မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် ဟောပြောကြ’

‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် ဟောပြောကြ’

နှိမ့်ချမှု၊ မဆုတ်မနစ် လုပ်ဆောင်မှု၊ ရဲရင့်မှုကို ပေါလုနဲ့ ဗာနဗ တင်ပြ

တမန်တော် ၁၄:၁-၂၈ ကို အခြေခံ

၁၊ ၂။ ပေါလုနဲ့ ဗာနဗ လုတ္တရမြို့မှာ ရှိနေတုန်း ဘာတွေ ဖြစ်သလဲ။

 လုတ္တရမြို့မှာ ဆူညံပွက်လောရိုက်နေတယ်။ သူစိမ်းနှစ်ယောက် ကုပေးလိုက်လို့ မွေးကတည်းက ခြေဆွံ့သူတစ်ယောက် ဝမ်းသာအားရ ခုန်ပေါက်နေတယ်။ လူတွေ အံ့သြတကြီး ဖြစ်ပြီး အဲဒီသူစိမ်းနှစ်ယောက်ကို နတ်ဘုရားလို့ ထင်ကုန်ကြတယ်။ ဒါနဲ့ ဇုသရဲ့ ပုရောဟိတ်တစ်ယောက် ပန်းကုံးတွေ ယူလာတယ်။ နွားတွေ သတ်ဖို့ ပြင်တယ်။ အဲဒီသူစိမ်းနှစ်ယောက်ကတော့ ပေါလုနဲ့ ဗာနဗပါ။ အဝတ်ကို ဆွဲဆုတ်၊ လူအုပ်ထဲ ပြေးဝင်ပြီး မိမိတို့ကို မကိုးကွယ်ဖို့ ပေါလုနဲ့ ဗာနဗ မနည်း တောင်းပန်ကြရတယ်။

အဲဒီနောက် ပိသိဒိပြည်၊ အန္တိအုတ်မြို့နဲ့ အိကောနိမြို့က ဆန့်ကျင်သူ ဂျူးတွေ ရောက်လာကြတယ်။ ပေါလုနဲ့ ဗာနဗအကြောင်း အသရေဖျက် ပြောဆိုပြီး လုတ္တရမြို့သားတွေ စိတ်ပြောင်းအောင် လုပ်ကြတယ်။ ခုနလေးတင် ဦးချမယ်၊ ကိုးကွယ်မယ် လုပ်နေတဲ့ လူတွေက အခုတော့ ပေါလု သတိလစ်သွားတဲ့အထိ ကျောက်ခဲနဲ့ ဝိုင်းပေါက်ကြတယ်။ သေပြီ အထင်နဲ့ မြို့ပြင် ဆွဲထုတ်သွားကြတယ်။

၃။ ဒီအခန်းမှာ ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။

ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဗာနဗ၊ ပေါလု၊ အပြောင်းအလဲ မြန်တဲ့ လုတ္တရမြို့သားတွေရဲ့ အဖြစ်အပျက်ကနေ ဒီနေ့ခေတ် သတင်းကောင်း ကြွေးကြော်သူတွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ အမှုဆောင်လုပ်ငန်းမှာ မဆုတ်မနစ် ပါဝင်ခဲ့တဲ့၊ ‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် ဟောပြော’ ခဲ့တဲ့ သစ္စာရှိ အမျိုးသား ဗာနဗနဲ့ ပေါလုကို ခရစ်ယာန် အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။—တ. ၁၄:၃

“အတော်များများ ယုံကြည်သူတွေ ဖြစ်လာ” (တ. ၁၄:၁-၇)

