အခန်း ၂၆
“ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
သင်္ဘောပျက်ဘေး ကြုံတဲ့အခါ ယုံကြည်ခြင်း၊ လူတွေကို ချစ်တဲ့ မေတ္တာ ပေါလု ဖော်ပြ
တမန်တော် ၂၇:၁–၂၈:၁၀ ကို အခြေခံ
၁၊ ၂။ ဘယ်ရေကြောင်း ခရီးစဉ်မျိုးကို ပေါလု သွားရမလဲ။ သူစိုးရိမ်ပူပန်တဲ့အရာတချို့က ဘာလဲ။
‘မင်း ဆီဇာဆီကို သွားရမယ်’ လို့ ပေါလုကို ဘုရင်ခံ ဖေတ္တုမင်း ပြောတယ်။ ဒီစကား ကြားတော့ ကိုယ့်ရှေ့ရေးကို ပေါလု အကြိမ်ကြိမ် စဉ်းစားနေမိမှာပဲ။ နှစ်နှစ်လုံးလုံး ထောင်ကျနေတာ။ ရောမမြို့ သွားရမယ်ဆိုတော့ အနည်းဆုံးတော့ အပြောင်းအလဲ ဖြစ်သွားတာပေါ့။ (တ. ၂၅:၁၂) ပေါလု ရေကြောင်းခရီး အများကြီး သွားဖူးတယ်။ အားလုံး အဆင်ပြေနေတာချည်းတော့ မဟုတ်ဘူး။ ဒါကြောင့် ဒီတစ်ခေါက် ခရီးစဉ်အတွက်ကော ကဲသာနဲ့ စကားပြောရမှာအတွက်ပါ စိတ်လေးနေမှာပဲ။
၂ ‘ပင်လယ်ဘေး’ ပေါလု အကြိမ်ကြိမ် ကြုံတယ်။ သင်္ဘောပျက်တာ သုံးကြိမ် ကြုံပြီး တစ်နေ့လုံး တစ်ညလုံး ပင်လယ်ထဲမှာ မျောနေခဲ့ရတယ်။ (၂ ကော. ၁၁:၂၅၊ ၂၆) ပြီးတော့ ဒီတစ်ခေါက် ခရီးစဉ်က စိတ်လွတ်ကိုယ်လွတ် သွားခဲ့တဲ့ သာသနာပြု ခရီးစဉ်တွေနဲ့ မတူဘူး။ အကျဉ်းသားအဖြစ် သွားရမှာ။ ကဲသရိမြို့ကနေ ရောမမြို့ကို မိုင် ၂,၀၀၀ လောက် ခရီးဝေး နှင်ရမယ်။ ဘေးမသီ ရန်မခ ရောက်ပါ့မလား။ လမ်းမှာ ဘေးကင်းရင်တောင် ရောမမြို့ ရောက်တဲ့အခါ သေဒဏ် ပေးခံရမလား။ အဲဒီခေတ် အဲဒီအခါက စာတန့်လောကမှာ သြဇာအာဏာအကြီးဆုံး ကမ္ဘာ့အင်ပါယာက သူ့ကို တရားစီရင်မှာ။
၃။ ပေါလု ဘာဆုံးဖြတ်ထားသလဲ။ ဒီအခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ လေ့လာခဲ့တာတွေကနေ ပေါလုအကြောင်း သင် တော်တော် သိနေပြီ။ ရှေ့မှာ ကြုံရနိုင်တာတွေကြောင့် ပေါလု မျှော်လင့်ချက် မဲ့ပြီး စိတ်ဓာတ်ကျနေမယ် ထင်သလား။ မျှော်လင့်ချက် မဲ့မနေဘူး။ စိတ်ဓာတ်ကျမနေဘူး။ ရှေ့မှာ အခက်အခဲတွေ ကြုံရမယ်ဆိုတာ သိပေမဲ့ ဘယ်လို အခက်အခဲမျိုးလဲ မသိဘူး။ ကိုယ်မသိသေးတာတွေ၊ မထိန်းချုပ်နိုင်တာတွေအတွက် စိုးရိမ်နေလို့ အကျိုးမရှိဘူး၊ စိုးရိမ်နေရင် အမှုဆောင်လုပ်ငန်းကနေ ရတဲ့ ရွှင်လန်းမှု ပျောက်ဆုံးသွားမယ်ဆိုတာ ပေါလု သိတယ်။ (မ. ၆:၂၇၊ ၃၄) နိုင်ငံတော် သတင်းကောင်းကို အခွင့်အရေး ရတိုင်း ဟောဖို့၊ အာဏာပိုင်တွေကိုတောင် ဟောဖို့ ယေဟောဝါ အလိုရှိကြောင်း သိတယ်။ (တ. ၉:၁၅) ဒါကြောင့် ဘာပဲ ဖြစ်လာပါစေ တာဝန် ကျေပွန်ဖို့ ပေါလု ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့လည်း အဲဒီလို ဆုံးဖြတ်သင့်တယ် မဟုတ်လား။ အခု၊ ပေါလုရဲ့ ရေကြောင်း ခရီးစဉ်အကြောင်း လေ့လာကြမယ်။ လေ့လာတဲ့အခါ ပေါလုရဲ့ စံနမူနာကနေ ဘာအကျိုးရနိုင်မလဲဆိုတာ စဉ်းစားပါ။
