မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၇

“စေ့စေ့စပ်စပ် သက်သေခံတယ်”

“စေ့စေ့စပ်စပ် သက်သေခံတယ်”

ရောမမြို့မှာ ထောင်ကျ၊ ပေါလု ဆက်ဟောပြော

တမန်တော် ၂၈:၁၁-၃၁ ကို အခြေခံ

၁။ ပေါလုနဲ့ အဖော်တွေမှာ ဘယ်ယုံကြည်စိတ်ချမှု ရှိသလဲ။ ဘာကြောင့်လဲ။

 အေဒီ ၅၉ မှာ “ဇုသ အမြွှာနတ်သား” ရုပ်ပါ ဂျုံစပါး တင်တဲ့ ကုန်သင်္ဘောကြီး မြေထဲပင်လယ် မော်လတာကျွန်းကနေ အီတလီကို ရွက်လွှင့်လာတယ်။ တမန်တော် ပေါလုနဲ့အတူ လုကာ၊ အာရိတ္တာခုတို့ လိုက်လာကြတယ်။ အကျဉ်းသား ပေါလုကို စောင့်ကြပ်မယ့် အစောင့်အကြပ်လည်း ပါတယ်။ (တ. ၂၇:၂) ယေဟောဝါကို ဝတ်ပြုသူတွေ ဖြစ်တဲ့ ပေါလုနဲ့ အဖော်တွေဟာ သင်္ဘောသားတွေလို ဂရိနတ်ဘုရား ဇုသရဲ့ သား အမြွှာညီနောင် ကယ်စတာနဲ့ ပေါ်လပ်ခ်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို မတောင်းခံကြဘူး။ (တ. ၂၈:၁၁) ရောမမြို့မှာ ပေါလု အမှန်တရား သက်သေခံပြီး ဆီဇာရှေ့မှောက် ရောက်ရမယ်လို့ ယေဟောဝါ အသိပေးထားပြီး ဖြစ်လို့ပဲ။—တ. ၂၃:၁၁။ ၂၇:၂၄

၂၊ ၃။ ပေါလု စီးလာတဲ့ သင်္ဘောဟာ ဘယ်လမ်းကြောင်းကနေ ရွက်လွှင့်လာသလဲ။ ခရီးစဉ် အစကတည်းက ပေါလုကို ဘယ်သူ ထောက်မပေးသလဲ။

သုရကုတ်မြို့မှာ သုံးရက်ကြာ ကမ်းကပ်ပြီးနောက် အီတလီကျွန်းဆွယ် အဖျားပိုင်းမှာ ရှိတဲ့ ရေဂျုန်မြို့ကို ရွက်လွှင့်ကြတယ်။ သုရကုတ်မြို့ဟာ စစ္စလီကျွန်းရဲ့ လှပတဲ့ မြို့တစ်မြို့ ဖြစ်ပြီး အေသင်မြို့နဲ့ ရောမမြို့လိုပဲ အရေးပါတယ်။ တောင်လေ တိုက်တဲ့အတွက် သင်္ဘောဟာ ရေမိုင် ၁၇၅ မိုင် အကွာမှာ ရှိတဲ့ အီတလီ ဆိပ်ကမ်းမြို့ ပေါတယောလိ (လက်ရှိ နေပယ်မြို့အနီး) ကို ဒုတိယနေ့မှာ ခါတိုင်းထက် စောရောက်လာတယ်။—တ. ၂၈:၁၂၊ ၁၃

အခု ပေါလုဟာ ရောမမြို့ကို သွားတဲ့ ခရီးစဉ် နောက်ဆုံးအပိုင်းမှာ ရှိနေတယ်။ ရောမမြို့ ရောက်ရင်တော့ ဧကရာဇ် နီရိုရှေ့မှောက် ဝင်ရောက်ရမယ်။ ခရီးစဉ်တစ်လျှောက် ပေါလုနဲ့အတူ “နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့ အရှင်” ရှိနေတယ်။ (၂ ကော. ၁:၃) အဲဒီထောက်မမှု လျော့မသွားသလို ပေါလုရဲ့ ထက်သန်မှု လျော့မသွားကြောင်း ကျွန်တော်တို့ တွေ့ရမယ်။

‘ပေါလုဟာ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာ’ (တ. ၂၈:၁၄၊ ၁၅)

၄၊ ၅။ (က) ပေါလုနဲ့ အဖော်တွေ ပေါတယောလိမြို့မှာ ဘယ်လို ဧည့်ဝတ်ပြုခံရသလဲ။ ပေါလု ဘာကြောင့် လွတ်လပ်ခွင့် ရတာ ဖြစ်မလဲ။ (ခ) ခရစ်ယာန်တွေ အကျဉ်းကျစဉ်မှာတောင် အမူအကျင့်ကောင်းကြောင့် ဘယ်လို အကျိုးခံစားရနိုင်သလဲ။

