မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၄

“သတ္တိရှိပါ”

“သတ္တိရှိပါ”

လုပ်ကြံမှုကနေ ပေါလု လွတ်မြောက်၊ ဖေလဇ်မင်းရှေ့ ထုချေပြောဆို

တမန်တော် ၂၃:၁၁–၂၄:၂၇ ကို အခြေခံ

၁၊ ၂။ ဂျေရုဆလင်မြို့မှာ ညှဉ်းပန်းနှိပ်စက်ခံရတာကို ပေါလု ဘာကြောင့် မအံ့သြသလဲ။

 ဂျေရုဆလင်မြို့ထဲက ဒေါသူပုန်ထနေတဲ့ လူရမ်းကားအုပ်ထဲကနေ ပေါလု ဆွဲထုတ်ခံလာရပြီးနောက် နောက်တစ်ကြိမ် ထောင်ချခံရတယ်။ ဂျေရုဆလင်မြို့မှာ ညှဉ်းပန်းနှိပ်စက်ခံရတာ သူ မအံ့သြဘူး။ အဲဒီမြို့မှာ “ထောင်ချခံရမယ်၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမယ်” ဆိုပြီး သတိပေးခံထားရလို့ပဲ။ (တ. ၂၀:၂၂၊ ၂၃) ရှေ့မှာ ဘာဖြစ်လာမလဲဆိုတာ မသိပေမဲ့ ယေရှုနာမည်ကြောင့် ဆင်းရဲဒုက္ခခံရမှာ သိထားတယ်။—တ. ၉:၁၆

ပေါလုကို ချည်နှောင်ပြီး “လူမျိုးခြားတွေ လက်ထဲ” အပ်နှံကြမယ်လို့ ခရစ်ယာန်အသင်းတော်မှာ ရှိတဲ့ ပရောဖက်တွေ သတိပေးတယ်။ (တ. ၂၁:၄၊ ၁၀၊ ၁၁) မကြာသေးခင်ကပဲ ပေါလုကို သတ်ဖို့ ဂျူးတွေ ကြိုးစားကြတယ်။ အဲဒီနောက် မကြာခင် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေ ပေါလုရဲ့ စကားကြောင့် အငြင်းပွားနေချိန် ပေါလု “တစ်စစီ ဆွဲဖြတ်” ခံရမလိုတောင် ဖြစ်သွားတယ်။ အခုလည်း ရောမစစ်သည်တွေရဲ့ ထိန်းသိမ်းမှုအောက် ရောက်နေပြီး ဒုက္ခတွေ၊ စွပ်စွဲမှုတွေ ထပ်ကြုံရဦးမယ်။ (တ. ၂၁:၃၁။ ၂၃:၁၀) တမန်တော် ပေါလု အားပေးမှု လိုမှာ သိပ်သေချာတယ်။

၃။ ဆက်ဟောပြောဖို့ ကျွန်တော်တို့ ဘယ်ကနေ အားပေးမှု ရကြသလဲ။

ဒီနောက်ဆုံးကာလမှာ “ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရ” မှာကို ကျွန်တော်တို့ သိတယ်။ (၂ တိ. ၃:၁၂) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်ဖို့ မကြာမကြာ အားပေးမှု လိုတယ်။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” စီစဉ်ပေးတဲ့ စာပေတွေ၊ အစည်းအဝေးတွေကတစ်ဆင့် အချိန်တန် အားပေးမှု ရတဲ့အတွက် ကျေးဇူးတင်စရာပဲ။ (မ. ၂၄:၄၅) သတင်းကောင်းကို ဟန့်တားသူတွေ အောင်မြင်မှာ မဟုတ်ကြောင်း ယေဟောဝါ အာမခံတယ်။ ဘုရားရဲ့ ကျေးကျွန်တွေကို သူတို့ ဖျက်ဆီးနိုင်မှာ မဟုတ်တဲ့အပြင် ဟောပြောခြင်း လုပ်ငန်းကိုလည်း ရပ်တန့်စေနိုင်မှာ မဟုတ်ဘူး။ (ဟေရှာ. ၅၄:၁၇။ ယေ. ၁:၁၉) တမန်တော် ပေါလုကော။ အတိုက်အခံကြားမှာ ဆက်ပြီး စေ့စေ့စပ်စပ် သက်သေခံဖို့ အားပေးမှု ရသလား။ ဘယ်လိုနည်းနဲ့ ဘယ်သူကတစ်ဆင့် ရသလဲ။ သူ ဘယ်လို တုံ့ပြန်သလဲ။

