မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၈

“ကမ္ဘာမြေ အစွန်အဖျားအထိ”

“ကမ္ဘာမြေ အစွန်အဖျားအထိ”

ပထမရာစု ယေရှုခရစ်နောက်လိုက်တွေ စခဲ့တဲ့ လုပ်ငန်းကို ယေဟောဝါသက်သေတွေ ဆက်လုပ်ဆောင်နေ

၁။ အစောပိုင်း ခရစ်ယာန်တွေနဲ့ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ ဆင်တူချက်တွေက ဘာလဲ။

 အစောပိုင်း ခရစ်ယာန်တွေ ဇွဲရှိရှိ သက်သေခံကြတယ်။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ကူညီလမ်းပြမှုကို လက်ခံကြတယ်။ နှိပ်စက်ညှဉ်းပန်းခံရလည်း မဟောဘဲ မနေကြဘူး။ ဒါကြောင့် ဘုရားကောင်းချီး ကြွယ်ဝစွာ ခံစားကြရတယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း အဲဒီလိုပါပဲ။

၂၊ ၃။ တမန်တော်ကျမ်း ဘာကြောင့် ထူးခြားသလဲ။

တမန်တော်ကျမ်းမှာ ပါတဲ့ စိတ်လှုပ်ရှားစရာ မှတ်တမ်းတွေ ဖတ်ပြီး သင် အားရှိသွားမှာပဲ။ ယုံကြည်ခြင်း ခိုင်ခံ့သွားမှာပဲ။ ဒီကျမ်းဟာ အစောပိုင်း ခရစ်ယာန်ဘာသာ သမိုင်းရဲ့ တစ်ခုတည်းသော ကျမ်းမှတ်တမ်း ဖြစ်လို့ သိပ်ထူးခြားတယ်။

တမန်တော်ကျမ်းမှာ နိုင်ငံ ၃၂ နိုင်ငံ၊ မြို့ ၅၄ မြို့၊ ကျွန်း ၉ ကျွန်းက လူ ၉၅ ယောက်ရဲ့ နာမည် ပါတယ်။ သာမန် လူတွေ၊ မာနကြီးတဲ့ ဘာသာရေးသမားတွေ၊ ဂုဏ်မောက်တဲ့ နိုင်ငံရေးသမားတွေ၊ အစွန်းရောက် ဆန့်ကျင်နှိပ်စက်သူတွေအကြောင်း ရင်ထိတ်ဖွယ် ဇာတ်လမ်းတွေ ပါတယ်။ ဒါပေမဲ့ အများစုက ပထမရာစု ညီအစ်ကို/မတွေအကြောင်းပါ။ ဒီညီအစ်ကို/မတွေက ဘဝအခက်အခဲတွေ ရင်ဆိုင်ရင်း သတင်းကောင်းကို ဇွဲရှိရှိ ဟောခဲ့ကြတယ်။

၄။ တမန်တော် ပေါလု၊ တဗိသစတဲ့ ရှေးသစ္စာရှိ သက်သေခံတွေနဲ့ ကျွန်တော်တို့ ရင်းနှီးတယ်လို့ ဘာကြောင့် ခံစားရ သလဲ။

ဇွဲရှိတဲ့ တမန်တော်တွေ ဖြစ်တဲ့ ပေတရုနဲ့ ပေါလု၊ ချစ်ရတဲ့ သမားတော် လုကာ၊ ရက်ရောတဲ့ ဗာနဗ၊ သတ္တိရှိတဲ့ သတေဖန်၊ ကြင်နာတတ်တဲ့ တဗိသ၊ ဧည့်ဝတ်ပျူငှာတဲ့ လုဒိ၊ သစ္စာရှိ သက်သေခံ မြောက်မြားစွာတို့ရဲ့ခေတ်နဲ့ ကျွန်တော်တို့ခေတ် နှစ်ပေါင်း ၂,၀၀၀ နီးပါး ကွာသွားပြီ။ ဒါပေမဲ့ သူတို့နဲ့ ရင်းနှီးတယ်လို့ ခံစားရတယ်။ တပည့်ဖြစ်စေခြင်း ဆိုတဲ့ တာဝန်တစ်မျိုးတည်းကို ထမ်းဆောင်နေကြလို့ပဲ။ (မ. ၂၈:၁၉၊ ၂၀) အဲဒီလုပ်ငန်းမှာ ပါဝင်ခွင့် ရတာ အခွင့်ထူးပါပဲ။