ပေါတယောလိမြို့မှာ ညီအစ်ကိုတွေကို ပေါလုနဲ့ အဖော်တွေ သွားတွေ့ကြတယ်။ ညီအစ်ကိုတွေက သူတို့နဲ့ “ခုနစ်ရက်လောက် နေဖို့ တောင်းပန်ကြတယ်။” (တ. ၂၈:၁၄) ဧည့်ဝတ်ပျူငှာမှုနဲ့ပတ်သက်ပြီး သိပ်ကောင်းတဲ့ စံနမူနာပါပဲ။ ဧည့်ဝတ်ကျေပွန်တဲ့ အဲဒီညီအစ်ကိုတွေဟာ ပေါလုနဲ့ အဖော်တွေဆီကနေ အားပေးမှု အများကြီး ပြန်ရကြမှာ သေချာတယ်။ ဒါပေမဲ့ စောင့်ကြပ်ခံနေရတဲ့ အကျဉ်းသားတစ်ယောက် ဘာကြောင့် ဒီလောက် လွတ်လပ်ခွင့် ရသလဲ။ ရောမ အစောင့်အကြပ်တွေ ယုံကြည်စိတ်ချအောင် ပေါလု နေလို့ ဖြစ်နိုင်တယ်။

ဒီနေ့လည်း ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ခရစ်ယာန် အမူအကျင့်ကြောင့် အကျဉ်းထောင်တွေ၊ ချွေးတပ်စခန်းတွေမှာ အထူးလွတ်လပ်ခွင့်နဲ့ အထူးအခွင့်အရေးတွေ ရလေ့ရှိတယ်။ ဥပမာ၊ ရိုမေးနီးယားနိုင်ငံမှာ ဓားပြမှုနဲ့ ထောင် ၇၅ နှစ် ကျနေသူတစ်ယောက် ကျမ်းစာ စလေ့လာပြီးနောက် အကြီးအကျယ် ပြောင်းလဲသွားတယ်။ ဒါကြောင့် ထောင်အာဏာပိုင်တွေက သူ့ကို အစောင့်အကြပ် မပါဘဲ မြို့ထဲ သွားခွင့် ပေးပြီး အကျဉ်းထောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ခိုင်းတတ်တယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းက ယေဟောဝါရဲ့ ဘုန်းတော်ကို ချီးမွမ်းစရာ ဖြစ်စေတယ်။—၁ ပေ. ၂:၁၂

၆၊ ၇။ ရောမမြို့က ညီအစ်ကိုတွေ ဘယ်ထူးခြားတဲ့ မေတ္တာ ပြကြ သလဲ။

ပေါလုနဲ့ အဖော်တွေဟာ ရောမမြို့ကို သွားတဲ့ အက်ပီယန်လမ်းအတိုင်း ပေါတယောလိမြို့ကနေ မိုင် ၃၀ လောက် ဝေးတဲ့ ခက်ပြူအာမြို့ဆီ ခြေကျင်လျှောက်ခဲ့ကြပုံ ရတယ်။ ချော်ခဲပြားကြီးတွေ ခင်းထားတဲ့ နာမည်ကျော် လမ်းမကြီးပေါ်ကနေ အီတလီ ကျေးလက်ဒေသရဲ့ လှပတဲ့ ရှုခင်းတွေအပြင် လမ်းတစ်လျှောက် တချို့နေရာတွေမှာ မြေထဲပင်လယ်ကို လှမ်းကြည့်နိုင်တယ်။ ခရီးသွားတွေဟာ ရောမမြို့ကနေ မိုင် ၄၀ လောက် ဝေးပြီး အပ္ပိဈေး ရှိတဲ့ ပေါန်ထိုင်းမားရှပ်စ် ဆိုတဲ့ ရွှံ့နွံထူတဲ့ အရပ်ကို ဖြတ်လျှောက်သွားကြတယ်။ “သတင်းကို ကြားပြီး” ရောမမြို့က ညီအစ်ကိုတချို့ အပ္ပိဈေးအထိ ရောက်လာကြတယ်။ တချို့ကတော့ ရောမမြို့နဲ့ မိုင် ၃၀ လောက် ဝေးတဲ့ ခရီးတစ်ထောက် နားရာ သုံးဇရပ်မှာ စောင့်နေကြတယ်။ ပေါလုကို တော်တော် ချစ်ကြတာပဲ။—တ. ၂၈:၁၅

