုတဲ့ ဟောကိန်း မဟောဖို့ အမိန့်ထုတ်ထားတယ်လို့ ပညာရှင်တစ်ဦး ဆိုတယ်။ ပေါလုနဲ့ တမန်တော်တွေရဲ့ သတင်းတရားဟာ ဒီအမိန့်ကို ချိုးဖောက်တာပဲလို့ ထင်ယောင်ထင်မှား ဖြစ်စေပုံရတယ်။ “ တမန်တော်ကျမ်းထဲက ဆီဇာဘုရင်များ” လေးထောင့်ကွက်ကို ကြည့်ပါ။