မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၁

‘တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး’

‘တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး’

အမှုတော်မှာ ပေါလုရဲ့ ဇွဲထက်သန်မှု၊ အကြီးအကဲတွေ အတွက် ဆုံးမစကား

တမန်တော် ၂၀:၁-၃၈ ကို အခြေခံ

၁-၃။ (က) ဥတုခု သေဆုံးတဲ့ညက အခြေအနေကို ပြောပြပါ။ (ခ) ပေါလု ဘာလုပ်သလဲ။ ဒီဖြစ်ရပ်က ပေါလုနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

 တရောမြို့၊ အထက်ခန်းမှာ ညီအစ်ကို/မ အများကြီးနဲ့ ပေါလု တွေ့နေတယ်။ ဒီညဟာ သူတို့နဲ့ အတူ ရှိမယ့် နောက်ဆုံးည ဖြစ်လို့ အကြာကြီး စကားပြောနေတယ်။ သန်းခေါင်ယံ ရောက်လာပြီ။ ထွန်းထားတဲ့ မီးခွက်တွေကနေ မီးခိုး ထွက်ပြီး အခန်းက အိုက်စပ်စပ် ဖြစ်နေပုံရတယ်။ ဥတုခုလို့ ခေါ်တဲ့ လူငယ်လေး ပြတင်းပေါက်ဘောင်မှာ ထိုင်နေတယ်။ ပေါလု စကားပြောနေတုန်း ဥတုခု အိပ်ငိုက်ပြီး တတိယထပ် ပြတင်းပေါက်ကနေ ပြုတ်ကျသွားတယ်။

လူငယ်လေးကို အရင်ဆုံး ပြေးကြည့်သူတွေထဲမှာ သမားတော် လုကာ ပါမှာပဲ။ ဥတုခုရဲ့ အခြေအနေ မေးစရာတောင် မလိုဘူး။ “ပွေ့ချီလိုက်တဲ့အခါ သူ သေဆုံးနေပြီ။” (တ. ၂၀:၉) ဒါပေမဲ့ အံ့ဖွယ်တစ်ခု ဖြစ်လာတယ်။ ပေါလု သူ့အပေါ် ကိုယ်ကို ကိုင်းလိုက်တယ်။ “မစိုးရိမ်ကြပါနဲ့။ သူ အသက်ပြန်ရှင်လာပြီ” လို့ ပြောတယ်။ ဥတုခု အသက်ပြန်ရှင်အောင် ပေါလု လုပ်ပေးလိုက်ပြီ။—တ. ၂၀:၁၀

ဒီဖြစ်ရပ်က သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကို ဖော်ပြတယ်။ ပေါလုဟာ ဥတုခု သေသွားလို့ ဒီအရေးကြီးအချိန်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဘုရားအပေါ် ညီအစ်ကို/မတွေ အယုံအကြည် ပျက်မသွားစေချင်ဘူး။ ဒါကြောင့် ကိုယ်ကြောင့် ဥတုခု သေရတာ မဟုတ်ပေမဲ့ ရှင်ပြန်ထမြောက်ပေးခဲ့တာ။ ဒီလိုရှင်ပြန်ထမြောက်ပေးလိုက်လို့ ညီအစ်ကို/မတွေ နှစ်သိမ့်မှု ရကြတယ်။ အမှုတော်မှာ ခွန်အားအပြည့်နဲ့ ဆက်ထမ်းဆောင်နိုင်ကြတယ်။ လူတစ်ယောက်ရဲ့ အသက် ဘယ်လောက် တန်ဖိုးရှိမှန်း ပေါလု နားလည်တာ ရှင်းနေပါတယ်။ ဒါက “တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး” ဆိုတဲ့ ပေါလုရဲ့ စကားကို သတိရစေတယ်။ (တ. ၂၀:၂၆) အသက်ကို လေးမြတ်တတ်ဖို့ ပေါလုရဲ့ စံနမူနာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်ကြောင်း သုံးသပ်ကြစို့။

“မက်ဆီဒိုးနီးယားပြည်ကို ခရီးဆက်တော့တယ်” (တ. ၂၀:၁၊ ၂)

၄။ ပေါလု ဘယ်လို ဒုက္ခရောက်ခဲ့သလဲ။

ရှေ့အခန်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ဧဖက်မြို့မှာ ပေါလု တော်တော် ဒုက္ခရောက်ခဲ့တယ်။ ပေါလု ဟောပြောလို့ လူတွေ ဆူပူအုံကြွလာကြတယ်။ အာတေမိ ဝတ်ပြုရေးကို မှီပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ ငွေပန်းထိမ်သမားတွေက ဆူပူအောင် လုပ်တာ။ “ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေ ရပ်တန့်သွားပြီးနောက် ပေါလုက တပည့်တွေကို ခေါ်ခိုင်းတယ်။ သူတို့ကို အားပေးပြီးနောက် နှုတ်ဆက်စကား ပြောပြီး မက်ဆီဒိုးနီးယားပြည်ကို ခရီးဆက်တော့တယ်” လို့ တမန်တော် ၂၀:၁ မှာ ဖော်ပြတယ်။