အပ္ပိဈေးဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသည်တွေ သက်သောင့်သက်သာ နားလို့ရတဲ့ နေရာ မဟုတ်ဘူး။ “သင်္ဘောသားတွေနဲ့ ရိုင်းစိုင်းတဲ့ တည်းခိုခန်း ပိုင်ရှင်တွေ ပြွတ်သိပ်နေတဲ့” နေရာ ဖြစ်တယ်လို့ ရောမ ကဗျာဆရာ၊ သရော်စာ ရေးသူ ဟောရေးစ် ဖော်ပြတယ်။ “ရေလည်း အရမ်း ညစ်ပတ်နံစော်” တယ်လို့ ပြောတယ်။ အဲဒီနေရာမှာ သူ ညစာတောင် မစားဘူး။ အဲဒီလို အဆင်မပြေမှုတွေ ရှိပေမဲ့ ရောမမြို့က ညီအစ်ကိုတွေဟာ ပေါလုနဲ့ အဖော်တွေရဲ့ ခရီးစဉ် နောက်ဆုံးအပိုင်းမှာ လိုက်ပါပို့ဆောင်ပေးဖို့ ဝမ်းသာအားရ လာကြိုကြတယ်။

၈။ ညီအစ်ကိုတွေကို ပေါလု “မြင်တော့” ဘာကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းသလဲ။

ပေါလု “သူတို့ကို မြင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာတယ်” လို့ မှတ်တမ်းက ဆိုတယ်။ (တ. ၂၈:၁၅) ချစ်ရတဲ့ ညီအစ်ကိုတွေကို တွေ့ရရုံနဲ့ ပေါလု အားတက်လာပြီး စိတ်သက်သာရာ ရခဲ့တယ်။ အဲဒီထဲမှာ ပေါလုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတချို့ ပါမှာပဲ။ ပေါလု ဘာကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းခဲ့သလဲ။ ဒီလို ကိုယ်ကျိုးမငဲ့တဲ့ မေတ္တာဟာ ဘုရားသခင့် စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်မှန်း သိလို့ပဲ။ (ဂလ. ၅:၂၂) ဒီနေ့လည်း အချင်းချင်းအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဖို့၊ လိုအပ်သူတွေကို နှစ်သိမ့်ပေးဖို့ သန့်ရှင်းသော စွမ်းအားတော်က ခရစ်ယာန်တွေကို လှုံ့ဆော်ပေးတယ်။—၁ သက်. ၅:၁၁၊ ၁၄

၉။ ပေါလုကို သွားကြိုကြတဲ့ ညီအစ်ကိုတွေရဲ့ သဘောထားမျိုးကို ကျွန်တော်တို့ ဘယ်လို ပြနိုင်သလဲ။

ဥပမာ၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကြောင့် ဧည့်ဝတ်ကျေပွန်တဲ့ ညီအစ်ကို/မတွေဟာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေ အချိန်ပြည့် အမှုထမ်းတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးကြတယ်။ အချိန်ပြည့် အမှုထမ်းများစွာဟာ ယေဟောဝါအတွက် ပိုအပြည့်အဝ အမှုဆောင်ဖို့ အကြီးအကျယ် စွန့်လွှတ်အနစ်နာခံထားကြတာ။ ‘တိုက်နယ်ကြီးကြပ်မှူးရဲ့ လည်ပတ်မှုကို ထောက်မဖို့၊ တိုက်နယ်က အိမ်ထောင်သည်ဆိုရင် သူတို့ဇနီးမောင်နှံကို ဧည့်ဝတ်ပြုဖို့ ငါ ဘာတွေ လုပ်နိုင်သေးသလဲ။ သူတို့နဲ့အတူ တွဲအမှုဆောင်ဖို့ စီစဉ်နိုင်မလား’ လို့ စဉ်းစားကြည့်ပါ။ သင် ကောင်းချီး အများကြီး ပြန်မှာ။ ဥပမာ၊ ပေါလုနဲ့ အဖော်တွေဆီကနေ တည်ဆောက်မှု ဖြစ်စေတဲ့ တွေ့ကြုံမှုတွေ ကြားရတဲ့အခါ ရောမမြို့က ညီအစ်ကိုတွေ အင်မတန် ဝမ်းမြောက်ခဲ့ပုံကို မြင်ယောင်ကြည့်လိုက်ပါ။—တ. ၁၅:၃၊ ၄

“အရပ်တကာမှာ မကောင်းပြောခံရ” (တ. ၂၈:၁၆-၂၂)

၁၀။ ရောမမြို့မှာ ပေါလုရဲ့ အခြေအနေ ဘယ်လို ရှိသလဲ။ မြို့ရောက်ပြီး မကြာခင် ဘာလုပ်သလဲ။

