မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၀

ဆန့်ကျင်မှုကြား တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့”

ဆန့်ကျင်မှုကြား တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့”

သတင်းကောင်း ဆက်အောင်ပွဲဆင်ဖို့ အာပေါလုနဲ့ ပေါလု လုပ်ဆောင်ခဲ့ပုံ

တမန်တော် ၁၈:၂၃–၁၉:၄၁ ကို အခြေခံ

၁၊ ၂။ (က) ပေါလုနဲ့ အဖော်တွေ ဧဖက်မြို့မှာ ဘာအန္တရာယ်တွေ ကြုံရသလဲ။ (ခ) ဒီအခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

 ဧဖက်မြို့လမ်းတွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ဆူညံနေတယ်။ လူရမ်းကားတွေ အုပ်စုဖွဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်နေကြတယ်။ တမန်တော် ပေါလုရဲ့ ခရီးသွားဖော်နှစ်ယောက်ကို ဖမ်းခေါ်သွားကြတယ်။ ဆိုင်ခန်းတွေ ရှိတဲ့ လမ်းမကြီးဘက်က လူတွေလည်း လူအုပ်နဲ့ လာပေါင်းပြီး ပွဲကြည့်သူ ၂၅,၀၀၀ လောက် ဆံ့တဲ့ ဇာတ်ရုံထဲ တစ်ဟုန်ထိုး ပြေးဝင်သွားကြတယ်။ အများစုက ရုန်းရင်းဆန်ခတ် ဖြစ်ရတဲ့ အကြောင်းရင်းကိုတောင် သိတာ မဟုတ်ဘူး။ သူတို့ရဲ့ ဝတ်ပြုရာဗိမာန်၊ အာတေမိ ဘုရားမနဲ့ပတ်သက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်တာလို့ ထင်နေကြတယ်။ ဒါကြောင့် “ဧဖက်မြို့သားတွေ ကိုးကွယ်တဲ့ အာတေမိဟာ ကြီးမြတ်တဲ့ ဘုရားမပဲ” လို့ သံပြိုင်အော်ကြတယ်။—တ. ၁၉:၃၄

နိုင်ငံတော်သတင်း မပျံ့နှံ့စေဖို့ လူအုပ်ရဲ့ အကြမ်းဖက်မှုကို စာတန် ထပ်သုံးပြန်ပြီ။ ဒါပေမဲ့ ဒါ စာတန်ရဲ့ တစ်ခုတည်းသော နည်းစနစ် မဟုတ်ဘူး။ ဒီအခန်းမှာ ပထမရာစု ခရစ်ယာန်တွေရဲ့ လုပ်ငန်းနဲ့ စည်းလုံးမှု ပျက်စီးစေဖို့ စာတန် သုံးတဲ့ ဉာဏ်နီဉာဏ်နက်တွေအကြောင်း သုံးသပ်ကြမယ်။ ဒါပေမဲ့ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေ မအောင်မြင်ကြောင်း၊ “ယေဟောဝါရဲ့ တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့” ကြောင်း သိရမယ်။ (တ. ၁၉:၂၀) ပထမရာစု ခရစ်ယာန်တွေ ဘာကြောင့် အောင်မြင်သလဲ။ ဒီနေ့ခေတ် ကျွန်တော်တို့လိုပါပဲ။ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ယေဟောဝါကြောင့်ပါ။ ဒါပေမဲ့ ပထမရာစု ခရစ်ယာန်တွေလို ကျွန်တော်တို့ဘက်က လုပ်စရာ ရှိတာ လုပ်ရမယ်။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်စေမယ့် အရည်အသွေးတွေကို စွမ်းအားတော် အကူအညီနဲ့ မွေးမြူနိုင်တယ်။ အာပေါလုအကြောင်း ဦးဆုံး သုံးသပ်ကြစို့။

“ကျမ်းစာကို နှံ့နှံ့စပ်စပ် သိတဲ့သူ” (တ. ၁၈:၂၄-၂၈)

၃၊ ၄။ အာပေါလုရဲ့ ဘယ်လိုအပ်ချက်ကို အာကုလနဲ့ ပြစ်ကိလ တွေ့သလဲ။ သူတို့ ဘာလုပ်သလဲ။

တတိယ သာသနာပြု ခရီးစဉ်အတွင်း ဧဖက်မြို့ကို ပေါလု သွားနေချိန် အာပေါလုလို့ ခေါ်တဲ့ ဂျူးတစ်ယောက် အဲဒီမြို့ကို ရောက်လာတယ်။ အာပေါလုဟာ အီဂျစ်ပြည်၊ နာမည်ကြီး အလက်ဇန္ဒြီးယားမြို့က ဖြစ်တယ်။ အရည်အသွေးကောင်းတွေ ရှိတယ်။ အဟောအပြော ကောင်းတယ်။ “ကျမ်းစာကို နှံ့နှံ့စပ်စပ် သိတဲ့သူ၊” “စွမ်းအားတော်ကြောင့် စိတ်ထက်သန်” သူ ဖြစ်တယ်။ တရားဇရပ်မှာ ရှိတဲ့ ဂျူးတွေကို ထက်ထက်သန်သန်၊ ရဲရဲရင့်ရင့် သက်သေခံတယ်။—တ. ၁၈:၂၄၊ ၂၅

“ယေရှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို” အာပေါလု “မှန်မှန်ကန်ကန် ဟောပြောသွန်သင်” နေတာကို အာကုလနဲ့ ပြစ်ကိလ ကြားတော့ ဝမ်းသာသွားကြတယ်။ ယေရှုနဲ့ပတ်သက်ပြီး အာပေါလု ဟောတာတွေ မှန်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို မသိသေးမှန်း ရိပ်မိသွားကြတယ်။ ‘ယောဟန် ဟောခဲ့တဲ့ နှစ်ခြင်းအကြောင်းကိုပဲ’ အာပေါလု သိထားတာ။ တဲရှင်ချုပ်သူတွေ ဖြစ်ပြီး ဆင်းရဲတဲ့ ဒီမောင်နှံဟာ အဟောအပြော ကောင်းတဲ့ ပညာတတ် အာပေါလုကို ရှိန်မနေကြဘူး။ “သူ့ကို ခေါ်သွားပြီး တရင်းတနှီး ပေါင်းသင်းရင်း ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း ပိုပြီး မှန်မှန်ကန်ကန် သိလာအောင် ရှင်းပြပေးတယ်။” (တ. ၁၈:၂၅၊ ၂၆) အာပေါလု ဘယ်လို တုံ့ပြန်သလဲ။ ခရစ်ယာန်တစ်ယောက်အတွက် အရေးကြီးဆုံး အရည်အသွေး ဖြစ်တဲ့ နှိမ့်ချမှု ပြတယ်။

၅၊ ၆။ ဘာက အာပေါလုကို ယေဟောဝါအတွက် ပိုအသုံးဝင်သူ ဖြစ်လာစေသလဲ။ အာပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။

အာကုလနဲ့ ပြစ်ကိလရဲ့ အကူအညီကို လက်ခံလို့ အာပေါလု ပိုထိရောက်တဲ့ အမှုဆောင်သူ ဖြစ်လာတယ်။ နောက်ပိုင်း၊ အခါယပြည်ကို သွားပြီး ယုံကြည်သူတွေကို “အများကြီး ကူညီပေးတယ်။” ယေရှုကို ကြိုဟောထားတဲ့ မေရှိယအဖြစ် လက်မခံတဲ့ အဲဒီဒေသက ဂျူးတွေကို သက်သေခံတယ်။ “ယေရှုဟာ ခရစ်တော် ဖြစ်တဲ့အကြောင်း ကျမ်းချက်တွေနဲ့ ထောက်ပြပြီး ဂျူးတွေရဲ့ သွန်သင်ချက် မှားနေတယ်ဆိုတာကို လူအများရှေ့မှာ အားတက်သရောနဲ့ အသေအချာ သူ ရှင်းပြတယ်။” (တ. ၁၈:၂၇၊ ၂၈) အာပေါလုဟာ အသင်းတော်အတွက် ကောင်းချီးပါပဲ။ ‘ယေဟောဝါဘုရားရဲ့ တရားစကားတော် ထွန်းကားပျံ့နှံ့’ သွားတာ သူ့ကြောင့်လည်း ပါတယ်။ အာပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။

ခရစ်ယာန်တွေ နှိမ့်ချမှု ရှိဖို့ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ ယောက်တိုင်းမှာ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ၊ အသိပညာစတဲ့ ဘုရားပေး ဆုကျေးဇူး ကိုယ်စီ ရှိတယ်။ ဒါပေမဲ့ ဘုရားအတွက် အသုံးဝင်ချင်ရင် နှိမ့်ချမှု ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အားသာချက်တွေဟာ အားနည်းချက် ဖြစ်သွားနိုင်တယ်။ သတိမထားရင် မာနထောင်လွှားလာနိုင်တယ်။ (၁ ကော. ၄:၇။ ယာ. ၄:၆) တကယ် နှိမ့်ချမယ်ဆိုရင် ကိုယ့်ထက် တခြားသူတွေ သာတယ်လို့ သဘောထားမှာ ဖြစ်တယ်။ (ဖိ. ၂:၃) တခြားသူတွေ လာတည့်မတ်ပေးတာကို စိတ်ဆိုးမှာ မဟုတ်ဘူး။ ဆရာလုပ် မခံချင်တဲ့ပုံ ပြမှာ မဟုတ်ဘူး။ လမ်းညွှန်ချက်တွေ ပြောင်းဖို့ အဖွဲ့အစည်းကို သန့်ရှင်းသော စွမ်းအားတော် လမ်းပြတဲ့အခါ ကိုယ့်အယူအဆပဲ မှန်တယ်ဆိုပြီး မာန တင်းခံနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့သာ နှိမ့်ချမှု ရှိမယ်ဆိုရင် ယေဟောဝါနဲ့ သားတော်အတွက် အသုံးဝင်သူတွေ ဖြစ်နေပါလိမ့်မယ်။—လု. ၁:၅၁၊ ၅၂

