အခန်း ၁၆
‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’
တာဝန်ကို လက်ခံပြီး ညှဉ်းဆဲခြင်းကို ဝမ်းမြောက်စွာ ခံရပ်ခြင်းကြောင့် ကောင်းချီးတွေ ခံစားရ
တမန်တော် ၁၆:၆-၄၀ ကို အခြေခံ
၁-၃။ (က) ပေါလုနဲ့ အဖော်တွေကို သန့်ရှင်းသော စွမ်းအားတော် ဘယ်လို လမ်းညွှန်သလဲ။ (ခ) ဘယ်အဖြစ်အပျက်တွေကို သုံးသပ်ကြမလဲ။
မက်ဆီဒိုးနီးယားပြည်၊ ဖိလိပ္ပိမြို့က အမျိုးသမီးတစ်စု မြို့ပြင်က ဂန်ဂီးတီးစ် မြစ်ငယ်လေးဆီ ထွက်လာကြတယ်။ ထုံးစံအတိုင်း မြစ်ကမ်းပါးမှာ ထိုင်ပြီး အစ္စရေးတို့ရဲ့ ဘုရား ယေဟောဝါဆီ ဆုတောင်းကြတယ်။ ဒါကို ဘုရား မြင်တယ်။—၂ ရာ. ၁၆:၉။ ဆာ. ၆၅:၂။
၂ အမျိုးသားတစ်စုလည်း ဖိလိပ္ပိမြို့ အရှေ့ဘက် မိုင် ၅၀၀ ကျော်အကွာ ဂလာတိပြည်တောင်ပိုင်း လုတ္တရမြို့ကနေ ထွက်လာတယ်။ ရက်အနည်းငယ်ကြာတော့ ရောမ ကျောက်ခင်းလမ်းမကြီးပေါ် ရောက်တယ်။ ဒီလမ်းအတိုင်း အနောက်ဘက်ကို သွားရင် လူနေထူထပ်တဲ့ အာရှနယ်ကို ရောက်မယ်။ ပေါလု၊ သိလနဲ့ တိမောသေဟာ ခရစ်တော်အကြောင်း သိဖို့ လိုနေတဲ့ လူထောင်ပေါင်းများစွာ နေထိုင်ရာ ဧဖက်မြို့နဲ့ တခြားမြို့တွေဆီ အဲဒီလမ်းအတိုင်း ခရီးနှင်ချင်ကြတယ်။ ဒါပေမဲ့ ခရီးမထွက်ခင် သန့်ရှင်းသော စွမ်းအားတော်က တားတယ်။ ဘယ်လို တားတယ်ဆိုတာကိုတော့ ကျမ်းစာမှာ မဖော်ပြဘူး။ အာရှနယ်မှာ ဟောပြောခွင့် မပေးဘူး။ ဘာကြောင့်လဲ။ ပေါလုနဲ့ အဖော်တွေကို အာရှမိုင်းနားကတစ်ဆင့် အေဂျီယန် ပင်လယ်ကို ဖြတ်ပြီး ဂန်ဂီးတီးစ် မြစ်ကမ်းပါးကို သွားဖို့ စွမ်းအားတော်အားဖြင့် ယေရှု လမ်းညွှန်နေလို့ပဲ။
၃ ပေါလုနဲ့ အဖော်တွေ မက်ဆီဒိုးနီးယားပြည် သွားဖို့ ယေရှု ထူးထူးခြားခြား လမ်းညွှန်ပေးပုံကနေ အဖိုးတန် သင်ခန်းစာတွေ ယူနိုင်တယ်။ ဦးဆုံး၊ အေဒီ ၄၉ လောက်မှာ စခဲ့တဲ့ ပေါလုရဲ့ ဒုတိယ သာသနာပြု ခရီးစဉ်က အဖြစ်အပျက်တချို့ကို သုံးသပ်ကြည့်ကြစို့။
“ဘုရားသခင် ဆင့်ခေါ်တာပဲ” (တ. ၁၆:၆-၁၅)
၄၊ ၅။ (က) ဗိသုနိပြည်နားမှာ ပေါလုနဲ့ အဖော်တွေ ဘာကြုံရသလဲ။ (ခ) တပည့်တွေ ဘာဆုံးဖြတ်ခဲ့သလဲ။ ဘာရလဒ် ရသလဲ။
၄ ပေါလုနဲ့ အဖော်တွေဟာ အာရှနယ်မှာ မဟောဖို့ တားမြစ်ခံရလို့ ဗိသုနိပြည်က မြို့တွေမှာ ဟောဖို့ မြောက်ဘက်ကို ခရီးဆက်ကြတယ်။ အဲဒီကို ရောက်ဖို့ ဖြုဂိပြည်နဲ့ ဂလာတိပြည်ကြား၊ လူနေကျဲတဲ့ ဒေသရဲ့ မြေလမ်းတွေပေါ် ရက်အတော်ကြာ လျှောက်ရနိုင်တယ်။ ဗိသုနိပြည်နား ရောက်တဲ့အခါ သန့်ရှင်းသော စွမ်းအားတော် သုံးပြီး ယေရှု