မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’

‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’

ပေတရု လွတ်မြောက်လာ၊ နှိပ်စက်ညှဉ်းပန်းမှုက သတင်းကောင်း ပျံ့နှံ့ခြင်းကို မဟန့်တားနိုင်

တမန်တော် ၁၂:၁-၂၅ ကို အခြေခံ

၁-၄။ ဘယ်ခက်ခဲတဲ့ အခြေအနေကို ပေတရု ကြုံတွေ့ရသလဲ။ သင်သာ သူ့နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။

 ပေတရုနောက်မှာ သံတံခါးကြီး ဝုန်းခနဲ ပိတ်သွားတယ်။ ရောမ အစောင့်နှစ်ယောက်ရဲ့ အလယ်မှာ ပေတရု လက်ထိတ်တန်းလန်းနဲ့ အကျဉ်းခန်းဆီ ပါသွားတယ်။ နာရီပေါင်းများစွာ၊ ရက်နဲ့ချီ ကြာပြီးနောက် ထင်မထားတာတွေ ကြုံရတော့မယ်။ လောလောဆယ်တော့ ထောင်နံရံ၊ သံတိုင်၊ ချည်နှောင်ထားတဲ့ သံကြိုးတွေနဲ့ အစောင့်တွေကလွဲလို့ ပတ်လည်မှာ ဘာမှ မရှိဘူး။

ရက်စက်တဲ့ စီရင်ချက်ကို ပေတရု ကြားလိုက်ရတယ်။ ဟေရုဒ် အဂရိပ္ပမင်း ၁ က ပေတရုကို ကွပ်မျက်ဖို့ ဆုံးဖြတ်ထားတယ်။ a ပသခါပွဲပြီးရင် ပေတရုကို လူတွေ လက်ထဲ အပ်လိုက်တော့မယ်။ လူတွေအကြိုက် လိုက်ဖို့ ပေတရုကို သေဒဏ်ပေးတော့မယ်။ ဒါ ခြိမ်းခြောက်ရုံလောက်ပဲ မဟုတ်ဘူး။ ပေတရုရဲ့ လုပ်ဖော်ဆောင်ဖက် တမန်တော် ယာကုပ်တောင် မကြာခင်ကပဲ ဟေရုဒ်မင်းရဲ့ လက်ချက်နဲ့ ကွပ်မျက်ခံလိုက်ရတယ်။

ကွပ်မျက်မခံရခင် ညနေမှာ မှောင်မည်းနေတဲ့ အကျဉ်းခန်းထဲ ပေတရု ဘာတွေ တွေးနေမလဲ။ တစ်နေ့ကျရင် ချည်နှောင်ခံရပြီး သေခြင်းဆီ ခေါ်ဆောင်သွားခံရမယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယေရှု ပြောခဲ့ဖူးတာကို ပြန်သတိရနေမလား။ (ယော. ၂၁:၁၈၊ ၁၉) အဲဒီအချိန် ရောက်လာပြီလားလို့ ပေတရု တွေးနေမှာပဲ။

သင်သာ ပေတရုနေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။ လူတော်တော်များများကတော့ မျှော်လင့်ချက်မဲ့၊ စိတ်ပျက်နေကြမယ်။ ဒါပေမဲ့ ယေရှုရဲ့ နောက်လိုက်စစ် တစ်ယောက်အတွက် မျှော်လင့်ချက် လုံးဝ မရှိတဲ့ အခြေအနေဆိုတာ ရှိသလား။ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး ပေတရုနဲ့ ခရစ်ယာန်ချင်းတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ သုံးသပ်ကြည့်ကြစို့။

“စိတ်အားထက်သန်စွာ ဆုတောင်းပေးနေကြ” (တ. ၁၂:၁-၅)

၅၊ ၆။ (က) ဟေရုဒ် အဂရိပ္ပမင်း ၁ ဟာ ခရစ်ယာန် အသင်းတော်ကို ဘာကြောင့် တိုက်ခိုက်သလဲ။ ဘယ်လို တိုက်ခိုက်သလဲ။ (ခ) ယာကုပ် သေဆုံးခြင်းဟာ အသင်းတော်အတွက် ဘာကြောင့် စမ်းသပ်မှု ဖြစ်သလဲ။

