မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

“ယေဟောဝါဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေ”

“ယေဟောဝါဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေ”

ဘုရားအလို ဆောင်မယ်လို့ ဆုံးဖြတ်ထားလို့ ဂျေရုဆလင်မြို့ကို ပေါလု သွား

တမန်တော် ၂၁:၁-၁၇ ကို အခြေခံ

၁-၄။ ဂျေရုဆလင်မြို့ကို ပေါလု ဘာကြောင့် သွားသလဲ။ ဘာတွေ ကြုံရမလဲ။

 မိလက်မြို့ကနေ ပေါလုနဲ့ လုကာ ထွက်လာတော့ အားလုံး စိတ်ထိခိုက်ကြတယ်။ ချစ်ခင်ရတဲ့ ဧဖက်မြို့ အကြီးအကဲတွေကို ထားခဲ့ရတာ ပေါလုနဲ့ လုကာအတွက် သိပ်ခက်တယ်။ ပေါလုနဲ့ လုကာ သင်္ဘောကုန်းပတ်ပေါ် ရပ်နေကြတယ်။ ခရီးမှာ လိုမယ့် ပစ္စည်းတွေ ထည့်ထားတဲ့ အထုပ်အပိုးတွေနဲ့အတူ ယုဒနယ်က နွမ်းပါးတဲ့ ခရစ်ယာန်တွေအတွက် အလှူငွေတွေလည်း သယ်လာကြတယ်။ အလှူငွေတွေကို ညီအစ်ကို/မတွေ လက်ထဲ အပ်ချင်လှပြီ။

လေပြည်တစ်ချက်အဝှေ့ သင်္ဘောဟာ ဆူညံနေတဲ့ ဆိပ်ကမ်းကနေ ကမ်းခွာလိုက်တယ်။ ခရီးသွားဖော် ခုနစ်ယောက်နဲ့အတူ ပေါလုနဲ့ လုကာဟာ ကမ်းပေါ်မှာ မျက်ရည်စမ်းစမ်းနဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကြည့်နေကြတယ်။ (တ. ၂၀:၄၊ ၁၄၊ ၁၅) ညီအစ်ကိုတွေ မြင်ကွင်းကနေ ပျောက်သွားချိန်အထိ လက်ဝှေ့ယမ်းပြကြတယ်။

ဧဖက်မြို့က အကြီးအကဲတွေနဲ့ ပေါလု သုံးနှစ်လောက် အတူ အမှုဆောင်ခဲ့တာ။ အခု၊ သန့်ရှင်းသော စွမ်းအားတော် ညွှန်ကြားမှုကြောင့် ဂျေရုဆလင်မြို့ကို သွားနေပြီ။ ရှေ့မှာ ဘာကြုံရမယ်ဆိုတာ သိသင့်သလောက် သိထားတယ်။ “စွမ်းအားတော် စေခိုင်းချက်အရ ဂျေရုဆလင်မြို့ကို သွားရတော့မယ်။ အဲဒီမြို့မှာ ဘာတွေ ကြုံရမယ်မှန်း မသိရသေးဘူး။ ဒါပေမဲ့ ထောင်ချခံရမယ်၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမယ်ဆိုပြီး သန့်ရှင်းသော စွမ်းအားတော်က မြို့တိုင်းမှာ အကြိမ်ကြိမ် သတိပေးတာကိုတော့ ကျွန်တော် သိတယ်” ဆိုပြီး အကြီးအကဲတွေကို ပြောထားခဲ့တယ်။ (တ. ၂၀:၂၂၊ ၂၃) ဂျေရုဆလင်မြို့ကို သွားတာ အန္တရာယ်ရှိပေမဲ့ “စွမ်းအားတော်ရဲ့ စေခိုင်းချက်” ဖြစ်လို့ သွားဖို့ တာဝန် ရှိတယ်လို့ ပေါလု ခံစားရတယ်။ တကယ်လည်း သွားချင်စိတ် ရှိတယ်။ ကိုယ့်အသက်ကို တန်ဖိုးထားပေမဲ့ ဘုရားအလို ဆောင်တာ ပေါလုအတွက် အရေးကြီးဆုံးပဲ။

