မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

‘သွားပြီး . . . ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ’

‘သွားပြီး . . . ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ’

တမန်တော်ကျမ်း အကျဉ်းချုပ်၊ ကျွန်တော်တို့ခေတ်နဲ့ သက်ဆိုင်ပုံ

၁-၆။ အခြေအနေအမျိုးမျိုးမှာ သက်သေခံတွေ ဟောပြောနေကြောင်း ဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။

 ဂါနာနိုင်ငံက ယေဟောဝါသက်သေ ညီအစ်မငယ် ရေဗက္ကာဟာ ကျောင်းကို ကိုယ်ပိုင်ရပ်ကွက်လို့ သဘောထားတယ်။ လွယ်အိတ်ထဲမှာ ကျမ်းစာစာပေတွေ အမြဲ ထည့်ထားတယ်။ အားလပ်ချိန်မှာ ကျောင်းနေဖက်တွေကို သက်သေခံဖို့ အခွင့်အရေး ရှာတယ်။ အတန်းဖော် တော်တော်များများကို ကျမ်းစာ သင်ပေးတယ်။

အာဖရိက အရှေ့ဘက် ကမ်းရိုးတန်းအလွန် မာဒါဂက်စကာကျွန်းမှာ ရှေ့ဆောင်နှစ်ယောက်ဟာ ရပ်ဝေးရွာတစ်ရွာဆီ နေပူထဲ ၁၅ မိုင်လောက် ပုံမှန် လမ်းလျှောက်သွားလေ့ရှိတယ်။ အဲဒီရွာမှာ စိတ်ဝင်စားသူတွေကို ကျမ်းစာ သင်ပေးကြတယ်။

ပါရာဂွေးနဲ့ ပါရာနာမြစ်တွေတစ်လျှောက် နေထိုင်သူတွေဆီ ရောက်ဖို့ ပါရာဂွေးနဲ့ တခြား ၁၅ နိုင်ငံက သက်သေခံတွေဟာ လှေတစ်စင်း ဆောက်ကြတယ်။ ၄၅ တန် ရှိတဲ့ လှေမှာ လူ ၁၂ ယောက် ဆံ့တယ်။ ဇွဲရှိတဲ့ ဒီညီအစ်ကို/မတွေဟာ သွားလာရ ခက်တဲ့ အဲဒီဒေသတွေဆီ လှေနဲ့ သွားပြီး ဟောပြောကြတယ်။

ကမ္ဘာ့မြောက်ဘက်စွန်းပိုင်း၊ အလာစကာက သက်သေခံတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်တဲ့ နွေရာသီမှာ အခွင့်အရေး ယူပြီး ဟောပြောကြတယ်။ ရာသီဥတု ပူနွေးချိန်မှာ နိုင်ငံအသီးသီးက ဧည့်သည်တွေဟာ အပျော်စီးသင်္ဘောတွေနဲ့ ရောက်လာကြတယ်။ ဒေသခံ သက်သေခံတွေက သင်္ဘောဆိပ်မှာ ကျမ်းစာစာပေတွေကို ဘာသာစကားအမျိုးမျိုးနဲ့ ခင်းကျင်းပြသကြတယ်။ ဒါ့အပြင် အလျူတ်၊ အာသာဘတ်စ်ကန်၊ ရှင်မ်ရှီယန်နဲ့ တလင်းကစ် လူမျိုးစုတွေ နေတဲ့ သီးခြားရွာတွေဆီ လေယာဉ်နဲ့ သွားပြီး သတင်းကောင်း ဝေမျှကြတယ်။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က လယ်ရီအတွက် အကောင်းဆုံး ရပ်ကွက်ကတော့ သူ နေတဲ့ ဘိုးဘွားရိပ်သာပါပဲ။ လယ်ရီဟာ မတော်တဆ ထိခိုက်မှုကြောင့် ဘီးတပ်ကုလားထိုင်နဲ့ သွားနေရပေမဲ့ တက်ကြွနေဆဲပဲ။ နိုင်ငံတော် အုပ်ချုပ်မှုအောက် တစ်နေ့ သူ လမ်းပြန်လျှောက်နိုင်မယ်ဆိုတဲ့ ကျမ်းစာ မျှော်လင့်ချက် အပါအဝင် နိုင်ငံတော် သတင်းကောင်း ဝေမျှနေတယ်။—ဟေရှာ. ၃၅:၅၊ ၆