၅၊ ၆။ (က) မက်ဆီဒိုးနီးယားမှာ ပေါလု ဘယ်လောက်ကြာကြာ နေထိုင်ခဲ့ပုံရသလဲ။ အဲဒီမှာ ရှိတဲ့ ညီအစ်ကိုတွေအတွက် ဘာလုပ်ပေးသလဲ။ (ခ) ယုံကြည်သူချင်းတွေအပေါ် ဘယ်သဘောထား ပေါလု ဆက်ပြသလဲ။

မက်ဆီဒိုးနီးယားပြည် အသွား ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ တရောမြို့မှာ ပေါလု ခရီးတစ်ထောက် နားတယ်။ ကောရိန္သုမြို့ကို စေလွှတ်ခံရတဲ့ တိတုနဲ့ တရောမြို့မှာ ပြန်ဆုံမယ်လို့ မျှော်လင့်ထားတာ။ (၂ ကော. ၂:၁၂၊ ၁၃) ဒါပေမဲ့ တိတု ရောက်လာမယ့်ပုံ မပေါ်လို့ မက်ဆီဒိုးနီးယားကို ခရီးဆက်တယ်။ အဲဒီမှာ တစ်နှစ်လောက် နေပြီး “တပည့်တွေကို အားပေးစကား ပြော” ခဲ့ပုံ ရတယ်။ a (တ. ၂၀:၂) နောက်ဆုံး၊ မက်ဆီဒိုးနီးယားကို တိတု ရောက်လာပြီး ပေါလုရဲ့ ပထမစာကို ကောရိန္သုမြို့သားတွေ ဘယ်လို တုံ့ပြန်ကြောင်း သတင်းကောင်း ယူလာတယ်။ (၂ ကော. ၇:၅-၇) ဒါကြောင့် သူတို့ဆီ နောက်ထပ် စာတစ်စောင် ရေးတယ်။ ကောရိန္သု ဒုတိယစောင်ပါ။

ဧဖက်နဲ့ မက်ဆီဒိုးနီးယားမှာ ရှိတဲ့ ညီအစ်ကိုတွေဆီ ပေါလု လည်ပတ်ကြောင်း ဖော်ပြရာမှာ “အားပေး၊” “အားပေးစကား” စတဲ့ အသုံးအနှုန်းတွေ လုကာ အသုံးပြုတာကို သတိပြုပါ။ ဒီစကားတွေက ယုံကြည်သူချင်းတွေအပေါ် ထားတဲ့ ပေါလုရဲ့ သဘောထားကို ကောင်းကောင်း ဖော်ပြလိုက်တာပဲ။ လူတွေကို အထင်သေးတတ်တဲ့ ဖာရိရှဲတွေနဲ့ မတူဘဲ ပေါလုဟာ ညီအစ်ကို/မတွေကို လုပ်ဖော်ဆောင်ဖက်လို့ သဘောထားတယ်။ (ယော. ၇:၄၇-၄၉။ ၁ ကော. ၃:၉) ပြင်းပြင်းထန်ထန် ဆုံးမစရာ ရှိလို့ ဆုံးမတဲ့အခါမှာတောင် တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုသာတယ်လို့ သဘောမထားဘူး။—၂ ကော. ၂:၄

၇။ ပေါလုကို ဒီနေ့ ခရစ်ယာန် ကြီးကြပ်မှူးတွေ ဘယ်လို အတုယူနိုင်သလဲ။

ဒီနေ့လည်း အသင်းတော် အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေဟာ ပေါလုကို ကြိုးစားအတုယူကြတယ်။ ဆုံးမပဲ့ပြင်တဲ့အခါမှာတောင် အကူအညီ လိုအပ်သူ အားရှိ သွားစေဖို့ ရည်ရွယ်ချက်နဲ့ ဆုံးမပဲ့ပြင်ပေးကြတယ်။ ပြစ်တင်ဝေဖန်မယ့်အစား ကိုယ်ချင်းစာပေးဖို့၊ အားပေးဖို့ ကြိုးစားကြတယ်။ “ညီအစ်ကို/မတွေက မှန်တာ လုပ်ချင်ကြတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျစရာတွေ၊ စိုးရိမ်စရာတွေ ရှိကြတယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေကြတယ်” လို့ ဝါရင့် တိုက်နယ်ကြီးကြပ်မှူး တစ်ယောက် ပြောတယ်။ အဲဒီလို ညီအစ်ကို/မတွေကို ကြီးကြပ်မှူးတွေ အားပေးထောက်မနိုင်တယ်။—ဟီ. ၁၂:၁၂၊ ၁၃

