မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

“ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” သတေဖန်

“ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” သတေဖန်

သတေဖန် ဂျူးတရားရုံးချုပ်ရှေ့ သတေဖန် သတ္တိရှိရှိ သက်သေခံပုံကနေ သင်ယူနိုင်ရာ

တမန်တော် ၆:၈–၈:၃ ကို အခြေခံ

၁-၃။ (က) ဘယ်ထိတ်လန့်ဖွယ် အခြေအနေကို သတေဖန် ကြုံရသလဲ။ သူ ဘယ်လို တုံ့ပြန်သလဲ။ (ခ) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။

 တရားရုံးချုပ်မှာ သတေဖန် ရပ်နေတယ်။ ဂျေရုဆလင်မြို့ ဗိမာန်တော်အနီးမှာ ရှိပုံရတဲ့ ခမ်းနားထည်ဝါတဲ့ ခန်းမမှာ အမျိုးသား ၇၁ ဦးဟာ စက်ဝိုင်းခြမ်းသဏ္ဌာန် ထိုင်နေကြတယ်။ သတေဖန်ကို စီရင်ဖို့ ရောက်နေကြတာ။ တရားသူကြီးတွေဟာ သြဇာအာဏာ ရှိကြတယ်။ အများစုက ယေရှုရဲ့ ဒီတပည့်ကို လုံးဝ အထင်မကြီးကြဘူး။ ဒါ့အပြင် တရားသူကြီးတွေကို စုလိုက်တဲ့ ပုရောဟိတ်မင်း ကယာဖဆိုတာ လွန်ခဲ့တဲ့ လအနည်းငယ်က ယေရှုခရစ်ကို ကွပ်မျက်ဖို့ ဂျူးတရားရုံးချုပ် စီရင်ချက် ချချိန်မှာ ဦးဆောင်ခဲ့သူ ဖြစ်တယ်။ သတေဖန် ကြောက်ရွံ့ထိတ်လန့်နေသလား။

အဲဒီအချိန်မှာ သတေဖန်ရဲ့ မျက်နှာဟာ ထူးခြားနေတယ်။ တရားသူကြီးတွေ စေ့စေ့ကြည့်လိုက်တော့ သတေဖန်ရဲ့ မျက်နှာဟာ “ကောင်းကင်တမန်ရဲ့ မျက်နှာလို” ဖြစ်နေတာ တွေ့လိုက်ကြရတယ်။ (တ. ၆:၁၅) ကောင်းကင်တမန်တွေဟာ ယေဟောဝါဘုရားဆီက သတင်းတရား သယ်ဆောင်သူတွေ ဖြစ်လို့ သတ္တိရှိပြီး တည်ငြိမ်အေးချမ်းကြတယ်။ သတေဖန်လည်း အဲဒီလိုပဲ။ သူ့ကို ခါးခါးသီးသီး မုန်းတီးတဲ့ တရားသူကြီးတွေတောင် ဒါကို သတိထားမိကြတယ်။ သတေဖန် ဘာလို့ အဲဒီလောက် တည်ငြိမ်သလဲ။

အဲဒီမေးခွန်းရဲ့ အဖြေကနေ ဒီနေ့ခေတ် ခရစ်ယာန်တွေ များစွာ သင်ယူနိုင်တယ်။ သတေဖန် ဘာကြောင့် ဒီအခြေအနေ ရောက်သွားသလဲ။ ဒီ့မတိုင်မီ ယုံကြည်ခြင်းကို ဘယ်လို ခုခံကာကွယ်ခဲ့သလဲ။ သူ့ကို ဘယ်နည်းတွေနဲ့ အတုယူနိုင်သလဲ။

‘လူတွေကို ဆူပူအုံကြွလာအောင် လုပ်တယ်’ (တ. ၆:၈-၁၅)

၄၊ ၅။ (က) သတေဖန်ဟာ အသင်းတော်အတွက် ဘာကြောင့် အသုံးဝင်သလဲ။ (ခ) သတေဖန်ဟာ ဘယ်နည်းနဲ့ “ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” ဖြစ်သလဲ။

သတေဖန်ဟာ တည်ထောင်ခါစ ခရစ်ယာန် အသင်းတော်အတွက် အသုံးဝင်သူ ဖြစ်ကြောင်း၊ တမန်တော်တွေ အကူအညီ လိုအပ်ချိန်မှာ ကူညီဖို့ အသင့်ရှိတဲ့ နှိမ့်ချသူ အမျိုးသား ခုနစ်ယောက်ထဲက တစ်ယောက် ဖြစ်ကြောင်း ရှေ့အခန်းမှာ သိခဲ့ရတယ်။ သူရတဲ့ ဆုကျေးဇူးတွေကို သုံးသပ်ကြည့်လိုက်တဲ့အခါ သူ့နှိမ့်ချမှု ပိုထင်ရှားလာတယ်။ သူဟာ တမန်တော်တချို့လိုပဲ “အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ” လုပ်နိုင်သူ ဖြစ်ကြောင်း တမန်တော် ၆:၈ မှာ ဖတ်ရတယ်။ ဒါ့အပြင် “ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” လည်း ဖြစ်တယ်။ ဘာကို ဆိုလိုသလဲ။