သက်သေခံ အုပ်စုတစ်စုဟာ မြန်မာနိုင်ငံ အထက်ပိုင်းမှာ စည်းဝေးပွဲ တက်ဖို့ မန္တလေးမြို့ကနေ သင်္ဘောနဲ့ သုံးရက်ခရီး သွားကြတယ်။ သတင်းကောင်း ဟောပြောချင်စိတ် ပြင်းပြတဲ့အတွက် ခရီးသည်တွေကို ဝေငှဖို့ ကျမ်းစာစာပေတွေ သယ်သွားကြတယ်။ မြို့တစ်မြို့၊ ရွာတစ်ရွာမှာ သင်္ဘောဆိုက်တိုင်း ကုန်းပေါ် မြန်မြန် တက်ပြီး စာပေတွေ ဝေငှကြတယ်။ သင်္ဘောပေါ် တက်လာတဲ့ ခရီးသည် အသစ်တွေကိုလည်း ဆက်ဟောကြတယ်။

၇။ ယေဟောဝါကို ဝတ်ပြုသူတွေ နိုင်ငံတော်အကြောင်း ဘယ်နည်းတွေနဲ့ သက်သေခံနေကြသလဲ။ ပန်းတိုင်က ဘာလဲ။

ဒီတွေ့ကြုံမှုတွေမှာ ပါတဲ့ ညီအစ်ကို/မတွေလိုပဲ ယေဟောဝါကို ဝတ်ပြုနေတဲ့ ကမ္ဘာတစ်ဝန်းက စိတ်ထက်သန်သူတွေဟာ “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံ” နေကြတယ်။ (တ. ၂၈:၂၃) တစ်အိမ်တက်ဆင်း သွားကြတယ်။ လမ်းပေါ်မှာ ဟောပြောကြတယ်။ စာရေး၊ ဖုန်းဆက် ဟောပြောကြတယ်။ ဘတ်စကားပေါ်မှာ၊ ပန်းခြံမှာ၊ အလုပ်ခွင် ခဏအနားယူချိန်မှာ ဘုရားနိုင်ငံတော်အကြောင်း သက်သေခံဖို့ အခွင့်အရေး ရှာကြတယ်။ ဟောပြောတဲ့ နည်းလမ်း မတူကြပေမဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းပါပဲ။ လူတွေကို တွေ့နိုင်တဲ့ နေရာတိုင်းမှာ သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။—မ. ၁၀:၁၁

၈၊ ၉။ (က) နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုဟာ ဘာကြောင့် အံ့သြဖွယ် ဖြစ်သလဲ။ (ခ) ဘယ်မေးခွန်း ပေါ်လာသလဲ။ အဖြေ ရဖို့ ဘာလုပ်ရမလဲ။

သင်ဟာ နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်မှာ တက်တက်ကြွကြွ သတင်းကောင်း ဟောပြောနေသူတွေထဲက တစ်ဦးလား။ ဒါဆိုရင် နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း တိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာပဲ။ ကမ္ဘာတစ်ဝန်း ပြီးမြောက်အောင်မြင်မှုဟာ အံ့မခန်းပါပဲ။ ယေဟောဝါသက်သေတွေဟာ အစိုးရ ပိတ်ပင်မှု၊ ကိုယ်ထိလက်ရောက် ညှဉ်းပန်းမှု အပါအဝင် အတားအဆီး၊ အခက်အခဲတွေ ရင်ဆိုင်ရပေမဲ့ လူအားလုံးကို ဘုရားနိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံနေကြတယ်။

စိတ်ဝင်စားစရာ မေးခွန်းတစ်ခုက အတားအဆီးတွေ၊ စာတန်ရဲ့ ဆန့်ကျင်မှုတွေက နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း မတိုးတက်အောင် ဘာကြောင့် မတားဆီးနိုင်သလဲ။ အဖြေ ရဖို့ အေဒီ ပထမရာစုက အဖြစ်အပျက်တွေကို ပြန်သုံးသပ်ကြရအောင်။ အဲဒီအချိန်က စတင်ခဲ့တဲ့ လုပ်ငန်းကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ ဆက်လုပ်နေကြလို့ပဲ။