“သူ့ကို သတ်ဖို့ လျှို့ဝှက်ကြံစည်” (တ. ၂၀:၃၊ ၄)

၈၊ ၉။ (က) ဆီးရီးယားပြည်ကို ရွက်လွှင့်မယ်ဆိုတဲ့ ပေါလု အစီအစဉ် ဘာကြောင့် ပျက်သွားသလဲ။ (ခ)  ပေါလုကို ဂျူးတွေ ဘာကြောင့် ရန်ငြိုးထားတာလဲ။

မက်ဆီဒိုးနီးယားကနေ ကောရိန္သုမြို့ကို ပေါလု ဆက်သွားတယ်။ b သုံးလ နေပြီးနောက် ကင်ခြေမြို့ကို ဆက်သွားချင်တယ်။ ပြီးရင် ဆီးရီးယားပြည်ကို ရွက်လွှင့်မယ်။ အဲဒီကနေ ဂျေရုဆလင်မြို့ကို သွားပြီး လိုအပ်တဲ့ ညီအစ်ကိုတွေဆီ အလှူငွေတွေ ပို့ပေးမယ်။ c (တ. ၂၄:၁၇။ ရော. ၁၅:၂၅၊ ၂၆) ဒါပေမဲ့ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေကြောင့် ပေါလု အစီအစဉ် ပျက်သွားတယ်။ “ဂျူးတွေက သူ့ကို သတ်ဖို့ လျှို့ဝှက်ကြံစည်နေ” တယ်လို့ တမန်တော် ၂၀:၃ မှာ ဆိုတယ်။

ဂျူးယုံကြည်ချက်တွေကို ပေါလု စွန့်လွှတ်လိုက်တဲ့အတွက် အယူဖောက်ပြန်သူဆိုပြီး ဂျူးတွေ ရန်ငြိုးထားနေကြတာ။ ဒါ့အပြင် ဒီ့မတိုင်ခင် ကောရိန္သုမြို့မှာ ပေါလု ဟောတုန်းက အထင်ကရပုဂ္ဂိုလ် တရားဇရပ်မှူး ကရိပု ဘာသာပြောင်းဝင်လာတယ်။ (တ. ၁၈:၇၊ ၈။ ၁ ကော. ၁:၁၄) တစ်ခေါက် ကောရိန္သုမြို့မှာ ရှိတဲ့ ဂျူးတွေ ပေါလုကို အခါယ နယ်စားမင်း ဂါလျုန်ဆီ ခေါ်သွားပြီး စွဲချက် တင်ကြတယ်။ ဒါပေမဲ့ ဂါလျူန်က စွဲချက်တွေ အခြေအမြစ် မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ရန်သူတွေ ပိုဒေါသထွက်သွားကြတယ်။ (တ. ၁၈:၁၂-၁၇) အနီးအနားမှာ ရှိတဲ့ ကင်ခြေမြို့ကနေ ပေါလု မကြာခင် ရွက်လွှင့်သွားတော့မှာကို ကောရိန္သုမြို့က ဂျူးတွေ သိထားပုံ ရလို့ အဲဒီမှာ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ကြတယ်။ ပေါလု ဘာလုပ်မလဲ။

၁၀။ ကင်ခြေမြို့ကို ပေါလု မသွားတာ သတ္တိ မရှိလို့လား။ ရှင်းပြပါ။

၁၀ ပေါလုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အပ်ထားတဲ့ အလှူငွေတွေ ထိန်းသိမ်းဖို့ ကင်ခြေမြို့ကို မသွားတော့ဘဲ မက်ဆီဒိုးနီးယားကတစ်ဆင့် နောက်ကြောင်း ပြန်လှည့်တယ်။ ခြေကျင်လျှောက်ပြီး နောက်ကြောင်း ပြန်လှည့်တာလည်း အန္တရာယ် ရှိတာပဲ။ အဲဒီခေတ်က လမ်းမှာ ဓားပြတွေ ခိုအောင်းနေတတ်တယ်။ တည်းခိုခန်းတွေမှာ လုံခြုံမှု မရှိဘူး။ ဒါပေမဲ့ ကင်ခြေမြို့ကို သွားတာနဲ့ စာရင် ဒီလမ်းက အန္တရာယ် ပိုကင်းမယ်လို့ ပေါလု ထင်တယ်။ တော်သေးတာက ပေါလု တစ်ယောက်တည်း မဟုတ်ဘူး။ ဒီခရီးစဉ်မှာ ပေါလုနဲ့အတူ အာရိတ္တာခု၊ ဂါယု၊ သေကုန္ဒု၊ သောပတရု၊ တိမောသေ၊ တရောဖိမ်၊ တုခိတ်တို့ ပါသွားကြတယ်။—တ. ၂၀:၃၊ ၄