၄၊ ၅။ အိကောနိမြို့ကို ပေါလုနဲ့ ဗာနဗ ဘာကြောင့် ခရီးဆက်ကြသလဲ။ အဲဒီမှာ ဘာဖြစ်သလဲ။

အစောပိုင်း ရက်အနည်းငယ်က ဆန့်ကျင်သူ ဂျူးတွေ ပြဿနာ ရှာလို့ ရောမလက်အောက်ခံ ပိသိဒိပြည်၊ အန္တိအုတ်မြို့ကနေ ပေါလုနဲ့ ဗာနဗ နှင်ထုတ်ခံရကြတယ်။ စိတ်ဓာတ်ကျမယ့်အစား “ခြေထောက်က ဖုန်တွေကို ခါပြီး” လက်မခံတဲ့ မြို့သားတွေဆီကနေ အေးအေးဆေးဆေး ထွက်သွားကြတယ်။ (တ. ၁၃:၅၀-၅၂။ မ. ၁၀:၁၄) အဲဒီဆန့်ကျင်သူတွေ သူတို့မိုက်ပြစ်နဲ့ သူတို့ ခံရပါစေဆိုပြီး ဘုရားလက်ထဲ အပ်လိုက်ကြတယ်။ (တ. ၁၈:၅၊ ၆။ ၂၀:၂၆) ပေါလုနဲ့ ဗာနဗ အပြုံးမပျက် ဟောပြောခြင်း ခရီးစဉ် ဆက်ကြတယ်။ အရှေ့တောင်ဘက် မိုင် ၁၀၀ လောက် ခရီးနှင်လာတဲ့အခါ တောရပ်စ်နဲ့ ဆူလတန် တောင်တန်းကြားမှာ တည်ရှိတဲ့ မြေသြဇာကောင်းတဲ့ ကုန်းပြင်မြင့်ကို ရောက်လာကြတယ်။

ဦးဆုံး၊ အိကောနိမြို့မှာ တစ်ထောက် နားကြတယ်။ ဒီမြို့ဟာ ဂရိယဉ်ကျေးမှု ထိန်းသိမ်းထားတဲ့မြို့၊ ရောမလက်အောက်ခံ ဂလာတိပြည်ရဲ့ အရေးပါတဲ့မြို့ ဖြစ်တယ်။ a ဂျူးအသိုင်းအဝိုင်းတစ်ခု ရှိပြီး ဂျူးလူမျိုး မဟုတ်တဲ့ ဘာသာပြောင်းဝင်လာသူ အတော်များများလည်း ရှိတယ်။ ထုံးစံရှိတဲ့အတိုင်း ပေါလုနဲ့ ဗာနဗဟာ တရားဇရပ်ထဲ ဝင်ပြီး ဟောပြောကြတယ်။ (တ. ၁၃:၅၊ ၁၄) “ထိထိရောက်ရောက် ဟောပြောတဲ့အတွက် ဂျူးနဲ့ ဂရိလူမျိုး အတော်များများ ယုံကြည်သူတွေ ဖြစ်လာတယ်။”—တ. ၁၄:၁

၆။ ပေါလုနဲ့ ဗာနဗ ဟောတာ ဘာကြောင့် ထိရောက်သလဲ။ သူတို့ကို ဘယ်လို အတုယူနိုင်သလဲ။

ပေါလုနဲ့ ဗာနဗ ဟောတာ ဘာကြောင့် ဒီလောက် ထိရောက်သလဲ။ ပေါလုဟာ ကျမ်းစာအသိပညာ ကြွယ်တယ်။ ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်ကြောင်း သက်သေထူဖို့ သမိုင်း၊ ပရောဖက်ပြုချက်၊ မောရှေပညတ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုးကားပြတယ်။ (တ. ၁၃:၁၅-၃၁။ ၂၆:၂၂၊ ၂၃) ဗာနဗရဲ့ စကားပြောပုံကလည်း လူတွေကို စိတ်ဝင်စားကြောင်း ဖော်ပြတယ်။ (တ. ၄:၃၆၊ ၃၇။ ၉:၂၇။ ၁၁:၂၃၊ ၂၄) နှစ်ယောက်စလုံး ကိုယ့်ဉာဏ်ကို အားမကိုးဘဲ ‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့’ ဟောပြောကြတယ်။ ကျွန်တော်တို့ ဟောပြောတဲ့အခါ ဒီသာသနာပြုတွေကို ဘယ်လို အတုယူနိုင်သလဲ။ ကျမ်းစာအသိပညာ ကြွယ်ခြင်း၊ နားထောင်သူတွေ အနှစ်သက်ဆုံး ဖြစ်မယ့် ကျမ်းချက်တွေ ရွေးချယ်ခြင်း၊ လူတွေကို နှစ်သိမ့်ပေးနိုင်ဖို့ လက်တွေ့ကျနည်းတွေ ရှာခြင်း၊ ကိုယ့်ဉာဏ်ကို မဟုတ်ဘဲ ယေဟောဝါရဲ့ တရားစကားတော် ကျမ်းစာကို အမြဲ အခြေခံ ဟောခြင်းအားဖြင့်ပါ။