“လျှို့ဝှက်ကြံစည်” မှု ပျက်ပြား (တ. ၂၃:၁၁-၃၄)

၄၊ ၅။ ပေါလု ဘယ်အားပေးမှု ရသလဲ။ ဘာကြောင့် အချိန်ကိုက် ဖြစ်သလဲ။

ဂျူးတရားရုံးချုပ်ကနေ တမန်တော် ပေါလု လွတ်လာပြီး နောက်တစ်ညမှာ လိုနေတဲ့ အားပေးမှု ရခဲ့တယ်။ စွမ်းအားတော်နဲ့ ရေးထားတဲ့ မှတ်တမ်းက ဒီလိုဆိုတယ်– “သခင်က ပေါလုအနားမှာ ရပ်ပြီး ‘သတ္တိရှိပါ။ ဂျေရုဆလင်မြို့မှာ ငါ့အကြောင်း စေ့စေ့စပ်စပ် သက်သေခံခဲ့သလို ရောမမြို့မှာလည်း မင်း သက်သေခံရဦးမယ်’ လို့ ပြောတယ်။” (တ. ၂၃:၁၁) ယေရှုရဲ့ ဒီအားပေးစကားတွေကြောင့် ဒီနေရာကနေ မိမိလွတ်မြောက်မယ်၊ ရောမမြို့ကို ရောက်ဦးမယ်၊ အဲဒီမှာ ယေရှုအကြောင်း သက်သေခံခွင့် ရဦးမယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချတယ်။

“လူအယောက် ၄၀ ကျော်က  . . . လုပ်ကြံဖို့ ချောင်းမြောင်းနေလို့ပါ။”—တမန်တော် ၂၃:၂၁

ပေါလု ရတဲ့ အားပေးမှုဟာ အချိန်ကိုက်ပါပဲ။ နောက်တစ်နေ့ ဂျူးအမျိုးသား ၄၀ ကျော်ဟာ “မိုးလင်းတဲ့အခါ ဂျူးတွေက ပေါလုကို လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်ကြတယ်။ သူ့ကို မသတ်ရသေးခင် စားသောက်မိရင် ကျိန်စာသင့်ပါစေဆိုပြီး ကျိန်ကြတယ်။” ဒီ “လျှို့ဝှက်ကြံစည်” မှုက တမန်တော်ကို လုပ်ကြံဖို့ ဂျူးတွေ ဘယ်လောက် ထက်သန်နေကြောင်း ဖော်ပြတယ်။ အကြံအစည် မအောင်မြင်ရင် သူတို့ အဖြစ်ဆိုးနဲ့ ကြုံရမယ်၊ ကျိန်ခြင်းခံရမယ်လို့ ယုံကြည်ကြတယ်။ (တ. ၂၃:၁၂-၁၅) အမှုကို ပိုတိတိကျကျ စစ်ဆေးဖို့ဆိုပြီး ပေါလုကို ဂျူးတရားရုံးချုပ်ဆီ ပြန်ခေါ်လာတုန်း လမ်းမှာ လုပ်ကြံဖို့ ကြံစည်ထားကြတယ်။ အဲဒီအကြံအစည်ကို ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ သဘောတူတယ်။

၆။ ပေါလုကို လုပ်ကြံမယ့် အကြံအစည် ဘယ်လို ပေါ်သွားသလဲ။ ပေါလုရဲ့ တူဆီကနေ လူငယ်တွေ ဘာသင်ယူနိုင်သလဲ။

ဒါပေမဲ့ အဲဒီအကြံအစည်ကို ပေါလုရဲ့ တူ သိသွားပြီး ပေါလုဆီ သတင်းပို့တယ်။ ပေါလုက သူ့ကို ရောမစစ်သူကြီး ကလောဒိ လုသိဆီ သတင်းပို့ခိုင်းတယ်။ (တ. ၂၃:၁၆-၂၂) အမည်မဖော်ပြတဲ့ ပေါလုရဲ့ တူလို ကိုယ့်အကျိုးထက် ဘုရားလူမျိုးရဲ့ အကျိုးအတွက်၊ နိုင်ငံတော် အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး သတ္တိရှိရှိ၊ သစ္စာရှိရှိ လုပ်ဆောင်တဲ့ လူငယ်တွေကို ယေဟောဝါ ချစ်မြတ်နိုးမှာ သေချာတယ်။