“လေကြောင်းမသင့်တဲ့အတွက်” (တ. ၂၇:၁-၇)
၄။ ပေါလု ဘယ်လို သင်္ဘောမျိုးနဲ့ ရေကြောင်းခရီး စတင်သလဲ။ သူ့အဖော်တွေက ဘယ်သူတွေလဲ။
၄ ပေါလုနဲ့ အကျဉ်းသားတွေကို ရောမတပ်မှူး ယုလိလက်ထဲ အပ်လိုက်ကြတယ်။ ကဲသရိမြို့ကို ဆိုက်လာတဲ့ ကုန်တင်သင်္ဘောနဲ့ လိုက်သွားဖို့ ယုလိ ဆုံးဖြတ်တယ်။ သင်္ဘောက အာရှမိုင်းနား အနောက်ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ အာဒြမုတ္တိ ဆိပ်ကမ်းမြို့ကနေ လာပြီး လဲစ်ဘာ့စ်ကျွန်းပေါ်မှာ ရှိတဲ့ မိတုလင်မြို့နားက ဖြတ်လာတာ။ မြောက်ဘက်၊ အဲဒီနောက် အနောက်ဘက်ကို ရွက်လွှင့်မှာ ဖြစ်ပြီး ကုန်တင်ကုန်ချဖို့ ဆိပ်ကမ်းတွေမှာ ရပ်မယ်။ ခရီးသည်တင် သင်္ဘော မဟုတ်လို့ သက်သောင့်သက်သာ ရှိမှာ မဟုတ်ဘူး။ အကျဉ်းသားတွေအတွက်ဆိုရင် ပိုတောင် ဆိုးဦးမယ်။ (“ ပင်လယ်ခရီးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းများ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကျေးဇူးတင်စရာက အကျဉ်းသား အုပ်စုထဲမှာ ခရစ်ယာန်ဆိုလို့ ပေါလု တစ်ယောက်တည်း ဖြစ်မနေဘူး။ အနည်းဆုံး ညီအစ်ကိုနှစ်ယောက် လိုက်လာတယ်။ တစ်ယောက်က အာရိတ္တာခု။ နောက်တစ်ယောက်ကတော့ ဒီမှတ်တမ်းကို ရေးတဲ့ လုကာပါ။ သင်္ဘောခ ပေးပြီး လိုက်လာကြသလား၊ ပေါလုရဲ့ အစေခံတွေအဖြစ် လိုက်လာကြသလားဆိုတာတော့ ကျွန်တော်တို့ မသိရဘူး။—တ. ၂၇:၁၊ ၂။
၅။ ပေါလု ဆိုင်ဒုန်မြို့မှာ ဘာပေါင်းသင်းမှု လုပ်နိုင်ခဲ့သလဲ။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။
၅ ပင်လယ်ခရီး တစ်ရက် သွားအပြီး မြောက်ဘက်ကို မိုင် ၇၀ လောက် ရွက်လွှင့်လာပြီးနောက် ဆီးရီးယား ကမ်းရိုးတန်း ဆိုင်ဒုန်မြို့မှာ သင်္ဘော ဆိုက်တယ်။ ခါတိုင်း ရာဇဝတ်သားတွေကို ဆက်ဆံသလို ပေါလုကို ယုလိ မဆက်ဆံဘူး။ ပေါလုဟာ ပြစ်ဒဏ် ချမခံရသေးတဲ့ ရောမနိုင်ငံသား ဖြစ်လို့ နေမယ်။ (တ. ၂၂:၂၇၊ ၂၈။ ၂၆:၃၁၊ ၃၂) ကမ်းပေါ် တက်ပြီး ယုံကြည်သူချင်းတွေနဲ့ သွားတွေ့ခွင့် ပေးတယ်။ အကြာကြီး ထောင်ကျခဲ့တဲ့ တမန်တော်ကို ပြုစုခွင့် ရလို့ ညီအစ်ကို/မတွေ တအား ဝမ်းသာကြမှာပဲ။ သင်လည်း တခြားသူတွေကို မေတ္တာထားပြီး ဧည့်ဝတ်ပြုနိုင်မယ့် အခွင့်အရေး ရှာကြည့်ပါ။ ဧည့်ဝတ်ပြုတဲ့အခါ အားပေးမှု ပြန်ရတယ်။—တ. ၂၇:၃။
၆-၈။ ဆိုင်ဒုန်မြို့ကနေ ကနိဒ်မြို့အထိ ပေါလုရဲ့ ခရီးစဉ် ဘယ်လို ရှိသလဲ။ ဟောပြောဖို့ ဘာအခွင့်အရေးတွေ ပေါလု ရခဲ့ပုံ ရှိသလဲ။