၁၁။ ဒီနေ့ ခရစ်ယာန်တွေ ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ဘယ်လို ကာကွယ်ကြသလဲ။ ဒီကိစ္စမှာ ယေရှု ဘယ်စံနမူနာ ချခဲ့သလဲ။

၁၁ ပေါလုလိုပဲ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချိန် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ကာကွယ်ကြတယ်။ ဒေသတချို့မှာ တစ်ယောက်တည်း သွားမယ့်အစား အုပ်စုလိုက် ဒါမှမဟုတ် အနည်းဆုံး နှစ်ယောက် သွားကြတယ်။ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါမှာကော။ ရှောင်လွှဲလို့ မရမှန်း ခရစ်ယာန်တွေ သိတယ်။ (ယော. ၁၅:၂၀။ ၂ တိ. ၃:၁၂) ဒါပေမဲ့ မလိုအပ်ဘဲ မစွန့်စားဘူး။ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ဂျေရုဆလင်မြို့က ဆန့်ကျင်သူတွေ ခဲနဲ့ပေါက်ဖို့ လုပ်တော့ “ပုန်းရှောင်ပြီး ဗိမာန်တော်ကနေ ထွက်သွားတယ်။” (ယော. ၈:၅၉) နောက်ပိုင်းမှာ သတ်ဖို့ ကြံစည်ကြတော့လည်း “ဂျူးတွေထဲမှာ ထင်ထင်ပေါ်ပေါ် မသွားလာတော့ဘဲ အဲဒီကနေ [တောစပ်နား] ထွက်သွားတယ်။” (ယော. ၁၁:၅၄) ဘုရားအလိုတော်ကို ပြီးစီးတဲ့အထိ ဆောင်နိုင်ဖို့ ယေရှု ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ ကာကွယ်တယ်။ ဒီနေ့ ခရစ်ယာန်တွေလည်း အလားတူပဲ။—မ. ၁၀:၁၆

“အတိုင်းထက်အလွန် စိတ်သက်သာရာ ရသွားကြတယ်” (တ. ၂၀:၅-၁၂)

၁၂၊ ၁၃။ (က) ဥတုခု ရှင်ပြန်ထမြောက်လာခြင်းက အသင်းတော်အပေါ် ဘာအကျိုးသက်ရောက်သလဲ။ (ခ) ဒီနေ့ ချစ်ရသူတွေ ဆုံးသွားတဲ့အခါ ဘယ်ကျမ်းစာအခြေပြု မျှော်လင့်ချက်ကြောင့် နှစ်သိမ့်မှု ရကြသလဲ။

၁၂ ပေါလုနဲ့ အဖော်တွေ မက်ဆီဒိုးနီးယားပြည်တစ်လျှောက် အတူ ခရီးနှင်ပြီးနောက် ခဏ လမ်းခွဲပြီး တရောမြို့မှာ ပြန်ဆုံကြပုံရတယ်။ d “ငါးရက်ကြာ ခရီးနှင်ပြီးနောက် သူတို့ ရှိနေတဲ့ တရောမြို့ကို ရောက်လာတယ်” လို့ မှတ်တမ်းက ဆိုတယ်။ e (တ. ၂၀:၆) ဒီအခန်း အစပိုင်းမှာ ဖော်ပြသလို တရောမြို့မှာ ဥတုခုကို ရှင်ပြန်ထမြောက်ပေးတာ အဲဒီအချိန် ဖြစ်တယ်။ ဥတုခု အသက်ပြန်ရှင်လာတာကို တွေ့တဲ့အခါ ညီအစ်ကို/မတွေ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ “အတိုင်းထက်အလွန် စိတ်သက်သာရာ ရသွားကြတယ်။”—တ. ၂၀:၁၂