သင်ကော အဲဒီလို သဘောထားသလား။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံချိန်မှာ အလိုတော် ဆောင်ခြင်းကို ဦးစားထားမယ်လို့ ကျွန်တော်တို့ ကတိပြုခဲ့ကြတယ်။ ဒါကြောင့် တမန်တော် ပေါလုရဲ့ သစ္စာရှိ စံနမူနာကို သုံးသပ်ခြင်းကနေ အကျိုးရနိုင်တယ်။

“ဆိုက်ပရပ်ကျွန်း” ကို ဖြတ်ခြင်း (တ. ၂၁:၁-၃)

၅။ ပေါလုနဲ့ အဖော်တွေ ဘယ်လမ်းကြောင်းနဲ့ တိုင်ရာမြို့ကို ခရီးဆက်သလဲ။

ပေါလုနဲ့ အဖော်တွေ လိုက်ပါလာတဲ့ သင်္ဘောဟာ “တည့်တည့် ရွက်လွှင့်” တယ်။ လေအဟုန်ကို လိုက်ပြီး လမ်းကြောင်း မပြောင်းဘဲ တည့်တည့် ရွက်လွှင့်တဲ့အတွက် အဲဒီနေ့မှာပဲ ကောသမြို့ကို ရောက်လာကြတယ်။ (တ. ၂၁:၁) အဲဒီမှာ ကျောက်ချ၊ ညအိပ်ပြီး နောက်တစ်နေ့ ရောဒုကျွန်းနဲ့ ပါတရမြို့ကို ရွက်လွှင့်တယ်။ အာရှမိုင်းနား တောင်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်က ပါတရမြို့မှာ ကုန်သင်္ဘောကြီး ပြောင်းစီးပြီး ဖိုနီးရှားပြည်၊ တိုင်ရာမြို့ကို ရောက်လာတယ်။ လမ်းမှာ “ဆိုက်ပရပ်ကျွန်းကို” ဖြတ်သွားတယ်။ (တ. ၂၁:၃) ဒီအချက်ကို တမန်တော်ကျမ်း ရေးသူ လုကာ ဘာကြောင့် ထည့်ဖော်ပြသလဲ။

၆။ (က) ဆိုက်ပရပ်ကျွန်းကို မြင်ရလို့ ပေါလု ဘာကြောင့် အားရှိသွားသလဲ။ (ခ) သင့်ကို ယေဟောဝါ ကူညီထောက်မပေးခဲ့တာတွေကို ပြန်စဉ်းစားတဲ့အခါ ဘာကောက်ချက် ချမိသလဲ။

ပေါလု အဲဒီကျွန်းကို လက်ညှိုး ထိုးပြပြီး အဲဒီမှာ ကြုံခဲ့တာတွေ ပြောပြတာ ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ပထမ သာသနာပြု ခရီးစဉ်မှာ ပေါလုဟာ ဗာနဗ၊ ယောဟန် မာကုတို့နဲ့အတူ ဟောပြောနေတုန်း အတိုက်အခံပြုသူ မှော်ဆရာ ဧလုမနဲ့ ဆုံခဲ့တယ်။ (တ. ၁၃:၄-၁၂) အဲဒီကျွန်းကို ကြည့်ပြီး ဖြစ်ခဲ့တာတွေ ပြန်စဉ်းစားမိသွားတော့ ရှေ့မှာ ကြုံရမယ့်အရာတွေ ရင်ဆိုင်ဖို့ ပေါလု အားရှိသွားမှာပဲ။ ကျွန်တော်တို့လည်း စမ်းသပ်မှုတွေ ခံရပ်နိုင်ဖို့ ဘုရား ကူညီထောက်မပေးခဲ့တာတွေကို ပြန်စဉ်းစားသင့်တယ်။ အဲဒီလို စဉ်းစားတာက “ဖြောင့်မတ်သူဟာ အခက်အခဲများစွာ ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှကနေ သူ့ကို ကယ်တင်တယ်” လို့ ပြောတဲ့ ဒါဝိဒ်လို ခံစားရဖို့ ကူညီပေးနိုင်တယ်။—ဆာ. ၃၄:၁၉

‘တပည့်တွေကို ရှာတွေ့တယ်’ (တ. ၂၁:၄-၉)