၇။ (က) သတင်းကောင်းကို လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ယေဟောဝါကို သင် ကိုးကွယ်လို့ မိသားစုမှာ စိတ်ဝမ်းကွဲနေတယ်ဆိုရင် ဘာကို သတိရသင့်သလဲ။

ပေါလုနဲ့ ဗာနဗ ဟောတာကို အိကောနိမြို့သားတိုင်း နားထောင်ချင်တာတော့ မဟုတ်ဘူး။ ‘မယုံကြည်တဲ့ ဂျူးတွေက လူမျိုးခြားတွေကို သွေးထိုးလှုံ့ဆော်ပြီး ပေါလုနဲ့ ဗာနဗကို လူတွေ မုန်းအောင် ဆွပေးတယ်။’ အဲဒီမြို့မှာ ဆက်နေပြီး သတင်းကောင်းကို ခုခံကာကွယ်ဖို့ လိုကြောင်း ပေါလုနဲ့ ဗာနဗ ရိပ်မိတဲ့အတွက် ‘ရက်အတော်ကြာ နေထိုင်ပြီး ရဲရဲရင့်ရင့် ဟောပြောကြတယ်။’ ရလဒ်အနေနဲ့ “မြို့သူမြို့သား အတော်များများ စိတ်ဝမ်းကွဲပြီး တချို့က ဂျူးတွေဘက်၊ တချို့က တမန်တော်တွေဘက်မှာ နေကြတယ်။” (တ. ၁၄:၂-၄) ဒီနေ့လည်း သတင်းကောင်းကို လူတွေ အမျိုးမျိုး တုံ့ပြန်ကြတယ်။ သတင်းကောင်းကြောင့် လူတချို့ စည်းလုံးလာပြီး တချို့ စိတ်ဝမ်းကွဲသွားကြတယ်။ (မ. ၁၀:၃၄-၃၆) ယေဟောဝါကို သင် ကိုးကွယ်လို့ မိသားစုမှာ စိတ်ဝမ်းကွဲနေတယ်ဆိုရင် အခြေအမြစ် မရှိတဲ့ ကောလာဟလစကား၊ ပြောင်ပြောင်တင်းတင်း အသရေဖျက်တဲ့ စကားတွေကို သူတို့ ယုံသွားလို့ ဒီလို ဆန့်ကျင်နေတာ ဖြစ်ကြောင်း သတိရပါ။ အဲဒီစကားတွေ မှားကြောင်း ကိုယ့်အမူအကျင့်ကောင်းအားဖြင့် သက်သေထူနိုင်တယ်။ ဒါဆိုရင် ဆန့်ကျင်သူတွေ စိတ်ပြောင်းလာနိုင်တယ်။—၁ ပေ. ၂:၁၂။ ၃:၁၊ ၂

၈။ အိကောနိမြို့ကနေ ပေါလုနဲ့ ဗာနဗ ဘာကြောင့် ထွက်သွားကြသလဲ။ သူတို့ဆီကနေ ဘာသင်ခန်းစာ ရသလဲ။

မကြာခင် အိကောနိမြို့မှာ ရှိတဲ့ ဆန့်ကျင်သူတွေ ပေါလုနဲ့ ဗာနဗကို ကျောက်ခဲနဲ့ ပေါက်ဖို့ ကြံစည်ကြတယ်။ အဲဒီအကြောင်း သူတို့ ကြားတော့ တခြားနေရာမှာ သွားဟောဖို့ ဆုံးဖြတ်ကြတယ်။ (တ. ၁၄:၅-၇) ဒီနေ့ခေတ် သတင်းကောင်း ကြွေးကြော်သူတွေလည်း အဲဒီလို ပိုင်းခြားသိမြင်မှု ရှိကြတယ်။ စကားနဲ့ ထိုးနှက်ခံရတဲ့အခါ ရဲရဲရင့်ရင့် ပြောကြတယ်။ (ဖိ. ၁:၇။ ၁ ပေ. ၃:၁၃-၁၅) အကြမ်းဖက်ခံလာရရင်တော့ ကိုယ့်အသက်ကိုဖြစ်စေ၊ ယုံကြည်သူချင်းတွေရဲ့ အသက်ကိုဖြစ်စေ မလိုအပ်ဘဲ အန္တရာယ်ရှိစေမယ့်အရာတွေ မိုက်ရူးရဲဆန်ဆန် မလုပ်ကြဘူး။—ပညာ. ၂၂:၃

