မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်

အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်

နေတယ် ရက်စက်စွာ နှိပ်စက်သူ ရှောလု ထက်သန်တဲ့ အမှုတော်ဆောင် ဖြစ်လာ

တမန်တော် ၉:၁-၄၃ ကို အခြေခံ

၁၊ ၂။ ဒမတ်စကတ်မြို့မှာ ဘာလုပ်ဖို့ ရှောလု ကြံစည်သလဲ။

 အမျိုးသားတစ်စု မကောင်းတဲ့ အကြံနဲ့ ဒမတ်စကတ်မြို့နား ရောက်နေကြပြီ။ ယေရှုရဲ့ တပည့်တွေကို အိမ်ထဲက ဆွဲထုတ်၊ ချည်နှောင်၊ အရှက်ခွဲပြီး ဂျူးတရားရုံးချုပ်ရှေ့ စီရင်ခံရဖို့ ဂျေရုဆလင်မြို့အထိ ဆွဲခေါ်သွားကြတော့မယ်။

အဖွဲ့ခေါင်းဆောင် ရှောလုရဲ့ လက်ဟာ သွေးစွန်းနေတယ်။ a ယေရှုရဲ့ သစ္စာရှိ တပည့် သတေဖန်ကို အစွန်းရောက်သမားတွေ ခဲနဲ့ ပေါက်သတ်မှုမှာ အလိုတူအလိုပါ ဖြစ်ခဲ့လို့ပဲ။ (တ. ၇:၅၇–၈:၁) ဂျေရုဆလင်မြို့က ယေရှုနောက်လိုက်တွေကို နှိပ်စက်ရတာ အားမရသေးဘဲ နှိပ်စက်မှုမီး ပျံ့နှံ့အောင် မီးထိုးယပ်ခတ် ပေးနေတယ်။ “သခင့်လမ်းစဉ်” လို့ လူသိများတဲ့ အန္တရာယ်ဂိုဏ်းကို ရှင်းပစ်ချင်နေတာ။—တ. ၉:၁၊ ၂။ “ ဒမတ်စကတ်မြို့မှာ ရှောလုရဲ့ အခွင့်အာဏာ” လေးထောင့်ကွက်ကို ကြည့်ပါ။

၃၊ ၄။ (က) ရှောလု ဘာတွေ ကြုံခဲ့ရသလဲ။ (ခ) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။

ရှောလုပတ်လည်မှာ ရုတ်တရက် လင်းသွားတယ်။ ခရီးသွားဖော်တွေ အလင်းကို မြင်ပေမဲ့ ကြက်သေသေပြီး ရပ်နေကြတယ်။ ရှောလုကတော့ မျက်စိကွယ်ပြီး မြေပေါ် လဲကျသွားတယ်။ ဘာမှ မမြင်ရပေမဲ့ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” ဆိုတဲ့ ကောင်းကင်က စကားသံ ကြားရတယ်။ “သခင်ဟာ ဘယ်သူလဲ” လို့ တအံ့တသြ မေးတော့ “ငါဟာ မင်း နှိပ်စက်ညှဉ်းဆဲနေတဲ့ ယေရှုပဲ” ဆိုတဲ့ အဖြေ ကြားလိုက်ရလို့ သိပ်တုန်လှုပ်သွားမှာပဲ။—တ. ၉:၃-၅။ ၂၂:၉

ရှောလုကို ယေရှု ပြောတဲ့ စကားတွေကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ ရှောလု ဘာသာပြောင်းဝင်လာချိန်က အဖြစ်အပျက်တွေကို ပြန်သုံးသပ်ခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ။ ရှောလု ဘာသာပြောင်းဝင်ပြီးနောက် ငြိမ်သက်အေးချမ်းရာကာလကို အသင်းတော် အသုံးချပုံကနေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။

“ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” (တ. ၉:၁-၅)

၅၊ ၆။ ရှောလုကို ယေရှု ပြောတဲ့ စကားကနေ ဘာသိနိုင်သလဲ။

ဒမတ်စကတ်မြို့ကို သွားတဲ့ လမ်းမှာ ရှောလုကို ယေရှု တားတုန်းက “ငါ့တပည့်တွေကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” လို့ ပြောမယ့်အစား “ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” လို့ ပြောတယ်။ (တ. ၉:၄) နောက်လိုက်တွေ ဒုက္ခခံစားရတာ ယေရှုကိုယ်တိုင် ခံစားရသလိုပါပဲ။—မ. ၂၅:၃၄-၄၀၊ ၄၅