“ဘုရားမျက်နှာသာရသူ” ဆိုတဲ့ ဂရိစကားလုံးကို “ယဉ်ကျေးရည်မွန်သူ” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် သတေဖန်ဟာ သနားကြင်နာတတ်သူ၊ လူချစ်လူခင် ပေါသူ ဖြစ်တာ ထင်ရှားတယ်။ မိမိ စိတ်ရင်းမှန်သူ ဖြစ်ကြောင်း၊ မိမိရဲ့ သွန်သင်ချက်တွေ အကျိုးရှိကြောင်း နားထောင်သူတွေ ယုံကြည်စိတ်ချလာအောင် ထိထိမိမိ ဟောတတ်တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ဦးဆောင်မှုကို နှိမ့်ချစွာ ခံယူတဲ့အတွက် တန်ခိုးတော်နဲ့ ပြည့်စုံသူ ဖြစ်တယ်။ ရထားတဲ့ ဆုကျေးဇူးတွေ၊ အရည်အချင်းတွေကြောင့် မောက်မာမယ့်အစား ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းပြီး လူတွေကို ချစ်ကြောင်း ပြတယ်။ ဒါကြောင့် သတေဖန်ကို အန္တရာယ်ရှိသူအဖြစ် ဆန့်ကျင်သူတွေ သဘောထားကြတာ။

၆-၈။ (က) ဆန့်ကျင်သူတွေ သတေဖန်ကို ဘယ်စွဲချက် နှစ်ခု တင်သလဲ။ ဘာကြောင့်လဲ။ (ခ) သတေဖန်ရဲ့ စံနမူနာဟာ ဒီနေ့ခေတ် ခရစ်ယာန်တွေနဲ့ ဘယ်လို သက်ဆိုင်သလဲ။

လူတွေက သတေဖန်နဲ့ ငြင်းခုံကြပေမဲ့ ‘စွမ်းအားတော်ကို အမှီပြုပြီး သတေဖန် ဉာဏ်ပညာရှိရှိ ဟောပြောတဲ့အတွက် မချေပနိုင်ကြဘူး။’ a မချေပနိုင်တော့ စိတ်ဆိုးပြီး ခရစ်တော်ရဲ့ အပြစ်မဲ့တဲ့ နောက်လိုက်ကို စွဲချက်တင်ဖို့ လူတွေကို “တိတ်တဆိတ် နားချတယ်။” ဂျူးတရားရုံးချုပ်ဆီ သတေဖန် ဖမ်းခေါ်သွားခံရအောင် လူထုကိုရော အကြီးအကဲတွေ၊ ကျမ်းတတ်တွေကိုပါ “ဆူပူအုံကြွလာအောင်” လုပ်တယ်။ (တ. ၆:၉-၁၂) ဘုရားသခင်နဲ့ မောရှေကို စော်ကားတယ်ဆိုတဲ့ စွဲချက်နှစ်ခု တင်ကြတယ်။

ဂျေရုဆလင် “ဗိမာန်တော်” ကို ဆန့်ကျင်ပြောဆိုခြင်းအားဖြင့် ဘုရားကို သတေဖန် စော်ကားတယ်လို့ မဟုတ်မမှန် စွပ်စွဲကြတယ်။ (တ. ၆:၁၃) ပညတ်တရားကို ဆန့်ကျင်ပြောဆိုခြင်း၊ မောရှေ ပေးခဲ့တဲ့ ထုံးတမ်းစဉ်လာတွေကို ပြောင်းပစ်ခြင်းအားဖြင့် မောရှေကို စော်ကားတယ်လို့လည်း စွပ်စွဲကြတယ်။ ဗိမာန်တော်၊ မောရှေပညတ်၊ ထပ်ဖြည့်ထားတဲ့ နှုတ်တိုက် ထုံးတမ်းစဉ်လာတွေကို အဲဒီခေတ်က ဂျူးတွေ သိပ်အလေးထားကြလို့ သတေဖန်ကို ဒီလိုစွဲချက်တင်လိုက်တာ တော်တော်လေး ပြင်းထန်တယ်။ အန္တရာယ်ရှိသူ၊ သေဒဏ်ခံထိုက်သူလို့ ပြောလိုက်သလိုပဲ။

ဘုရားကျေးကျွန်တွေ ဒုက္ခရောက်အောင် ဘာသာရေးသမားတွေ ဉာဏ်နီဉာဏ်နက် သုံးတာ မဆန်းပါဘူး။ ဒီနေ့လည်း ယေဟောဝါသက်သေတွေ ညှဉ်းပန်းနှိပ်စက်ခံရအောင် ဆန့်ကျင်သူ ဘာသာရေးသမားတွေက နိုင်ငံရေး ခေါင်းဆောင်တွေကို သွေးထိုးပေးတတ်ကြတယ်။ မဟုတ်မမှန် စွပ်စွဲခံရရင် ဘယ်လို တုံ့ပြန်သင့်သလဲ။ သတေဖန်ဆီက သင်ယူနိုင်တယ်။