‘အသက်ရှင်နေတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါ’ (တ. ၁၄:၈-၁၉)

၉၊ ၁၀။ လုတ္တရမြို့ ဘယ်နေရာမှာ ရှိသလဲ။ မြို့သားတွေအကြောင်း ဘာသိရသလဲ။

ပေါလုနဲ့ ဗာနဗဟာ အိကောနိမြို့ အနောက်တောင်ဘက် မိုင် ၂၀ လောက်မှာ ရှိတဲ့ ရောမလက်အောက်ခံ လုတ္တရမြို့ကို ဆက်သွားကြတယ်။ လုတ္တရမြို့ဟာ ပိသိဒိပြည်၊ အန္တိအုတ်မြို့နဲ့ တော်တော်လေး ဆင်တယ်။ ဒါပေမဲ့ အန္တိအုတ်မြို့နဲ့ မတူတာက လုတ္တရမြို့မှာ ထင်ရှားတဲ့ ဂျူးအသိုင်းအဝိုင်း မရှိဘူး။ မြို့သားတွေ ဂရိစကား ပြောကြပေမဲ့ သူတို့ရဲ့ မိခင်ဘာသာစကားက လုကောနိစကား ဖြစ်တယ်။ မြို့မှာ တရားဇရပ် မရှိတဲ့အတွက် လူစုဝေးရာနေရာမှာ ပေါလုနဲ့ ဗာနဗ စဟောပြောကြပုံ ရတယ်။ ဂျေရုဆလင်မြို့မှာတုန်းက မွေးရာပါ မသန်စွမ်းသူတစ်ယောက်ကို ပေတရု ကုပေးတယ်။ (တ. ၁၄:၈-၁၀) အဲဒီအံ့ဖွယ်အမှုကြောင့် လူအများကြီး ယုံကြည်သူတွေ ဖြစ်လာကြတယ်။ (တ. ၃:၁-၁၀) လုတ္တရမြို့မှာ မွေးရာပါ ခြေဆွံ့သူတစ်ယောက်ကို ပေါလု ကုပေးတဲ့အခါမှာတော့ လူတွေရဲ့ တုံ့ပြန်ပုံ မတူကြဘူး။

၁၀ ဒီအခန်း အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ခြေဆွံ့သူ ခုန်ပေါက်ပြီး ထွက်သွားတော့ လုတ္တရမြို့မှာ ရှိတဲ့ အယူမှားသူတွေ တလွဲ ကောက်ချက် ချကြတယ်။ ဗာနဗကို နတ်မင်းကြီး ဇုသ၊ ပေါလုကိုတော့ ဇုသရဲ့ သား၊ နတ်ဘုရားတွေရဲ့ ပြောရေးဆိုခွင့် ရှိသူ ဟေရမေဆိုပြီး ခေါ်ကြတယ်။ (“ လုတ္တရမြို့နဲ့ ဇုသ၊ ဟေရမေဂိုဏ်း” လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါပေမဲ့ မိမိတို့ဟာ နတ်ဘုရားတွေရဲ့ အခွင့်အာဏာနဲ့ မဟုတ်ဘဲ တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရား ယေဟောဝါရဲ့ အခွင့်အာဏာနဲ့ ပြောဆိုပြုမူကြောင်း လူအုပ် သိအောင် ဗာနဗနဲ့ ပေါလု ပြောပြကြတယ်။—တ. ၁၄:၁၁-၁၄

‘အချည်းနှီး ဖြစ်တဲ့ ဒီအရာတွေကို စွန့်လွှတ်ပြီး ကောင်းကင်၊ မြေကြီးကို ဖန်ဆင်းတဲ့အရှင်၊ အသက်ရှင်နေတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါ။’—တမန်တော် ၁၄:၁၅