ခရစ်တော်ကို ယုံကြည်တဲ့အတွက် ဆန့်ကျင်ခံနေရတယ်ဆိုရင် သင့်အခြေအနေကို ယေဟောဝါနဲ့ ယေရှု သိကြောင်း ယုံကြည်စိတ်ချပါ။ (မ. ၁၀:၂၂၊ ၂၈-၃၁) လောလောဆယ် ဒုက္ခကို ဖယ်ရှားပေးချင်မှ ပေးမယ်။ ဒါပေမဲ့ သတေဖန် အသတ်ခံရမှုမှာ ရှောလု ပါဝင်တာ၊ ဂျေရုဆလင်မြို့က သစ္စာရှိ တပည့်တွေကို အိမ်ထဲက ဆွဲထုတ်တာတွေ ယေရှု မြင်ကြောင်း သတိရပါ။ (တ. ၈:၃) အဲဒီအချိန်မှာ တပည့်တွေ နှိပ်စက်မခံရအောင် ယေရှု ကြားဝင်ဆောင်ရွက်မပေးဘူး။ ဒါပေမဲ့ သတေဖန်နဲ့ တခြားတပည့်တွေ ဆက်သစ္စာတည်ကြည်ဖို့ လိုအပ်တဲ့ ခွန်အားကို ခရစ်တော်ကတစ်ဆင့် ယေဟောဝါ ပေးတယ်။

၇။ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ဖို့ ဘာလုပ်ရမလဲ။

သင်လည်း နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ (၁) ဘာပဲ ကြုံရပါစေ အမြဲ သစ္စာစောင့်သိမယ်လို့ သန္နိဋ္ဌာန် ချထားပါ။ (၂) အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဖိ. ၄:၆၊ ၇) (၃) လက်စားချေတဲ့ ကိစ္စ ယေဟောဝါဆီ အပ်ထားပါ။ (ရော. ၁၂:၁၇-၂၁) (၄) ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးချိန်အထိ ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (ဖိ. ၄:၁၂၊ ၁၃) ဒါဆိုရင် ခံရပ်နိုင်ပါလိမ့်မယ်။

‘ညီအစ်ကို ရှောလု၊ သခင်ယေရှုက ကျွန်တော့်ကို လွှတ်လိုက်တာ’ (တ. ၉:၆-၁၇)

၈၊ ၉။ အာနနိဟာ ရတဲ့ တာဝန်နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

“သခင်ဟာ ဘယ်သူလဲ” ဆိုတဲ့ ရှောလုရဲ့ မေးခွန်းကို ယေရှု ဖြေပြီးနောက် “ထပြီး မြို့ထဲ ဝင်ပါ။ မင်းဘာလုပ်ရမယ်ဆိုတာ လာပြောပြလိမ့်မယ်” လို့ ပြောတယ်။ (တ. ၉:၅၊ ၆) ခရီးသွားဖော်တွေက မျက်မမြင် ရှောလုကို ဒမတ်စကတ်မြို့က တည်းခိုမယ့် အိမ် ပို့ပေးကြတယ်။ အဲဒီမှာ သုံးရက်လုံး ရှောလု အစာရှောင် ဆုတောင်းတယ်။ အဲဒီအချိန်မှာ ဒမတ်စကတ်မြို့မှာ နေတဲ့ အာနနိလို့ ခေါ်တဲ့ တပည့်ကို ရှောလုအကြောင်း ယေရှု ပြောပြတယ်။ အာနနိဟာ “ဂျူးတွေရှေ့မှာ နာမည်ကောင်း ရထားတဲ့သူ” ဖြစ်တယ်။—တ. ၂၂:၁၂

အသင်းတော်ရဲ့ ဦးခေါင်း၊ ရှင်ပြန်ထမြောက်ပြီ ဖြစ်တဲ့ ယေရှုခရစ်ကိုယ်တိုင် ကိုယ့်ဆီ လာပြီး အထူးတာဝန် ထမ်းဆောင်ဖို့ ရွေးချယ်လိုက်လို့ အာနနိ စိတ်ရှုပ်သွားမှာပဲ။ ဂုဏ်ယူစရာ ကောင်းသလို တာဝန်လည်း ကြီးတာကိုး။ ရှောလုကို သွားတွေ့ရမယ်လို့ ယေရှု ပြောတော့ အာနနိက “သခင်၊ အဲဒီလူဟာ ဂျေရုဆလင်မြို့မှာ သခင့်ရဲ့ သန့်ရှင်းသူတွေကို တော်တော် ဒုက္ခပေးတယ်လို့ ပြောဆိုနေကြတာ ကျွန်တော် ကြားတယ်။ အခုလည်း သခင့်နာမည် ယုံကြည်သူတိုင်းကို ဖမ်းဖို့ ပုရောဟိတ်မင်းတွေဆီက ခွင့်ပြုချက် ရထားလို့ သူ ဒီကို ရောက်နေတာ” လို့ ပြန်ပြောတယ်။—တ. ၉:၁၃၊ ၁၄