ကြီးမားကျယ်ပြန့်တဲ့ တာဝန်

၁၀။ ဘယ်လုပ်ငန်းမှာ ယေရှု ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံခဲ့သလဲ။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှု ဘာသိသလဲ။

၁၀ ခရစ်ယာန် အသင်းတော် တည်ထောင်သူ ယေရှုခရစ်ဟာ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံခဲ့တယ်။ ဒါ ယေရှုရဲ့ အဓိကလုပ်ငန်းပဲ။ တစ်ကြိမ်မှာ “ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ပြောတယ်။ (လု. ၄:၄၃) မိမိ စတင်ခဲ့တဲ့ လုပ်ငန်းကို မိမိ တစ်ဦးတည်းနဲ့ ပြီးမြောက်နိုင်မှာ မဟုတ်ကြောင်း သိတယ်။ “လူမျိုးအားလုံး” ဆီ နိုင်ငံတော်သတင်း ရောက်သွားမယ်လို့ ယေရှု မသေဆုံးခင်လေးမှာ ကြိုပြောသွားတယ်။ (မာ. ၁၃:၁၀) ဒါပေမဲ့ ဘယ်လိုနည်းနဲ့ ရောက်သွားမှာလဲ။ ဘယ်သူတွေအားဖြင့်လဲ။

‘သွားပြီး ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။’—မဿဲ ၂၈:၁၉

၁၁။ တပည့်တွေကို ဘယ်ကြီးမားတဲ့ တာဝန် ယေရှု ပေးခဲ့သလဲ။ ဒီတာဝန် ထမ်းဆောင်ရာမှာ ဘယ်ထောက်မမှု ရကြမလဲ။

၁၁ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေရှေ့ ကိုယ်ထင်ရှားပြချိန်မှာ ဒီကြီးမားတဲ့ တာဝန် အပ်နှင်းခဲ့တယ်– “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။ လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်။” (မ. ၂၈:၁၉၊ ၂၀) ‘ခင်ဗျားတို့နဲ့အတူ ရှိနေမယ်’ ဆိုတဲ့ စကားက ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ တပည့်တွေကို ယေရှု ထောက်မပေးမယ်ဆိုတာ ဖော်ပြတယ်။ အဲဒီလိုထောက်မမှုကို တပည့်တွေ သိပ်လိုကြမှာ။ ‘လူတွေ ခင်ဗျားတို့ကို မုန်းလိမ့်မယ်’ ဆိုပြီး ယေရှု ကြိုဟောထားလို့ပဲ။ (မ. ၂၄:၉) တပည့်တွေ နောက်ထပ် အားကိုးနိုင်တာ ရှိသေးတယ်။ “ကမ္ဘာမြေ အစွန်အဖျားအထိ” သက်သေခံနိုင်ကြဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်လို့ ကောင်းကင် တက်ခါနီးမှာ ယေရှု ပြောတယ်။—တ. ၁:၈

၁၂။ ဘယ်အရေးကြီး မေးခွန်းတွေ ပေါ်လာသလဲ။ အဖြေကို သိဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၂ အခု အရေးကြီး မေးခွန်းတချို့ ပေါ်လာတယ်။ ယေရှုရဲ့ တမန်တော်တွေနဲ့ ပထမရာစု တပည့်တွေ တာဝန်ကို အလေးအနက် ထားခဲ့ကြသလား။ ဒီလူနည်းနည်းလေးနဲ့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား ဘုရားနိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံခဲ့ကြသလား။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘုရား တကယ် ထောက်မခဲ့သလား။ ဒီမေးခွန်းတွေနဲ့ တခြားသက်ဆိုင်တဲ့ မေးခွန်းတွေကို တမန်တော်ကျမ်းမှာ အဖြေပေးထားတယ်။ အဖြေ သိဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ ယေရှု တာဝန်ပေးထားတဲ့ လုပ်ငန်းကို “လောကစနစ် နိဂုံးပိုင်းအထိ” ဆက်လုပ်သွားရမှာ ဖြစ်လို့ပဲ။ ဒီတာဝန်ဟာ ဆုံးခန်းကာလမှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့ အပါအဝင် ခရစ်ယာန်စစ်အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် တမန်တော်ကျမ်းမှာ ပါတဲ့ သမိုင်းမှတ်တမ်းကို ကျွန်တော်တို့ သိပ်စိတ်ဝင်စားကြတယ်။