“ဘုန်းတန်ခိုးကြီးတဲ့ ဘုရားသခင်” အကြောင်း ရဲရင့်စွာ သက်သေခံခြင်း (တ. ၇:၁-၅၃)

၉၊ ၁၀။ ဂျူးတရားရုံးချုပ်ရှေ့ သတေဖန်ရဲ့ ထုချေချက်ကို ဝေဖန်သူတွေ ဘယ်လို ပုတ်ခတ်ကြသလဲ။ ဘယ်အချက်ကို ကျွန်တော်တို့ သတိရဖို့ လိုသလဲ။

ဒီအခန်း အစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း စွဲချက်တွေ ကြားရချိန်မှာ သတေဖန်ရဲ့ မျက်နှာဟာ ကောင်းကင်တမန်ရဲ့ မျက်နှာလို တည်ငြိမ်နေတယ်။ သတေဖန်ဘက် ကယာဖ လှည့်ပြီး “သူတို့ ပြောတာ အမှန်ပဲလား” လို့ မေးတယ်။ (တ. ၇:၁) သတေဖန် စကားပြောဖို့ အခွင့်အရေး ရသွားပြီ။ အခွင့်အရေး ရတာနဲ့ ထိထိမိမိ ပြောတော့တယ်။

၁၀ သတေဖန်ရဲ့ ထုချေချက်ဟာ ရှည်လျားသလောက် စွဲချက်ကို ချေပရာ မရောက်ဘူးလို့ ဝေဖန်သူတချို့ ပုတ်ခတ်ကြတယ်။ တကယ်တော့ သတင်းကောင်းကို ဘယ်လို “ခုခံပြောဆို” ရမယ်ဆိုတာ သတေဖန် စံနမူနာကောင်း ပြသွားတာ။ (၁ ပေ. ၃:၁၅) ဗိမာန်တော်ကို ဆန့်ကျင်ပြောဆိုခြင်းအားဖြင့် ဘုရားကို စော်ကားတယ်၊ ပညတ်တရားကို ဆန့်ကျင်ပြောဆိုခြင်းအားဖြင့် မောရှေကို စော်ကားတယ်ဆိုပြီး သတေဖန် စွပ်စွဲခံရတာကို သတိရပါ။ အစ္စရေး ခေတ်သုံးခေတ်အကြောင်း သတေဖန် အကျဉ်းချုပ် ပြောပြီး အချက်တချို့ကို အလေးပေး ဖော်ပြတယ်။ ခေတ်တစ်ခေတ်စီကို သုံးသပ်ကြည့်ကြစို့။

၁၁၊ ၁၂။ (က) အာဗြဟံရဲ့ အတွေ့အကြုံကို သတေဖန် ဘယ်လို ထိထိရောက်ရောက် အသုံးပြုသလဲ။ (ခ) ယောသပ်အကြောင်း သတေဖန် ဘာကြောင့် ထည့်ပြောသလဲ။

၁၁ ဘိုးဘေးတွေခေတ်။ (တ. ၇:၁-၁၆) အများ လက်ခံတဲ့ အကြောင်းအရာကနေ သတေဖန် စပြောတယ်။ ယုံကြည်ခြင်းကြောင့် ဂျူးတွေရဲ့ လေးစားမှု ရတဲ့ အာဗြဟံအကြောင်းပါ။ မက်ဆိုပိုတေးမီးယားပြည်မှာ အာဗြဟံဆီ “ဘုန်းတန်ခိုးကြီးတဲ့ ဘုရားသခင်” ယေဟောဝါ ရောက်လာတဲ့အကြောင်း အလေးပေး ပြောတယ်။ (တ. ၇:၂) တကယ်တော့ အာဗြဟံဟာ ကတိထားရာပြည်မှာ ဧည့်သည် ဖြစ်နေတယ်။ ဗိမာန်တော် မရှိ၊ မောရှေပညတ်လည်း မရှိဘူး။ ဒီတော့ ဗိမာန်တော် ရှိမှ၊ မောရှေပညတ် ရှိမှ ဘုရားကို သစ္စာရှိနိုင်မယ်လို့ ဘယ်သူ ထပြောရဲမလဲ။