၁၀။ အာနနိကို ယေရှု ဆက်ဆံပုံကနေ ဘာသင်ခန်းစာ ရသလဲ။

၁၀ အာနနိ စိုးရိမ်တကြီး ပြောတာကို ယေရှု အပြစ်မတင်ဘူး။ အဲဒီအစား ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက် ပေးတယ်။ ဒီထူးခြားတဲ့ တာဝန် ထမ်းဆောင်ခိုင်းရတဲ့ အကြောင်းရင်းကို ပြောပြခြင်းအားဖြင့် ထောက်ထားစာနာမှု ပြတယ်။ ရှောလုနဲ့ပတ်သက်ပြီး ယေရှုက “ဒီလူဟာ လူမျိုးခြားတွေနဲ့ ရှင်ဘုရင်တွေကိုရော အစ္စရေးလူမျိုးကိုပါ ငါ့အကြောင်း သက်သေခံဖို့ ငါရွေးချယ်ထားသူပဲ။ ငါ့နာမည်အကြောင်း ဟောပြောတဲ့အတွက် ဘယ်လောက် ဒုက္ခခံရမယ်ဆိုတာ သူ ကောင်းကောင်း သိအောင် ငါပြမယ်” လို့ ပြောတယ်။ (တ. ၉:၁၅၊ ၁၆) ယေရှုစကားကို အာနနိ ချက်ချင်း နားထောင်တယ်။ နှိပ်စက်ညှဉ်းပန်းသူ ရှောလုကို ရှာတွေ့တဲ့အခါ “ညီအစ်ကို ရှောလု၊ ဒီကိုလာတုန်းက ခင်ဗျားကို လမ်းမှာ ထင်ရှားပြတဲ့ သခင်ယေရှုက ကျွန်တော့်ကို လွှတ်လိုက်တာ။ ခင်ဗျားကို မျက်စိပြန်မြင်လာအောင်၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်အောင် လုပ်ပေးဖို့ပါ” လို့ ပြောတယ်။—တ. ၉:၁၇

၁၁၊ ၁၂။ ယေရှု၊ အာနနိ၊ ရှောလုတို့ ပါဝင်တဲ့ အဖြစ်အပျက်ကနေ ဘာသင်ခန်းစာ ရသလဲ။

၁၁ ယေရှု၊ အာနနိ၊ ရှောလုတို့ ပါဝင်တဲ့ ဒီအဖြစ်အပျက်ကနေ အချက်တချို့ ကျွန်တော်တို့ နားလည်ရတယ်။ ဥပမာ၊ ယေရှုဟာ ကတိပေးထားတဲ့အတိုင်း ဟောပြောခြင်းလုပ်ငန်းကို တက်တက်ကြွကြွ ဦးဆောင်နေတယ်။ (မ. ၂၈:၂၀) ဒီနေ့ တစ်ယောက်ချင်းကို တိုက်ရိုက် စကားမပြောပေမဲ့ ခန့်အပ်ထားတဲ့ သစ္စာရှိကျွန်ကတစ်ဆင့် ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားနေတယ်။ (မ. ၂၄:၄၅-၄၇) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားမှုအောက်မှာ ကြေညာသူ၊ ရှေ့ဆောင်တွေဟာ ခရစ်တော်အကြောင်း ပိုသိချင်သူတွေကို ရှာဖွေကြတယ်။ ရှေ့အခန်းမှာ ပါတဲ့အတိုင်း လူများစွာဟာ ဘုရားဆီ ဆုတောင်းပြီး မကြာခင် ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ် ရသွားကြတယ်။—တ. ၉:၁၁