၇၊ ၈။ ပေါလု ဘေးကင်းလုံခြုံစေဖို့ ကလောဒိ လုသိ ဘာလုပ်သလဲ။

ကလောဒိ လုသိဟာ လူ ၁,၀၀၀ အုပ်ရတဲ့ စစ်သူကြီး ဖြစ်တယ်။ ပေါလုကို လုပ်ကြံမယ့်အကြောင်း ကြားတဲ့အခါ စစ်သည်၊ လှံစစ်သည်၊ မြင်းစီးသူရဲ စုစုပေါင်း ၄၇၀ ကို ချက်ချင်း စုပြီး ညတွင်းချင်း ဂျေရုဆလင်မြို့က ထွက်၊ ကဲသရိမြို့ဆီ ပေါလုကို လုံလုံခြုံခြုံ ပို့ခိုင်းတယ်။ ရောက်တာနဲ့ ပေါလုကို ဘုရင်ခံ ဖေလဇ်မင်းဆီ လွှဲအပ်ခိုင်းတယ်။ a ယုဒနယ်အတွက် ရောမအုပ်ချုပ်ရေး မြို့တော် ကဲသရိမှာ ဂျူးများစွာ နေထိုင်ကြပေမဲ့ လူဦးရေအများဆုံးက လူမျိုးခြားတွေ ဖြစ်တယ်။ ဂျေရုဆလင်မြို့မှာ ဘာသာရေး စွန်းကွက်မှု ပြင်းထန်လို့ ဆူပူအုံကြွမှုတွေ ဖြစ်တတ်တယ်။ ကဲသရိမြို့ဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိလို့ ဂျေရုဆလင်မြို့နဲ့ မတူဘူး။ ယုဒနယ်ရဲ့ ရောမစစ်ဌာနချုပ် အခြေစိုက်ရာမြို့လည်း ဖြစ်တယ်။

ရောမဥပဒေနဲ့အညီ လုသိဟာ အမှုနဲ့ပတ်သက်တဲ့ စာတစ်စောင်ကို ဖေလဇ်မင်းဆီ ပေးပို့တယ်။ ပေါလု ရောမနိုင်ငံသား ဖြစ်ကြောင်း သိတဲ့အခါ ဂျူးတွေလက်ကနေ ကယ်နုတ်ခဲ့ကြောင်း စာထဲမှာ လုသိ ရှင်းပြတယ်။ ပေါလုမှာ “သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ခံထိုက်တဲ့” ပြစ်မှုတစ်ခုမှ မတွေ့ပေမဲ့ ပေါလုကို လုပ်ကြံမယ့် အကြံအစည်ကြောင့် သူနဲ့ပတ်သက်တဲ့ စွဲချက်တွေကို ကြားနာပြီး ဒီအမှုကို စီရင်နိုင်ဖို့ ဘုရင်ခံ ဖေလဇ်မင်းဆီ လွှဲအပ်လိုက်ကြောင်း ရေးထားတယ်။—တ. ၂၃:၂၅-၃၀

၉။ (က) ရောမနိုင်ငံသားအဖြစ် ပေါလုရဲ့ အခွင့်အရေးတွေ ဘယ်လို ချိုးဖောက်ခံရသလဲ။ (ခ) နိုင်ငံသားအဖြစ် ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ဘာကြောင့် သုံးရမလဲ။

လုသိ ရေးသားချက်တွေ မှန်သလား။ အားလုံး မမှန်ဘူး။ မျက်နှာလို မျက်နှာရ လုပ်နေတာ။ တမန်တော် ပေါလုဟာ ရောမနိုင်ငံသား ဖြစ်မှန်း သိလို့ ကယ်လိုက်တာ မဟုတ်ဘူး။ ပေါလုကို “သံကြိုးနှစ်ချောင်းနဲ့ ချည်နှောင်” ပြီး နောက်ပိုင်းမှာ “ရိုက်နှက်စစ်ဆေးဖို့” အမိန့်ပေးခဲ့ကြောင်း ထည့်မရေးဘူး။ (တ. ၂၁:၃၀-၃၄။ ၂၂:၂၄-၂၉) လုသိဟာ ပေါလုရဲ့ ရောမနိုင်ငံသား အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်။ ဒီနေ့လည်း စာတန်က အတိုက်အခံသမားတွေ၊ ဘာသာရေး တစ်ယူသန်သမားတွေကို သုံးပြီး ဘုရားလူမျိုးကို ညှဉ်းပန်းနှိပ်စက်တယ်။ ဘုရားကို လွတ်လွတ်လပ်လပ် ဝတ်မပြုနိုင်အောင် လုပ်တယ်။ ဘုရားကျေးကျွန်တွေဟာ ပေါလုလိုပဲ နိုင်ငံသား အခွင့်အရေးတွေကို သုံးပြီး တရားဥပဒေအရ ကာကွယ်ခံရဖို့ လုပ်နိုင်တယ်။