“. . . ကမ္ဘာမြေအစွန်အဖျားအထိ။”—တမန်တော် ၁:၈

၅။ ယေရှုရဲ့ အစောပိုင်း နောက်လိုက်တွေ ဘယ်နေရာကနေ စဟောသလဲ။

နောက်လိုက်တွေကို ယေရှု ပေးတဲ့ တာဝန်ကို စဉ်းစားကြည့်ပါ။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ပြောတယ်။ (တ. ၁:၈) ဦးဆုံး၊ သန့်ရှင်းသော စွမ်းအားတော်က တပည့်တွေကို “ဂျေရုဆလင်မြို့” မှာ သက်သေခံဖို့ တန်ခိုးပေးတယ်။ (တ. ၁:၁–၈:၃) အဲဒီနောက် စွမ်းအားတော် ညွှန်ကြားမှုနဲ့ “ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်” မှာ သက်သေခံကြတယ်။ (တ. ၈:၄–၁၃:၃) နောက်တော့ “ကမ္ဘာမြေ အစွန်အဖျားအထိ” သတင်းကောင်း ဟောကြတယ်။—တ. ၁၃:၄–၂၈:၃၁

၆၊ ၇။ ဟောပြောတဲ့အခါ အစောပိုင်း ခရစ်ယာန်တွေမှာ မရှိပေမဲ့ ကျွန်တော်တို့မှာ ဘာတွေ ရှိသလဲ။

ပထမရာစု ညီအစ်ကို/မတွေမှာ ဟောပြောတဲ့အခါ သုံးဖို့ ကျမ်းစာ အပြည့်အစုံ မရှိဘူး။ မဿဲ ခရစ်ဝင်ကျမ်းကို အေဒီ ၄၁ လောက်မှ ရတယ်။ အေဒီ ၆၁ လောက်မှာ တမန်တော်ကျမ်း ရေးပြီးတယ်။ အဲဒီမတိုင်ခင် ရေးတဲ့ ပေါလုရဲ့ စာတချို့တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အစောပိုင်း ခရစ်ယာန်တွေမှာ ကိုယ်ပိုင် ကျမ်းစာအုပ် အပြည့်အစုံ မရှိတဲ့အပြင် စိတ်ဝင်စားသူတွေကို ပေးဖို့ စာပေတွေ မရှိဘူး။ ဂျူးခရစ်ယာန်တွေဆိုရင်တော့ ယေရှုတပည့် ဖြစ်မလာခင် တရားဇရပ်မှာ ဟီဘရူး ကျမ်းစောင်တွေ ဖတ်ပြတာ ကြားဖူးကြမယ်။ (၂ ကော. ၃:၁၄-၁၆) ဒါပေမဲ့ ကျမ်းပိုဒ်တွေ အလွတ် ကိုးကားရမှာ ဖြစ်လို့ အပတ်တကုတ် လေ့လာကြရမှာ။

ဒီနေ့၊ ကျွန်တော်တို့ အများစုမှာ ကိုယ်ပိုင် ကျမ်းစာအုပ်အပြင် ကျမ်းစာစာပေ အမျိုးမျိုး ရှိတယ်။ နိုင်ငံဒေသပေါင်း ၂၄၀ မှာ ဘာသာစကား အမျိုးမျိုးနဲ့ သတင်းကောင်း ဟောပြောခြင်းအားဖြင့် တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်နေကြတယ်။

သန့်ရှင်းသော စွမ်းအားတော် တန်ခိုးပေး

၈၊ ၉။ (က) ယေရှုရဲ့ တပည့်တွေ ဘာလုပ်ဖို့ သန့်ရှင်းသော စွမ်းအားတော်က တန်ခိုးပေးသလဲ။ (ခ) စွမ်းအားတော် အကူအညီကြောင့် သစ္စာရှိကျွန် ဘာတွေ ပုံနှိပ်ထုတ်ဝေနေသလဲ။