၁၂ တာဝန်ကို အာနနိ နာခံမှု ရှိရှိ လက်ခံတဲ့အတွက် ကောင်းချီး ခံစားရတယ်။ သင်ကော စေ့စေ့စပ်စပ် သက်သေခံပါဆိုတဲ့ မိန့်မှာချက်ကို လိုက်နာနေသလား။ တချို့က တစ်အိမ်တက်ဆင်း သွားရမှာ၊ သူစိမ်းတွေနဲ့ စကားပြောရမှာ ကြောက်ကြတယ်။ တချို့ကျတော့ စီးပွားရေး ရပ်ကွက်မှာ၊ လမ်းပေါ်မှာ၊ ဖုန်းဆက်၊ စာရေး ဟောပြောရမှာ ကြောက်ကြတယ်။ စိုးရိမ်ပူပန်မှုကို အာနနိ တွန်းလှန်ခဲ့လို့ ရှောလု သန့်ရှင်းသော စွမ်းအားတော် ရဖို့ ကူညီပေးနိုင်ခဲ့တာ။ b ယေရှုကို ယုံကြည်ကိုးစားလို့၊ ရှောလုကို ညီအစ်ကိုအဖြစ် ရှုမြင်လို့ အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့လည်း ဟောပြောခြင်းလုပ်ငန်းကို ယေရှု ညွှန်ကြားနေကြောင်း ယုံကြည်မယ်၊ လူတွေကို သနားစာနာမယ်၊ ကိုယ့်ကို ကြိမ်းမောင်းသူတွေကိုတောင် ညီအစ်ကို ဖြစ်လာမယ့်သူအဖြစ် ရှုမြင်မယ်ဆိုရင် စိုးရိမ်ပူပန်မှုကို တွန်းလှန်နိုင်ပါလိမ့်မယ်။—မ. ၉:၃၆

‘ယေရှု အကြောင်း ဟောပြောတော့တယ်’ (တ. ၉:၁၈-၃၀)

၁၃၊ ၁၄။ သင်ဟာ ကျမ်းစာလေ့လာနေပေမဲ့ နှစ်ခြင်း မခံရသေးရင် ရှောလုရဲ့ ပုံနမူနာကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။

၁၃ ရှောလုဟာ သိတာနဲ့ သိတဲ့အတိုင်း ချက်ချင်း လုပ်တယ်။ မျက်စိ ပြန်မြင်လာပြီးနောက် နှစ်ခြင်းခံတယ်။ ဒမတ်စကတ်မြို့မှာ ရှိတဲ့ တပည့်တွေနဲ့ တရင်းတနှီး ပေါင်းတယ်။ ဒါ့အပြင် “ယေရှုဟာ ဘုရားသခင်ရဲ့ သား ဖြစ်တဲ့အကြောင်း စပြီး ဟောပြောတော့တယ်။”—တ. ၉:၂၀

၁၄ သင်ဟာ ကျမ်းစာ လေ့လာနေပေမဲ့ နှစ်ခြင်းမခံရသေးဘူးဆိုရင် ရှောလုလို သိရင် သိတဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်နိုင်မလား။ ခရစ်တော်ရဲ့ အံ့ဖွယ် လုပ်ရပ်တစ်ခု ကိုယ်တိုင် ကြုံရလို့ ရှောလု ပြောင်းလဲသွားတာ မှန်ပါတယ်။ ဒါပေမဲ့ တခြားသူတွေလည်း ယေရှုရဲ့ အံ့ဖွယ်လုပ်ရပ်တွေ မြင်ကြတာပဲ။ ဥပမာ၊ လက်တစ်ဖက် သေနေသူကို ယေရှု ကုပေးနေတုန်း ဖာရိရှဲတစ်စု ကြည့်နေကြတယ်။ လာဇရုကို ယေရှု ထမြောက်ပေးကြောင်း ဂျူးတော်တော်များများ သိကြတယ်။ ဒါပေမဲ့ အများစု ပြောင်းလဲမလာကြဘူး။ အတိုက်အခံတောင် လုပ်ကြတယ်။ (မာ. ၃:၁-၆။ ယော. ၁၂:၉၊ ၁၀) ရှောလုကတော့ ပြောင်းလဲသွားတယ်။ တခြားသူတွေ မပြောင်းလဲပေမဲ့ ရှောလု ဘာကြောင့် ပြောင်းလဲသလဲ။ လူထက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ခရစ်တော် ပြတဲ့ သနားကြင်နာမှုကို လေးမြတ်လို့ပဲ။ (ဖိ. ၃:၈) သင်လည်း အဲဒီလို သဘောထား ရှိမယ်ဆိုရင် ဘာအကြောင်းကြောင့်မှ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်ဘဲ၊ နှစ်ခြင်းမခံဘဲ နေမှာ မဟုတ်ဘူး။