၇။ တိုင်ရာမြို့ကို ရောက်တဲ့အခါ ပေါလုတို့ ဘာလုပ်ကြသလဲ။

ခရစ်ယာန် ပေါင်းသင်းမှုကို ပေါလု တန်ဖိုးထားတယ်။ ယုံကြည်သူချင်းတွေနဲ့အတူ ရှိချင်တယ်။ တိုင်ရာမြို့ကို ရောက်တော့ “တပည့်တွေကို ရှာတွေ့” တယ်လို့ လုကာ ရေးတယ်။ (တ. ၂၁:၄) တိုင်ရာမြို့မှာ ခရစ်ယာန် ရောင်းရင်းတွေ ရှိမှန်း သိထားလို့ ရှာကြတယ်။ ရှာတွေ့တော့ အဲဒီမှာ နေခဲ့ကြပုံ ရတယ်။ အမှန်တရားထဲ ရှိနေခြင်းရဲ့ ကောင်းချီးတစ်ခုကတော့ သွားလေရာရာမှာ လက်ခံကြိုဆိုမယ့် ယုံကြည်သူချင်းတွေ ရှာတွေ့နိုင်တာပဲ။ ဘုရားကို ချစ်ပြီး စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်သူတွေဟာ ကမ္ဘာအနှံ့မှာ မိတ်ဆွေတွေ ရှိကြတယ်။

၈။ တမန်တော် ၂၁:၄ ကို ဘယ်လို နားလည်ရမလဲ။

တိုင်ရာမြို့မှာ သူတို့ ခုနစ်ရက် နေကြတယ်။ စဉ်းစားရခက်ပုံပေါ်တဲ့ ကိစ္စတစ်ခုကို လုကာ ဒီလို မှတ်တမ်းတင်တယ်– “[တိုင်ရာမြို့မှာ ရှိတဲ့ ညီအစ်ကိုတွေဟာ] စွမ်းအားတော် ဖော်ပြထားတဲ့အတွက် ဂျေရုဆလင်မြို့ကို မသွားဖို့ ပေါလုကို အကြိမ်ကြိမ် တားကြတယ်။” (တ. ၂၁:၄) ယေဟောဝါ စိတ်ပြောင်းသွားတာလား။ ဂျေရုဆလင်မြို့ကို မသွားတော့ဖို့ ပေါလုကို ညွှန်ကြားနေတာလား။ မဟုတ်ပါဘူး။ ဂျေရုဆလင်မြို့ကို မသွားဖို့ စွမ်းအားတော် အသိပေးနေတာ မဟုတ်ဘူး။ အဲဒီမြို့မှာ နှိပ်စက်ညှဉ်းပန်းခံရမယ်လို့ အသိပေးနေတာ။ ဂျေရုဆလင်မြို့မှာ ပေါလု ဒုက္ခရောက်မယ်ဆိုတာ စွမ်းအားတော် ဖော်ပြလို့ တိုင်ရာမြို့က ညီအစ်ကိုတွေ သိနေကြပုံ ရတယ်။ ဒါကြောင့် ပေါလုအတွက် စိုးရိမ်လို့ မသွားဖို့ တားကြတာ။ ပေါလု အန္တရာယ် မကြုံအောင် ကာကွယ်ပေးချင်ကြတဲ့ ဆန္ဒကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါအလို ဆောင်ဖို့ ပေါလု ဆုံးဖြတ်ထားလို့ ဂျေရုဆလင်မြို့ကို ခရီးဆက်တယ်။—တ. ၂၁:၁၂

၉၊ ၁၀။ (က) တိုင်ရာမြို့က ညီအစ်ကိုတွေ မိမိအတွက် စိုးရိမ်ပူပန်ကြောင်း ကြားတဲ့အခါ ပေါလု ဘာအကြောင်း တွေးမိသွားနိုင်သလဲ။ (ခ) ဒီနေ့ လောကမှာ ဘယ်သဘောထား ပျံ့နှံ့နေသလဲ။ ယေရှုရဲ့ စကားနဲ့ ဘယ်လို ကွာသလဲ။

