မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

“အသင်းတော်တွေကို အားပေးတယ်”

“အသင်းတော်တွေကို အားပေးတယ်”

အသင်းတော်တွေ ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ နယ်လှည့်အမှုထမ်းတွေ ကူညီပေး

တမန်တော် ၁၅:၃၆–၁၆:၅ ကို အခြေခံ

၁-၃။ (က) ပေါလုရဲ့ ခရီးဖော်အသစ်ဟာ ဘယ်သူလဲ။ ဘယ်လို လူစားမျိုးလဲ။ (ခ) ဒီအခန်းမှာ ဘာအကြောင်း သိရမလဲ။

 တမန်တော် ပေါလုဟာ မြို့ရွာတွေဆီ ခရီးကြမ်း နှင်ရင်း ဘေးမှာ ပါလာတဲ့ လူငယ်ကို ကြည့်ပြီး အလေးအနက် စဉ်းစားမိတယ်။ လူငယ်ရဲ့ နာမည်ဟာ တိမောသေ ဖြစ်တယ်။ ငယ်ရွယ်သန်စွမ်းတဲ့ တိမောသေဟာ အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ အိမ်နဲ့ ဝေးရာဆီ ခရီးနှင်ရတော့မယ်။ လုတ္တရမြို့နဲ့ အိကောနိမြို့ဟာ နောက်မှာ ကျန်ရစ်ခဲ့ပြီ။ ဘာတွေ ဆက်ကြုံရမလဲ။ ဒီခရီးဟာ ပေါလုအတွက် ဒုတိယ သာသနာပြု ခရီးစဉ် ဖြစ်လို့ ကြုံတွေ့နိုင်မယ့်အရာတွေကို အနည်းအကျဉ်း သိထားမှာပဲ။ ဘေးအန္တရာယ်၊ အခက်အခဲ အမျိုးမျိုး ကြုံရမယ်။ ဒါတွေကို ခရီးဖော် လူငယ် ခံနိုင်ပါ့မလား။

လူငယ် တိမောသေကို ပေါလု ယုံကြည်စိတ်ချတယ်။ မကြာသေးခင်က ကြုံခဲ့ရတာတွေကြောင့် ခရီးသွားဖော်တစ်ဦး လိုအပ်ကြောင်း ပေါလု သိလာတယ်။ အသင်းတော်တွေဆီ လည်ပတ်အားပေးရမယ့် နယ်လှည့်အမှုထမ်းတွေဟာ ဇွဲရှိဖို့၊ အတွေးအခေါ် တူဖို့ လိုကြောင်းလည်း သိတယ်။ ဘာကြောင့်လဲ။ တစ်ချိန်က ပေါလုနဲ့ ဗာနဗ သဘောထား ကွဲလွဲပြီး လမ်းခွဲခဲ့ရလို့ ဖြစ်နိုင်တယ်။

ဒီအခန်းမှာ သဘောထား ကွဲလွဲမှုတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ပုံအကြောင်း သိရမယ်။ တိမောသေကို ခရီးဖော်အဖြစ် ပေါလု ရွေးချယ်ရတဲ့ အကြောင်းရင်းနဲ့ ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ အရေးကြီးကဏ္ဍကိုလည်း သိရမယ်။

‘ညီအစ်ကိုတွေဆီ အခု ပြန်သွားပြီး လည်ပတ်ကြစို့’ (တ. ၁၅:၃၆)