၁၅၊ ၁၆။ တရားဇရပ်တွေမှာ ရှောလု ဘာလုပ်သလဲ။ ဒမတ်စကတ်မြို့က ဂျူးတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

၁၅ တရားဇရပ်တွေမှာ ယေရှုအကြောင်း ရှောလု စဟောပြောချိန်မှာ လူအုပ် အံ့သြပြီး ဒေါသထွက်ကြမှာကို မြင်ယောင်ကြည့်ပါ။ “ဒီလူဟာ ဂျေရုဆလင်မြို့မှာ ရှိတဲ့ ယေရှုနာမည် ယုံကြည်သူတိုင်းကို အကြီးအကျယ် ဒုက္ခပေးတဲ့သူပဲ” လို့ ပြောကြတယ်။ (တ. ၉:၂၁) ယေရှုနဲ့ပတ်သက်ပြီး မိမိ သဘောထား ပြောင်းလဲသွားရတဲ့အကြောင်း ရှင်းပြချိန်မှာ ရှောလုက “ယေရှုဟာ ခရစ်တော်ပဲဆိုတာကို ကျိုးကြောင်းဆင်ခြင်ပြီး ပြောပြ” တယ်။ (တ. ၉:၂၂) ဒါပေမဲ့ ကျိုးကြောင်းညီညွတ်တိုင်း ယုံကြတာမှ မဟုတ်တာ။ ထုံးတမ်းစဉ်လာနောက် လိုက်သူတွေ၊ မာနကြီးသူတွေ မပြောင်းလဲကြဘူး။ ဒါပေမဲ့ ရှောလု အရှုံးမပေးဘူး။

၁၆ နောက်သုံးနှစ် ကြာတဲ့အထိ ဒမတ်စကတ်မြို့က ဂျူးတွေ ရှောလုကို အတိုက်အခံ လုပ်ကြတုန်းပဲ။ သတ်ဖို့တောင် ကြံစည်ကြတယ်။ (တ. ၉:၂၃။ ၂ ကော. ၁၁:၃၂၊ ၃၃။ ဂလ. ၁:၁၃-၁၈) ဒီအကြံအစည် ပေါ်သွားတဲ့အခါ တပည့်တွေက ရှောလုကို တောင်းထဲ ထည့်ပြီး မြို့ရိုးပြတင်းပေါက်ကနေ လျှောချပေးကြတဲ့အတွက် အဲဒီမြို့ကနေ တိတ်တဆိတ် ထွက်သွားနိုင်ခဲ့တယ်။ အဲဒီညမှာ လွတ်မြောက်ဖို့ ကူညီပေးသူတွေဟာ “[ရှောလု]ရဲ့ တပည့်” တွေ ဖြစ်တယ်လို့ လုကာ ဖော်ပြတယ်။ (တ. ၉:၂၅) ဒီစကားအရ ဒမတ်စကတ်မြို့က လူတချို့ ရှောလု ဟောတာ နားထောင်ပြီး ခရစ်တော်ရဲ့ နောက်လိုက် ဖြစ်လာကြပုံရတယ်။

၁၇။ (က) ကျမ်းစာအမှန်တရားကို လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၇ မိသားစု၊ မိတ်ဆွေ၊ တခြားသူတွေကို ကျမ်းစာကနေ သိလာတာတွေ သင် စပြောတဲ့အခါ အထောက်အထား ခိုင်လုံတဲ့အတွက် လက်ခံကြမယ်လို့ ထင်မိမှာပဲ။ တချို့ လက်ခံပေမဲ့ အများစု လက်မခံဘူး။ အိမ်သားတွေကတောင် ရန်သူလို ဆက်ဆံလာကြတာ ဖြစ်နိုင်တယ်။ (မ. ၁၀:၃၂-၃၈) ဒါပေမဲ့ ကျမ်းစာကို အခြေခံပြီး ကျိုးကြောင်းဆင်ခြင်မယ်၊ ခရစ်ယာန် အမူအကျင့်ကောင်း ပြမယ်ဆိုရင် အတိုက်အခံ လုပ်သူတွေတောင် ပြောင်းလဲလာနိုင်တယ်။—တ. ၁၇:၂။ ၁ ပေ. ၂:၁၂။ ၃:၁၊ ၂၊ ၇

၁၈၊ ၁၉။ (က) ရှောလုဘက်က ဗာနဗ အာမခံပြီး ပြောပေးတဲ့အခါ ဘာအကျိုး ရခဲ့သလဲ။ (ခ) ဗာနဗနဲ့ ရှောလုကို ဘယ်လို အတုယူနိုင်သလဲ။