ရှေ့အခန်းမှာ သိခဲ့ရတဲ့အတိုင်း လူမျိုးခြား ကော်နေလိနဲ့ မိသားစု ဘာသာပြောင်းဝင်လာတာဟာ ခရစ်ယာန် အသင်းတော်အတွက် စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမဲ့ ဂျူးခရစ်ယာန်တွေနဲ့ လူမျိုးခြားတွေ အတူဝတ်ပြုနေကြောင်း မယုံကြည်သူ ဂျူးတွေ ကြားတဲ့အခါ အံ့ဩသွားကြမှာပဲ။

ဒါဟာ ဉာဏ်များတဲ့ နိုင်ငံရေးသမား ဟေရုဒ်အတွက်တော့ အခွင့်အရေးပဲ။ ဂျူးတွေရဲ့ မျက်နှာသာ ရဖို့ ခရစ်ယာန်တွေကို စနှိပ်စက်တော့တယ်။ တမန်တော် ယာကုပ်ဟာ ယေရှုခရစ်နဲ့ သိပ်ရင်းနှီးခဲ့ကြောင်း ဟေရုဒ် သိပုံရတယ်။ ဒါကြောင့် ‘ယောဟန်ရဲ့ အစ်ကို ယာကုပ်ကို ဓားနဲ့ ကွပ်မျက်လိုက်တယ်။’ (တ. ၁၂:၂) အသင်းတော်အတွက် တကယ့် စမ်းသပ်မှုကြီးပါပဲ။ ယာကုပ်ဟာ တခြားတမန်တော်တွေ မမြင်ခဲ့ရတဲ့ ယေရှု ကိုယ်ယောင်ပြောင်းခြင်းနဲ့ တခြားအံ့ဖွယ်အမှုတွေကို ကိုယ်တွေ့ မြင်ခဲ့ရတဲ့ သုံးယောက်ထဲက တစ်ယောက် ဖြစ်တယ်။ (မ. ၁၇:၁၊ ၂။ မာ. ၅:၃၇-၄၂) ယေရှုက ယာကုပ်နဲ့ ညီယောဟန်ကို သူတို့ရဲ့ စိတ်ထက်သန်မှုကြောင့် “မိုးကြိုးသားတွေ” လို့ ခေါ်ခဲ့တယ်။ (မာ. ၃:၁၇) အသင်းတော်အနေနဲ့ သတ္တိရှိပြီး သစ္စာရှိတဲ့၊ ချစ်ရတဲ့ တမန်တော်ကို ဆုံးရှုံးလိုက်ရတာပဲ။

၇၊ ၈။ ပေတရု ထောင်ချခံရတဲ့အခါ အသင်းတော်က ဘာလုပ်ပေးသလဲ။

ယာကုပ်ကို ကွပ်မျက်လိုက်လို့ ဟေရုဒ် မျှော်လင့်ထားတဲ့အတိုင်း ဂျူးတွေ ဝမ်းသာနေကြတယ်။ ဟေရုဒ်ရဲ့ နောက်ပစ်မှတ်ကတော့ ပေတရုပဲ။ ဒီအခန်းရဲ့ အစပိုင်းမှာ ပါတဲ့အတိုင်း ပေတရုကို ဖမ်းထားတယ်။ ဒါပေမဲ့ အခန်း ၅ မှာ ဖော်ပြသလို တမန်တော်တွေကို ထောင်ထဲ ထည့်ထားလည်း သိပ်မထူးမှန်း ဟေရုဒ် တွေးမိမှာပဲ။ ဒီတစ်ခါတော့ ပေတရု လွတ်မသွားအောင် အစောင့်နှစ်ယောက်ကြားမှာ သံကြိုးနဲ့ ချည်ထားတယ်။ အစောင့် ၁၆ ယောက်ကို နေ့ရောညပါ အလှည့်ကျ စောင့်ကြပ်စေတယ်။ ပေတရု လွတ်သွားရင်တော့ အစောင့်တွေ သေဒဏ်ခံရမှာ ဖြစ်တယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးမှာ ညီအစ်ကို/မတွေ ဘာလုပ်ပေးနိုင်မလဲ။