တမန်တော်ကျမ်း အကျဉ်းချုပ်

၁၃၊ ၁၄။ (က) တမန်တော်ကျမ်းကို ဘယ်သူ ရေးသလဲ။ ကျမ်းရေးသူဟာ အချက်အလက်တွေကို ဘယ်က ရသလဲ။ (ခ) တမန်တော်ကျမ်းမှာ ဘာအကြောင်းတွေ ပါသလဲ။

၁၃ တမန်တော်ကျမ်းကို ဘယ်သူ ရေးသလဲ။ ဒီကျမ်းမှာ ကျမ်းရေးသူ နာမည် မဖော်ပြပေမဲ့ ကျမ်းရဲ့ အဖွင့်စကားတွေက တမန်တော်ကျမ်း ရေးသူဟာ လုကာ ခရစ်ဝင်ကျမ်း ရေးသူ ဖြစ်ကြောင်း သိသာစေတယ်။ (လု. ၁:၁-၄။ တ. ၁:၁၊ ၂) ဒါကြောင့် တမန်တော်ကျမ်းကို ရေးတာ “ချစ်ရတဲ့ သမားတော်၊” စေ့စပ်သေချာတဲ့ သမိုင်းပညာရှင် လုကာ ဖြစ်တယ်လို့ လက်ခံထားကြတာ ကြာပြီ။ (ကော. ၄:၁၄) ဒီကျမ်းဟာ ယေရှု ကောင်းကင် တက်သွားတဲ့ အေဒီ ၃၃ ကနေ ရောမမြို့မှာ တမန်တော် ပေါလု ထောင်ကျတဲ့ အေဒီ ၆၁ လောက်အထိ ၂၈ နှစ်တာ ကာလကို ခြုံငုံမိတယ်။ ဇာတ်ကြောင်း ပြောတဲ့အခါ “သူတို့” ကနေ “ကျွန်တော်တို့” လို့ လုကာ ပြောင်းလဲသုံးနှုန်းတာက ဖြစ်ရပ် တော်တော်များများမှာ ကိုယ်တိုင် ရှိနေခဲ့ကြောင်း ဖော်ပြတယ်။ (တ. ၁၆:၈-၁၀။ ၂၀:၅။ ၂၇:၁) စေ့စပ်တဲ့ သုတေသီ လုကာဟာ ပေါလု၊ ဗာနဗ၊ ဖိလိပ္ပုနဲ့ မှတ်တမ်းမှာ ပါတဲ့ တခြားသူတွေဆီကနေ အချက်အလက်တွေ တိုက်ရိုက် ရခဲ့တာ ဖြစ်နိုင်တယ်။

၁၄ တမန်တော်ကျမ်းမှာ ဘာအကြောင်းတွေ ပါသလဲ။ လုကာ ခရစ်ဝင်ကျမ်းမှာတုန်းက ယေရှုရဲ့ ပြောဆိုလုပ်ဆောင်မှုတွေအကြောင်း လုကာ ရေးတယ်။ တမန်တော်ကျမ်းမှာတော့ ယေရှုနောက်လိုက်တွေရဲ့ ပြောဆိုလုပ်ဆောင်မှုတွေအကြောင်း မှတ်တမ်းတင်ထားတယ်။ “ပညာမတတ်သူတွေ၊ သာမန်လူတွေ” အဖြစ် ယူမှတ်ခံရပေမဲ့ ယေရှုနောက်လိုက်တွေ ဘာတွေ ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုတာ ဖော်ပြတယ်။ (တ. ၄:၁၃) ခရစ်ယာန် အသင်းတော် တည်ထောင်ပုံ၊ တိုးတက်လာပုံကို သိစေတယ်။ ပထမရာစု ခရစ်ယာန်တွေရဲ့ ဟောပြောပုံနဲ့ သဘောထားကို သိစေတယ်။ (တ. ၄:၃၁။ ၅:၄၂) သတင်းကောင်း ပျံ့နှံ့စေရာမှာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အခန်းကဏ္ဍကို ပေါ်လွင်စေတယ်။ (တ. ၈:၂၉၊ ၃၉၊ ၄၀။ ၁၃:၁-၃။ ၁၆:၆။ ၁၈:၂၄၊ ၂၅) ကျမ်းစာရဲ့ အဓိကအကြောင်း ဖြစ်တဲ့ ခရစ်တော် နိုင်ငံတော် အုပ်ချုပ်မှုအားဖြင့် ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းအကြောင်း အလေးပေးတယ်။ ပြင်းထန်တဲ့ ဆန့်ကျင်မှုကြား နိုင်ငံတော်သတင်း အောင်မြင်စွာ ပျံ့နှံ့သွားပုံကို ဖော်ပြတယ်။—တ. ၈:၁၂။ ၁၉:၈။ ၂၈:၃၀၊ ၃၁