၁၈ ဂျေရုဆလင်မြို့ကို ရောက်တော့ မိမိဟာ တပည့်တစ်ယောက် ဖြစ်နေပြီဆိုတာ ပြောပြပေမဲ့ တမန်တော်တွေ ဘယ်ယုံကြမလဲ။ ဗာနဗ အာမခံပြီး ပြောပေးမှပဲ လက်ခံသွားကြတယ်။ ရှောလုလည်း သူတို့နဲ့အတူ အတန်ကြာ နေတယ်။ (တ. ၉:၂၆-၂၈) ရှောလုဟာ သတိရှိရှိ ပြုမူတယ်။ ဒါပေမဲ့ သတင်းကောင်းကြောင့် မရှက်ဘူး။ (ရော. ၁:၁၆) ယေရှုရဲ့ တပည့်တွေကို ကိုယ်တိုင် ရက်ရက်စက်စက် နှိပ်စက်ခဲ့တဲ့ ဂျေရုဆလင်မြို့မှာ သတ္တိရှိရှိ ဟောပြောတယ်။ မိမိတို့ ခေါင်းဆောင်တင်ထားတဲ့ ရှောလု သစ္စာဖောက်သွားကြောင်း ဂျူးတွေ သိတဲ့အခါ ထိတ်လန့်ပြီး သတ်ဖို့ ကြိုးစားကြတော့တယ်။ “ဒီအကြောင်းကို ညီအစ်ကိုတွေ ကြားတဲ့အခါ သူ့ကို ကဲသရိမြို့ဆီ ခေါ်သွားပြီး တာရှုမြို့ကို ပို့လိုက်ကြတယ်” လို့ မှတ်တမ်းက ဖော်ပြတယ်။ (တ. ၉:၃၀) ရှောလုဟာ အသင်းတော်ကတစ်ဆင့် လာတဲ့ ယေရှုရဲ့ ညွှန်ကြားချက်ကို လိုက်နာတယ်။ ဒါကြောင့် ရှောလုရော အသင်းတော်ပါ အကျိုးခံစားရတယ်။

၁၉ ရှောလုကို ဗာနဗ အစပြု ကူညီကြောင်း သတိပြုပါ။ ဒီကြင်နာတဲ့ အပြုအမူကြောင့် သူတို့နှစ်ယောက် ရင်းနှီးလာကြမှာ သေချာတယ်။ ဗာနဗလိုပဲ သင်လည်း အသင်းတော်က လူသစ်တွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပြီး အမှန်တရားဘက်မှာ တိုးတက်လာအောင် တလိုတလား ကူညီပေးနေသလား။ ကူညီပေးတယ်ဆိုရင် ကောင်းချီးများစွာ ခံစားရပါလိမ့်မယ်။ တကယ်လို့ သင်ဟာ ကြေညာသူအသစ်ဆိုရင် ရှောလုနည်းတူ တခြားသူတွေရဲ့ အကူအညီကို လက်ခံသလား။ အတွေ့အကြုံ ရင့်ကျက်တဲ့ ကြေညာသူတွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဟောပြောခြင်းစွမ်းရည် တိုးတက်လာမယ်၊ ပိုပျော်ရွှင်လာမယ်။ မိတ်ဆွေစစ်တွေ ရလာပါလိမ့်မယ်။

‘လူအတော်များများ သခင်ကို ယုံကြည်လာတယ်’ (တ. ၉:၃၁-၄၃)

၂၀၊ ၂၁။ အတိတ်နဲ့ ဒီနေ့ခေတ် ဘုရားသခင့် ကျေးကျွန်တွေဟာ “ငြိမ်သက်အေးချမ်း” တဲ့ ကာလကို ဘယ်လို အသုံးချကြသလဲ။