တားပြန်တယ်။ (တ. ၁၆:၆၊ ၇) သူတို့ နားလည်ရခက်နေကြမှာပဲ။ ဘာအကြောင်း ဟောရမယ်၊ ဘယ်လို ဟောရမယ်ဆိုတာ သိပေမဲ့ ဘယ်နေရာမှာ ဟောရမယ်ဆိုတာ မသိကြဘူး။ အာရှနယ်ကို သွားတဲ့ တံခါးကို ခေါက်ပေမဲ့ ဝင်ခွင့် မရဘူး။ ဗိသုနိပြည်ကို သွားတဲ့ တံခါးကို ထပ်ခေါက်ပေမဲ့ ဝင်ခွင့် မရပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပွင့်လာမယ့် တံခါး တွေ့တဲ့အထိ ဆက်ခေါက်မယ်လို့ ပေါလု စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် ယုတ္တိမရှိပုံပေါက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ အနောက်ဘက်ကို ခရီးဆက်တယ်။ တစ်မြို့ပြီး တစ်မြို့ ဖြတ်ပြီး မိုင် ၃၅၀ လောက် ခြေလျင်လျှောက်လာကြတာ တရောဆိပ်ကမ်းမြို့ကို ရောက်လာတယ်။ အဲဒီမြို့ကနေ မက်ဆီဒိုးနီးယားပြည်ကို ရွက်လွှင့်နိုင်တယ်။ (တ. ၁၆:၈) ဒီနေရာမှာ တတိယမြောက် တံခါးကို ပေါလု ခေါက်လိုက်တော့ တံခါး အကျယ်ကြီး ပွင့်သွားတယ်။
၅ တရောမြို့မှာ ပေါလုတို့အဖွဲ့နဲ့ လုကာ ဆုံပြီး လိုက်သွားတယ်။ “ညရောက်တော့ ပေါလုက စိတ်အာရုံတစ်ခု မြင်တယ်။ မက်ဆီဒိုးနီးယားပြည်သား တစ်ယောက်က သူ့ရှေ့မှာ ပေါ်လာပြီး ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပြီး ကျွန်တော်တို့ကို ကူညီပါ’ လို့ ဖိတ်ခေါ်တယ်။ အဲဒီစိတ်အာရုံကို ပေါလု မြင်တာနဲ့ မက်ဆီဒိုးနီးယားပြည်သားတွေကို သတင်းကောင်း ဟောဖို့ ဘုရားသခင် ဆင့်ခေါ်တာပဲလို့ ကောက်ချက်ချပြီး အဲဒီကို သွားဖို့ ကျွန်တော်တို့ စီစဉ်တယ်” လို့ ခရစ်ဝင်ကျမ်းရေးသူ လုကာ ပြောတယ်။ a (တ. ၁၆:၉၊ ၁၀) အခု ဘယ်နေရာမှာ ဟောရမယ်ဆိုတာ ပေါလု သိသွားပြီ။ လမ်းတစ်ဝက်မှာ စိတ်ပျက်ပြီး အလျှော့မပေးမိလို့ ဝမ်းသာစရာပဲ။ ဒါနဲ့ မက်ဆီဒိုးနီးယားပြည်ကို သူတို့လေးယောက် ချက်ချင်း ရွက်လွှင့်ကြတယ်။
၆၊ ၇။ (က) ပေါလုရဲ့ ခရီးစဉ်မှာ ဖြစ်ပျက်ရာကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ (ခ) ပေါလုရဲ့ တွေ့ကြုံမှုကနေ ဘာကို စိတ်ချနိုင်သလဲ။
၆ ဒီမှတ်တမ်းကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ ဒီအချက်ကို သတိပြုပါ– ပေါလု အာရှနယ်ကို ထွက်သွား ပြီးနောက်မှ စွမ်းအားတော် တားတယ်။ ဗိသုနိပြည်နား ရောက်ပြီးနောက်မှ ယေရှု တားတယ်။ တရောမြို့ကို ပေါလု ရောက်ပြီးနောက်မှ မက်ဆီဒိုးနီးယားပြည်ကို သွားဖို့ ယေရှု ညွှန်ကြားတယ်။ ဒီနေ့လည်း အသင်းတော်ရဲ့ ဦးခေါင်း ယေရှုဟာ အလားတူနည်းနဲ့ လမ်းညွှန်နေတယ်။ (ကော. ၁:၁၈) ဥပမာ၊ ကျွန်တော်တို့ဟာ ရှေ့ဆောင် လုပ်ဖို့ ဒါမှမဟုတ် ပိုလိုအပ်တဲ့ ဒေသကို ပြောင်းဖို့ စဉ်းစားနေတာ အတော်ကြာပြီ ဖြစ်မယ်။ ဒါပေမဲ့ ပန်းတိုင် ရှိတဲ့အတိုင်း လုပ်ပြီးနောက်မှ စွမ်းအားတော်ကတစ်ဆင့် ယေရှု ညွှန်ကြားမယ်။ ဘာကြောင့်လဲ။ ဥပမာ၊ ကား ရွေ့နေမှ ဘယ်ညာ ကွေ့နိုင်မယ်။ ဒီလိုပဲ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ ရှေ့ကို ရွေ့နေမှ၊ တိုးတက်ဖို့ ကြိုးစားနေမှ ယေရှု ညွှန်ကြားပေးမယ်။
၇ ဒါပေမဲ့ ကျွန်တော်တို့ ချက်ချင်း အကျိုးမရရင်ကော။ စွမ်းအားတော် လမ်းညွှန်မှု မရဘူးဆိုပြီး လက်လျှော့သင့်သလား။ မလျှော့သင့်ပါဘူး။ ပေါလုဟာ အဟန့်အတားများစွာ ရင်ဆိုင်ရပေမဲ့ ပွင့်လာမယ့် တံခါး မတွေ့မချင်း ဆက်ရှာခဲ့တယ်။ ကျွန်တော်တို့လည်း “အမှုဆောင်ဖို့ အခွင့်အရေး တံခါးကြီး” ကို ဇွဲရှိရှိ ဆက်ရှာရင် ထပ်တူ အကျိုးဖြစ်ထွန်းမယ်ဆိုတာ စိတ်ချနိုင်တယ်။—၁ ကော. ၁၆:၉။
၈။ (က) ဖိလိပ္ပိမြို့အကြောင်း ပြောပြပါ။ (ခ) “ဆုတောင်းရာအရပ်” မှာ ပေါလု ဟောပြီးနောက် ဘာအကျိုးရသလဲ။
၈ မက်ဆီဒိုးနီးယားပြည်ကို ရောက်လာပြီးနောက် ပေါလုနဲ့ အဖော်တွေဟာ ရောမလက်အောက်ခံ ဖိလိပ္ပိမြို့ကို ခရီးဆက်ကြတယ်။ ဖိလိပ္ပိမြို့သားတွေဟာ ရောမနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူတယ်။ ဖိလိပ္ပိမြို့ဟာ ရောမမြို့အသေးစားနဲ့ တူတယ်။ ရောမ စစ်မှုထမ်းဟောင်းတွေ အဲဒီမှာ နေကြတယ်။ ဥပုသ်နေ့မှာ ပေါလုနဲ့ အဖော်တွေဟာ “ဆုတောင်းရာအရပ်” ရှိမှာပဲလို့ ထင်ပြီး မြို့တံခါး အပြင်ဘက် မြစ်နားကို လာကြတယ်။ b အဲဒီနေရာကို ရောက်တော့ ဘုရားဝတ်ပြုဖို့ စုဝေးရောက်ရှိနေတဲ့ အမျိုးသမီးတွေကို တွေ့တယ်။ ဒါနဲ့ ထိုင်ပြီး ဟောပြောတယ်။ လုဒိလို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ပေါလု ဟောတာကို ‘နားထောင်နေတယ်။ သူ့စိတ်နှလုံးကို ယေဟောဝါ ဖွင့်ပေး’ တဲ့အတွက် စိတ်ထိမိသွားပြီး အိမ်သူအိမ်သားတွေနဲ့အတူ နှစ်ခြင်းခံတယ်။ အဲဒီနောက် ပေါလုနဲ့ အဖော်တွေကို မိမိအိမ်မှာ တည်းဖို့ ခေါ်တယ်။ c—တ. ၁၆:၁၃-၁၅။
၉။ ပေါလုရဲ့ ပုံသက်သေကို ဒီနေ့ခေတ် လူများစွာ ဘယ်လို အတုယူကြသလဲ။ ဘာကောင်းချီးတွေ ခံစားကြရသလဲ။