၄။ ပေါလုဟာ ဒုတိယ သာသနာပြု ခရီးစဉ်မှာ ဘာလုပ်ဖို့ ရည်ရွယ်သလဲ။

ကိုယ်စားလှယ် ညီအစ်ကို လေးယောက် ဖြစ်တဲ့ ပေါလု၊ ဗာနဗ၊ ယုဒနဲ့ သိလဟာ အရေဖျားဖြတ်ခြင်း ကိစ္စနဲ့ပတ်သက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးရင်း အန္တိအုတ် အသင်းတော်ကို အားပေးခဲ့ကြောင်း ရှေ့အခန်းမှာ သိခဲ့ရတယ်။ အဲဒီနောက် ပေါလု ဘာလုပ်သလဲ။ ခရီးစဉ်သစ်နဲ့ပတ်သက်ပြီး “ယေဟောဝါဘုရားရဲ့ တရားစကားအကြောင်း ကျွန်တော်တို့ ဟောပြောခဲ့တဲ့ မြို့တွေမှာ ညီအစ်ကိုတွေ ဘယ်လို အခြေအနေရှိမှန်း သိရအောင် အခု ပြန်သွားပြီး လည်ပတ်ကြစို့” လို့ ဗာနဗကို ပြောတယ်။ (တ. ၁၅:၃၆) ဘာသာပြောင်းဝင်လာခါစ ခရစ်ယာန်တွေဆီ အလည်သွားဖို့လောက်ပဲ ပေါလု ပြောနေတာ မဟုတ်ဘူး။ တမန်တော်ကျမ်းက ဒုတိယ သာသနာပြု ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတယ်။ ဦးဆုံး၊ ပေါလုဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးရမယ်။ (တ. ၁၆:၄) ဒုတိယ၊ နယ်လှည့်ကြီးကြပ်မှူးအနေနဲ့ အသင်းတော်တွေကို အားပေးဖို့၊ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ကူညီပေးရမယ်။ (ရော. ၁:၁၁၊ ၁၂) ယေဟောဝါရဲ့ မျက်မှောက်ခေတ် အဖွဲ့အစည်းဟာ တမန်တော်တွေကို ဘယ်လို အတုယူနေကြသလဲ။

၅။ ဒီနေ့ခေတ် အုပ်ချုပ်ရေးအဖွဲ့ဟာ အသင်းတော်တွေကို ဘယ်လို အားပေးညွှန်ကြားသလဲ။

ဒီနေ့ခေတ်မှာ ခရစ်တော်ဟာ အသင်းတော်ကို ညွှန်ကြားဖို့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို သုံးနေတယ်။ ဒီသစ္စာရှိ ဘိသိက်ခံ အမျိုးသားတွေဟာ စာ၊ ပုံနှိပ်စာပေ၊ အီလက်ထရောနစ် စာပေ၊ အစည်းအဝေး၊ တခြားနည်းလမ်းတွေအားဖြင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အသင်းတော်အားလုံးကို အားပေးညွှန်ကြားနေတယ်။ အသင်းတော်တစ်ခုစီနဲ့ အနီးကပ် ဆက်သွယ်ဖို့ နယ်လှည့်ကြီးကြပ်မှူး အစီအစဉ်ကို သုံးတယ်။ အုပ်ချုပ်ရေးအဖွဲ့ဟာ ကမ္ဘာတစ်ဝန်းရှိ အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲ ထောင်ပေါင်းများစွာကို တိုက်နယ်ကြီးကြပ်မှူးတွေအဖြစ် တိုက်ရိုက် ခန့်အပ်တယ်။

၆၊ ၇။ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ တာဝန်တချို့က ဘာလဲ။

“တရားစကားကို ဟောပြောပါ။ အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အရေးတကြီး ဟောပြောပါ။ အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်း နည်းပညာ သုံးပြီး ပဲ့ပြင်ပေးပါ၊ ပြစ်တင်ဆုံးမပါ၊ တိုက်တွန်းနှိုးဆော်ပါ။ . . . သတင်းကောင်းကို ဆက်ဟောပြောနေပါ” လို့ လုပ်ဖော်ဆောင်ဖက် ကြီးကြပ်မှူး တိမောသေကို ပေါလု မှာတယ်။ (၂ တိ. ၄:၂၊ ၅) ဒါကြောင့် ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေလည်း အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ ညီအစ်ကို/မတွေကို ဂရုစိုက်တယ်။ ကျမ်းစာကို အခြေခံပြီး အားပေးတယ်။