၁၃ ဒီနေ့ခေတ်မှာတော့ ဒီလို အံ့ဖွယ်အမှုတွေ မရှိတော့ဘူး။ ဒါပေမဲ့ ကိုယ်ချစ်ရသူတွေ ဆုံးသွားတဲ့အခါ ကျမ်းစာအခြေပြု ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် ‘အတိုင်းထက်အလွန် စိတ်သက်သာရာ ရကြတယ်။’ (ယော. ၅:၂၈၊ ၂၉) ဥတုခုဟာ မစုံလင်သူ ဖြစ်လို့ နောက်ပိုင်း ပြန်သေဆုံးခဲ့ရတယ်။ (ရော. ၆:၂၃) ဒါပေမဲ့ ကမ္ဘာသစ်မှာ ထမြောက်လာသူတွေဟာ ထာဝစဉ် အသက်ရှင်မယ့် အလားအလာ ရှိကြတယ်။ ဒါ့အပြင် ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေဟာ မသေနိုင်တဲ့အသက် ရကြတယ်။ (၁ ကော. ၁၅:၅၁-၅၃) ဘိသိက်ခံဖြစ်စေ၊ “တခြားသိုး” ဖြစ်စေ ခရစ်ယာန်တွေဟာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် “အတိုင်းထက်အလွန် စိတ်သက်သာရာ ရ” နိုင်ကြပါတယ်။—ယော. ၁၀:၁၆

“လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော” (တ. ၂၀:၁၃-၂၄)

၁၄။ ဧဖက်မြို့က အကြီးအကဲတွေကို မိလက်မြို့မှာ တွေ့ဆုံတဲ့အခါ ပေါလု ဘာပြောသလဲ။

၁၄ ပေါလုနဲ့ အဖော်တွေဟာ တရောမြို့ကနေ အသုမြို့၊ မိတုလင်မြို့၊ ခိအုကျွန်း၊ သာမုကျွန်းနဲ့ မိလက်မြို့ကို ခရီးဆက်ကြတယ်။ ပင်တေကုတ္တေပွဲအတွက် ဂျေရုဆလင်မြို့ကို ပေါလု အချိန်မီ ရောက်ချင်တယ်။ ဒါကြောင့် ဒီတစ်ခေါက် ဧဖက်မြို့ မဝင်တော့တာ။ ဒါပေမဲ့ ဧဖက်မြို့က အကြီးအကဲတွေကို တွေ့ချင်သေးလို့ မိလက်မြို့မှာ လာတွေ့ခိုင်းလိုက်တယ်။ (တ. ၂၀:၁၃-၁၇) သူတို့ ရောက်လာတဲ့အခါ ပေါလုက “အာရှနယ်ကို ရောက်တဲ့နေ့ကစပြီး ခင်ဗျားတို့နဲ့ နေထိုင်ခဲ့ချိန် တစ်လျှောက်လုံးမှာ ကျွန်တော် ဘယ်လို ကျင့်ကြံနေထိုင်ခဲ့မှန်း ခင်ဗျားတို့ ကောင်းကောင်း သိပါတယ်။ အလွန် နှိမ့်ချတဲ့စိတ်နဲ့ သခင့်အတွက် ကျွန်တော် အစေခံခဲ့တယ်။ ကျွန်တော့်ကို သတ်ဖို့ ဂျူးတွေ လျှို့ဝှက်ကြံစည်တဲ့အတွက် စုံစမ်းနှောင့်ယှက်မှု အမျိုးမျိုး ကြုံတွေ့ပြီး မျက်ရည်ကျခဲ့ရတယ်။ ခင်ဗျားတို့အတွက် အကျိုးဖြစ်စေမယ့်အရာ တစ်ခုမှ ကျွန်တော် မထိမ်ချန်ခဲ့ဘူး။ လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော ဟောပြောသွန်သင်ပေးခဲ့တယ်။ နောင်တရပြီး ဘုရားသခင်ဆီ ပြန်လှည့်လာဖို့၊ သခင်ယေရှုကို ယုံကြည်ဖို့ ဂျူးတွေကိုရော ဂရိလူတွေကိုပါ စေ့စေ့စပ်စပ် သက်သေခံခဲ့တယ်” လို့ ပြောတယ်။—တ. ၂၀:၁၈-၂၁

၁၅။ တစ်အိမ်တက်ဆင်း သက်သေခံခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာလဲ။