၆ ဆိုင်ဒုန်မြို့ကနေ သင်္ဘော ထွက်လာပြီးနောက် ကမ်းရိုးတန်းအတိုင်း ရွက်လွှင့်တယ်။ ပေါလုရဲ့ ဇာတိ တာရှုမြို့အနီး၊ ကိလိကိပြည်ကို ဖြတ်သွားတယ်။ “လေဆန် ဖြစ်နေတော့” ဘေးသင့်နိုင်တယ်လို့ လုကာ ဖော်ပြပေမဲ့ တခြားဆိပ်ကမ်းတွေမှာ သင်္ဘောဆိုက်တဲ့အကြောင်း မဖော်ပြဘူး။ (တ. ၂၇:၄၊ ၅) ဒါပေမဲ့ အခွင့်အရေး ရတိုင်း ပေါလု သတင်းကောင်း ဟောမယ်ဆိုတာ မြင်ယောင်ကြည့်လို့ ရတယ်။ အကျဉ်းသားတွေ၊ သင်္ဘောသားတွေ၊ စစ်သားတွေ အပါအဝင် သင်္ဘောပေါ်က တခြားသူတွေ၊ ဆိုက်သမျှ ဆိပ်ကမ်းက လူတွေကို သက်သေခံခဲ့မှာ သေချာတယ်။ ကျွန်တော်တို့ကော ဟောပြောဖို့ အခွင့်အရေးအားလုံးကို ကောင်းကောင်း အသုံးချနေရဲ့လား။
၇ အချိန်တန်တော့ အာရှမိုင်းနား တောင်ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ မုရဆိပ်ကမ်းမြို့ကို သင်္ဘော ရောက်လာတယ်။ အဲဒီမှာ ရောမကို သွားမယ့် နောက်သင်္ဘောတစ်စီး ပြောင်းစီးရတယ်။ (တ. ၂၇:၆) အဲဒီခေတ်တုန်းက အီဂျစ်ပြည်ကနေ ရောမကို ဂျုံစပါး တင်ပို့လို့ ဂျုံစပါး တင်တဲ့ အီဂျစ်သင်္ဘောတွေ မုရမြို့မှာ ဆိုက်တယ်။ အဲဒီလို သင်္ဘောတစ်စီးကို ယုလိ တွေ့ပြီး စစ်သားတွေ၊ အကျဉ်းသားတွေကို သင်္ဘောပေါ် တင်တယ်။ ဒီသင်္ဘောဟာ ပထမ သင်္ဘောထက် ပိုကြီးနိုင်တယ်။ အဖိုးတန် ဂျုံစပါးအပြင် သင်္ဘောသား၊ စစ်သား၊ အကျဉ်းသားနဲ့ ရောမကို သွားမယ့် တခြားခရီးသည်တွေ အပါအဝင် လူ ၂၇၆ ယောက် သင်္ဘောပေါ် ပါလာတယ်။ သင်္ဘော ပြောင်းစီးရတော့ ဟောစရာ လူ တိုးလာပြီ။ ပေါလု အခွင့်အရေး အမိအရ ယူပြီး ဟောမှာ သေချာတယ်။
၈ အဲဒီနောက် အာရှမိုင်းနား အနောက်တောင်ထောင့်ဘက် ကနိဒ်မြို့မှာ သင်္ဘောဆိုက်မယ်။ လေသင့်ရင် အဲဒီဆိပ်ကမ်းကို တစ်ရက်လောက်နဲ့ ရောက်နိုင်တယ်။ ဒါပေမဲ့ “ရက်အတန်ကြာ တဖြည်းဖြည်း ရွက်လွှင့်လာတဲ့အခါ ကနိဒ်မြို့ကို ခက်ခက်ခဲခဲ ရောက်လာတယ်” လို့ လုကာ မှတ်တမ်းတင်ထားတယ်။ (တ. ၂၇:၇က) လေမသင့်လို့ ရွက်လွှင့်ရ ခက်သွားတာ။ (“ မြေထဲပင်လယ်မှာ တိုက်ခတ်တဲ့ လေဆန်တွေ” လေးထောင့်ကွက်ကို ကြည့်ပါ။) လှိုင်းလေကြမ်းတွေကြား သင်္ဘော လူးလိမ့်နေတုန်း သင်္ဘောပေါ်က လူတွေ ဘယ်လို ဖြစ်နေမလဲ မြင်ယောင်ကြည့်ပါ။
“လှိုင်းလုံးတွေ အပြင်းအထန် ရိုက်ခတ်” (တ. ၂၇:၇-၂၆)
၉၊ ၁၀။ ခရိကျွန်းအနီးတစ်ဝိုက်မှာ ဘာအခက်အခဲတွေ ပေါ်လာသလဲ။