တိုက်နယ်ကြီးကြပ်မှူးဟာ အိမ်ထောင်သည် ဖြစ်ရင် ဇနီးနဲ့အတူ ဒေသခံ ကြေညာသူတွေနဲ့ တွဲပြီး အမှုဆောင်လုပ်ငန်း ကဏ္ဍအသီးသီးမှာ ပါဝင်တယ်။ သူတို့ဟာ အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်သူ၊ ထိရောက်တဲ့ သွန်သင်သူတွေ ဖြစ်ကြတယ်။ ဒီအရည်အသွေးတွေဟာ သိုးတော်စုအတွက် အများကြီး အကျိုးရှိတယ်။ (ရော. ၁၂:၁၁။ ၂ တိ. ၂:၁၅) တိုက်နယ်လုပ်ငန်းမှာ ပါဝင်သူတွေဟာ ကိုယ်ကျိုးစွန့်မေတ္တာ ပြကြတယ်။ တခြားသူတွေအတွက် ကိုယ့်အချိန်နဲ့ ခွန်အားကို လိုလိုလားလား သုံးကြတယ်။ ရာသီဥတု ဆိုးရွားရင်တောင်၊ အန္တရာယ်များတဲ့ ဒေသ ဖြစ်ရင်တောင် လည်ပတ်ကြတယ်။ (ဖိ. ၂:၃၊ ၄) အသင်းတော်တိုင်းကို သွားပြီး ကျမ်းစာအခြေပြု ဟောပြောချက်တွေ ပေးတယ်။ အားပေးသွန်သင်ပြီး တိုက်တွန်းနှိုးဆော်ကြတယ်။ သူတို့ရဲ့ လုပ်ရပ်၊ ယုံကြည်ခြင်းကို တကယ်ပဲ အတုယူသင့်ပါတယ်။—ဟီ. ၁၃:၇

“အကြီးအကျယ် အငြင်းပွား” (တ. ၁၅:၃၇-၄၁)

၈။ ပေါလုရဲ့ ဖိတ်ခေါ်ချက်ကို ဗာနဗ ဘယ်လို တုံ့ပြန်သလဲ။

‘ညီအစ်ကိုတွေဆီ ပြန်သွားပြီး လည်ပတ်ကြစို့’ လို့ ပေါလု ပြောတာကို ဗာနဗ လက်ခံတယ်။ (တ. ၁၅:၃၆) သူတို့နှစ်ယောက် အရင်ကလည်း တွဲပြီး ခရီးသွားဖူးကြတယ်။ အခု သွားမယ့် ဒေသတွေ၊ လူတွေနဲ့ ရင်းနှီးတယ်။ (တ. ၁၃:၂–၁၄:၂၈) ဒါကြောင့် နောက်တစ်ခေါက် အတူတွဲပြီး ခရီးသွားမယ်ဆိုတဲ့ အစီအစဉ်ဟာ သင့်တော်ပြီး လက်တွေ့ကျပုံ ရတယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ပေါ်လာတယ်။ တမန်တော် ၁၅:၃၇ အရ “ဗာနဗက မာကုလို့ ခေါ်တဲ့ ယောဟန်ကို ခေါ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်။” ဒီသာသနာပြု ခရီးစဉ်မှာ ဝမ်းကွဲညီ မာကုကို ခေါ်သွားဖို့ ဗာနဗ အကြံပေးနေတာ မဟုတ်ဘူး။ ခေါ်သွားဖို့ကို “စိတ်ပိုင်းဖြတ်ထား” တာ။