၁၁-၁၃။ (က) လုတ္တရမြို့သားတွေကို ပေါလုနဲ့ ဗာနဗ ဘာပြောသလဲ။ (ခ) ပေါလုနဲ့ ဗာနဗရဲ့ စကားကနေ ရနိုင်တဲ့ သင်ခန်းစာတစ်ခုက ဘာလဲ။

၁၁ ဒီလို အခြေအနေမျိုးမှာတောင် ပေါလုနဲ့ ဗာနဗဟာ နားထောင်နေသူတွေရဲ့ စိတ်နှလုံးကို ထိမိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အယူမှားသူတွေကို သတင်းကောင်း ဟောပြောရာမှာ ထိရောက်တဲ့ နည်းကို လုကာ မှတ်တမ်းတင်ထားတယ်။ နားထောင်သူတွေ နှစ်သက်စေဖို့ ပေါလုနဲ့ ဗာနဗ ဘယ်လို ပြောတယ်ဆိုတာ သတိပြုပါ– “မိတ်ဆွေတို့၊ ဘာလို့ ဒီလိုလုပ်တာလဲ။ ကျွန်တော်တို့လည်း အမှားမကင်းတဲ့ လူသားတွေပါပဲ။ ခင်ဗျားတို့ကို သတင်းကောင်း ဟောရတဲ့ အကြောင်းရင်းက အချည်းနှီး ဖြစ်တဲ့ ဒီအရာတွေကို စွန့်လွှတ်ပြီး ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနဲ့ အဲဒီမှာ ရှိသမျှကို ဖန်ဆင်းတဲ့အရှင်၊ အသက်ရှင်နေတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ပါ။ အရင်တုန်းက ဘုရားသခင်ဟာ လူမျိုးအားလုံးကို ကိုယ့်လမ်းကိုယ် လျှောက်ခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို အစားအစာ အလျှံပယ် ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့ မိုးကောင်းကင်ကနေ မိုးရွာစေတယ်၊ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။ ဒီနည်းနဲ့ ခင်ဗျားတို့အတွက် ကောင်းမှုပြုပြီး မိမိ တည်ရှိကြောင်း မပျက်မကွက် သက်သေခံနေတယ်။”—တ. ၁၄:၁၅-၁၇

၁၂ အဲဒီစကားတွေကနေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ ပထမ၊ ပေါလုနဲ့ ဗာနဗဟာ ကိုယ်ဟောနေတဲ့သူတွေထက် ပိုသာတယ်လို့ မယူဆကြဘူး။ မဟုတ်ဘဲနဲ့ ဟုတ်သလို ဟန်မဆောင်ကြဘူး။ သူတို့လိုပဲ မိမိတို့လည်း သာမန်လူတွေ ဖြစ်ကြောင်း နှိမ့်ချမှု ရှိရှိ ထုတ်ပြောကြတယ်။ ပေါလုနဲ့ ဗာနဗဟာ သန့်ရှင်းသော စွမ်းအားတော် ရထားတာ၊ မှားယွင်းတဲ့ သွန်သင်ချက်တွေကနေ လွတ်မြောက်လာတာ၊ ခရစ်တော်နဲ့အတူ အုပ်ချုပ်ရမယ့် မျှော်လင့်ချက် ရထားတာ မှန်တယ်။ ဒါပေမဲ့ လုတ္တရမြို့သားတွေလည်း ခရစ်တော်ကို နာခံရင် အလားတူ ဆုကျေးဇူးတွေ ရမယ်ဆိုတာ သူတို့ နားလည်ကြတယ်။