ဘာလုပ်ရမယ်ဆိုတာ ညီအစ်ကို/မတွေ ကောင်းကောင်း သိပါတယ်။ “ပေတရု ထောင်ကျနေချိန်မှာ အသင်းတော်က သူ့အတွက် ဘုရားသခင်ဆီ စိတ်အားထက်သန်စွာ ဆုတောင်းပေးနေကြတယ်” လို့ တမန်တော် ၁၂:၅ မှာ ဖတ်ရတယ်။ မှန်ပါတယ်။ သိပ်ချစ်ရတဲ့ ညီအစ်ကိုအတွက် သူတို့ စိတ်အားထက်သန်စွာ အသနားခံ ဆုတောင်းပေးကြတယ်။ ယာကုပ် သေဆုံးလို့ ဝမ်းနည်းပက်လက် ဖြစ်ပြီး ဆုတောင်းလည်း မထူးပါဘူးလို့ မတွေးကြဘူး။ ဆုတောင်းချက်တွေကို ယေဟောဝါ သိပ်တန်ဖိုးထားတယ်။ အလိုတော်နဲ့အညီ တောင်းမယ်ဆိုရင် ဘုရား ဖြေပေးပါလိမ့်မယ်။ (ဟီ. ၁၃:၁၈၊ ၁၉။ ယာ. ၅:၁၆) ဒီနေ့ခေတ် ခရစ်ယာန်တွေ မှတ်သားသင့်တဲ့ သင်ခန်းစာပါပဲ။

၉။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ပထမရာစုက ညီအစ်ကို/မတွေဆီကနေ ဘာသင်ယူနိုင်သလဲ။

စမ်းသပ်မှု ကြုံနေရတဲ့ ယုံကြည်သူချင်းတွေကို သင် သိသလား။ နှိပ်စက်ညှဉ်းပန်းမှု၊ အစိုးရ ပိတ်ပင်မှု၊ သဘာဝဘေးတွေ ကြုံနေရတာ ဖြစ်နိုင်တယ်။ သူတို့အတွက် ထက်ထက်သန်သန် ဆုတောင်းပေးပါ။ မိသားစု ပြဿနာ၊ စိတ်ဓာတ်ကျမှု၊ ယုံကြည်ခြင်း စမ်းသပ်မှုလိုမျိုး မသိသာတဲ့ အခက်အခဲတွေ ကြုံနေရတဲ့ ညီအစ်ကို/မတချို့ကိုလည်း သင် သိမှာပါ။ ဆုမတောင်းခင် ကြိုစဉ်းစားထားမယ်ဆိုရင် “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ယေဟောဝါဆီ နာမည်နဲ့တကွ ဆုတောင်းပေးနိုင်ပါလိမ့်မယ်။ (ဆာ. ၆၅:၂) သင်လည်း အခက်အခဲ ကြုံရတဲ့အခါ ညီအစ်ကို/မတွေ ဆုတောင်းပေးတာကို လိုအပ်တယ် မဟုတ်လား။

ယုံကြည်ခြင်းကြောင့် ထောင်ကျနေတဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြ

“လိုက်ခဲ့” (တ. ၁၂:၆-၁၁)

၁၀၊ ၁၁။ ပေတရုကို ယေဟောဝါရဲ့ ကောင်းကင်တမန် ထောင်ထဲကနေ ဘယ်လို ကယ်လွှတ်ပေးသလဲ။

၁၀ ပေတရု စိုးရိမ်ပူပန်နေသလား။ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ပေတရုဟာ အကျဉ်းကျနေတဲ့ နောက်ဆုံးညမှာ သတိရှိရှိ စောင့်ကြပ်နေတဲ့ အစောင့်နှစ်ယောက်ကြား အိပ်မောကျနေတယ်။ မနက်ဖြန် ဘယ်လိုပဲ ဖြစ်လာပါစေ ယေဟောဝါရဲ့ လက်ထဲမှာ လုံခြုံမှန်း ပေတရု ယုံကြည်စိတ်ချတယ်။ (ရော. ၁၄:၇၊ ၈) မကြာခင် အံ့ဖွယ်အမှုတွေ ဖြစ်လာမယ်လို့ ထင်မှာ မဟုတ်ဘူး။ ရုတ်တရက် အကျဉ်းခန်းထဲမှာ လင်းထိန်သွားတယ်။ ပေတရုကို ကောင်းကင်တမန်တစ်ပါး အမြန်နှိုးတယ်။ ဒါကို အစောင့်တွေ မြင်ပုံ မရဘူး။ ပေတရုရဲ့ လက်ကို ချည်ထားတဲ့၊ သိပ်ခိုင်ခံ့ပုံရတဲ့ သံကြိုးတွေလည်း ကျွတ်သွားတယ်။

