မာတိကာဆီ ကျော်သွား

အပိုင်း ၅

မှော်ပညာ၊ အောက်လမ်းပညာ၊ စုန်းအတတ်နဲ့ပတ်သက်တဲ့ အမှန်တရား

မှော်ပညာ၊ အောက်လမ်းပညာ၊ စုန်းအတတ်နဲ့ပတ်သက်တဲ့ အမှန်တရား

 

“အာဖရိကမှာ စုန်းအတတ်ပညာရှင်တွေ ရှိမရှိ မေးနေစရာတောင် မလိုဘူး။ ဘယ်လူတန်းစားမှာမဆို စုန်းအတတ်ပညာ တကယ် ရှိတယ်လို့ ယုံကြည်သူတွေ ရှိတယ်။ မှော်အတတ်၊​ အောက်လမ်းပညာ၊ စုန်းအတတ်ကို ပညာတတ်တွေကော ပညာမတတ်သူတွေပါ ယုံကြည်ကြတယ်။ အစ္စလာမ်နဲ့ အမည်ခံခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေလည်း ယုံကြည်ကြတယ်” လို့ အာဖရိက တိုင်းရင်းဘာသာရေး စာအုပ်က ဖော်ပြတယ်။

၂။ မှော်အစွမ်းတွေ ဘယ်က လာတယ်လို့ လူအများ ယုံကြည်လက်ခံထားသလဲ။

မမြင်နိုင်တဲ့ ဝိညာဉ်စွမ်းအား ရှိတယ်လို့ အာဖရိက,က လူအများ ယုံကြည်လက်ခံထားကြတယ်။ ဘုရားသခင်က အဲဒီစွမ်းအားကို ထိန်းချုပ်ထားတယ်။ ဝိညာဉ်တွေနဲ့ ဘိုးဘေးတွေက ဒီစွမ်းအားကို အသုံးပြုနိုင်တယ်။ အောက်လမ်းပညာ၊ အထက်လမ်းပညာတွေကို လိုသလို အသုံးပြုနိုင်တဲ့ လူတချို့လည်း ရှိတယ်လို့ ယုံကြည်ကြတယ်။

၃။ အောက်လမ်းပညာဆိုတာ ဘာလဲ။ ဘာတွေ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြသလဲ။

အောက်လမ်းပညာကို ကိုယ်မနှစ်သက်သူတွေကို တိုက်ခိုက်ဖို့ အသုံးပြုကြတယ်။ အဲဒီပညာကို သုံးပြီး ငှက်တွေ၊ ယင်ကောင်တွေ၊ တခြားတိရစ္ဆာန်တွေကတစ်ဆင့် မနှစ်သက်သူတွေကို တိုက်ခိုက်နိုင်တယ်။​ ရန်ပွဲတွေဖြစ်တာ၊ ကလေး မရနိုင်တာ၊ ဖျားနာတာ၊ သေဆုံးတာက အောက်လမ်းပညာကြောင့်လို့ ယုံကြည်ကြတယ်။

၄။ စုန်းအတတ်ကို လူအများ ဘယ်လို ယုံကြည်ထားသလဲ။ စုန်းအတတ် လိုက်စားခဲ့သူတချို့ ဘယ်လို ဝန်ခံခဲ့ကြသလဲ။

စုန်းအတတ်နဲ့လည်း အနီးကပ် ဆက်စပ်နေတယ်။ စုန်းတွေက တခြားစုန်းတွေနဲ့ တွေ့ဖို့၊ ဒါမှမဟုတ် လူတွေရဲ့ အသက်ကို တဖြည်းဖြည်း နုတ်ယူဖို့ ညမှာ ခန္ဓာကိုယ်ကနေ ထွက်သွားကြတယ်လို့ ဆိုကြတယ်။​ သူတို့ရဲ့ ကိုယ်ခန္ဓာက အိပ်လျက် ကျန်ခဲ့ကြတယ်လို့ စုန်းအတတ် လိုက်စားဖူးသူတွေ ပြောကြတယ်။ ဥပမာ၊ စုန်းအတတ် လိုက်စားဖူးသူ ဆယ်ကျော်သက် မိန်းကလေး အများစု ပြောဆိုထားရာကို အာဖရိက မဂ္ဂဇင်းတစ်စောင်မှာ ဒီလို ဖော်ပြတယ်– “ဆိုင်ကယ် မတော်တဆမှုနဲ့ လူပေါင်း ၁၅၀ ကို ကျွန်မ သတ်ခဲ့တယ်။” “ကလေးငါးယောက်ကို သွေးစုပ်ပြီး သတ်ခဲ့တယ်။” “ကျွန်မကို လမ်းခွဲခဲ့တဲ့ ရည်းစားသုံးယောက်ကို သတ်ခဲ့တယ်။”