၁၃ ကျွန်တော်တို့ကော ကိုယ်ဟောတဲ့သူတွေကို ဘယ်လို သဘောထားသလဲ။ တန်းတူ သဘောထားသလား။ ကျမ်းစာ အမှန်တရား သိလာအောင် တခြားသူတွေကို ကူညီပေးတဲ့အခါ အလွန်အကျွံ ချီးမွမ်းခံချင်စိတ်ကို ပေါလုနဲ့ ဗာနဗလို ရှောင်သလား။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းမှာ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ခဲ့တဲ့၊ ထူးချွန်တဲ့ သွန်သင်သူ ချားလ် တေ့ဇ် ရပ်စယ်လ်ဟာ ဒီကဏ္ဍမှာ စံနမူနာကောင်း ပြတယ်။ “ကျွန်တော်တို့ ကိုယ်တိုင်ကိုဖြစ်စေ၊ ကျွန်တော်တို့ရဲ့ စာပေတွေကိုဖြစ်စေ ဂုဏ်တင်တာမျိုး မလိုချင်ပါဘူး။ သိက္ခာတော်ရဆရာ ဒါမှမဟုတ် ရဗ္ဗိလို့လည်း အခေါ်မခံချင်ပါဘူး” လို့ ပြောတယ်။ ညီအစ်ကို ရပ်စယ်လ်ဟာ ပေါလုနဲ့ ဗာနဗလို နှိမ့်ချမှု ရှိတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ဟောပြောရတဲ့ ရည်ရွယ်ချက်ဟာ ကိုယ်ဂုဏ်တက်ဖို့ မဟုတ်ဘဲ “အသက်ရှင်နေတဲ့ ဘုရားသခင်” ကို လူတွေ ဝတ်ပြုကိုးကွယ်လာဖို့ပါ။

၁၄-၁၆။ လုတ္တရမြို့သားတွေကို ပေါလုနဲ့ ဗာနဗ ပြောခဲ့တဲ့ စကားကနေ ရနိုင်တဲ့ ဒုတိယနဲ့ တတိယ သင်ခန်းစာက ဘာလဲ။

၁၄ သူတို့ရဲ့ စကားကနေ ရနိုင်တဲ့ ဒုတိယ သင်ခန်းစာကို သုံးသပ်ကြည့်ပါ။ ပေါလုနဲ့ ဗာနဗဟာ ပြောင်းသာလဲသာ ရှိကြတယ်။ အိကောနိမြို့မှာ ရှိတဲ့ ဂျူးတွေ၊ ဘာသာပြောင်းဝင်လာသူတွေလို မဟုတ်ဘဲ လုတ္တရမြို့သားတွေဟာ ကျမ်းစာအကြောင်း၊ အစ္စရေးလူမျိုးနဲ့ ဘုရား ဆက်ဆံပုံအကြောင်း မသိကြဘူး။ စိုက်ပျိုးရေးသမားတွေ ဖြစ်တယ်။ လုတ္တရမြို့ဟာ ရာသီဥတု မျှတပြီး မြေသြဇာ ကောင်းတယ်။ ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ အထောက်အထားတွေ သူတို့ပတ်လည်မှာ အများကြီးပဲ။ ဒီအချက်တွေ သုံးပြီး ပေါလုနဲ့ ဗာနဗ ကျိုးကြောင်းဆင်ခြင်ပြကြတယ်။—ရော. ၁:၁၉၊ ၂၀

၁၅ ကျွန်တော်တို့လည်း အလားတူ ပြောင်းသာလဲသာ လုပ်နိုင်မလား။ လယ်သမားတစ်ယောက်ဟာ မျိုးစေ့တစ်မျိုးတည်းကို လယ်အမျိုးမျိုးမှာ စိုက်ပေမဲ့ မြေသားကို အသင့်ပြင်ရာမှာတော့ နည်းအမျိုးမျိုး သုံးရတယ်။ မြေတချို့က မြေသား ပျော့ပြီး မျိုးကြဲဖို့ အသင့်အနေအထားမှာ ရှိနိုင်တယ်။ မြေတချို့ကိုတော့ ပိုပြုပြင်ပေးဖို့ လိုနိုင်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ကြဲလိုက်တဲ့ မျိုးစေ့ဟာ အမြဲ တစ်မျိုးတည်းပါပဲ။ ကျမ်းစာမှာ ပါတဲ့ နိုင်ငံတော်သတင်း မျိုးစေ့ပါ။ ဒါပေမဲ့ ပေါလုနဲ့ ဗာနဗလိုပဲ ကိုယ်ဟောတဲ့ လူတွေရဲ့ အခြေအနေနဲ့ ဘာသာရေး နောက်ခံကို သိဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ပြီးနောက် သတင်းကောင်းကို အလိုက်သင့် တင်ဆက်ရမယ်။—လု. ၈:၁၁၊ ၁၅