“ဝမ်းမြောက်ဝမ်းသာ ထုချေလျှောက်ထားပါမယ်” (တ. ၂၃:၃၅–၂၄:၂၁)

၁၀။ ပေါလုနဲ့ပတ်သက်ပြီး ဘယ်ကြီးလေးတဲ့ စွဲချက်တွေကို လျှောက်တင်ကြသလဲ။

၁၀ ဂျေရုဆလင်မြို့က စွပ်စွဲသူတွေ မရောက်မချင်း ပေါလုကို ကဲသရိမြို့က “ဟေရုဒ်မင်းရဲ့ နန်းတော်မှာ အစောင့်အကြပ်နဲ့ ထား” တယ်။ (တ. ၂၃:၃၅) ငါးရက်ကြာတော့ ပုရောဟိတ်မင်း အာနနိ၊ ရှေ့နေ တေရတုလု နဲ့ အကြီးအကဲတစ်စု ရောက်လာတယ်။ တေရတုလုက ဂျူးတွေအတွက် ဖေလဇ်မင်း ပြုလုပ်ပေးတာကို ဦးဆုံး ချီးမွမ်းပြောဆိုတယ်။ ဖေလဇ်မင်းကို မြှောက်ပင့်ပြီး မျက်နှာသာ ရချင်လို့ပဲ။ b အမှုကိစ္စနဲ့ပတ်သက်ပြီး ပေါလုကို ‘မြေတစ်ပြင်လုံးမှာရှိတဲ့ ဂျူးတွေ ပုန်ကန်ထကြွအောင် သွေးထိုးလှုံ့ဆော်ပေးတဲ့ အဖျက်သမား၊ နာဇရက်မြို့သားတွေရဲ့ ဂိုဏ်းချုပ်’ လို့ စွပ်စွဲတဲ့အပြင် “ဗိမာန်တော်ကိုလည်း ညစ်ညူးအောင် လုပ်ဖို့ ကြိုးစားတဲ့အတွက် သူ့ကို ဖမ်းဆီးလိုက်ပါတယ်” ဆိုပြီး အကျဉ်းချုပ် လျှောက်လဲတယ်။ “ဂျူးတွေကလည်း အဲဒီစွဲချက်တွေ မှန်ပါတယ်ဆိုပြီး ထောက်ခံပြောဆိုကြတယ်။” (တ. ၂၄:၅၊ ၆၊ ၉) ဆူပူထကြွစေခြင်း၊ အန္တရာယ်ဂိုဏ်းကို ဦးဆောင်ခြင်း၊ ဗိမာန်တော်ကို ညစ်ညူးစေခြင်းတို့ဟာ သေဒဏ်ခံထိုက်တဲ့ ကြီးလေးတဲ့ စွဲချက်တွေပါပဲ။

၁၁၊ ၁၂။ စွပ်စွဲချက်တွေကို ပေါလု ဘယ်လို ထုချေသလဲ။

၁၁ အဲဒီနောက် ပေါလုကို စကားပြောခွင့် ပေးတဲ့အခါ ပေါလုက “ဝမ်းမြောက်ဝမ်းသာ ထုချေလျှောက်ထားပါမယ်” လို့ အစပျိုးပြီး စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုတယ်။ တမန်တော်ဟာ ဗိမာန်တော်ကို ညစ်ညူးအောင် မလုပ်တဲ့အပြင် ဆူပူထကြွအောင်လည်း မလုပ်ဘူး။ “နှစ်အတော်ကြာ” အထိ ဂျေရုဆလင်မြို့မှာ မိမိ မရှိခဲ့ကြောင်း၊ အစာခေါင်းပါးခြင်းနဲ့ နှိပ်စက်ခြင်းကြောင့် ဆင်းရဲနွမ်းပါးတဲ့ ခရစ်ယာန်တွေကို “ပေးကမ်းဖို့” အခုမှ ရောက်လာကြောင်း ထောက်ပြတယ်။ ဗိမာန်တော်ထဲ မဝင်ခင် “သန့်စင်ခြင်းဝတ်ကို ပြု” ကြောင်း၊ “ဘုရားသခင်ရှေ့၊ လူရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်ဖို့ အမြဲ ကြိုးစား” ကြောင်း လျှောက်တင်တယ်။—တ. ၂၄:၁၀-၁၃၊ ၁၆-၁၈