မိမိအကြောင်း သက်သေခံဖို့ တပည့်တွေကို ယေရှု တာဝန်ပေးချိန်မှာ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရ” မယ်လို့ ပြောတယ်။ ဘုရားသခင့် စွမ်းအားတော် ညွှန်ကြားမှုကြောင့် သူတို့ မြေတစ်ပြင်လုံးမှာ သက်သေခံကြလိမ့်မယ်။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ပေတရုနဲ့ ပေါလု ရောဂါတွေ ကုသပေးကြတယ်။ နတ်ဆိုးတွေ နှင်ထုတ်ကြတယ်။ လူသေကိုတောင် ရှင်ပြန်ထမြောက်စေကြတယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ တာဝန်အတွက် သန့်ရှင်းသော စွမ်းအားတော်က သူတို့ကို တန်ခိုးပေးတာ။ ထာဝရအသက် ရစေမယ့် တိကျမှန်ကန်တဲ့ အသိပညာကို တခြားသူတွေဆီ ဝေမျှဖို့ပါ။—ယော. ၁၇:၃

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုရဲ့ တပည့်တွေဟာ “စွမ်းအားတော်က ပြောဆိုနိုင်စွမ်း ပေးတဲ့အတိုင်း ဘာသာစကားမျိုးစုံနဲ့ ပြောဆိုကြတော့တယ်။” “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” သက်သေခံကြတယ်။ (တ. ၂:၁-၄၊ ၁၁) ဒီနေ့၊ ကျွန်တော်တို့ အံ့ဖွယ်နည်းနဲ့ ဘာသာစကား အမျိုးမျိုး မပြောကြဘူး။ ဒါပေမဲ့ စွမ်းအားတော် အကူအညီအားဖြင့် သစ္စာရှိကျွန်ဟာ ကျမ်းစာစာပေတွေကို ဘာသာစကားအမျိုးမျိုးနဲ့ ထုတ်ဝေနေတယ်။ ဥပမာ၊ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းကို လစဉ် စောင်ရေ သန်းနဲ့ချီ ပုံနှိပ်နေတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org မှာ ကျမ်းစာ အခြေပြု စာပေတွေ၊ ဗီဒီယိုတွေကို ဘာသာစကားပေါင်း ၁၀၀၀ ကျော်နဲ့ ရနိုင်တယ်။ ဒါတွေအားလုံးကြောင့် လူမျိုးတွေ၊ လူမျိုးနွယ်တွေ၊ လူစုတွေနဲ့ ဘာသာစကား အမျိုးမျိုး ပြောဆိုသူတွေကို “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” ကြေညာနိုင်ကြတာ။—ဗျာ. ၇:၉

၁၀။ ၁၉၈၉ ခုနှစ်ကတည်းက ကျမ်းစာ ဘာသာပြန်ခြင်းနဲ့ပတ်သက်ပြီး ဘာတွေ ပြီးမြောက်ခဲ့ပြီလဲ။

၁၀ ၁၉၈၉ ခုနှစ်ကတည်းက သစ္စာရှိကျွန်ဟာ ဘာသာစကားများစွာနဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်း ထုတ်နိုင်ဖို့ အာရုံစိုက်တယ်။ ဒီကျမ်းစာကို အခု ဘာသာစကား ၂၀၀ ကျော်နဲ့ ပြန်ဆိုပြီးပြီ။ စောင်ရေ သန်းပေါင်းများစွာ ပုံနှိပ်ပြီးပြီ။ နောက်ထပ်လည်း ပုံနှိပ်နေဆဲ ဖြစ်တယ်။ ဘုရားသခင်နဲ့ စွမ်းအားတော်ကြောင့်ပါပဲ။