၇။ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ပေါလုနဲ့ အာပေါလု ဘာစံနမူနာ ချခဲ့သလဲ။

နှိမ့်ချမှုက အပြိုင်အဆိုင်စိတ် မဝင်ဖို့လည်း ကူညီပေးတယ်။ ပထမရာစု ခရစ်ယာန်တွေကြား စာတန် ဘယ်လောက် စိတ်ဝမ်းကွဲပြားနေစေချင်မလဲ မြင်ယောင်ကြည့်ပါ။ အာပေါလုနဲ့ တမန်တော် ပေါလု နှစ်ယောက်စလုံး ထက်တယ်။ အဟောအပြော ကောင်းတယ်။ သူတို့နှစ်ယောက် အချင်းချင်း မနာလို ဖြစ်ပြီး အသင်းတော်မှာ ဘယ်သူ ဩဇာ ပိုညောင်းသလဲ ပြိုင်နေရင် စာတန် သိပ်ဝမ်းသာမှာ။ သူတို့ အဲဒီလိုဖြစ်ဖို့ သိပ်လွယ်တယ်။ ကောရိန္သု အသင်းတော်မှာ ခရစ်ယာန်တချို့က “ငါဟာ ပေါလုရဲ့ တပည့်၊” “ငါဟာ အာပေါလုရဲ့ တပည့်” လို့ ပြောနေကြလို့ပဲ။ ညီအစ်ကိုတွေ စိတ်ဝမ်းကွဲအောင် ပေါလုနဲ့ အာပေါလု လုပ်သလား။ မလုပ်ဘူး။ ပေါလု နှိမ့်ချမှု ရှိတယ်။ အာပေါလုရဲ့ အမှုဆောင်လုပ်ငန်းကို အသိအမှတ်ပြု ချီးမွမ်းတယ်။ အာပေါလုကို ထပ်ဆင့် တာဝန်တွေ ပေးတယ်။ အာပေါလုလည်း ပေါလုရဲ့ ညွှန်ကြားချက်ကို လိုက်နာတယ်။ (၁ ကော. ၁:၁၀-၁၂။ ၃:၆၊ ၉။ တိ. ၃:၁၂၊ ၁၃) နှစ်ယောက်စလုံး နှိမ့်ချတယ်။ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်တယ်။ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ စံနမူနာပါပဲ။

‘နိုင်ငံတော်အကြောင်း နားလည်လက်ခံလာအောင် ဆွေးနွေး’ (တ. ၁၈:၂၃။ ၁၉:၁-၁၀)

၈။ ဧဖက်မြို့ကို ပေါလု ဘယ်လို ပြန်လာသလဲ။ ဘာကြောင့်လဲ။

ဧဖက်မြို့ကို ပြန်လာမယ်လို့ ကတိပေးတဲ့အတိုင်း ပေါလု ပြန်လာတယ်။ a (တ. ၁၈:၂၀၊ ၂၁) ဘယ်လို ပြန်လာသလဲ။ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့ကနေ စထွက်လာတယ်။ အနီးက သေလုကိမြို့ကနေ သင်္ဘောစီးပြီး ဧဖက်မြို့ကို တိုက်ရိုက် သွားလို့ ရတယ်။ ဒါပေမဲ့ “ကုန်းတွင်းပိုင်း ဒေသတွေကို ဖြတ်ပြီး” သွားတယ်။ တမန်တော် ၁၈:၂၃ နဲ့ ၁၉:၁ မှာ ပါတဲ့ ပေါလုရဲ့ ခရီးစဉ်ဟာ မိုင်ပေါင်း တစ်ထောင်လောက် ရှိတယ်လို့ ခန့်မှန်းကြတယ်။ ဒီခရီးကြမ်းကို ပေါလု ဘာကြောင့် ရွေးချယ်သလဲ။ “တပည့်တွေကို အားပေး” ချင်လို့ပဲ။ (တ. ၁၈:၂၃) တတိယ သာသနာပြု ခရီးစဉ်ဟာ အရင် ခရီးစဉ် နှစ်ခုလိုပဲ ခက်ပေမဲ့ ပင်ပန်းရကျိုးနပ်တယ်လို့ ပေါလု သဘောထားတယ်။ ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဇနီးတွေလည်း အဲဒီလို စိတ်ဓာတ် ပြနေကြတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်မေတ္တာအတွက် ကျေးဇူးတင်လေးမြတ်သင့်တယ်။

၉။ တပည့်အုပ်စုတစ်စုဟာ နောက်တစ်ကြိမ် နှစ်ခြင်းခံဖို့ ဘာကြောင့် လိုအပ်သလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ ရသလဲ။