၁၂ ပေါလုဟာ “နာဇရက်မြို့သားတွေရဲ့ ဂိုဏ်းဆိုပြီး သူတို့ ခေါ်တဲ့ လမ်းစဉ်အတိုင်း” ဘိုးဘေးတို့ရဲ့ ဘုရားသခင်ကို ဝတ်ပြုကြောင်း ဝန်ခံတယ်။ “ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေမှာ ရေးသားထားသမျှကို ယုံကြည်” တယ်လို့လည်း ပြတ်ပြတ်သားသား ပြောတယ်။ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ” မယ့် မျှော်လင့်ချက်ကို စွပ်စွဲသူတွေလိုပဲ ယုံတယ်လို့ ဆိုတယ်။ “ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေရှေ့မှာ စစ်ဆေးတုန်းက ကျွန်တော့်မှာ ဘာအမှား တွေ့ခဲ့လဲဆိုတာ ဒီမှာ ရှိတဲ့လူတွေ ကိုယ်တိုင် လျှောက်လဲကြပါစေ။ အဲဒီတုန်းက ‘လူသေတွေ ရှင်ပြန်ထမြောက်လာမယ့်အကြောင်းကို ကျွန်တော် ယုံကြည်လို့ အခုလို စစ်ကြောစီရင်ခံနေရတာပါ’ လို့ပဲ ပြောမိပါတယ်” ဆိုပြီး စွပ်စွဲသူတွေကို ပေါလု စိန်ခေါ်လိုက်တယ်။—တ. ၂၄:၁၄၊ ၁၅၊ ၂၀၊ ၂၁

၁၃-၁၅။ အာဏာပိုင်တွေရှေ့ သတ္တိရှိရှိ သက်သေခံရာမှာ ပေါလုဟာ ဘာကြောင့် စံနမူနာကောင်း ဖြစ်သလဲ။

၁၃ ကျွန်တော်တို့လည်း ပုန်ကန်ဖို့ လှုံ့ဆော်ပေးသူ၊ ဆူပူထကြွစေသူ၊ “အန္တရာယ်ဂိုဏ်း” သားတွေလို့ မဟုတ်မမှန် စွပ်စွဲခံရပြီး အာဏာပိုင်တွေရှေ့ အပို့ခံရတဲ့အခါ ပေါလုရဲ့ စံနမူနာအတိုင်း လိုက်လျှောက်နိုင်တယ်။ တေရတုလုလို မြှောက်ပင့်စကားတွေနဲ့ ဘုရင်ခံကို ပေါလု မျက်နှာလိုမျက်နှာရ မလုပ်ဘူး။ တည်တည်ငြိမ်ငြိမ်၊ လေးလေးစားစား ဆက်ဆံတယ်။ လိမ္မာပါးနပ်မှု ရှိရှိ၊ ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် လျှောက်တင်တယ်။ ဗိမာန်တော်ကို ညစ်ညူးစေတယ်လို့ မိမိကို စွပ်စွဲခဲ့တဲ့ “အာရှနယ်ကလာတဲ့ ဂျူး” တွေ ဒီမှာ မရှိကြောင်း၊ တရားဥပဒေအရ သူတို့နဲ့ မျက်နှာချင်းဆိုင်ပြီး စွဲချက်တွေကို နားထောင်သင့်ကြောင်း တင်ပြတယ်။—တ. ၂၄:၁၈၊ ၁၉