၉ လုဒိ နှစ်ခြင်းခံလိုက်လို့ ပေါလုတို့ ဘယ်လောက် ပျော်သွားမယ်ဆိုတာ တွေးကြည့်ပါ။ “မက်ဆီဒိုးနီးယားပြည်ကို ကူးလာ” ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့လို့၊ ဘုရားကို ကြောက်ရွံ့တဲ့ အမျိုးသမီးတွေရဲ့ ဆုတောင်းချက်ကို ဖြေဆိုပေးဖို့ မိမိနဲ့ အဖော်တွေကို ယေဟောဝါ အသုံးပြုခဲ့လို့ ပေါလု သိပ်ဝမ်းသာမှာပဲ။ ဒီနေ့လည်း လူကြီးလူငယ်၊ တစ်ကိုယ်ရေ၊ အိမ်ထောင်သည် ညီအစ်ကို/မများစွာဟာ ဟောပြောသူ ပိုလိုအပ်တဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်ကြတယ်။ အခက်အခဲတွေ ကြုံရပေမဲ့ ကျမ်းစာအမှန်တရား လက်ခံတဲ့ လုဒိလို လူတွေနဲ့ တွေ့လို့ ကျေနပ်ပျော်ရွှင်ရတဲ့အခါ အဲဒီအခက်အခဲတွေဟာ ဘာမှ မဟုတ်တော့ဘူး။ သင်လည်း ပိုလိုအပ်တဲ့ နေရာကို ပြောင်းရွှေ့ဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်မလား။ ကောင်းချီးတွေ စောင့်ကြိုနေပါတယ်။ ဥပမာ၊ ဗဟိုအမေရိကနိုင်ငံ တစ်နိုင်ငံကို ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၀ ဝန်းကျင် ညီအစ်ကို အေရွန်အကြောင်း စဉ်းစားကြည့်ပါ။ “တိုင်းတစ်ပါးကို သွားပြီး အမှုဆောင်တာက ဘုရားရေးရာဘက်မှာ တိုးတက်ဖို့၊ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးဖို့ ကူညီပေးတယ်။ အမှုဆောင်ရတာ ပျော်စရာကြီး။ ကျွန်တော့်မှာ ကျမ်းစာသင်အံမှု ရှစ်ခုတောင် ရှိနေပြီ” လို့ ပြောပြတယ်။ ဒါ နမူနာတစ်ခုပဲ ရှိသေးတယ်။
‘လူအုပ်ဟာ သူတို့ကို ဒေါသတကြီး အော်ဟစ်ကြတယ်’ (တ. ၁၆:၁၆-၂၄)
၁၀။ နတ်ဆိုးတွေကြောင့် ပေါလုနဲ့ အဖော်တွေ ဘယ်လို အတိုက်အခံ ကြုံရသလဲ။
၁၀ စာတန်ဟာ မိမိနဲ့ နတ်ဆိုးတွေရဲ့ သြဇာအောက်မှာ ရှိတဲ့ ကမ္ဘာ့ဒေသတစ်ခုမှာ သတင်းကောင်း အမြစ်စွဲသွားလို့ ဒေါသထွက်မှာ သေချာတယ်။ ဒါကြောင့် ပေါလုနဲ့ အဖော်တွေ အတိုက်အခံ ကြုံရတာ အံ့သြစရာ မဟုတ်ပါဘူး။ ဆုတောင်းရာအရပ်ကို ပေါလုနဲ့ အဖော်တွေ သွားတဲ့အခါ ဗေဒင်ဟောပြီး သခင်တွေ စီးပွားတက်အောင် လုပ်ပေးနေတဲ့ နတ်ဝင်သည် အစေခံမလေးက နောက်ကနေ တကောက်ကောက် လိုက်ပြီး “ဒီလူတွေဟာ အမြင့်ဆုံး ဘုရားသခင်ရဲ့ ကျွန်တွေပဲ။ ကယ်တင်ခြင်း ရစေတဲ့ နည်းလမ်းအကြောင်း ဟောပြောနေတာ” လို့ အော်ပြောလေ့ရှိတယ်။ သူ့ဟောကိန်းတွေနဲ့ ပေါလုရဲ့ သွန်သင်ချက်တွေဟာ ဇာစ်မြစ်တစ်ခုတည်းက လာတာလို့ ထင်စေဖို့ နတ်ဆိုးက အော်ပြောခိုင်းတာ ဖြစ်နိုင်တယ်။ ဒါမှ ဘေးမှာ ရပ်ကြည့်နေသူတွေဟာ ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေကို အာရုံစိုက်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်ဆိုးကို ပေါလု နှင်ထုတ်လိုက်လို့ မိန်းကလေး နှုတ်ဆိတ်သွားတယ်။—တ. ၁၆:၁၆-၁၈။