၉။ ပေါလုဟာ ဗာနဗနဲ့ ဘာကြောင့် သဘောထား ကွဲလွဲခဲ့သလဲ။

ပေါလု သဘောမတူဘူး။ ဘာကြောင့်လဲ။ “ပေါလုကျတော့ [မာကု]ကို မခေါ်သွားချင်ဘူး။ ဘာလို့လဲဆိုတော့ ယောဟန်[မာကု]က ပံဖုလိပြည်မှာ သူတို့ကို ထားခဲ့ပြီး အမှုဆောင်ဖို့ အတူ မလိုက်ခဲ့လို့ပဲ” ဆိုပြီး မှတ်တမ်းက ဖော်ပြတယ်။ (တ. ၁၅:၃၈) မာကုဟာ ပေါလုနဲ့ ဗာနဗရဲ့ ပထမ သာသနာပြု ခရီးစဉ် အဆုံးထိ မလိုက်ခဲ့ဘူး။ (တ. ၁၂:၂၅။ ၁၃:၁၃) ခရီးစဉ်အစပိုင်း ပံဖုလိပြည်မှာပဲ တာဝန်ကို စွန့်ပြီး ဂျေရုဆလင်မြို့ကို ပြန်သွားတယ်။ ဘာကြောင့် ပြန်သွားတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြပေမဲ့ ဒါကို တာဝန်မဲ့တဲ့ အပြုအမူလို့ ပေါလု ယူမှတ်ခဲ့ပုံရတယ်။ မာကုဟာ အားကိုးထိုက်သူ ဟုတ်မဟုတ် ပေါလု သံသယဝင်ခဲ့တာ ဖြစ်မယ်။

၁၀။ ပေါလုနဲ့ ဗာနဗ စိတ်ဝမ်းကွဲလို့ ဘာဖြစ်သွားသလဲ။

၁၀ ဗာနဗက မာကုကို ခေါ်သွားဖို့ ဇွတ်ပြောတယ်။ ပေါလုကလည်း အလျှော့မပေးဘူး။ “အဲဒီကိစ္စနဲ့ သူတို့ အကြီးအကျယ် အငြင်းပွားပြီး နောက်ဆုံးမှာ လမ်းခွဲလိုက်ကြတယ်” လို့ တမန်တော် ၁၅:၃၉ က ဆိုတယ်။ ဗာနဗဟာ မာကုကို ခေါ်ပြီး မိမိရဲ့ ဇာတိ ဆိုက်ပရပ်ကျွန်းကို ရွက်လွှင့်တယ်။ ပေါလုကတော့ အစီအစဉ်အတိုင်း ဆက်သွားတယ်။ မှတ်တမ်းအရ “မဟာကရုဏာတော် သွန်းလောင်းပေးဖို့ ယေဟောဝါဆီ ညီအစ်ကိုတွေ ဆုတောင်းပေးပြီးတဲ့နောက် ပေါလုက သိလကို ရွေးချယ်ပြီး ထွက်သွားတယ်။” (တ. ၁၅:၄၀) သူတို့ဟာ “ဆီးရီးယားပြည်၊ ကိလိကိပြည် တစ်လျှောက်လုံးကို သွားပြီး အသင်းတော်တွေကို အားပေးတယ်။”—တ. ၁၅:၄၁

၁၁။ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်သူနဲ့ ပြန်သင့်မြတ်ဖို့ ဘယ်အရည်အသွေးတွေ ရှိရမလဲ။

၁၁ ဒီမှတ်တမ်းက ကျွန်တော်တို့ရဲ့ မစုံလင်မှုကို သတိရစေတယ်။ ပေါလုနဲ့ ဗာနဗဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အထူးကိုယ်စားလှယ်တွေ။ နောက်ပိုင်းမှာ ပေါလုကိုယ်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာပုံရတယ်။ ဒါတောင် ပေါလုနဲ့ ဗာနဗဟာ မစုံလင်တဲ့ စိတ်ဆန္ဒအတိုင်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ပြန်မသင့်မြတ်ကြတော့ဘူးလား။ သူတို့ဟာ မစုံလင်သူတွေ ဖြစ်ပေမဲ့ ခရစ်တော်ကို တုပသူတွေ၊ နှိမ့်ချသူတွေ ဖြစ်တယ်။ အချိန်တန်တော့ အချင်းချင်း ခွင့်လွှတ်ပြီး ပြန်သင့်မြတ်သွားကြတယ်။ (ဧ. ၄:၁-၃) နောက်ပိုင်းမှာ ပေါလုနဲ့ မာကုလည်း ဘုရားပေး တာဝန်တွေကို အတူ ဆောင်ရွက်ခဲ့ကြတယ်။ aကော. ၄:၁၀