၁၄ အထူးခြားဆုံးက မိမိရဲ့ ယုံကြည်ချက်အကြောင်း ပေါလု သက်သေမခံဘဲ မနေဘူး။ ဂျူးတရားရုံးချုပ်ရှေ့ ရောက်တုန်းက ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်အကြောင်း ပြောလို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပေမဲ့ ဒီအကြောင်းပဲ ပေါလု သတ္တိရှိရှိ ထပ်ပြောတယ်။ (တ. ၂၃:၆-၁၀) ဘာကြောင့်လဲ။ ယေရှုအကြောင်း၊ ယေရှု ထမြောက်ခြင်းအကြောင်း ပေါလု တောက်လျှောက် သက်သေခံနေခဲ့တယ်။ (တ. ၂၆:၆-၈၊ ၂၂၊ ၂၃) အခု၊ အမှုရင်ဆိုင်နေရတဲ့ အဓိက အကြောင်းရင်းကလည်း ရှင်ပြန်ထမြောက်ခြင်းကို ယုံလို့၊ အထူးသဖြင့် ယေရှုနဲ့ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ယုံလို့ ဖြစ်တယ်။ ဒါကြောင့် ထုချေချက်မှာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပေါလု အလေးပေး တင်ပြတာ။

၁၅ ပေါလုလိုပဲ ကျွန်တော်တို့လည်း သတ္တိရှိရှိ သက်သေခံပြီး တပည့်တွေကို ယေရှု ပြောတဲ့ ဒီစကားတွေကနေ ခွန်အားယူနိုင်တယ်– “ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရမယ်။” ကျွန်တော်တို့ ဘာပြောရမယ်ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့ လိုသလား။ မလိုပါဘူး။ ယေရှုက “ခင်ဗျားတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အခါ ဘာပြောရမလဲဆိုပြီး ကြိုတင် တွေးပူမနေပါနဲ့။ အဲဒီအချိန်မှာ သိလာတဲ့အရာကိုသာ ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ ပြောတဲ့သူဟာ ခင်ဗျားတို့ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော်ပဲ” ဆိုပြီး အာမခံထားလို့ပဲ။—မာ. ၁၃:၉-၁၃

“ဖေလဇ်မင်းက ကြောက်လန့်လာ” (တ. ၂၄:၂၂-၂၇)

၁၆၊ ၁၇။ (က) ပေါလုရဲ့ အမှုကို ဖေလဇ်မင်း ဘယ်လို ကိုင်တွယ်သလဲ။ (ခ) ဖေလဇ်မင်း ဘာကြောင့် ကြောက်လန့်လာသလဲ။ ဘာကြောင့် ပေါလုကို ခေါ်တွေ့သလဲ။

၁၆ ခရစ်ယာန် ယုံကြည်ချက်အကြောင်း ဘုရင်ခံဖေလဇ် ကြားနာတာ ဒါ ပထမအကြိမ် မဟုတ်ဘူး။ မှတ်တမ်းက ဒီလို ပြောတယ်– “ဖေလဇ်မင်းဟာ သခင်ရဲ့ လမ်းစဉ် [အစောပိုင်း ခရစ်ယာန်ဘာသာအတွက် အသုံးပြုတဲ့ အသုံးအနှုန်း] အကြောင်း အတော်အတန် သိထားပေမဲ့ ‘တပ်မှူး လုသိ ရောက်လာမှ ဒီအမှုကို ငါစီရင်ဆုံးဖြတ်မယ်’ လို့ ပြောပြီး အမှုကို ဆိုင်းထားလိုက်တယ်။ ပေါလုကို အကျယ်ချုပ်ထားပြီး သူ့လူတွေ လာရောက်ပြုစုတာကို မတားမြစ်ဖို့ တပ်စုမှူးကို အမိန့်ပေးလိုက်တယ်။”—တ. ၂၄:၂၂၊ ၂၃

၁၇ ရက်အတန်ကြာပြီးနောက် ဖေလဇ်မင်းဟာ ဂျူးလူမျိုး ကြင်ရာတော် ဒရုသိလနဲ့အတူ ရောက်လာပြီး ပေါလုကို ဆင့်ခေါ်တယ်။ “ခရစ်တော်ယေရှုနဲ့ ဆိုင်တဲ့ ယုံကြည်ခြင်းအကြောင်း သူ ဟောတာကို နားထောင်တယ်။” (တ. ၂၄:၂၄) ဒါပေမဲ့ “ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမယ့် တရားစီရင်ခြင်းအကြောင်းတွေကို ပေါလု ဟောပြောတဲ့အခါ ဖေလဇ်မင်းက ကြောက်လန့်လာ” တယ်။ သူ့အသက်တာမှာ မကောင်းတာတွေ လုပ်ထားလို့ စိတ်အနှောင့်အယှက်ပေးတာ ဖြစ်မယ်။ သူက “အခုတော့ ပြန်လိုက်ဦး။ အခွင့်သာမှ ငါပြန်ခေါ်မယ်” လို့ ပြောပြီး ပေါလုကို ထွက်သွားခိုင်းတယ်။ နောက်ပိုင်း ပေါလုကို ဖေလဇ်မင်း မကြာမကြာ ခေါ်တွေ့တယ်။ အမှန်တရား သိချင်လို့ မဟုတ်ဘဲ ပေါလု တံစိုးလက်ဆောင် ပေးမလားလို့ မျှော်လင့်ပြီး ခေါ်တွေ့တာ ဖြစ်တယ်။—တ. ၂၄:၂၅၊ ၂၆