၁၀ ခရီးသည်အုပ်စု ရောမမြို့ကို ရောက်တဲ့အခါ “ပေါလုဟာ အစောင့်စစ်သည်နဲ့အတူ သီးခြားနေခွင့် ရတယ်။” (တ. ၂၈:၁၆) အိမ်အကျယ်ချုပ် ချခံရသူတွေ ထွက်ပြေးလို့ မရအောင် အစောင့်နဲ့အတူ တွဲပြီး သံကြိုးချည်နှောင်ထားလေ့ ရှိတယ်။ နိုင်ငံတော်သတင်း ကြွေးကြော်သူ ပေါလုဟာ ချည်နှောင်ခံထားရပေမဲ့ မဟောဘဲ မနေဘူး။ ခရီးပန်းလာလို့ သုံးရက် အနားယူပြီးနောက် ရောမမြို့မှာ ရှိတဲ့ ဂျူးခေါင်းဆောင်တချို့ကို ဖိတ်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တယ်။ သက်သေခံတယ်။

၁၁၊ ၁၂။ ပေါလုဟာ ဂျူးတွေနဲ့ စကားပြောတဲ့အခါ သူတို့မှာ ရှိနေနိုင်တဲ့ စိတ်စွန်းကွက်မှုကို ဖယ်ရှားဖို့ ဘယ်လို ကြိုးစားခဲ့သလဲ။

၁၁ အဲဒီနောက် ပေါလု ဒီလိုပြောတယ်– “ညီအစ်ကိုတို့၊ ကျွန်တော်က လူမျိုးချင်းတွေကိုရော၊ ဘိုးဘေးတွေရဲ့ ထုံးတမ်းစဉ်လာကိုရော မဆန့်ကျင်ဘဲနဲ့ ဂျေရုဆလင်မြို့မှာ အကျဉ်းချခံရပြီး ရောမလူတွေလက်ထဲ ရောက်ခဲ့ပါတယ်။ ရောမတွေ စစ်ဆေးမေးမြန်းပြီးတဲ့နောက် သေထိုက်တဲ့အပြစ် မတွေ့တဲ့အခါ ကျွန်တော့်ကို သူတို့ လွှတ်ပေးချင်တယ်။ ဒါပေမဲ့ ဂျူးတွေ ကန့်ကွက်နေလို့ ဆီဇာဆီမှာ ကျွန်တော် အယူခံဝင်လိုက်ရတာပါ။ လူမျိုးချင်းတွေကို စွဲချက်တင်စရာ ရှိလို့ မဟုတ်ဘူး။”—တ. ၂၈:၁၇-၁၉

၁၂ ဂျူးပရိသတ်ကို “ညီအစ်ကိုတို့” လို့ ပေါလု ခေါ်တယ်။ သူတို့မှာ ရှိနေနိုင်တဲ့ စိတ်စွန်းကွက်မှုကို ဖယ်ရှားဖို့ ကြိုးစားလိုက်တာပဲ။ (၁ ကော. ၉:၂၀) ဂျူးအချင်းချင်းကို အပြစ်တင်ဖို့ မဟုတ်ဘဲ ဆီဇာရှေ့ အယူခံဝင်ဖို့ ဒီကို ရောက်နေတာ ဖြစ်ကြောင်းလည်း ရှင်းပြတယ်။ ဒါပေမဲ့ ပေါလု အယူခံဝင်တဲ့အကြောင်း ဒေသခံ ဂျူးတွေ အခုမှ ကြားကြတာ။ (တ. ၂၈:၂၁) ဒီကိစ္စကို ယုဒပြည်က ဂျူးတွေ ဘာကြောင့် အကြောင်းမကြားသလဲ။ ရည်ညွှန်းစာအုပ် တစ်အုပ်က ဒီလိုဆိုတယ်– “ပေါလု ပါလာတဲ့ သင်္ဘောဟာ ဆောင်းအကုန် အီတလီကို ဦးဆုံး ဆိုက်တဲ့ သင်္ဘော ဖြစ်မယ်။ ဆောင်းတွင်းဘက် ရေကြောင်းခရီး သွားခဲလို့ ဂျေရုဆလင်မြို့မှာ ရှိတဲ့ ဂျူးအာဏာပိုင် ကိုယ်စားလှယ်တွေ မရောက်နိုင်တာ ဒါမှမဟုတ် အဲဒီအကြောင်းပါတဲ့ စာ မရောက်နိုင်တာ ဖြစ်မယ်။”