ဧဖက်မြို့ကို ပေါလု ရောက်တော့ နှစ်ခြင်းဆရာ ယောဟန်ရဲ့ တပည့် ၁၂ ယောက်လောက်ကို တွေ့တယ်။ သူတို့ဟာ နှစ်ခြင်းခံပြီးသားသူတွေ။ ဒါပေမဲ့ သူတို့ ခံထားတာ ယောဟန်ရဲ့ နှစ်ခြင်း။ အဲဒီနှစ်ခြင်းက အကျုံးမဝင်တော့ဘူး။ ဒါ့အပြင် သန့်ရှင်းသော စွမ်းအားတော်အကြောင်း သိပုံ မရကြဘူး။ ယေရှုရဲ့ နာမည်နဲ့ နှစ်ခြင်းခံဖို့ ဘယ်လောက် အရေးကြီးကြောင်း ပေါလု ရှင်းပြတဲ့အခါ အာပေါလုလိုပဲ သူတို့ နှိမ့်ချမှု ရှိကြောင်း၊ သင်ယူချင်စိတ် ပြင်းပြကြောင်း ပြကြတယ်။ ယေရှုရဲ့ နာမည်နဲ့ နှစ်ခြင်းခံပြီးနောက် သန့်ရှင်းသော စွမ်းအားတော်နဲ့ အံ့ဖွယ် ဆုကျေးဇူးတွေ ရကြတယ်။ အဖွဲ့အစည်းက လာတဲ့ ညွှန်ကြားချက်အသစ်တွေကို လိုက်နာသူတွေအပေါ် ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။—တ. ၁၉:၁-၇

၁၀။ တရားဇရပ်ကနေ ကျောင်းခန်းမကို ပေါလု ဘာကြောင့် ပြောင်းဟောသလဲ။ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းအတွက် ဘယ်စံနမူနာ ချခဲ့သလဲ။

၁၀ သိပ်မကြာခင် ဘာဖြစ်သလဲ သုံးသပ်ကြည့်ပါ။ တရားဇရပ်မှာ ပေါလု သုံးလလုံးလုံး ရဲရဲရင့်ရင့် ဟောပြောတယ်။ ‘နိုင်ငံတော်အကြောင်း နားလည်လက်ခံလာအောင် ဆွေးနွေး’ တယ်။ ဒါပေမဲ့ စိတ်နှလုံး ခိုင်မာသူတချို့ အကြီးအကျယ် ဆန့်ကျင်ကြတယ်။ “သခင့်လမ်းစဉ်အကြောင်း ပုတ်ခတ်ပြောဆို” သူတွေနဲ့ အချိန်ဖြုန်းမယ့်အစား ကျောင်းခန်းမတစ်ခုမှာ ပေါလု စဟောပြောတယ်။ (တ. ၁၉:၈၊ ၉) ဘုရားနိုင်ငံတော်အကြောင်း ပိုသင်ယူချင်သူတွေဟာ တရားဇရပ်ကို မဟုတ်ဘဲ ကျောင်းခန်းမကို သွားပြီး နားထောင်ကြတယ်။ ပေါလုလိုပဲ ကျွန်တော်တို့လည်း အိမ်ရှင် နားမထောင်ချင်ဘူး၊ အငြင်းအခုံပဲ လုပ်ချင်နေတယ်ဆိုတာ သတိထားမိရင် စကားစဖြတ်ကြတယ်။ သတင်းစကား နားထောင်ချင်တဲ့ သိုးလို လူတွေ အများကြီး ရှိသေးတယ်။

၁၁၊ ၁၂။ (က) အလုပ်ကြိုးစားပြီး အလိုက်သင့် ပြောင်းလဲတာနဲ့ပတ်သက်ပြီး ပေါလု ဘယ်စံနမူနာ ပြသလဲ။ (ခ) ယေဟောဝါသက်သေတွေဟာ အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ကြိုးစားပြီး အလိုက်သင့် ပြောင်းလဲကြသလဲ။

၁၁ ပေါလုဟာ ကျောင်းခန်းမမှာ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီလောက်အထိ နေ့တိုင်း ဟောပြောခဲ့ပုံ ရတယ်။ (တ. ၁၉:၉) အဲဒီအချိန်ဟာ တစ်နေ့တာရဲ့အပူဆုံးအချိန် ဖြစ်ပြီး လူအများစု စားသောက်ဖို့ အလုပ်နားတဲ့အချိန် ဖြစ်လို့ အေးအေးဆေးဆေး အရှိဆုံး အချိန်လည်း ဖြစ်တယ်။ ပေါလုသာ ဒီဇယားအတိုင်း နှစ်နှစ်လုံးလုံး ဟောပြောခဲ့တာဆိုရင် ဟောပြောသွန်သင်ခြင်းအတွက် နာရီပေါင်း ၃,၀၀၀ ကျော် အသုံးပြုခဲ့တာပဲ။ b ယေဟောဝါရဲ့ တရားစကား အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွားတာ ဒီအချက်ကြောင့်လည်း ပါတယ်။ ပေါလုဟာ ကြိုးစားမှု ရှိသူ၊ အလိုက်သင့် ပြောင်းလဲတတ်သူ ဖြစ်တယ်။ လူများများကို ကူညီနိုင်ဖို့ ဟောမယ့် အချိန်၊ နေရာကို လိုလိုလားလား ပြုပြင်ပြောင်းလဲတယ်။ ဘာရလဒ် ရသလဲ။ “အာရှနယ်မှာ ရှိတဲ့ ဂျူးနဲ့ ဂရိလူမျိုးအားလုံး ဘုရားသခင်ရဲ့ တရားစကားကို ကြားနာခွင့် ရကြတယ်။” (တ. ၁၉:၁၀) ပေါလု စေ့စေ့စပ်စပ် သက်သေခံခဲ့တာပဲ။