၁၁။ မိန်းကလေးဆီက နတ်ဆိုး ထွက်သွားတဲ့အခါ ပေါလုနဲ့ သိလ ဘာဖြစ်ခဲ့သလဲ။
၁၁ ငွေဝင်ပေါက် ပိတ်သွားမှန်း သခင်တွေ သိတဲ့အခါ ဒေါသထွက်ပြီး ပေါလုနဲ့ သိလကို ဖမ်းလိုက်တယ်။ ပြီးနောက် ရောမ အစိုးရကို ကိုယ်စားပြုတဲ့ လက်ထောက် တရားသူကြီးတွေရှိရာ ရင်ပြင်ဆီ ဆွဲခေါ်သွားတယ်။ တရားသူကြီးတွေရဲ့ လူမျိုးရေး စွန်းကွက်မှုနဲ့ မျိုးချစ်စိတ်ကို ဆွပေးတဲ့အနေနဲ့ ‘ဒီဂျူးတွေဟာ ရောမနိုင်ငံသားတွေ မခံယူအပ်တဲ့ ဓလေ့ထုံးစံတွေအကြောင်း ဟောပြီး ကျုပ်တို့မြို့ကို အလွန် နှောင့်ယှက်နေတယ်’ လို့ ပြောကြတယ်။ သူတို့ရဲ့ စကားကြောင့် ရင်ပြင်မှာ ရှိတဲ့ “လူအုပ်ကလည်း [ပေါလုနဲ့ သိလကို] ဒေါသတကြီး အော်ဟစ်ကြတယ်။” လက်ထောက် တရားသူကြီးတွေက “ကြိမ်ဒဏ်ပေးဖို့” အမိန့်ချလိုက်တယ်။ ပြီးနောက် ထောင်ချလိုက်တယ်။ ထောင်မှူးက ထောင်အတွင်းခန်းထဲမှာ ထိတ်တုံးခတ်ထားလိုက်တယ်။ (တ. ၁၆:၁၉-၂၄) ထောင်မှူး တံခါးပိတ်လိုက်တဲ့အခါ ပေါလုနဲ့ သိလ ဘာမှ မမြင်နိုင်လောက်အောင် မှောင်သွားပေမဲ့ ယေဟောဝါကတော့ စောင့်ကြည့်နေတယ်။—ဆာ. ၁၃၉:၁၂။
၁၂။ (က) ညှဉ်းပန်းနှိပ်စက်ခြင်းကို ခရစ်တော်ရဲ့ တပည့်တွေ ဘယ်လို ရှုမြင်သလဲ။ ဘာကြောင့်လဲ။ (ခ) ဘယ်နည်းတွေကို စာတန်နဲ့ ကိုယ်စားလှယ်တွေ သုံးနေသလဲ။
၁၂ ‘ခင်ဗျားတို့ကို ညှဉ်းဆဲကြလိမ့်မယ်’ လို့ အစောပိုင်း နှစ်အနည်းငယ်တုန်းက တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၁၅:၂၀) ဒါကြောင့် ပေါလုနဲ့ အဖော်တွေဟာ မက်ဆီဒိုးနီးယားပြည်ကို ကူးလာချိန်မှာ အတိုက်အခံတွေ ကြုံရမယ်ဆိုတာ ကြိုတွေးထားကြတယ်။ တကယ်တမ်း နှိပ်စက်ခံရတဲ့အခါ ယေဟောဝါရဲ့ မျက်နှာသာ မရလို့ မဟုတ်ဘူး၊ စာတန်ရဲ့ ဒေါသကြောင့် ဖြစ်မှန်း သိကြတယ်။ စာတန်ရဲ့ ကိုယ်စားလှယ်တွေ ဟာ ဖိလိပ္ပိမြို့မှာ သုံးခဲ့တဲ့ နည်းတွေကို ဒီနေ့လည်း သုံးနေကြတယ်။ ကောက်ကျစ်တဲ့ ဆန့်ကျင်သူတွေဟာ ကျောင်းမှာ၊ အလုပ်ခွင်မှာ ကျွန်တော်တို့ ဆန့်ကျင်ခံရအောင် သွေးထိုးပေးကြတယ်။ နိုင်ငံတချို့မှာ ဆန့်ကျင်သူ ဘာသာရေးသမားတွေက ‘ကျွန်တော်တို့လို “မိရိုးဖလာဘာသာ ယုံကြည်သူ” တွေ လက်မခံနိုင်တဲ့ ထုံးစံတွေကို သက်သေခံတွေ သင်ပေးပြီး နှောင့်ယှက်နေကြတယ်’ လို့ တရားရုံးမှာ စွပ်စွဲပြောဆိုကြတယ်။ နိုင်ငံတချို့မှာတော့ ညီအစ်ကို/မတွေဟာ ရိုက်နှက်ခံရ၊ ထောင်ချခံရတယ်။ ဘယ်လိုပဲဖြစ်ပါစေ ယေဟောဝါ ကြည့်နေပါတယ်။—၁ ပေ. ၃:၁၂။