၅။ အထက်လမ်းပညာဆိုတာ ဘာလဲ။ ဘယ်လို အသုံးပြုကြသလဲ။

အထက်လမ်းပညာကို မကောင်းတဲ့သူတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အသုံးပြုကြတယ်။ အထက်လမ်းပညာ ကျင့်ကြံသူတွေဟာ အဆောင်လက်စွပ်တွေ၊ လက်ကောက်တွေ ဝတ်ဆင်ကြတယ်။ အန္တရာယ်ကင်းစေတဲ့ဆေး သောက်ကြတယ်။ ကိုယ်ခန္ဓာမှာ လိမ်းကျံကြတယ်။ အိမ်ထဲမှာ၊ မြေကြီးထဲမှာ အဆောင်ပစ္စည်းတွေ မြှုပ်ထားကြတယ်။ ကိုရန်ကျမ်း စာသားတွေ၊ ကျမ်းစာ စာသားတွေပါတဲ့ အဆောင်ပစ္စည်းတွေကို အားထားကြတယ်။

အလိမ်အညာတွေနဲ့ လှည့်စားမှု

၆။ ရှေးတုန်းကဆိုရင် စာတန်နဲ့ နတ်ဆိုးတွေ ဘာလုပ်ခဲ့ကြသလဲ။ သူတို့ရဲ့ အစွမ်းတန်ခိုးကို ဘယ်လို သဘောထားသင့်သလဲ။

စာတန်နဲ့ နတ်ဆိုးတွေဟာ လူသားတွေကို အန္တရာယ်ပြုနိုင်တာ မှန်ပါတယ်။ လူတွေရဲ့ စိတ်နဲ့ ဘဝအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ရှေးတုန်းကဆိုရင် လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာထဲကိုတောင် ဝင်ပူးနိုင်စွမ်းရှိခဲ့တယ်။ (မဿဲ ၁၂:၄၃-၄၅) သူတို့ရဲ့ အစွမ်းတန်ခိုးကို အထင် မသေးသင့်ပေမဲ့ အထင်လည်း မကြီးသင့်ဘူး။

၇။ ကျွန်တော်တို့ကို စာတန် ဘာ ယုံကြည်စေချင်သလဲ။ ဥပမာပေးပါ။

စာတန်ဟာ အလိမ်အညာ ဆရာကြီးပါ။ သူ့ရဲ့ လုပ်နိုင်စွမ်းထက် ပိုပြီး လုပ်နိုင်သယောင် လူတွေကို လှည့်စားထားတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ အာဖရိကနိုင်ငံ တစ်နိုင်ငံရဲ့ စစ်မြေပြင်မှာ စစ်သားတွေဟာ ရန်သူတွေကို ခြောက်လှန့်ဖို့ အသံကိရိယာကို သုံးခဲ့ကြတယ်။ မတိုက်ခိုက်ခင်မှာ စစ်သားတွေဟာ အသံသွင်းထားတဲ့ အမြှောက်သံတွေ၊ သေနတ်သံတွေကို အသံကျယ်ကျယ် ဖွင့်ပြတယ်။ လက်နက်ကြီးတွေနဲ့ ဝိုင်းရံခံထားရတယ်လို့ တစ်ဖက်ရန်သူ ထင်သွားစေဖို့ဖြစ်တယ်။ အလားတူပဲ၊ စာတန်ကလည်း သူ့မှာ အစွမ်းတန်ခိုး အတိုင်းအဆမဲ့ ရှိတယ်လို့ လူတွေကို ယုံကြည်စေချင်တယ်။ ရည်ရွယ်ချက်က လူတွေ ကြောက်လန့်ပြီး ယေဟောဝါရဲ့ အလိုအတိုင်း မလိုက်ဘဲ သူ့အလိုအတိုင်း လိုက်ဖို့ပါပဲ။ လူတွေကို ယုံကြည်စေချင်တဲ့ စာတန်ရဲ့ အလိမ်အညာ သုံးခုအကြောင်း စဉ်းစားကြည့်ကြစို့။

