မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

နိုင်ငံတော်သတင်း ဟောပြောသူများ–

သံလွင်တောင်ပေါ် ရပ်နေတဲ့ တမန်တော်တွေထဲက တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။ ရှေ့မှာ ယေရှု ပေါ်လာတယ်။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုးရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ကောင်းကင်တက်ခါနီးမှာ ပြောတယ်။ (တ. ၁:၈) သင် ဘယ်လို တုံ့ပြန်မလဲ။

တာဝန်ကြီးကြောင့် စိတ်လေးသွားမှာပဲ။ ‘တပည့်နည်းနည်းလေးနဲ့ “ကမ္ဘာမြေအစွန်အဖျားအထိ” သက်သေခံဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ’ လို့ စဉ်းစားမိနိုင်တယ်။ ယေရှု မသေဆုံးမီညမှာ ပြောခဲ့တဲ့ သတိပေးစကားကိုလည်း အမှတ်ရနေမှာပဲ– “ကျွန်ဆိုတာ သခင်ထက် ပိုကြီးမြတ်တာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့တာကို မှတ်ထားပါ။ ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်။ ကျွန်တော့်စကားကို လိုက်နာရင် ခင်ဗျားတို့ရဲ့ စကားကိုလည်း လိုက်နာကြလိမ့်မယ်။ သူတို့က ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို မသိတဲ့အတွက် ကျွန်တော့်တပည့် ဖြစ်နေတဲ့ ခင်ဗျားတို့ကို အဲဒီလို လုပ်ကြလိမ့်မယ်။” (ယော. ၁၅:၂၀၊ ၂၁) ဒါကြောင့် ‘ဒီလိုဆန့်ကျင်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ငါ ဘယ်လို စေ့စေ့စပ်စပ် သက်သေခံနိုင်မှာလဲ’ လို့ တွေးမိနိုင်တယ်။

ကျွန်တော်တို့လည်း “ကမ္ဘာမြေ အစွန်အဖျားအထိ၊” “လူမျိုးတကာဆီ” စေ့စေ့စပ်စပ် သက်သေခံဖို့ တာဝန်ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ဆန့်ကျင်မှု ကြုံရမယ်လို့ ကြိုဟောထားတဲ့အတွက် ဘယ်လို ပြီးမြောက်အောင်မြင်နိုင်မလဲ။

အေဒီ ပထမရာစုမှာ တမန်တော်တွေ၊ ညီအစ်ကို ညီအစ်မတွေဟာ ယေဟောဝါရဲ့ အကူအညီနဲ့ ဟောပြောခြင်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း တမန်တော်ကျမ်းက ဖော်ပြတယ်။ ဒီစာအုပ်ဟာ အဲဒီမှတ်တမ်းတွေကို ဆန်းစစ်ပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်တွေကို မြင်ယောင်ခံစားစေနိုင်ဖို့ ရည်ရွယ်ထားတယ်။ ပထမရာစု ဘုရားသခင့် ကျေးကျွန်တွေ၊ မျက်မှောက်ခေတ် ဘုရားလူမျိုးကြား ဆင်တူချက်များစွာ တွေ့ရတာ အံ့သြစရာပဲ။ ဆင်တူချက်တွေထဲမှာ ကျွန်တော်တို့ရဲ့ အလုပ်သာမက လုပ်ပုံလုပ်နည်းလည်း ပါဝင်ကြောင်း တွေ့ရမယ်။ ဒါတွေကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ယေဟောဝါဘုရား ဆက်လမ်းညွှန်နေကြောင်း ပိုယုံကြည်လာမယ်။

တမန်တော်ကျမ်းကို လေ့လာတဲ့အခါ သင့်ကို ယေဟောဝါ ကူညီပြီး သန့်ရှင်းသော စွမ်းအားတော်နဲ့ ထောက်မမယ်ဆိုတာ ပိုယုံကြည်စိတ်ချစေဖို့ ဆုတောင်းပေးပါတယ်။ ဘုရားနိုင်ငံတော်အကြောင်း “စေ့စေ့စပ်စပ် သက်သေခံ” ပြီး တခြားသူတွေ ကယ်တင်ခြင်းလမ်းပေါ် ရောက်လာအောင် ဆက်ကူညီနိုင်ပါစေ။—တ. ၂၈:၂၃၊ ၁ တိ. ၄:၁၆

သင်တို့ရဲ့ ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses (ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့)