“မြို့ထဲဝင်တဲ့ သံတံခါးနားကို ရောက်တဲ့အခါ တံခါး အလိုလို ပွင့်သွားတယ်။”—တမန်တော် ၁၂:၁၀

၁၁ အဲဒီနောက် ကောင်းကင်တမန်က ပေတရုကို ‘မြန်မြန်ထပါ။ အဝတ်ကို အသေအချာ ဝတ်ပြီး ဖိနပ်စီးပါ။ ဝတ်ရုံခြုံပါ’ လို့ ပြောတယ်။ ပေတရုလည်း ချက်ချင်း လုပ်တယ်။ နောက်ဆုံး၊ ကောင်းကင်တမန်က “လိုက်ခဲ့” လို့ ပြောတော့ ပေတရုလည်း လိုက်သွားတယ်။ အကျဉ်းခန်းထဲက ထွက်၊ အပြင်မှာ စောင့်နေတဲ့ အစောင့်တပ်တွေရဲ့ ဘေးကနေ ဖြတ်ပြီး သံတံခါးကြီးဆီ တိုးတိုးတိတ်တိတ် လျှောက်လာကြတယ်။ အဲဒီတံခါးကို ဘယ်လို ဖြတ်ကြမလဲလို့ ပေတရု တွေးမိမှာပဲ။ ဒါပေမဲ့ သိပ်ကြာကြာ မတွေးလိုက်ရပါဘူး။ တံခါးနား ရောက်တဲ့အခါ “အလိုလို ပွင့်သွားတယ်။” အဖြစ်အပျက်က မြန်လွန်းလို့ တံခါးကို ဖြတ်ပြီး လမ်းပေါ် ဘယ်လို ရောက်သွားမှန်း ပေတရု မသိလိုက်ဘူး။ အဲဒီနောက် ကောင်းကင်တမန် ပျောက်သွားတယ်။ တစ်ယောက်တည်း ကျန်ခဲ့တော့မှ ဒါတွေ တကယ် ဖြစ်ခဲ့မှန်း၊ စိတ်အာရုံ မဟုတ်မှန်း သိလာတယ်။ ပေတရု ထောင်က လွတ်သွားပြီ။—တ. ၁၂:၇-၁၁

၁၂။ ပေတရုကို ယေဟောဝါ ကယ်တင်ပုံအကြောင်း စဉ်းစားတာ ဘာကြောင့် အားရှိစေသလဲ။

၁၂ ကျေးကျွန်တွေကို ကယ်လွှတ်ပေးတဲ့ ယေဟောဝါရဲ့ အတိုင်းအဆမဲ့ တန်ခိုးအကြောင်း စဉ်းစားရတာ အားရှိစရာပဲ မဟုတ်လား။ အင်အားအကြီးဆုံး ကမ္ဘာ့အင်ပါယာရဲ့ ကျောထောက်နောက်ခံ ရှိထားတဲ့ ဘုရင်က ပေတရုကို ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဒါတောင် ထောင်ထဲကနေ ပေတရု အလွယ်တကူ ထွက်လာနိုင်တယ်။ ကျေးကျွန်အားလုံးကိုတော့ အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကယ်တင်မပေးဘူး။ အံ့ဖွယ်နည်းနဲ့ ယာကုပ်ကို မကယ်ခဲ့သလို ပေတရုနဲ့ပတ်သက်တဲ့ ယေရှုရဲ့ စကားတွေ ပြည့်စုံလာတဲ့ နောင်တစ်ချိန်မှာလည်း ကယ်မပေးခဲ့ဘူး။ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း အံ့ဖွယ်နည်းနဲ့ ကယ်လွှတ်ခံရမယ်လို့ မမျှော်လင့်ကြပါဘူး။ ဒါပေမဲ့ ယေဟောဝါ မပြောင်းလဲတတ်ဘူးဆိုတာ သတိရပါ။ (မာလ. ၃:၆) မကြာခင် သားတော်ကို သုံးပြီး အခိုင်ခံ့ဆုံး အကျဉ်းထောင် ဖြစ်တဲ့ သေခြင်းကနေ လူသန်းပေါင်းများစွာကို ကယ်လွှတ်ပေးတော့မယ်။ (ယော. ၅:၂၈၊ ၂၉) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ အဲဒီကတိကနေ ခွန်အား အများကြီး ယူနိုင်ပါတယ်။