၁၁။ ယေဟောဝါသက်သေတွေရဲ့ စာပေ ဘာသာပြန်ခြင်းလုပ်ငန်း ဘယ်လို ပြီးမြောက်နေသလဲ။

၁၁ ဘာသာပြန်လုပ်ငန်းကို နိုင်ငံဒေသပေါင်း ၁၅၀ ကျော်မှာ စေတနာ့ဝန်ထမ်း ထောင်ချီက လုပ်ဆောင်နေတယ်။ ဒါကို ကျွန်တော်တို့ မအံ့သြသင့်ဘူး။ ယေဟောဝါဘုရား၊ မေရှိယဘုရင်နဲ့ တည်ထောင်ပြီး ဖြစ်တဲ့ ကောင်းကင်နိုင်ငံတော်အကြောင်း ကမ္ဘာတစ်ဝန်း “စေ့စေ့စပ်စပ် သက်သေခံ” ဖို့ သန့်ရှင်းသော စွမ်းအားတော် ဦးဆောင်နေတဲ့ အဖွဲ့အစည်း ဒီ့အပြင် မရှိဘူး။—တ. ၂၈:၂၃

၁၂။ ပေါလုနဲ့ တခြားခရစ်ယာန်တွေ သက်သေခံခြင်းလုပ်ငန်းကို ဘယ်လိုလုပ်ပြီး လုပ်ဆောင်နိုင်ကြသလဲ။

၁၂ ပိသိဒိပြည်၊ အန္တိအုတ်မြို့မှာ ဂျူးနဲ့ လူမျိုးခြားတွေကို ပေါလု သက်သေခံတဲ့အခါ “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေဟာ ယုံကြည်သူတွေ ဖြစ်လာကြတယ်။” (တ. ၁၃:၄၈) ပေါလုဟာ “အတားအဆီး မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း . . . ဟောပြောသွန်သင်ပေးနေတယ်” ဆိုပြီး တမန်တော်ကျမ်းကို လုကာ နိဂုံးချုပ်ထားတယ်။ (တ. ၂၈:၃၁) တမန်တော် ပေါလု ဘယ်မှာ သက်သေခံနေသလဲ။ ကမ္ဘာ့အင်ပါယာကြီး တစ်ခုရဲ့ မြို့တော် ရောမမှာ ဖြစ်တယ်။ ယေရှုရဲ့ အစောပိုင်း နောက်လိုက်တွေဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ကူညီလမ်းပြမှုနဲ့ ဟောပြောချက်တွေ ပေးခြင်း၊ နည်းအမျိုးမျိုး သုံးခြင်းအားဖြင့် သက်သေခံကြတယ်။

ညှဉ်းဆဲမှုကြားမှာ စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်း

၁၃။ ညှဉ်းဆဲခံရတဲ့အခါ ဘာကြောင့် ဆုတောင်းသင့်သလဲ။

၁၃ ယေရှုရဲ့ အစောပိုင်း တပည့်တွေ ညှဉ်းဆဲခံရတဲ့အခါ ရဲစွမ်းသတ္တိ ပေးဖို့ ယေဟောဝါဆီ အသနားခံကြတယ်။ ဘာရလဒ် ရသလဲ။ သန့်ရှင်းသော စွမ်းအားတော်က တန်ခိုးပေးလို့ တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခဲ့ကြတယ်။ (တ. ၄:၁၈-၃၁) ကျွန်တော်တို့လည်း ညှဉ်းဆဲမှုတွေကြားမှာ ဆက်သက်သေခံနိုင်ဖို့ ဉာဏ်ပညာနဲ့ ခွန်အား တောင်းကြတယ်။ (ယာ. ၁:၂-၈) ဘုရားကောင်းချီးနဲ့ စွမ်းအားတော် အကူအညီကြောင့် ဆက်ဟောပြောနိုင်ကြတယ်။ ပြင်းထန်တဲ့ ဆန့်ကျင်မှုဖြစ်စေ၊ ရက်စက်တဲ့ ညှဉ်းဆဲခြင်းဖြစ်စေ ဘာကမှ သက်သေခံခြင်းလုပ်ငန်းကို ရပ်တန့်မသွားစေနိုင်ဘူး။ ကျွန်တော်တို့ ညှဉ်းဆဲခံရတဲ့အခါ သတင်းကောင်း ဆက်ဟောနိုင်အောင် သန့်ရှင်းသော စွမ်းအားတော်၊ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ ရဖို့ ဆုတောင်းရမယ်။—လု. ၁၁:၁၃