“ချက်ချင်း နှစ်ခြင်းခံကြတယ်” (တ. ၁၆:၂၅-၃၄)
၁၃။ “ကယ်တင်ခြင်း ရဖို့ ဘာလုပ်ရမလဲ” ဆိုပြီး ထောင်မှူး ဘာကြောင့် မေးသလဲ။
၁၃ ပေါလုနဲ့ သိလဟာ အဲဒီနေ့မှာ ကြုံရတဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြောင့် ထိတ်လန့်နေတုန်းပဲ။ ဒါပေမဲ့ ဒဏ်ရာတွေ သက်သာသွားလို့ သန်းခေါင်ယံလောက်မှာ “ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်း ဆိုနေတယ်။” ရုတ်တရက် ငလျင်လှုပ်ပြီး ထောင် လှုပ်ခါသွားတယ်။ ထောင်မှူး လန့်နိုးလာတော့ ထောင်တံခါး ပွင့်နေတာ မြင်ပြီး ထောင်သားတွေ ထွက်ပြေးကုန်ပြီလို့ ထင်သွားတယ်။ အပြစ်ပေးခံရတော့မှာကို သိလို့ “ဓားကို ဆွဲထုတ်ပြီး သူ့ကိုယ်သူ သတ်သေဖို့ လုပ်တယ်။” ဒါပေမဲ့ ပေါလုက “အဲဒီလို မလုပ်ပါနဲ့။ ကျွန်တော်တို့အားလုံး ဒီမှာ ရှိပါတယ်” လို့ အော်ပြောတယ်။ ကြောက်ရွံ့တုန်လှုပ်နေတဲ့ ထောင်မှူးက “ကယ်တင်ခြင်း ရဖို့ ဘာလုပ်ရမလဲ” လို့ မေးတယ်။ ယေရှုပဲ သူ့ကို ကယ်နိုင်မယ်။ ဒါကြောင့် ပေါလုနဲ့ သိလက ‘သခင်ယေရှုကို ယုံကြည်ပါ။ ယုံကြည်ရင် ကယ်တင်ခြင်း ရလိမ့်မယ်’ လို့ ပြောတယ်။—တ. ၁၆:၂၅-၃၁။
၁၄။ (က) ထောင်မှူးကို ပေါလုနဲ့ သိလ ဘယ်လို ကူညီပေးသလဲ။ (ခ) ပေါလုနဲ့ သိလဟာ ညှဉ်းဆဲခြင်းကို ဝမ်းမြောက်စွာ ခံရပ်ခဲ့လို့ ဘာကောင်းချီး ရသလဲ။
၁၄ ထောင်မှူး စိတ်ရင်းမှန်နဲ့ မေးတာလား။ စိတ်ရင်းမှန်တယ်ဆိုတာကို ပေါလု သံသယ မရှိဘူး။ ထောင်မှူးဟာ လူမျိုးခြား ဖြစ်ပြီး ကျမ်းစာအကြောင်း မသိဘူး။ ခရစ်ယာန် ဖြစ်လာနိုင်ဖို့ အခြေခံ ကျမ်းစာအမှန်တရားကို သင်ယူလက်ခံဖို့ လိုတဲ့အတွက် ပေါလုနဲ့ သိလက သူ့ကို “ယေဟောဝါဘုရားရဲ့ တရားစကားတော်” ကို သွန်သင်ပေးကြတယ်။ အာရုံနှစ်ပြီး သွန်သင်ပေးနေလို့ ဒဏ်ရာတွေကိုတောင် မေ့သွားပုံရတယ်။ ထောင်မှူးဟာ သူတို့ကျောပေါ်က ဒဏ်ရာတွေကို ဆေးကြောပေးတယ်။ ပြီးနောက် ထောင်မှူးနဲ့ အိမ်သားအားလုံး “ချက်ချင်း နှစ်ခြင်းခံကြတယ်။” ပေါလုနဲ့ သိလဟာ ညှဉ်းဆဲခြင်းကို ဝမ်းမြောက်စွာ ခံရပ်ခဲ့လို့ ကောင်းချီး ခံစားရတယ်။—တ. ၁၆:၃၂-၃၄။
၁၅။ (က) ဒီနေ့ သက်သေခံများစွာဟာ ပေါလုနဲ့ သိလရဲ့ ပုံသက်သေကို ဘယ်လို လိုက်လျှောက်နေကြသလဲ။ (ခ) ရပ်ကွက်မှာ ရှိတဲ့ လူတွေဆီ ဘာကြောင့် ထပ်တလဲလဲ လည်ပတ်သင့်သလဲ။