“ပေတရုကို မြင်တဲ့အခါ အံ့သြသွားကြတယ်” (တ. ၁၂:၁၂-၁၇)

၁၃-၁၅။ (က) ပေတရု ရောက်လာတဲ့အခါ မာရိအိမ်မှာ စုဝေးနေတဲ့ အသင်းသားတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ)  တမန်တော်ကျမ်းမှာ ဘယ်အကြောင်း ဆက်ဖော်ပြသလဲ။ ခရစ်ယာန် ညီအစ်ကို/မတွေကို ပေတရု ဘယ်လို ဆက်အကျိုးပြုသလဲ။

၁၃ ပေတရုဟာ မှောင်နေတဲ့ လမ်းမပေါ် ရပ်ရင်း ဘယ်သွားရမလဲဆိုတာ စဉ်းစားပြီးနောက် အကြံပေါ်သွားတယ်။ အနီးနားမှာ မာရိဆိုတဲ့ ခရစ်ယာန် အမျိုးသမီး နေထိုင်တယ်။ အတော်အသင့် ချမ်းသာတဲ့ ဒီမုဆိုးမဟာ အသင်းတော်တစ်ခု စုဝေးနိုင်လောက်တဲ့ အိမ်ကြီးတစ်လုံး ပိုင်ဆိုင်ပြီး ယောဟန် မာကုရဲ့ မိခင် ဖြစ်တယ်။ ဒါဟာ မာကုအကြောင်း တမန်တော်ကျမ်းမှာ ဦးဆုံး ဖော်ပြချက် ဖြစ်တယ်။ နောက်ပိုင်း၊ မာကုဟာ ပေတရုရဲ့ သားလို ဖြစ်လာတယ်။ (၁ ပေ. ၅:၁၃) ညနက်နေပေမဲ့ ညီအစ်ကို/မတွေဟာ မာရိရဲ့ အိမ်မှာ ထက်ထက်သန်သန် ဆုတောင်းနေကြတယ်။ ပေတရု လွတ်ဖို့ ဆုတောင်းနေကြတာ သေချာတယ်။ ယေဟောဝါ ချက်ချင်း အဖြေပေးမယ်လို့တော့ ထင်မှာ မဟုတ်ဘူး။

၁၄ အိမ်ရှေ့ခြံဝင်း ဂိတ်တံခါးကို ပေတရု ခေါက်လိုက်တယ်။ ရောဒေဆိုတဲ့ အစေခံမလေး တံခါး ဖွင့်ဖို့ ရောက်လာတယ်။ ရောဒေဆိုတာ “နှင်းဆီ” လို့ အဓိပ္ပာယ်ရပြီး လူကြိုက်များတဲ့ ဂရိနာမည် ဖြစ်တယ်။ ပေတရုရဲ့ အသံကို ကြားတဲ့အခါ ရောဒေ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ်။ စိတ်လှုပ်ရှားလွန်းလို့ တံခါး ဖွင့်ပေးမယ့်အစား အိမ်ထဲ ပြေးဝင်ပြီး ပေတရု ရောက်နေကြောင်း ပြောပြလိုက်တယ်။ ဒီမိန်းကလေး စိတ်မမှန်တော့ဘူးလို့ အသင်းသားတွေ ပြောကြပေမဲ့ မိန်းကလေးက အထပ်ထပ် ပြောနေလို့ ပေတရုရဲ့ ကောင်းကင်တမန် ဖြစ်မယ်လို့ တချို့ ထင်ကြတယ်။ (တ. ၁၂:၁၂-၁၅) အဲဒီအချိန်တစ်လျှောက်လုံး ပေတရု တံခါး ဆက်ခေါက်နေတယ်။ နောက်ဆုံး၊ တံခါး လာဖွင့်ကြတယ်။