၁၄၊ ၁၅။ (က) “သတေဖန်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ ညှဉ်းဆဲခြင်းကြောင့်” ဘာဖြစ်ခဲ့သလဲ။ (ခ) ကျွန်တော်တို့ခေတ်မှာ ဆိုက်ဘေးရီးယားက လူများစွာ အမှန်တရား ဘယ်လို သိလာသလဲ။

၁၄ ရန်သူတွေ လက်ချက်နဲ့ အသတ်မခံရခင် သတေဖန် သတ္တိရှိရှိ သက်သေခံခဲ့တယ်။ (တ. ၆:၅။ ၇:၅၄-၆၀) အဲဒီအချိန်မှာ “အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခံရတဲ့အတွက်” တမန်တော်တွေက လွဲပြီး တပည့်အားလုံး ယုဒပြည်၊ ရှမာရိပြည်အနှံ့ ကွဲလွင့်သွားကြတယ်။ ဒါပေမဲ့ သက်သေခံခြင်းလုပ်ငန်း ရပ်တန့်မသွားဘူး။ ရှမာရိမြို့ကို ဖိလိပ္ပု သွားပြီး “ခရစ်တော်အကြောင်း ဟောပြော” တဲ့အခါ ရလဒ်ကောင်းတွေ ရတယ်။ (တ. ၈:၁-၈၊ ၁၄၊ ၁၅၊ ၂၅) အဲဒီအပြင် “သတေဖန်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ ညှဉ်းဆဲခြင်းကြောင့် အရပ်ရပ်ဆီ ကွဲလွင့်သွားသူတွေဟာ ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်း၊ အန္တိအုတ်မြို့အထိ ရောက်သွားတယ်။ ဒါပေမဲ့ ဂျူးတွေကိုပဲ တရားစကားအကြောင်း ဟောပြောကြတယ်။ သူတို့ထဲမှာ ဆိုက်ပရပ်ကျွန်းသား၊ ကုရေနေပြည်သား တချို့လည်း ပါတယ်။ သူတို့က အန္တိအုတ်မြို့ကို ရောက်လာပြီး သခင်ယေရှုအကြောင်း သတင်းကောင်းကို ဂရိစကားပြောတဲ့ လူတွေဆီ ဟောပြောကြတယ်။” (တ. ၁၁:၁၉၊ ၂၀) ညှဉ်းဆဲခြင်းကြောင့် နိုင်ငံတော်သတင်း ပျံ့နှံ့သွားတယ်။

၁၅ ကျွန်တော်တို့ခေတ်မှာလည်း အရင် ဆိုဗီယက် ပြည်ထောင်စုမှာ ထပ်တူ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ယေဟောဝါသက်သေ ထောင်ချီ ဆိုက်ဘေးရီးယားကို နယ်နှင်ခံရကြတယ်။ လူခွဲပြီး နေရာချတဲ့အတွက် အလွန် ကျယ်ပြောတဲ့ အဲဒီနယ်မြေမှာ သတင်းကောင်း ပျံ့နှံ့သည်ထက် ပျံ့နှံ့သွားတယ်။ မိုင် ၆,၀၀၀ လောက် ဝေးတဲ့ အဲဒီနေရာကို သတင်းကောင်း သွားဟောဖို့ သက်သေခံတွေ ခရီးစရိတ် တတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အစိုးရကြောင့် သူတို့ တစ်နိုင်ငံလုံးအနှံ့ ရောက်သွားတယ်။ “ဆိုက်ဘေးရီးယားမှာ ရှိတဲ့ စိတ်ရင်းမှန်သူ ထောင်ပေါင်းများစွာ အမှန်တရား သိလာအောင် အာဏာပိုင်တွေကိုယ်တိုင် စီစဉ်ပေးလိုက်သလိုပဲ” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။

ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေး

၁၆၊ ၁၇။ သက်သေခံခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးကြောင်း တမန်တော်ကျမ်းက ဘယ်လို သက်သေထူသလဲ။

၁၆ အစောပိုင်း ခရစ်ယာန်တွေကို ယေဟောဝါ ကောင်းချီးပေးတာ သေချာတယ်။ ပေါလုနဲ့ တခြားသူတွေက စိုက်ပျိုး၊ ရေလောင်းပြီး ‘ဘုရားသခင်က အပင်ကို ကြီးထွားစေတယ်။’ (၁ ကော. ၃:၅၊ ၆) ယေဟောဝါ ကောင်းချီးပေးလို့ နောက်ထပ် လူတွေ အများကြီး ယေဟောဝါရဲ့ ကျေးကျွန် ဖြစ်လာကြောင်း တမန်တော်ကျမ်းပါ မှတ်တမ်းတွေက သက်သေထူတယ်။ ဥပမာ၊ “ဘုရားသခင်ရဲ့ တရားစကား ပိုပျံ့နှံ့လာတဲ့အတွက် ဂျေရုဆလင်မြို့မှာ တပည့်အရေအတွက် များသည်ထက် များလာတယ်။” (တ. ၆:၇) သက်သေခံခြင်းလုပ်ငန်း ကျယ်ပြန့်သွားတဲ့အတွက် “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်တစ်လျှောက်က အသင်းတော်တွေဟာ ငြိမ်သက်အေးချမ်းပြီး ယုံကြည်ခြင်း ခိုင်ခံ့နေကြတယ်။ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရတဲ့ နှစ်သိမ့်မှုနဲ့အညီ အသက်ရှင်တဲ့အတွက် တပည့် အရေအတွက် များသည်ထက် များလာတယ်။”—တ. ၉:၃၁

၁၇ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့မှာ ဂျူးတွေနဲ့ ဂရိစကားပြောသူတွေဟာ ရဲစွမ်းသတ္တိ ရှိတဲ့ သက်သေခံတွေဆီကနေ အမှန်တရား ကြားခဲ့ကြတယ်။ “သူတို့အပေါ် ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတဲ့အတွက် လူအမြောက်အမြားဟာ ယုံကြည်သူတွေ၊ သခင့်နောက်လိုက်တွေ ဖြစ်လာတယ်” လို့ မှတ်တမ်းက ဆိုတယ်။ (တ. ၁၁:၂၁) အဲဒီမြို့မှာ “ယေဟောဝါရဲ့ တရားစကားကတော့ ပျံ့နှံ့သည်ထက် ပျံ့နှံလာတယ်” လို့ ဖတ်ရတယ်။ (တ. ၁၂:၂၄) လူမျိုးခြားတွေကို ပေါလုနဲ့ တခြားသူတွေ အင်တိုက်အားတိုက် သက်သေခံတဲ့အတွက် “ယေဟောဝါရဲ့ တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွားတော့တယ်။”—တ. ၁၉:၂၀

၁၈၊ ၁၉။ (က) ကျွန်တော်တို့အပေါ် “ယေဟောဝါရဲ့ လက်တော်” သက်ရောက်နေကြောင်း ဘယ်လို သိရသလဲ။ (ခ) မိမိလူမျိုးကို ယေဟောဝါ ထောက်မကြောင်း ပြတဲ့ ဖြစ်ရပ်တစ်ခု ပြောပြပါ။