၁၂ အာဗြဟံရဲ့ မြစ် ယောသပ်ကိုလည်း သတေဖန်ရဲ့ ပရိသတ်တွေ သိပ်ရိုသေလေးစားကြတယ်။ ဒါပေမဲ့ ဖြောင့်မတ်တဲ့ ယောသပ်ကို အစ်ကိုတွေ ညှဉ်းဆဲပြီး ကျွန်အဖြစ် ရောင်းလိုက်ကြောင်း၊ တကယ်တော့ သူတို့ဟာ အစ္စရေးအမျိုးရဲ့ ဘိုးဘေးတွေ ဖြစ်ကြောင်း၊ အစာခေါင်းပါးခြင်းဘေးကနေ အစ္စရေးလူမျိုးကို ကယ်တင်ဖို့ ယောသပ်ကို ဘုရား သုံးခဲ့ကြောင်း သတေဖန် ထည့်ပြောတယ်။ ယေရှုခရစ်ရဲ့အဖြစ်ဟာ ယောသပ်နဲ့ တော်တော် ဆင်တူမှန်း သတေဖန် ကောင်းကောင်း သိပေမဲ့ မိမိရဲ့ စကားကို ပရိသတ် ဆက်နားထောင်စေဖို့ ဆင်တူချက်တွေ ပြောမနေဘူး။

၁၃။ မောရှေအကြောင်း ဆွေးနွေးချက်က သတေဖန် ခံရတဲ့ စွဲချက်တွေကို ဘယ်လို ဖြေရှင်းပေးသလဲ။ ဘယ်အဓိက အချက် ပေါ်လွင်သလဲ။

၁၃ မောရှေခေတ်။ (တ. ၇:၁၇-၄၃) ဂျူးတရားရုံးချုပ် အဖွဲ့ဝင် အများစုဟာ ဇဒ္ဒုကဲတွေ ဖြစ်ပြီး မောရှေ ရေးတဲ့ ကျမ်းတွေကလွဲလို့ တခြားကျမ်းတွေ လက်မခံတဲ့အတွက် မောရှေအကြောင်း သတေဖန် ပညာသားပါပါ ပြောတယ်။ မောရှေကို စော်ကားတယ်လို့ သတေဖန် စွပ်စွဲခံရတာ သတိရပါ။ မောရှေနဲ့ ပညတ်တရားကို သိပ်လေးစားမှန်း သူ့စကားမှာ ပေါ်လွင်နေလို့ အဲဒီစွဲချက်ကို ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ (တ. ၇:၃၈) မောရှေ ကြိုးစားကယ်တင်ခဲ့သူတွေ မောရှေကို ငြင်းပယ်ကြောင်းလည်း ပြောတယ်။ မောရှေ အသက် ၄၀ တုန်းက ငြင်းပယ်ကြတယ်။ နောက်အနှစ် ၄၀ ကျော်မှာလည်း မောရှေကို အကြိမ်ကြိမ် ပုန်ကန်ကြတယ်။ b ယေဟောဝါ ခန့်အပ်ထားသူတွေကို အစ္စရေးလူမျိုး အကြိမ်ကြိမ် ငြင်းပယ်တယ်ဆိုတဲ့ အချက်ရောက်အောင် သတေဖန် တဖြည်းဖြည်း ဆွဲပြောသွားတယ်။

၁၄။ သတေဖန်ရဲ့ ထုချေချက်မှာ မောရှေရဲ့ အတွေ့အကြုံကို အသုံးပြုခြင်းက ဘယ်အချက်တွေကို ထင်ရှားစေသလဲ။

၁၄ မိမိလို ပရောဖက်တစ်ပါး အစ္စရေးလူမျိုးကနေ ပေါ်ထွန်းမယ်လို့ မောရှေ ကြိုဟောတယ်။ အဲဒီအကြောင်း သတေဖန် ပြောပေမဲ့ သူ ဘယ်သူလဲ၊ သူ့ကို ဘယ်လို လက်ခံကြမလဲဆိုတာကိုတော့ နိဂုံးချုပ်ချိန်အထိ မပြောဘူး။ အဲဒီအစား မောရှေနဲ့ စကားပြောခဲ့တဲ့ မီးလောင်နေတဲ့ ချုံနားက မြေကို ယေဟောဝါ သန့်ရှင်းစေနိုင်သလို ဘယ်နေရာကိုမဆို သန့်ရှင်းစေနိုင်ကြောင်း မောရှေ သိတယ်ဆိုတဲ့ နောက်ထပ် အဓိက အချက်ကို ပြောတယ်။ ဒီတော့ ဂျေရုဆလင် ဗိမာန်တော်လို အဆောက်အအုံတစ်ခုမှာပဲ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လို့ ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

၁၅၊ ၁၆။ (က) တဲတော်အကြောင်း သတေဖန် ဘာကြောင့် ပြောသလဲ။ (ခ)  ရှောလမုန် ဗိမာန်တော်အကြောင်း ပြောပြီး သတေဖန် ဘယ်လို ဆွေးနွေးသလဲ။