၁၅ ဒီနေ့ လူတွေဆီ သတင်းကောင်း ရောက်ဖို့ ကျွန်တော်တို့ နည်းလမ်းများစွာ သုံးနေကြတယ်။ ဘတ်စကားမှတ်တိုင်၊ လူစည်တဲ့လမ်း၊ ဈေးစတဲ့ လူရှိတဲ့နေရာတိုင်း သွားဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ သုံးတဲ့ အဓိက ဟောပြောနည်းဟာ တစ်အိမ်တက်ဆင်း သွားခြင်းပဲ။ ဘာကြောင့်လဲ။ တစ်ချက်အနေနဲ့ တစ်အိမ်တက်ဆင်း ဟောပြောတာက နိုင်ငံတော်သတင်းကို လူတွေ မှန်မှန် ကြားနိုင်ဖို့ အခွင့်အရေး အလုံအလောက် ရစေတယ်။ ဘုရား မျက်နှာမလိုက်ကြောင်း ဖော်ပြရာရောက်တယ်။ နောက်တစ်ချက်ကတော့ စိတ်ရိုးဖြောင့်သူတွေကို လိုအပ်သလို ကူညီပေးနိုင်တယ်။ တစ်အိမ်တက်ဆင်း လုပ်ငန်းမှာ ပါဝင်တာက ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကိုလည်း တိုးစေတယ်။ ဒါ့အပြင် “လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော” ထက်ထက်သန်သန် သက်သေခံတာဟာ ဒီနေ့ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေပြီ။

၁၆၊ ၁၇။ ပေါလု သတ္တိရှိကြောင်း ဘယ်လို ပြသလဲ။ ဒီနေ့ ခရစ်ယာန်တွေ ဘယ်လို အတုယူကြသလဲ။

၁၆ ဂျေရုဆလင်မြို့ကို ရောက်ရင် ဘယ်အန္တရာယ်တွေ စောင့်ကြိုနေမယ်ဆိုတာ မသိဘူးလို့ ဧဖက်မြို့က အကြီးအကဲတွေကို ပေါလု ပြောတယ်။ “ဘာပဲဖြစ်ဖြစ် ဘုရားသခင့် မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းအကြောင်း စေ့စေ့စပ်စပ် သက်သေခံဖို့ သခင်ယေရှု ပေးအပ်ထားတဲ့ တာဝန်နဲ့ အမှုဆောင်လုပ်ငန်းကို ပြီးစီးအောင်သာ ဆောင်ရွက်ခွင့် ရမယ်ဆိုရင် ကျွန်တော့်အသက်ကိုတောင် ပဓာန မထားပါဘူး” လို့ ပြောတယ်။ (တ. ၂၀:၂၄) ပေါလု တကယ် သတ္တိရှိတယ်။ ကျန်းမာရေး ပြဿနာကြောင့် ဖြစ်ဖြစ်၊ ပြင်းထန်တဲ့ ဆန့်ကျင်မှုကြောင့် ဖြစ်ဖြစ် ဘာအကြောင်းကြောင့်မှ ဘုရားအလို ဆောင်တာ အပျက်မခံဘူး။

၁၇ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ခက်ခဲတဲ့ အခြေအနေ အမျိုးမျိုး ကြုံကြရတယ်။ အစိုးရ ပိတ်ပင်မှု၊ နှိပ်စက်ညှဉ်းပန်းမှု ရင်ဆိုင်ကြရတယ်။ တချို့က ခန္ဓာပိုင်း၊ စိတ်ပိုင်း မကျန်းမာကြဘူး။ ဒါပေမဲ့ သတ္တိရှိရှိ ရှေ့ဆက်နေကြတယ်။ ခရစ်ယာန် လူငယ်တွေ ကျောင်းမှာ ရွယ်တူချင်းဖိအား ကြုံကြရတယ်။ ယေဟောဝါသက်သေတွေဟာ ဘယ်အခြေအနေပဲ ကြုံရပါစေ ပေါလုလို ဆက်တည်ကြည်ကြတယ်။ “သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံဖို့” ဆုံးဖြတ်ထားကြတယ်။

“ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သိုးတော်တစ်စုလုံးကိုလည်း ဂရုတစိုက် ထိန်းကျောင်းကြပါ” (တ. ၂၀:၂၅-၃၈)

၁၈။ ပေါလု ဘယ်နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သွေးပြစ်ကင်းစေသလဲ။ ဧဖက်မြို့က အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။