၁၈ ကျွန်တော်တို့အပေါ်မှာလည်း “ယေဟောဝါရဲ့ လက်တော်” သက်ရောက်နေတာ ထင်ရှားတယ်။ ဒါကြောင့်လည်း လူများစွာ ယုံကြည်သူ ဖြစ်လာပြီး ဘုရားဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြပြီ။ ဒါ့အပြင် ဘုရားအကူအညီနဲ့ ကောင်းချီးကြောင့်သာ ပေါလုနဲ့ အစောပိုင်း ခရစ်ယာန်တွေလို ပြင်းထန်တဲ့ ဆန့်ကျင်မှုကိုသာမက တစ်ခါတလေ ရက်စက်တဲ့ ညှဉ်းဆဲမှုတွေကို ကျွန်တော်တို့ ခံရပ်နိုင်ပြီး အောင်အောင်မြင်မြင် အမှုဆောင်နေနိုင်ကြတာ။ (တ. ၁၄:၁၉-၂၁) ကျွန်တော်တို့နဲ့အတူ ယေဟောဝါ အမြဲ ရှိတယ်။ အခက်အခဲအားလုံးကို ကျွန်တော်တို့ ခံရပ်နိုင်ဖို့ “ထာဝရ လက်ရုံးတော်” က မပျက်မကွက် ထောက်မပေးတယ်။ (တရား. ၃၃:၂၇) ကြီးမြတ်တဲ့ နာမတော်ကို ထောက်ပြီး မိမိလူမျိုးကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း သတိရကြပါစို့။—၁ ရှ. ၁၂:၂၂။ ဆာ. ၉၄:၁၄

၁၉ ဥပမာ၊ ညီအစ်ကို ဟယ်ရယ်လ် အပ်ဟာ အဆက်မပြတ် သက်သေခံတဲ့အတွက် နာဇီတွေက သူ့ကို ဒုတိယ ကမ္ဘာစစ်အတွင်း ဇာခ်စင်ဟောင်ဇင် ချွေးတပ်စခန်း ပို့လိုက်တယ်။ ၁၉၄၂၊ မေလမှာ ဇနီး အဲလ်ဆာရဲ့ အိမ်ကို နာဇီ လျှို့ဝှက်ရဲ သွားပြီး အဲလ်ဆာကို ဖမ်း၊ နို့စို့သမီးလေးကို ခေါ်သွားတယ်။ အဲလ်ဆာ စခန်း တစ်ခုပြီး တစ်ခု ပို့ခံရတယ်။ ညီအစ်မ အဲလ်ဆာက “ဂျာမန် ချွေးတပ်စခန်းတွေမှာ နှစ်နဲ့ချီ နေခဲ့ရတုန်းက အရေးကြီး သင်ခန်းစာ ရခဲ့တယ်။ အကြီးအကျယ် စမ်းသပ်ခံရချိန်မှာ ယေဟောဝါရဲ့ စွမ်းအားတော် ဘယ်လောက် ခွန်အားပေးနိုင်တယ်ဆိုတာပဲ။ အပြင်းအထန် စမ်းသပ်ခံရချိန်မှာ ယေဟောဝါရဲ့ စွမ်းအားတော်က စိတ်တည်ငြိမ်စေတယ်လို့ ရေးထားတဲ့ ညီအစ်မတစ်ယောက်ရဲ့ စာကို ကျွန်မ အဖမ်းမခံရခင် ဖတ်ရတယ်။ အဲဒီညီအစ်မ နည်းနည်း ချဲ့ကားပြောနေတာပဲလို့ ထင်ခဲ့မိတယ်။ ကိုယ်တိုင် စမ်းသပ်ခံရတော့မှပဲ သူပြောတာ မှန်ပါလားဆိုတာ သိလိုက်ရတယ်။ ‘ပြောမယုံ ကြုံမှ သိ’ ဆိုတာ အမှန်ပဲ။ ကျွန်မ အဲဒီအတိုင်း တကယ် ခံစားခဲ့ရတာ” လို့ ပြောတယ်။

ဆက်ပြီး စေ့စေ့စပ်စပ် သက်သေခံပါ

၂၀။ ပေါလု အကျယ်ချုပ် ကျနေတုန်း ဘာလုပ်သလဲ။ ဒါက ညီအစ်ကို/မတချို့အတွက် ဘယ်နည်းနဲ့ အားပေးမှု ဖြစ်နိုင် သလဲ။