၁၅ ဂိတ်ဝမှာ “ပေတရုကို မြင်တဲ့အခါ အံ့သြသွားကြတယ်။” (တ. ၁၂:၁၆) ညီအစ်ကို/မတွေ ဝမ်းသာကြလွန်းလို့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြတယ်။ ပေတရု တိတ်တိတ်နေခိုင်းပြီး ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ တပည့်တော် ယာကုပ်နဲ့ ညီအစ်ကိုတွေကိုလည်း ဒီအကြောင်း ပြောခိုင်းတယ်။ အဲဒီနောက် ဟေရုဒ်ရဲ့ စစ်သားတွေ လာမရှာခင် တခြားတစ်နေရာကို ခရီးဆက်တော့တယ်။ ပိုလုံခြုံတဲ့ နေရာမှာ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ပါ။ အရေဖျားဖြတ်ခြင်း ပြဿနာ ဖြေရှင်းတဲ့အခါ ပေတရု ပါဝင်ကြောင်း တမန်တော် အခန်းကြီး ၁၅ မှာ ဖော်ပြထားတာဟာ ပေတရုအကြောင်း နောက်ဆုံး ဖော်ပြထားတာပဲ။ ကျန်အခန်းကြီးတွေမှာ တမန်တော် ပေါလုရဲ့ လုပ်ငန်းနဲ့ ခရီးစဉ်တွေအကြောင်း ဆက်ဖော်ပြတယ်။ ပေတရုအကြောင်း ထပ်မဖော်ပြပေမဲ့ သွားလေရာရာမှာ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ မာရိအိမ်ကနေ ပေတရု ထွက်သွားတဲ့အခါ ညီအစ်ကို/မတွေ ပျော်ပျော်ရွှင်ရွှင် ကျန်ခဲ့ကြမှာ သေချာတယ်။

၁၆။ အနာဂတ်မှာ ပျော်ရွှင်ဖွယ် အချိန်အခါများစွာ ရှိဦးမယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၆ တစ်ခါတလေ ယေဟောဝါဟာ ကျေးကျွန်တွေ မျှော်လင့်ထားတာထက် ပိုပေးခြင်းအားဖြင့် အတိုင်းထက်အလွန် ပျော်ရွှင်စေတယ်။ အဲဒီည မာရိအိမ်မှာ ရှိတဲ့ ညီအစ်ကို/မတွေ အလားတူ ခံစားခဲ့ကြရတယ်။ ဒီနေ့လည်း ယေဟောဝါရဲ့ ကြွယ်ဝတဲ့ ကောင်းချီးတွေ ရတဲ့အခါ ကျွန်တော်တို့ အဲဒီအတိုင်း ခံစားရတယ် မဟုတ်လား။ (ပညာ. ၁၀:၂၂) အနာဂတ်မှာ ယေဟောဝါရဲ့ ကတိတွေ ကမ္ဘာချီ အတိုင်းအတာနဲ့ ပြည့်စုံလာတာ ကျွန်တော်တို့ တွေ့ရမယ်။ ဒီအံ့ဖွယ် ကောင်းချီးတွေဟာ ကျွန်တော်တို့ စိတ်ကူးထားတာထက် အဆများစွာ သာလွန်မှာ ကျိန်းသေတယ်။ ဒါကြောင့် ဆက်သစ္စာရှိနေပါ။ ဒါဆိုရင် အနာဂတ်မှာ ပျော်ရွှင်ဖွယ် အချိန်အခါများစွာကို ပိုင်ဆိုင်ရပါလိမ့်မယ်။

“ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်” (တ. ၁၂:၁၈-၂၅)

၁၇၊ ၁၈။ ဟေရုဒ်ကို မြှောက်ပင့်ဖို့ ဘယ်လို အကြောင်းပေါ်လာသလဲ။

၁၇ ပေတရု လွတ်မြောက်သွားလို့ ဟေရုဒ် အံ့သြသွားတယ်။ ပေတရုကို လိုက်ရှာဖို့ ချက်ချင်း အမိန့်ထုတ်ပြီး အစောင့်တွေကို စစ်မေးတယ်။ ပြီးတော့ သူတို့ကို “ပြစ်ဒဏ်စီရင်” လိုက်တယ်။ သေဒဏ်ပေးလိုက်တာ ဖြစ်နိုင်တယ်။ (တ. ၁၂:၁၉) ဟေရုဒ် အဂရိပ္ပဟာ သနားကြင်နာတတ်သူ မဟုတ်ဘူး။ ဒီရက်စက်ကြမ်းကြုတ်သူ ဒဏ်ခတ်ခံခဲ့ရသလား။