၁၅ ပေါလုနဲ့ သိလလိုပဲ ဒီနေ့ သက်သေခံများစွာဟာ ယုံကြည်ခြင်းကြောင့် ထောင်ချခံနေရချိန်မှာ သတင်းကောင်း ဟောတဲ့အတွက် အကျိုးကျေးဇူးတွေ ရရှိကြတယ်။ ဥပမာ၊ ကျွန်တော်တို့လုပ်ငန်းကို ပိတ်ပင်ထားတဲ့ နိုင်ငံတစ်နိုင်ငံက သက်သေခံ တစ်ဝက်နီးပါးဟာ ထောင်ထဲမှာ ယေဟောဝါအကြောင်း သိလာကြတာ။ (ဟေရှာ. ၅၄:၁၇) ထောင်မှူးဟာ ငလျင်လှုပ်ပြီးနောက်မှ အကူအညီ တောင်းခဲ့တာ။ ဒီနေ့လည်း နိုင်ငံတော်သတင်းကို လက်မခံသူတချို့ဟာ အဖြစ်ဆိုးတစ်ခုခု ကြုံပြီးနောက်မှ လက်ခံလာနိုင်တယ်။ ဒါကြောင့် ကိုယ့်ရပ်ကွက်မှာ ရှိတဲ့သူတွေဆီ ထပ်တလဲလဲ လည်ပတ်ပြီး ကူညီပေးဖို့ အသင့်ရှိနေရမယ်။
‘ကျွန်တော်တို့ကို လူမသိသူမသိ ပြန်လွှတ်မလို့လား’ (တ. ၁၆:၃၅-၄၀)
၁၆။ ပေါလုနဲ့ သိလကို ရိုက်နှက်ပြီး နောက်တစ်နေ့မှာ အခြေအနေ ဘယ်လို ပြောင်းပြန် ဖြစ်သွားသလဲ။
၁၆ ရိုက်နှက်ပြီး နောက်တစ်နေ့ မိုးလင်းတော့ ပေါလုနဲ့ သိလကို လက်ထောက် တရားသူကြီးတွေ လွှတ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ပေါလုက “ရောမနိုင်ငံသား ဖြစ်တဲ့ ကျွန်တော်တို့ကို စစ်ကြောမေးမြန်းတာမျိုး မလုပ်ဘဲ လူရှေ့သူရှေ့ ရိုက်နှက်၊ ထောင်ချပြီးမှ အခုလို လူမသိသူမသိ ပြန်လွှတ်မလို့လား။ ဒီလိုလုပ်လို့ ဘယ်ရမလဲ။ သူတို့ကိုယ်တိုင် လာပြီး ခေါ်ထုတ်ပါစေ” လို့ ပြောတယ်။ ပေါလုနဲ့ သိလဟာ ရောမနိုင်ငံသားတွေ ဖြစ်မှန်း လက်ထောက် တရားသူကြီးတွေ သိတဲ့အခါ “ထိတ်လန့်သွားတယ်။” သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ခဲ့လို့ပဲ။ d အခြေအနေ ပြောင်းပြန် ဖြစ်သွားပြီ။ တပည့်တွေဟာ လူအများရှေ့ ရိုက်နှက်ခံရတယ်။ အခု လက်ထောက် တရားသူကြီးတွေက လူအများရှေ့ ပြန်တောင်းပန်ရတော့မယ်။ ဖိလိပ္ပိမြို့ကနေ ထွက်သွားဖို့ ပေါလုနဲ့ သိလကို မေတ္တာရပ်ခံကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တပည့်သစ်တွေကို အရင် အားပေးပြီးမှ ထွက်ခွာသွားကြတယ်။
၁၇။ ပေါလုနဲ့ သိလရဲ့ ခံနိုင်ရည်ကို တွေ့တဲ့ တပည့်သစ်တွေ ဘယ်အရေးကြီး သင်ခန်းစာ ရမလဲ။
၁၇ ပေါလုနဲ့ သိလသာ ရောမနိုင်ငံသား ဖြစ်ကြောင်း အစကတည်းက ပြောခဲ့ရင် အရိုက်ခံရမှာ မဟုတ်ဘူး။ (တ. ၂၂:၂၅၊ ၂၆) ဒါပေမဲ့ ခရစ်တော်အတွက် ညှဉ်းဆဲမခံရဖို့ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို အသုံးချတယ်လို့ ဖိလိပ္ပိမြို့က တပည့်တွေ ထင်သွားနိုင်တယ်။ အဲဒါက ရောမနိုင်ငံသား မဟုတ်တဲ့ တပည့်တွေရဲ့ ယုံကြည်ခြင်းအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။ ဥပဒေက တပည့်တွေကို ကြိမ်ဒဏ်မခံရအောင် ကာကွယ်မပေးဘူး။ ဒါကြောင့် ပေါလုနဲ့ သိလ ရိုက်နှက်ခံတာက