“မိတ်ဆွေတို့၊ ဒီလုပ်ငန်းနဲ့ ငါတို့ကြီးပွားနေတာ မင်းတို့အသိပဲ။”—တမန်တော် ၁၉:၂၅

၁၂ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း ပေါလုလိုပဲ ကြိုးစားကြတယ်။ အလိုက်သင့် ပြုပြင်ပြောင်းလဲကြတယ်။ လူအများဆုံး တွေ့နိုင်တဲ့ နေရာတိုင်း၊ အချိန်တိုင်းမှာ သတင်းကောင်း ဟောဖို့ ကြိုးစားကြတယ်။ လမ်းတွေ၊ ဈေးတွေ၊ ကားရပ်တဲ့ နေရာတွေမှာ သက်သေခံကြတယ်။ ဖုန်းဆက်၊ စာရေး သက်သေခံကြတယ်။ အိမ်မှာ လူတွေ ရှိတတ်တဲ့ အချိန်မှာ တစ်အိမ်တက်ဆင်း သွားကြတယ်။

နတ်ဆိုးတွေ ရှိတဲ့ကြား “တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွား” (တ. ၁၉:၁၁-၂၂)

၁၃၊ ၁၄။ (က) ယေဟောဝါက ပေါလုကို ဘာလုပ်ဆောင်နိုင်စွမ်း ပေးသလဲ။ (ခ) သကေဝရဲ့ သားတွေ ဘာအမှား လုပ်သလဲ။ ဒီနေ့ခေတ် ခရစ်ယာန်ဘောင်က လူများစွာလည်း ထပ်တူအမှားမျိုး ဘယ်လို လုပ်နေကြသလဲ။

၁၃ ပေါလု “အံ့ဖွယ်အမှုတွေ” လုပ်ဖို့ ယေဟောဝါ ကူညီပေးတဲ့အကြောင်း လုကာ ဖော်ပြတယ်။ ပေါလုရဲ့ ပဝါနဲ့ ခါးစည်းကို လူနာတွေဆီ ယူသွားတဲ့အခါ ရောဂါပျောက်သွားတယ်။ နတ်ဆိုးတွေလည်း ထွက်သွားတယ်။ c (တ. ၁၉:၁၁၊ ၁၂) နတ်ဆိုးတွေ နှင်ထုတ်နိုင်လို့ လူတွေ အံ့ဩကြတယ်။ ဒါပေမဲ့ လူတိုင်း ဝမ်းသာတာတော့ မဟုတ်ဘူး။

၁၄ “နယ်တကာလှည့်ပြီး နတ်ဆိုးတွေကို နှင်ထုတ်တဲ့ ဂျူးတချို့က” ပေါလုရဲ့ အံ့ဖွယ်အမှုတွေကို လိုက်တုကြတယ်။ တချို့က ယေရှုနဲ့ ပေါလုရဲ့ နာမည်ကို သုံးပြီး နတ်ဆိုးတွေ နှင်ထုတ်ဖို့ ကြိုးစားကြတယ်။ ဥပမာ၊ ပုရောဟိတ် သကေဝရဲ့ သားခုနစ်ယောက် အဲဒီလို လုပ်တဲ့အခါ နတ်ဆိုးက “ယေရှုကို ငါသိတယ်။ ပေါလုကိုလည်း သိတယ်။ မင်းတို့က ဘယ်သူတွေလဲ” လို့ ပြောတယ်။ ပြီးနောက် နတ်ဆိုးပူးသူက တိရစ္ဆာန်လို ခုန်အုပ် တိုက်ခိုက်လို့ သူတို့ အဝတ်မပါဘဲ ဒဏ်ရာတွေနဲ့ ထွက်ပြေးခဲ့ရတယ်။ (တ. ၁၉:၁၃-၁၆) မှားယွင်းတဲ့ ဘာသာရေးသမားတွေကို မဟုတ်ဘဲ ပေါလုကိုပဲ ယေဟောဝါ တန်ခိုး ပေးထားကြောင်း ဒီအဖြစ်က ဖော်ပြတယ်။ ဒီနေ့လည်း လူများစွာက ယေရှုနာမည် ခေါ်ရုံ၊ “ခရစ်ယာန်” အမည်ခံရုံနဲ့ လုံလောက်ပြီလို့ တလွဲ ယူမှတ်နေကြတယ်။ ဒါပေမဲ့ အဖဘုရားရဲ့ အလိုဆောင်သူတွေပဲ အနာဂတ် မျှော်လင့်ချက် ရှိတယ်လို့ ယေရှု ပြောတယ်။—မ. ၇:၂၁-၂၃