၉ ကနိဒ်မြို့ကနေ အနောက်ဘက်ကို သင်္ဘော မာလိန်မှူး ဆက်သွားချင်ပေမဲ့ “လေကြောင်း မသင့်တဲ့အတွက် ရှေ့ဆက်မသွားနိုင်ဘူး” လို့ မျက်မြင်သက်သေ လုကာ ဆိုတယ်။ (တ. ၂၇:၇) ကမ်းနဲ့ တော်တော် လှမ်းလာတော့ အနောက်မြောက်ဘက်ကနေ လေဆန်က သင်္ဘောကို တောင်ဘက် အရှိန်ပြင်းပြင်း တွန်းပို့လိုက်တယ်။ အစောပိုင်းမှာ ဆိုက်ပရပ်စ်ကျွန်းက လေကွယ်ပေးခဲ့သလို အခု ခရိကျွန်းက လေကွယ်ပေးတယ်။ ခရိကျွန်း အရှေ့ဘက်စွန်းမှာ ရှိတဲ့ သာလမုန်အငူကို ကျော်သွားတော့ အခြေအနေ နည်းနည်း ကောင်းလာတယ်။ လေကွယ်ရာဘက် ဒါမှမဟုတ် ကျွန်းရဲ့ တောင်ဘက်ပိုင်းကို ရောက်လာလို့ပဲ။ သင်္ဘောပေါ်က လူတွေ ခဏ စိတ်သက်သာသွားကြတယ်။ ဒါပေမဲ့ ဆောင်းတွင်း ရောက်တော့မှာ ဖြစ်လို့ ပင်လယ်ပြင်မှာ ရှိနေသရွေ့ စိုးရိမ်စရာ ရှိမှန်း သင်္ဘောသားတွေ သိကြတယ်။
၁၀ “[ခရိကျွန်းအနီးကနေ] ခက်ခက်ခဲခဲ ရွက်လွှင့်လာပြီးနောက် . . . ဆိပ်ကမ်းသာလို့ ခေါ်တဲ့ နေရာကို ရောက်လာကြတယ်” လို့ လုကာ တိတိကျကျ ဖော်ပြတယ်။ ကမ်းနဲ့ နီးနေလို့ လေကြမ်း လွတ်သွားတာတောင် သင်္ဘော ထိန်းဖို့ ခက်နေတုန်းပဲ။ ဒါနဲ့ မြောက်ဘက်ကို ကမ်းရိုးတန်း ဝိုက်မသွားခင် ပင်လယ်အော်လေးတစ်ခုမှာ ကျောက်ချစရာနေရာ ရှာကြတယ်။ ဘယ်လောက်ကြာကြာ ကျောက်ချနေခဲ့ကြသလဲ။ “ရက်ပေါင်းများစွာ” လို့ လုကာ ပြောတယ်။ ဒါပေမဲ့ အချိန်ကြာလေ အန္တရာယ် များလေပဲ။ စက်တင်ဘာ/အောက်တိုဘာလတွေမှာ ရေကြောင်း ခရီးစဉ် အန္တရာယ် ပိုများတတ်လို့ပဲ။—တ. ၂၇:၈၊ ၉။
၁၁။ သင်္ဘောပေါ်က လူတွေကို ပေါလု ဘာအကြံပေးသလဲ။ ဘယ်လို ဆုံးဖြတ်ကြသလဲ။
၁၁ မြေထဲပင်လယ်ခရီး အတွေ့အကြုံ ရှိတဲ့ ပေါလုကို ခရီးသည်တချို့ အကြံတောင်းကြတယ်။ ဆက်ရွက်မလွှင့်ဖို့ ပေါလု အကြံပေးတယ်။ ဆက်သွားရင် အကြီးအကျယ် ပျက်စီး “ဆုံးရှုံး” ရုံမက အသက်ပါ ဆုံးနိုင်တယ်။ မာလိန်မှူးနဲ့ သင်္ဘောပိုင်ရှင်ကတော့ ပိုလုံခြုံတဲ့နေရာ ရှာမှ ရမယ် ထင်လို့ ဆက်သွားချင်နေကြတယ်။ သူတို့ ပြောတာ ယုလိ လက်ခံလိုက်တယ်။ လူအများစုကလည်း ကမ်းရိုးတန်း အထက်ပိုင်းမှာ ရှိတဲ့ ဖိနိတ်ဆိပ်ကမ်းဆီ အရောက်သွားသင့်တယ်လို့ ယူဆကြတယ်။ ဆောင်းခိုဖို့ သင့်တော်တဲ့ ဆိပ်ကမ်းကြီး ဖြစ်မယ်။ ဒါကြောင့် တောင်လေ ညင်ညင်သာသာ တိုက်ခတ်လာတော့ ရွက်လွှင့်ဖို့ ကောင်းပုံ ပေါက်လို့ သင်္ဘော ထွက်လာတယ်။—တ. ၂၇:၁၀-၁၃။
၁၂။ ခရိကျွန်းကနေ သင်္ဘော ထွက်လာတာနဲ့ ဘာအန္တရာယ် ကြုံရသလဲ။ သင်္ဘော မပျက်အောင် သင်္ဘောသားတွေ ဘယ်လို ကြိုးစားကြသလဲ။