၁၃၊ ၁၄။ နိုင်ငံတော်သတင်းကို ပေါလု ဘယ်လို စဟောသလဲ။ သူ့ကို ဘယ်လို အတုယူနိုင်သလဲ။

၁၃ ပေါလုဟာ ဂျူးပရိသတ် စိတ်ဝင်စားမယ့် အသုံးအနှုန်းနဲ့ နိုင်ငံတော်သတင်း စဟောတယ်။ “ဒါကြောင့် ခင်ဗျားတို့နဲ့ တွေ့ပြီး အခုလို စကားပြောခွင့် တောင်းရတာပါ။ အစ္စရေးတွေရဲ့ မျှော်လင့်ချက်ကြောင့် ကျွန်တော် အခုလို သံကြိုးနဲ့ ချည်နှောင်ခံနေရတာပါ” လို့ ပြောတယ်။ (တ. ၂၈:၂၀) အဲဒီမျှော်လင့်ချက်မှာ ခရစ်ယာန်တွေ ကြေညာနေတဲ့ မေရှိယနဲ့ နိုင်ငံတော်အကြောင်း ပါတယ်။ ဂျူးအကြီးအကဲတွေက “ဒီဂိုဏ်းဟာ အရပ်တကာမှာ မကောင်းပြောခံရမှန်း ကျွန်တော်တို့ သိတယ်။ ဒါကြောင့် ခင်ဗျားရဲ့ သဘောထားကို နားထောင်သင့်တယ်လို့ ယူဆတယ်” လို့ ပြောကြတယ်။—တ. ၂၈:၂၂

၁၄ ကျွန်တော်တို့လည်း သတင်းကောင်း ဟောပြောခွင့် ရတဲ့အခါ နားထောင်သူတွေ စိတ်ဝင်စားလာဖို့ သူတို့ကို စဉ်းစားစေတဲ့ အချက်တွေ၊ မေးခွန်းတွေ သုံးခြင်းအားဖြင့် ပေါလုကို အတုယူနိုင်တယ်။ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေးမှ အကျိုးရယူ၊ ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စတဲ့ စာအုပ်တွေမှာ သိပ်ကောင်းတဲ့ အကြံပြုချက်တွေ ပါတယ်။ ဒီကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေတွေကို သင် ကောင်းကောင်း အသုံးချနေသလား။

“စေ့စေ့စပ်စပ် သက်သေခံ” ခြင်း—ကျွန်တော်တို့အတွက် စံနမူနာ (တ. ၂၈:၂၃-၂၉)

၁၅။ ပေါလု သက်သေခံပုံကနေ ဘယ်သင်ခန်းစာ လေးခု ယူနိုင်သလဲ။

၁၅ ချိန်းထားတဲ့နေ့မှာ ဒေသခံဂျူး “အများကြီး” ပေါလုဆီ “ရောက်လာ” ကြတယ်။ ပေါလုဟာ “မနက်ကနေ ညနေအထိ ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံတယ်။ မောရှေပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေကို ကိုးကားပြီး ယေရှုအကြောင်း သူတို့ နားလည်လက်ခံလာအောင် ရှင်းပြတယ်။” (တ. ၂၈:၂၃) ပေါလု သက်သေခံပုံကနေ သင်ခန်းစာ လေးခု ယူနိုင်တယ်။ ပထမ၊ ဘုရားသခင့် နိုင်ငံတော်အကြောင်းကို အာရုံစိုက်တယ်။ ဒုတိယ၊ နားထောင်သူတွေ နားလည်လက်ခံလာမယ့် နည်းနဲ့ ပြောတယ်။ တတိယ၊ ကျမ်းစာကို အခြေခံပြီး ကျိုးကြောင်းဆင်ခြင်တယ်။ စတုတ္ထ၊ “မနက်ကနေ ညနေအထိ” သက်သေခံခြင်းအားဖြင့် ကိုယ်ကျိုးမငဲ့တဲ့ သဘောထား ပြတယ်။ သိပ်ကောင်းတဲ့ စံနမူနာပါပဲ။ ဘာရလဒ် ရသလဲ။ ‘တချို့ ယုံကြ’ တယ်။ တချို့ မယုံကြဘူး။ အချင်းချင်း သဘောထား ကွဲပြီး “ထွက်သွား” တယ်လို့ လုကာ ပြောတယ်။—တ. ၂၈:၂၄၊ ၂၅