၁၅။ ဧဖက်မြို့သားတွေရဲ့ စံနမူနာကို ဘယ်လို လိုက်လျှောက်နိုင်သလဲ။

၁၅ သကေဝရဲ့ သားတွေ အရှက်တကွဲ ဖြစ်သွားလို့ ဘုရားသခင်ကို ကြောက်ရွံ့သူ ပိုများလာတယ်။ လူများစွာ နတ်ဆိုးပညာ လိုက်စားတာကို စွန့်လွှတ်ပြီး ယုံကြည်သူ ဖြစ်လာတယ်။ ဧဖက်ယဉ်ကျေးမှုဟာ မှော်အတတ် လွှမ်းမိုးနေတယ်။ ဂါထာရွတ်ကြတယ်။ မန်းမှုတ်ကြတယ်။ အဆောင်လက်ဖွဲ့တွေ သုံးကြတယ်။ မှော်စာပေတွေလည်း ရှိတယ်။ အခု၊ ယုံကြည်သူ ဖြစ်လာတဲ့ ဧဖက်မြို့သားတွေက မှော်အတတ်နဲ့ဆိုင်တဲ့ စာအုပ်တွေကို ယူလာပြီး လူအများရှေ့ မီးရှို့လိုက်ကြတယ်။ စာအုပ်တွေဟာ လက်ရှိ တန်ဖိုးအရ ဒေါ်လာ သောင်းချီ တန်တယ်။ d “ယေဟောဝါရဲ့ တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွားတော့တယ်” လို့ လုကာ မှတ်တမ်းတင်တယ်။ (တ. ၁၉:၁၇-၂၀) အယူမှားဘာသာနဲ့ နတ်ဆိုးတွေအပေါ် ထူးခြားစွာ အောင်ပွဲဆင်လိုက်တာပဲ။ ဒီသစ္စာရှိသူတွေဟာ ကျွန်တော်တို့အတွက် စံနမူနာကောင်းပဲ။ ကျွန်တော်တို့လည်း နတ်ဆိုးပညာ သြဇာလွှမ်းမိုးနေတဲ့ လောကမှာ အသက်ရှင်နေရတယ်။ ကိုယ့်ဆီမှာ နတ်ဆိုးပညာနဲ့ဆက်နွှယ်တာ တစ်ခုခု ရှိနေမှန်း သိတယ်ဆိုရင် ဧဖက်မြို့သားတွေလိုပဲ ချက်ချင်း ဖယ်ရှားပစ်ရမယ်။ ဘယ်လောက်ပဲ ဆုံးရှုံးနစ်နာပါစေ ရွံရှာဖွယ် လိုက်စားမှုတွေကို ဝေးဝေးရှောင်ကြပါစို့။

“အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်လာ” (တ. ၁၉:၂၃-၄၁)

လူတွေကို တွေ့နိုင်တဲ့ နေရာတိုင်းမှာ ဟောဖို့ ကျွန်တော်တို့ ကြိုးစားကြ

၁၆၊ ၁၇။ (က) ဒေမေတရိဟာ ဧဖက်မြို့မှာ ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဘာလုပ်သလဲ။ (ခ) ဧဖက်မြို့သားတွေဟာ သူတို့ရဲ့ ဘာသာရေး တစ်ယူသန်စိတ်ကို ဘယ်လို ပြသလဲ။

၁၆ စာတန် သုံးတဲ့ နည်းစနစ်ကို သုံးသပ်ကြည့်ရအောင်။ “သခင့်လမ်းစဉ်နဲ့ပတ်သက်ပြီး အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်လာတယ်” လို့ လုကာ ပြောတယ်။ လုကာ ချဲ့ကားပြောတာ မဟုတ်ဘူး။ e (တ. ၁၉:၂၃) ငွေပန်းထိမ်သမား ဒေမေတရိ ပြဿနာ စလုပ်တယ်။ ရုပ်တု ရောင်းရလို့ ကြီးပွားနေတာလို့ ပန်းထိမ်သမားတွေကို ဒေမေတရိ သတိပေးလိုက်တယ်။ ခရစ်ယာန်တွေ ရုပ်တု မကိုးကွယ်ဖို့ ပေါလု ဟောတာဟာ မိမိတို့ရဲ့ စီးပွားရေး ပျက်အောင် လုပ်နေတာပဲလို့ ဆက်ပြောတယ်။ ဒါ့အပြင် ကိုယ့်မြို့၊ ကိုယ့်နိုင်ငံအတွက် ဧဖက်မြို့သားတွေ သိပ်ဂုဏ်ယူကြမှန်း သိနေလို့ ပေါလု ဟောတာတွေ နားထောင်ရင် ဘုရားမ အာတေမိနဲ့ ဘုရားမရဲ့ ကမ္ဘာကျော် ဗိမာန် “ဘုန်းအသရေ ညှိုးနွမ်းတော့မယ်” ဆိုပြီး ပရိသတ်ကို ဒေမေတရိ သတိပေးတယ်။—တ. ၁၉:၂၄-၂၇