၁၂ အရှေ့မြောက်ဘက်ကနေ “လေပြင်းမုန်တိုင်း” တိုက်ခတ်လာလို့ ဒုက္ခတွေ့ကြတော့တယ်။ ဆိပ်ကမ်းသာကနေ မိုင် ၄၀ လောက် ဝေးတဲ့ “ကောဒလို့ ခေါ်တဲ့ ကျွန်းလေး” မှာ ခဏ လေရိပ်ခိုကြတယ်။ ဒါပေမဲ့ တောင်ဘက်ကို လေအဟုန်နဲ့ သင်္ဘော ပါသွားပြီး အာဖရိက ကမ်းရိုးတန်း သဲသောင်ပေါ်မှာ ပျက်သွားနိုင်တယ်။ ဒါကြောင့် သင်္ဘောသားတွေက နောက်တွဲ သမ္ဗာန်ငယ် ဆွဲတင်ကြတယ်။ သမ္ဗာန်မှာ ရေအပြည့် ဝင်နေပုံ ရလို့ မနည်း ဆွဲတင်ကြရတယ်။ သင်္ဘောဝမ်းကို ခက်ခက်ခဲခဲ ကြိုးနဲ့ ပတ်ရစ်ချည်နှောင်ပြီး ပျဉ်ပြားတွေ ပြုတ်မထွက်အောင် လုပ်ကြတယ်။ ရွက်ကြိုးတန်ဆာတွေ လျှော့လိုက်ပြီး သင်္ဘောကို လေနှင်ရာအတိုင်း သွားစေကြတယ်။ တော်တော် ထိတ်လန့်စရာ ကောင်းတယ်။ ဒီလောက် ကြိုးစားထားတာတောင် သင်္ဘောကို “လှိုင်းလုံးတွေ အပြင်းအထန် ရိုက်ခတ်” နေဆဲပဲ။ ဒါကြောင့် သင်္ဘော ဝန်ပေါ့အောင် သုံးရက်မြောက်နေ့မှာ သင်္ဘောတန်ဆာတွေ ပစ်ချကြတယ်။—တ. ၂၇:၁၄-၁၉။
၁၃။ မုန်တိုင်းထန်နေတုန်း သင်္ဘောပေါ်က လူတွေ ဘယ်လို ဖြစ်နေကြမလဲ။
၁၃ သင်္ဘောပေါ်က အများစု ထိတ်လန့်နေကြတယ်။ ပေါလုနဲ့ အဖော်တွေကတော့ မိမိတို့ အသက်ဘေး လွတ်မယ်ဆိုတာ စိတ်ချကြတယ်။ ရောမမြို့မှာ သက်သေခံရမယ်လို့ ပေါလုကို အစောပိုင်းမှာ သခင် ကတိပြုပြီး နောက်ပိုင်းမှာ ကောင်းကင်တမန်ကလည်း ဒီကတိကို ထပ်အတည်ပြုတယ်။ (တ. ၁၉:၂၁။ ၂၃:၁၁) ဒါပေမဲ့ နှစ်ပတ်လုံးလုံး နေ့ညမပြတ် မုန်တိုင်းထန်နေတယ်။ မိုးသည်းသည်းထန်ထန် ရွာပြီး ထူထပ်တဲ့ တိမ်ထုက နေနဲ့ ကြယ်တွေကို ကွယ်ထားလို့ သင်္ဘော ဘယ်ရောက်နေတယ်၊ ဘယ်ဦးတည်နေတယ်ဆိုတာ မာလိန်မှူး မသိတော့ဘူး။ အစာအစားတောင် စားနိုင်ကြမှာ မဟုတ်ဘူး။ ဒီလို မိုးကြီးလေကြီးထဲမှာ ချမ်းချမ်းစီးစီး၊ လှိုင်းက မူး၊ ကြောက်က ကြောက်နဲ့ ဘယ်သူမှ အစာစားဖို့ အာရုံရောက်မှာ မဟုတ်ဘူး။
၁၄၊ ၁၅။ (က) သင်္ဘောပေါ် ပါလာသူတွေကို အစောပိုင်းက မိမိ သတိပေးခဲ့တဲ့စကား ပေါလု ဘာကြောင့် ပြန်ပြောသလဲ။ (ခ) ပေါလု မျှော်လင့်ခြင်း သတင်း ဝေမျှတာကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။
၁၄ ပေါလု ထရပ်လိုက်တယ်။ အစောပိုင်းက သူ သတိပေးခဲ့တာကို ပြန်ပြောပြတယ်။ ‘ငါပြောသားပဲ’ ဆိုတဲ့ သဘောမျိုးနဲ့တော့ မဟုတ်ဘူး။ အဖြစ်အပျက်တွေက ပေါလုစကားကို နားထောင်ခဲ့ဖို့ ကောင်းကြောင်း သက်သေထူနေတယ်။ “ဘာပဲဖြစ်ဖြစ် အားတင်းထားကြဖို့ ကျွန်တော် အားပေးချင်တယ်။ ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး။ သင်္ဘောတော့ ပျက်စီးသွားမယ်” လို့ ပြောလိုက်တယ်။ (တ. ၂၇:၂၁၊ ၂၂) ဒီစကားကြောင့် အားရှိသွားကြမှာပဲ။ ယေဟောဝါ ပေးတဲ့ မျှော်လင့်ချက် သတင်း သူတို့ကို ပြောပြခွင့် ရလို့ ပေါလုလည်း ဝမ်းသာနေမှာပဲ။ လူတိုင်းရဲ့ အသက်ကို ယေဟောဝါ အလေးထားကြောင်း ကျွန်တော်တို့ သတိရသင့်တယ်။ “ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ” လို့ တမန်တော် ပေတရု ရေးတယ်။ (၂ ပေ. ၃:၉) ယေဟောဝါ ပေးတဲ့ မျှော်လင့်ခြင်း သတင်း လူများနိုင်သမျှ များများ ကြားနိုင်အောင် ကြိုးစားပြောပြဖို့ သိပ်အရေးကြီးတယ်။ ဒါ သေရေးရှင်ရေးကိစ္စပဲ။