၁၆ ပေါလု၊ ဗာနဗနဲ့ လုတ္တရမြို့သားတွေရဲ့ မှတ်တမ်းကနေ တတိယ သင်ခန်းစာ ရနိုင်တယ်။ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြားက ကျွန်တော်တို့ ကြဲလိုက်တဲ့ မျိုးစေ့ တစ်ခါတလေ နုတ်ပစ်ခံရနိုင်တယ်။ ကျောက်ခံမြေပေါ် ကျသွားနိုင်တယ်။ (မ. ၁၃:၁၈-၂၁) စိတ်ဓာတ်မကျပါနဲ့။ ရောမမြို့မှာ ရှိတဲ့ တပည့်တွေကို နောက်ပိုင်းမှာ ပေါလု သတိပေးတဲ့အတိုင်း “ဘုရားသခင်က [ကျွန်တော်တို့နဲ့ ကျမ်းစာ ဆွေးနွေးသူတစ်ယောက်စီ အပါအဝင်] ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။”—ရော. ၁၄:၁၂

“ယေဟောဝါဆီ စိတ်ချလက်ချ အပ်နှံလိုက်တယ်” (တ. ၁၄:၂၀-၂၈)

၁၇။ ဒေရဗေမြို့ကနေ ဘယ်ကို ပေါလုနဲ့ ဗာနဗ ခရီးဆက်ကြသလဲ။ ဘာကြောင့်လဲ။

၁၇ သေပြီ အထင်နဲ့ လုတ္တရမြို့ပြင်ဆီ ပေါလု ဆွဲထုတ်ခံရပြီးနောက် တပည့်တွေ ရောက်လာတော့ ပေါလု ထပြီး မြို့ထဲမှာ တစ်ည တည်းတယ်။ နောက်နေ့မှာ ပေါလုနဲ့ ဗာနဗဟာ မိုင် ၆၀ ဝေးတဲ့ ဒေရဗေမြို့ကို ခရီးဆက်ကြတယ်။ ခဲနဲ့ ပေါက်ခံရတာ နာရီပိုင်းပဲ ရှိသေးတဲ့အတွက် ဒီခရီးစဉ်ဟာ ပေါလုအတွက် သိပ်ပင်ပန်းခက်ခဲမှာပဲ။ ဒါတောင် ဗာနဗနဲ့အတူ မဆုတ်မနစ် ဇွဲရှိရှိ ဆက်သွားပြီး ဒေရဗေမြို့ကို ရောက်တဲ့အခါ “လူအတော်များများကို တပည့် ဖြစ်လာစေ” တယ်။ အဲဒီနောက် ဆီးရီးယားပြည်၊ အန္တိအုတ်မြို့မှာ ရှိတဲ့ ကိုယ့်အိမ်ကို တန်းပြန်မယ့်အစား “လုတ္တရမြို့၊ အိကောနိမြို့၊ [ပိသိဒိပြည်] အန္တိအုတ်မြို့ဆီ ပြန်သွားကြတယ်။” ဘာကြောင့်လဲ။ “တပည့်တွေကို ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ အားပေးတိုက်တွန်း” ချင်လို့ ဖြစ်တယ်။ (တ. ၁၄:၂၀-၂၂) တကယ့် စံနမူနာကောင်းပါပဲ။ ကိုယ်သက်သောင့်သက်သာ ဖြစ်ဖို့ထက် အသင်းတော်ရဲ့ အကျိုးကို ဦးစားထားကြတယ်။ သူတို့ကို ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေ အတုယူနေကြတယ်။

၁၈။ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲအဖြစ် မထောက်ခံခင် အကြီးအကဲတွေ ဘာလုပ်ရသလဲ။