၂၀ ရှောလု ဘာသာပြောင်းဝင်ပြီး ဘေးကင်းစွာ ထွက်ခွာသွားပြီးချိန် “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်တစ်လျှောက်က အသင်းတော်တွေဟာ ငြိမ်သက်အေးချမ်း” နေတယ်။ (တ. ၉:၃၁) ငြိမ်သက်အေးချမ်းတဲ့ ကာလကို တပည့်တွေ ဘယ်လို အသုံးချကြသလဲ။ (၂ တိ. ၄:၂) သူတို့ “ယုံကြည်ခြင်း ခိုင်ခံ့” နေတယ်လို့ မှတ်တမ်းက ဆိုတယ်။ တမန်တော်တွေနဲ့ တာဝန်ရှိ ညီအစ်ကိုတွေဟာ တပည့်တွေရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေကြတယ်။ အသင်းတော်ကို ဦးဆောင်ကြတယ်။ “ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရတဲ့ နှစ်သိမ့်မှုနဲ့အညီ အသက်ရှင်” နိုင်ကြဖို့ပါ။ ဥပမာ၊ ရှာရုန်လွင်ပြင်၊ လုဒ္ဒမြို့က တပည့်တွေကို အားပေးဖို့ ဒီအချိန်ကို ပေတရု အသုံးချတယ်။ သူ့ကြိုးစားမှုကြောင့် အနီးဝန်းကျင်မှာ နေထိုင်သူတွေ “သခင့်ကို ယုံကြည်လာကြတယ်။” (တ. ၉:၃၂-၃၅) တပည့်တွေ အာရုံ ပျံ့မသွားကြဘူး။ အချင်းချင်း ဆက်ဂရုစိုက်ကြတယ်။ သတင်းကောင်း ဆက်ဟောကြတယ်။ ဒါကြောင့် အသင်းတော် “ငြိမ်သက်အေးချမ်းနေတယ်။”

၂၁ နိုင်ငံများစွာမှာ ရှိတဲ့ ယေဟောဝါသက်သေတွေဟာ ၁၉၉၀ ဝန်းကျင်မှာ “ငြိမ်သက်အေးချမ်း” တဲ့ အခြေအနေအောက် ရှိနေကြတယ်။ ဘုရားသခင့်လူမျိုးကို ဆန့်ကျင်တဲ့ အစိုးရတွေ ရုတ်တရက် အာဏာကျသွားလို့ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်မှုတချို့ ဖြေလျှော့ပေးပြီး တချို့ကို ရုပ်သိမ်းလိုက်တယ်။ သက်သေခံများစွာဟာ အခွင့်အရေး အမိအရ ယူပြီး ဟောပြောတဲ့အတွက် ရလဒ်ကောင်းတွေ ရလာတယ်။

၂၂။ ရထားတဲ့ လွတ်လပ်မှုကို ဘယ်လို အသုံးချနိုင်သလဲ။

၂၂ သင်ကော ရထားတဲ့ လွတ်လပ်မှုကို ကောင်းကောင်း အသုံးချနေသလား။ ဘာသာရေး လွတ်လပ်မှု ရှိတဲ့ နိုင်ငံမှာ နေတယ်ဆိုရင် နိုင်ငံတော် အကျိုးစီးပွားထက် ရုပ်ပစ္စည်းကို ဦးစားထားဖို့ စာတန် သွေးဆောင်နိုင်တယ်။ (မ. ၁၃:၂၂) အာရုံ ပျံ့မသွားပါနဲ့။ အခြေအနေတွေ ငြိမ်သက်အေးချမ်းနေတုန်း အဲဒီအချိန်ကို အကျိုးရှိရှိ သုံးပါ။ စေ့စေ့စပ်စပ် သက်သေခံဖို့၊ ညီအစ်ကို/မ အချင်းချင်း ယုံကြည်ခြင်း တည်ဆောက်ပေးဖို့ အခွင့်အရေးအဖြစ် ရှုမြင်ပါ။ သင့်အခြေအနေ ရုတ်တရက် ပြောင်းသွားနိုင်ကြောင်း သတိရပါ။

၂၃၊ ၂၄။ (က) တဗိသရဲ့ ဖြစ်ရပ်ကနေ ဘယ်အချက်တွေ သင်ယူနိုင်သလဲ။ (ခ) ဘယ်လို သန္နိဋ္ဌာန်ချသင့်သလဲ။