ညီအစ်ကိုတွေ စိုးရိမ်တကြီး တားတော့ ယေရှုအကြောင်း ပေါလု တွေးမိသွားမှာပဲ။ ဂျေရုဆလင်မြို့ကို သွားရမယ်၊ ဒုက္ခများစွာ ကြုံပြီးနောက် အသတ်ခံရမယ်လို့ ယေရှု ပြောတော့ တပည့်တွေ အဲဒီလိုပဲ တုံ့ပြန်ခဲ့ကြတယ်။ ပေတရုဆိုရင် စိတ်ထိခိုက်လွန်းလို့ “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့တောင် ပြောတယ်။ အဲဒီအခါ ယေရှုက “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေ စဉ်းစားသလို စဉ်းစားနေတယ်” လို့ ပြောတယ်။ (မ. ၁၆:၂၁-၂၃) ဘုရားအလို ဆောင်ဖို့၊ ကိုယ့်အသက်ကို စွန့်ဖို့ ယေရှု ဆုံးဖြတ်ထားပြီးပြီ။ ပေါလုလည်း အဲဒီလိုပဲ ဆုံးဖြတ်ထားတယ်။ တိုင်ရာမြို့က ညီအစ်ကိုတွေဟာ တမန်တော် ပေတရုလိုပဲ စိတ်ရင်းကောင်းကြတယ်။ ဒါပေမဲ့ ပေါလု ဂျေရုဆလင်မြို့ကို သွားမယ့် ကိစ္စဟာ ဘုရားအလိုတော် ဖြစ်မှန်း မသိကြဘူး။

ယေရှုနောက် လိုက်ဖို့ ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိဖို့ လိုအပ်

၁၀ ဒီနေ့ လူများစွာဟာ ကိုယ့်ကိုယ်ကိုယ် ညှာကြတယ်။ အလွယ်လမ်း လိုက်ကြတယ်။ သိပ်မတင်းကျပ်တဲ့ ဘာသာရေးကို နှစ်သက်ကြတယ်။ ဒါပေမဲ့ သူတို့နဲ့ မတူဖို့ ကျွန်တော်တို့ကို ယေရှု တိုက်တွန်းတယ်။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်” လို့ တပည့်တွေကို ပြောတယ်။ (မ. ၁၆:၂၄) ယေရှုနောက် လိုက်တာဟာ ပညာရှိတဲ့၊ မှန်ကန်တဲ့ လမ်းစဉ် ဖြစ်တယ်။ ဒါပေမဲ့ လွယ်ကူတဲ့ လမ်းစဉ်တော့ မဟုတ်ဘူး။

၁၁။ တိုင်ရာမြို့သား တပည့်တွေ ပေါလုကို ချစ်ခင်လေးစားပြီး ကူညီပေးကြောင်း ဘယ်လို ပြကြသလဲ။

၁၁ မကြာခင်မှာပဲ ပေါလု၊ လုကာနဲ့ အဖော်တွေ ခရီးဆက်ဖို့ အချိန်ကျလာတယ်။ သူတို့ နှုတ်ဆက်ခွဲခွာတဲ့အကြောင်း ရေးထားပုံက စိတ်ထိမိစရာ သိပ်ကောင်းတယ်။ တိုင်ရာမြို့က ညီအစ်ကိုတွေ ပေါလုကို ချစ်ခင်တယ်၊ ပေါလုရဲ့ အမှုဆောင်လုပ်ငန်းကို အင်တိုက်အားတိုက် ကူညီပေးချင်ကြတယ်ဆိုတာ ဖော်ပြတယ်။ ပေါလုနဲ့ အဖော်တွေကို အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေပါမကျန် ကမ်းခြေအထိ လိုက်ပို့ကြတယ်။ အုပ်စုလိုက် ဒူးထောက်၊ အတူ ဆုတောင်းပြီးနောက် နှုတ်ဆက်စကားတွေ ပြောကြတယ်။ ပေါလု၊ လုကာနဲ့ ခရီးဖော်တွေ သင်္ဘောပေါ် တက်ပြီး ပတောလမဲမြို့ကို ခရီးဆက်ကြတယ်။ အဲဒီမြို့မှာ ညီအစ်ကိုတွေနဲ့ ဆုံပြီး တစ်ရက် နေကြတယ်။—တ. ၂၁:၅-၇

၁၂၊ ၁၃။ (က) သစ္စာရှိရှိ အမှုဆောင်ခြင်းနဲ့ပတ်သက်ပြီး ဖိလိပ္ပုမှာ ဘယ်မှတ်တမ်း ရှိသလဲ။ (ခ) ဖိလိပ္ပုဟာ ဒီနေ့ ခရစ်ယာန် ဖခင်တွေအတွက် ဘယ်လိုနည်းနဲ့ စံနမူနာကောင်း ဖြစ်သလဲ။