ခရစ်တော်ရဲ့ နောက်လိုက် မှန်ရင် နှိပ်စက်ခံရချိန်မှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြောင်း ယုံကြည်ခါစ လူသစ်တွေရှေ့ သက်သေပြလိုက်တာပဲ။ ဒါ့အပြင် ရောမနိုင်ငံသား ဖြစ်ကြောင်း ပေါလုနဲ့ သိလ ထုတ်ပြောလိုက်လို့ လက်ထောက် တရားသူကြီးတွေ မတရားလုပ်တာ လူသိရှင်ကြား ဖြစ်သွားတယ်။ နောက်နောင် ပေါလုရဲ့ ယုံကြည်သူချင်းတွေကို နှိပ်စက်ရဲတော့မှာ မဟုတ်ဘူး။ အလားတူ တိုက်ခိုက်မှုတွေ မကြုံရအောင် ဥပဒေအရ အတော်အသင့် အကာအကွယ် ရရှိစေနိုင်မယ်။
၁၈။ (က) ဒီနေ့ ခရစ်ယာန် ကြီးကြပ်မှူးတွေဟာ ပေါလုရဲ့ ပုံသက်သေကို ဘယ်လို အတုယူကြသလဲ။ (ခ) ကျွန်တော်တို့ခေတ်မှာ “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” ဘာလုပ်ကြသလဲ။
၁၈ ဒီနေ့ခေတ် အသင်းတော် ကြီးကြပ်မှူးတွေလည်း ပုံသက်သေကောင်း ပြကြတယ်။ ယုံကြည်သူချင်းတွေကို လုပ်စေချင်တဲ့အရာမှန်သမျှ ကိုယ်တိုင် တလိုတလား လုပ်ကြတယ်။ ကျွန်တော်တို့ဟာ ကာကွယ်မှု ရဖို့ ကိုယ့်ရဲ့ တရားဝင် လုပ်ပိုင်ခွင့်တွေကို ဘယ်အချိန်မှာ ဘယ်နည်းနဲ့ သုံးသင့်ကြောင်း ပေါလုလို ချင့်ချိန်တွေးတောကြတယ်။ လွတ်လပ်စွာ ဝတ်ပြုခွင့် ရဖို့ ဒေသခံ၊ ပြည်တွင်း၊ နိုင်ငံတကာ တရားရုံးတွေမှာ လိုအပ်ရင် အယူခံဝင်ကြတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ဥပဒေကို ပြောင်းလဲဖို့ မဟုတ်ဘူး။ ဖိလိပ္ပိမြို့မှာ ပေါလု ထောင်ကျပြီး ဆယ်နှစ်ခန့်အကြာ ဖိလိပ္ပိ အသင်းတော်ဆီ ရေးတဲ့အတိုင်း “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်” ဖို့ ဖြစ်တယ်။ (ဖိ. ၁:၇) တရားရုံး စီရင်ချက်တွေ ဘယ်လိုပဲ ဖြစ်ပါစေ ပေါလုနဲ့ အဖော်တွေလိုပဲ ကျွန်တော်တို့ဟာ စွမ်းအားတော် ညွှန်ကြားတဲ့ ဘယ်နေရာမှာမဆို “သတင်းကောင်း ဟောပြော” မယ်လို့ စိတ်ဆုံးဖြတ်ထားတယ်။—တ. ၁၆:၁၀။
a “ တမန်တော်ကျမ်း ရေးသူ လုကာ” လေးထောင့်ကွက်ကို ကြည့်ပါ။
b ဖိလိပ္ပိမြို့ဟာ စစ်မှုထမ်းဟောင်းတွေ နေထိုင်ရာမြို့ ဖြစ်လို့ မြို့ထဲမှာ ဂျူးတွေ တရားဇရပ် ဆောက်ခွင့် မရတာ ဖြစ်မယ်။ ဒါမှမဟုတ် တရားဇရပ်တစ်ခု ဆောက်ဖို့ အနည်းဆုံး ဂျူးအမျိုးသားဆယ်ယောက် လိုတယ်ဆိုတော့ ဆယ်ယောက် မပြည့်လို့ ဆောက်ခွင့် မရတာ ဖြစ်နိုင်တယ်။
c “ ခရမ်းရောင် အထည်အလိပ်ရောင်းသူ လုဒိ” လေးထောင့်ကွက်ကို ကြည့်ပါ။
d ရောမဥပဒေအရ နိုင်ငံသားတစ်ဦးကို အရင် စစ်ဆေးမေးမြန်းခြင်း မရှိဘဲ လူအများရှေ့ ပြစ်ဒဏ်ပေးလို့ မရဘူး။