၁၅ တဲတော်နဲ့ ဗိမာန်တော်။ (တ. ၇:၄၄-၅၀) ဂျေရုဆလင်မြို့မှာ ဗိမာန်တော် မရှိခင်တုန်းက ဝတ်ပြုရေးအတွက် မောရှေကို ဘုရား တဲတော် ဆောက်ခိုင်းကြောင်း တရားရုံးချုပ် အဖွဲ့ဝင်တွေကို သတေဖန် သတိရစေတယ်။ သူတို့ သိပ်လေးစားရတဲ့ မောရှေကိုယ်တိုင် တဲတော်မှာ ဝတ်ပြုခဲ့တာ ဖြစ်လို့ တဲတော်ဟာ ဗိမာန်တော်ကို မမီဘူးလို့ ဘယ်သူ ထပြောရဲမလဲ။

၁၆ နောက်ပိုင်း၊ ဂျေရုဆလင်မြို့မှာ ဗိမာန်တော် ဆောက်ပြီးသွားလို့ ဆုတောင်းတုန်းက သိပ်အရေးကြီးတဲ့ အချက်တစ်ချက် ရှောလမုန် ထည့်တောင်းတယ်။ “အမြင့်ဆုံး ဘုရားသခင်က လူဆောက်တဲ့ ဗိမာန်တွေမှာ စံမြန်းတာမှ မဟုတ်တာ” ဆိုတဲ့ ရှောလမုန်ရဲ့ ဆုတောင်းစကားကို သတေဖန် ထောက်ပြတယ်။ (တ. ၇:၄၈။ ၂ ရာ. ၆:၁၈) ရည်ရွယ်ချက် အထမြောက်စေဖို့ ဗိမာန်တော်ကို ယေဟောဝါ သုံးတယ်။ ဒါပေမဲ့ ဗိမာန်တော် သုံးမှ ရည်ရွယ်ချက် အထမြောက်စေနိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ဗိမာန်တော်လိုမျိုး လူ ဆောက်တဲ့ အဆောက်အအုံတစ်ခုမှာ ဝတ်ပြုမှ ရမယ်လို့ မယူဆသင့်ဘူး။ “ယေဟောဝါဘုရား ပြောတယ်– ကောင်းကင်ဟာ ငါ့ရာဇပလ္လင်ပဲ။ ကမ္ဘာမြေဟာ ငါ့ခြေတင်ခုံပဲ။ ငါ့အတွက် ဘယ်လိုအိမ်မျိုးကို မင်းတို့ ဆောက်ပေးမှာလဲ။ ဘယ်နေရာမှာ ငါစံမြန်းရမလဲ။ ဒါတွေအားလုံးကို ငါကိုယ်တိုင် ဖန်ဆင်းထားတာ မဟုတ်လား” ဆိုတဲ့ ဟေရှာယကျမ်းကို ကိုးကားပြီး သတေဖန် နိဂုံးချုပ်လိုက်တယ်။—တ. ၇:၄၉၊ ၅၀။ ဟေရှာ. ၆၆:၁၊ ၂

၁၇။ (က) သတေဖန်ရဲ့ ထုချေချက်က နားထောင်သူတွေရဲ့ မှားယွင်းတဲ့ သဘောထားကို ဘယ်လို ဖော်ထုတ်ခဲ့သလဲ။ (ခ) သတေဖန်ရဲ့ ထုချေချက်ဟာ သူ အပြစ်ကင်းကြောင်း ဘယ်လို သက်သေထူသလဲ။

၁၇ ဂျူးတရားရုံးချုပ်ရှေ့ သတေဖန်ရဲ့ ထုချေချက်ကို သုံးသပ်ကြည့်တဲ့အခါ စွပ်စွဲသူတွေရဲ့ မှားယွင်းတဲ့ သဘောထားကို သူ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတာ သင် သဘောတူတယ် မဟုတ်လား။ ယေဟောဝါက အခြေအနေတစ်ခုအောက်၊ ထုံးတမ်းစဉ်လာတစ်ခုအောက်မှာပဲ ရည်ရွယ်ချက် ပြည့်စုံစေနိုင်တာ မဟုတ်ကြောင်း၊ နည်းအမျိုးမျိုးနဲ့ ပြည့်စုံစေနိုင်ကြောင်း သတေဖန် ဖော်ပြတယ်။ နားထောင်နေသူတွေဟာ ဂျေရုဆလင်မြို့က ခမ်းနားထည်ဝါတဲ့ ဗိမာန်တော်နဲ့ မောရှေပညတ်ကနေ ဆင့်ပွားလာတဲ့ ဓလေ့ထုံးစံတွေကို ကြည်ညိုသလောက် ပညတ်တရားနဲ့ ဗိမာန်တော် ရှိနေရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ သဘောမပေါက်ကြဘူး။ သတေဖန်ရဲ့ ထုချေချက်ဟာ ‘ယေဟောဝါကို နာခံတာ ပညတ်တရားနဲ့ ဗိမာန်တော်ကို အကောင်းဆုံး ဂုဏ်တင်ရာရောက်တယ် မဟုတ်လား’ ဆိုပြီး မေးလိုက်သလိုပါပဲ။ ယေဟောဝါကို အတတ်နိုင်ဆုံး သတေဖန် နာခံနေလို့ အပြစ်ကင်းတယ်ဆိုတာ သူ့စကားတွေက သက်သေထူတယ်။