၁၅။ တမန်တော်ကျမ်းကို လေ့လာခြင်းကနေ ဘာအကျိုးတွေ ရမလဲ။

၁၅ တမန်တော်ကျမ်းကို လေ့လာတာ သိပ်စိတ်လှုပ်ရှားစရာကောင်းပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ပထမရာစု ခရစ်ယာန်တွေရဲ့ ရဲရင့်မှု၊ ထက်သန်မှုကို စဉ်းစားတဲ့အခါ စိတ်ထိမိလာမယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူဖို့ လှုံ့ဆော်ခံရမယ်။ ‘သွားပြီး တပည့်ဖြစ်စေပါ’ ဆိုတဲ့ တာဝန်ကို ကျွန်တော်တို့လည်း ကျေပွန်နိုင်ကြမယ်။ ဒီစာအုပ်ဟာ တမန်တော်ကျမ်းကို အသေအချာ လေ့လာဆန်းစစ်နိုင်ဖို့ ကူညီပေးတယ်။

ကျမ်းစာလေ့လာမှု အထောက်အကူပြု စာအုပ်

၁၆။ စာအုပ်ရဲ့ ရည်ရွယ်ချက် သုံးခုက ဘာလဲ။

၁၆ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက် သုံးခု ရှိတယ်။ (၁) ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်းကို သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ယေဟောဝါ ထောက်မနေကြောင်း ပိုယုံကြည်စိတ်ချလာစေဖို့၊ (၂) ပထမရာစု ခရစ်ယာန်တွေရဲ့ စံနမူနာကို လေ့လာခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ ပိုထက်သန်လာစေဖို့၊ (၃) ယေဟောဝါရဲ့ အဖွဲ့အစည်း၊ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေ၊ အသင်းတော်မှာ ကြီးကြပ်နေသူတွေကို ပိုလေးစားလာစေဖို့ ဖြစ်တယ်။

၁၇၊ ၁၈။ ဒီစာအုပ်ကို ဘယ်လို စီစဉ်ထားသလဲ။ ဘယ်ကဏ္ဍတွေဟာ ကိုယ်ပိုင် ကျမ်းစာလေ့လာရာမှာ အထောက်အကူပြုမလဲ။

၁၇ ဒီစာအုပ်ကို ဘယ်လို စီစဉ်ထားသလဲ။ အပိုင်း ရှစ်ပိုင်း ခွဲထားတယ်။ တစ်ပိုင်းစီမှာ တမန်တော်ကျမ်း အပိုင်းတစ်ပိုင်းကို ဆွေးနွေးထားတယ်။ တစ်ပိုင်းစီမှာ ပါတဲ့ အခန်းတွေရဲ့ ရည်ရွယ်ချက်က တမန်တော်ကျမ်းကို အခန်းငယ်တစ်ခုစီ ဆွေးနွေးဖို့ မဟုတ်ဘူး။ ကျမ်းမှာ ပါတဲ့ ဖြစ်ရပ်တွေကနေ သင်ခန်းစာ ယူဖို့၊ ကိုယ်တိုင် ကျင့်သုံးနိုင်ပုံကို သိစေဖို့ပါ။ အခန်းတစ်ခန်းစီရဲ့ အစမှာ အဓိက အချက်နဲ့ ဆွေးနွေးမယ့် ကျမ်းချက်ကို ဖော်ပြပေးထားတယ်။