၈။ စာတန်ရဲ့ အလိမ်အညာတစ်ခုက ဘာလဲ။

စာတန်ရဲ့ ပထမ အလိမ်အညာကတော့ မကောင်းမှုတွေက တိုက်ဆိုင်မှုကြောင့် မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က အတတ်ပညာသုံးပြီး ဖြစ်စေတာ ဆိုတာပဲ။ ဥပမာ၊ ကလေးတစ်ယောက်က သွေးလွန်တုပ်ကွေးဖြစ်ပြီး သေဆုံးသွားတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ခြင်ကြောင့်ဖြစ်တာလို့ မိခင် သိထားပေမဲ့ တစ်စုံတစ်ယောက်က စုန်းအတတ်နဲ့ ခြင်ကောင်ကို သုံးပြီး ကလေးကို ကိုက်စေတယ်လို့လည်း ယုံကြည်စေနိုင်တယ်။

မကောင်းတာတွေက ဒီအတိုင်း ဖြစ်သွားတာပါ

၉။ ပြဿနာအားလုံးက စာတန်ကြောင့် မဟုတ်မှန်း ကျမ်းစာ ဘယ်လို ဆိုသလဲ။

ပြဿနာတချို့က စာတန်ကြောင့် ဖြစ်ပေမဲ့ ပြဿနာအားလုံးကတော့ စာတန်ကြောင့် မဟုတ်ပါဘူး။ ကျမ်းစာ ဒီလိုဆိုတယ်– “အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ ဉာဏ်ပညာရှိတယ်ဆိုတိုင်း အမြဲစားစရာရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။” (ဒေသနာ ၉:၁၁) အပြေးသမားတစ်ယောက်က တခြားတစ်ယောက်ထက် ပိုမြန်နိုင်ပေမဲ့ အနိုင်မရတာမျိုး ဖြစ်နိုင်တယ်။ “မျှော်လင့်မထားတဲ့ ဖြစ်ရပ်” တချို့ဖြစ်တဲ့ ချော်လဲသွားတာ၊ နေမကောင်းဖြစ်တာ၊ ခြေဆစ်လွဲသွားတာမျိုးကြောင့် ရှုံးသွားနိုင်တယ်။ ဒီလို အခြေအနေမျိုးကို ဘယ်သူမဆို ကြုံရနိုင်တယ်။ စာတန်ကြောင့်၊ စုန်းအတတ်ကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒီတိုင်း ဖြစ်သွားတာပါ။

၁၀။ စုန်းအတတ်ပညာအကြောင်း ဘာပြောထားသလဲ။ ဒါက အလိမ်အညာတစ်ခုမှန်း ဘယ်လို သိရသလဲ။

၁၀ စာတန်ရဲ့ ဒုတိယ အလိမ်အညာကတော့ စုန်းတွေက တခြားစုန်းတွေနဲ့ တွေ့ဖို့ ဒါမှမဟုတ် သူတို့ ဒုက္ခပေးချင်သူတွေရဲ့ အသက်ကို နုတ်ယူဖို့ ညဘက်မှာ ကိုယ်ခန္ဓာကနေ ထွက်သွားတယ်ဆိုတဲ့ အချက်ပါ။ စဉ်းစားကြည့်ပါ။ ‘စုန်းတွေသာ အဲဒီလို လုပ်နိုင်တယ်ဆိုရင် သူတို့ကိုယ်ခန္ဓာကနေ ထွက်သွားတဲ့အရာက ဘာလဲ။’ ကျွန်တော်တို့ သိထားကြတဲ့အတိုင်း စိုးလ်က လူပုဂ္ဂိုလ် ဖြစ်တယ်။ လူထဲကနေ ထွက်သွားနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့အပြင် စပီးရစ်ဆိုတာ ကိုယ်ခန္ဓာကို အသက်ရှင်စေတဲ့ စွမ်းအားဖြစ်တယ်။ ကိုယ်ခန္ဓာကနေထွက်ပြီး ဘာမှ မလုပ်ဆောင်နိုင်ဘူး။