၁၆-၁၈။ ရောမမြို့မှာ ရှိတဲ့ ဂျူးတွေရဲ့ တုံ့ပြန်ပုံကို ပေါလု ဘာကြောင့် မအံ့သြသလဲ။ သတင်းတရားကို လူတွေ ငြင်းပယ်တဲ့အခါ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၆ သူတို့ရဲ့ တုံ့ပြန်ပုံကို ပေါလု မအံ့သြဘူး။ ကျမ်းစာမှာ ကြိုဟောထားပြီးသား၊ ကြုံဖူးပြီးသား ဖြစ်လို့ပဲ။ (တ. ၁၃:၄၂-၄၇။ ၁၈:၅၊ ၆။ ၁၉:၈၊ ၉) ဒါကြောင့် ထွက်သွားတော့မယ့် တုံ့ပြန်မှု မရှိတဲ့ ပရိသတ်ကို ပေါလု ဒီလိုပြောတယ်– “ပရောဖက် ဟေရှာယအားဖြင့် ခင်ဗျားတို့ ဘိုးဘေးတွေကို သန့်ရှင်းသော စွမ်းအားတော် ပြောခဲ့တာ သိပ်မှန်တာပဲ။ ‘ဒီလူမျိုးကို သွားပြောပါ– “မင်းတို့ဟာ ကြားလျက်နဲ့ လုံးဝ နားလည်မှာ မဟုတ်ဘူး။ ကြည့်လျက်နဲ့ လုံးဝ မြင်မှာ မဟုတ်ဘူး။ ဒီလူတွေဟာ စိတ်တံခါးကို ပိတ်ထားတယ်။ ကြားပေမဲ့ မလိုက်နာဘူး။ ဘာမှ မကြားရ၊ မမြင်ရအောင် နားမျက်စိကို ပိတ်ထားတယ်။ ဒါကြောင့် ဆိုလိုရင်းကို နားမလည်ကြဘူး။ ငါ့ဆီ ပြန်မလှည့်လာတော့ ငါလည်း သူတို့ပြန်ကောင်းလာအောင် ကုသပေးလို့ မရဘူး။”’” (တ. ၂၈:၂၅-၂၇) “စိတ်တံခါး ပိတ်” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံးဟာ “ထုံထိုင်း” ဒါမှမဟုတ် “အဆီပိတ်” တဲ့ နှလုံးလို့ အဓိပ္ပာယ် ရတယ်။ ဒါကြောင့် သူတို့ကို နိုင်ငံတော်သတင်း မတိုးတာ။ ဝမ်းနည်းစရာပါပဲ။

၁၇ ဂျူးပရိသတ်နဲ့ မတူဘဲ “လူမျိုးခြားတွေ” ကတော့ “တကယ် နာယူကြလိမ့်မယ်” လို့ ပေါလု နိဂုံးချုပ်လိုက်တယ်။ (တ. ၂၈:၂၈။ ဆာ. ၆၇:၂။ ဟေရှာ. ၁၁:၁၀) ပေါလု အဲဒီလို တပ်အပ် ပြောနိုင်တာက နိုင်ငံတော် သတင်းတရားကို လူမျိုးခြားများစွာ တုံ့ပြန်တာ မြင်ဖူးထားလို့ပဲ။—တ. ၁၃:၄၈။ ၁၄:၂၇

၁၈ သတင်းကောင်းကို လူတွေ ငြင်းတဲ့အခါ ပေါလုလိုပဲ ကျွန်တော်တို့ စိတ်မထိခိုက်ကြဘူး။ လူနည်းနည်းပဲ အသက်လမ်း တွေ့မယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ (မ. ၇:၁၃၊ ၁၄) စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ကျွန်တော်တို့နဲ့အတူ စိတ်ရင်းမှန်သူတွေ ပူးပေါင်းလာတဲ့အခါမှာတော့ ဝမ်းသာအားရ ကြိုဆိုကြပါစို့။—လု. ၁၅:၇

‘ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေးနေ’ (တ. ၂၈:၃၀၊ ၃၁)

၁၉။ မိမိအခြေအနေကို ပေါလု ဘယ်လို အကျိုးရှိရှိ အသုံးချသလဲ။

၁၉ “ပေါလုဟာ ငှားထားတဲ့ အိမ်မှာ နှစ်နှစ်ပတ်လုံး နေထိုင်ပြီး လာသမျှလူတွေကို ကြိုဆိုလက်ခံတယ်။ အတားအဆီး မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်အကြောင်း ဟောပြောသွန်သင်ပေးနေတယ်” ဆိုပြီး အားရှိစရာကောင်းတဲ့ မှတ်ချက်နဲ့ ဇာတ်ကြောင်းကို လုကာ နိဂုံးချုပ်လိုက်တယ်။ (တ. ၂၈:၃၀၊ ၃၁) ပေါလုဟာ ဧည့်ဝတ်ပြုရာမှာ၊ ယုံကြည်ခြင်း ရှိရာမှာ၊ စိတ်ထက်သန်ရာမှာ တကယ် ထူးခြားတဲ့ စံနမူနာပါပဲ။