၁၈ ဧဖက်မြို့က အကြီးအကဲတွေနဲ့ တွေ့တော့ ပေါလု အကြံပေးတယ်။ အသင်းတော်တွေကို မိမိ ဘယ်လို ဂရုစိုက်စောင့်ရှောက်ခဲ့ကြောင်း သတိရစေတယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ နောက်ဆုံး ဖြစ်နိုင်ကြောင်း စပြောတယ်။ အဲဒီနောက် “တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကို နားလည်စေချင်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မှန်သမျှ မထိမ်ချန်ဘဲ ခင်ဗျားတို့ကို ကျွန်တော် ပြောပြခဲ့လို့ပဲ” လို့ ဆက်ပြောတယ်။ ဧဖက်မြို့က အကြီးအကဲတွေ ပေါလုကို အတုယူပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လို သွေးပြစ်ကင်းစေနိုင်သလဲ။ “ဘုရားသခင်က သားတော်ရင်းရဲ့ သွေးနဲ့ ဝယ်ထားတဲ့ အသင်းတော်ကို ထိန်းကျောင်းဖို့ ခင်ဗျားတို့ကို ကြီးကြပ်မှူးတွေအဖြစ် သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သိုးတော်တစ်စုလုံးကိုလည်း ဂရုတစိုက် ထိန်းကျောင်းကြပါ” လို့ ပေါလု ပြောတယ်။ (တ. ၂၀:၂၆-၂၈) သိုးစုထဲ “ဖိနှိပ်တတ်တဲ့ ဝံပုလွေတွေ” ဝင်လာပြီး “တပည့်တွေကို သူတို့နောက်လိုက် ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့ အကြောင်းအရာတွေ သွန်သင်” ကြမယ်လို့ ပေါလု သတိပေးတယ်။ အကြီးအကဲတွေ ဘာလုပ်သင့်သလဲ။ “နိုးကြားနေကြပါ။ ကျွန်တော်က ခင်ဗျားတို့အားလုံးကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်နဲ့ ဆုံးမသွန်သင်ပေးခဲ့တာ ပြန်အမှတ်ရကြပါ” လို့ ပေါလု သတိပေးတယ်။—တ. ၂၀:၂၉-၃၁

၁၉။ ပထမရာစုအကုန်မှာ ဘယ်အယူဖောက်ပြန်မှု ပေါ်လာသလဲ။ အဲဒီကတစ်ဆင့် နောက်ပိုင်း နှစ်တွေမှာ ဘာဖြစ်လာသလဲ။

၁၉ ယေရှု သေဆုံးပြီး အနှစ် ၆၀ လောက်မှာ “ဖိနှိပ်တတ်တဲ့ ဝံပုလွေတွေ” ပေါ်လာတယ်။ အေဒီ ၉၈ လောက်မှာ တမန်တော် ယောဟန်က “ခရစ်တော်ကို ဆန့်ကျင်သူ အမြောက်အမြား အခုပဲ ပေါ်လာပြီ။ . . . သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။ ကျွန်တော်တို့လို လူစားမျိုး ဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ” လို့ ရေးတယ်။ (၁ ယော. ၂:၁၈၊ ၁၉) ယေရှု သေဆုံးပြီး အနှစ် ၂၀၀ လောက်မှာ အယူဖောက်ပြန်တဲ့ ဓမ္မဆရာ အတန်းအစား ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် အသင်းတော်သားတွေထက် ပိုသာတယ်လို့ ယူမှတ်ကြတယ်။ ယေရှု သေဆုံးပြီး အနှစ် ၃၀၀ လောက်မှာတော့ ဧကရာဇ် ကွန်စတင်တိုင်းက ဖောက်ပြန်တဲ့ “ခရစ်ယာန်ဘာသာ” ကို တရားဝင် အသိအမှတ်ပြုတယ်။ ဘာသာရေး ခေါင်းဆောင်တွေဟာ အယူမှားဘာသာရဲ့ ဓလေ့ထုံးစံကို ခံယူ၊ “ခရစ်ယာန်” ပုံစံ ဖြစ်အောင် ဖန်တီးပြီး “မှားယွင်းတဲ့ အကြောင်းအရာတွေ သွန်သင်” ကြတယ်။ ဒီအယူဖောက်ပြန်မှုရဲ့ အကျိုးဆက်ကို ခရစ်ယာန်ဘောင် သွန်သင်ချက်တွေ၊ ဓလေ့ထုံးစံတွေမှာ တွေ့နေရတုန်းပဲ။

၂၀၊ ၂၁။ ပေါလု ကိုယ်ကျိုးစွန့်စိတ်ဓာတ် ဘယ်လို ပြသလဲ။ ဒီနေ့ခေတ် ခရစ်ယာန် အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။

၂၀ ကိုယ်ကျိုးရှာဖို့ သိုးတော်စုကို အသုံးချမယ့်သူတွေနဲ့ ပေါလု လုံးဝ ကွာတယ်။ ပေါလုဟာ အသင်းတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ဖို့ အလုပ် လုပ်တယ်။ အကျိုးအမြတ် မမျှော်ဘဲ ယုံကြည်သူချင်းတွေအတွက် ကြိုးစားအမှုဆောင်တယ်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ် ပြဖို့ ဧဖက်မြို့က အကြီးအကဲတွေကို ပေါလု တိုက်တွန်းတယ်။ “ခင်ဗျားတို့လည်း အလုပ်ကြိုးစားပြီး အားနည်းသူတွေကို ထောက်မပေးဖို့၊ ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်’ ဆိုတဲ့ သခင်ယေရှုရဲ့ စကားကို အမြဲ အမှတ်ရနေဖို့ အရာရာမှာ ကျွန်တော် ပုံနမူနာ ပြခဲ့တယ်” လို့ ပြောတယ်။—တ. ၂၀:၃၅