၁၈ ဟေရုဒ်ဟာ ပေတရုကို မကွပ်မျက်နိုင်တဲ့အတွက် အရှက်ရကောင်း ရခဲ့မှာ ဖြစ်ပေမဲ့ ပြန်မာနထောင်လာတယ်။ ငြိမ်းချမ်းရေး ရဖို့ ရန်သူတချို့ လာတောင်းဆိုတဲ့အခါ ဟေရုဒ် မိန့်ခွန်း ပြောခွင့်ရတယ်။ မိန့်ခွန်းပြောဖို့ “မင်းဝတ်တန်ဆာတွေ ဝတ်ဆင်” ထားတယ်လို့ လုကာ မှတ်တမ်းတင်တယ်။ ဟေရုဒ်ရဲ့ ဝတ်ရုံဟာ ငွေထည်နဲ့ ချုပ်ထားတဲ့အတွက် နေထိုးတဲ့အခါ တလက်လက် တောက်ပနေပုံရတယ်လို့ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ် ပြောတယ်။ ဟိတ်ဟန်များတဲ့ ဒီနိုင်ငံရေးသမား မိန့်ခွန်းပြောတဲ့အခါ မျက်နှာလို မျက်နှာရလုပ်တဲ့ လူအုပ်က “ဒါ လူရဲ့ အသံ မဟုတ်ဘူး။ ဘုရားရဲ့ အသံပဲ” လို့ ကြွေးကြော်ကြတယ်။—တ. ၁၂:၂၀-၂၂

၁၉၊ ၂၀။ (က) ဟေရုဒ်ကို ယေဟောဝါ ဘာကြောင့် ဒဏ်ခတ်သလဲ။ (ခ) ဟေရုဒ် ရုတ်တရက် သေဆုံးသွားတဲ့ မှတ်တမ်းကနေ ကျွန်တော်တို့ ဘာနှစ်သိမ့်မှု ရနိုင်သလဲ။

၁၉ ဘုရားသခင်သာ အဲဒီလို ဂုဏ်တင်မှုကို ရထိုက်တယ်။ အဖြစ်အပျက်ကို ဘုရားသခင် မြင်တယ်။ တကယ်တော့ ဘေးဆိုးကို ဟေရုဒ် ရှောင်ချင်ရင် ရှောင်လို့ ရတယ်။ လူအုပ်ကို ဟန့်တားနိုင်သလို အနည်းဆုံးတော့ သဘောမတူကြောင်း ဖော်ပြနိုင်တယ်။ ဒါပေမဲ့ “မာနရဲ့ နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်” ဆိုတဲ့ ပညာရှိစကား မှန်ကန်ကြောင်း သူ့အဖြစ်က ဖော်ပြတယ်။ (ပညာ. ၁၆:၁၈) ‘ချက်ချင်းပဲ ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်တဲ့အတွက်’ မာနကြီးတဲ့ ဒီအတ္တသမား အသေဆိုးနဲ့ သေသွားတယ်။ “သန်ကောင်ထိုးပြီး ကွယ်လွန်သွားတယ်။” (တ. ၁၂:၂၃) ဟေရုဒ် ရုတ်တရက် ရောဂါဝေဒနာ ခံစားရကြောင်း၊ လူအုပ် မြှောက်ပင့်တာကို လက်ခံမိလို့ သေရတော့မယ်ဆိုတာ သိသွားကြောင်း၊ ငါးရက်ကြာ ဝေဒနာခံစားပြီး သေဆုံးသွားကြောင်း ဂျိုစီဖတ်စ်လည်း ဖော်ပြတယ်။ b

၂၀ ဘုရားတရားမဲ့သူတွေ နည်းမျိုးစုံနဲ့ ဆိုးသွမ်းနေကြပေမဲ့ ပြစ်ဒဏ် မခံရဘူးလို့ တစ်ခါတလေ တွေးမိနိုင်တယ်။ ဒါ အံ့ဩစရာ မဟုတ်ပါဘူး။ ‘တစ်လောကလုံးဟာ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ’ လို့ပဲ။ (၁ ယော. ၅:၁၉) ဒါပေမဲ့ လူဆိုးတွေ ပြစ်ဒဏ် မခံရပုံပေါက်လို့ ဘုရားသခင့် သစ္စာရှိ ကျေးကျွန်တွေ တစ်ခါတလေ စိတ်ကသိကအောက် ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ဒီမှတ်တမ်းတွေကနေ နှစ်သိမ့်မှု ရနိုင်တယ်။ ယေဟောဝါ ကြားဝင်လုပ်ဆောင်ပေးတယ်ဆိုတဲ့ အချက်အရ ဘုရားဟာ တရားမျှတမှု မြတ်နိုးသူ ဖြစ်ကြောင်း ကျေးကျွန်အားလုံးကို အမှတ်ရစေတယ်။ (ဆာ. ၃၃:၅) အနှေးနဲ့အမြန် တရားမျှတမှု ရှိဖို့ ဘုရား လုပ်ဆောင်ပေးပါလိမ့်မယ်။