၂၀ ပေါလု ထက်ထက်သန်သန် ‘ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေးနေတယ်’ ဆိုပြီး တမန်တော်ကျမ်းကို နိဂုံးချုပ်ထားတယ်။ (တ. ၂၈:၃၁) အကျယ်ချုပ် ကျနေလို့ ရောမမြို့မှာ တစ်အိမ်တက်ဆင်း သွားပြီး သက်သေမခံနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ဆီ လာတဲ့သူအားလုံးကို သက်သေခံတယ်။ ဒီနေ့လည်း ချစ်ရတဲ့ ညီအစ်ကို/မတချို့ဟာ အိမ်မှာ ခြေချုပ်မိနေကြတယ်။ အိပ်ရာကနေ မထနိုင်တာတောင် ရှိတယ်။ အသက်ကြီးလာလို့၊ ကျန်းမာရေး မကောင်းလို့၊ မသန်စွမ်းလို့ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေရတာတွေ ရှိတယ်။ ဒါပေမဲ့ ဘုရားကို ချစ်နေကြတုန်းပဲ။ သက်သေခံချင်စိတ် ပြင်းပြနေကြတုန်းပဲ။ ဒါကြောင့် ကောင်းကင်ဖခင်အကြောင်း၊ ဘုရားရဲ့ အံ့ဖွယ် ရည်ရွယ်ချက်တွေအကြောင်း သိချင်သူတွေနဲ့ သူတို့ အဆက်အသွယ် ရဖို့ ဆုတောင်းပေးနိုင်တယ်။

၂၁။ အရေးကြီး သဘောထားနဲ့ ဘာကြောင့် သက်သေခံသင့်သလဲ။

၂၁ ကျွန်တော်တို့ အများစုကတော့ တစ်အိမ်တက်ဆင်း လုပ်ငန်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ တခြားအသွင်အပြင်တွေမှာ ပါဝင်နိုင်တယ်။ ဒါကြောင့် နိုင်ငံတော်သတင်း ကြွေးကြော်သူတွေအဖြစ် တာဝန်ကျေပွန်စွာ အတတ်နိုင်ဆုံး ပါဝင်ပြီး “ကမ္ဘာမြေအစွန်အဖျားအထိ” သက်သေခံကြပါစို့။ ခရစ်တော် ရောက်ရှိနေခြင်း “နိမိတ်” ထင်ရှားနေလို့ ဒီလုပ်ငန်းကို အရေးကြီး သဘောထားနဲ့ ဆောင်ရွက်ရမယ်။ (မ. ၂၄:၃-၁၄) အချိန်မဖြုန်းဘဲ “သခင့်အလုပ်မှာ အမြဲ အလုပ်များနေကြ” ရမယ်။—၁ ကော. ၁၅:၅၈

၂၂။ ယေဟောဝါရဲ့ နေ့ကြီးကို စောင့်မျှော်ရင်း ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၂၂ “ယေဟောဝါရဲ့ ကြောက်မက်ဖွယ် နေ့ကြီး” ကို စောင့်မျှော်ရင်း သစ္စာရှိရှိ၊ သတ္တိရှိရှိ ဆက်သက်သေခံဖို့ ဆုံးဖြတ်ထားကြစို့။ (ယောလ ၂:၃၁) “သဘောထားကြီးတဲ့အတွက် တရားစကားတော်ကို အားတက်သရော ခံယူ” တဲ့ ဗေရိမြို့သားတွေနဲ့ တူတဲ့သူတွေ ရှာတွေ့နိုင်တုန်းပဲ။ (တ. ၁၇:၁၀၊ ၁၁) ဒါကြောင့် “တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ” ဆိုတဲ့ စကား ကြားရချိန်အထိ ဆက်သက်သေခံနေကြစို့။ (မ. ၂၅:၂၃) တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ပြီး ဘုရားအပေါ် သစ္စာမြဲနေပါ။ ဒါဆိုရင် ဘုရားနိုင်ငံတော်အကြောင်း “စေ့စေ့စပ်စပ် သက်သေခံ” ခြင်းလုပ်ငန်းမှာ ပါဝင်ခွင့် ရခဲ့လို့ ထာဝစဉ် ဂုဏ်ယူရပါလိမ့်မယ်။