၂၃ တဗိသ ဒါမှမဟုတ် ဒေါ်ကာလို့ ခေါ်တဲ့ တပည့်အကြောင်း စဉ်းစားကြည့်ပါ။ c လုဒ္ဒမြို့နဲ့ မဝေးတဲ့ ယုပ္ပေမြို့မှာ နေတယ်။ သစ္စာရှိတဲ့ ဒီညီအစ်မဟာ ကိုယ့်အချိန်၊ ပိုင်ဆိုင်ရာတွေကို အကျိုးရှိရှိ အသုံးပြုပြီး “ကောင်းတဲ့အကျင့်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့် ရှိတယ်။” ဒါပေမဲ့ ရုတ်တရက် ဖျားပြီး ဆုံးသွားတယ်။ တဗိသ ဆုံးသွားတော့ ယုပ္ပေမြို့မှာ ရှိတဲ့ တပည့်တွေ၊ အထူးသဖြင့်၊ သူ ကူညီပေးခဲ့တဲ့ မုဆိုးမတွေ သိပ်ဝမ်းနည်းကြေကွဲကြတယ်။ အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့ အိမ်ထဲ ပေတရု ရောက်လာတော့ တမန်တော် တစ်ယောက်မှ မလုပ်ဖူးသေးတဲ့ အံ့ဖွယ်တစ်ခု လုပ်တယ်။ ဆုတောင်းပြီးနောက် တဗိသကို ရှင်ပြန်ထမြောက်ပေးလိုက်တာပါ။ မုဆိုးမတွေနဲ့ တခြားတပည့်တွေကို အခန်းထဲ ပြန်ခေါ်ပြီး အသက်ပြန်ရှင်လာတဲ့ တဗိသကို ပြတဲ့အခါ ဘယ်လောက် ဝမ်းသာကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီအဖြစ်အပျက်တွေက မကြာခင် သူတို့ ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ဖို့ အားဖြစ်စေခဲ့မှာပဲ။ “ယုပ္ပေတစ်မြို့လုံး ဒီသတင်း ပျံ့သွားပြီး လူအတော်များများ သခင်ကို ယုံကြည်လာတယ်။”—တ. ၉:၃၆-၄၂

တဗိသကို သင် ဘယ်လို အတုယူနိုင်သလဲ

၂၄ တဗိသအကြောင်း ကြည်နူးဖွယ် မှတ်တမ်းကနေ အရေးကြီးတဲ့ အချက်နှစ်ချက် သိရတယ်။ (၁) လူ့အသက်ဟာ နေ့မြင် ညပျောက်ပဲ။ ဒါကြောင့် ဘုရားရှေ့ နာမည်ကောင်း ရအောင် ကြိုးစားနိုင်တုန်းမှာ ကြိုးစားဖို့ အရေးကြီးတယ်။ (ဒေ. ၇:၁) (၂) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဟာ သေချာတယ်။ တဗိသရဲ့ ကြင်နာမှုလုပ်ရပ်တွေကို ယေဟောဝါ သတိပြုမိပြီး ကောင်းချီးပေးသလို ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း သတိပြုမိတယ်။ အာမဂေဒုန် မတိုင်ခင် ကျွန်တော်တို့ သေဆုံးသွားရင်တောင် ရှင်ပြန်ထမြောက်ပေးပါလိမ့်မယ်။ (ဟီ. ၆:၁၀) ဒါကြောင့် လက်ရှိအခြေအနေ “မကောင်း” သည် ဖြစ်စေ၊ “ငြိမ်သက်အေးချမ်း” သည် ဖြစ်စေ ခရစ်တော်အကြောင်း စေ့စေ့စပ်စပ်၊ စွဲစွဲမြဲမြဲ သက်သေခံကြပါစို့။—၂ တိ. ၄:၂

a ဖာရိရှဲ ရှောလု” လေးထောင့်ကွက်ကို ကြည့်ပါ။

b များသောအားဖြင့် တခြားသူတွေကို စွမ်းအားတော် ဆုကျေးဇူး လက်ဆင့်ကမ်းခွင့် တမန်တော်တွေမှာပဲ ရှိတယ်။ ဒီအဖြစ်အပျက်မှာတော့ ရှောလုဆီ စွမ်းအားတော် ဆုကျေးဇူးတွေ လက်ဆင့်ကမ်းခွင့် အာနနိကို ယေရှု ပေးလိုက်ပုံပဲ။ ရှောလု ဘာသာပြောင်းဝင်ပြီးနောက် တမန်တော် ၁၂ ယောက်နဲ့ တော်တော် ကြာတဲ့အထိ အဆက်အသွယ် မရဘူး။ ဒါပေမဲ့ အဲဒီအချိန်အတွင်း ရှောလု တက်တက်ကြွကြွ ဟောပြောတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ခံနိုင်ရည် ရှိဖို့ လိုအပ်တဲ့ အစွမ်း ယေရှု ပေးခဲ့တာ ထင်ရှားတယ်။

c ‘ကောင်းတဲ့အကျင့် ရှိသူ’ တဗိသ” လေးထောင့်ကွက်ကို ကြည့်ပါ။