၁၂ အဲဒီနောက် ပေါလုနဲ့ ခရီးဖော်တွေ ကဲသရိမြို့ကို သွားတဲ့အကြောင်း လုကာ မှတ်တမ်းတင်တယ်။ မြို့ကို ရောက်တာနဲ့ “သတင်းကောင်း ဟောပြောသူ ဖိလိပ္ပုရဲ့ အိမ်မှာ ဝင်ပြီး တည်းခိုကြတယ်။” a (တ. ၂၁:၈) ဖိလိပ္ပုကို တွေ့တော့ သူတို့ သိပ်ဝမ်းသာကြမှာပဲ။ ဖိလိပ္ပုဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဂျေရုဆလင်မြို့ တည်ထောင်ခါစ ခရစ်ယာန် အသင်းတော်မှာ အစားအစာ ဝေပေးဖို့ တမန်တော်တွေ ခန့်အပ်တာ ခံရတယ်။ နှစ်အများကြီး ဇွဲရှိရှိ ဟောပြောတယ်။ နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် တပည့်တွေ အရပ်ရပ် ကွဲလွင့်သွားတုန်းက ရှမာရိမြို့ကို ဖိလိပ္ပု သွားဟောပြောတယ်။ အီသီယိုးပီးယား မိန်းမစိုးကို သတင်းကောင်း ဟောပြီး နှစ်ခြင်းပေးတယ်။ (တ. ၆:၂-၆။ ၈:၄-၁၃၊ ၂၆-၃၈) ဖိလိပ္ပုဟာ တကယ့်ကို သစ္စာရှိတဲ့ ဘုရားအမှုဆောင်သူပါပဲ။

၁၃ အခု၊ ကဲသရိမြို့မှာ ဖိလိပ္ပု အခြေချ နေထိုင်တယ်။ “သတင်းကောင်း ဟောပြောသူ” လို့ လုကာ ဖော်ပြလို့ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲရှိနေတုန်းပဲဆိုတာ သိရတယ်။ သမီး ၄ ယောက်ဟာ ပရောဖက်မတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားတယ်။ ဖခင်ခြေရာ နင်းတဲ့ သမီးတွေပဲ။ b (တ. ၂၁:၉) မိသားစုဝင်တွေ ယေဟောဝါကို ချစ်ဖို့၊ ဝတ်ပြုအမှုဆောင်ဖို့ ဖိလိပ္ပု ကြိုးစားကူညီပေးခဲ့တာ သေချာတယ်။ ဒီနေ့ခေတ် ခရစ်ယာန် ဖခင်တွေ ဖိလိပ္ပုကို အတုယူသင့်တယ်။ သားသမီးတွေကို အမှုဆောင် ခေါ်သွားခြင်း၊ ဟောပြောခြင်းလုပ်ငန်းကို သူတို့ ချစ်မြတ်နိုးလာအောင် ကူညီပေးခြင်းအားဖြင့် အတုယူနိုင်တယ်။

၁၄။ ယုံကြည်သူချင်းတွေဆီ ပေါလု လည်ပတ်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ရှိခဲ့မလဲ။ ဒီနေ့လည်း ဘယ်အလားတူ အခွင့်အရေးတွေ ရှိသလဲ။

၁၄ ပေါလု ဘယ်နေရာ ရောက်ရောက် ယုံကြည်သူချင်းတွေကို ရှာတယ်။ အချိန်ပေး ပေါင်းတယ်။ ပေါလုနဲ့ အဖော်တွေကို ဧည့်ဝတ်ပြုရလို့ ဒေသခံ ညီအစ်ကိုတွေ သိပ်ဝမ်းသာကြမှာပဲ။ “အပြန်အလှန် အားပေးခွင့် ရ” ကြမှာပဲ။ (ရော. ၁:၁၁၊ ၁၂) ဒီနေ့လည်း အလားတူ အခွင့်အရေးတွေ ရှိတယ်။ ဘယ်လောက်ပဲ ဆင်းရဲပါစေ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို အိမ်မှာ ဧည့်ခံတဲ့အခါ အကျိုးကျေးဇူးတွေ ရနိုင်တယ်။—ရော. ၁၂:၁၃

‘အသေခံဖို့တောင် အသင့်ပါပဲ’ (တ. ၂၁:၁၀-၁၄)