၁၈။ သတေဖန်ကို ဘယ်နည်းတွေနဲ့ အတုယူသင့်သလဲ။

၁၈ သတေဖန်ရဲ့ ထုချေချက်ကနေ ဘာသင်ခန်းစာ ရသလဲ။ သတေဖန် ကျမ်းစာ တော်တော် နှံ့စပ်တယ်။ ကျွန်တော်တို့လည်း “အမှန်တရားနဲ့ဆိုင်တဲ့ တရားစကားကို ပိုင်ပိုင်နိုင်နိုင်” သွန်သင်နိုင်ဖို့ဆိုရင် ကျမ်းစာကို အပတ်တကုတ် ကြိုးစားလေ့လာရမယ်။ (၂ တိ. ၂:၁၅) သတေဖန်ရဲ့ ရည်မွန်မှု၊ လိမ္မာပါးနပ်မှုကိုလည်း သင်ယူနိုင်တယ်။ ရှူးရှူးရှဲရှဲ ဖြစ်နေသူတွေကို သတေဖန် ဟောရတာ။ ဒါတောင် တတ်နိုင်သလောက် သူတို့ ကြည်ညိုလေးစားတဲ့အရာတွေအကြောင်း အခြေခံပြီး ပြောတယ်။ အသက်ကြီးသူတွေကို “လူကြီးမိဘတို့” လို့ ခေါ်ပြီး တလေးတစား ပြောဆိုတယ်။ (တ. ၇:၂) ကျွန်တော်တို့လည်း ကျမ်းစာအမှန်တရားကို “နူးညံ့တဲ့ သဘော၊ အလွန်လေးစားတဲ့ သဘောနဲ့” တင်ဆက်ရမယ်။—၁ ပေ. ၃:၁၅

၁၉။ ဂျူးတရားရုံးချုပ်ရှေ့မှာ ယေဟောဝါရဲ့ တရားစီရင်ခြင်း သတင်းတရားကို သတေဖန် ဘယ်လို မကြောက်မရွံ့ ပြောသလဲ။

၁၉ ဒါပေမဲ့ လူတွေ စိတ်ဆိုးမှာ စိုးလို့ ကျွန်တော်တို့ မဟောဘဲ မနေကြဘူး။ ဘုရားရဲ့ တရားစီရင်ခြင်း သတင်းအကြောင်း လျှော့လျှော့ပေါ့ပေါ့ မပြောကြဘူး။ ဒီကိစ္စမှာ သတေဖန်ရဲ့ စံနမူနာ သိပ်ကောင်းတယ်။ ဂျူးတရားရုံးချုပ်ရှေ့ အထောက်အထားတွေ ဘယ်လောက် တင်ပြပါစေ ခေါင်းမာတဲ့ တရားသူကြီးတွေ ပြောင်းလဲမှာ မဟုတ်မှန်း သတေဖန် သိတယ်။ ဒါကြောင့် သူတို့ဟာ ယောသပ်၊ မောရှေနဲ့ ပရောဖက်အားလုံးကို ငြင်းပယ်ခဲ့တဲ့ ဘိုးဘေးတွေနဲ့ အတူတူပဲ ဖြစ်ကြောင်း စွမ်းအားတော် လှုံ့ဆော်မှုနဲ့ မကြောက်မရွံ့ ပြောပြီး နိဂုံးချုပ်လိုက်တယ်။ (တ. ၇:၅၁-၅၃) ဂျူးတရားရုံးချုပ်က ဒီတရားသူကြီးတွေဟာ မေရှိယကို ကွပ်မျက်ခဲ့ကြတယ်။ တကယ်ဆိုရင် မေရှိယ ရောက်လာမယ့်အကြောင်း မောရှေနဲ့ ပရောဖက်အားလုံး ကြိုဟောထားပြီးသား။ ဒီတော့ မောရှေပညတ်ကို အဆိုးဆုံးနည်းနဲ့ ချိုးဖောက်လိုက်ကြတာပဲ။

“သခင်ယေရှု၊ ကျွန်တော့်အသက်ကို သိမ်းယူလိုက်ပါ” (တ. ၇:၅၄–၈:၃)

“ဒါကို ကြားတော့ ဒေါသကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်လာပြီး သတေဖန်ကို ကြည့်ရင်း အံကြိတ်ကြတယ်။”—တမန်တော် ၇:၅၄

၂၀၊ ၂၁။ သတေဖန်ရဲ့ စကားကို ဂျူးတရားရုံးချုပ် ဘယ်လို တုံ့ပြန်သလဲ။ သူ့ကို ယေဟောဝါ ဘယ်လို ခွန်အားပေးသလဲ။