၁၈ ပေါလုနဲ့ ဗာနဗဟာ တပည့်တွေကို အပြောနဲ့ရော စံနမူနာနဲ့ပါ အားပေးတဲ့အပြင် “အသင်းတော်တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်တယ်။” “သန့်ရှင်းသော စွမ်းအားတော် စေလွှတ်” လို့ပဲ ဒီသာသနာပြု ခရီးစဉ် ထွက်လာခဲ့ကြတာ။ ဒါပေမဲ့ အစာရှောင်၊ ဆုတောင်းပြီးမှ “အဲဒီအကြီးအကဲတွေကို ယေဟောဝါဆီ စိတ်ချလက်ချ အပ်နှံ” တယ်။ (တ. ၁၃:၁-၄။ ၁၄:၂၃) ဒီနေ့ခေတ်မှာလည်း ဒေသခံ အကြီးအကဲအဖွဲ့ဟာ ညီအစ်ကိုတစ်ယောက်ကို တာဝန်ခန့်အပ်ဖို့ ထောက်ခံချက် မပေးခင် ဆုတောင်းကြတယ်။ ကျမ်းစာတောင်းဆိုချက်တွေ သူ ပြည့်မီသလားဆိုတာ သုံးသပ်ကြတယ်။ (၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃။ တိ. ၁:၅-၉။ ယာ. ၃:၁၇၊ ၁၈။ ၁ ပေ. ၅:၂၊ ၃) ခရစ်ယာန် ဖြစ်လာတဲ့ သက်တမ်း အဓိက မကျပါဘူး။ အဲဒီအစား ညီအစ်ကိုရဲ့ အပြောအဆို၊ အပြုအမူနဲ့ ဂုဏ်သတင်းက သူ့အသက်တာမှာ သန့်ရှင်းသော စွမ်းအားတော် ဘယ်လောက် သက်ရောက်နေကြောင်း သက်သေထူတယ်။ ကြီးကြပ်မှူးအတွက် ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီတာက သိုးထိန်းအဖြစ် အမှုထမ်းဖို့ အရည်အချင်း ပြည့်မီတာပဲ။ (ဂလ. ၅:၂၂၊ ၂၃) အဲဒီလို ကြီးကြပ်မှူးတွေ ခန့်အပ်ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးမှာ တာဝန် ရှိတယ်။—၁ တိမောသေ ၅:၂၂ နဲ့ နှိုင်းယှဉ်ပါ။

၁၉။ ဘာအတွက် စာရင်းရှင်းရမယ်ဆိုတာ အကြီးအကဲတွေ သိကြသလဲ။ ပေါလုနဲ့ ဗာနဗကို သူတို့ ဘယ်လို အတုယူကြသလဲ။

၁၉ အသင်းတော်ကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဘုရားနဲ့ စာရင်းရှင်းရမယ်ဆိုတာ ခန့်အပ်ခံ အကြီးအကဲတွေ သိကြတယ်။ (ဟီ. ၁၃:၁၇) ပေါလုနဲ့ ဗာနဗလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ကြတယ်။ လုပ်ဖော်ဆောင်ဖက်တွေကို အားပေးစကား ပြောကြတယ်။ ကိုယ်သက်သောင့်သက်သာ ရှိဖို့ထက် အသင်းတော်ရဲ့ အကျိုးကို တလိုတလား ဦးစားပေးကြတယ်။—ဖိ. ၂:၃၊ ၄

၂၀။ ညီအစ်ကိုတွေရဲ့ သစ္စာရှိရှိ လုပ်ဆောင်မှု မှတ်တမ်းတွေကို ဖတ်ရတဲ့အခါ ကျွန်တော်တို့ ဘယ်လို အကျိုးရသလဲ။

၂၀ နောက်ဆုံးမှာ ပေါလုနဲ့ ဗာနဗဟာ သာသနာပြုခရီး စတင်ခဲ့တဲ့ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့ကို ပြန်ရောက်လာကြတယ်။ “သူတို့ကတစ်ဆင့် ဘုရားသခင် လုပ်ဆောင်ခဲ့တာတွေအကြောင်း၊ လူမျိုးခြားတွေအတွက် ယုံကြည်ခြင်းတံခါး ဖွင့်ပေးခဲ့တဲ့အကြောင်း ပြန်ပြောပြကြတယ်။” (တ. ၁၄:၂၇) ဒီညီအစ်ကိုတွေရဲ့ သစ္စာရှိရှိ လုပ်ဆောင်မှုအကြောင်း၊ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးကြောင်း ဖတ်ရတဲ့အခါ ‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် ဟောပြော’ နေဖို့ ကျွန်တော်တို့ အားပေးခံရပါတယ်။

a ဖြုဂိပြည်သားတို့ရဲ့ အိကောနိမြို့” လေးထောင့်ကွက်ကို ကြည့်ပါ။