၁၅၊ ၁၆။ ဘယ်သတင်း အာဂဗု ယူလာသလဲ။ ဒီသတင်း ကြားရသူတွေ ဘယ်လို ဖြစ်သွားသလဲ။

၁၅ ဖိလိပ္ပုအိမ်မှာ ပေါလု ရှိနေတုန်း လူလေးစားခံရတဲ့ အာဂဗု ရောက်လာတယ်။ အာဂဗုဟာ ပရောဖက်ဆိုတာ ဖိလိပ္ပုအိမ်မှာ စုရုံးနေသူတွေ သိကြတယ်။ ကလောဒိမင်းလက်ထက်က အငတ်ဘေးအကြောင်း သူ ကြိုဟောဖူးတယ်။ (တ. ၁၁:၂၇၊ ၂၈) ‘အာဂဗု ဘာကြောင့် ရောက်လာသလဲ။ ဘာသတင်း ပါသလဲ’ လို့ သိချင်နေကြမှာပဲ။ သူတို့ အာရုံစိုက် ကြည့်နေတုန်းမှာပဲ ပေါလုရဲ့ ခါးစည်းကို အာဂဗု ယူလိုက်တယ်။ ခါးစည်းဆိုတာ ဒင်္ဂါးတွေနဲ့ တခြားပစ္စည်းတွေ ထည့်ပြီး ခါးမှာ ပတ်ရတဲ့ ပိတ်ရှည် ဖြစ်တယ်။ ပေါလုရဲ့ ခါးစည်းနဲ့ ကိုယ့်ခြေလက်တွေကို အာဂဗု ချည်လိုက်တယ်။ အဲဒီနောက် “‘ဂျေရုဆလင်မြို့မှာ ဂျူးတွေက ဒီခါးစည်းပိုင်ရှင်ကို ဒီလိုချည်နှောင်ပြီး လူမျိုးခြားတွေလက်ထဲ အပ်နှံလိမ့်မယ်’ လို့ သန့်ရှင်းသော စွမ်းအားတော်က အသိပေးပါတယ်” ဆိုပြီး ဟောတယ်။—တ. ၂၁:၁၁

၁၆ ဒီပရောဖက်ပြုချက်အရ ပေါလု ဂျေရုဆလင်မြို့ကို သွားရမယ်၊ အဲဒီမှာ ရှိတဲ့ ဂျူးတွေ ပေါလုကို “လူမျိုးခြားတွေလက်ထဲ” အပ်နှံကြမယ်ဆိုတာ သေချာသွားပြီ။ ပရောဖက်ပြုချက်ကြောင့် အဲဒီမှာ ရှိနေသူတွေ စိတ်ပူသွားတယ်။ မှတ်တမ်းအရ “ဒီစကားကို ကြားတော့ ကျွန်တော်တို့ရော အဲဒီမှာရှိနေသူတွေကပါ ဂျေရုဆလင်မြို့ကို မသွားဖို့ ပေါလုကို တောင်းပန်တယ်။ ပေါလုက ‘ဘာလို့ ငိုနေကြတာလဲ။ ကျွန်တော့်သန္နိဋ္ဌာန် ပျက်ပြားအောင် ဘာလို့ လုပ်နေကြတာလဲ။ သခင်ယေရှုရဲ့ နာမည်အတွက်ဆိုရင် ဂျေရုဆလင်မြို့မှာ ချည်နှောင်ခံရရုံမက အသေခံဖို့တောင် အသင့်ပါပဲ’ လို့ ပြောတယ်။”—တ. ၂၁:၁၂၊ ၁၃

၁၇၊ ၁၈။ ပေါလု ဆုံးဖြတ်ချက် ခိုင်မာကြောင်း ဘယ်လို ပြသလဲ။ ညီအစ်ကိုတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