၂၀၊ ၂၁။ ရောမမြို့မှာ ပေါလု ကူညီပေးခဲ့သူ တချို့ကို ဖော်ပြပါ။

၂၀ ပေါလု ကြင်ကြင်နာနာ လက်ခံကြိုဆိုခဲ့သူ တစ်ယောက်ကတော့ ကောလောသဲမြို့က ကျွန်ပြေး သြနေသိမ်ပါ။ သြနေသိမ် ခရစ်ယာန်တစ်ယောက် ဖြစ်လာအောင် ပေါလု ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ သြနေသိမ်ဟာ ပေါလုအတွက် “ချစ်ရတဲ့ ညီအစ်ကို၊” “သစ္စာရှိတဲ့သူ” ဖြစ်လာတယ်။ “သားအရင်းလို” ဖြစ်လာတယ်လို့တောင် ပေါလု ပြောတယ်။ (ကော. ၄:၉။ ဖိလေ. ၁၀-၁၂) သြနေသိမ်ကြောင့် ပေါလု အားတက်ခဲ့မှာ သေချာတယ်။ a

၂၁ ပေါလုရဲ့ ပုံသက်သေကောင်းကနေ တခြားသူတွေလည်း အကျိုးခံစားရတယ်။ ဖိလိပ္ပိ အသင်းသားတွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “ကျွန်တော် ကြုံနေရတဲ့ အခြေအနေက သတင်းကောင်း ပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်တယ်။ ခရစ်တော်ကို ယုံကြည်လို့ ကျွန်တော် အကျဉ်းကျနေမှန်း နန်းတော်စောင့်တပ် တစ်တပ်လုံးရော ကျန်တဲ့လူတွေပါ သိကြတယ်။ အဲဒီအပြင် သခင့်အမှုကို ဆောင်နေတဲ့ ညီအစ်ကိုတွေက ကျွန်တော် အကျဉ်းကျနေတဲ့အတွက် ယုံကြည်စိတ်ချမှု ပိုရှိလာပြီး ဘုရားသခင်ရဲ့ တရားစကားကို သတ္တိရှိရှိ၊ မကြောက်မရွံ့ ဟောပြောနေကြတယ်။”—ဖိ. ၁:၁၂-၁၄

၂၂။ ပေါလုဟာ ရောမမြို့မှာ အကျယ်ချုပ် ကျနေချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချသလဲ။

၂၂ ရောမမြို့မှာ အကျယ်ချုပ် ကျနေချိန်ကို အကျိုးရှိရှိ အသုံးချပြီး ပေါလု စာတွေ ရေးတယ်။ နောက်ပိုင်းမှာ အဲဒီစာတွေဟာ ခရစ်ယာန် ဂရိကျမ်းစောင်ဝင် ဖြစ်လာတယ်။ b အဲဒီစာတွေကနေ ပထမရာစု ခရစ်ယာန်တွေ အကျိုးရခဲ့ကြတယ်။ ကျွန်တော်တို့လည်း အကျိုးရနေကြတယ်။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ပေါလုရဲ့ အကြံဉာဏ်တွေဟာ ရေးသားချိန်ကလိုပဲ ဒီနေ့လည်း လက်တွေ့ကျနေဆဲ ဖြစ်လို့ပါ။—၂ တိ. ၃:၁၆၊ ၁၇

၂၃၊ ၂၄။ ပေါလုလိုပဲ ဒီနေ့ခေတ် ခရစ်ယာန်တွေ မတရား ထောင်ချခံရပေမဲ့ အကောင်းမြင်စိတ် ဆက်ရှိနေကြောင်း ဘယ်လို ပြကြသလဲ။

၂၃ တမန်တော်ကျမ်းမှာ ဖော်ပြမထားပေမဲ့ လေးနှစ်ကြာပြီးနောက် ပေါလု လွတ်လာတယ်။ ကဲသရိမြို့မှာ ထောင် နှစ်နှစ်၊ ရောမမြို့မှာ အကျယ်ချုပ် နှစ်နှစ် ကျခဲ့တာ။ c (တ. ၂၃:၃၅။ ၂၄:၂၇) ဒါပေမဲ့ ပေါလု အကောင်းမြင်စိတ် ရှိနေတုန်းပဲ။ အတတ်နိုင်ဆုံး ဘုရားအမှု ဆောင်တယ်။ ဒီနေ့လည်း ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ယုံကြည်ချက်ကြောင့် မတရား ထောင်ချခံရပေမဲ့ ရွှင်လန်းမှု မပျောက်ဘဲ ဆက်ဟောပြောကြတယ်။ ခရစ်ယာန် ကြားနေမှုကြောင့် စပိန်နိုင်ငံမှာ ထောင်ချခံရတဲ့ အာဒေါ့လ်ဖိုအကြောင်း သုံးသပ်ကြည့်ပါ။ “မင်းကိုတော့ တကယ် လက်ဖျားခါတယ်။ ထောင်ထဲမှာ မင်း အနေရခက်အောင် ငါတို့ လုပ်ကြည့်တယ်။ အနေရခက်အောင် လုပ်လေ မင်း ပိုပြုံးလေပဲ။ ငါတို့ကိုလည်း ကြင်ကြင်နာနာ စကားပြောတယ်” လို့ အရာရှိတစ်ယောက် ပြောတယ်။