၁၇ ဒေမေတရိ မျှော်လင့်သလို ဖြစ်လာတယ်။ “ဧဖက်မြို့သားတွေ ကိုးကွယ်တဲ့ အာတေမိဟာ ကြီးမြတ်တဲ့ ဘုရားမပဲ” လို့ ပန်းထိမ်သမားတွေ သံပြိုင် အော်ကြလို့ ဒီအခန်း အစပိုင်းမှာ ဖော်ပြသလို မြို့သားတွေ နားဝေတိမ်တောင် ဖြစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ f ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိတဲ့ ပေါလုက ဇာတ်ရုံထဲ ဝင်ပြီး လူအုပ်ကို ရှင်းပြဖို့ လုပ်တယ်။ ဒါပေမဲ့ တပည့်တွေက အန္တရာယ် ဖြစ်မှာ စိုးလို့ မဝင်ခိုင်းဘူး။ အလက်ဇန္ဒားဆိုသူ တစ်ယောက်က လူအုပ်ရှေ့ ရပ်ပြီး စကားပြောတယ်။ ဂျူးလူမျိုး ဖြစ်လို့ ဂျူးနဲ့ ခရစ်ယာန်တွေ မတူဘူးဆိုတာ ရှင်းပြချင်ပုံ ရတယ်။ ရှင်းပြရင်လည်း အရာရောက်မှာ မဟုတ်ဘူး။ သူ ဂျူးဆိုတာလည်း သိရော စကားပါ ပြောခွင့် မပေးတော့ဘူး။ “ဧဖက်မြို့သားတွေ ကိုးကွယ်တဲ့ အာတေမိဟာ ကြီးမြတ်တဲ့ ဘုရားမပဲ” လို့ နှစ်နာရီလောက် ဆက်အော်ကြတယ်။ ဒီနေ့လည်း ဘာသာရေး တစ်ယူသန်သူတွေ ရှိနေတုန်းပဲ။ အဲဒီလို တစ်ယူသန်တာက လူတွေကို ဆင်ခြင်တုံတရား မဲ့သွားစေတယ်။—တ. ၁၉:၂၈-၃၄

၁၈၊ ၁၉။ (က) မြို့ဝန်က ဧဖက်မြို့က လူရမ်းကားအုပ်ကို ဘယ်လို ထိန်းသလဲ။ (ခ) ယေဟောဝါရဲ့ လူမျိုးဟာ အာဏာပိုင်တွေရဲ့ ကာကွယ်မှုကို တစ်ခါတလေ ဘယ်လို ရသလဲ။ ကာကွယ်ခံရဖို့ ဘာလုပ်နိုင်သလဲ။

၁၈ နောက်ဆုံး၊ မြို့ဝန်က လူအုပ်ကို ထိန်းလိုက်တယ်။ မြို့ဝန်က တော်တော် အကျိုးသင့်အကြောင်းသင့် ရှိတယ်။ အရင်ဆုံး၊ သူတို့ရဲ့ ဗိမာန်နဲ့ ဘုရားမကို ခရစ်ယာန်တွေ ဘာအန္တရာယ်မှ မပေးနိုင်ကြောင်း ဖျောင်းဖျတယ်။ အာတေမိ ဗိမာန်ကို ပေါလုနဲ့ အဖော်တွေ ဘာမှ မလုပ်ဘူး၊ လုပ်ခဲ့ရင် ဖြစ်ဖြစ်၊ သဘောမတွေ့တာ ရှိရင် ဖြစ်ဖြစ် နည်းလမ်းတကျ ဖြေရှင်းသင့်ကြောင်း ပြောတယ်။ အထိရောက်ဆုံး အချက်တစ်ချက်ကတော့ ဥပဒေနဲ့ မညီတဲ့၊ စည်းကမ်းမဲ့တဲ့ ဒီဆူပူမှုအတွက် ရောမတွေ အပြစ်ပေးနိုင်ကြောင်း လူရမ်းကားအုပ်ကို သတိပေးလိုက်တာပဲ။ အဲဒီနောက် လူစု ခွဲခိုင်းလိုက်တယ်။ လူအုပ်ဟာ ဒေါသထွက်တုန်းကလည်း လွယ်လွယ်ပဲ။ အခု၊ ယုတ္တိရှိပြီး လက်တွေ့ကျတဲ့ စကားကြောင့် ငြိမ်ကျသွားတော့လည်း လွယ်လွယ်ပဲ။—တ. ၁၉:၃၅-၄၁