၁၇ မြင်ယောင်ကြည့်ပါ။ ဂျေရုဆလင်မြို့ မသွားဖို့ ပေါလုကို လုကာ အပါအဝင် ညီအစ်ကိုတွေ တောင်းပန်ကြတယ်။ တချို့ ငိုကြတယ်။ ကိုယ့်ကို ချစ်ခင်၊ စိုးရိမ်ပေးကြတာ ပေါလု မြင်ရတယ်။ “ကျွန်တော့်သန္နိဋ္ဌာန် ပျက်ပြားအောင် ဘာလို့ လုပ်နေကြတာလဲ” လို့ လေသံပျော့ပျော့လေးနဲ့ မေးတယ်။ ဒါကို ဘာသာပြန်ကျမ်းတချို့က “ကျွန်တော် စိတ်ပျော့အောင် ဘာလို့ လုပ်နေကြတာလဲ” လို့ ပြန်ဆိုကြတယ်။ ဒါပေမဲ့ ပေါလု အခိုင်အမာ ဆုံးဖြတ်ထားပြီးပြီ။ တိုင်ရာမြို့က ညီအစ်ကိုတွေလိုပဲ အခု ကဲသရိမြို့က ညီအစ်ကိုတွေ မျက်ရည်ခံထိုး အသနားခံပေမဲ့ ပေါလု တွေဝေမနေဘူး။ သူ ဘာကြောင့် ဂျေရုဆလင်မြို့ သွားရမယ်ဆိုတာ ရှင်းပြတယ်။ တကယ် သတ္တိရှိပြီး စိတ်မာတဲ့သူပဲ။ ယေရှုလိုပဲ ပေါလု ဂျေရုဆလင်မြို့ကို သွားဖို့ ဆုံးဖြတ်ထားပြီးပြီ။ (ဟီ. ၁၂:၂) ပေါလု မသေချင်ပါဘူး။ ဒါပေမဲ့ သေရမယ်ဆိုရင်လည်း ခရစ်တော် ယေရှုရဲ့ နောက်လိုက်အဖြစ် သေရမှာမို့ ဂုဏ်ယူတယ်။

၁၈ ညီအစ်ကိုတွေ ဘယ်လို တုံ့ပြန်သလဲ။ ပေါလုရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြတယ်။ “ဘယ်လိုမှ ဖျောင်းဖျလို့ မရတဲ့အခါ သူ့ကို မတားဆီးတော့ဘဲ ‘ယေဟောဝါဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေ’ လို့ပဲ ပြောလိုက်တယ်။” (တ. ၂၁:၁၄) ဂျေရုဆလင်မြို့ မသွားဖို့ ပေါလုကို ဖျောင်းဖျသူတွေဟာ ကိုယ် ဖြစ်စေချင်တာပဲ ဇွတ်မလုပ်ကြဘူး။ ပေါလု ပြောတာ နားထောင်ကြတယ်။ လက်ခံကြတယ်။ ကိုယ် ဖြစ်စေချင်တာနဲ့ ထပ်တူ မကျရင်တောင် ပေါလုနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အလိုတော်ကို လက်ခံရမယ်ဆိုတာ သဘောပေါက်ကြတယ်။ ဒီလိုနဲ့ ပေါလုဟာ သေလမ်းမှန်း သိလျက်နဲ့ ခရီး စထွက်လာတယ်။ ချစ်ခင်ရသူတွေသာ ဝိုင်းမတားကြရင် ပေါလုအတွက် ပိုလွယ်မှာ။

၁၉။ ပေါလုရဲ့ အဖြစ်ကနေ ဘယ်အဖိုးတန် သင်ခန်းစာ ရသလဲ။

၁၉ ပေါလုရဲ့ အဖြစ်ကနေ အဖိုးတန် သင်ခန်းစာတစ်ခု ရတယ်။ တခြားသူတွေ ကိုယ်ကျိုးစွန့်ပြီး ဘုရားအမှု ဆောင်နေတာကို ကျွန်တော်တို့ မတားသင့်ဘူး။ ဒီသင်ခန်းစာကို သေရေးရှင်ရေး ကိစ္စမျိုးမှာမှ မဟုတ်ဘဲ အခြေအနေ အမျိုးမျိုးမှာ လက်တွေ့ ကျင့်နိုင်တယ်။ ဥပမာ၊ ခရစ်ယာန် မိဘများစွာဟာ သားသမီးတွေ ရပ်ဝေးမှာ အမှုဆောင်ဖို့ အိမ်က ထွက်သွားတာကို မကြည့်ရက်ပေမဲ့ သူတို့ စိတ်ဓာတ်ကျအောင် မလုပ်ဖို့ ဆုံးဖြတ်ထားကြတယ်။ အင်္ဂလန်နိုင်ငံမှာ နေတဲ့ ညီအစ်မ ဖီးလစ္စဟာ တစ်ဦးတည်းသော သမီး သာသနာပြုအဖြစ် အာဖရိကကို ထွက်သွားတော့ ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ ပြန်သတိရမိတယ်။ “တကယ် စိတ်မကောင်း ဖြစ်မိတယ်။ ဒီလောက် ဝေးတဲ့နေရာကို သမီး သွားတော့မယ်ဆိုတဲ့ အသိက တော်တော် ခံရခက်တယ်။ ဝမ်းနည်းပေမဲ့ ဂုဏ်လည်း ယူတယ်။ ဆုတောင်းတယ်။ ဒါ သမီးရဲ့ ဆုံးဖြတ်ချက်ပဲ။ ဆုံးဖြတ်ချက် ပြင်ဖို့ ကျွန်မ တစ်ခါမှ နားမချဘူး။ နိုင်ငံတော်ကို ဦးစားထားဖို့ ကိုယ်ပဲ သင်ပေးထားတာလေ။ သမီးလေး တိုင်းတစ်ပါးမှာ အမှုဆောင်တာ အနှစ် ၃၀ ရှိပြီ။ သစ္စာရှိရှိ အမှုဆောင်နေတဲ့အတွက် ယေဟောဝါဘုရားကို ကျွန်မ နေ့တိုင်း ကျေးဇူးတင်တယ်” လို့ ဖီးလစ္စ ပြောတယ်။ ကိုယ်ကျိုးစွန့် အမှုဆောင်နေတဲ့ ယုံကြည်သူချင်းတွေကို ကျွန်တော်တို့ အဲဒီလို အားပေးသင့်တယ်။