၁၈။ “ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမယ့် တရားစီရင်ခြင်း” အကြောင်း ဖေလဇ်မင်းနဲ့ ဇနီးကို ပေါလု ဘာကြောင့် ဟောသလဲ။

၁၈ ပေါလုဟာ ဖေလဇ်မင်းနဲ့ ဇနီးကို “ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမယ့် တရားစီရင်ခြင်း” အကြောင်း ဘာကြောင့် ဟောခဲ့သလဲ။ “ခရစ်တော်ယေရှုနဲ့ဆိုင်တဲ့ ယုံကြည်ခြင်းအကြောင်း” သူတို့တွေ သိချင်ကြတာကို အမှတ်ရပါ။ ဖေလဇ်မင်းနဲ့ ဇနီးဟာ အကျင့်ပျက်တယ်၊ ရက်စက်တယ်၊ မတရားဘူးဆိုတာ ပေါလု သိလို့ ယေရှုနောက်လိုက် ဖြစ်လိုသူ အားလုံး ဘာလုပ်ဖို့ လိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေဟာ ဖေလဇ်မင်းနဲ့ ဇနီး လိုက်စားနေတဲ့ ဘဝလမ်းစဉ်နဲ့ လုံးဝ ကွာခြားကြောင်း ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ လူအားလုံး မိမိတို့ရဲ့ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူအတွက် ဘုရားရှေ့ စာရင်းရှင်းရမှာ ဖြစ်ကြောင်း၊ ပေါလုရဲ့ အမှုကို ဘယ်လို စီရင်မယ် ဆိုတာထက် သူတို့ကို ဘုရား ဘယ်လို စီရင်မယ်ဆိုတာ ပိုအရေးကြီးကြောင်း အသိဝင်လာသင့်တယ်။ ဒါကြောင့် ဖေလဇ်မင်း “ကြောက်လန့်” လာတာ။

၁၉၊ ၂၀။ (က) အမှန်တရားကို စိတ်ဝင်စားပုံရပေမဲ့ အပြောင်းအလဲ မလုပ်ချင်သူတွေနဲ့ အမှုဆောင်မှာ တွေ့ရင် ဘာလုပ်နိုင်သလဲ။ (ခ) ဖေလဇ်မင်းဟာ ပေါလုအတွက် မိတ်ဆွေ မဟုတ်ကြောင်း ဘယ်လို သိနိုင်သလဲ။

၁၉ အမှုဆောင်မှာ ဖေလဇ်မင်းလို လူတွေနဲ့ ကျွန်တော်တို့ တွေ့ရနိုင်တယ်။ အစပိုင်းမှာ အမှန်တရားကို စိတ်ဝင်စားပုံရပေမဲ့ ဘုရားကို မနာခံချင်ကြဘူး။ ဘဝလမ်းစဉ်ကို မပြောင်းလဲချင်ကြဘူး။ သူတို့ကို ကူညီပေးတဲ့အခါ သတိထားသင့်တယ်။ ဒါပေမဲ့ ပေါလုလိုပဲ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိမ္မာပါးနပ်မှု ရှိရှိ ပြောပြနိုင်တယ်။ ကျမ်းစာပါ အမှန်တရားက ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အပြစ်လမ်းစဉ်ကို မစွန့်လွှတ်လိုကြောင်း သိသာရင် အတင်းအကျပ် မတိုက်တွန်းကြဘူး။ အမှန်တရား တကယ် သိချင်သူတွေကို လိုက်ရှာကြတယ်။