၁၉ ယေရှုရဲ့ နောက်လိုက်တွေကို အေးဆေးတည်ငြိမ်ပြီး မျှမျှတတ ဆုံးဖြတ်တတ်တဲ့ အခွင့်အာဏာရှိသူ တစ်ယောက် ကာကွယ်ပေးတာ ဒါ ဦးဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ဘူး။ နောက်ဆုံးကာလမှာ ယေရှုရဲ့ နောက်လိုက်တွေအပေါ် စာတန် ကျရောက်စေတဲ့ နှိပ်စက်ညှဉ်းပန်းမှု မြစ်ရေကို မြေကြီးနဲ့ ပုံဆောင်ထားတဲ့ ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတွေ မျိုချတာ စိတ်အာရုံတစ်ခုမှာ တမန်တော် ယောဟန် မြင်ခဲ့တယ်။ (ဗျာ. ၁၂:၁၅၊ ၁၆) အဲဒီအတိုင်း ဖြစ်နေပါတယ်။ ကိစ္စအတော်များများမှာ မျှတမှု ရှိတဲ့ တရားသူကြီးတွေဟာ စုဝေးဝတ်ပြုနိုင်ဖို့၊ တခြားသူတွေကို သတင်းကောင်း ဟောပြောနိုင်ဖို့ ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတယ်။ ဒီလိုမျိုး အခွင့်အရေးတွေ ကာကွယ်ပေးခံရတာ ကျွန်တော်တို့ရဲ့ အမူအကျင့်ကြောင့်လည်း ပါတယ်။ ပေါလုရဲ့ အမူအကျင့်ကောင်းကြောင့် ဧဖက်မြို့က အစိုးရ အရာရှိတွေ ချစ်ခင်လေးစားပြီး ကာကွယ်ပေးချင်ကြတာ ဖြစ်မယ်။ (တ. ၁၉:၃၁) ကျွန်တော်တို့လည်း တွေ့တဲ့သူတိုင်း လေးစားချင်စရာကောင်းအောင် အမူအကျင့်ကောင်းတွေ ဆက်ပြကြရအောင်။ အကျိုးရှိမှာ သေချာတယ်။

၂၀။ (က) ပထမရာစုနဲ့ ဒီနေ့အချိန်မှာ ယေဟောဝါရဲ့ တရားစကား အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့ပုံနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ (ခ) သင် ဘာသန္နိဋ္ဌာန် ချထားသလဲ။

၂၀ ပထမရာစုမှာ ယေဟောဝါရဲ့ တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့” ခဲ့ပုံကို ဆင်ခြင်သုံးသပ်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ ဒီနေ့လည်း အလားတူ အောင်ပွဲဆင်နိုင်ဖို့ ယေဟောဝါ ထောက်မကူညီနေပုံကို မြင်ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒီလိုအောင်ပွဲတွေမှာ အနည်းငယ်ပဲ ဖြစ်ပါစေ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့် ရချင်သလား။ ဒါဆိုရင် သုံးသပ်ခဲ့တဲ့ ပုံနမူနာတွေကနေ သင်ယူပါ။ နှိမ့်ချမှု ရှိပါ။ အဖွဲ့အစည်းက လာတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ အလုပ်ကြိုးစားပါ။ နတ်ဆိုးပညာကို ငြင်းပယ်ပါ။ ရိုသေလေးစားတဲ့ အမူအကျင့်နဲ့ ကောင်းကောင်း သက်သေခံနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။

a အာရှနယ်ရဲ့ မြို့တော် ဧဖက်” လေးထောင့်ကွက်ကို ကြည့်ပါ။

b ဧဖက်မြို့မှာ ရှိတုန်း ကောရိန္သု ပထမစောင် ကိုလည်း ပေါလု ရေးတယ်။

c ပဝါဆိုတာ ချွေးတွေ မျက်စိထဲ ကျမလာအောင် နဖူးမှာ စည်းထားတဲ့ အဝတ်စ ဖြစ်နိုင်တယ်။ ပေါလု ခါးစည်း စည်းထားတယ်လို့ ပြောတဲ့အတွက် အားလပ်ချိန် မနက်ပိုင်းမှာ တဲရှင်ချုပ်တဲ့ အလုပ် လုပ်ပုံရတယ်။—တ. ၂၀:၃၄၊ ၃၅

d စာအုပ်တွေဟာ ငွေစ ၅၀,၀၀၀ တန်ဖိုး ရှိတယ်လို့ လုကာ ဖော်ပြတယ်။ ဒေနာရိကို ရည်ညွှန်းတာဆိုရင် ဒီငွေပမာဏ စုမိဖို့ အဲဒီခေတ်က အလုပ်သမားတစ်ဦးဟာ တစ်ပတ်မှာ ခုနစ်ရက်၊ ရက်ပေါင်း ၅၀,၀၀၀၊ တစ်နည်းအားဖြင့် ၁၃၇ နှစ်လောက် အလုပ် လုပ်ရမယ်။

e “အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ” လို့ ကောရိန္သုမြို့သားတွေကို ပေါလု ပြောတာ ဒီဖြစ်ရပ်ကို ရည်ညွှန်းတာ ဖြစ်မယ်လို့ တချို့ ဆိုတယ်။ (၂ ကော. ၁:၈) ဒီထက် ပိုအန္တရာယ်ကြီးတဲ့အချိန်ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။ “ဧဖက်မြို့မှာ သားရဲတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်” ရတဲ့အကြောင်း ပေါလု ရေးတာဟာ ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်ရတာ ဒါမှမဟုတ် အရီနာကွင်းမှာ ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရတာကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။—၁ ကော. ၁၅:၃၂

f လုပ်ငန်းတူ ပန်းထိမ်သမား အဖွဲ့တွေဟာ အတော် သြဇာရှိတယ်။ ဥပမာ၊ ရာစုနှစ်တစ်ခုလောက် ကြာပြီးနောက်မှာလည်း ဧဖက်မြို့က လုပ်ငန်းတူ မုန့်ဖုတ်သမား ပညာသည်အသင်းက အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ကြတယ်။