၂၀ သတေဖန်ရဲ့ စကားတွေ မှန်နေတဲ့အတွက် တရားသူကြီးတွေ တအား ဒေါသထွက်ကြတယ်။ သိက္ခာ မဆည်နိုင်လောက်အောင် အံကြိတ်ခံပြင်းကြတယ်။ သခင်ယေရှုတုန်းကလိုပဲ မိမိကို ဒီလူတွေ ညှာမှာ မဟုတ်ဘူးဆိုတာ သတေဖန် သိနေမှာပဲ။

၂၁ ရှေ့မှာ ကြုံရတော့မယ့်အရာကို ရင်ဆိုင်နိုင်ဖို့ သတေဖန် သတ္တိရှိရမယ်။ အဲဒီအချိန်မှာ ယေဟောဝါ ပေးတဲ့ စိတ်အာရုံကနေ အားပေးမှု ရခဲ့မှာ သေချာတယ်။ စိတ်အာရုံမှာ ဘုရားဘုန်းတော်ကို မြင်ရတဲ့အပြင် ယေဟောဝါရဲ့ ညာဘက်မှာ ယေရှု ရပ်နေတာကိုလည်း မြင်ရတယ်။ အဲဒီစိတ်အာရုံအကြောင်း ပြောပြတဲ့အခါ တရားသူကြီးတွေ နားပိတ်ထားကြတယ်။ ဘာကြောင့်လဲ။ မိမိဟာ မေရှိယ ဖြစ်ကြောင်း၊ မကြာခင် အဖဘုရားရဲ့ ညာဘက်မှာ ထိုင်မှာ ဖြစ်ကြောင်း ဒီတရားရုံးချုပ်မှာ ယေရှု ပြောခဲ့တာ သိပ်မကြာသေးဘူး။ (မာ. ၁၄:၆၂) ယေရှု ပြောတာ မှန်ကန်ကြောင်း သတေဖန်ရဲ့ စိတ်အာရုံက သက်သေထူတယ်။ တရားရုံးချုပ်ဟာ မေရှိယကို သစ္စာဖောက်ပြီး ကွပ်မျက်ခဲ့တယ်။ အခုလည်း သတေဖန်ကို ကျောက်ခဲနဲ့ ပေါက်သတ်ဖို့ အပူတပြင်း စီစဉ်ကြတော့တယ်။ c

၂၂၊ ၂၃။ သတေဖန်ရဲ့ သေခြင်းဟာ ယေရှုရဲ့ သေခြင်းနဲ့ ဘယ်လို ဆင်တူသလဲ။ ဒီနေ့ခေတ် ခရစ်ယာန်တွေ သတေဖန်လို ဘယ်လို ယုံကြည်စိတ်ချမှု ရှိနိုင်သလဲ။

၂၂ သတေဖန်ဟာ မိမိသခင်လိုပဲ သေခြင်းတရားကို ရင်ဆိုင်ရချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်။ ယေဟောဝါကို အပြည့်အဝ ယုံကြည်စိတ်ချတယ်။ မိမိကို ကွပ်မျက်သူတွေကို ခွင့်လွှတ်တယ်။ စိတ်အာရုံမှာ ယေရှုကို ယေဟောဝါနဲ့အတူ မြင်နေရဆဲ ဖြစ်ပုံ ရလို့ “သခင်ယေရှု၊ ကျွန်တော့်အသက်ကို သိမ်းယူလိုက်ပါ” လို့ ပြောတယ်။ “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” ဆိုတဲ့ ယေရှုရဲ့ အားရှိစရာ စကားကို သတေဖန် သိထားမှာ သေချာတယ်။ (ယော. ၁၁:၂၅) နောက်ဆုံး၊ “ယေဟောဝါဘုရား၊ ဒီအပြစ်အတွက် သူတို့ကို ဒဏ်မခတ်ပါနဲ့” လို့ အသံကျယ်ကျယ် ဆုတောင်းပြီးနောက် သေဆုံးသွားတယ်။—တ. ၇:၅၉၊ ၆၀

၂၃ ဒီလိုနဲ့ သတေဖန်ဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေထဲမှာ ဦးဆုံး အာဇာနည် ဖြစ်လာတယ်။ (“ ဘယ်သဘောနဲ့ ‘အာဇာနည်’ ဖြစ်သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) နောက်ဆုံး အာဇာနည်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ခေတ်အထိ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တချို့ဟာ တစ်ယူသန် ဘာသာရေးသမားတွေ၊ နိုင်ငံရေး အစွန်းရောက်သူတွေ၊ ရက်စက်တဲ့ အတိုက်အခံသမားတွေ လက်ချက်နဲ့ အသတ်ခံရကြတယ်။ သတေဖန်လိုပဲ ကျွန်တော်တို့ ဘုရားကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်း ရှိတယ်။ အခု၊ ယေရှုဟာ ဘုရင်အဖြစ် စိုးစံနေပြီး ဖခင် ပေးထားတဲ့ အံ့ဖွယ်တန်ခိုးကို အသုံးပြုနေတယ်။ သစ္စာရှိ နောက်လိုက်တွေကို ရှင်ပြန်ထမြောက်ပေးဖို့ ယေရှုကို ဘာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။—ယော. ၅:၂၈၊ ၂၉