စုန်းတွေက သူတို့ရဲ့ ကိုယ်ခန္ဓာကနေ မထွက်သွားနိုင်

၁၁။ စုန်းတွေက သူတို့ ကိုယ်ခန္ဓာကနေ မထွက်နိုင်မှန်း ဘယ်လို သိရသလဲ။​ ဒါကို သင် ယုံကြည်သလား။

၁၁ စိုးလ်ကော စပီးရစ်ပါ ကိုယ်ခန္ဓာကနေ ထွက်ပြီး ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် မလုပ်နိုင်ဘူး။ ဒါကြောင့် စုန်းတွေက သူတို့ကိုယ်ခန္ဓာကနေ ထွက်မသွားနိုင်ပါဘူး။ သူတို့ လုပ်ခဲ့တယ်၊ ပြောခဲ့တယ်လို့ ပြောကြပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး။

၁၂။ တကယ် မလုပ်ခဲ့တာတွေကို လုပ်ခဲ့သလိုမျိုး လူတွေကို ယုံကြည်စေဖို့ စာတန် ဘယ်လို လုပ်သလဲ။

၁၂ စုန်းအတတ် လိုက်စားသူတွေရဲ့ အပြောကို ဘယ်လို ရှင်းနိုင်သလဲ။ မကြုံတွေ့ခဲ့တာကို ကြုံခဲ့သလိုမျိုး ယုံကြည်အောင် စာတန် လုပ်နိုင်တယ်။ စိတ်အာရုံသုံးပြီး တကယ် မြင်ခဲ့သလို၊ ကြားခဲ့သလို၊ လုပ်ခဲ့သလိုမျိုးဖြစ်အောင် လုပ်နိုင်တယ်။ ဒီနည်းနဲ့ လူတွေ ယေဟောဝါဆီကနေ လွဲသွားပြီး ကျမ်းစာ မှားတယ်လို့ စာတန် ယုံကြည်စေချင်တယ်။

၁၃။ (က) အထက်လမ်းပညာက ကောင်းသလား။ (ခ) မှော်အတတ်နဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

၁၃ တတိယ အလိမ်အညာကတော့ အောက်လမ်းပညာကို တန်ပြန်တိုက်ခိုက်တဲ့ အထက်လမ်းပညာက ကောင်းတယ်ဆိုတဲ့ အချက်ပဲ။ အောက်လမ်းပညာနဲ့ အထက်လမ်းပညာက ကွာခြားတယ်လို့ ကျမ်းစာ မဆိုထားဘူး။ မှော်အတတ်အားလုံးကို တားမြစ်ထားတယ်။​ မှော်အတတ်၊ မှော်အတတ် လိုက်စားသူတွေနဲ့ ပတ်သက်ပြီး အစ္စရေးလူမျိုးကို ယေဟောဝါပေးတဲ့ ပညတ်ကို သုံးသပ်ကြည့်ပါ။

  • “မှော်အတတ် မလိုက်စားနဲ့။” —ဝတ်ပြုရာ ၁၉:၂၆

  • “ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် နတ်ကတော်လုပ်ရင် ဒါမှမဟုတ် ရှေ့ဖြစ်ဟောရင် သေဒဏ်ပေးရမယ်။ ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။” —ဝတ်ပြုရာ ၂၀:၂၇

  • “ခင်ဗျားတို့ဆီမှာ . . . မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ . . . တစ်ယောက်မှ မရှိရဘူး။”​—တရားဟောရာ ၁၈:၁၀-​၁၄

၁၄။ မှော်အတတ်တွေကို ယေဟောဝါ ဘာလို့ ပညတ်ပေး တားမြစ်ခဲ့သလဲ။

၁၄ ဒီပညတ်တွေအရ ဘုရားသခင်က မိမိရဲ့လူမျိုးကို မှော်အတတ် မလိုက်စားစေချင်မှန်း ထင်ရှားတယ်။ ယေဟောဝါက မိမိလူမျိုးကို ဒီပညတ်တွေ ပေးတာဟာ သူတို့ကို ချစ်လို့၊ အယူသီးမှုတွေကြောင့် ကြောက်ရွံ့နေရတာမျိုး မဖြစ်စေချင်လို့ပဲ။ နတ်ဆိုးတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှု မခံစေချင်လို့ပဲ။