၂၁။ တမန်တော် အခန်းကြီး ၁၂ မှာ ဘယ်အရေးကြီး သင်ခန်းစာ ပါသလဲ။ အဲဒါက ကျွန်တော်တို့ကို ဘာကြောင့် နှစ်သိမ့်ပေးနိုင်သလဲ။

၂၁ “ယေဟောဝါရဲ့ တရားစကားကတော့ ပျံ့နှံ့သည်ထက် ပျံ့နှံလာတယ်” ဆိုတဲ့ အားရှိစရာ စကားနဲ့ မှတ်တမ်းကို နိဂုံးချုပ်ထားတယ်။ (တ. ၁၂:၂၄) ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုနဲ့ပတ်သက်တဲ့ ဒီမှတ်တမ်းက ဒီနေ့အချိန်မှာလည်း ဒီလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးနေကြောင်း သတိရစေတယ်။ တမန်တော် အခန်းကြီး ၁၂ မှာပါတဲ့ မှတ်တမ်းဟာ တမန်တော်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး လွတ်မြောက်ခဲ့ကြောင်း ဖော်ပြတဲ့ မှတ်တမ်းလောက်ပဲ မဟုတ်ဘူး။ ယေဟောဝါအကြောင်း၊ ခရစ်ယာန် အသင်းတော်ကို ချေမှုန်းဖို့၊ ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားစေဖို့ စာတန့်ကြိုးပမ်းမှုတွေကို ဘုရား ဘယ်လို ပျက်ပြားစေကြောင်း ဖော်ပြတယ်။ စာတန့်တိုက်ခိုက်မှုအားလုံး ရှုံးနိမ့်သွားတယ်။ ဒါ့အပြင် ဟောပြောခြင်းလုပ်ငန်းကို တားဆီးတဲ့ ဘယ်သူမဆို အဲဒီလို ရှုံးနိမ့်သွားမယ်။ (ဟေရှာ. ၅၄:၁၇) ယေဟောဝါနဲ့ ယေရှုခရစ်ဘက်မှာ ရှိသူတွေကတော့ ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်တဲ့ လုပ်ငန်းမှာ ပါဝင်နေကြတယ်။ သိပ်အားရှိစရာပါပဲ။ “ယေဟောဝါရဲ့ တရားစကား” ပျံ့နှံ့အောင် ကူညီပေးခွင့် ရထားတာ တကယ့် အခွင့်ထူးကြီးပါပဲ။

a ဟေရုဒ် အဂရိပ္ပမင်း ၁” လေးထောင့်ကွက်ကို ကြည့်ပါ။

b ဂျိုစီဖတ်စ်နဲ့ လုကာ ဖော်ပြတဲ့ လက္ခဏာတွေအရ သန်လုံးကောင်တွေ အူလမ်းကြောင်းထဲ ပိတ်ဆို့မှုကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန် စာရေးဆရာတစ်ယောက် ရေးတယ်။ အဲဒီသန်ကောင်တွေဟာ တစ်ခါတလေ လူနာ အန်ထုတ်တဲ့အခါ ထွက်လာသလို လူနာ သေဆုံးသွားတဲ့အခါ ကိုယ်ခန္ဓာထဲကနေလည်း ထွက်လာတတ်တယ်။ “သမားတော်အနေနဲ့ လုကာရဲ့ တိကျတဲ့ ဖော်ပြချက်တွေအရ ကြောက်မက်ဖွယ်နည်းနဲ့ [ဟေရုဒ်] သေဆုံးကြောင်း ယူဆနိုင်တယ်” လို့ စာအုပ်တစ်အုပ် ဆိုတယ်။