၂၄။ သတေဖန် ကွပ်မျက်ခံရခြင်းမှာ ရှောလု ဘယ်လို ပါဝင်သလဲ။ သတေဖန်ရဲ့ သေဆုံးခြင်းကြောင့် ဘယ်လို ရေရှည် အကျိုးသက်ရောက်မှုတွေ ရှိသလဲ။

၂၄ ဒီအဖြစ်အပျက်အားလုံးကို ရှောလုလို့ ခေါ်တဲ့ လူငယ် မြင်တယ်။ သတေဖန်ကို ကွပ်မျက်ရာမှာ အလိုတူ အလိုပါ ဖြစ်ခဲ့တယ်။ ကျောက်ခဲနဲ့ ပေါက်သူတွေရဲ့ အဝတ်ကိုတောင် စောင့်ပေးတယ်။ မကြာခင် ကိုယ်တိုင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တော့တယ်။ ဒါပေမဲ့ သတေဖန်ရဲ့ သေခြင်းကြောင့် ရေရှည် အကျိုးသက်ရောက်သွားတာတွေ ရှိတယ်။ သေတဲ့အထိ သစ္စာရှိဖို့ သတေဖန်ရဲ့ စံနမူနာက ခရစ်ယာန်တွေကို ကူညီပေးတယ်။ နောက်ပိုင်းမှာ ပေါလုလို့ နာမည်ရလာတဲ့ ရှောလုဟာ သတေဖန် သေဆုံးခြင်းမှာ ပါဝင်ခဲ့မိလို့ ယူကျုံးမရ ဖြစ်တယ်။ (တ. ၂၂:၂၀) တကယ်တမ်း “ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူ” ဟာ မိမိ ဖြစ်နေကြောင်း နောက်ပိုင်းမှာ သဘောပေါက်လာတယ်။ (၁ တိ. ၁:၁၃) ပေါလုဟာ သတေဖန်ကိုရော အဲဒီနေ့က သတေဖန် ထိထိမိမိ ပြောသွားတဲ့ စကားတွေကိုပါ မမေ့ဘူး။ မိမိရဲ့ ဟောပြောချက်၊ ရေးသားချက်တချို့မှာတောင် ထည့်သွင်းဖော်ပြတယ်။ (တ. ၇:၄၈။ ၁၇:၂၄။ ဟီ. ၉:၂၄) “ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” သတေဖန်ရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကို အပြည့်အဝ လိုက်လျှောက်တယ်။ ကျွန်တော်တို့လည်း လိုက်လျှောက်နိုင်ပါတယ်။

a ဆန့်ကျင်သူတချို့ဟာ “လွတ်မြောက်သူများရဲ့ တရားဇရပ်အဖွဲ့ထဲက” ဖြစ်တယ်။ တစ်ချိန်က ရောမတွေ ဖမ်းတာ ခံရပြီး နောက်ပိုင်းမှာ လွတ်မြောက်လာသူတွေ ဒါမှမဟုတ် ဂျူးဘာသာ ပြောင်းဝင်လာတဲ့ လွတ်လပ်တဲ့ ကျွန်တွေ ဖြစ်နိုင်တယ်။ တချို့က တာရှုမြို့သား ရှောလုလို ကိလိကိပြည်က ဖြစ်တယ်။ သတေဖန်ကို မချေပနိုင်တဲ့ ကိလိကိပြည်သားတွေထဲမှာ ရှောလု ပါမပါ မှတ်တမ်းက မဖော်ပြဘူး။

b ကျမ်းစာရဲ့ တခြားဘယ်နေရာမှာမှ မတွေ့ရတဲ့ မောရှေရဲ့ အီဂျစ် ပညာရေး၊ အီဂျစ်ကနေ ထွက်ပြေးချိန်မှာ မောရှေရဲ့ အသက်အရွယ်၊ မိဒျန်ပြည်မှာ မောရှေ နေထိုင်ခဲ့တဲ့ အချိန်ကာလတွေအကြောင်း သတေဖန်ရဲ့ ထုချေချက်မှာ တွေ့ရတယ်။

c ရောမဥပဒေအောက်မှာ ရှိနေလို့ ဂျူးတရားရုံးချုပ်က ကွပ်မျက်မိန့် ပေးပိုင်ခွင့် ရှိပုံမရဘူး။ (ယော. ၁၈:၃၁) ဒါကြောင့် သတေဖန်ကို ဥပဒေအရ မဟုတ်ဘဲ ဒေါသူပုန်ထနေတဲ့ လူအုပ်က ကွပ်မျက်ခဲ့ပုံ ရတယ်။