၁၂။ ပေါလုနဲ့ ဗာနဗကို အတုယူတဲ့အနေနဲ့ ဒီနေ့ခေတ် ကြီးကြပ်မှူးတွေမှာ ဘယ်အရည်အသွေးတွေ ရှိသင့်သလဲ။

၁၂ ဗာနဗနဲ့ ပေါလုဟာ ဒီတစ်ကြိမ်လေးပဲ အကြီးအကျယ် အငြင်းပွားကြတာပါ။ ဗာနဗဟာ ချစ်ခင်ကြင်နာတတ်ပြီး အလွန်ရက်ရောလို့ တမန်တော်တွေက ယောသပ်ဆိုတဲ့ အမည်ရင်းနဲ့ မခေါ်ကြဘဲ “သက်သာစေခြင်းရဲ့သား” လို့ အဓိပ္ပာယ်ရှိတဲ့ ဗာနဗဆိုပြီး နာမည်ပေးထားတယ်။ (တ. ၄:၃၆) ပေါလုလည်း အလွန် ချစ်ခင်မြတ်နိုးတတ်ပြီး နူးညံ့သိမ်မွေ့သူအဖြစ် လူသိများတယ်။ (၁ သက်. ၂:၇၊ ၈) ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေ အပါအဝင် ခရစ်ယာန် ကြီးကြပ်မှူးအားလုံးဟာ ပေါလုနဲ့ ဗာနဗကို အတုယူပြီး အမြဲ နှိမ့်ချသင့်တယ်။ အကြီးအကဲ အချင်းချင်းကိုသာမက သိုးတော်စုတစ်စုလုံးကို ချစ်ခင်ကြင်နာစွာ ဆက်ဆံသင့်တယ်။—၁ ပေ. ၅:၂၊ ၃

“ညီအစ်ကိုတွေရှေ့မှာ နာမည်ကောင်းရထားသူ” (တ. ၁၆:၁-၃)

၁၃၊ ၁၄။ (က) တိမောသေဟာ ဘယ်သူလဲ။ သူ့ကို ပေါလု ဘယ်လို တွေ့ခဲ့သလဲ။ (ခ) တိမောသေကို ပေါလု ဘာကြောင့် အထူး ဂရုပြုမိသလဲ။ (ဂ) ဘယ်တာဝန်ကို တိမောသေ ရခဲ့သလဲ။

၁၃ ပေါလုဟာ ဒုတိယ သာသနာပြု ခရီးစဉ်မှာ ရောမလက်အောက်ခံ ဂလာတိပြည်က အသင်းတော်တွေဆီ လည်ပတ်တယ်။ “ဒေရဗေမြို့၊ အဲဒီနောက် လုတ္တရမြို့ကို ရောက်လာတယ်။ လုတ္တရမြို့မှာ တိမောသေလို့ ခေါ်တဲ့ တပည့်တစ်ယောက် ရှိတယ်။ သူ့မိခင်က ဂျူးလူမျိုး ယုံကြည်သူ ဖြစ်ပြီး ဖခင်ကတော့ ဂရိလူမျိုး ဖြစ်တယ်” လို့ မှတ်တမ်းက ဆိုတယ်။—တ. ၁၆:၁ b

၁၄ ပေါလုဟာ ဒီဒေသကို ဦးဆုံး ရောက်တဲ့ အေဒီ ၄၇ လောက်မှာ တိမောသေရဲ့ မိသားစုနဲ့ ဆုံတွေ့ခဲ့ပုံရတယ်။ အခု နှစ်နှစ်၊ သုံးနှစ်အကြာ ဒုတိယအကြိမ် ပြန်ရောက်လာချိန်မှာ လူငယ် တိမောသေကို ပေါလု အထူး ဂရုပြုမိတယ်။ ဘာကြောင့်လဲ။ တိမောသေဟာ “ညီအစ်ကိုတွေရှေ့မှာ နာမည်ကောင်း ရထားသူ” ဖြစ်လို့ပဲ။ နေရင်းမြို့က အသင်းတော်မှာသာမက တခြားအသင်းတော်တွေမှာပါ နာမည်ကောင်းရသူ ဖြစ်တယ်။ လုတ္တရမြို့မှာကော မိုင် ၂၀ လောက် ဝေးတဲ့ အိကောနိမြို့မှာပါ တိမောသေ သတင်း မွှေးနေတာ။ (တ. ၁၆:၂) သန့်ရှင်းသော စွမ်းအားတော် ညွှန်ကြားမှုအရ အကြီးအကဲတွေက လူငယ် တိမောသေကို ကြီးလေးတဲ့တာဝန် အပ်နှင်းတယ်။ နယ်လှည့်အမှုထမ်းအဖြစ် ပေါလုနဲ့ သိလကို ကူညီပေးဖို့ပါပဲ။—တ. ၁၆:၃