၁၅။ ယေဟောဝါက စာတန်ထက် ပိုတန်ခိုးကြီးမှန်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။

၁၅ ကျမ်းစာမှာ နတ်ဆိုးတွေ လုပ်နိုင်တာ၊ မလုပ်နိုင်တာတွေအကြောင်း အသေးစိတ် မဖော်ပြထားဘူး။ ယေဟောဝါဘုရားက စာတန်နဲ့ နတ်ဆိုးတွေထက် ပိုတန်ခိုးကြီးတယ်လို့တော့​ ဖော်ပြထားတယ်။ ယေဟောဝါက စာတန်ကို ကောင်းကင်ကနေ ပစ်ချလိုက်ပြီ။ (ဗျာဒိတ် ၁၂:၉) စာတန်ဟာ ယောဘကို စမ်းသပ်ဖို့ ဘုရားဆီကနေ ခွင့်ပြုချက် တောင်းခဲ့ရတာ၊ ယောဘကို မသတ်ရဘူးဆိုတဲ့ ဘုရားရဲ့ သတိပေးချက်ကို လိုက်နာခဲ့ရတာကိုလည်း သတိပြုပါ။​—ယောဘ ၂:​၄-၆

၁၆။ ကာကွယ်ခံရဖို့ ဘယ်သူ့ကို အားကိုးသင့်သလဲ။

၁၆ ပညာအလိမ္မာ ၁၈:၁၀ က ဒီလို ဆိုတယ်– “ယေဟောဝါ​ရဲ့ နာ​မည်​ဟာ ခိုင်​ခံ့​တဲ့​ရဲ​တိုက်​ပဲ။ ဖြောင့်​မတ်​သူ​က ပြေး​ဝင်​ပြီး အကာ​အကွယ်​ယူ​တယ်။” ဒါကြောင့် ကာကွယ်ခံရဖို့ ယေဟောဝါကို အားကိုးသင့်တယ်။ ဘုရားသခင့်ကျေးကျွန်တွေက စာတန်နဲ့ နတ်ဆိုးတွေရန်ကနေ ကာကွယ်ဖို့ ဆေးတွေ၊ အဆောင်ပစ္စည်းတွေ မသုံးကြသလို မှော်အတတ် လိုက်စားသူတွေကိုလည်း မကြောက်ကြပါဘူး။ အဲဒီအစား ကျမ်းစာပြောတာကို ယုံကြည်ကြတယ်။ “ယေဟောဝါ​ဘုရား​က​ စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​သူ​တွေ​ရဲ့ အကျိုး​အတွက် အစွမ်း​တန်ခိုး​ပြဖို့ မြေတစ်​ပြင်​လုံး​ကို ဂရု​တ​စိုက် ကြည့်​နေ​တယ်။”​—၂ ရာဇဝင်ချုပ် ၁၆:၉

၁၇။ ယာကုပ် ၄:၇ မှာ ဘယ်လို အာမခံထားသလဲ။ ကျွန်တော်တို့ဘက်က ဘာလုပ်ဖို့ လိုသလဲ။

၁၇ သင်လည်း ယေဟောဝါကို ဝတ်ပြုမယ်ဆိုရင် ဒီလို ယုံကြည်စိတ်ချမှုမျိုး ရနိုင်ပါတယ်။ ယာကုပ် ၄:၇ မှာ ဒီလိုဆိုထားတယ်– “ဒါ​ကြောင့် ဘုရား​သခင်​ကို လက်အောက်​ခံ​ကြ​ပါ။ မာရ်နတ်​ကို ခုခံ​တွန်းလှန်​ကြ​ပါ။ ဒါ​ဆို​ရင် ခင်ဗျား​တို့​ဆီ​က​နေ သူ ​ထွက်ပြေး​သွား​လိမ့်​မယ်။” စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုမယ်၊ ကိုယ်တော့်ကို လက်အောက်ခံမယ်ဆိုရင် ယေဟောဝါ သင့်ကို ကျိန်းသေ ကာကွယ်ပေးပါလိမ့်မယ်။