ကိုယ်ကျိုးစွန့် အမှုဆောင်နေတဲ့ ယုံကြည်သူချင်းတွေကို အားပေးသင့်

“ကျွန်တော်တို့ကို ညီအစ်ကိုတွေ ဝမ်းသာအားရ ကြိုဆိုကြတယ်” (တ. ၂၁:၁၅-၁၇)

၂၀၊ ၂၁။ ပေါလု ညီအစ်ကိုတွေနဲ့ အတူရှိနေချင်ကြောင်း ဘယ်အချက်က ဖော်ပြသလဲ။ ယုံကြည်သူချင်းတွေနဲ့ ဘာကြောင့် အတူရှိနေချင်သလဲ။

၂၀ ပေါလု ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး ထွက်လာတော့ ကဲသရိမြို့က ညီအစ်ကိုတွေ လိုက်ပို့ကြတယ်။ စိတ်ရောကိုယ်ပါ ထောက်မပေးတဲ့ မိတ်ဆွေတွေပါပဲ။ ပေါလုနဲ့ အဖော်တွေဟာ ဂျေရုဆလင်မြို့ကို သွားတဲ့ ခရီးတစ်လျှောက် တစ်ထောက် နားတိုင်း ညီအစ်ကို/မတွေကို ရှာဖွေပေါင်းသင်းတယ်။ တိုင်ရာမြို့မှာ တပည့်တွေကို ရှာတွေ့တော့ သူတို့နဲ့ ခုနစ်ရက် နေတယ်။ ပတောလမဲမြို့ကို ရောက်တော့ ညီအစ်ကို/မတွေကို နှုတ်ဆက်စကားပြောပြီး သူတို့နဲ့ တစ်ရက် နေတယ်။ ကဲသရိမြို့က ဖိလိပ္ပုရဲ့ အိမ်မှာ ရက်အတော်ကြာ နေတယ်။ အဲဒီနောက် ပေါလုနဲ့ အဖော်တွေကို ကဲသရိမြို့မှာ ရှိတဲ့ တပည့်တချို့ ဂျေရုဆလင်မြို့အထိ လိုက်ပို့တဲ့အခါ တပည့် မနာသုန်က အိမ်မှာ ဧည့်ခံတယ်။ ဂျေရုဆလင်မြို့ကို ရောက်တဲ့အခါ “ညီအစ်ကိုတွေ ဝမ်းသာအားရ ကြိုဆိုကြတယ်။”—တ. ၂၁:၁၇

၂၁ ပေါလုဟာ ယုံကြည်သူချင်းတွေနဲ့ အတူ ရှိချင်တယ်။ ကျွန်တော်တို့လိုပဲ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းတဲ့အခါ ပေါလု သိပ်အားရှိတယ်။ ဒါကြောင့်လည်း ကိုယ့်ကို သတ်ဖို့ ကြံနေတဲ့ အတိုက်အခံ ပြုသူတွေကို ရင်ဆိုင်နိုင်ခဲ့တာ။