၂၄ နောက်ပိုင်း၊ အာဒေါ့လ်ဖိုရဲ့ အကျဉ်းခန်းတံခါး ဖွင့်ထားတဲ့အထိ စစ်သားတွေ ယုံကြည်စိတ်ချလာကြတယ်။ အာဒေါ့လ်ဖိုဆီ လာလည်ပြီး ကျမ်းစာမေးခွန်းတွေ မေးကြတယ်။ အစောင့်တစ်ယောက်ဆိုရင် အာဒေါ့လ်ဖိုရဲ့ အကျဉ်းခန်းထဲ ဝင်ပြီး ကျမ်းစာဖတ်နေလို့ အာဒေါ့လ်ဖိုက ထွက်စောင့်ပေးရတယ်။ အကျဉ်းသားက အစောင့်ကို ပြန် “စောင့်ကြပ်” ပေးနေရတာ။ သစ္စာရှိ အဲဒီသက်သေခံတွေရဲ့ စံနမူနာကောင်းက ခက်ခဲတဲ့ အခြေအနေမှာတောင် “ဘုရားသခင်ရဲ့ တရားစကားတော်ကို သတ္တိရှိရှိ၊ မကြောက်မရွံ့ ဟောပြောနေ” ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။

၂၅၊ ၂၆။ အနှစ် ၃၀ မပြည့်ခင်မှာပဲ ဘယ်အံ့ဖွယ် ပရောဖက်ပြုချက် ပြည့်စုံတာကို ပေါလု မြင်တွေ့ရသလဲ။ ကျွန်တော်တို့ခေတ်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။

၂၅ မိမိဆီ လာသမျှ လူတွေကို “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း” အိမ်အကျယ်ချုပ် ကျနေတဲ့ တမန်တော် ပေါလု “ဟောပြောသွန်သင်ပေးနေတယ်။” အားရှိစရာ မှတ်တမ်းနဲ့ တမန်တော်ကျမ်းကို နိဂုံးချုပ်ထားတာပဲ။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှု တာဝန်ပေးတဲ့အကြောင်း အခန်းတစ်မှာ ကျွန်တော်တို့ ဖတ်ရတယ်။ (တ. ၁:၈) အနှစ် ၃၀ မပြည့်ခင်မှာပဲ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ။” d (ကော. ၁:၂၃) ဘုရားသခင့် စွမ်းအားတော် တန်ခိုးကြီးကြောင်း အထောက်အထားပါပဲ။—ဇာ. ၄:၆

၂၆ ဒီနေ့လည်း နိုင်ငံဒေသပေါင်း ၂၄၀ ကျော်မှာ “ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း” ဆက်ပြီး “စေ့စေ့စပ်စပ် သက်သေခံ” ဖို့ ခရစ်တော်ရဲ့ ညီ အကြွင်းအကျန်တွေနဲ့ သူတို့ရဲ့ အပေါင်းပါ “တခြားသိုးတွေ” ကို ဒီစွမ်းအားတော်ကပဲ ခွန်အားရှိနေစေတာ။ (ယော. ၁၀:၁၆။ တ. ၂၈:၂၃) အဲဒီလုပ်ငန်းမှာ သင် အပြည့်အဝ ပါဝင်နေရဲ့လား။

a သြနေသိမ်ကို ပေါလု ခေါ်ထားချင်တယ်။ ဒါပေမဲ့ ရောမ ဥပဒေကို ချိုးဖောက်ရာ၊ သြနေသိမ်ရဲ့ သခင်၊ ခရစ်ယာန်တစ်ဦး ဖြစ်သူ ဖိလေမုန်ရဲ့ အခွင့်အရေးကို ထိပါးရာ ရောက်သွားမယ်။ ဒါကြောင့် ခရစ်ယာန် ညီအစ်ကိုတစ်ဦးအဖြစ် မိမိရဲ့ ကျွန်ကို ကြင်ကြင်နာနာ ပြန်လက်ခံဖို့ ဖိလေမုန်ကို တိုက်တွန်းထားတဲ့ ပေါလုစာကို သြနေသိမ် ယူပြီး သခင် ဖိလေမုန်ဆီ ပြန်သွားတယ်။—ဖိလေ. ၁၃-၁၉

c အေဒီ ၆၁ နောက်ပိုင်း ပေါလုရဲ့ အသက်တာ” လေးထောင့်ကွက်ကို ကြည့်ပါ။