၁၅ သင်္ဘောပေါ်က လူတွေကို ‘ဘုရားသခင့် ကတိတော် မျှော်လင့်ချက်’ အကြောင်း ပေါလု သက်သေခံထားပြီးသား ဖြစ်မှာပါ။ (တ. ၂၆:၆။ ကော. ၁:၅) ဒါပေမဲ့ သင်္ဘောပျက်လို့ သေရတော့မယ် ထင်နေကြတဲ့ အချိန်မှာ မျှော်လင့်ချက် ရှိကြောင်း ခိုင်လုံတဲ့ အကြောင်းရင်း ပေါလု ပြောပြလိုက်နိုင်တယ်။ “ကောင်းကင်တမန်တစ်ပါးက ညတုန်းက ကျွန်တော့်အနားမှာ ပေါ်လာပြီး၊ ‘ပေါလု၊ မကြောက်ပါနဲ့။ ဆီဇာရှေ့မှောက်ကို မင်း ရောက်ရလိမ့်မယ်။ ဘုရားသခင်က မင်းနဲ့အတူ ပါလာတဲ့ လူအားလုံးကို အသက်ချမ်းသာ ပေးမှာပါ’ လို့ ပြောတယ်။ ဒါကြောင့် မိတ်ဆွေတို့၊ အားတင်းထားကြ။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်တယ်။ ကျွန်တော့်ကို ဘုရားသခင် ပြောထားတာတွေ တကယ် ဖြစ်လာမယ်။ ဒါပေမဲ့ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းမှာ ကျွန်တော်တို့ သောင်တင်လိမ့်မယ်” လို့ ပြောတယ်။—တ. ၂၇:၂၃-၂၆။
တ. ၂၇:၂၇-၄၄)
“လူအားလုံး အသက်ဘေးက လွတ်ပြီး ကမ်းပေါ် ရောက်သွားကြတယ်” (၁၆၊ ၁၇။ (က) ဘယ်အချိန်မှာ ပေါလု ဆုတောင်းသလဲ။ ဘာအကျိုး ရသလဲ။ (ခ) ပေါလုရဲ့ သတိပေးချက် ဘယ်လို ပြည့်စုံလာသလဲ။
၁၆ ထိတ်လန့်ဖွယ် နှစ်ပတ်တာအတွင်း မိုင် ၅၄၀ လောက် သင်္ဘော မျောနေပြီးနောက် ထူးခြားတာတစ်ခု သင်္ဘောသားတွေ သတိထားမိသွားကြတယ်။ ကမ်းစပ်ကို လှိုင်းရိုက်ခတ်သံ ကြားတာ ဖြစ်နိုင်တယ်။ သင်္ဘော မျောမသွားအောင် ပဲ့ပိုင်းကနေ ကျောက်ဆူးတွေ ချ၊ သင်္ဘောဦးကို ကုန်းဘက် ဦးတည်ပေးပြီး သင်္ဘောကို ကမ်းပေါ် ဆွဲတင်ကြတယ်။ ဒီအချိန်မှာ သင်္ဘောသားတွေ သင်္ဘောကို စွန့်ပြီး ပြေးဖို့ ကြိုးစားပေမဲ့ စစ်သည်တွေ တားဆီးကြတယ်။ “သင်္ဘောသားတွေ သင်္ဘောပေါ်မှာ မနေရင် ခင်ဗျားတို့ အသက်ချမ်းသာရမှာ မဟုတ်ဘူး” လို့ တပ်မှူးနဲ့ စစ်သည်တွေကို ပေါလု ပြောတယ်။ သင်္ဘော နည်းနည်း ငြိမ်လာလို့ အစာစားဖို့ လူတွေကို တိုက်တွန်းပြီး အသက်ဘေး လွတ်မယ့်အကြောင်း ပေါလု ထပ်အာမခံတယ်။ အဲဒီနောက် “သူတို့အားလုံးရှေ့မှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတယ်။” (တ. ၂၇:၃၁၊ ၃၅) ပေါလု ကျေးဇူးတင် ဆုတောင်းတာဟာ လုကာ၊ အာရိတ္တာခုနဲ့ ဒီနေ့ ခရစ်ယာန်တွေအတွက် ပုံသက်သေပါပဲ။ လူအများရှေ့ သင့်ဆုတောင်းချက်တွေဟာ တခြားသူတွေအတွက် အားပေးမှု၊ နှစ်သိမ့်မှု ဖြစ်စေသလား။