၁၅၊ ၁၆။ တိမောသေ ဒီလောက် နာမည်ကောင်းရတာ ဘာကြောင့်လဲ။

၁၅ တိမောသေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် နာမည်ကောင်း ရသလဲ။ ဉာဏ်ထက်မြက်မှု၊ ရုပ်ရည်၊ ပင်ကိုစွမ်းရည်တွေကြောင့်လား။ ဒီအရည်အသွေးတွေကို လူတွေ အထင်ကြီးကြတယ်။ တစ်ချိန်တုန်းက ပရောဖက် ရှမွေလတောင် လူတစ်ယောက်ကို အပြင်ပန်း ကြည့်ပြီး အထင်ကြီးမိတယ်။ ဒါပေမဲ့ “ဘုရားသခင်က လူတွေ ကြည့်သလို မကြည့်ဘူး။ လူတွေက အပြင်ပန်းကိုပဲ ကြည့်တတ်တယ်။ ယေဟောဝါကတော့ နှလုံးသားကို ကြည့်တယ်” လို့ ရှမွေလကို ယေဟောဝါ သတိပေးတယ်။ (၁ ရှ. ၁၆:၇) တိမောသေဟာ ပင်ကိုစွမ်းရည်တွေကြောင့် မဟုတ်ဘဲ ဘုရားရေးရာ အရည်အသွေးတွေကြောင့် ခရစ်ယာန်တွေအလယ် နာမည်ကောင်းရတာ ဖြစ်တယ်။

၁၆ နှစ်အတန်ကြာပြီးနောက် တမန်တော် ပေါလုက တိမောသေရဲ့ အရည်အသွေးကောင်းတချို့ကို ဖော်ပြတယ်။ စိတ်ထားကောင်း ရှိခြင်း၊ ကိုယ်ကျိုးစွန့်မေတ္တာ ရှိခြင်း၊ ဘုရားပေး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခြင်းတို့ ဖြစ်တယ်။ (ဖိ. ၂:၂၀-၂၂) တိမောသေမှာ “ဟန်ဆောင်မှု ကင်းတဲ့” ယုံကြည်ခြင်းလည်း ရှိတယ်။—၂ တိ. ၁:၅

၁၇။ တိမောသေကို ဒီနေ့ခေတ် လူငယ်တွေ ဘယ်လို အတုယူနိုင်ကြမလဲ။

၁၇ ဒီနေ့ခေတ် လူငယ်တွေဟာ ဘုရား နှစ်သက်တဲ့ အရည်အသွေးတွေ ပြခြင်းအားဖြင့် တိမောသေကို အတုယူကြတယ်။ ဒီနည်းနဲ့ ငယ်ရွယ်ချိန်မှာ ယေဟောဝါရှေ့၊ လူတွေရှေ့ နာမည်ကောင်း ရကြတယ်။ (ပညာ. ၂၂:၁။ ၁ တိ. ၄:၁၅) သူတို့ဟာ နှစ်ဘဝ မစံဘဲ ဟန်ဆောင်မှု ကင်းတဲ့ ယုံကြည်ခြင်း ပြကြတယ်။ (ဆာ. ၂၆:၄) ဒီနည်းနဲ့ တိမောသေလိုပဲ အသင်းတော်အတွက် တန်ဖိုး ရှိသူတွေ ဖြစ်လာကြတယ်။ သတင်းကောင်း ကြေညာသူတွေအဖြစ် အရည်အချင်း ပြည့်မီလာပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံကြတဲ့ လူငယ်တွေဟာ ညီအစ်ကို/မတွေကို သိပ်အားရှိစေတယ်။

“ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာ” (တ. ၁၆:၄၊ ၅)

၁၈။ (က) နယ်လှည့်အမှုထမ်းတွေအဖြစ် ပေါလုနဲ့ တိမောသေ ဘာအခွင့်အရေးတွေ ရခဲ့ကြသလဲ။ (ခ) အသင်းတော်တွေ ဘယ်လို အကျိုးခံစားခဲ့ရသလဲ။

၁၈ ပေါလုနဲ့ တိမောသေဟာ နှစ်ပေါင်းများစွာ အတူ အမှုဆောင်ကြတယ်။ နယ်လှည့်အမှုထမ်းတွေအဖြစ် အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား တာဝန်အမျိုးမျိုး ထမ်းဆောင်ကြတယ်။ “သူတို့က တစ်မြို့ပြီးတစ်မြို့ ခရီးဆက်ပြီး ဂျေရုဆလင်မြို့မှာ ရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြောပြတယ်။ အဲဒီအတိုင်း လိုက်နာဖို့ ဖြစ်တယ်” လို့ ကျမ်းစာ ဖော်ပြတယ်။ (တ. ၁၆:၄) ဂျေရုဆလင်မြို့မှာ ရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်ကို အသင်းတော်တွေ လိုက်နာခဲ့ကြောင်း ထင်ရှားတယ်။ ဒီလိုနာခံမှုကြောင့် “အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာတယ်။”—တ. ၁၆:၅

၁၉၊ ၂၀။ “ဦးဆောင်တဲ့သူတွေ” ရဲ့ စကားကို ခရစ်ယာန်တွေ ဘာကြောင့် နာခံသင့်သလဲ။

၁၉ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း “ဦးဆောင်တဲ့သူတွေ” ရဲ့ ညွှန်ကြားချက်ကို ကျိုးနွံစွာ နာခံကြလို့ ကောင်းချီးတွေ ရကြတယ်။ (ဟီ. ၁၃:၁၇) ဒီလောကဇာတ်ကွက် အမြဲ ပြောင်းလဲနေတဲ့အတွက် “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ရဲ့ ညွှန်ကြားချက်တွေကို ခရစ်ယာန်တွေ ချက်ချင်း လက်ခံပြီး လိုက်လျှောက်ဖို့ အရေးကြီးတယ်။ (မ. ၂၄:၄၅။ ၁ ကော. ၇:၂၉-၃၁) ဒါမှ အမှန်တရားလမ်းကနေ သွေဖည်မသွားဘဲ လောကအညစ်အကြေးနဲ့ ကင်းစင်နိုင်မှာ။—ယာ. ၁:၂၇

၂၀ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် ဒီနေ့ခေတ် ခရစ်ယာန် ကြီးကြပ်မှူးတွေဟာ ပေါလု၊ ဗာနဗ၊ မာကုနဲ့ ပထမရာစု တခြားဘိသိက်ခံ အကြီးအကဲတွေလိုပဲ မစုံလင်သူတွေ ဖြစ်ကြတယ်။ (ရော. ၅:၁၂။ ယာ. ၃:၂) ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ကျမ်းစာအတိုင်း တိတိကျကျ လိုက်လျှောက်ပြီး တမန်တော်တွေရဲ့ ပုံသက်သေကို လိုက်နာခြင်းအားဖြင့် ယုံကြည်အားထားနိုင်သူတွေ ဖြစ်ကြောင်း ပြတယ်။ (၂ တိ. ၁:၁၃၊ ၁၄) ဒါကြောင့် အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာတယ်။

a မာကု အခွင့်ထူးများစွာ ရရှိ” လေးထောင့်ကွက်ကို ကြည့်ပါ။