၂၁ ပေါလုလိုပဲ ဒီနေ့ခေတ် ခရစ်ယာန် အကြီးအကဲတွေလည်း ကိုယ်ကျိုးစွန့်ကြတယ်။ ‘ဘုရားသခင်ရဲ့ အသင်းတော်ကို ထိန်းကျောင်း’ ဖို့ တာဝန်အပ်နှင်းခံရသူတွေဟာ သိုးတွေကို ငွေညှစ်နေတဲ့ ခရစ်ယာန်ဘောင် ဓမ္မဆရာတွေနဲ့ မတူဘဲ မိမိတို့တာဝန်ကို ကိုယ်ကျိုးမငဲ့ ထမ်းဆောင်နေကြတယ်။ ခရစ်ယာန် အသင်းတော်မှာ မာနကြီးခြင်း၊ ရည်မှန်းချက်ကြီးခြင်းအတွက် နေရာ မရှိဘူး။ “ကိုယ့်ဂုဏ် ကိုယ်ဖော်” သူတွေ နောက်ဆုံးမှာ ရှုံးနိမ့်မှာ ဖြစ်လို့ပဲ။ (ပညာ. ၂၅:၂၇) ရောင့်တက်ခြင်းက အရှက်ကွဲခြင်းကိုပဲ ဖြစ်စေတယ်။—ပညာ. ၁၁:၂

“သူတို့လည်း ရှိုက်ကြီးတငင် ငိုကြွေးကြတယ်။”—တမန်တော် ၂၀:၃၇

၂၂။ ဧဖက်မြို့က အကြီးအကဲတွေ ပေါလုကို ဘာကြောင့် ချစ်ကြသလဲ။

၂၂ ပေါလု မေတ္တာစစ်နဲ့ ချစ်လို့ ညီအစ်ကိုတွေလည်း ပေါလုကို သိပ်ချစ်တာ။ ခွဲခွာရတော့မယ့်အချိန်မှာ “ရှိုက်ကြီးတငင် ငိုကြွေးကြတယ်။ ပေါလုကို ဖက်ပြီး ချစ်ခင်လေးစားတဲ့ စိတ်နဲ့ နမ်းကြတယ်။” (တ. ၂၀:၃၇၊ ၃၈) သိုးတော်စုရဲ့ အကျိုးအတွက် ပေါလုလိုပဲ ကိုယ်ကျိုးမငဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်နေသူတွေကို ခရစ်ယာန်တွေ တန်ဖိုးထား ချစ်ခင်ကြတယ်။ ပေါလုရဲ့ စံနမူနာကောင်းကို သုံးသပ်ပြီးပြီဆိုတော့ “တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး” လို့ ပေါလု ပြောတာဟာ ကြွားဝါ၊ ချဲ့ကားပြောနေတာ မဟုတ်ကြောင်း သင် သဘောတူတယ် မဟုတ်လား။—တ. ၂၀:၂၆

a မက်ဆီဒိုးနီးယားက ပေါလုရဲ့ စာတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

b ကောရိန္သုမြို့ကို ဒီတစ်ကြိမ် ပေါလု လည်ပတ်ချိန်မှာ ရောမကျမ်း ကို ရေးခဲ့ပုံရတယ်။

c ကယ်ဆယ်ရေး အလှူငွေတွေကို ပေါလု ပေးအပ်” လေးထောင့်ကွက်ကို ကြည့်ပါ။

d တမန်တော် ၂၀:၅၊ ၆ မှာ “ကျွန်တော်တို့” လို့ လုကာ အသုံးပြုထားခြင်းက တရောမြို့အသွား ဖိလိပ္ပိမြို့မှာ သူ့ကို ပေါလု ဝင်ခေါ်ကြောင်း ဖော်ပြတယ်။—တ. ၁၆:၁၀-၁၇၊ ၄၀

e ဖိလိပ္ပိမြို့ကနေ တရောမြို့ကို သွားတဲ့ ခရီး ငါးရက်ကြာသွားတယ်။ အရင်က ဒီခရီးကို နှစ်ရက်တည်းနဲ့ ရောက်တယ်။ ဒီတစ်ခေါက် လေကြောင်းမသင့်လို့ ဖြစ်နိုင်တယ်။—တ. ၁၆:၁၁