၁၇ ပေါလု ဆုတောင်းပြီးနောက် “လူတွေလည်း အားတက်လာပြီး အစာစားကြတယ်။” (တ. ၂၇:၃၆) ကမ်းကပ်နိုင်ဖို့ ဂျုံစပါးတွေ ပင်လယ်ထဲ ပစ်ချပြီး သင်္ဘော ဝန်ပေါ့အောင် လုပ်ကြတယ်။ မိုးလင်းတဲ့အခါ သင်္ဘောသားတွေက ကျောက်ဆူးတွေ ပင်လယ်ထဲ ဖြတ်ချပြီး ပဲ့ထိန်းတက်မကြိုးတွေ ဖြေကြတယ်။ အဲဒီနောက် သင်္ဘောဦးပိုင်းမှာ ရှိတဲ့ ရွက်ကို တင်ပြီး ကမ်းခြေဘက် ရွက်တိုက်ကြတယ်။ အဲဒီအခါ သဲသောင် ဒါမှမဟုတ် ရွှံ့နွံမှာ သင်္ဘောဦး စိုက်သွားပြီး ပဲ့ပိုင်းကတော့ လှိုင်းရိုက်လို့ ကျိုးကြေကုန်တယ်။ စစ်သည်တချို့က အကျဉ်းသားတွေ ထွက်မပြေးနိုင်အောင် သတ်ပစ်ချင်ပေမဲ့ ယုလိ တားတယ်။ လူအားလုံးကို ကုန်းဆီ ကူးသွားစေတယ်။ ပေါလု ကြိုပြောတဲ့အတိုင်း ၂၇၆ ယောက်စလုံး လွတ်မြောက်သွားတယ်။ “လူအားလုံး အသက်ဘေးက လွတ်ပြီး ကမ်းပေါ် ရောက်သွားကြတယ်။” ဒါပေမဲ့ ဘယ်နေရာ ရောက်နေကြသလဲ။—တ. ၂၇:၄၄။
“စေတနာအပြည့်နဲ့ ကူညီကြ” (တ. ၂၈:၁-၁၀)
၁၈-၂၀။ မော်လတာ ကျွန်းသားတွေ ဘယ်လို “စေတနာ အပြည့်နဲ့ ကူညီကြ” သလဲ။ ပေါလုကတစ်ဆင့် ဘုရားသခင် ဘာအံ့ဖွယ်အမှု ပြုသလဲ။
၁၈ ဘေးလွတ်သူတွေ စစ္စလီကျွန်းတောင်ဘက်က မော်လတာကျွန်းပေါ် ရောက်နေမှန်း သိလိုက်ရတယ်။ (“ မော်လတာကျွန်း—ဘယ်နေရာမှာ ရှိသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) တိုင်းတစ်ပါး စကားပြော ကျွန်းသားတွေ သူတို့ကို “စေတနာ အပြည့်နဲ့ ကူညီကြတယ်။” (တ. ၂၈:၂) ရေစိုရွှဲနေလို့ ခိုက်ခိုက်တုန်အောင် ချမ်းပြီး ကျွန်းပေါ် ရောက်လာတဲ့ သူစိမ်းတွေအတွက် မီးဖိုပေးကြတယ်။ ချမ်းအေးပြီး မိုးရွာနေပေမဲ့ မီးရှိန်ကြောင့် နွေးလာကြတယ်။ အဲဒီနောက် အံ့ဖွယ်အမှု ဖြစ်လာတယ်။
၁၉ ပေါလုက ကူညီပေးချင်လို့ ထင်းတချို့ ကောက်ပြီး မီးထဲ ထည့်လိုက်တော့ အဆိပ်ပြင်းတဲ့ မြွေပွေးတစ်ကောင် ထွက်လာပြီး သူ့လက်ကို ခဲထားတယ်။ ဒါ ပေါလုကို ဘုရားတွေ ဒဏ်ခတ်တာပဲလို့ ကျွန်းသားတွေ ယူဆသွားကြတယ်။ a
၂၀ ပေါလု မြွေကိုက်ခံရတာ မြင်တော့ “တစ်ကိုယ်လုံး ရောင်ကိုင်းလာမယ်” လို့ ဒေသခံတွေ ထင်နေကြတယ်။ အကိုးအကားစာအုပ်တစ်အုပ်အရ ဒီမှာ သုံးတဲ့ မူရင်းစကားလုံးဟာ “ဆေးပညာ အသုံးအနှုန်း” ဖြစ်တယ်။ ဒီအသုံးအနှုန်းကို “ချစ်ရတဲ့ သမားတော် လုကာ” စဉ်းစားမိတာ အံ့သြစရာ မဟုတ်ဘူး။ (တ. ၂၈:၆။ ကော. ၄:၁၄) ပေါလု အဆိပ်ပြင်းတဲ့ မြွေကို ခါချလိုက်တယ်။ ဘာဥပဒ်မှ မဖြစ်ဘူး။