၁၈ ကိုယ်ပိုင် ကျမ်းစာလေ့လာတဲ့အခါ အထောက်အကူပြုမယ့် နောက်ထပ်အသွင်အပြင်တွေလည်း ဒီစာအုပ်မှာ ပါတယ်။ တမန်တော်ကျမ်းပါ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတဲ့ ရုပ်ပုံတွေက ကျမ်းမှတ်တမ်းကို မြင်ယောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ လေးထောင့်ကွက်တွေမှာ ထပ်ဆင့်အကြောင်းအရာတွေ ပါတယ်။ အတုယူစရာ ကျမ်းစာဇာတ်ကောင်တွေအကြောင်း၊ နေရာ၊ ဖြစ်ရပ်၊ ဓလေ့ထုံးစံတွေနဲ့ တခြားသူတွေအကြောင်း အသေးစိတ် ဖော်ပြထားတယ်။

ကိုယ်တာဝန်ကျတဲ့ ရပ်ကွက်မှာ အရေးကြီး သဘောထားနဲ့ လုပ်ဆောင်ပါ

၁၉။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆန်းစစ်သင့်သလဲ။

၁၉ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ဖို့ ဒီစာအုပ်က ကူညီပေးနိုင်တယ်။ သင်ဟာ နိုင်ငံတော်သတင်း ကြေညာသူအဖြစ် အမှုဆောင်တာ ဘယ်လောက်ပဲ ကြာပြီ ဖြစ်ပါစေ ကိုယ့်ဘဝရဲ့ ဦးစားထားရာတွေ၊ အမှုဆောင်လုပ်ငန်းအပေါ် ထားတဲ့ သဘောထားတွေကို မကြာခဏ ပြန်ဆန်းစစ်သင့်တယ်။ (၂ ကော. ၁၃:၅) ‘အမှုဆောင်လုပ်ငန်းမှာ ငါ အရေးတကြီး သဘောထား ဆက်ရှိနေရဲ့လား။ (၁ ကော. ၇:၂၉-၃၁) သတင်းကောင်းကို ယုံကြည်မှုအပြည့်နဲ့ ဇွဲရှိရှိ ဟောပြောနေသလား။ (၁ သက်. ၁:၅၊ ၆) ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်နေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။—ကော. ၃:၂၃

၂၀၊ ၂၁။ ကျွန်တော်တို့တာဝန်ဟာ ဘာကြောင့် အရေးကြီးသလဲ။ ဘာသန္နိဋ္ဌာန် ချသင့်သလဲ။

၂၀ ကျွန်တော်တို့အတွက် အရေးကြီးဆုံး တာဝန်ဟာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဆိုတာ သတိရနေကြပါစို့။ တစ်ရက်ကုန်သွားတိုင်း ဒီတာဝန် ပိုအရေးကြီးလာတယ်။ ဒီလောကစနစ်ရဲ့ အဆုံး အလျင်အမြန် နီးကပ်လာနေတယ်။ အသက်ဘေးကနေ လွတ်အောင် ဘာလုပ်ရမယ်ဆိုတာ လူတွေ သိဖို့ ပိုလိုနေပြီ။ စိတ်ရင်းမှန်သူ နောက်ထပ် ဘယ်နှယောက် သတင်းတရား လက်ခံဦးမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ (တ. ၁၃:၄၈) အချိန်မနှောင်းခင် သူတို့ကို ကူညီပေးရမှာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ။—၁ တိ. ၄:၁၆

၂၁ ပထမရာစု ထက်သန်တဲ့ ဟောပြောသူတွေကို တုပဖို့ အရေးကြီးတယ်။ ဒီစာအုပ်ကို အသေအချာ လေ့လာမယ်ဆိုရင် အရင်ကထက် ထက်ထက်သန်သန်၊ ရဲရဲရင့်ရင့် ဟောပြောဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံ” မယ်ဆိုတဲ့ သန္နိဋ္ဌာန် ပိုခိုင်မာလာပါစေ။—တ. ၂၈:၂၃