၂၀ ဖေလဇ်မင်းရဲ့ စိတ်ရင်းကို မှတ်တမ်းမှာ ဒီလို ဖော်ပြတယ်– “နှစ်နှစ်ကြာတော့ ဖေလဇ်မင်းရဲ့ အရိုက်အရာကို ပေါကိဖေတ္တု ဆက်ခံတယ်။ ဖေလဇ်မင်းက ဂျူးတွေရှေ့မှာ မျက်နှာရချင်တော့ ပေါလုကို ဆက်ပြီး အကျဉ်းချထားလိုက်တယ်။” (တ. ၂၄:၂၇) ဖေလဇ်မင်းဟာ ပေါလုအတွက် မိတ်ဆွေကောင်း မဟုတ်ဘူး။ “သခင့်လမ်းစဉ်” လိုက်လျှောက်သူတွေဟာ ဆူပူထကြွသူတွေ၊ ပုန်ကန်ဖို့ လှုံ့ဆော်ပေးသူတွေ မဟုတ်ကြောင်း ဖေလဇ်မင်း သိတယ်။ (တ. ၁၉:၂၃) ရောမဥပဒေကို ပေါလု မချိုးဖောက်ကြောင်းလည်း သိတယ်။ ဒါပေမဲ့ “ဂျူးတွေရှေ့မှာ မျက်နှာရချင်” လို့ ပေါလုကို ချုပ်နှောင်ထားတယ်။

၂၁။ ပေါကိဖေတ္တု ဘုရင်ခံ ဖြစ်လာပြီးနောက် ပေါလု ဘာဆက်ဖြစ်သလဲ။ ဘယ်ကနေ ပေါလု ခွန်အား ဆက်ယူသလဲ။

၂၁ တမန်တော် အခန်းကြီး ၂၄ ရဲ့ နောက်ဆုံး အခန်းငယ်မှာ ဖော်ပြထားတဲ့အတိုင်း ဖေလဇ်မင်းရဲ့ ဘုရင်ခံအရာကို ပေါကိဖေတ္တု ဆက်ခံချိန်မှာ ပေါလု ချုပ်နှောင်ခံနေရတုန်းပဲ။ ပေါလုရဲ့ အမှုကို အရာရှိတစ်ယောက်ပြီး တစ်ယောက်ဆီ လွှဲပြောင်း၊ စစ်ဆေးကြားနာတယ်။ သတ္တိရှိတဲ့ ဒီတမန်တော်ဟာ “ရှင်ဘုရင်တွေ၊ မြို့ဝန်တွေရှေ့ ရောက်” ခဲ့တယ်။ (လု. ၂၁:၁၂) နောက်ပိုင်းမှာ သူ့ခေတ်အခါက အာဏာအရှိဆုံး အုပ်စိုးရှင်ရှေ့ သက်သေခံရမယ်။ အဖြစ်အပျက် တစ်လျှောက်လုံးမှာ ပေါလု တစ်ခါမှ ယုံကြည်ခြင်း မယိမ်းယိုင်ဘူး။ “သတ္တိရှိပါ” ဆိုတဲ့ ယေရှုရဲ့ စကားကနေ ခွန်အားဆက်ယူခဲ့တာ သေချာတယ်။

a စာမျက်နှာ ၁၉၃ မှာ ပါတဲ့ “ ယုဒဘုရင်ခံ ဖေလဇ်မင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

b မိမိတို့လူမျိုး “အေးချမ်းသာယာစွာ” နေထိုင်ရတဲ့အတွက် ဖေလဇ်မင်းကို တေရတုလု ကျေးဇူးတင်စကား ဆိုတယ်။ တကယ်တော့ ရောမကို ပုန်ကန်ချိန်အထိ ယုဒနယ်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်ခံတွေလက်ထက်နဲ့ ယှဉ်ရင် ဖေလဇ်မင်းလက်ထက်မှာ ဆူပူအုံကြွမှုတွေ ပိုများတယ်။ ဒါ့အပြင် ဖေလဇ်မင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ဂျူးတွေ “အထူးကျေးဇူးတင်ကြောင်း” ပြောတာလည်း လုံးဝ မှားတယ်။ တကယ်တော့ ဖေလဇ်မင်းဟာ ဂျူးတွေကို တအား ဖိနှိပ်ပြီး တော်လှန်ပုန်ကန်မှုတွေကို ရက်ရက်စက်စက် နှိမ်နင်းလို့ ဂျူးတွေ မုန်းနေကြတာ။—တ. ၂၄:၂၊ ၃