၂၁။ (က) လုကာရဲ့ မှတ်တမ်းမှာ တွေ့ရတဲ့ တိကျတဲ့ အသုံးအနှုန်းတချို့က ဘာလဲ။ (ခ) ပေါလု ဘယ်အံ့ဖွယ်အမှုတွေ လုပ်ခဲ့သလဲ။ မော်လတာကျွန်းသားတွေအပေါ် ဘာအကျိုး သက်ရောက်သလဲ။
၂၁ အဲဒီဒေသမှာ ချမ်းသာတဲ့ မြေပိုင်ရှင် ပုဗလိ နေထိုင်တယ်။ မော်လတာကျွန်းကို အုပ်ချုပ်တဲ့ ရောမ အရာရှိ ဖြစ်နိုင်တယ်။ “ကျွန်းသူကြီး” လို့ လုကာ ဖော်ပြထားတယ်။ အဲဒီလို ဂုဏ်ဘွဲ့ကို မော်လတာ ကမ္ပည်းစာနှစ်ခုမှာ တွေ့ရတယ်။ ပေါလုနဲ့ အဖော်တွေကို သုံးရက်လုံး ပုဗလိ ဧည့်ဝတ်ပြုတယ်။ ဒါပေမဲ့ ပုဗလိရဲ့ ဖခင်ဟာ မကျန်းမာဘူး။ ဒီမှာလည်း အခြေအနေကို လုကာ တိတိကျကျ ဖော်ပြပြန်တယ်။ “အဖျားဝင်ပြီး ဝမ်းကိုက်ရောဂါ စွဲနေတဲ့အတွက် အိပ်ရာထဲမှာ လဲနေတယ်” လို့ ရောဂါအကြောင်း တိတိကျကျ ဖော်ပြတယ်။ ပေါလု ဆုတောင်းပြီး သူ့အပေါ် လက်တင်လိုက်တဲ့အခါ ရောဂါ ပျောက်သွားတယ်။ ဒေသခံတွေဟာ အံ့ဖွယ်လုပ်ရပ်ကြောင့် တအား အထင်ကြီးသွားပြီး လူနာတွေကို ပေါလုဆီ ခေါ်လာကြတယ်။ ပေါလုနဲ့ အဖော်တွေကို လက်ဆောင်တွေ အများကြီး ပေးကြတယ်။—တ. ၂၈:၇-၁၀။
၂၂။ (က) ရောမကို သွားတဲ့ ရေကြောင်းခရီးစဉ်အကြောင်း လုကာရဲ့ မှတ်တမ်းကို ပါမောက္ခတစ်ယောက် ဘယ်လို ချီးမွမ်းသလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂၂ ကျွန်တော်တို့ သုံးသပ်ခဲ့တဲ့ ပေါလုရဲ့ ရေကြောင်းခရီးစဉ် မှတ်တမ်းဟာ တကယ် တိကျမှန်ကန်တယ်။ “လုကာရဲ့ မှတ်တမ်းဟာ . . . ကျမ်းစာတစ်အုပ်လုံးမှာ အပီပြင်ဆုံး ရုပ်လုံးပေါ်အောင် ရေးထားတဲ့ ရေးသားချက်တစ်ခု ဖြစ်တယ်။ ပထမရာစု ပင်လယ်ခရီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ မြေထဲပင်လယ် အရှေ့ပိုင်း အခြေအနေတွေအကြောင်း သရုပ်ဖော် ရေးသားချက်တွေဟာ အလွန် တိကျမှန်ကန်” တဲ့အတွက် နေ့စဉ်မှတ်တမ်းကို အခြေခံပြီး ရေးသားတာ ဖြစ်ရမယ်လို့ ပါမောက္ခတစ်ယောက် ပြောတယ်။ တမန်တော် ပေါလုနဲ့အတူ ခရီးသွားချိန်မှာ လုကာ ဒီလို နေ့စဉ်မှတ်တမ်းတွေ ရေးမှတ်ခဲ့ပုံရတယ်။ ဒါဆိုရင် ဒီခရီးစဉ်ရဲ့ ကျန်အပိုင်းနဲ့ပတ်သက်ပြီး သူ ရေးမှတ်စရာ အများကြီး ရှိဦးမယ်။ ရောမကို ရောက်သွားတဲ့အခါ ပေါလု ဘာဖြစ်မလဲ ကြည့်ကြစို့။
a ဘာမြွေမှန်း လူတွေ သိတယ်ဆိုတဲ့ အချက်က အဲဒီခေတ်တုန်းက ကျွန်းပေါ်မှာ မြွေပွေးတွေ ရှိကြောင်း ဖော်ပြတယ်။ ဒီနေ့၊ မော်လတာကျွန်းမှာ မြွေပွေးတွေ မတွေ့ရတော့ဘူး။ ရာစုနှစ်တွေတစ်လျှောက် ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်။ ကျွန်းမှာ လူနေထူထပ်လာလို့ မြွေပွေးတွေ မျိုးပြုတ်သွားတာလည်း ဖြစ်နိုင်တယ်။